💮Chapter 4
ဝမ်ချီ အံ့အားသင့်သွား၏။ သို့သော် အဆိုပါ အံ့အားသင့်မှုက လေနှင့်အတူ ပျောက်ကွယ်သွားသည်။
သူ နှာခေါင်းရှုံ့၍ အေးချမ်းစွာ ဆက်လက်လှဲလျောင်းလိုက်၏။
နွေဦးစတင်ပြီ ဖြစ်သည့်အလျောက် ပန်းများ ပွင့်လန်းနေကာ တေးဆိုငှက်များသည်လည်း ပျံဝဲနေကြ၏။
ဖင်အန်းက ခေါင်းငုံ့ကာ တုံ့ပြန်မှုကို စောင့်ဆိုင်းနေသော်ငြား ဝမ်ချီက မည်သို့မှ တုံ့ပြန်မလာခဲ့ပေ။
“သခင်လေးဝမ် … ”
ဖင်အန်းက သတိကြီးစွာ မေးလိုက်ပြီး ကန့်လန့်ကာ အနောက်ဘက်သို့ မျှော်ကြည့်လိုက်၏။
ထိုအခါ သူက မျက်ဝန်းများ စေ့ပိတ်လျက် အနည်းငယ် ပွင့်ဟနေသော နှုတ်ခမ်းတစ်စုံဖြင့် အေးချမ်းစွာ အိပ်စက်နေသည့် ဝမ်ချီအား တွေ့လိုက်ရ၏။
ဖင်အန်း : “…”
သူက ဝမ်ချီကို မနှောင့်ယှက်ဝံ့ချေ။ ထို့ကြောင့် ကြမ်းပေါ်မှ ထကာ အခန်းထဲမှ တိတ်တဆိတ် ထွက်ခွာခဲ့သည်။
နေ့လည်ခင်းတွင် ယောထောင်က မီးဖိုခန်းအတွင်း၌ ဌာပနာမုန့်များ ပြုလုပ်နေသည်။ ဝမ်ချီက အိပ်ရာနိုးလာကာ အဝတ်အစားလဲ၍ မီးဖိုခန်းအတွင်းသို့ သွားလိုက်၏။
ယောထောင် လှည့်ကြည့်လိုက်ချိန်တွင် ဝမ်ချီ၏ ပုံရိပ်ကို တွေ့လိုက်ရ၍ သူမ အလွန်ထိတ်လန့်သွားပြီးနောက် မြေပေါ်သို့ ဖုတ်ခနဲ့ လဲကျသွားလေသည်။
“ဝမ် … သခင်လေးဝမ် … ဘာလို့ဒီမှာရှိနေတာပါလဲ … ”
ယောထောင်က စိုးရိမ်တကြီး ဖြစ်သွားကာ ကြောင်သံကဲ့သို့ ညှင်သာစွာ ပြောလိုက်သည်။
“အနားယူနှင့်ပါ … ဒီအစေခံက ဌာပနာမုန့် ယူခဲ့ပေးပါ့မယ် … ”
သူမ၏ အမူအရာကြောင့် ထိတ်လန့်သွားသော ဝမ်ချီက တကျွတ်ကျွတ် စုတ်သပ်မိလိုက်၏။
မြေကြီးနှင့် ဒူးထိသွားတာ အသံတောင်ကြားရတယ် … တော်တော်နာမှာပဲ …
“ထပါ ...နောက်ဆိုရင် ငါ့ရှေ့ ဒူးမထောက်ပါနဲ့ ...”
ယောထောင်က ခေါင်းကို မြေကြီးနှင့် ထိကပ်လိုက်၏။
“ဒီအစေခံ မှတ်သားထားပါ့မယ် ...”
ဝမ်ချီ ထပ်ပြောလိုက်သည်။
“ငါ့ကို အာရုံမထားဘဲ အလုပ်ဆက်လုပ်ပါ ...”
ယောထောင်က နားလည်သည့်ဟန်ဖြင့် ဆက်လက် အလုပ်လုပ်နေ၏။ သူမက အလွန်အလုပ်ရှုပ်နေပြီး ဝမ်ချီ ကြည့်နေခြင်းကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည် သူမလှုပ်ရှားမှုများက တောင့်တင်းလျက်ရှိသည်။
သို့သော် ဝမ်ချီက သူမအလုပ်အား ညွှန်ကြားရန် ရည်ရွယ်ချက်မရှိချေ။ သူက ယောထောင် အလုပ်ရှုပ်နေသည်ကို အခွင့်ကောင်းယူကာ မီးဖိုအတွင်းရှိ ပစ္စည်းများကို လိုက်လံကြည့်ရှုလိုက်သည်။ အကြံကောင်းတစ်ခု ရရှိပြီးသည့်နောက် သူ ထွက်လာလိုက်၏။
နေ့ခင်းအချိန် ဖြစ်သည့်အလျှောက် ဝမ်ချီက မိုးမခသစ်သားဖြင့် ပြုလုပ်ထားသည့် ကုလားထိုင်ပေါ်တွင် ထိုင်လျက် မျက်လုံးများကို မှေးစင်းနေလေသည်။
ထိုစဉ် ယောထောင်က ဌာပနာမုန့်များကို သယ်လာကာ ကြိမ်စားပွဲခုံပေါ်၌ ချလိုက်သည်။
“ယောထောင် ...”
ဝမ်ချီက ပြန်လည်ထွက်သွားရန် ပြင်နေသည့် ယောထောင်ကို တားလိုက်သည်။
“ငါ့ကို ပစ္စည်းနည်းနည်း ပြင်ပေးပါဦး ...”
ယောထောင်က လက်သီးတင်းတင်း ဆုပ်ကာ ခပ်တိုးတိုး ဖြေလိုက်သည်။
“သခင်လေးဝမ်က ဘာကိုများ အလိုရှိပါလိမ့် … ”
ဝမ်ချီက တွေးလိုက်ပြီး သူလိုအပ်သည့် အရာများကို ဖြည်းဖြည်းချင်း ရှင်းပြလိုက်၏။
......
နောက်တစ်နေ့ နံနက်တွင်
ဝမ်ချီ အိပ်မောကျနေစဉ် ဖင်အန်း အလျင်စလို ဝင်ရောက်လာသည်။
“သခင်လေး ဝမ် … သခင်လေးဝမ် ...”
ဖင်အန်းက အိပ်ရာရှေ့တွင် ဒူးထောက်ကာ အော်လန်တစ်ခု၏ တာဝန်အား အပြည့်အဝ ထမ်းဆောင်တော့၏။
“အရှေ့နန်းတော်ကို လူတွေ ရောက်လာပြန်ပြီ …”
သူ၏ ခြေသံပြင်းပြင်းကြောင့် လန့်နိုးလာခဲ့သော ဝမ်ချီ “……”
သူက စိတ်ထဲတွင် ဤကဲ့သို့ အခြေအနေမျိုး ကြုံဖူးသလို တွေးလိုက်မိသည်။
အာ … ဖင်အန်း မနေ့ကလည်း ဒီလိုလာပြောခဲ့တာပဲ …
ဝမ်ချီ မည်သို့မှ ပြန်မပြောနိုင်မီ ဖင်အန်းက လျှောက်တင်လိုက်၏။
“ဒီနေ့ရောက်လာတဲ့ လူတွေက တုဝေမိသားစုက ဒုတိယသခင်မလေးနဲ့ ရှစ်ကျိုးစီရင်စု အုပ်ချုပ်ရေးမှူး မိသားစုက သခင်မလေးလို့ ကျွန်တော် ကြားခဲ့ပါတယ် …”
ဝမ်ချီ စိတ်တွင်းမှ သက်ပြင်းချလိုက်သည်။
ရှစ်ယဲ့က တစ်တိုင်းပြည်လုံးရှိ အမျိုးသား အမျိုးသမီးများကို အရှေ့နန်းတော်အတွင်းသို့ လက်ဆက်ခြင်းဖြင့် ခေါ်သွင်းခဲ့လျှင်ပင် သူ ဂရုမစိုက်ချေ။
သို့သော် သူထိုအရာကို တွေးလိုက်သည်နှင့် ဖင်အန်းက လေသံကို သတိပေးသည့် လေယူလေသိမ်းသို့ ပြောင်းလဲလိုက်သည်။
“ရန်သူတွေ ပိုများလာပြီဆိုတော့ ကျွန်တော်တို့ ကြိုပြင်ဆင်ထားသင့်တယ်နော် … နောက်ပိုင်း အဲဒီ့လူတွေက လှည့်ကွက်တွေသုံးရင် အိမ်ရှေ့စံရဲ့ နှလုံးသားကို ရယူသွားနိုင်တယ်လေ ...”
ဘယ်လိုတောင် အဓိပ္ပာယ်မရှိတာလဲ …
ဝမ်ချီ မျက်လုံးဖွင့်လိုက်၏။
ဘယ်လိုလုပ်ပြီး ရုတ်တရက် ကုန်းသော ဇာတ်ညွှန်းကြီး ပေါ်လာရတာတုန်း…
(T/N – နန်းတော်ထဲမှာ တိုက်ခိုက်ကြတဲ့ ဇာတ်လမ်းပါ)
ပြီးတော့ ဖင်အန်းက အရမ်းကျွမ်းကျင်နေသလိုပဲ …
ဝမ်ချီ ကြောင်အသွားသည်။ သူ၏ အိပ်ချင်စိတ်ကလေးများက တမဟုတ်ချင်း ကွယ်ပျောက်သွားကာ အမြန်ထထိုင်လိုက်ရ၏။
“တွေးတောင်မတွေးနဲ့ …”
ဝမ်ချီ အမြန်ပြောလိုက်သည်။
“သူတို့ ကြိုက်တာလုပ်ပစေ … ငါ့အနေနဲ့ ဝင်စွက်ဖက်မှာ မဟုတ်ဘူး ...”
ဖင်အန်း နားမလည်ဖြစ်သွား၏။
“ဒါပေမယ့် သခင်လေးဝမ် … နန်းတော် အပြင်နဲ့ နန်းတော် အတွင်းက အရမ်းကို ကွာခြားပါတယ် … သခင်လေး နန်းတော်ထဲကို ခြေချလိုက်ပြီဆိုတာနဲ့ ထိန်းချုပ်လို့ မရတာတွေ အများကြီး ဖြစ်လာလိမ့်မယ် … တကယ်လို့ ကျွန်တော်တို့က တခြားလူတွေကို မနှောင့်ယှက်ရင်တောင် သူတို့ဆီက နှောင့်ယှက်မခံရဘူးလို့ မပြောနိုင်ပါဘူး ...”
ဝမ်ချီ၏ အတွေးသက်သက်ပေလော မသိသော်ငြား ဖင်အန်း၏ အသံထဲမှ မုန်းတီးမှု အရိပ်အယောင်များကို သူခံစားလိုက်ရ၏။
ဖင်အန်း၏ စကားများမှာ အကျိုးအကြောင်းသင့်ကြောင်း ဝမ်ချီ သိစေကာမူ အဆိုပါ ကိုယ်လုပ်တော်များကဲ့သို့ လျှို့ဝှက်ကြံစည်မှုမျိုး သူ မလုပ်နိုင်ချေ။
ထို့အပြင် သူက အခြားလူများနှင့် တိုက်ခိုက်ရာ၌ ညံ့ဖျင်းလှသည်။ သူ့ဉာဏ်ရည်နှင့်ဆိုပါက အခြားလူများ အပေါ် မည်သည့်အရာမှ မလုပ်ရသေးမီ နန်းတော်အတွင်းရှိ တိုက်ပွဲ ဇာတ်လမ်းတွဲ၏သုံးပိုင်းမြောက်၌ သေဆုံးသွားပေလိမ့်မည်။
ဝမ်ချီ ခဏစဉ်းစားလိုက်ပြီးနောက် ဖင်အန်းအား တွန့်ဆုတ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
“ဒါပေမယ့် အရင်လှုပ်ရှားရအောင် ငါတို့မှာ ဘာမှ မရှိသေးဘူး … အရင်ဆုံး စစ်တပ်ကိုရပ်ပြီးစောင့်ကြည့်ရအောင် …”
(T/N - တိတ်တိတ်လေးနေပြီး သတိကြီးကြီးနဲ့ အချိန်ယူမယ်လို့ ပြောချင်တာပါ)
သူ့စကားဆုံးသည်နှင့် ဖင်အန်း၏ မျက်နှာတစ်ခုလုံး လင်းထိန်သွားသည်။
“သခင်လေးဝမ်က နှိမ့်ချလွန်းနေပါပြီ … သခင်လေးမှာ အိမ်ရှေ့စံဆိုတဲ့ မှီခိုစရာ တောင်ကြီးတစ်ခုလုံး ရှိတယ်လေ ...”
ဝမ်ချီ၏ နှုတ်ခမ်းထောင့်များ တောင့်တင်းသွားသည်။ “…… အိမ်ရှေ့စံက ငါ့နောက်ခံဖြစ်ပေးမယ်လို့ ဘယ်တုန်းက ပြောလိုက်တာလဲ … ”
“အသိသာကြီးပဲလေ … သခင်လေး လက်ထပ်တဲ့ ညမှာတင် အိမ်ရှေ့စံက ဝါးပလွေအိမ်တော်ကို လာပြီး နာရီအတော်ကြာ နေသွားခဲ့တာ … ဒါက ဘယ်သူမှမရခဲ့တဲ့ အခွင့်အရေးပဲ ...”
ဝမ်ချီ ကြောင်အသွား၏။
ဖင်အန်းက သူ၏ စိတ်အေးလက်အေးအမူအရာကြောင့် သံကိုမီးပူတုန်း ဖုတ်ခြင်း၊ နေသာတုန်း ကောက်ရိုးလှန်းခြင်းတို့ကဲ့သို့ အချိန်သင့် လောဆော်ရန် ကြိုးစားလိုက်၏။
“ဒီရက်ပိုင်း အရှင်မင်းကြီးက အရှေ့နန်းတော်ထဲကို လူတွေထည့်နေတာ … ဒါပေမယ့် ဘယ်သူကများ အိမ်ရှေ့စံရဲ့ အကြည့်ကို ဖမ်းစားနိုင်ခဲ့လို့လဲ … အိမ်ရှေ့မင်းသားက သူတို့ကို ကြည့်တောင် မကြည့်ခဲ့ဘူး … သခင်လေးကိုပဲ … သခင်လေးကသာ အထူးခြားဆုံး ပုဂ္ဂိုလ်ပဲလေ …”
“အမှန်ပဲလား … ”
“ဒီအစေခံက မညာဝံ့ပါဘူး ...”
ဖင်အန်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ၏ လက်ချောင်းများကို ထောင်ကာ ကျိန်ဆိုလိုက်၏။ “တကယ်လို့ ဒီအစေခံသာ သခင်လေးဝမ်ကို မဟုတ်တဲ့စကားဆိုခဲ့ရင် ဒီအစေခံ မိုးကြိုးပစ်ခံရပါစေ …”
“တော်တော့ တော်တော့ …အရမ်းများလွန်းနေပြီ …”
ဝမ်ချီက ပြောလိုက်၏။
ဖင်အန်း နေ့တစ်ဝက်ခန့် ကြိုးစားပြီးနောက် ဝမ်ချီ၏ ငါးဆားနယ် မျက်နှာထက်တွင် တွေးတွေးဆဆ အမူအရာ ပေါ်ထွက်လာ၏။ သူက စိတ်သက်သာရာရသွားကာ ဝမ်ချီ တစ်ဦးထဲ လွတ်လွတ်လပ်လပ် တွေးနိုင်ရန်အတွက် အိပ်ခန်းအတွင်းမှ ထွက်လာလိုက်သည်။
ဝမ်ချီက အိပ်ရာပေါ် ပြန်လှဲလိုက်ပြီးနောက် ထိုအကြောင်းကို စဉ်းစားလိုက်၏။
အဆုံးသတ်တွင် အိမ်ရှေ့စံနှင့် မူလကိုယ်မှာ ဝတ္ထု၏ အဓိကဇာတ်ဆောင်များ မဟုတ်သလို ဇာတ်ပို့လည်း မဟုတ်ကြ၍ သူတို့၏ ဇာတ်ကွက်ကလည်း များများစားစား မပါခဲ့ချေ။
မူလကိုယ် ဝမ်လျန်အစား အရှေ့နန်းတော်နှင့် လက်မဆက်ရမီက သူနှင့်ဝမ်လျန်က တစ်မိုးအောက်ထဲတွင် နေထိုင်သည်ဖြစ်ရာ ဇာတ်ကွက်အချို့ ရှိခဲ့သည်။ သို့သော် မူလကိုယ် အရှေ့နန်းတော်သို့ ပြောင်းလာပြီးသည့်နောက် အိမ်ရှေ့စံအနားတွင်သာ ရှိနေခဲ့ရာ ဝတ္ထုထဲတွင်လည်း အကြိမ်အနည်းငယ်သာ ပါလာတော့၏။
ထို့ကြောင့် သူက ဇာတ်လမ်း၏ မြှုပ်ကွက်များကို မသိချေ။
အိမ်ရှေ့စံ ငါ့ကို ကောင်းကောင်း ဆက်ဆံနေတာက အဓိကဇာတ်လိုက်ရဲ့ ဖအေတူမအေကွဲ အစ်ကို ဖြစ်နေလို့လား …
ထိုသို့တွေးလိုက်ချိန်တွင် ဝမ်ချီ စိတ်ကူးတစ်ခု ပေါ်လာသည်။
ဝမ်လျန်ရဲ့ ဇာတ်လိုက်ရောင်ဝါက အရမ်းကို တောက်ပလွန်းလို့ ထောင့်တစ်နေရာက အမြောက်စာဇာတ်ကောင်လေး သူ့ကို ရောင်ပြန်ဟပ်သွားတာများလား … ဒါ့ကြောင့် သူက အိမ်ရှေ့စံရဲ့ မျက်နှာသာပေးမှုကို ဘာမှမလုပ်ပဲ ရနေတာပေါ့ … ကြည့်ရတာ အိမ်ရှေ့စံက သူက အရမ်းထူးခြားပြီး ဟန်မဆောင်တတ်ဘူး … အဲဒီ့ ကျီစယ်ဖို့ပြင်နေတဲ့ လူတွေနဲ့ သက်သက်စီပဲလို့ တွေးနေတာဖြစ်မယ် …
သို့သော် မည်သို့ပင်ဖြစ်စေ၊ အိမ်ရှေ့စံ၏ အထူးတလည် ဆက်ဆံခံရခြင်းမှာ ကောင်းသည့် ကိစ္စမဟုတ်ချေ။
ထိုကိစ္စအား အလုပ်ခွင်အတွင်းသို့ သယ်ဆောင်သွားပါက လုပ်ဖော်ကိုင်ဘက်များ၏ ခွဲထားခြင်းကို ခံရပေလိမ့်မည်။
နေ့လည်ခင်း၌ …
ဝမ်ချီ ထိုအရာအား တွေးနေဆဲပင်။
အဆုံးသတ်တွင် ၎င်းက အသက်ကို ခြိမ်းခြောက်နိုင်သည်ဖြစ်ရာ ပထမဆုံးအနေဖြင့် ဝမ်ချီက အချက်ပေးမှုအချို့ကို ခံစားလိုက်ရ၏။
ထို့ကြောင့် သူ ဖင်အန်းကို ခေါ်လိုက်ပြီး အိမ်ရှေ့စံအကြောင်း မေးမြန်းလိုက်သည်။
ဖင်အန်းက ချက်ချင်းပင် "သိသားပဲ" ဟူသည့် အပြုံးမျိုး ပြုံးလိုက်ကာ သူတို့၏ ရန်သူများကို နီးနီးကပ်ကပ် လေ့လာနိုင်မည့် နေရာကောင်းတစ်ခု ရှာတွေ့ထားကြောင်း တည့်ပြောချလာသည်။
ဝမ်ချီ မည်သည်ကိုမှ နားမလည်နိုင်သေးမီ ကျောက်ဆောင်များ အနောက်ဘက်ရှိ တစ်နေရာသို့ ဆွဲခေါ်ခြင်းခံလိုက်ရ၏။
ကျောက်ဆောင်အနောက်ဘက်တွင် မြေကွက်လပ်တစ်ခု ရှိနေပြီး သစ်ပင်များက ကာဆီးလျက်ရှိသည်။ ထိုနေရာက အမြင့်၌ ရှိနေသည်ဖြစ်ရာ တစ်စုံတစ်ဦး ပုန်းခိုနေပါက အပြင်ဘက်ရှိလူများ ရှင်းရှင်းလင်းလင်း တွေ့နိုင်မည် မဟုတ်ပေ။
ဖင်အန်းက ကုလားထိုင်တစ်လုံးအပြင် သစ်သီးနှင့် ကိတ်များကိုပါ အကျအန ပြင်ဆင်လာခဲ့သည်။ ဝမ်ချီအား စားရင်းသောက်ရင်း စောင့်ကြည့်စေပြီး သူကမူ နံဘေးတွင် သစ်သီးနှင့်ကိတ်မုန့်များကိုင်လျက် ဆောင့်ကြောင့်ထိုင်၏။
ဝမ်ချီက ဖင်အန်း၏ တက်ကြွသောအမူအရာကြောင့် မငြင်းဆန်နိုင်ခဲ့ပေ။ သူက ခဏကြာ တိတ်ဆိတ်နေပြီးနောက် ကိတ်မုန့်ကို လက်လှမ်းကာ ခပ်တိုးတိုး စားသောက်လိုက်သည်။
မကြာမီမှာပင် ကျောက်ဆောင်အောက်ဘက်ရှိ လမ်းမှာ အရှေ့နန်းတော်သို့ သွားသည့် တစ်ခုတည်းသော လမ်းဖြစ်ပြီး ဝေါယာဉ်အားလုံး ထိုနေရာမှ ဖြတ်သန်းသွားရကြောင်း ဝမ်ချီ သဘောပေါက်သွား၏။
သူတို့က ဝေါယာဉ်၏ အပြင်အဆင်၊ ဝေါယာဉ်နံဘေးရှိ အစေခံအရေအတွက်နှင့် အနောက်ဘက်မှ သယ်ဆောင်လာသည့် ခန်းဝင်ပစ္စည်း သေတ္တာများကို ကြည့်ရင်း ဝေါယာဉ်အတွင်းမှ သတို့သမီး၏ အင်အားကို ခန့်မှန်းကြ၏။ အားကြီးသူများက တရားစီရင်ခွင့်ရပြီး အားနည်းသူများကမူ ဖိနှိပ်ခံရပေလိမ့်မည်။
ပထမနေ့တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးစီ သယ်ဆောင်ထားသည့် ဝေါယာဉ်နှစ်စီး ဖြတ်သွား၏။
နောက်တစ်နေ့တွင် အမျိုးသမီးနှစ်ဦးကို သယ်ဆောင်ထားသည့် ဝေါယာဉ်နှစ်စီး ဖြတ်သွားလေသည်။
တတိယနေ့၌မူ အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦးကို သယ်ဆောင်လာသည့် ဝေါယာဉ်လေးစီး ဖြတ်သွား၏။
ခုနစ်ရက်မြောက် နေ့အထိပင် ဝေါယာဉ်များ ဖြတ်သန်းသွားဆဲပင်။
ဝမ်ချီက ပင်ပန်းလာသော်လည်း လက်ရှိ အခြေအနေအပေါ် အလွန်အလေးထားနေသည့် ဖင်အန်းအား မနှောင့်ယှက်ချင်ပေ။ သူက ဖင်အန်း၏ ပခုံးကို ပုတ်လိုက်ပြီးနောက် ဆက်ကြည့်နေရန် ပြောလိုက်သည်။ သူကမူ လမ်းလျှောက်ထွက်ရန် ပြင်လိုက်၏။
အရှေ့နန်းတော်မှာ ကြီးမားသော်လည်း အဓိကလမ်းမကြီးများသာ ရှိသည်။ ထို့အပြင် ဝမ်ချီက မိန်းမစိုးများနှင့် အစေခံများကို မေးမြန်းနိုင်ရာ လမ်းပျောက်မည်ကို မစိုးရိမ်ခဲ့ချေ။
သူက ရောက်တတ်ရာရာ လျှောက်လာရင်း ရေကန်တစ်ခု အနီးသို့ ရောက်လာ၏။ ရေကန်၏ မျက်နှာပြင်ထက်ဝယ် နေရောင်ခြည် ပက်ဖြန်းမှုကြောင့် အလင်းစက်ကလေးများ ကခုန်နေသကဲ့သို့ တလက်လက် တောက်ပနေလေသည်။
ရေကန်အလယ်၌ နားနေဆောင်တစ်ခု ရှိနေ၏။
ဝမ်ချီက အဆောင်အနီးသို့ လျှောက်သွားလိုက်သည်။ နားနေဆောင် ပတ်လည်၌ ခန်းဆီးစလေးများဖြင့် နေရောင်ကို ကာဆီးထားသည်။ အတွင်းဘက်တွင် ပျော့ပျောင်းသော ခေါင်းအုံးများရှိနေပြီး လက်ဖက်ရည်နှင့် မုန့်အချို့က စားပွဲပေါ်တွင် နေရာယူနေ၏။
သူက အပြင်ဘက်ရှိ ခုံတန်းရှည်ပေါ်တွင် ထိုင်လိုက်သည်။ နေရောင်ခြည်က သူ့ကိုယ်ပေါ်သို့ နွေးထွေးစွာ ဖြာကျလာ၏။ ဝမ်ချီ ခဏလှဲရင်း နေပူဆာလှုံရန် တွေးလိုက်မိသည်။
ရလဒ်အနေဖြင့် သူ အိပ်မောကျသွား၏။
မည်မျှကြာအောင် အိပ်ပျော်သွားခဲ့သည်မသိသော်လည်း ဝမ်ချီက အနီးတဝိုက်ရှိ တီးတိုးစကားသံများ ကြားလိုက်ရသည်။ သူက ထိုအသံများကြောင့် နိုးလာ၏။ သူ မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် သိချင်စိတ် အပြည့်ရှိနေသော မျက်နှာများကို တွေ့လိုက်ရသည်။
သူ လန့်သွားကာ အမြန်ထထိုင်လိုက်၍ သူ့အနီးရှိ မိန်းကလေးပေါ်သို့ပင် လဲကျလုနီးနီးဖြစ်သွားရ၏။
ထိုလူများက အနောက်သို့ မြန်မြန်ရှဲလိုက်ကြသည်။ သို့သော်သူတို့၏ အကြည့်များကမူ သူ့အပေါ်၌ ရှိနေဆဲပင်။
ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ်အရွယ်ရှိ အလွန်တရာ လှပသော အမျိုးသား အမျိုးသမီးများက အမျိုးမျိုးသော အမူအရာများဖြင့် သူ့ကို ကြည့်နေကြ၏။ သူတို့အားလုံး ခေတ်ဆန်သော ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။
ဝမ်ချီက တစ်ရေးတမောအိပ်ပြီး ထလာချိန်တွင် လူအများအပြားနှင့် တွေ့လိုက်ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူက တစ်စုံတစ်ဦး၏ ပိုင်နက်အား ကျူးကျော်မိသည်ကို သတိရသွားကာ အမြန်တောင်းပန်လိုက်သည်။
“တောင်းပန်ပါတယ် … ငါ အခုချက်ချင်း ထွက်သွားပါ့မယ် … ”
သို့သော် ခြေလှမ်းနှစ်လှမ်းပင် မလှမ်းလိုက်ရဘဲ တစ်စုံတစ်ဦးက သူ့အား တားလိုက်၏။
“ရှင်က သခင်လေးဝမ်မလား … ”
ထက်မြက်သည့် မျက်ဝန်းတစ်စုံနှင့် အမျိုးသမီးက ဆိုလိုက်သည်။ သူမက ပန်းဖျော့ဖျော့ ဂါဝန်ကို ဝတ်ဆင်ထားကာ အဖြူရောင် မျက်နှာကာကို တပ်ဆင်ထား၏။ သူမ၏ ဦးခေါင်းထက်တွင် လိပ်ပြာပုံ ဆံညှပ်တစ်ခု ရှိနေသည်။ သူမ လမ်းလျှောက်လိုက်တိုင်း ခေါင်းလောင်းသံကလေးများ ထွက်ပေါ်လာ၏။
“ဘယ်လိုတောင် တိုက်ဆိုင်တာလဲ … သခင်လေးဝမ်ကို ဒီမှာတွေ့ရလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး ...”
ဝမ်ချီက ရပ်လိုက်ပြီးနောက် ပြုံးနေသည့် အမျိုးသမီးကို ကြည့်လိုက်သည်။
“ငါ့ကို သိတာလား …. ”
.......
စာရေးသူမှာ ပြောစရာရှိပါတယ် …
ရှင်းပြပါရစေ …
ဒီလူတွေ ပေါ်လာတာက ဇာတ်ကြောင်းအတွက် လိုအပ်ရုံပါပဲ … ပြီးတော့ ဇနီးသည်နဲ့ ကိုယ်လုပ်တော်တွေက အုပ်စုဖွဲ့တိုက်ခိုက်တာမျိုး မရှိပါဘူး … သူတို့က မကြာခင် အဆုံးသတ်မယ့် အမြောက်စာ ဇာတ်ကောင်တွေပါပဲ … ဒီဇာတ်ကွက်ရဲ့ နောက်ပိုင်းမှာ မြှုပ်ကွက်တွေရှိတာကြောင့် ဒီဇာတ်ကွက်ကို ဖယ်ထုတ်ပစ်လိုက်ရင် နောက်ဖြစ်လာမယ့် ဇာတ်လမ်းက အကျိုးအကြောင်းမသင့် ဖြစ်သွားပါလိမ့်မယ် …