Chapter 1
Viewers 7k

💮Chapter 1



ဝမ်ချီ မျက်လုံးဖွင့်လိုက်ချိန်တွင် နံ့သာဖြူသစ်သားဖြင့် ပြုလုပ်ထားသည့် အိပ်ရာဘောင်နှင့် အဖြူရောင်ခန်းဆီးစတို့က သူ့အား ကြိုဆိုနေ၏။ 


သူ ခေါင်းကိုလှည့်ကြည့်လိုက်ချိန်တွင် ရှေးဟောင်းပုံစံ အိပ်ခန်းတစ်ခုအား မျက်စိရှေ့၌ တွေ့လိုက်ရသည်။ 


ဝမ်ချီ ထိတ်လန့်သွားကာ စိတ်ထဲတွင် ကျန်ရှိနေသည့် အိပ်ချင်စိတ်လေးပင် ပျောက်ကွယ်သွားရသည်။ သူက မည်သို့မှပင် မတုံ့ပြန်နိုင်သေးပေ။


ခဏလေး အိပ်ပျော်သွားတာ ဘယ်လိုလုပ်ပြီး ဒီငရဲလိုနေရာကိုရောက်နေတာလဲ … 


ဝမ်ချီက ပေဖျောင်း(beipiao) တစ်ဦးဖြစ်ပြီး ပေကျင်းထံသို့ တရုတ်နိုင်ငံ အခြားဒေသများမှ အသက်မွေးဝမ်းကျောင်းလုပ်ရန် ပြောင်းရွှေ့လာသည့် လူများအနက် တစ်ဦးဖြစ်သည်။ ဘွဲ့ရပြီးသည့်နောက် သူက ဇာတ်ညွှန်းရေးဆရာ အလုပ်ကို စတင်လုပ်ကိုင်ခဲ့၏။ ကံမကောင်းစွာဖြင့် ဘွဲ့ရရှိချိန်မှာ တိုတောင်းလှပြီး အတွေ့အကြုံမှာလည်း နည်းပါးလွန်းလှသဖြင့် သူက အခြားလူများအတွက် ကြိုးစားပမ်းစား အလုပ်လုပ်ပေးရတော့၏။ 

[ T/N - Beipiao ဆိုတာက ပေကျင်းကို တခြားဒေသကနေ အသက်မွေးဝမ်းကျောင်းလုပ်ဖို့ ပြောင်းရွှေ့လာတဲ့ လူတွေကို ခေါ်တာပါ။ သူတို့မှာ ပေကျင်း အိမ်ထောင်စုစာရင်းတောင် မရှိပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီ့လိုလူတွေက ပေကျင်းကိုရောက်ခါစမှာ နေထိုင်ရာအတည်တကျ မရှိပဲနဲ့ လျှောက်ပြောင်းနေရလို့ပါ ]


မကြာသေးမီတွင် သူ၏ဆရာက ဝတ္ထုတစ်ပုဒ်ကို ဇာတ်ညွှန်းအဖြစ် ပြောင်းပေးရန် အလုပ်ရခဲ့သည်။ ဆရာက အလွန်အလုပ်များနေသည့်အလျောက် ဝမ်ချီအား မူလဝတ္ထုကိုဖတ်ကာ ဇာတ်ညွှန်းအဖြစ်ရေးရန် စေခိုင်းလိုက်၏။ 


အခွင့်အလမ်းကို စောင့်နေခဲ့သည့် ဝမ်ချီက စိတ်အားထက်သန်စွာဖြင့် အလုပ်ကို လက်ခံလိုက်သည်။ ထို့ကြောင့် သူက မူလဝတ္ထုကို နှစ်ရက်နှင့်နှစ်ညကြာ သုံးခေါက်ဖတ်ခဲ့၏။ 


သူ ဝတ္ထုအား သုံးကြိမ်မြောက် ဖတ်ပြီးချိန်တွင် မနက် ခြောက်နာရီပင် ထိုးနေလေပြီ။ ပြတင်းပေါက် အပြင်ဘက်ရှိ ကောင်းကင်မှာ မိုးပြာရောင်သမ်းနေပြီး မိုးကုတ်စက်ဝိုင်းတစ်လျှောက် ရောင်နီများ ယှက်သမ်းနေ၏။ 


ဝမ်ချီက အာခေါင်ခြောက်လာသဖြင့် မတ်တပ်ရပ်ကာ အကြောဆန့်လိုက်သည်။ ထို့နောက် ခွက်ကိုကိုင်၍ ရေသောက်ရန် မီးဖိုခန်းထံသို့ ဦးတည်လိုက်၏။ 


ရလဒ်အနေဖြင့် ဒုတိယခြေလှမ်း လှမ်းလိုက်ချိန်တွင် သူ မူးဝေလာခဲ့သည်။ 


ထို့နောက် ကိစ္စများက လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ပြီး သူ ပြင်ဆင်ချိန်ပင် မရလိုက်ချေ။ 


အမှောင်ထုထဲသို့ ကျရောက်မသွားမီ တစ်စက္ကန့်အလို၌ ဝမ်ချီက နံရံနှင့်ခေါင်းတိုက်မိသည်ကို ခံစားလိုက်ရသည်။ ထို့နောက် ပြင်းထန်သော နာကျင်မှုနှင့်အတူ သူ သတိမေ့သွားခဲ့၏။ 


သူ မျက်လုံးပြန်ဖွင့်လိုက်ချိန်၌ စာအုပ်ထဲသို့ ကူးပြောင်းခဲ့ပြီဖြစ်သည်။ 


သူ နှစ်ရက်နဲ့နှစ်ညကြာအောင် သုံးခေါက်တိတိ ဖတ်ခဲ့တဲ့ သန်းမေ BL ဝတ္ထုထဲကိုလေ … 


ဝမ်ချီက မျက်လုံးများကို မှိတ်လိုက်ရင်း ငါးဆားနယ်တစ်ကောင်ကဲ့သို့ နောက်ထပ် နာရီဝက်ကြာ နေလိုက်မိ၏။ ထို့နောက် သူက တံခါးဖွင့်သံတစ်ခုကို ကြားလိုက်ရသည်။ 


“ဒုတိယသခင်လေး … နိုးပြီလား …”

အစေခံတစ်ဦးက ရေဇလုံနှင့်အတူ ရောက်လာကာ အိပ်ရာရှေ့ရှိ သစ်သားစားပွဲပေါ်တွင် ဇလုံကို ဖြည်းညှင်းစွာ တင်လိုက်သည်။ 

“ဒုတိယသခင်လေး … မနက်စာစားဖို့ အချိန်ကျပါပြီ … ”


ဝမ်ချီက မလှုပ်ဘဲ ပြန်မေးလိုက်၏။ 

“အဖေ သွားပြီလား …”


ချန်မော့မော့က ဖြေ၏။

“သခင်ကြီး ခုံရုံးကို သွားပါပြီ ...”


ဝမ်ချီက ခံစားချက်ကင်းမဲ့စွာဖြင့် အိုး ဟု အသံပြုလိုက်၏။ ထို့နောက် သူက မျက်နှာကို တစ်ဖက်လှည့်ကာ လက်ဖြင့်အုပ်လိုက်ရင်း စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။

“ဖြစ်လာမယ့် ကိစ္စက ဖြစ်လာမှာပဲ ...”


“ဒုတိယသခင်လေး … ဘာကိုများ ပြောချင်တာပါလဲ … ဒီအစေခံအိုကြီးက နားမလည်ပါဘူး …”

ချန်မော့မော့ နားမလည်ဖြစ်သွား၏။ 

“ဒီအိမ်ကို တစ်ယောက်ယောက်က အလည်လာချင်လို့ပါလား …”

  

ဝမ်ချီ မျက်လုံးလိမ့်ကာ ထထိုင်လိုက်ပြီး ချန်မော့မော့ကို ကြည့်လိုက်၏။

“ဘာမှ မဟုတ်ပါဘူး … လုပ်စရာရှိတာ သွားလုပ်ပါ … ”


ချန်မော့မော့ စိတ်ရှုပ်သွား၏။ သူမက သခင်လေးမှာ လွန်ခဲ့သော နှစ်ရက်ကတည်းက ထူးဆန်းနေသည်ဟု တွေးလိုက်မိသည်။ သို့သော် တစ်စုံတစ်ခုကို တွေးလိုက်မိချိန်၌ သူမက ဘာမှ မပြောတော့ဘဲ နောက်သို့သာ ဆုတ်သွားလေသည်။ 


ဝမ်ချီက အိပ်ရာထက်တွင် ခဏအချိန်ဖြုန်းပြီးနောက် မတ်တပ်ရပ်လိုက်၏။ ရှေးခေတ်အဝတ်အစားများမှာ အလွန် ရှုပ်ထွေးလှပြီး အတွင်းဝတ်သုံးထပ်နှင့် အပြင်ဝတ်သုံးထပ် ဝတ်ရ၏။ ဝမ်ချီက အားအင်များစွာ စိုက်ထုတ်၍ အင်္ကျီလဲပြီးသည့်နောက် ခါးပတ်ကို ရွဲ့စောင်းစောင်း ပတ်လိုက်သည်။ 


သူက ဆေးကြောပြီးသည့်နောက် အိပ်ခန်းအတွင်းမှ လမ်းလျှောက်ထွက်လိုက်၏။ အပြင်ဘက်တွင် ချန်မော့မော့ ပြင်ဆင်ပေးထားသည့် မနက်စာများ စားပွဲပေါ်တွင် ရှိနေသည်။ မနက်စာမှာ ယမန်နေ့မနက်ကနှင့် တူညီသည့် ပန်ကိတ်အပိုင်းလေးများနှင့် ဆန်ပြုတ်တို့ ဖြစ်ကြ၏။ 


မနက်စာစားပြီးချိန်တွင် ဝမ်ချီ၌ မည်သည့်အရာကိုမှ လုပ်စရာမရှိတော့ချေ။ သူက အိပ်ရာထဲသွားကာ ထပ်မံ အနားယူလိုက်လေသည်။ 


မကြာမီမှာပင် သူက အိပ်မောကျသွား၏။ 


သူမည်မျှ အိပ်ပျော်သွားခဲ့သည့် မသိ‌ဘဲ ချန်မော့မော့၏ အနှိုးခံလိုက်ရပြန်သည်။ 


သူ အိပ်ချင်မူးတူးနှင့် မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် သူမ၏လက်များကို စိုးရိမ်သည့် အမူအရာဖြင့် အချင်းချင်း ဆုပ်ကိုင်ထားသည့် ချန်မော့မော့အား တွေ့လိုက်ရ၏။ 

“ဒုတိယသခင်လေး ...”


“ဟမ် …”


“သခင်ကြီး တရားရုံးက ပြန်လာပါပြီ ...”


ဝမ်ချီ တောင့်ခဲသွား၏။ သူ့မျက်ဝန်းထဲရှိ အိပ်ချင်မှုများက တစ်ခဏချင်းမှာပင် သဲလွန်စမကျန် ပျောက်ကွယ်သွားပြီး အိပ်ရာထက်မှ ဖျတ်ခနဲ ထလိုက်၏။

“အဖေ ကျွန်တော့်ကို ရှာနေတာလား … ”


“ ဟုတ်ပါတယ် ...သခင်ကြီးက သခင်လေးကို စာကြည့်ခန်းဆီလာခဲ့ဖို့ ပြောလိုက်ပါတယ် …” 

ချန်မော့မော့က ပြောလိုက်သည်။


ဝမ်ချီက ပေယွမ်ဤ နေထိုင်၏။ ၎င်းက အိမ်တော်ဝန်းထဲတွင် အစွန်အဖျားအကျဆုံး နေရာဖြစ်သလို မူလကိုယ်၏ မိခင် သေဆုံးသွားရာ ခြံဝန်းလည်း ဖြစ်၏။ 


မူလကိုယ်၏ မိခင်မှာ ခရိုင်တရားသူကြီး၏ တစ်ဦးထဲသော သမီး ဖြစ်သည်။ သူမက ကိုယ်လုပ်တော်တစ်ဦးအဖြစ်  သာသနာရေးဝန်ကြီး ဝမ်ချန်ချင်းအား လက်ထပ်ခဲ့၏။ နောက်ပိုင်းတွင် ခရိုင်တရားသူကြီးက အာဏာအလွဲသုံးစားလုပ်မှုနှင့် စွဲချက်တင်ခံခဲ့ရသည်။ မူလကိုယ်၏ မိခင်သည်လည်း အဖျားခတ်ခံခဲ့ရကာ ဝမ်ချန်ချင်းထံမှ မျက်နှာသာမရတော့။ သူမက ကြိုးဆွဲချ၍ သတ်သေသွားသည့်တိုင် ဝမ်ချန်ချင်း၏ အကြည့်တစ်ချက်ကိုပင် မရခဲ့ချေ။ 


မူလကိုယ်က ဖခင်သာမက မိခင်ပါ မရှိသည့် ပတ်ဝန်းကျင်၌ သနားစဖွယ် ကြီးပြင်းခဲ့ရရှာ၏။ သူက ကိုယ်လုပ်တော်ဖွားသားတစ်ဦး ဖြစ်ပြီး အစေခံများကပင် မလေးစားခဲ့ကြချေ။ 


အဆုံးသတ်တွင် သူက သနားစဖွယ် ဘဝကို ရရှိခဲ့ရုံသာမက အဓိကဇာတ်လိုက်၏ အနင်းခံ ကျောက်တုံးတစ်တုံးပါ ဖြစ်ခဲ့ရရှာသည်။ 


ဝမ်ချီက ဝတ္ထု၏မူလဇာတ်လိုက် မည်သို့ အဆုံးသတ်သွားသည်ကိုတွေးလျက် ခေါင်းကိုက်စပြုလာ၏။ 


သူက မူလကိုယ်၏ မှတ်ဉာဏ် အကူအညီဖြင့် လမ်းကွေ့များကို ဖြတ်သန်းကာ နာရီဝက်အကြာတွင် ဝမ်ချန်ချင်းရှိရာ စာကြည့်တိုက်ထံသို့ ရောက်သွားခဲ့၏။ 


သူ တံခါးခေါက်လိုက်၏။

“အဖေ … ကျွန်တော့်ကို ရှာနေတယ် ဆိုလို့ပါ … ”


သူ စကားဆုံးသည့်နောက် အသံတစ်ခုက အခန်းတွင်းမှ ထွက်ပေါ်လာသည်။

“ဝင်ခဲ့ … ”


ဝမ်ချီ တံခါးကို တွန်းဖွင့်လိုက်၏။ သူက ကြီးမားသော သစ်သားစားပွဲနောက်တွင် ထိုင်နေသည့် ဝမ်ချန်ချင်းကို တွေ့လိုက်ရသည်။ သာသနာရေးဝန်ကြီးက ဝတ္ထုထဲတွင် ဖော်ပြထားသည်နှင့် အတူတူပင်။ အသက်သုံးဆယ်ကျော် ထင်ရှားသော မျက်နှာကျများနှင့် တရုတ်အက္ခရာ 八 သဏ္ဌာန် နှုတ်ခမ်းမွှေးရှိသော လေးနက်တည်ကြည်သည့် အမျိုးသားတစ်ဦးပုံစံဖြစ်၏။ 


ဝမ်ချီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့လိုက်သည်။ ထို့နောက် သစ်သားစားပွဲရှေ့သို့ သွားကာ မတ်မတ်ရပ်လိုက်၏။ 


သူက အကြည့်ကို ခြေချောင်းများထံသို့ ပို့ထားသည်။ 


“မင်း ဖျားနေတယ်လို့ ကြားတယ် ...”

ဝမ်ချန်ချင်းက လက်ထဲမှ စာအုပ်ကို ချကာ သူ အချိန်အတော်ကြာ မတွေ့ခဲ့ရသော ဒုတိယသားကို ကြည့်လိုက်သည်။ သူ၏အေးစက်စက် အသံနေအသံထားထဲတွင် ဂရုစိုက်မှု အနည်းငယ် ထပ်ပေါင်းထည့်လိုက်၏။ 

“အခုရော အဆင်ပြေရဲ့လား …”


ဖျားနာသူမှာ မူလကိုယ်သာဖြစ်၏။ ဝမ်ချီ မဟုတ်ချေ။ 


လွန်ခဲ့သော ရက်အနည်းငယ်ခန့်က မူလကိုယ်မှာ သေဆုံးသွားခဲ့ပြီဖြစ်သည်။ 


ဝမ်ချီက နာခံမှုဖြင့် ပြန်ဖြေလိုက်သည်။

“ကျွန်တော် ပြန်ကောင်းလာပါပြီ … စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် အဖေ ...”


ဝမ်ချန်ချင်း ခေါင်းညိတ်လိုက်၏။ သူက တစ်စုံတစ်ခုအား တွေးမိသွားကာ ပိုမိုပျော့ပျောင်းသော အမူအရာဖြင့် ဆိုသည်။

“မင်းအမေ ဆုံးသွားတာ နှစ်အတော်ကြာခဲ့ပြီဆိုတာ အဖေခုထိ မယုံနိုင်သေးဘူး … အခု မင်းကို ကြည့်ရင်း မင်းအမေကို သတိရမိတယ် ...”


ဝမ်ချီ: “…”


ရင်းနှီးနေတဲ့ စကားချီမှုပဲ … 


လာပါပြီ … ဇာတ်ကြောင်းစလိုက်ရအောင် … 


သူက တိတ်ဆိတ်စွာ နားထောင်နေ၏။ 


နောက်တစ်စက္ကန့်၌ ဝမ်ချန်ချင်းက စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။

“မင်းအမေက အစောကြီး ထွက်သွားတာကြောင့် မင်းရဲ့ လက်ထပ်ပွဲကို မျက်မြင်မတွေ့နိုင်ခဲ့တာ နှမြောစရာပဲ ...”


လက်ထပ်ပွဲတဲ့လား … 


ဝမ်ချီက ရုတ်တရက် သွေးဟောင်းများ အန်ထုတ်ချင်လာ၏။ 


သူက ဆက်လက်၍ တိတ်ဆိတ်နေခဲ့သည်။ 


ဝမ်ချီ စကားမထောက်ပေးစေကာမူ ဝမ်ချန်ချင်းက ဆက်လက်ကပြနေဆဲပင်။

“သားက မိသားစုတစ်ခု တည်ထောင်နိုင်တဲ့ အရွယ်ရောက်နေပြီဆိုတော့ အဖေ မင်းအတွက် လက်ထပ်ပွဲ ပြင်ဆင်ပေးရမှာပေါ့ … ကိုယ့်ကိုယ်ကိုယ် သေချာ ပြင်ဆင်ထားပါ ...”


ဝမ်ချီက ထပ်မံ၍ မထိန်းနိုင်တော့ပဲ ပြောလိုက်၏။

“အဖေ … ကျွန်တော် လက်မထပ်ချင်သေးပါဘူး …”


မူလကိုယ်သည်လည်း တူညီသည့်စကားအား ပြောခဲ့သည်ကို သူအမှတ်ရနေသေး၏။ သို့ရာတွင် ဝမ်ချန်ချင်းက ငြင်းပယ်ခဲ့သည်။ 


ဝမ်ချန်ချင်း၏မျက်လုံးများက အေးခဲသွားကာ သူ့ မျက်နှာပေါ်ရှိ နွေးထွေးမှုသည်လည်း သဲလွန်စမကျန် ပျောက်ရှသွား၏။ 

“ထပ်ပြောလိုက်စမ်း … ”


ဝမ်ချီက နာခံစွာဖြင့် တစ်လုံးချင်း ပြောလိုက်သည်။ 

“အဖေ … ကျွန်တော် လက်မထပ်ချင်သေးဘူး ...”


ဝမ်ချန်ချင်းက သူ့စကားမဆုံးမီမှာပင် စားပွဲကို ရိုက်ချလိုက်၏။ 


တစ်စုံတစ်ခု ကျိုးသွားသည့်အသံ ထွက်ပေါ်လာ၏။ 


ဝမ်ချီက ကြောက်ရွံ့မှုဖြင့် တုန်ရီလာသည်။ 


ဝမ်ချီ မည်သည်ကိုမှ မပြောနိုင်မီမှာပင် ဝမ်ချန်ချင်းက ဒေါသတကြီး ပြောလိုက်၏။

“မျိုးမစစ်လေး …အတောင်တွေ မာကျောလာပြီ ဆိုတော့ မိဘစကားကို နားမထောင်ချင်တော့ဘူးပေါ့ … လက်ထပ်ပွဲက မိဘရဲ့ အမိန့်အတိုင်း လုပ်ရတာ … မင်းရဲ့ ဆန္ဒက အရေးမပါဘူး … ”


ဝမ်ချန်ချင်းက တံတွေးထွေးကာ ဆက်လက်ကြိမ်းမောင်းနေ၍ ဝမ်ချီက စိတ်တည်ငြိမ်အောင် ထိန်းလိုက်သည်။ ဝတ္ထု၏ အရေးကြီးသော ဇာတ်ကြောင်းက စတင်တော့မည်ဖြစ်၏။  – ယခုဆိုပါက နန်းတော် တစ်ခုလုံးသည်လည်း ကျင်းချိုး၏ ကျိုင်းကောင်ကြောင့် ပူပန်နေကြလေပြီ။ 


သူ အပေးအယူ လုပ်နိုင်ကောင်း လုပ်နိုင်မှာပေါ့ … 


“အဖေ … ကျွန်တော်…”

ဝမ်ချီ မည်သည့်အရာကိုမှ မပြောနိုင်မီ ဝမ်ချန်ချင်းက ကြားဖြတ်ပြောလိုက်ကာ တံခါးထံသို့ ညွှန်ပြလိုက်၏။ “ထွက်သွားစမ်း … ”


ထို့နောက် ဝမ်ချီက နာခံစွာဖြင့် ပြောလိုက်သည်။

“ခွင့်ပြုပါဦး … ”


သူက မထွက်သွားချင်သော်လည်း သူ့ခြေထောက်များသည် ထိန်းချုပ်မှု ကင်းလွတ်နေပြီး ပရိုဂရမ် ရေးဆွဲထားသည့်အလား စာကြည့်ခန်းအတွင်းမှ မြန်ဆန်သော အလျင်ဖြင့် ထွက်ခွာလာ၏။ 


ပေယွမ်ထံသို့ ပြန်ရောက်ချိန်မှသာ သူ၏ ခြေထောက်များကို ချည်နှောင်ထားသည့် အားက ပျောက်ကွယ်သွားလေသည်။ 


ဝမ်ချီ၏ မျက်နှာမှာ ဖြူလျော်လျက်ရှိ၏။ သူက ကိုယ်ကိုကိုင်းကာ ဒူးပေါ် လက်နှစ်ဖက်ထောက်လျှက် နွားတစ်ကောင်ကဲ့သို့ ဟောဟဲလိုက်နေသည်။  


ချန်မော့မော့က အခန်းတွင်းသို့ အမြန်ပြေးဝင်လာကာ သူ့ကို မေးလိုက်၏။

“ဒုတိယသခင်လေး …အဆင်ပြေရဲ့လား …”


“တစ်ခုခု …”

ဝမ်ချီ၏ မျက်ဝန်းများက စိတ်ပျက်ခြင်းများ ပြည့်နှက်နေသည်။ 

“ကိစ္စကြီးတစ်ခုခုဖြစ်တော့မယ် …”


ချန်မော့မော့ ထိတ်လန့်သွားသည်။

“ဘာဖြစ်လို့လဲ … ”


ဝမ်ချီ ခေါင်းယမ်းလိုက်၏။ သူက အမောပြေသည်နှင့် စိတ်ပျက်ခြင်းများစွာဖြင့် အခန်းတွင်းသို့ လျှောက်ဝင်လိုက်သည်။ 


ဝမ်ချီက အိပ်ခန်းအတွင်းသို့ ဆက်လျှောက်လာကာ ဖိနပ်များကို ချွတ်၍ ငါးဆားနယ် တစ်ကောင်ကဲ့သို့ အိပ်ရာပေါ်လှဲလိုက်၏။ 


သူ ထိုအရာကို အချိန်ကြာမြင့်စွာ ထပ်ခါတလဲလဲ တွေးနေမိသည်။ အဆုံးသတ်တွင် ထိုကိစ္စက အဓိကဇာတ်ဆောင် လက်ခံရရှိခဲ့သည့် စနစ်နှင့် သက်ဆိုင်မည်ဟု တွေးလိုက်မိ၏။ 


အဓိကဇာတ်လိုက် ဝမ်လျန်က ဝမ်ချီ၏ သွေးတစ်ဝက်နှောသော အစ်ကို ဖြစ်သည်။ သို့သော် ဝမ်လျန်၏ မိခင် ရွှီက ဝမ်ချန်ချင်း၏ တရားဝင်ဇနီးဖြစ်၏။ ဝမ်လျန်သည်လည်း ဝမ်မိသားစု၏ ပထမဆုံးသားဖြစ်လေရာ ဝမ်လျန်အား ဝမ်ချန်ချင်းမည်မျှ အလိုလိုက်ကြောင်း ဝမ်မိသားစုတစ်ခုလုံး ကောင်းစွာ သိကြ၏။ 


မူလက အိမ်ရှေ့စံနှင့် လက်ထပ်ရန် ကတိကဝတ်ရှိခဲ့သူမှာ ဝမ်လျန်ဖြစ်သည်။ 


သို့ရာတွင် လွန်ခဲ့သော ငါးနှစ်အကြာက အရှေ့နန်းတော်တစ်ခုလုံး မီးဘေးသင့်ခဲ့သည်။ လူပေါင်းများစွာ သေဆုံးခဲ့ရုံမျှမက မီးဘေးကြောင့် အိမ်ရှေ့စံပင် မသန်စွမ်းဘဝသို့ ကျရောက်ခဲ့ရ၏။ 


ထိုအချိန်မှစ၍ ရွှီမိသားစုက ကတိကဝတ်ကို ဖျက်သိမ်းရန် ကြိုးစားကြတော့သည်။ 


ဇာတ်ကြောင်းအလှည့်အပြောင်းက လွန်ခဲ့သော နှစ်ရက်က စတင်ခဲ့ခြင်း ဖြစ်သည်။ ဝမ်လျန်နှင့် သူ၏ သူငယ်ချင်းများ အပြင်သွားရင်း သစ်တောအတွင်းရှိ စွန့်ပစ်တဲတစ်ခုသို့ မတော်တဆ ရောက်သွားကြ၏။ သူတို့က ထူးဆန်းသော ရောင်စုံကျောက်တုံးတစ်ခုကို ကောက်ယူမိခဲ့ကြသည်။ 


ထိုညက ဝမ်လျန် ကျောက်တုံးကို စစ်ဆေးနေရင်း စနစ်တစ်ခုနှင့် ချိတ်ဆက်မိခဲ့သည်။ သူက အိမ်ရှေ့စံနှင့် လက်မထပ်လိုကြောင်း ချက်ချင်း ဆုတောင်းလိုက်၏။ 


ဤသို့ဖြင့် နောက်တစ်ရက်တွင် မသန်စွမ်းအိမ်ရှေ့စံက ငါးနှစ်အတွင်း လူပေါင်းများစွာကို နှိပ်စက်သတ်ဖြတ်ခဲ့သည်ဟု သတင်းတစ်ခု ထွက်ပေါ်လာသည်။ 


ထိုသတင်းများက လျင်မြန်စွာ ဖုံးဖိခံလိုက်ရသော်ငြား ဝမ်ချန်ချင်း၏ နားသို့ ရောက်ဖြစ်အောင် ရောက်သွား၏။ 


ဝမ်ချန်ချင်းက တစ်ညလုံး အိပ်မပျော်ခဲ့ပေ။ သူက သားဖြစ်သူအား စွန့်လွှတ်ရန် တွန့်ဆုတ်နေသလို အိမ်ရှေ့စံနှင့် ဆက်သွယ်နိုင်မည့် အခွင့်အရေးကိုလည်း လက်မလွှတ်ချင်ချေ။ သခင်မရွှီ၏ မျက်ရည်များနှင့် ပေါင်းစပ်လိုက်ချိန်တွင် သူက ဒုတိယသားကို အကြီးဆုံးသားနေရာ၌ အစားထိုးရန် ဆုံးဖြတ်လိုက်၏။ 


ဝမ်ချီက ဇာတ်ကြောင်းကို ပြန်လည်သုံးသပ်ပြီးသည်နှင့် ထိုသို့ဖြစ်ရန် စနစ်က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပိုမိုသေချာလာ၏။ 


စောစောက ခွန်အားကလည်း အဲဒီ့ စနစ်ကြောင့်ပဲဖြစ်မှာ … 

သူ ဘယ်လိုလုပ်ပြီး စနစ်ကို တိုက်ထုတ်ရပါ့မလဲ … 


ဝမ်ချီတွေးလေလေ၊ ပိုမို စိတ်ပျက်လာလေလေပင်။ သူက စိတ်ဆိုးဆိုးဖြင့် နေ့လည်စာ ထမင်းပန်းကန်လုံးတစ်လုံး ထပ်စားလိုက်မိ၏။ 


အရာအားလုံးက စီစဉ်ထားသည့်အတိုင်း ဖြစ်လာမည်မှာ မလွဲပေ။ အဆိုပါ ညနေခင်းတွင် ချန်မော့မော့က အစေခံငါးဦးနှင့်အတူ ပေယွမ်သို့ လာရောက်ကာ ဝမ်ချီအတွက် ခန်းဝင်ပစ္စည်းအား ပြင်ဆင်ပေးကြ၏။ 


ဝမ်ချီ၏ ပူးပေါင်းမှုကြောင့်ထင်ပေသည်။  ဝမ်လျန်၏ မိခင် သခင်မရွှီသည်လည်း ဝမ်ချီ့အပေါ် ကောင်းမွန်စွာ ဆက်ဆံနေသည်။ သူမက သူ့အတွက် ကိစ္စများကို အခက်မတွေ့စေရုံမျှမက၊ မူလကိုယ် စားရန် မတတ်နိုင်ခဲ့သော အစားအစာများကိုပင် ရေများစီးဆင်းနေသကဲ့သို့ ပို့ဆောင်ပေးလာ၏။ 


ဝမ်ချီက အားလုံးကို စားသောက်လိုက်သည်။ အစားအစာများက အရသာကောင်းမွန်လှသဖြင့် သူ ကိုယ်အလေးချိန်ပင် တိုးလာ၏။ 


မျက်တောင်တစ်ခတ်အတွင်းမှာပင် လက်ထပ်ပွဲ မတိုင်မီ တစ်ရက်သို့ ရောက်ရှိလာသည်။ 


ချန်မော့မော့နှင့် အစေခံအနည်းငယ်က ထုပ်ပိုးသိမ်းဆည်းနေကြ၏။ အမှန်စင်စစ်တွင်မူ သစ်သားသေတ္တာ အကြီးနှစ်လုံးနှင့် အသေးနှစ်လုံးသာ ဖြစ်သည်။


ချန်မော့မော့က အိပ်ခန်းထံသို့ လျှောက်လာ၏။ ဝမ်ချီက သခင်မရွှီ ပို့ပေးခဲ့သော နှင်းဆီပန်းကိတ်ကို စားသောက်ပြီးနောက် အနားယူနေစဉ် ချန်မော့မော့ သက်ပြင်းချလိုက်၏။ 

“ဒုတိယသခင်လေး … မနက်ဖြန်ဆို လက်ထပ်ရတော့မှာပါ … ”


“…”


မူလက သက်သောင့်သက်သာ အနားယူနေသည့် ဝမ်ချီက ထိုစကားများကြောင့် စိုးရိမ်စိတ်ဝင်လာသည်။ 


သူက မျက်ဝန်းထောင့်မှတစ်ဆင့် ချန်မော့မော့ သူ့ထံလျှောက်လာသည်ကို တွေ့လိုက်၏။ သူမ လက်ထဲတွင် ပန်းချီစာအုပ်ကဲ့သို့ အရာတစ်ခုကို ကိုင်ထားလေသည်။ 




💮💮💮