Chapter 5
Viewers 7k

💮Chapter 5


ဝမ်ချီက ထိုအမျိုးသမီးကို သူ မသိမှန်း သေချာ၏။ 


အမှန်စင်စစ် ကြီးမားလှသော အရှေ့နန်းတော်ကြီးတွင် ဝါးပလွေ အိမ်ရာမှ ယောဖန်း၊ ယောထောင်နှင့် ဖင်အန်းတို့မှအပ တစ်ကြိမ်သာ တွေ့ဖူးသည့် အိမ်ရှေ့စံကိုသာ သူသိလေသည်။ 


၎င်းကို ထုတ်ဖော်မခံရရန်လည်း ဝမ်ချီ မျှော်လင့်မိ၏။ 


တစ်ခဏအတွင်းမှာပင် ဝမ်ချီ၏ နှလုံးသားက ခုန်ပေါက်သွားကာ စကားပင်မဆိုရဲတော့။ 


ဝမ်ချီ ဘာမှ မပြောနိုင်သေးမီ အမျိုးသမီးက သူ့ထံ လျှောက်လာသည်။ သူမက သမင်မျက်ဝန်းများဖြင့် သူ့ကို ကြည့်ရင်း ရင်းနှီးစွာ ပြုံးလျှက် ဆိုလာ၏။

“တစ်နေ့က ကျွန်မ အရှေ့နန်းတော်ကို ရောက်လာခဲ့တာပါ … သခင်လေးဝမ်ဆီကိုတောင် လာလည်ခဲ့သေးတယ် ...”


ချွေးစေးများက ဝမ်ချီ၏ နဖူးမှ စီးကျလာသည်။ 


သူက စိတ်ကို တည်ငြိမ်အောင်ထားကာ အမျိုးသမီးအား သေချာကြည့်လိုက်သည်။ သို့သော် အဆိုပါ လှပသော အမျိုးသမီးကို သူ မရင်းနှီးချေ။ သူက ဦးနှောက်ကို မည်သို့ အလုပ်ပေးပါသော်လည်း သူမအား မှတ်မိလာခြင်းမရှိပေ။ 


သူ မည်သည့်အရာမှ မပြောနိုင်မီ အမျိုးသမီးက ပြုံးလိုက်၏။

“ကံမကောင်းချင်တော့ သခင်လေးဝမ်က ထထွက်သွားတာကြောင့် ကျွန်မ ရှင့်ကို အဝေးကပဲ တွေ့ခဲ့ရတာ … အခု သခင်လေးရဲ့ နောက်ကျောကို ကျွန်မ မှတ်မိသွားခဲ့တာပေါ့ ...”


ထိုအရာကို ကြားသည့်အခါ ဝမ်ချီက စိတ်သက်သာစွာ သက်ပြင်းချလိုက်မိသည်။ သို့သော် သူ၏ နှလုံးသားကမူ ငြိမ်သက်မသွားခဲ့ပေ။


ကံကောင်းလို့ … 


ဒီအမျိုးသမီးက ငါ ဝမ်လျန်မဟုတ်မှန်း သိသွားပြီ ထင်နေတာ … 


ဝမ်ချီ၏ သတိကြီးပုံကြောင့် မိန်းကလေးက ရယ်လိုက်၏။ 

“ကျွန်မ နာမည်က ရွယ်ရှန်းပါ … သခင်လေးဝမ်က တခြားလူတွေနဲ့ တွေ့ရတာ ရှက်နေပုံပဲ ...”


“ဟုတ်ပါတယ် … ”

ဝမ်ချီ မျက်လွှာချလိုက်သည်။

“ကျွန်တော့်မှာ လုပ်စရာလေးတွေ ရှိနေတော့ အဖော်ပြုမပေးနိုင်တာ စိတ်မကောင်းပါဘူး ….”


ထိုသို့ပြောပြီးနောက် သူက ရှောင်ထွက်ရန် ကြိုးစားလိုက်သည်။ 


ကံမကောင်းစွာဖြင့် သူ ခြေလှမ်းအနည်းငယ်သာ လှမ်းလိုက်ရ၏။ ရွယ်ရှန်းက သူ့ကို လှမ်းခေါ်လိုက်သည်။ 


“သခင်လေးဝမ် … ခဏနေပါဦး ...ရုတ်တရက် ဖြစ်သွားတယ်ဆိုပေမယ့် ကျွန်မမှာ သခင်လေးဝမ်အတွက် ပစ္စည်းကောင်းလေးတွေ ရှိပါတယ် … သခင်လေးဝမ်က အစေခံနဲ့ မိန်းမစိုးတွေကို ခေါ်မလာခဲ့ဘူးဆိုမှတော့ ကျွန်မနဲ့ ဘာလို့ထိုင်ပြီး စကားမပြောရမှာလဲ …”  


ဝမ်ချီ တောင့်တောင့်လေး လှည့်ကြည့်လိုက်၏။ 

“ဘာများပါလဲ …”


ရွယ်ရှန်းက လျှို့ဝှက်စွာ မျက်လုံးမှိတ်ပြလိုက်၏။ 

“သခင်လေးဝမ် ရောက်သွားတဲ့အခါ သိပါလိမ့်မယ် ..”


ဝမ်ချီ:  “…”


ဤသို့ဖြင့် အားလုံး၏ ကွဲပြားသော အကြည့်များ အောက်၌ပင် ဝမ်ချီက ရွယ်ရှန်းနောက်သို့ လိုက်ပါလာရတော့၏။


ရွယ်ရှန်း၏ အဆင့်အတန်းမှာ ထိုအုပ်စုထဲတွင် အထင်ရှားဆုံး ဖြစ်ပေါ်ရသည်။ သူတို့အားလုံးက လမင်းကို ဝန်းရံသည် ကြယ်များသဖွယ် သူမအား ဝန်းရံလျက်ရှိ၏။ လူအမြောက်အများက သူမအနီးသို့ ကပ်တွယ်ချင်သော်ငြား အချို့ကမူ သူမနှင့် ပူးပေါင်းရန် ငြင်းဆန်နေကြသည်။ ဝမ်ချီအား ရက်စက်သည့်အကြည့်ဖြင့် ကြည့်နေသည့် အမျိုးသားငယ်တစ်ဦးပင် ရှိသည်။  


ဝမ်ချီက မည်သို့ တုံ့ပြန်ရမှန်း မသိသည့်အလျောက် ထိုသူအား ပြုံးပြလိုက်၏။ 


ရလဒ်အနေဖြင့် အမျိုးသားငယ်က အလွန်စိတ်ဆိုးသွားကာ ငါးပူတင်းတစ်ကောင်ကဲ့သို့ ပေါက်ကွဲတော့မည်ဟန် ပြလာ၏။ ရွယ်ရှန်းက သူ့ကိုကြည့်ကာ ပြောလိုက်၏။

“ရွယ်ကွေ့ ...”


ရွယ်ရှန်း၏ ချိုမြိန်သော အသံထွက်ပေါ်လာသည်။

“မရိုင်းရဘူးလေ ...”


ရွယ်ကွေ့ဟု ခေါ်သော အမျိုးသားက ရေခဲရိုက်လိုက်သည့် ခရမ်းသီးတစ်လုံးနှယ် ခေါင်းကို ငုံ့လိုက်ရင်း အရှိန်အဝါသည်လည်း အားနည်းသွားလေသည်။ 


အချိန်အနည်းငယ် လမ်းလျှောက်ပြီးသည့်နောက် ဝမ်ချီက ရွယ်ကွေ့နှင့် ရွယ်ရှန်းဟူသည့် အမည်များကို စတင်တွေးတောလာ၏။ 


ရွယ်ရှန်းက သူ၏ သံသယများကို ခံစားမိဟန်ဖြင့် သူတို့နောက်ပါးရှိ အစေခံနှစ်ဦးကို လက်ဝေ့ယမ်းပြကာ ခပ်ဝေးဝေးသို့ ဆုတ်ခွာစေလိုက်သည်။ 

“ရွယ်ကွေ့က ကျွန်မရဲ့ မောင်လေးလေ … ကျွန်မ လွန်ခဲ့တဲ့ နှစ်ရက်အကြာက သူနဲ့အတူ နန်းတော်ထဲကို ဝင်ခဲ့တာ …”


ဝမ်ချီ နားလည်သွားသည်။ 


သူတို့၏ အမည်များ ဆင်တူနေသည်မှာ မထူးဆန်းတော့ချေ။ 


ဒါပေမယ့် ဒီတိုင်းဆို အိမ်ရှေ့စံက လွန်လွန်းတာပဲ … သူက မောင်နှမနှစ်ယောက်လုံးကို ချမ်းသာမပေးခဲ့တာ …


အမွှေးတိုင်တစ်ထောက်စာခန့် လမ်းလျှောက်ပြီးသည့်နောက် သူတို့က ရွယ်ရှန်း၏ ယွီရှန်အိမ်တော်သို့ ရောက်လာကြသည်။ 


ယွီရှန်အိမ်တော်၏ အခြေအနေမှာ ဝါးပလွေအိမ်တော်နှင့် ထူးမခြားနားချေ။ သို့သော် ရွယ်ရှန်းနှင့် အစေခံနှစ်ဦးက ပန်းပင်စိုက်ရာ၌ ထူးချွန်ကြရာ ပန်းနံ့သင်းသင်းက ခြံတစ်ခုလုံးတွင်သာမက အိမ်တွင်း၌ပင် ပျံ့နှံ့နေလေသည်။ 


ဝမ်ချီက ခဏထိုင်စောင့်လိုက်သည်။ ခဏအကြာတွင် အိပ်ခန်းအတွင်းမှ သေးငယ်သည့် သစ်သားသေတ္တာတစ်ခုကို ကိုင်ဆောင်လာသော ရွယ်ရှန်အား တွေ့လိုက်ရ၏။


“ဒီလက်ဖက်ရွက်က အဖေ့သူငယ်ချင်းဟောင်းတစ်ဦး ရှစ်ကျိုးကနေ ယူလာခဲ့တာပါ … အားလုံးက ဒါကို ကောင်းတယ်လို့ ပြောကြပေမယ့် ကျွန်မက သိပ်မသိဘူး … ဒီတော့ ကျွန်မနဲ့သာဆို ဒီလက်ဖက်ရွက်တွေက အလဟသတ် ဖြစ်သွားလိမ့်မယ် …

 ရွယ်ရှန်က သေတ္တာငယ်အား ဝမ်ချီ့ထံ ကမ်းပေးလိုက်သည်။

“အကယ်၍ သခင်လေးဝမ်က လက်ဖက်ရည်ကို နှစ်သက်တယ်ဆိုရင် ကျွန်မက ဒါကိုဘုရားပန်းကပ်တဲ့ အကြောင်းပြချက်တစ်ခုအနေနဲ့ ပေးချင်ပါတယ် ...”


မည်သို့ပင်ဖြစ်စေ၊ ဝမ်ချီက လက်ဖက်ရည်သောက်ရခြင်းကို မနှစ်သက်ချေ။ 


သို့သော် ရွယ်ရှန်းက လက်ဖက်ရည်အား စိတ်အားထက်သန်စွာ ယူလာပေးသည့် အလျောက် ဝမ်ချီ့အတွက် ငြင်းရန်မသင့်တော်ချေ။ 


ဝမ်ချီက ခဏတွန့်ဆုတ်နေပြီးနောက် သေတ္တာကို ယူလိုက်သည်။

“ကျေးဇူးပါ ...”


ရွယ်ရှန်းက ရှက်ရွံ့ဟန်ဖြင့် ပြုံးလိုက်၏။

“သခင်လေးဝမ်က ယဉ်ကျေးလွန်းနေပါပြီ ...”


ဝမ်ချီက သေတ္တာကိုယူကာ ပြန်ရန်ပြင်လိုက်သည်။ ရွယ်ရှန်းက သူ့အား လိုက်ပို့မည်ဟု ပြောခဲ့သော်ငြား သူမက လမ်းတစ်လျှောက်လုံးလိုလို သူနှင့်အတူ အဖော်ပြုပေးခဲ့၏။ 


ဝါးပလွေအိမ်တော်အနီးသို့ ရောက်သည့်အခါ ဝမ်ချီက ရွယ်ရှန်းအား ဝင်ခွင့်ပြုရန် တွန့်ဆုတ်နေ၏။ သူမက သူ့အပေါ် လွန်စွာ စိတ်အားထက်သန်နေခြင်းက ပုံမှန်ကိစ္စမဟုတ်ချေ။ 


အဆုံးသတ်တွင် လက်ရှိနေရာက အလွန်နက်ရှိုင်းလှရာ ပို၍ ဂရုစိုက်သင့်၏။ 


သူ၏ တည်ကြည်သော အမူအရာကို တွေ့လိုက်ရချိန်၌ ရွယ်ရှန်းက တွန့်ဆုတ်မနေတော့ချေ။ 


ဝမ်ချီက ကိစ္စအား အဆုံးသတ်တော့မည် အချိန်၌ပင် ယွီရှန်း၏ မျက်ဝန်းများ နီရဲလာကာ စတင်၍ ငွေ့ရည်ဖွဲ့လာကြောင်း တွေ့လိုက်ရသည်။ 


မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း သူ မသိမီမှာပင် ရွယ်ရှန်း၏ မျက်ဝန်းမှ မျက်ရည်ဥကြီးများ ကျဆင်းလာသည်ကို သတိပြုမိလိုက်သည်။ 


“ရွယ် … ရွယ်ရှန်း … ”


“သခင်လေးဝမ် … ”

ရွယ်ရှန်းက မြေပေါ်သို့ အသံမြည်အောင် ဒူးထောက်ချပြီး ဝမ်ချီ၏ အင်္ကျီစများကို ဆုပ်ကိုင်လိုက်၏။

“သခင်လေးဝမ် … ကျွန်မကို ကယ်ပါဦး … ကျွန်မ ဘယ်သူ့ကို သွားရှာရမှန်း မသိတော့ဘူး …”


ဝမ်ချီက ရွယ်ရှန်း၏ အမူအရာကြောင့် ကြောင်အသွားကာ မသိစိတ်ဖြင့် နောက်ဆုတ်ရန် ကြိုးစားလိုက်မိသည်။ သို့သော် ရွယ်ရှန်းက သူ့ဝတ်ရုံအနားစကို တင်းတင်းဆုပ်ကိုင်ထား၏။ 


သူက လက်တွင်းရှိ သစ်သားသေတ္တာကို တင်းတင်း ဆုပ်လိုက်ရင်း ထိတ်လန့်သွားလေသည်။

“ရွယ်ရှန်း … အရင်ထပါဦး … ဒီလိုမလုပ်ပါနဲ့ ...”


“သခင်လေးဝမ် …. အိမ်ရှေ့စံကို တစ်ခုခု ပြောပေးလို့ ရမလား … ဒီနန်းတော်ထဲမှာ ကျွန်မကို ကူညီနိုင်မှာဆိုလို့ ရှင်တစ်ဦးထဲ ရှိတာပါ …”

ရွယ်ရှန်း၏ မျက်နှာထက်တွင် မျက်ရည်များ စီးကျနေကာ သနားစဖွယ်ဖြစ်နေ၏။ 


ဝမ်ချီ နားမလည် ဖြစ်သွားရသည်။

“ဘာကိုလဲ … ”


“ဒီ အရှေ့နန်းတော် တစ်ခုလုံးမှာ ရှင်တစ်ယောက်ထဲကပဲ ထူးခြားနေတာပါ … အရှေ့နန်းတော်မှာ လူတွေအများကြီးရှိပေမယ့် အိမ်ရှေ့စံက ဝါးပလွေအိမ်တော်မှာပဲ ကြာကြာနေခဲ့တာ … ကျွန်မတို့အတွက်တော့ အိမ်ရှေ့စံကို တွေ့ဖို့က ကောင်းကင်ဘုံကို တက်ရတာထက် ပိုပြီး ခက်ပါတယ် …ကျွန်မ တစ်သက်လုံး အိမ်ရှေ့စံကိုတောင် မမြင်ရပဲ လျစ်လျူရှုခံရပြီး မနေသွားချင်ဘူး ...”

ရွယ်ရှန်းက ငိုလျက်ဆို၏။


ဝမ်ချီက စကားမဆိုဘဲ နားထောင်ရင်း ရွယ်ရှန်း၏ အနောက်ဘက်အား ကြည့်လိုက်သည်။ ရုတ်တရက်ဆိုသလို သူက တစ်စုံတစ်ခုအား နားလည်သွား၏။ 


မည်သို့ပင်ဖြစ်စေ၊ ရွယ်ရှန်းက အလေးအနက်ဖြင့် သူ့အား ပြောနေဆဲပင်။

“ကျွန်မ တစ်နေ့မှာ အိမ်ရှေ့စံကို လက်ထပ်ရမယ်မှန်း သိကတည်းက သူ့ကို ကျွန်မရဲ့ ခင်ပွန်းအဖြစ် မှတ်ယူခဲ့တာပါ ... ကျွန်မက သူနဲ့အဝေးမှာ ရှိနေရပေမယ့် သူနဲ့ပတ်သက်တဲ့ သတင်းအားလုံးက ကျွန်မကို ဝမ်းနည်းစေခဲ့တယ် ….”


ဝမ်ချီ: “…”

ညီမလေး မင်းမြှောက်ပြောတာက နည်းနည်းတော့များသွားပြီ … 


“ကျွန်မ နန်းတော်ကို ဝင်ရပြီလို့ သိရတော့ အရှင့်သားနဲ့ နီးနိုင်တော့မယ်ဆိုပြီး အရမ်းပျော်ခဲ့ရတယ် … ညပေါင်းများစွာ ပျော်လွန်းလို့ အိပ်မပျော်နိုင်ခဲ့ဘူး … ဒါပေမယ့် အဲဒီ့ပျော်ရွှင်မှုအားလုံးက မကြာခင်မှာပဲ စိတ်ပျက်မှုအဖြစ် ပြောင်းသွားခဲ့တယ်လေ … အရှေ့နန်းတော်မှာ လူတွေအများကြီး ရှိနေလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး … အရှင့်သားကို တွေ့ရဖို့က အရမ်းခက်ခဲတာပဲ … ကျွန်မ အသည်းတွေ ကွဲကြေခဲ့ရတယ် …”  


ဝမ်ချီ: “…”


သူက ဘာမှမပြောဘဲ သူမ၏ သရုပ်ဆောင်မှုကိုသာ တိတ်တဆိတ် စောင့်ကြည့်နေ၏။ 


သူက ဆက်လက်နားထောင်နိုင်သော်လည်း တစ်စုံတစ်ဦးကမူ နားမထောင်နိုင်ခဲ့ပေ။


ရွယ်ရှန်း ဆက်လက်စကားမဆိုနိုင်မီမှာပင် ကျောဘက်မှ ချောင်းဟန့်သံတစ်ခုကို ကြားလိုက်ရသည်။ 


ရွယ်ရှန်း ကြောင်အသွား၏။ တစ်ခဏချင်းမှာပင် သူမ၏ မျက်နှာတစ်ခုလုံး အရောင်အဆင်း ကင်းမဲ့သွားကာ ဒူးထောက်လျက်သား လှည့်ကြည့်လိုက်သည်။ 


သူမက တုန်တုန်ယင်ယင်ဖြင့် မော့ကြည့်လိုက်ချိန်တွင် ဘီးတပ်ကုလားထိုင်ပေါ်ရှိ အရပ်ရှည်ရှည်ပုံရိပ်အား တွေ့လိုက်ရ၏။ 


နေ့အလင်းရောင်က အရာအားလုံးအပေါ် ဖြာကျနေရာ ရှစ်ယဲ့မျက်နှာပေါ်ရှိ ကြောက်မက်ဖွယ် မီးလောင်ရာများကို ရွယ်ရှန်း ထင်ထင်ရှားရှား တွေ့လိုက်ရ၏။


ရွယ်ရှန်း၏ ပါးလျသော ပခုံးလေးများက တစ်ချက်တုန်သွားသည်။ သို့သော် သူမ၏ မျက်ဝန်းများက ကြောက်ရွံ့မှု စိုးစဉ်းမျှမရှိဘဲ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။

“အိမ်ရှေ့ … အိမ်ရှေ့စံ … အိမ်ရှေ့စံကို နှုတ်ဆက်ပါတယ် … ”


ဝမ်ချီက သူ၏တည်ရှိမှုကို ဖုံးကွယ်ရန် နောက်သို့ခြေတစ်လှမ်း ဆုတ်လိုက်သည်။ လက်ရှိအချိန်၌ သူ မည်မျှတုံးအသည်ဖြစ်စေ၊ ရွယ်ရှန်း ထိုအရာအားလုံးကို ကြံစည်ထားခြင်း ဖြစ်ကြောင်း သိနိုင်၏။


ရွယ်ရှန်းက နားနေဆောင်တွင် သူ့အား အမှတ်မထင် တွေ့ခဲ့ပြီး ရည်ရွယ်ချက်ရှိရှိ သူမ၏ စံအိမ်သို့ ခေါ်ဆောင်ခဲ့ခြင်းပင်။ ထို့အပြင် ရှစ်ယဲ့က ဤအချိန်၌ ဤနေရာကို ဖြတ်သန်းသွားတတ်ကြောင်းလည်း ကြားဖူးပေလိမ့်မည်။ 


သူက အသုံးချခံလေး သက်သက်ဖြစ်၏။ 


ရှစ်ယဲ့က ဘီးတပ်ကုလားထိုင်ပေါ်တွင် ပျင်းရိပျင်းတွဲ ထိုင်နေ၏။ သူက သူ့မျက်နှာထက်ရှိ မီးလောင်ရာများကို လုံးဝ ဂရုစိုက်ခြင်းမရှိခဲ့ဘဲ မေးထောက်လျက် ရွယ်ရှန်း၏ တုံ့ပြန်မှုကို စိတ်ဝင်တစား ကြည့်နေသည်။ 


ဘီးတပ်ကုလားထိုင်၏ အနောက်ဘက်တွင် အမူအရာ ကင်းမဲ့သော အစေခံတစ်ဦးနှင့် မိန်းမစိုးတစ်ဦး ရှိနေ၏။ အစောပိုင်းက ချောင်းဟန့်သံက မိန်းမစိုးထံမှ ထွက်ပေါ်လာခြင်းပင်။ 


ရှစ်ယဲ့က သူမအား ခွေးပေါက်ကလေးကဲ့သို့ လက်ယပ်ခေါ်လိုက်သည်။

“ဒီကိုလာ … ”


ရွယ်ရှန်း၏ မျက်နှာတစ်ခုလုံး ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်သွား၏။ သူမက တွန့်ဆုတ်စွာဖြင့် စကပ်စကိုမကာ ထရန်ပြင်လိုက်သည်။ 


သို့သော် သူမ မတ်တပ်မရပ်နိုင်မီ ရှစ်ယဲ့အနီးရှိ မိန်းမစိုး၏ စူးရှသောအသံကို ကြားလိုက်ရ၏။

“အတင့်ရဲလိုက်တာ … ”


ရွယ်ရှန်း၏ နှလုံးသားက ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်သွား၏။ သူမ ဦးနှောက်က မတုံ့ပြန်နိုင်သေးမီ သူမ ခန္ဓာကိုယ်က ဒူးထောက်ပြီး ဖြစ်သွားသည်။ 


မိန်းမစိုးက ပြော၏။ 

“မင်းကို ဘယ်သူက ထခွင့်ပေးလို့လဲ …”


ရွယ်ရှန်းက ကြောက်ရွံ့စွာဖြင့် ခေါင်းကိုမြေကြီးနှင့်တိုက်လိုက်၏။

“ဒီကိုယ်လုပ်တော်မှာ အပြစ်ရှိပါတယ် ...”


ထိုသို့ပြောပြီးသည့်နောက် သူမက အိမ်ရှေ့စံထံ လေးဘက်ထောက်၍ သွားလိုက်သည်။ သူမက ရှစ်ယဲ့အား ချစ်ခင်မြတ်နိုးစွာ စိုက်ကြည့်လိုက်၏။ 


ခဏအကြာတွင် သူမက တီးတိုးပြောလိုက်သည်။ 

“အရှင့်သား … ”


“မင်းက ပန်ကုန်းကို တွေ့ချင်နေတာလား …”

ရှစ်ယဲ့၏ တိုးညှင်းသောအသံထဲတွင် ညှို့ငင်မှုများ ပါဝင်နေ၏။ 


ရွယ်ရှန်းက ကြက်ကလေးအစာကောက်သကဲ့သို့ ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်မက အရှင့်သားကို ခစားဖို့ နန်းတော်ထဲကို ဝင်ခဲ့တာပါ … အရှင့်သားကို တွေ့ရမယ်ဆိုရင် သေရင်တောင် နောင်တမရပါဘူး ...”


“အိုး …”

ရှစ်ယဲ့က ခေါင်းငုံ့ကာ လက်ညှိုးထိပ်ဖြင့် ရွယ်ရှန်း၏ မေးဖျားကို ပင့်မလိုက်၏။

“ပန်ကုန်းက မင်းသေရလောက်တဲ့အထိ ဆွဲဆောင်မှုရှိတာတဲ့လား ...”


သူ စကားပြောနေချိန်တွင် သူ့လက်ချောင်းများက ရွယ်ရှန်း၏ မျက်နှာထက်တွင် ဖြတ်သန်းနေ၏။ မကြာမီမှာပင် ရွယ်ရှန်း၏ လည်တိုင်သို့ သက်ဆင်းသွားသည်။ 


၎င်းမှာ ယမန်နေ့ညက ဝမ်ချီအား ဆက်ဆံခဲ့သည့်အတိုင်းပင်။ 


သူ၏လှပ၍ ရှည်လျားသော လက်ချောင်းများက ရွယ်ရှန်း၏ ကျိုးပဲ့လွယ်ပုံပေါ်သော လည်တိုင်အား ရစ်ပတ်သွား၏။ 


ရွယ်ရှန်း၏ ခန္ဓာကိုယ်က လေပြင်းထဲရှိ လိပ်ပြာတစ်ကောင်နှယ် တုန်တက်သွားသည်။ သူမက ရှစ်ယဲ့အား စိတ်အားထက်သန်စွာ ကြည့်လိုက်၏။

“ကျွန်မက အရှေ့နန်းတော်ထဲကို လက်ထပ်ရင်း ဝင်ရောက်လာကတည်းက အရှင့်သားရဲ့လူ ဖြစ်သွားပါပြီ … ဒီဘဝကိုလည်း အရှင့်သား ပိုင်ဆိုင်ပါတယ် ...”


ရှစ်ယဲ့က သူ၏ ဇာမဏီမျက်ဝန်းများကို ကျဉ်းမြောင်းလိုက်သည်။

“ပန်ကုန်းက မင်းကို သေခိုင်းရင်ရော … ”


ရွယ်ရှန်း၏ အသံမှာ ခိုင်မာတည်ကြည်နေ၏။

“ဒါဆို ဒီကိုယ်လုပ်တော်က နောင်တမရှိဘဲ သေပေးပါ့မယ် .…”


သူမ စကားဆုံးသည်နှင့် သူမ မျက်နှာထက်ရှိ ချစ်စိတ်မွှန်နေသော အမူအရာက အံ့အားသင့်မှုများဖြင့် အစားထိုးခံလိုက်ရသည်။ သူမ ရှစ်ယဲ့အား ကြည့်လိုက်၏။ 

“အရှင့်သား…”


ရှစ်ယဲ့က သွားတန်းဖြူဖြူများ ပေါ်သည်အထိ ရယ်မောလိုက်သည်။

“မင်းက ဒီလောက်တောင် သေချင်နေမှတော့ ပန်ကုန်းက မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ် ...”


သူ့ စကားဆုံးသည်နှင့် သူ့လက်ချောင်းများက တင်းကြပ်သွား၏။ 


ရွယ်ရှန်း၏ မျက်နှာထက်တွင် မခံမရပ်နိုင်အောင် နာကျင်သော အမူအရာ ထွက်ပေါ်လာသည်။ သူမက ရုန်းပင်မရုန်းနိုင်ဘဲ အသက်ထွက်သွား၏။ 


“အမှိုက်ပဲ ...”

ရှစ်ယဲ့၏ အသံက အေးစက်နေပြီး ရွယ်ရှန်း၏ ခန္ဓာကိုယ်အား မြေပေါ်သို့ လွှင့်ပစ်လိုက်သည်။ 


သွေးများက ရွယ်ရှန်း၏ နှုတ်ခမ်းထောင့်မှ စီးကျလာသည်။ သူမ မျက်ဝန်းထဲတွင် ရှိခဲ့သော ပျော်ရွှင်မှုနှင့် ချစ်စိတ်မွှန်ခြင်းများ ပျောက်ဆုံးသွားကာ ကြောက်ရွံ့မှုနှင့် အမုန်းသာ ကျန်ရှိတော့၏။ 


သူမက အသက်ရှူရပ်သွားချိန်အထိ ရှစ်ယဲ့အား မမှိတ်မသုန် စိုက်ကြည့်နေသည်။ 


အခြားတစ်ဖက်တွင်မူ ဝမ်ချီက ထိုမြင်ကွင်းကို ကြည့်နေရင်း ဝတ်ရုံတစ်ခုလုံး ချွေးစေးများဖြင့် ရွှဲနစ်နေတော့သည်။



💮💮💮