Chapter 3
Viewers 5k

💮Chapter 3



ဝေါယာဉ်က ရှေ့နောက် လွှဲယမ်းနေပြီး အတွင်းရှိ ဝမ်ချီသည်လည်း ငိုက်မြည်းလျက်ရှိ၏။ 


အရှေ့နန်းတော်သို့ ရောက်ချိန်တွင် သူ အကြိမ်ရေအနည်းငယ်ခန့် အိပ်လိုက်နိုးလိုက် ဖြစ်ခဲ့ပြီးလေပြီ။ 


ရှီးပေါင်းက သူ့အား ဝေါယာဉ်အတွင်းမှဆင်းနိုင်ရန် ကူညီပေး၏။ သူ့ခေါင်းပေါ်တွင် အနီရောင် ယခေါင်းဆောင်း ရှိနေသော်ငြား ကောင်းကင်က မှောင်မဲနေကြောင်း ခံစားမိနေ၏။ မီးအိမ်နှင့် ဖယောင်းတိုင်များကို ကိုင်ဆောင်ထားသူများက လမ်းဘေးနှစ်ဖက်တွင်ရပ်လျက် မီးပြနေကြသည်။ 


ပတ်ဝန်းကျင်မှာ အလွန်တိတ်ဆိတ်နေ၏။ 


အရှေ့မှ လျှောက်လှမ်းနေသည့် ရှီးပေါင်းကပင် တစ်စုံတစ်ခုကို သတိထားနေသည့်အလား ခပ်ဖွဖွသာ အသက်ရှူနေသည်။ 


အတားအဆီးများကို ကျော်ဖြတ်၍ အကွာအဝေးအနည်းငယ် လမ်းလျှောက်ပြီးနောက် ဝမ်ချီက ရှီးပေါင်း၏ အကူအညီဖြင့် အိပ်ရာထက်တွင် ထိုင်လိုက်သည်။ 


ဝမ်ချီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ သူက ယောင်ယမ်းနေသည့် ခြေထောက်များကို ပွတ်လိုက်ချင်သော်လည်း ရှီးပေါင်းက ထွက်မသွားသေးသဖြင့် တိတ်တဆိတ်သာ သည်းခံနေရ၏။ 


သူကြည့်ခဲ့ဖူးသည့် ရှေးခေတ် ဇာတ်လမ်းတွဲများထဲတွင် ဇာမဏီခေါင်းဆောင်း၊ ဝတ်ရုံရှည်များ ဝတ်ဆင်ထားသည့် သတို့သမီးအား ရှီးပေါင်းက သူမ၏ အိမ်အသစ်ထံသို့ ပို့ဆောင်ပေးရသည်။ ထို့နောက် ပျော်ရွှင်စွာ စကားစမြည် ပြောလေ့ရှိ၏။ သို့သော် သူ့အလှည့်သို့ရောက်ချိန်၌ ရှီးပေါင်းက အလွန်တိတ်ဆိတ်နေသည်။  


ပြီးတော့ …


မင်းသားရော …


ဒီလက်ထပ်ပွဲက တစ်ယောက်ထဲ ကျင်းပရမှာလား … 


ဝမ်ချီက ထိုသို့တွေးမိပြီးနောက် ကံကောင်းသည်ဟု တွေးလိုက်မိသည်။ 


အိမ်ရှေ့စံ မည်သည့်အခါမှ ရောက်မလာလျှင် အကောင်းဆုံးပင်။ 


မလာလေ … ကောင်းလေပဲ … 


ရှီးပေါင်းက အိပ်ရာရှေ့တွင် တိတ်ဆိတ်စွာ မတ်တပ်ရပ်နေသည်။ ဝမ်ချီသည်လည်း ကြက်တစ်ကောင်ကဲ့သို့ ငြိမ်ငြိမ်လေး ထိုင်နေ၏။ 


ခဏအကြာ၌ …


ရှီးပေါင်းက တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် ပြောသည်။ 

“နောက်တောင်ကျနေပြီ … အိမ်ရှေ့စံ အလုပ်များနေတာ ဖြစ်ပါလိမ့်မယ် … သခင်လေး မစောင့်နေတော့ဘဲ အနားယူနှင့်ပါ ...”


ပျော်ရွှင်မှုများက လှိုင်းတံပိုးကဲ့သို့ မြင့်တက်လာ၏။ 


ဝမ်ချီက သူ၏ မြင့်တက်လာသော နှုတ်ခမ်းထောင့်များကို မြန်မြန် ဖိနှိပ်လိုက်သည်။ ထို့နောက် နာခံစွာ ပြောလိုက်၏။ 

“ကျေးဇူးပါ ...”


ရှီးပေါင်းနှင့် အစေခံများ ထွက်ခွာသွားသည့်နောက် အခန်းတွင်း၌ ဝမ်ချီတစ်ဦးထဲသာ ကျန်ရှိတော့သည်။ အချိန်ခဏကြာသည်အထိ မည်သူမှ ဝင်မလာကြောင်း သိလိုက်ရသောအခါ ဝမ်ချီက ခြေထောက်များကို ပွတ်လိုက်ရင်း အိပ်ရာပေါ်သို့ မဝံ့မရဲ လှဲလျောင်းလိုက်၏။ 


အား ….


သက်သောင့်သက်သာ ရှိလိုက်တာ …


ဝမ်ချီ မျက်လုံးမှိတ်ကာ ခဏကြာ လှဲလျောင်းနေလိုက်သည်။ သူ့အတွေးများက ဝမ်မိသားစု၏ ခန်းဝင်ပစ္စည်းများထံ ရောက်ရှိသွား၏။ အပြင်ဘက်တွင် သစ်သားသေတ္တာနှစ်လုံး ရှိနေသည်။ အထဲတွင် မည်သည့်အရာများ ပါရှိမှန်း သူ မသိချေ။ 


ထိုသေတ္တာများထဲ၌ ညစ်ညမ်းစာအုပ်များ မပါရှိရန်သာ သူဆုတောင်းမိ၏။ သူက ထွက်မလာမီ ထိုစာအုပ်ငါးအုပ်ကို အိပ်ရာခင်းအောက်၌ ဖွက်ထားခဲ့သည်။ ချန်မော့မော့ ထိုစာအုပ်များအား ရှာတွေ့မည်မဟုတ်ပေ။ 


ထိုသို့ တွေးပြီးသည့်နောက် သူက စတင်အိပ်ငိုက်လာ၏။ 


မကြာမီမှာပင် အမှောင်ထုက သူ၏ အသိစိတ်အားလုံးကို ဖုံးလွှမ်းသွားလေသည်။ 


ဝမ်ချီ၏ ကျန်းမာရေးမှာ အလွန်ကောင်းမွန်၏။ သူ အလုပ်မှ ပြန်လာချိန်တွင် ခေါင်းအုံးနှင့်ခေါင်းထိလိုက်သည်နှင့် စက္ကန့်ပိုင်းအတွင်း အိပ်ပျော်နိုင်သည်။ လုယက်မှုများနှင့် သဘာဝဘေးအန္တာရာယ်များ မရှိသရွေ့ ဝမ်ချီက အိပ်မက်တစ်ခုပင် မမက်ဘဲ အိပ်စက်နိုင်၏။ 


သို့သော် အကြောင်းရင်း အချို့ကြောင့် လက်ရှိအချိန်၌ သူ အိပ်မပျော်နိုင်ခဲ့။ 


သူအိပ်ချင်မူးတူး ဖြစ်နေချိန်၌ အေးစက်စက် လက်ချောင်းများက ရေများစီးဆင်းနေသကဲ့သို့ သူ၏ ပါးပြင်အား ထိတွေ့လာလေသည်။ အဆိုပါ အထိအတွေ့က သူ၏ အာရုံခံစားမှုကို နှိုးဆွလိုက်၏။ 


သူ ပုခုံးတွန့်ကာ တစ်ဖက်သို့ လှည့်ချင်ခဲ့သည်။ သို့သော် တစ်ခဏတွင်းချင်းမှာပင် တစ်စုံတစ်ခုအား အမှတ်ရသွား၏။ 


ဝမ်ချီ မျက်လုံးဖွင့်ကြည့်လိုက်သည်။ 


အခန်းတွင်း၌ အနီရောင် ဖယောင်းတိုင်နှစ်ခု၏ ဝါကျင့်ကျင့်မီးရောင်က ဖြန့်ကျက်လျှက်ရှိသည်။ 


မကြာမီမှာပင် ဝမ်ချီက အိပ်ရာဘေးမှ လူအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ 


အရပ်ရှည်မည့်ပုံပေါ်သော အမျိုးသားက သစ်သားဖြင့် ပြုလုပ်ထားသည့် ဘီးတပ်ကုလားထိုင်ပေါ်တွင် ရှိနေသည်။ မှင်ကဲ့သို့ နက်မှောင်သော ဆံပင်များက သူ၏ ကျောပြင်၌ ဖြန့်ကျက်လျက်ရှိ၏။ ကြောက်မက်ဖွယ်အကောင်းဆုံးအရာမှာ သူ၏ ညာဘက်ပါးပြင်ထက်မှ အပြာရောင် အမှတ်များ ဖြစ်ကြသည်။ ထိုအမှတ်များက သူ့ပါးပေါ်တွင် တီကောင်များသဖွယ် ရစ်ခွေနေကာ ဖယောင်းတိုင်မီးအရောင်ကြောင့် မြောင်းများဖြစ်နေသည်ကိုပင် တွေ့နေရသည်။  


၎င်းက အလွန်ကြောက်မက်ဖွယ် ကောင်းလှ၏။ 


အိမ်ရှေ့ … အိမ်ရှေ့စံ …


သူ မလာဘူးလို့ ငါထင်ထားတာ …


ဝမ်ချီက အိမ်ရှေ့စံ၏ ဘယ်ဘက်မျက်နှာကိုပင် ကြည့်နိုင်စွမ်းမရှိပေ။ သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းလာကာ လေအေးများကို ရှူရှိုက်လိုက်ရသောကြောင့် သတိပင် လစ်ချင်ချင် ဖြစ်သွားရသည်။ 


ကံကောင်းစွာဖြင့် သူက မေ့မြောမသွားခဲ့ချေ။


သို့သော် နောက်တစ်စက္က့န့်၌ပင် အေးစက်စက် အထိအတွေ့မှာ စိတ်ကူးယဉ်သက်သက် မဟုတ်ဘဲ သူ့မျက်နှာပေါ်ရှိ အစစ်အမှန် လက်တစ်ဖက် ဖြစ်ကြောင်း ဝမ်ချီ နားလည်လိုက်၏။ 


ထိုအရာမှာ အိမ်ရှေ့စံ၏လက်ဖြစ်သည်။ 


ထိုအချိန်မှာပင် ရှစ်ယဲ့က အားသုံးကာ သူ၏ မေးဖျားကို ဖျစ်ညှစ်လိုက်သည်။ နာကျင်မှုကြောင့် ဝမ်ချီ၏ မျက်ဝန်းမှ မျက်ရည်များပင် စီးကျလာ၏။ 


ရှစ်ယဲ့က သူ၏ ဇာမဏီမျက်ဝန်းများကို မှေးကျဉ်းလိုက်သည်။ ရုတ်တရက်ဆိုသလို သူ့နှုတ်ခမ်းထောင့်များက ကော့ညွှတ်လာကာ ရယ်မောလိုက်၏။

“ငါ့အပေါ် နင်းတက်ချင်တဲ့ ရုပ်ဆိုးဆိုး အရာလေးပဲ …”


ဝမ်ချီ : “…”


နေစမ်းပါဦး … မခံချင်အောင် ပြောတာလည်း ပြောတာပေါ့ … ဘာကိစ္စ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ ပါလာတာလဲ …


ငါ့မျက်ခုံးကြားက အနီရောင်မှဲ့က မကြီးတာနဲ့ပဲ ရုပ်ဆိုးတယ် ဖြစ်ရောလား … လူတွေကို မှဲ့အပေါ်မူတည်ပြီး မဝေဖန်ရဘူးလေ ဘရို…


သို့သော် ထိုအရာက အဓိကအချက်မဟုတ်ချေ။ 


“မဟုတ်ပါဘူး … မဟုတ်ပါဘူး … အထင်လွဲနေတာပါ…” 

အသက်ရှင်လိုသည့် ဝမ်ချီလေးက မျက်ရည်ခံထိုးရတော့သည်။ 

“အရှင်မင်းသား … ကျိန်ဆိုကျိန်ရဲပါတယ် … ကျွန်တော့်မှာ ဘယ်လိုရည်ရွယ်ချက်မှ မရှိပါဘူး … ကျွန်တော်က ဒီအတိုင်း စားလိုက်အိပ်လိုက်နဲ့ပဲ သေဖို့စောင့်နေမှာပါ …”


ထိုသို့ကြားသည်နှင့် ရှစ်ယဲ့ တိတ်ကျသွားသည်။ ထို့နောက် ပုံမှန် ရက်စက်တတ်သည့် အမူအရာက သိသိသာသာ ပြောင်းလဲသွား၏။ 


အတန်ကြာသည့်နောက် ရှစ်ယဲ့၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်လာသည်။

“အသုံးမကျတဲ့ ရုပ်ဆိုးလေး … ”


ဝမ်ချီ ပို၍ပင် ငိုချင်လာသည်။ 


ဘာလို့ ပုဂ္ဂိလ်ရေး တိုက်ခိုက်နေတာလဲလို့ … 


သို့သော် မကြာမီမှာပင် ဝမ်ချီ ထပ်မံမငိုနိုင်တော့ပေ။


အဘယ့်ကြောင့်ဆိုသော် အိမ်ရှေ့စံက သူ့မေးဖျားကို ဆုပ်ကိုင်ထားသည့် လက်ကိုလွှတ်ကာ သူ့လည်ပင်းအား ဖြည်းညှင်းစွာ ဆုပ်ကိုင်လာ၍ပင်။ 


“…” 

ဝမ်ချီ၏ အမူအရာက ပြောင်းလဲသွားကာ ချက်ချင်းဆိုသလို သက်ညှာပေးရန် တောင်းဆိုတော့သည်။ 

“အိမ်ရှေ့စံ … အသက်ကိုချမ်းသာပေးပါ …”


သူ့စကားဆုံးသည်နှင့် ရှစ်ယဲ့က ပို၍ တင်းတင်းဆုပ်ကိုင်လိုက်၏။ 


လည်ပင်းညှစ်ခံရသော ဝမ်ချီလည်း အသံထွက်မလာနိုင်တော့ချေ။ 


ရှစ်ယဲ့၏ ရှည်သွယ်၍ အေးစက်သော လက်ချောင်းများက ဝမ်ချီ၏ ပျော့ပျောင်းသော လည်တိုင်အား ရစ်ပတ်လျှက်ရှိသည်။ သူ အနည်းငယ် အားစိုက်ရုံမျှဖြင့် ဝမ်ချီ၏ လည်ပင်းကို ချိုးနိုင်သကဲ့သို့ပင်။ 


ဝမ်ချီက မရုန်းကန်ဝံ့သလို အသက်လည်း မရှူဝံ့ချေ။ သူက ရှစ်ယဲ့အား မက်မွန်ပွင့်သဏ္ဌာန် မျက်ဝန်းနီနီများဖြင့် ကြည့်နေမိသည်။ 


သေခြင်းတရား၏ရနံ့က ကောင်းကင်ထက်မှ ဆင်းသက်လာကာ သူ့ကို တင်းတင်း ရစ်ပတ်လိုက်၏။ 


သို့သော် ရှစ်ယဲ့က စိတ်ဝင်စားသွားကာ ဝမ်ချီ့အနီးသို့ အပြာရောင် အမာရွတ်များ ပြည့်နေသည့် မျက်နှာဖြင့် ချဉ်းကပ်လာ၏။ သူ့ နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခုရှိနေသည်။ သို့သော် အပြုံးက သူ့မျက်ဝန်းများတွင်းသို့ မရောက်ခဲ့ပေ။ သူ၏ မျက်ဝန်းနက်များထဲတွင် မည်သည့်အရာမှ မရှိနေဘဲ ကျတ်တီးမြေသာ ရှိလေသည်။ 


“မင်းကို ဒီအကွက် ဘယ်သူက သင်ပေးခဲ့တာလဲ … ”

ရှစ်ယဲ့က ရယ်မောလျှက် ဆို၏။ သူ့မျက်နှာတွင် အမာရွတ်များရှိနေသော်လည်း သူ့အသံကမူ နားဝင်ပီယံရှိလှသည်။ 


ဝမ်ချီက ပခုံးများကို စုကျုံ့လိုက်၏။ သူ့တစ်ကိုယ်လုံး သနားစဖွယ် တုန်ယင်လျက်ရှိသည်။ 


ရှစ်ယဲ့က ပြောနေသည့်အရာကို သူ ကောင်းစွာသိ၏။ အခြားလူများက မသိနိုင်သော်လည်း သူ့ကဲ့သို့ ဝတ္ထုအား သုံးခေါက်တိတိ ဖတ်ခဲ့သူက ရှစ်ယဲ့ မည်သည့်အရာကို ဆိုလိုခြင်းဖြစ်ကြောင်း ကောင်းကောင်း သိလေသည်။ 


ရှစ်ယဲ့တွင် တမူထူးသည့် စိတ်အခြေအနေ ရှိသည်သာမက ထူးဆန်းသော အကျင့်တစ်ခုလည်း ရှိ၏။ သူက ကြောက်တတ်ပြီး အားနည်းသော၊ အထူးသဖြင့် ငိုတတ်သည့် ကလေးများကို မသတ်ချေ။ 


သူက ကြွက်တစ်ကောင်အား မသတ်မီ ဆော့ကစားသည့် ကြောင်ကဲ့သို့ ထိုသူများကို ဆော့ကစားလေ့ရှိသည်။ 


ထိုလုပ်ရပ်က အနည်းငယ် ကြောက်မက်ဖွယ် ကောင်းသော်ငြား အနည်းဆုံး သူက သူ့အသက်သူ အစောပိုင်းတွင် ကယ်တင်နိုင်ပေလိမ့်မည်။ 


ဝမ်ချီက လှည့်ကွက်ကို ကောင်းမွန်စွာ အသုံးချခဲ့ခြင်းဖြစ်၏။ 


မမျှော်လင့်ထားစွာပင် ရှစ်ယဲ့က တစ်ချက်ကြည့်ရုံဖြင့် ၎င်းကို မြင်နိုင်ခဲ့သည်။ 


“တော်တယ် … ”

အေးစက်စက် နှာမှုတ်သံနှင့်အတူ ရှစ်ယဲ့က ဝမ်ချီ၏ လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။ သူက ဝမ်ချီအား တည်ငြိမ်စွာ ကြည့်ရင်း ပြော၏။

“ငါမင်းကို မသတ်ရဲဘူးများ ထင်နေတာလား … ”


မွန်းကျပ်သည့် ခံစားချက်က ဝမ်ချီ၏ ဦးခေါင်းထံသို့ တွားတက်လာ၏။ တစ်ခဏအတွင်းမှာပင် သူ၏ နဖူးထက်မှ ချွေးသီးချွေးပေါက်များ စီးကျလာသည်။ 


အဆိုပါ အာဏာရှင်ကြီးက ကိုင်တွယ်ရ လွယ်ကူမည်မဟုတ်ကြောင်း သူသိခဲ့သော်လည်း ထိုသူ၏ သွေးဆာမှုကိုမူ လျှော့တွက်မိဆဲပင်။ 


ငါ ဒီညပဲ လက်လျှော့လိုက်ရတော့မယ် ထင်တယ် …


ဝမ်ချီက စိတ်ကို ပြင်ဆင်လိုက်ရင်း အနည်းငယ်မျှပင် မခုခံဘဲ အိပ်ရာထက်တွင် လှဲနေလိုက်သည်။


သူက မျက်လုံးများကိုပင် အေးချမ်းစွာ စေ့ပိတ်လိုက်၏။ 

သို့သော် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည့်တိုင် နာကျင်မှုက ရောက်မလာခဲ့ပေ။


ဝမ်ချီ မျက်လုံးကလေးကို အနည်းငယ် ဖွင့်ကြည့်လိုက်သည့်အခါ ရှစ်ယဲ့၏ အေးစက်မှုန်မှိုင်းနေသော မျက်နှာအား ရင်ဆိုင်လိုက်ရ၏။ ရှစ်ယဲ့၏ မျက်နှာထက်ရှိ အပြုံးမှာ အစအနပင် မကျန်ရှိတော့ချေ။ ရေခဲစိုင်သဖွယ် အေးစက်နေသော သူ၏ ဇာမဏီမျက်ဝန်းများက ဝမ်ချီအား တည့်တည့်ကြည့်နေ၏။ 


ဝမ်ချီ၏ ခန္ဓာကိုယ်ပေါ်ရှိ အမွှေးများအားလုံး ထောင်တက်သွားသည်။ 


သို့သော် ရှစ်ယဲ့က ရုတ်တရက် ရယ်မောလိုက်လေသည်။ သူ့ပါးပြင်ထက်ရှိ အပြာရောင် အမှတ်များကို ဆွဲဆန့်သကဲ့သို့ ဖြစ်သွားကာ နတ်ဘုရားတစ်ပါးအသွင်မှ ငရဲကတက်လာသည့် နတ်ဆိုးအသွင် ပြောင်းလဲသွား၏။ 


ထို့နောက် ရှစ်ယဲ့က သူ့ကို လွှတ်ပေးလိုက်သည်။ 

“မင်းက သေမှာကိုတောင် မကြောက်ဘူးပဲ … ဒါဖြင့် ငါမင်းကို မင်းဖြစ်ချင်တာ ဖြစ်ခွင့်မပေးနိုင်ဘူး … ”


ဝမ်ချီ : “…”


ဒီလောက်ထိ ကလေးဆန်စရာ လိုလို့လား … 


ဝမ်ချီက စိတ်ဓာတ်ကျသွားသော်လည်း အသက်မသေသည်မှာ ကံကောင်းသည်ဟု တွေးလိုက်မိ၏။ သူက လေးစားသည့် အမူအရာကို ထိန်းသိမ်းထားရင်း ချီးမွမ်းစကားများကို ဆက်တိုက်ဆိုတော့သည်။

“ကျွန်တော့် အသက်ကို ချမ်းသာပေးလို့ ကျေးဇူးတင်ပါတယ် အိမ်ရှေ့မင်းသား … အိမ်ရှေ့စံကို ပြန်ပေးဆပ်နိုင်ဖို့အတွက် ကျွန်တော် တစ်ဘဝလုံး နွားလို ခွေးလို အလုပ်လုပ်ပါ့မယ် … အိမ်ရှေ့စံရဲ့ ကြီးမားလှတဲ့ ကြင်နာမှုကို ပေးဆပ်နိုင်ဖို့ ဒီနေ့ကစပြီး ကျွန်တော် ဝမ်လျန်ရဲ့ ဘဝကို အိမ်ရှေ့စံ ပိုင်သွားပါပြီ … ကျွန်တော် သေသွားတဲ့အခါမှာလည်း တစ္ဆေအဖြစ်နဲ့ အိမ်ရှေ့စံရဲ့ အပိုင်အဖြစ် ဆက်ရှိနေမှာပါ …  ကျွန်တော့် တစ်ဘဝလုံး အိမ်ရှေ့စံအတွက်ပဲ ဆက်ရှိနေပါ့မယ် …”


ရှစ်ယဲ့ : “ဝမ်လျန် ...”


ဝမ်ချီက အိပ်ရာထက်မှ ထကာ ပြောလိုက်သည်။

“အိမ်ရှေ့စံ အမိန့်ရှိပါ …”


ရှစ်ယဲ့က တိတ်ဆိတ်နေ၏။ သူ့အမူအရာကို အကဲခတ်နိုင်သည်အထိ ဝမ်ချီ ဉာဏ်မမီချေ။ 


ဝမ်ချီ ခေါင်းလေးငုံ့မိ၏။ သူ့ဦးခေါင်းထိပ်မှာ အိမ်ရှေ့စံ၏ အကြည့်ကြောင့် ထိပ်ပြောင်နေလောက်ချေပြီဖြစ်သည်။ သူ ယခင်ဘဝက ပရိုဂရမ်မာတစ်ဦးဖြစ်ရန် မတွေးခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ပရိုဂရမ်မာများ၏ ဆံပင်ပုံစံက ရှေးခေတ် ဆံပင်ပုံစံနှင့် တူ၍ပင်။ 

(T/N - ဒီမှာ ဝမ်ချီပြောချင်တာက ပရိုဂရမ်မာအများစုက ထိပ်ပြောင်နေကြတော့ ရှေးခေတ်က ဆံပင်ပုံစံကို သတိရမိတယ်ဆိုပြီးတော့ပါ)


ကံကောင်းစွာဖြင့်ပင် ရှစ်ယဲ့က သူ့ကို လွှတ်ပေးလိုက်သည်။ 

“ကောင်းတယ် … ဝမ်လျန် … ဒီည မင်းပြောခဲ့တဲ့ စကားတွေကို မှတ်မိနေသင့်တယ် ...”


ထို့နောက် ရှစ်ယဲ့က လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ 


ထိုအခါမှသာ အခန်းထောင့်ရှိ မှောင်ရိပ်တွင် လှပသော အစေခံတစ်ဦး ရပ်နေကြောင်း ဝမ်ချီ သတိပြုမိသွား၏။ အစေခံက အမူအရာကင်းမဲ့စွာဖြင့် ခြေသံကိုပင် မကြားစေရအောင် သူတို့ထံလျှောက်လာသည်။ ထို့နောက် အိမ်ရှေ့စံ၏ သစ်သားဘီးတပ်ကုလားထိုင်ကို တွန်းသွား၏။ 


ရှစ်ယဲ့နှင့် အစေခံတို့ ထွက်ခွာသွားသည်ကို ဝမ်ချီ ကြည့်နေမိသည်။ သူတို့ ပျောက်ကွယ်သွားသည့်နောက် သူက အိပ်ရာထဲမှ ခုန်ထွက်ကာ တံခါးကို အပြေးကလေး သွားပိတ်လိုက်၏။ 


ထို့နောက် ကြေးဘောင်ကွတ် မှန်ရှေ့တွင် ထိုင်လိုက်သည်။ မှန်ထဲမှတဆင့် သူ့ လည်ပင်းပေါ်ရှိ လက်ချောင်းရာများကို ဝမ်ချီ တွေ့လိုက်ရ၏။ 


သူ လည်ပင်းကို ခပ်ဖွဖွ ထိကြည့်လိုက်ချိန်တွင် အနည်းငယ် နာကျင်မှုအား ခံစားလိုက်ရ၏။ ဝမ်ချီ ချွေးအေးများ စီးကျသည်အထိ လန့်သွားခဲ့ခြင်းပင်။ 


နောက်တစ်နေ့၌ … 


နန်းတော်ရှိ အိမ်တော်ထိန်း လီမော့မော့က အစေခံနှစ်ဦးနှင့် မိန်းမစိုးတစ်ဦးကို ဝမ်ချီ့အတွက် ခေါ်ဆောင်လာပေးခဲ့သည်။ 


ဝမ်ချီက အရှေ့နန်းတော်အတွင်းရှိ ဝါးပလွေ အိမ်တော်၌ နေထိုင်၏။ ကံမကောင်းစွာဖြင့် ၎င်း၏ ကောင်းမွန်လှသော အမည်မှအပ မည်သည့် အဆောင်အယောင်မှ မရှိနေခဲ့ပေ။ ဝါးပလွေအိမ်တော်က အရွယ်အစား သေးငယ်လှပြီး အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်း၊ မီးဖိုခန်း၊ ရေချိုးခန်းနှင့် ခြံဝန်းငယ် တစ်ခုသာ ရှိသည်။ ခြံဝန်းမှာ ပေတစ်ရာသာ ကျယ်ဝန်း၏။ အဆောင်အယောင်များမှာ အိုဟောင်းနေပြီး အနောက်ဘက်တွင်မူ အလွန် ကသိကအောက်ဖြစ်စွာ ခံစားချက်ရစေသည့် ဝါးတောကြီးတစ်ခု ရှိနေသည်။  


သို့သော် ထိုအရာက မဆိုးလှချေ။ 


ဤနေရာ၌ မီးဖိုခန်းလည်းရှိသလို မိန်းမစိုးများနှင့် အစေခံလည်း ရှိ၏။ 


ယနေ့နံနက်တွင် အလှောင်ခံခဲ့ရသော ဝမ်ချီက ရုတ်တရက် စိတ်ကျေနပ်မှုအား ခံစားလိုက်ရသည်။


အစေခံနှစ်ဦး၏ အမည်မှာ ယောဖန်းနှင့် ယောထောင်တို့ ဖြစ်ကြသည်။ သူတို့က အသက်ဆယ့်ငါးနှစ် ဆယ့်လေးနှစ်သာ ရှိကြသေး၏။ သူတို့နှစ်ဦးက ဝမ်ချီနှင့် မျက်လုံးချင်းဆုံရန် မဝံ့ရဲသကဲ့သို့ ခေါင်းကို မြေကြီးနှင့်ထိကာ လက်သီးတင်းတင်း ဆုပ်ထားကြသည်။ 


မိန်းမစိုးကမူ ဖင်အန်းဟု အမည်ရ၏။ သူက အနည်းငယ် အသက်ကြီးပုံပေါ်ပြီး ထိပ်ပြောင်မည့်ပုံလည်း ပေါ်သည်။ သူက ဝမ်ချီအနီးတွင် ပျားကလေးကဲ့သို့ လှည့်ပတ်ကာ ပေါက်ပေါက်ဖောက်နေတတ်၏။ 


ဝမ်ချီက ဖင်အန်းအကြောင်း စဉ်းစားတိုင်း ခေါင်းကိုက်လာလေ့ရှိသည်။ သူက ယောဖန်းနှင့် ယောထောင်တို့အား အခြားနေရာသို့ စေလွှတ်လိုက်ပြီး အိပ်ရာထဲသို့သာ ပြန်သွားလိုက်၏။ 


“သခင်လေးဝမ် … သခင်လေးဝမ် …အရှေ့နန်းတော်မှာ လူတွေရောက်နေပြန်ပြီ …” 

ဖင်အန်းက အော်လိုက်သည်။


ဝမ်ချီက လှုပ်ဖို့မဆိုထားနှင့် မျက်လုံးပင် ဖွင့်မကြည့်ခဲ့ပေ။

 “လူတွေအများကြီး လှည့်ပတ်သွားနေတာ ပုံမှန်ပဲမဟုတ်လား …” 


ဖင်အန်းက ဝမ်ချီပြောလိုသည့် အဓိပ္ပာယ်ကို နားမလည်ခဲ့ပေ။။ သူ ခေါင်းကုတ်ကာ ဒူးထောက်ချလိုက်ပြီးနောက် သူစုံစမ်းခဲ့သည့် သတင်းကို တင်ပြလိုက်၏။

“တော်ဝင်ဆရာကြီးရဲ့ မိသားစုက ဒုတိယသားနဲ့ ပြောင်းချီရဲ့ ပဉ္စမသခင်မလေး ဒီနေ့ရောက်လာတယ်တဲ့ …” 


(T/N - ပြောင်းချီဟူသည်မှာ ရှေးခေတ်က ဗိုလ်ချုပ်များ၏ ဘွဲ့အမည်ဖြစ်သည်။)


ဝမ်ချီက သိချင်စိတ်ဖြင့် မျက်လုံးဖွင့်လိုက်၏။

“သူတို့က အရှေ့နန်းတော်ကို ဘာလာလုပ်တာလဲ …” 


“သခင်လေးဝမ်လိုမျိုး ရောက်လာကြတာပေါ့ …” 


ဖင်အန်းက တီးတိုးပြောလိုက်၏။

“အိမ်ရှေ့စံမင်းသားနဲ့ လက်ဆက်ဖို့လေ …” 


ဝမ်ချီ “…”


ငါ အရင်တုန်းက အရစ်ကျ အကြွေးဆပ်တာပဲ ကြားဖူးတာ … အခုတော့ အရစ်ကျလက်ထပ်တာကို တွေ့ဖူးသွားပြီ …



💮💮💮