💮Chapter 2
ချန်မော့မော့က ဝမ်ချီ၏အကြည့်ကို သတိပြုမိသွားကာ နှုတ်ခမ်းကို လက်ဖြင့်ကွယ်လျက် ချောင်းဟန့်လိုက်သည်။ ထို့နောက် ဝမ်ချီ၏ အိပ်ရာခင်းပေါ်သို့ အလွန်လက်ရာမြောက်သည့် ပန်းချီပါသော စာအုပ်ကို တင်လိုက်၏။
ဝမ်ချီ စိတ်ရှုပ်ထွေးသွားသည်။
ချန်မော့မော့က ရှက်ရွံ့ဟန်ဖြင့် ပြောလာ၏။
“ဒုတိယသခင်လေး … သခင်လေးမှာ အရင်က လက်ထပ်ဖို့ ကတိကဝတ် မရှိခဲ့ဘူးဆိုတော့ ဒီလိုကိစ္စတွေကိုလည်း မပြောနိုင်ခဲ့တာ … အခုတော့ သခင်လေး လက်ထပ်တော့မှာဆိုတော့ တချို့ကိစ္စတွေကို ပြောရတော့မယ် …”
ဝမ်ချီက စိတ်ပူပန်စွာဖြင့် အိပ်ရာခင်းကို ဆုပ်ကိုင်ထားရင်း စာအုပ်ကို တစ်ချက်ကြည့်လိုက်သည်။ စာအုပ်မှာ အဖြူရောင်ဖြစ်ပြီး အဖုံးပေါ်၌ မည်သည့်စာသားမှ မရှိနေခဲ့ပ။ ထို့ကြောင့် အတွင်းဘက်တွင် ရှိနေသည့်အရာကို သူ မမြင်နိုင်ခဲ့ချေ။
“အရင်ဆုံး တစ်ခါလောက်ကြည့်ကြည့်ပါ … သခင်လေး နားမလည်တာရှိရင် ဒီအစေခံအိုကြီးက ရှင်းပြပေးပါ့မယ် …”
ချန်မော့မော့က ပြောသည်။
ဝမ်ချီက မော့ကြည့်လိုက်သည့်အခါ ချန်မော့မော့က သူ့အကြည့်အား ရှောင်လွှဲလိုက်၏။ သူက နှာခေါင်းကို ပွတ်လိုက်ရင်း လက်ဆန့်ကာ ရုပ်ပြစာအုပ်၏ အဖုံးကိုလှန်လိုက်သည်။ ထို့နောက် စာမျက်နှာအချို့ကို ကျပန်းလှန်လိုက်ပြီး အနီးကပ် ကြည့်လိုက်၏။
နောက်တစ်စက္ကန့်၌ သူ့ ပါးပြင်များ နီရဲလာတော့သည်။
အကယ်၍ သူ အမှတ်မမှားပါက ချန်မော့မော့ ပေးလာသည့် စာအုပ်မှာ သမိုင်းဝင် ဆယ့်ရှစ်နှစ်အထက် ရုပ်ပြစာအုပ် ဖြစ်လေသည်။
ဝမ်ချီက ဇာတ်ကားများစွာ ကြည့်ခဲ့ဖူးသော်ငြား ပန်းချီစကေးကြောင့် ဆွံ့အသွားရသည်။
ဒီအနေအထားက နည်းနည်း …
ဝမ်ချီက အောက်ဘက်ရှိ အမျိုးသားမှာ ခါးကျိုးတော့မည်ဟုပင် သံသယဝင်လာ၏။
သူတို့အခု အေရိုးဗစ်ဆော့နေတာလား …
ပြီးတော့ …
ပန်းချီထဲက လူနှစ်ယောက်လုံးက အမျိုးသားတွေ မဟုတ်ဘူးလား …
ဝမ်ချီက ထောင်မတ်နေသည့် အရာတစ်ခုပေါ်သို့ အတန်ကြာ စိုက်ကြည့်နေမိသည်။ မကြာမီမှာပင် သူ၏ အံ့အားသင့်မှုက ထိတ်လန့်မှုအဖြစ် ပြောင်းလဲသွား၏။ သူက ချန်မော့မော့ကို ကြည့်ရင်း ခါးသက်သက် မေးလိုက်သည်။
“ချန်မော့မော့ … ကျွန်တော့်ကို ဘယ်လိုမြင်လဲ … ကျွန်တော်က အပေါ်ကလား … အောက်ကလား …”
ချန်မော့မော့၏ မျက်နှာက မဲ့တဲ့တဲ့ ဖြစ်သွားကာ ပြောလိုက်၏။
“ဒုတိယသခင်လေး … နောက်နေတာလား …”
ဝမ်ချီ၏ အမူအရာက အလေးအနက် ဖြစ်လာသည်။
“အတည်မေးနေတာပါ …”
အာဏာရှင်ကြီးက အဖိနှိပ်ခံရတာကို ကြိုက်တာလည်း ဖြစ်နိုင်တာပဲလေ … ငါလည်း ကြိုးစားကြည့်ပေးနိုင်ပါတယ် …
ချန်မော့မော့ ထိုစကားကို ကြားချိန်၌ သူမက လက်များကို ကြောက်လန့်တကြား ဝှေ့ယမ်းလိုက်၏။
“ဒုတိယသခင်လေး … အစားကိုပဲ ကုန်အောင်စားပါ … စကားကို ကုန်အောင် မပြောရဘူး … အထူးသဖြင့် အဲဒီ့လိုစကားတွေပဲ … သခင်လေး စကားကို ဂရုတစိုက်မပြောရင် ခေါင်းကို ဆုံးရှုံးရနိုင်တယ် …”
“တကယ်လား …”ဝမ်ချီက ထိတ်လန့်သွားသည့်အလျောက် ထထိုင်လိုက်ပြီး အိပ်ရာဘောင်၌ မှီလိုက်ပြီး မေးလိုက်သည်။
“ဒီတော့ ကျွန်တော် ဘယ်သူနဲ့ လက်ထပ်မယ်မှန်း ခင်ဗျားသိတာပေါ့ …”
“…” ချန်မော့မော့၏ အမူအရာက တောင့်တင်းသွားကာ အချိန်အတော်ကြာ တိတ်ကျသွားသည်။ သူမက ပြော၏။ “ဒီ … ဒီအစေခံအိုကြီးက သေချာမသိပါဘူး …”
ဝမ်ချီက သူမအား ထပ်မမေးတော့ချေ။
သူက မူလကိုယ်အတွက်သာ စိတ်မကောင်းဖြစ်မိသည်။
ဤကဲ့သို့ ကြီးမားလှသည့် အိမ်တော်ဝန်းထဲတွင် သူက ဝမ်လျန်၏ အစားထိုးအနေဖြင့် အရှေ့နန်းတော်အား လက်ဆက်ရမည်ဖြစ်ကြောင်း အားလုံး သိကြသည်။ သူတစ်ဦးထဲသာ အမှောင်ထဲတွင် နေထိုင်ရသကဲ့သို့ မည်သည့်အရာကိုမှ မသိခြင်းပင်။
ချန်မော့မော့က အမျိုးသားနှင့် အမျိုးသားများကြား နှီးနှောသည့် ပုံစံများကို အသေးစိတ်ရေးဆွဲထားသည့် ရုပ်ပြငါးအုပ် ယူလာခဲ့သည်။ သို့သော် လူသားတစ်ဦး၏ ခန္ဓာကိုယ် အကန့်အသတ်အား ကျော်လွန်နေသည့် ထူးထူးဆန်းဆန်း အနေအထားများ ဒါဇင်ချီ ပါဝင်နေ၏။
ဝမ်ချီက ရွေးချယ်ခွင့်မရှိဘဲ ရုပ်ပြစာအုပ်များကို အစအဆုံးဖတ်ရန် တွန်းအားပေးခံရတော့၏။ သူက အတွေးထဲတွင် ထိုလူ၏ ထောင်မတ်နေသော အရာကို ဖျောက်လိုက်၏။ စာအုပ်များက ပို၍ စိတ်ဝင်စားစရာ ကောင်းလာပြီး တစ်နာရီမပြည့်မီ ရုပ်ပြငါးအုပ်လုံး သူဖတ်ပြီးသွားခဲ့သည်။
“ရှိသေးလား …”
သူက ချန်မော့မော့ကို ကြည့်ကာ လက်ဖြန့်လိုက်၏။
“ဒုတိယသခင်လေး အရမ်းစိတ်ဝင်စားနေတယ် ဆိုမှတော့ ဒီအစေခံအိုကြီးက မနက်ဖြန် ထပ်ယူလာခဲ့ပေးပါ့မယ် …”
ချန်မော့မော့က သူ၏ ပူးပေါင်းမှုကို ကျေနပ်သွားပုံဖြင့် စကားလွှဲလိုက်သည်။
“ဒုတိယသခင်လေး … ကလေးယူဖို့ အကောင်းဆုံး အရွယ်က အသက် နှစ်ဆယ်ပါ … ဒါ့ကြောင့် နောက်သုံးနှစ်အတွင်း ဒုတိယသခင်လေး ကြိိုးကြိုးစားစား ဆောင်ရွက်မယ်ဆိုရင် သားလေးဖြစ်ဖြစ် သမီးလေးဖြစ်ဖြစ် ရနိုင်ပါလိမ့်မယ် …”
ဝမ်ချီ ကြောင်အသွားကာ လက်ကို ရုတ်ရင်း အိပ်ယာခင်းအား တင်းတင်း ဆုပ်ကိုင်လိုက်မိသည်။
“ကလေးမွေးဖို့လား … ကလေးက ဘာအတွက်လဲ …”
ချန်မော့မော့က သဘာဝကျကျပင် ပြန်ဖြေလိုက်သည်။
“ဒါပေါ့ … ကလေးမွေးရမှာပေါ့ …”
ထိုစာကြောင်းက ဝမ်ချီ၏ နဖူးတည့်တည့်သို့ မိုးကြိုးပစ်ချလိုက်သည့်နှယ် ရှိသည်။ သူက မူလကိုယ်၏ မှတ်ဉာဏ်များကို ပြန်လည်တူးထုတ်လိုက်၏။ ဤနေရာရှိ အမျိုးသားများက ကလေးမွေးနိုင်ကြလေသည်။
သူတို့က သောက်ကျိုးနည်း ကလေးမွေးနိုင်ကြတယ်တဲ့ …
ကြီးမြတ်လှပါသော လက်ဆောင်ကြီးကြောင့် သူအလွန် လေးစားသွားမိသလို သူတို့ ရာသီလာနိုင်ခြင်း ရှိမရှိပင် တွေးလိုက်မိ၏။ သို့သော် ထိုသို့ကိစ္စများကို ဝတ္ထုထဲတွင် ထည့်မရေးထားချေ။
ဝမ်ချီက သူ့တင်ပါးမှ သွေးများစီးကျလာသည်ကို တွေးပင်မတွေးကြည့်ရဲပေ။ ထို့ကြောင့် သူက နဖူးကိုသာ ပွတ်ရင်း စိတ်ပျက်လက်ပျက် ပြောလိုက်၏။
“ယောက်ျားတွေက ဘယ်လိုလုပ် ကလေးရနိုင်မှာလဲ … စအိုကြီးလာအောင် လုပ်နိုင်တဲ့ နည်းလမ်း ရှိလို့လား …”
ချန်မော့မော့က ပြောသည်။
“ကလေးမွေးတဲ့အခါ အလိုလို နားလည်လာမှာပါ …”
ဝမ်ချီ : “…”
ခုလိုဆုတောင်းပေးလို့ ကျေးဇူးနော် …
ချန်မော့မော့ ထွက်ခွာသွားသည့်နောက် တစ်နေ့လုံး အိပ်ရာပေါ်တွင် လှဲနေခဲ့သည့် ဝမ်ချီက အိပ်ရာထဲမှ ထွက်လိုက်၏။ သို့သော် သူက ကြေးဘောင်ကွတ်ထားသည့် မှန်ကို ယူကာ အိပ်ရာထက်၌ ပြန်လှဲလိုက်သည်။
ဤကမ္ဘာသို့ ရောက်လာပြီးသည့်နောက် ပထမဆုံးအနေဖြင့် ဝမ်ချီက မူလကိုယ်၏ ရုပ်သွင်ကို ကြည့်လိုက်၏။
မူလကိုယ်နှင့် သူက ရှစ်နေရာခန့် ဆင်တူနေကြောင်း ဝမ်ချီ တွေ့လိုက်ရ၏။ သို့သော် မူလကိုယ်၏ ရုပ်သွင်နှင့် ကိုယ်ဟန်က လင်းသိုက်ယွီ၏ ခံစားချက်မျိုး ပေးစွမ်းလျက်ရှိသည်။
(T/N - လင်းသိုက်ယွီက ချင်မင်းဆက်ဝတ္ထု ‘စံအိမ်နီအိပ်မက်’ ထဲမှ ဇာတ်ကောင်တစ်ဦး ဖြစ်သည်။ သူက ငယ်စဉ်တည်းက အားနည်းကာ မကျန်းမာခဲ့ချေ။ မိခင် သေဆုံးသွားသည့်နောက် ရုန်ကောစံအိမ်၌ နေထိုင်ခဲ့သည်။ သူက ထက်မြက်ကာ ဉာဏ်ပညာကြီးမား၏။ သူနှင့် ကျားပေါယွီတို့က တစ်ဦးနှင့်တစ်ဦး ချစ်ကြိုးသွယ်ခဲ့ကြသော်ငြား မိသားစု၏ ကန့်ကွက်မှုများကြောင့် လက်မထပ်နိုင်ခဲ့ကြပေ။ အဆုံးသတ်တွင် ကျားပေါယွီနှင့် ရွှယ်ပေါင်ချိုက်တို့ လက်ထပ်သွားခဲ့သည့် ည၌ သူက စိတ်ဓာတ်ကျကာ ကဗျာများကို မီးရှို့ရင်း သွေးအန်၍ သေဆုံးသွားခဲ့သည်။ ပိန်ပါး၍ မကျန်းမာသည့် ဖြူလျော်သော အသားအရည်၊ ခံစားချက်ကင်းမဲ့သည့် မျက်နှာတို့ ရှိသော အမျိုးသမီးများကို လင်းသိုက်ယွီ ဟု ဖော်ပြလေ့ရှိ၏။ )
အထိတ်လန့်စေဆုံးအရာမှာ မျက်ခုံးနှစ်ခုကြားရှိ သွေးနီရောင်တောက်တောက် အစက်ကလေး ဖြစ်သည်။ ၎င်းက ဖယောင်းတိုင်မီး အောက်တွင် နေရောင်ခြည်ကဲ့သို့ တောက်ပနေရာ ဝမ်ချီပင် မျက်လုံးကျိန်းသွားရသည်။
ဒါက ဒီအစက်လား …
သူ့မှာ ဒါ့ကြောင့် လက်ဆောင်ပါလာတာပေါ့ …
ဝတ္ထုထဲတွင် မျက်ခုံးနှစ်ခု အလယ်၌ အနီရောင် အစက်ပါရှိသော အမျိုးသားများက လက်ထပ်နိုင်ပြီး ကလေးမွေးနိုင်သည်ဟု ပါဝင်သည်။ အနီစက်အရောင်တောက်လေလေ၊ အမျိုးသား၏ ကိုယ်ဝန်ဆောင်နိုင်ချေ မြင့်မားလေလေပင်။
ဝတ္ထု၏အဓိကဇာတ်ဆောင် ဖြစ်သော ဝမ်လျန်၏ မျက်ခုံးကြားတွင်လည်း အနီရောင်အစက် ပါရှိ၏။ ထိုအစက်ကလေးက အလွန်တောက်ပလှပြီး အခြားလူများကိုပင် မျက်စိကျိန်းစေခဲ့သည်။
မည်သို့ပင်ဖြစ်စေ၊ ၂၁ ရာစု၏ တင်းကျပ်သော ပညာရေးစနစ်အား ကိုးနှစ်ကြာ ကြုံတွေ့ခဲ့ရသည့် လူငယ်တစ်ဦးအနေဖြင့် ဝမ်ချီက အမျိုးသားများ ကလေးမွေးနိုင်သည့် အချက်ကို လက်မခံချင်ခဲ့ပေ။
သူက တွေးရင်း အိပ်ပင်အိပ်မပျော်တော့ချေ။ အနာဂတ်တွင် သူက ကိုယ်ဝန်သည်တစ်ဦးကဲ့သို့ ကြီးမားသော အစာအိမ်ကြီး ရှိလာကာ ကလေးမွေးရန် ဗိုက်ခွဲရပေလိမ့်မည်။
သူ့ကိုယ်သူ ကယ်တင်ဖို့ တစ်ခုခု လုပ်ရမယ် …
သူက ချန်မော့မော့ ထားခဲ့သည့် စာအုပ်များကို ထပ်မံ ဖတ်ရှုလိုက်၏။ ဒုတိယတစ်ပုဒ်ကို ဖတ်ပြီးသည့်နောက် ဝမ်ချီ အိပ်မောကျသွားလေသည်။
.....
နောက်တစ်နေ့တွင် …
ယနေ့မှာ ဝမ်ချီလက်ထပ်သော နေ့ထူးနေ့မြတ် ဖြစ်လေသည်။
အိမ်တော်တွင်းရှိ လူအားလုံးက အလုပ်များနေကြသည်။ ဝမ်ချီကမူ အိပ်ရာပေါ်တွင် ထိုင်ကာ သူ၏ အနီရောင်ဝတ်ရုံကြီးကို စောင့်ဆိုင်းနေလေသည်။
တစ်ညတာ ကုန်လွန်သွားသည့်နောက် ဝမ်ချီ၏ ပူပန်မှုများက ပျောက်ကွယ်လုနီးပါး လျော့ပါးသွားခဲ့သည်။ သူက မည်သည့်အရာမှ လုပ်စရာမရှိရာ အချိန်ကိုသာ ရေတွက်နေ၏။
ပြတင်းပေါက်မှ အလင်းတန်းများ ဝင်ရောက်လာချိန်၌ သူက ဆိုဒ်လွန် အနီရောင်အစက်အား ပိုင်ဆိုင်ထားသော ဝတ္ထု၏ အဓိကဇာတ်ဆောင် ဝမ်- မေရီဆူး - လျန်အား တွေ့လိုက်ရလေသည်။
အကွာအဝေးတစ်ခုမှပင် ဝမ်ချီက ဝမ်လျန်၏ မျက်ခုံးနှစ်ခုကြားရှိ ကြီးမားသော အနီရောင်အစက်ကြောင့် ထိတ်လန့်သွားရ၏။
ကံကောင်းစွာဖြင့် ဝမ်လျန်တွင် အနီရောင်နှုတ်ခမ်းများ၊ သွားတန်းဖြူဖြူကလေးနှင့် ဝိုင်းစက်သော မျက်ဝန်းများ ရှိနေရာ ထိုအစက်ကြီးက သူ့အား ရုပ်မဆိုးစေခဲ့ပေ။ ခေတ်မှီသော အဆင်တန်ဆာများကြောင့်ထင်သည်။ သူက မသေမျိုးနတ်ဘုရားနှင့် တူနေသည်။
သို့သော် လက်ရှိအချိန်၌ အဆိုပါနတ်ဘုရားက နီရဲသော မျက်ဝန်းတစ်စုံဖြင့် ငိုကြွေးနေလေသည်။
ဝမ်လျန်က ခပ်မြန်မြန် လျှောက်လာရင်း ဝမ်ချီ၏ အိပ်ရာထက်သို့ ခုန်တက်လိုက်သည်။ သူက ငိုသံဖြင့် ပြောလိုက်၏။
“အစ်ကိုချီ …”
ဝမ်ချီက မသိစိတ်ဖြင့် အသံကိုမြှင့်ကာ ထူးလိုက်မိသည်။
“ညီလေးလျန်.”
ဝမ်လျန် “…”
ဝမ်လျန့် နှုတ်ခမ်းထောင့်တွေ လှုပ်စိစိဖြစ်နေတာကို သူ မမြင်ပါဘူးနော် …
ခဏအကြာ၌ ဝမ်လျန်က သူ၏ သနားစဖွယ်ရုပ်ကလေးကို ပြန်လည် ဆင်မြန်းလိုက်သည်။ သူ့မျက်ဝန်းထဲ၌ မျက်ရည်များ ပြည့်နှက်နေ၏။ သူက ဝမ်ချီ့နံဘေးတွင် ထိုင်ရင်း ဝမ်ချီ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ သူ့အသံထဲတွင် အပြစ်တင်စိတ်များဖြင့် ပြည့်နှက်နေ၏။
“အစ်ကိုကြီး … ဒီညီက အစ်ကို့အပေါ် မှားယွင်းမိပါတယ် …”
ထိုအချိန်တွင် ဝမ်ချီ၏ စိတ်တွင်း၌ စကားလုံးအချို့ ထွက်ပေါ်လာ၏။
လာပြီ … လာပြီ … မျက်ရည်ခံထိုးတော့မယ် …
ဝမ်ချီက ဝတ္ထုကို ဖတ်ရှုခဲ့သည်ဖြစ်ရာ ဝမ်လျန် လက်ရှိအချိန်၌ အပြစ်ရှိစိတ်နှင့် ဝမ်းနည်းမှုကို ခံစားနေရကြောင်းနှင့် မူလကိုယ်အား တောင်းပန်ချင်ခဲ့ကြောင်း သိရှိထား၏။
သို့သော် ထိုမျှသာဖြစ်သည်။
အဆုံးသတ်တွင် ဝမ်ချီ၏ ငိုကြွေးမှုက တကယ်တမ်း အထောက်အကူမဖြစ်ခဲ့ချေ။ သူ၏ နစ်နာသူကဲ့သို့ ပြုမူနေသော အမူအရာက အနည်းငယ် စိတ်ပျက်ဖွယ်ကောင်း၏။ ဝမ်ချီက တိတ်တိတ်ကလေးသာ လှဲနေချင်မိသည်။
ဝမ်ချီက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ခဲ့သော်ငြား ဝမ်လျန်ကမူ ငိုနေဆဲ ဖြစ်သည်။
“ဖေဖေက ဒီလို ဆုံးဖြတ်လိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး … ကျွန်တော်သာ အစ်ကိုကြီးကို ဖေဖေ ဆွဲထည့်မယ်မှန်း သိခဲ့ရင် လက်ထပ်ပွဲကို လက်ခံခဲ့မိမှာ …”
ဝမ်ချီ၏ မျက်နှာမှာ အမူအရာ ကင်းမဲ့နေ၏။
“အိုး …”
“အစ်ကိုကြီး … ကျွန်တော့်ကို စိတ်ဆိုးနေတာလားဟင် …”
ဝမ်လျန်က အကင်းပါးလှသဖြင့် ဝမ်ချီ၏ စိတ်မဝင်စားမှုကို သတိပြုမိ၏။
“ကျွန်တော် အစ်ကို့ဆီ အမြဲလာလည်ချင်ခဲ့တာ …”
ဝမ်ချီက မေးလိုက်သည်။
“ဒါဆို ဘာလို့မလာလဲ …”
ဝမ်လျန်က မျက်ရည်ပြည့်နေသော မျက်ဝန်းများကို အောက်သို့ငုံ့လိုက်ရင်း ဝမ်းနည်းစွာ ရှင်းပြ၏။
“အစ်ကိုက လက်ထပ်တော့မှာလို့ မေမေက ပြောတယ် .. အစ်ကို့ဆီ သွားလည်တာ မသင့်လျော်ဘူးတဲ့ … ဒီညီက တကယ့်ကို အင်အားမဲ့ခဲ့ရပါတယ် …”
ဝမ်ချီက အမှန်တကယ် သိချင်လာသည်။
“ဒါဆိုဘာလို့ အခုဒီရောက်နေတာလဲ …”
ဝမ်လျန် “…”
အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ဝမ်လျန်က အမြော်အမြင်ရှိရှိ စကားလမ်းကြောင်း ပြောင်းလိုက်သည်။ သူက ဝမ်ချီအား ပျော်အောင် လုပ်ပေးလိုခြင်းပင်။ တစ်နေ့က သူ မက်မွန်ပွင့်ပွဲတော်သို့ ဖိတ်ကြားခံရသည်ဟု ဆို၏။
မက်မွန်ပွင့်ပွဲတော်က အမည်အတိုင်းပင် လူများစုဝေး၍ မက်မွန်ပန်းများကို ကြည့်ရှုကြခြင်း ဖြစ်၏။
အကြီးဆုံးမင်းသမီး၏ မွေးနေ့က မက်မွန်ပန်းများ အပြည့်အဝ ပွင့်လန်းသည့် နေ့ရက်ဖြစ်သည်။ ထို့ကြောင့် သူမက အပြင်ဘက်တွင် မွေးနေ့ပွဲကျင်းပရသည်ကို နှစ်သက်၏။ ပွဲတော်အား ပန်းရောင်နှင့် အဖြူရောင်တို့ ရောယှက်နေသည့် မက်မွန်ပန်းတောထဲတွင် ကျင်းပလေ့ရှိသည်။ ဧည့်သည်များက ပန်းပွင့်များကို ရှုစားရင်း ဖျော်ဖြေမှုများကို ကြည့်ရှုနိုင်မှာပင်။
နောက်ပိုင်းတွင် အားလုံးက အကြီးဆုံးမင်းသမီး၏ မွေးနေ့ပွဲကို မက်မွန်ပွင့်ပွဲတော်ဟု စတင်ခေါ်ဆိုကြတော့သည်။
မင်းသမီးကြီးက လက်ရှိဘုရင်၏ ညီမငယ်ဖြစ်၏။ သူမ၏ ဖိတ်စာကို အားလုံးက အပူတပြင်း လိုချင်ကြသည်။ အဆိုပါဖိတ်စာက ဂုဏ်ပုဒ်နှင့် အဆင့်အတန်းကို ကိုယ်စားပြုသည်ပင်။
ဥပမာအားဖြင့် လက်ရှိအချိန်၌ ဝမ်လျန်က ထိုသို့သော အဆင့်အတန်းမျိုး ပိုင်ဆိုင်ထားသူ ဖြစ်သည်။
မည်သည့် ဂုဏ်ပုဒ်မှ ရှိမနေသည့် ဝမ်ချီက ငါးဆားနယ် တစ်ကောင်ကဲ့သို့ အိပ်ရာပေါ် လှဲလိုက်ကာ အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်သည်။
“ငါအိပ်ချင်တယ် … ခဏအိပ်လိုက်ဦးမယ် … ကိုယ့်အိမ်လို သဘောထားပြီးနေနော် …”
ဝမ်လျန်က အိပ်ရာဘေး၌ ခဏကြာ မတ်တပ်ရပ်နေခဲ့ပြီးနောက် အကြိမ်ရေအနည်းငယ်ခန့် တောင်းပန်လိုက်သည်။ သို့သော် ဝမ်ချီက မည်သို့မှ မတုံ့ပြန်သဖြင့် သူ စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားလေသည်။
ဝမ်ချီက အိပ်ရာပေါ်တွင် မျက်လုံးများ မှိတ်လျှက် လဲလျောင်းနေဆဲပင်။ သို့သော် သူက အိပ်မပျော်ခဲ့ဘဲ ဝမ်လျန်၏ စနစ်အကြောင်း စဉ်းစားနေခြင်းဖြစ်သည်။
ဝမ်လျန်ပြောခဲ့သည့် အကြောင်းအရာများက ဝတ္ထုထဲကနှင့် တစ်ထပ်တည်းပင်။ သူသည်လည်း လုပ်နေကျအတိုင်း စကားပြန်မပြောခဲ့ပေ။ ထို့ကြောင့် ဝမ်လျန် မက်မွန်ပွင့်ပွဲတော်သို့ တက်ရောက်ခြင်းကိုလည်း သက်ရောက်မှုမရှိခဲ့ချေ။
အားလုံးက ဇာတ်ညွှန်းအတိုင်း အဆင်ပြေနေတာပဲကို ဘာလို့ စနစ်က သူ့ကို အဲဒီ့နေ့တုန်းက ကန့်သတ်ထားတာလဲ …
အပြင်လူတစ်ယောက်အနေနဲ့ သူ့စကားနဲ့ လုပ်ရပ်တွေက ဇာတ်ညွှန်းကို ပြောင်းလဲစေတာလား … ဒီကမ္ဘာရဲ့ လမ်းကြောင်းကရော ပြောင်းလဲသွားမှာလား …
ဝမ်ချီက အကြံတစ်ခု ရလာသည်။ သို့သော် ထိုအရာကို လက်တွေ့စမ်းသပ်ရန် အခွင့်အရေး လိုအပ်နေ၏။
မနက်စောစောမှ နေ့လည်ခင်းအထိ စောင့်ပြီးသည့်နောက် ဝမ်ချီက သူ၏ သတို့သမီးအခမ်းအနားကို စတင်ရတော့မည်ဖြစ်၏။
ခေါင်းပေါ်ရှိ အနီရောင်ပုဝါကြောင့် သူက လမ်းကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။ ရှီပေါင်းက သူ့ထံ လာရောက်ကာ သူ့လက်ချောင်းများကို ဆုပ်ကိုင်လျှက် ဖြည်းဖြည်းချင်း ဦးဆောင်သွား၏။
သူတို့သူ့အား မည်သည့်နေရာ ခေါ်သွားမှန်းမသိသော်လည်း ပတ်ဝန်းကျင်တစ်ခုလုံး အသက်ဝင်ကာ စည်ကားလျက် ရှိလေသည်။
ရှီပေါင်းက ရုတ်တရက် ရပ်လိုက်ပြီးနောက် ဝမ်ချန်းချင်အား စကားကောင်းများ ပြောပေးလိုက်သည်။ ရှီပေါင်းက ဝမ်ချန်းချင်ထံမှ ငွေဒင်္ဂါးများစွာ ရရှိထားရာ စိတ်ပါလက်ပါ ပြုံးရယ်နေ၏။
ဝေါယာဉ်ပေါ်သို့ မတက်မီ ဝမ်ချန်းချင်က သူ ဝမ်ချီအား ပြောစရာရှိသည်ဟု ရှီပေါင်းကို ပြောလိုက်သည်။
ရှီပေါင်းက နောက်ဆုတ်ကာ လမ်းဖယ်ပေးလိုက်၏။
ဝမ်ချီက မလှုပ်မရှားရှိနေပြီး မျက်လွှာချထားသည်။ ပုဝါအောက်မှတဆင့် စတုရန်းပုံ ထိပ်ပိတ်ရှိသော ဖိနပ်တစ်စုံအား သူ တွေ့လိုက်ရ၏။
ထို့နောက် ဝမ်ချန်းချင်က ခေါင်းငုံ့ကာ ဝမ်ချီ၏ နားနားကပ်၍ တီးတိုးပြောလိုက်သည်။
“အခုကစပြီး မင်းက ငါတို့ ဝမ်မိသားစုကို ကိုယ်စားပြုတယ် … အေးအေးဆေးဆေးနေပါ … ပြဿနာမရှာနဲ့ …”
ရုတ်တရက်ဆိုသလို ဝမ်ချီက ဝမ်ချန်းချင်အား မည်သည့်စကားမှ မပြောနိုင်ခဲ့သည်မှာ ကံကောင်းသည်ဟု တွေးလိုက်မိသည်။
ကျားများပင် သားပေါက်များကို မစားဟူသော ဆိုရိုးကြောင့် ဝမ်ချီက ဝမ်ချန်းချင်အပေါ် အနည်းငယ် မျှော်လင့်မိခဲ့သည်။ ဖခင်တစ်ဦးအနေဖြင့် သူက သူ့သားအရင်းကို ကျား၏ခံတွင်းသို့ ပို့ဆောင်ရန် လက်မနှေးခဲ့ချေ။
အဆုံးသတ်တွင် ဝမ်ချန်းချင်က လူယုတ်မာတစ်ဦးသာ ဖြစ်သည်။
ဝမ်ချီက အနည်းငယ် စိတ်ဆိုးသွားသော်လည်း ဝမ်ချန်းချင်အား ပြန်မကြိမ်းမောင်းနိုင်ခဲ့ပေ။ သူက ခဏ စဉ်းစားကာ ပြောလိုက်၏။
“ထွီ…”
ဝမ်ချန်းချင် “…”
💮💮💮