👥️Chapter 42
“ဘယ်လို နမ်းရမလဲဆိုတာကို သိလား ...”
ယန်အန်းယုမှာ စကားပင် ပြန်မပြောနိုင်တော့။ ယီချန်းယန်၏ စကားများထဲမှ အချို့သော အရိပ်အမြွက်များကို ခံစားမိနေသည့်တိုင် သူ့ကိုယ်သူ အတွေးမလွန်မိရန် ထိန်းချုပ်နေရသည့်အတွက် စကားတစ်ခွန်းမှ မဆိုဘဲ ခေါင်းကိုသာ ခါယမ်းပြလိုက်တော့သည်။
“တကယ်ကို မသိဘူးလား ...”
ထို့နောက်တွင် ယီချန်းယန်က အနားသို့ ထပ်တိုးလာပြန်၏။ သူတို့နှစ်ဦး၏ ခန္ဓာကိုယ်များမှာ တစ်ခုနှင့်တစ်ခု ထပ်သွားလုနီးပါး ဖြစ်နေပေသည်။
ယန်အန်းယုက ခေါင်းကိုသာ ဆက်ပြီး ယမ်းပြလိုက်သည်။
ထောင့်ကျဉ်းတစ်နေရာ၌ ကိုယ်ချင်း ထပ်လုမတတ် ပူးကပ်နေသည့် သူတို့နှစ်ဦး၏ အနေအထားမှာ အလွယ်တကူ အထင်မှားချင်ဖွယ်ရာပင်။ ယန်အန်းယု၏ အကြည့်များ တဖျတ်ဖျတ် တုန်ခါသွားကာ ယီချန်းယန်၏ အသံတိတ် အကြည့်များအား ရင်ဆိုင်ရမည်ကို စိုးထိတ်လာတော့သည်။
သူက တစ်ဖက်လူကို တွန်းထုတ်ရန် ကြိုးစားလိုက်၏။ သို့သော် ယီချန်းယန်၏ အကြည့်တို့ ပြောင်းလဲသွားကာ သူ့လက်မောင်းများကို စုထားလျက် အကာအကွယ်မဲ့သွားသော ယန်အန်းယုကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်တော့သည်။
နောက်ထပ်တစ်ခါ ရင်ခွင်ထဲ ရောက်သွားရပြန်ပြီ ...
“နှလုံးသား၌ ထုဆစ်လေသော” ကို ရိုက်ကူးစဉ်ကလည်း ယီချန်းယန်သည် ယန်အန်းယုကို ပွေ့ဖက်ခဲ့ဖူးသော်ငြား ဤတစ်ကြိမ်တွင်မူ ပို၍ တင်းကြပ်စွာ ပွေ့ဖက်ထားသည့်အတွက် ယန်အန်းယုသည် မည်သို့မှ မရုန်းနိုင်၊ အခက်တွေ့နေရရှာတော့သည်။
“ယီ ...ယီချန်းယန် ...”
ယန်အန်းယု၏ နှလုံးသားတစ်ခုလုံး ရှုပ်ထွေးသွားရရှာတော့၏။
ဒီလူ .. သူ ဘာဖြစ်ချင်နေတာလဲ ...
ယီချန်းယန်က ခေါင်းကို ငုံ့ချကာ နှာခေါင်းချင်း ထိကပ်လျက် ပြောလိုက်သည်။
“မသိရင် ကိုယ် သင်ပေးမယ် ...”
“...”
ယန်အန်းယု၏ နှလုံးသားတစ်ခုလုံး သံစုံတီးဝိုင်းသဖွယ် တုန်ခါသံများ တရစပ် ထွက်ပေါ်လာကာ သူ့မျက်ဝန်းထဲတွင်လည်း အံ့ဩမင်သက်မှုတို့ဖြင့် ပြည့်နှက်သွားတော့သည်။ ထို့နောက် .. နောက်ထပ်တစ်စက္ကန့်မျှ အကြာတွင် ယီချန်းယန်၏ အေးစက်လှစွာသော ပါးလျလျ နှုတ်ခမ်းတစ်စုံက သူ့နှုတ်ခမ်းထက်သို့ သက်ဆင်းလာလေသည်။
တစ်ဖက်လူ၏ နှုတ်ခမ်းများမှာ အေးစက်သည့်တိုင် လွန်စွာလည်း နူးညံ့လှ၏။ သို့သော် ထိတွေ့မှုမှာ ရေပြင်ပေါ် ဖျတ်ခနဲ နားလိုက်သည့် ပုစဉ်းရင်ကွဲတစ်ကောင်ကဲ့သို့ ညင်သာခြင်းမရှိ၊ ယီချန်းယန်သည် မသိမသာ တုန်ယင်နေသည့် ယန်အန်းယု၏ နှုတ်ခမ်းများကို စုပ်ယူဖိကပ်၍ နမ်းရှိုက်လိုက်သည်။
ယန်အန်းယု၏ အကြည့်တစ်ခုလုံး အံ့ဩမင်သက်မှုတို့ဖြင့် ပြည့်နှက်သွားတော့သည်။ ဤသို့သော ကိုယ်ချင်း ထိတွေ့မှုမျိုးမှာ သူနှင့် လုံးဝဥဿုံ စိမ်းသက်နေသည့် အရာများ ဖြစ်ပေသည်။
ပျာယာခတ်သွားသည့် စိတ်နှင့်အတူ ယန်အန်းယုသည် ယီချန်းယန်၏ ပွေ့ဖက်မှုကြားမှ အတင်း ရုန်းထွက်ကာ သူ့ကို အနည်းငယ် တွန်းထုတ်မိသွားတော့သည်။
ထိုသို့ဖြင့် ထိကပ်လုမတတ် နီးစပ်နေသည့် ခန္ဓာကိုယ်နှစ်ခုမှာ အနည်းငယ် ကွာဟသွား၏။ ယန်အန်းယု၏ နှုတ်ခမ်းများမှာမူ တံတွေးများဖြင့် စိုစွတ်နေဆဲ ဖြစ်သည်။ သူက အနည်းငယ် သက်ပြင်းရှိုက်လျက် မေးလိုက်၏။
“ယီ .. ယီချန်းယန် ခင်ဗျား ကျွန်တော့်ကို ... ကြိုက် .. ကြိုက်လား ...”
“သူငယ်ချင်းလို မဟုတ်ဘဲနဲ့ .. စောစောကလိုမျိုးလေ ...”
နောက်ဆုံးတွင်တော့ ယန်အန်းယုသည် သူ မေးရန် လုံးဝ တွေးမထားသည့် မေးခွန်းကို ထုတ်မေးမိသွားတော့သည်။
ဒီအခြေအနေအထိတောင် ရောက်လာမှတော့ သူ့ဘက်ကလည်း အတွေးမလွန်ဘဲ နေပါ့မလား ...
သူနှင့် ယီချန်းယန်တို့ တစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီး အပေါင်းအသင်း လုပ်ခဲ့ကြစဉ်အတွင်း တစ်ဖက်လူ၏ အပြုအမူများသည် တစ်ဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ ယီချန်းယန်၏ အတိတ်က အပြုအမူများနှင့် ယနေ့ အနမ်းကို ချိတ်ဆက်စဉ်းစားကြည့်လိုက်သောအခါ .. ယန်အန်းယုသည် အရာရာ နှေးကွေးသူတစ်ဦး ဖြစ်သည့်တိုင် နားလည်သဘောပေါက်သွားတော့ပေသည်။
သို့သော် ယီချန်းယန်ကမူ စကားနှင့် တစ်ခွန်းမျှပင် တုန့်ပြန်ခြင်းမရှိ၊ ယန်အန်းယုကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာသာ နောက်တစ်ကြိမ် နမ်းရှိုက်လိုက်ပြန်တော့သည်။ ကြီးမားကျယ်ပြန့်လှသည့် လက်ဖဝါးနှစ်ဖက်ဖြင့် ယန်အန်းယု၏ ကုပ်ပိုးကို အနားသို့ ဆွဲယူကာ အနမ်းတို့ကို ပိုမိုကာ နက်ရှိုင်းစေလိုက်၏။
သူက ယန်အန်းယု၏ နှုတ်ခမ်းနှစ်လွှာကို စုပ်ယူကိုက်ခဲကာ စေ့ကပ်နေသည့် နှုတ်ခမ်းကို ပွင့်ဟစေရင်း လျှာကို အထဲအထိ တွန်းပို့လိုက်သည်။
ခံတွင်း၏ အတွင်းရှိ အရသာမှာ ပို၍ပင် ချိုမြိန်လှသေးသည်။ ယန်အန်းယု၏ သွားဖုံးများထဲသို့ ထိုးသွင်းဝင်ရောက်ကာ ယီချန်းယန်၏ လျှာသည် တစ်ဖက်လူ၏ လျှာကို လိမ်ပတ်ရစ်တွယ်လျက် စုပ်ယူနမ်းရှိုက်လိုက်တော့သည်။
ယီချန်းယန်၏ စိတ်အားထက်သန်လှသော အပြုအမူကြောင့် ယန်အန်းယု၏ နှလုံးသားတစ်ခုလုံး တုန်ခါမြည်ဟီးသွားတော့၏။ သူကလည်း သူ့လျှာကို လှုပ်ရှားလျက် ကတိုက်ကရိုက် ပြန်လည်တုန့်ပြန်လိုက်ကာ နှစ်ဦးလုံး၏ ခံတွင်းများထဲတွင် ချိုမြိန်မှုတို့ ကူးစက်ပျံ့နှံ့သွားတော့သည်။ တစ်ဖြည်းဖြည်း ပြင်းထန်စ ပြုလာသည့် အနမ်းများကြောင့် ကာယကံရှင်နှစ်ဦးလုံး ရီဝေယစ်မူးစ ပြုလာကြတော့၏။
ထို့နောက် တစ်ခဏမျှ အကြာတွင်မှ ယီချန်းယန်သည် ယန်အန်းယုကို လွှတ်ပေးလိုက်တော့သည်။
အတွေ့အကြုံ မရှိသေးသည့်အပြင် စိတ်ဖိစီးမှုကြောင့် အာရုံကြောများ တင်းတောင့်နေခဲ့ရရှာသည့် လူသစ်ကလေး ယန်အန်းယုမှာမူ အသက်ရှူသံတို့ မောဟိုက်လာတော့၏။ သူ့နှုတ်ခမ်းတို့မှာလည်း မသိမသာ ယောင်ကိုင်းနေပေသည်။
“အခု ကိုယ့်အဖြေကို သိသွားပြီလား ...”
အနမ်းတစ်ခုကို လက်စသတ်ကာ ယီချန်းယန်သည် သူနှင့် မျက်လုံးချင်း ဆုံစေလျက် မေးလိုက်သည်။ သူ့မျက်ဝန်းများထဲတွင် တုနှိုင်းမဲ့သည့် နူးညံ့မှုနှင့် နက်ရှိုင်းသော ချစ်ခြင်းများကို အထင်းသား မြင်တွေ့နေရသည်။
ယန်အန်းယု၏ နှလုံးသားမှာ တရစပ် ခုန်ပေါက်သွား၏။
“အခုထိ မသိသေးဘူးပေါ့ ...”
ယီချန်းယန်က ခေါင်းကို ငုံ့ချလျက် နှာခေါင်းထိပ်ဖျားချင်း တေ့ထားကာ ထပ်မေးလိုက်ပြန်၏။
အသက်ရှူငွေ့နွေးနွေးက ယန်အန်းယု၏ မျက်နှာထက်သို့ ကြားခံမရှိ ကျရောက်လာတော့သည်။ သူ့အကြည့်တို့မှာလည်း အံ့ဩမှုနှင့် ဝမ်းသာပျော်ရွှင်မှုများကြောင့် အနည်းငယ် ဝေခွဲမရ ဖြစ်မှုများဖြင့် ပြည့်နှက်နေကာ ထို့နောက်တွင်မှ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ ယန််အန်းယုက သူ့လက်မောင်းများကို ဆန့်တန်းလျက် ယီချန်းယန်၏ ခါးကို သူ့ဖက်မှ စတင်ကာ ပွေ့ဖက်လိုက်သည်။
“ယီချန်းယန် ... ခင်ဗျား တကယ်ပဲ ဒီလို တွေးတာလား ...”
သူက ယီချန်းယန်ကို တင်းကြပ်စွာ ဖက်တွယ်ထားရင်း အလေးအနက် မေးလိုက်သည်။
“ကျွန်တော်လည်း ခင်ဗျားကို သဘောကျတယ် အများကြီးကိုမှ အများကြီး သဘောကျတာ အဲဒါကြောင့် ခင်ဗျားကို တစ်ကြိမ် ဆွဲထားပြီးတာနဲ့ တစ်သက်လုံး ထွက်သွားခွင့် ပေးတော့မှာ မဟုတ်ဘူး ပြီးတော့ ခင်ဗျားကိုယ်တိုင်လည်း ဘယ်တော့မှ ထွက်ပြေးနိုင်တော့မှာ မဟုတ်ဘူးနော် ...”
ယန်အန်းယု၏ မျက်ဝန်းထဲတွင် ခိုင်မာထက်သန်သည့် အလင်းရောင်တို့ဖြင့် ပြည့်နှက်နေ၏။ အမြဲလိုလို အကောင်းမြင်စိတ်ဖြင့် ပြည့်နှက်နေကာ တစ်ပါးသူကို ချုပ်ခြယ်ဟန့်တားခြင်း အလျဉ်းမရှိခဲ့သည့် လူငယ်လေးသည် ဤတစ်ကြိမ်တွင်မူ လက်ဝါးကြီးအုပ်လိုသည့် စိတ်ဆန္ဒကို အခိုင်အမာ ပြသနေခဲ့သည်။
“အင်း .. ကိုယ် လုံးဝ ထွက်မပြေးဘူး ...”
ယီချန်းယန်က သူ့ကို ပွေ့ဖက်ကာ ပြန်ပြောလိုက်သည်။
“မင်းရောပဲ မင်းလည်း အမြဲတမ်း ကိုယ့်ဘေးမှာပဲ နေရမယ် ထွက်ပြေးခွင့် မပြုဘူး ...”
“အင်း ...”
ယန်အန်းယုက စိတ်လှုပ်ရှားမိသွားကာ အူကြောင်ကြောင်နိုင်သည့် အပြုံးတစ်ပွင့်ကို နောက်တစ်ကြိမ် ထုတ်ပြမိသွားတော့သည်။
ဘယ်လိုလုပ်ရမလဲ ဒီယီချန်းယန်ကြောင့် ငါတော့ လောဘကြီးတဲ့လူတစ်ယောက် ဖြစ်လာတော့မယ်ထင်တယ် ...
ယီချန်းယန်၏ “သင်ပြလမ်းညွှန်မှု” ကို ထပ်ကာထပ်ကာ လက်ခံသင်ယူပြီးသည့်နောက်တွင် ယန်အန်းယုသည် စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်နှက်နေသည့် အနမ်းနှင့် ပတ်သက်၍ အတွေ့အကြုံ ရှိသွားပြီ ဖြစ်သည့်အတွက် စုချင်ကျားနှင့် ရိုက်ကူးရမည့် “အနမ်းတု” အခန်းများမှာ ပိုမိုကာ ချောမွေ့မြန်ဆန်လာတော့သည်။
ဒါရိုက်တာချူက အနည်းငယ် သင်္ကာမကင်း ဖြစ်သွားသော်ငြား ဤသည်မှာ သူ့အနေဖြင့် ထုတ်မေးရန် မသင့်သည့် အကြောင်းအရာမျိုး ဖြစ်နေပေသည်။
သူနှင့် အတူ တွဲဖက်ကာ သရုပ်ဆောင်ရမည့် စုချင်ကျားကမူ စိတ်အခြေအနေကောင်းဟန်ဖြင့် မသိမသာ ပြုံးနေသူကို အကဲခတ်ရင်း ကိစ္စအချို့ကို အနည်းငယ် ခန့်မှန်းမိသွား၏။ သူမက ယီချန်းယန်၏ အမူအယာကိုပါ အကဲခတ်လိုက်ရာ တစ်ဖက်လူ၏ အမူအယာသည်လည်း အစောပိုင်း အချိန်များထက် များစွာ ပျော့ပျောင်းနူးညံ့လာကြောင်း သတိပြုမိလိုက်သည်။
ဘုရားရေ ကယ်တော်မူကြပါဦး .. တပည့်တော်မရဲ့ အတွေးတွေကလေ တပည့်တော်မ ကိုယ်တိုင်ကို မထိန်းချုပ်နိုင်တော့တဲ့အထိကို အရိုင်းဆန်နေပါပြီ ...
ယီချန်းယန်ကို ကွာရှင်းမည့် ယန်အန်းယု၏ မူလပထမအကြံအစည်မှာလည်း အနမ်းတစ်ခု၏ ထိတွေ့မှု အောက်တွင် အစမကျန်အောင် ပျောက်ကွယ်သွားတော့သည်။
နုံအလှသည့် လူငယ်လေးသည် သူနှင့် ယီချန်းယန်အကြား ခံစားချက်များနှင့် စပ်လျဉ်း၍ အသိဉာဏ် ပွင့်သွားပြီးသည့်နောက် အခြားအခြားသော ပရမ်းပတာဖြစ်ဖွယ် ကိစ္စများကြောင့် စိတ်အနှောင့်အယှက် အဖြစ်မခံတော့ဘဲ ချိုမြိန်လှသည့် အချစ်နွံထဲတွင်သာ နစ်မြောနေလေသည်။
သူသည် လက်ရှိ ယီချန်းယန်အပေါ် လေးစားအားကျသည့် ခံစားချက်များသာမက သဘောကျနှစ်သက်မှုများလည်း ရှိနေပေသည်။ ထိုခံစားချက်အားလုံး ပေါင်းစုလာသည့်အခါ သူ့နှလုံးသားက ဖုံးကွယ်ထားရန် မစွမ်းသာတော့ချေ။ ထိုသို့ဖြင့် ယန်အန်းယု၏ ရဲဝံ့မှုလယ်ဗယ်မှာ အနေအထားတစ်ခုအထိ တစ်ဟုန်ထိုး မြင့်တက်သွားတော့သည်။
ထိုညတွင် သူသည် အခန်းတံခါးကို ပိတ်ပြီးနောက် WeChat မှတစ်ဆင့် ယီချန်းယန်ကို voicemail ဖြင့် စကားပြောနေလိုက်သည်။ အိပ်ယာပေါ်တွင် လူးလှိမ့်နေသည့် သူ့ပုံစံမှာ ဝမ်းသာအူမြူးနေသည့် ခွေးပေါက်လေးတစ်ကောင်အလားပင်။
“နေ့ခင်းပိုင်း ရိုက်ကူးရေး လုပ်တဲ့အချိန်မှာ ချင်ကျားကျဲနဲ့ မျက်နှာတွေ ထိကပ်နေတဲ့အထိ နီးနီးကပ်ကပ် နေရတော့လေ ... ခင်ဗျား မပျော်မရွှင် ဖြစ်မိလား ...”
သူက မေးလိုက်သည်။
“သေချာပေါက်ကို ဖြစ်တာပေါ့ ...”
ယီချန်းယန်က မဆိုင်းမတွ ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားသည့်အခါ ယန်အန်းယုသည် ဟန်မဆောင်နိုင်အောင် ရယ်မောမိသွားတော့သည်။
“မင်းပုံစံကို ကြည့်ရတာ တော်တော်ကို ပျော်နေသလိုပဲ ...”
“ဒီလိုပါပဲ ...”
ထိုသို့သာ ပြန်ပြောလိုက်သည့်တိုင် စင်စစ်အားဖြင့် သူသည် တိတ်တခိုး ကြိတ်ပျော်မိနေပေသည်။
“ရှာလကာရည် သောက်တယ်” ဆိုတာ ဒါမျိုးကို ပြောတာထင်တယ် ... ရှာလကာရည် သောက်နေတဲ့ ယီချန်းယန်ရဲ့ မျက်နှာကြီးကို ကိုယ်တိုင် မြင်ဖူးချင်လိုက်တာ ...
တစ်ယောက်တည်း အူမြူးနေသူကြောင့် ယီချန်းယန်သည် အတွေးတို့ကို ပြောင်းကာ အခြားအကြောင်းအရာတစ်ခုကို ချက်ခြင်း စကားစလိုက်တော့သည်။
“ကိုယ်လည်း အတိတ်တုန်းက “အနမ်းခန်း” တွေ အများကြီး ရိုက်ခဲ့ဖူးတယ် ...”
ယန်အန်းယု “အိုး ဟုတ်လား ...”
“ဝမ်းနည်းသွားတာလား ...”
“နည်းနည်းပါ ...”
ယန်အန်းယုက မျက်လွှာချကာ ပြောလိုက်သည်။ သို့သော် ချက်ခြင်းဆိုသလိုပင် အတွေးနွံထဲမှ ရုန်းထွက်လာကာ ပြုံးလျက် ပြောလိုက်၏။
“ဒါပေမယ့် ကိစ္စမရှိပါဘူး ရှေ့လျှောက် ကျွန်တော့်ကိုပဲ ပိုပြီး နမ်းပေးရင် အဆင်ပြေပါတယ် ...”
ယီချန်းယန် “...”
ဒီကောင်လေး .. သူကတော့ အမြဲတမ်းကို အကောင်းမြင်စိတ်နဲ့ ပြည့်နေတာ ထင်တယ် ...
အခန်းထဲမှ ရူးကြောင်ကြောင် ရယ်မောသံများကို မကြာခဏ ကြားနေရသည့် .. တံခါးဝတွင် ရပ်စောင့်ပေးနေသော ထန်းကော်မှာလည်း သူ့သခင်လေးအတွက် ဝမ်းသာမိနေခဲ့သည်။
သူက သခင်လေးနှင့် မစ္စတာယီ၏ အစောပိုင်း ဆက်ဆံရေးမှာ လွန်စွာ ဝေးကွာစိမ်းသက်လွန်းလှသည်ဟု ခံစားမိခဲ့ဖူးသည်။ မစ္စတာယီသည် အမြဲ အလုပ်များနေကာ သခင်လေးကမူ တစ်ချိန်လုံး အိမ်ထဲတွင်သာ နေနေခဲ့၏။ သို့သော် လက်ရှိအခြေအနေမှာမူ အတိတ်နှင့် လုံးဝဥဿုံ ကွဲပြားနေတော့သည်။
ဟီးဟီး .. ဒါကမှ ကြင်စဦးဇနီးမောင်နှံနဲ့ တကယ်တူတာ ...
“တံခါးပေါက်မှာ ရပ်ပြီး ခိုးနားထောင်မနေနဲ့တော့ ...”
ရုတ်တရက် ထွက်ပေါ်လာသည့် ချီစန်း၏ အသံကြောင့် ထန်းကော်သည် ရုတ်ချည်းဆိုသလို တုန်လှုပ်ထိတ်လန့်သွားမိတော့သည်။
သူက ပျာပျာသလဲ ရှင်းပြလိုက်၏။
“ချီကော .. ကော အထင်လွဲနေပြီ တကယ်တော့ ကျွန်တော်က ...”
ချီစန်းက သူ့ကို ဖြတ်ပြောကာ စကားလမ်းကြောင်းပြောင်းလိုက်သည်။
“မင်းတို့လို သက်တော်စောင့်တွေက တအား သတ္တိရှိကြတာဆို .. ဒါပေမယ့် မင်းကတော့ ချွင်းချက်ထင်တယ် .. ဒါမှမဟုတ် .. ငါကပဲ တအား ကြောက်စရာကောင်းလွန်းနေတာလား ...”
ထန်းကော် “...”
အကျိုးနည်း .. ချီကောက တကယ်ကြီးကို သတိထားမိသွားပြီဟ ... ပြီးတော့ အခုတလော သူ့ရဲ့ ပြောပုံဆိုပုံတွေကလည်း တော်တော်ကြီးကို ပြောင်းလဲသွားသလိုပဲနော် ...
ထင်ထားတဲ့အတိုင်းပဲ ... ငါက ဒီလောက်အထိကို ခက်ထန်နေတာလား ...
ချီစန်းက မသိမသာ မျက်မှောင်ကြုတ်မိသွားတော့သည်။
“ထားလိုက်တော့ .. မင်း မဖြေချင်လည်း ကိစ္စမရှိဘူး ...”
ထို့နောက် သူက လှည့်ကာ ထွက်သွားလိုက်သည်။
“မ .. မဟုတ်ပါဘူး ...”
ထန်းကော်က ခေါင်းကို ခါယမ်းကာ အသည်းအသန် ပြန်ပြောလိုက်သည်။
“ကောက အရမ်း ကြောက်ဖို့ မကောင်းပါဘူး ...”
“ချီကော .. ကောက အရမ်းကို တည်ကြည်လေးနက်တဲ့သူဆိုတာ သိပါတယ် ဒါပေမယ့် တစ်ခါတစ်လေကျ ကောက တအားကို လိုချင်စိတ်တွေ ပြင်းထန်လွန်းပြီး ကိုယ်ကိုယ်တိုင်ကိုရော တစ်ခြားလူကိုပါ အရမ်း တွန်းအားပေးလွန်းနေတာ ...”
နောက်တစ်ကြိမ် မျက်မှောင်ကြုတ်လာပြန်သည့် ချီစန်းကို တွေ့လိုက်ရသည့်အခါ ထန်းကော်သည် ထိုအမျိုးသား ဒေါသထွက်သွားမည်ကို စိုးရိမ်ဟန်ဖြင့် ပျာပျာသလဲ ထပ်ပြောလိုက်သည်။
“ဒါပေမယ့် ဒါတွေအားလုံးက ကျွန်တော်တစ်ယောက်တည်းရဲ့ အမြင်ပါ လူတိုင်းကို ကိုယ်စားပြုမနေဘူးလေ ချီကော အဲဒါကြောင့် အရမ်းကြီး အလေးမထားလိုက်ပါနဲ့ …”
“သိတယ် .. ကျေးဇူးပဲ ...”
ချီစန်း၏ မျက်ခုံးတို့ ပြေလျော့သွားကာ သူ့အမူအယာမှာလည်း ယခင်ကလောက် ကြောက်စရာ မကောင်းတော့ချေ။
“...”
ထန်းကော်က ကြောင်အသွား၏။
ဒါ .. ချီစန်းပါးစပ်ကနေ “ကျေးဇူးပါ” လို့ ကြားရတာ ပထမဆုံးအကြိမ် မဟုတ်လား ...
ထို့နောက် ချီစန်းက အပြင်သို့ ထွက်ကာ ဖုန်းဆက်လိုက်၏။ “သောင်ရှင်း” ရိုက်ကူးရေးမှာ ပြီးစီးတော့မည် ဖြစ်ရာ ရိုက်ကူးရေးအဖွဲ့က အားလုံးကို သိမ်းဆည်းထုတ်ပိုးပြီးသည်နှင့်တစ်ပြိုင်နက် သူသည် ယန်အန်းယုအတွက် ပရောဂျက်အသစ်များကို စီစဉ်ပေးရတော့မည် ဖြစ်သည်။
ချီစန်းသည် အလွန်အမင်း အလုပ်များနေကာ သူ့အပေါ် ကျရောက်နေသည့် အလုပ်ဖိအားမှာလည်း အလွန် လေးလံလှကြောင်းကို ထန်းကော်ကိုယ်တိုင်လည်း ကောင်းစွာ သိထားပေသည်။ ချီစန်းထံတွင် သူ့ကို ဝေမျှရန် မဖြစ်နိုင်သည့် ဝန်ထုပ်ဝန်ပိုးများ ရှိနေသော်ငြား သူကမူ အတတ်နိုင်ဆုံး ကူညီပေးမည်ဟု စိတ်ဆုံးဖြတ်ထားပေသည်။
မစ္စတာချီစန်းက .. ပြုံးလိုက်တဲ့အချိန်ဆို ဘယ်လိုပုံစံလေး ဖြစ်မလဲ မသိဘူးနော် ...
*****
နောက်ထပ် နှစ်ပတ် ကုန်လွန်သွားပြီးနောက်တွင် “သောင်ရှင်း” ရိုက်ကူးရေးကို တရားဝင် အပြီးသတ်နိုင်ခဲ့တော့သည်။ ဗီလိန်တစ်ဖြစ်လဲ ဒုတိယမင်းသား မုယွင်ရွှင်းသည် နန်းလုပွဲ၌ အရေးနိမ့်သွားကာ အစ်ကိုကြီးဖြစ်သူ မုယွင်ထင်းက ထီးနန်းကို သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက်တွင် ဧကရာဇ်အသစ်က မုယွင်ရွှင်းအား အဆိပ်ထည့်ထားသည့် ဝိုင်တစ်ခွက်အား ချီးမြှင့်လိုက်သည်။ မုယွင်ရွှင်းသည် နောက်ဆုံးအချိန်အထိ အပြုံးကို ထိန်းသိမ်းထားကာ အဆိပ်သေရည်အား တစ်ကျိုက်တည်း မော့ချလိုက်တော့သည်။
အမတ်မင်းလောသည်လည်း ပြစ်မှုများ အားလုံးမှ ကင်းလွတ်သွားခဲ့သည်။ သို့သော် အကျဉ်းထောင်ထဲမှ ပြန်ထွက်လာပြီးနောက် မကြာမီတွင် ပင်ပန်းဆင်းရဲခဲ့သည့် ဒဏ်များကြောင့် ကွယ်လွန်သွားခဲ့တော့သည်။ မသေဆုံးမီ သူသည် သမီးဖြစ်သူ လောချီချင်းအား လောရွှင်ရှင်းထံသို့ ယုံကြည်စွာ အပ်နှံထားခဲ့ပြီး ထိုသို့ဖြင့် ဇာတ်လိုက်နှစ်ဦးသည် ပျော်ရွှင်ဖွယ် ဇာတ်သိမ်းကို ပိုင်ဆိုင်နိုင်ခဲ့တော့သည်။
ညသန်းခေါင်ယံအချိန် .. တိတ်ဆိတ်ငြိမ်သက်နေသည့် မြို့ငယ်လေးတစ်ခုတွင် ... လမ်းမကြီး၏ တစ်ဖက်တစ်ချက်စီရှိ အိမ်များအားလုံး တံခါးများ ပိတ်ထားကာ လူတိုင်းသည်လည်း ကိုယ်စီကိုယ်စီ အိပ်မက်အသီးသီးဖြင့် မွေ့ပျော်နေကြစဉ် .... ပတ်ဝန်းကျင်ရှိ ပိုးမွှားအင်းဆက်တို့၏ အော်ဟစ်သံများ တစ်ဖြည်းဖြည်း တိုးဝင်သွားကာ ...
အနိမ့်အမြင့် မတူညီသည့် အိမ်ခေါင်းမိုးများထက်တွင် ခြေဖော့ကာ ပြေးလွှားနေသည့် အနက်ရောင်ဝတ် လူတစ်ဦး ပေါ်ထွက်လာ၏။ သွက်လက်ဖျတ်လတ်ကာ ကျွမ်းကျင်လှသည့် ထိုအမျိုးသားက အကျင့်ပျက်ခြစားသည့် အရာရှိများ၏ မတရားသဖြင့် ရယူထားသော ဥစ္စာပစ္စည်းများကို ပိုင်ရှင်အစစ်အမှန်ထံ ပြန်ပို့ပေးရင်း “လက်ဆောင်”တစ်ခုကို တိတ်တဆိတ် ချန်ရစ်ထားခဲ့သည်။
ဇာတ်လမ်း၏ နောက်ဆုံးအပိုင်းတွင် များစွာသော ဆုံးရှုံးမှုတို့ဖြင့် တွေ့ကြုံခဲ့သည့် သူခိုးသူရဲကောင်း သောင်ရှင်းသည် ပြည်သူတို့၏ ဘက်တော်သားအဖြစ် ပြန်လည်ကာ ပေါ်ထွက်လာခဲ့သည်။
ဤသည်မှာ နေ့သစ်တစ်နေ့ အစပျိုးလာခြင်းပင် ...။ လူတိုင်း၏ စိတ်နှလုံးတွင် သူရဲကောင်းတစ်ဦး ကိုယ်စီ ရှိနေသရွေ့ အံ့ချီးဖွယ်တစ်ခုကို အနှေးနှင့်အမြန် ကြုံတွေ့ကြရမည်သာ ဖြစ်သည်။
👥️