Chapter 6
Viewers 7k

💮Chapter 6



လူသတ်လိုက်တယ် … လူသတ်လိုက်တာပဲ… 


အိမ်ရှေ့စံက လူသတ်လိုက်တယ် …


ဝမ်ချီ၏ ထိတ်လန့်နေသော မျက်ဝန်းအကြည့်က အလောင်းပေါ်သို့ ကျရောက်သွားသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြက်သီးများ ထောင်ထသွားသလိုပင် ခံစားလိုက်ရ၏။ 


သူ ယခင်က သရုပ်ဆောင်များစွာ အလောင်းအဖြစ် သရုပ်ဆောင်ကြသည်ကို မြင်ဖူးခဲ့သည်။ သို့သော် ယခုအခါမှသာ အလောင်းအစစ်ကို တွေ့ဖူးခြင်းဖြစ်၏။ ထို့အပြင် အလောင်းက မကြာသေးမီက အသက်ရှင်နေခဲ့သေးသည်။ 


ဝမ်ချီက သူ့အစာအိမ်အား တစ်စုံတစ်ခု ထိုးနှက်လာသည်ကို ခံစားလိုက်ရသည်။ ထို့နောက် ပျို့အန်ချင်စိတ်နှင့်အတူ အကြောက်တရားက ရိုးတွင်းခြင်ဆီများထဲမှ ဦးနှောက်ထံသို့ ဖြတ်သန်းသွားလေ၏။ 


သူက မရပ်မနား အန်ချနေမိသည်။ ထို့နောက် သူ့ကိုယ်သူ ထိန်းလိုက်၏။ 


အဆုံးသတ်တွင် ဝမ်ချီက နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်မိသည်။ 


ရှစ်ယဲ့အနီးရှိ မိန်းမစိုးနှင့် နန်းတွင်းအစေခံများက အံ့အားသင့်ပုံမပေါ်ခဲ့ပေ။


မိန်းမစိုးချုပ်က အမူအရာကင်းမဲ့စွာနှင့် နှစ်ကြိမ် လက်ခုပ်တီးလိုက်သည့်အခါ သူ့နောက်မှ မိန်းမစိုးငယ်လေးဦးက ရှေ့ထွက်လာကြ၏။ 


မကြာမီမှာပင် မိန်းမစိုးငယ်လေးဦးက ရွယ်ရှန်း၏ ခန္ဓာကိုယ်ကို သယ်ဆောင်သွားကြလေသည်။ 


ဝမ်ချီက လှုပ်ပင်မလှုပ်ရဲဘဲ နေရာတွင်သာ ရပ်နေမိ၏။ 


အစေခံတစ်ဦးက မည်သည့်နေရာကမှန်း မသိသည့် လက်သုတ်ပုဝါတစ်ခုကို ထုတ်ယူကာ ရွယ်ရှန်းအား ထိလိုက်သော ရှစ်ယဲ့၏လက်ချောင်းများကို ညှင်သာစွာ ဂရုတစိုက် သန့်စင်ပေးလိုက်သည်။ 


ရှစ်ယဲ့ ခေါင်းလှည့်လိုက်ချိန်တွင် သူ၏ အေးစက်စက် မျက်လုံးများက ဝမ်ချီ့အပေါ် ကျရောက်လာ၏။


သူ၏ မျက်ဝန်းများက တန့်နေသည့် ရေသေအိုင် တစ်ခုပမာ နက်မှောင်လှသည်။ ရှင်သန်ခြင်း အရိပ်အယောင် စိုးစဉ်းမျှ မရှိသော မျက်ဝန်းများက လွန်စွာ ထက်ရှလှ၏။ သူက တစ်ချက်ကြည့်ရုံဖြင့် ဝမ်ချီ၏ ဝိညာဉ်ကိုပင် ထွင်းဖောက် မြင်ရသည့်အလားပင်။ 


ဝမ်ချီက ကြောင်အနေရာမှ မြန်မြန် ခေါင်းငုံ့လိုက်မိသည်။ သစ်သားသေတ္တာကို ဆုပ်ကိုင်ထားသော သူ၏ လက်များက တုန်ယင်လျက်ရှိ၏။ 


နောက်တစ်စက္ကန့်၌  ရှစ်ယဲ့၏ အေးစက်စက်အသံကို သူကြားလိုက်ရသည်။

“တခြားလူတွေပေးတိုင်း ယူနေတာပဲလား … မင်းက တကယ့်ကို သတိမရှိတာပဲ ...”


ဝမ်ချီက ပို၍ပင် ခေါင်းငုံ့လိုက်မိ၏။ 


သူက အပြင်ဘက်တွင် မည်သည့်အမူအရာမှ ထွက်ပေါ်မလာသော်ငြား အတွင်းစိတ်ကမူ မုန်တိုင်းထန်နေလေပြီ။ 


ရွယ်ရှန်း သူ့ကို လက်ဖက်ရွက် ပေးခဲ့မှန်း ရှစ်ယဲ့က ဘယ်လိုသိမှာလဲ …


ထိုအခါ ရှစ်ယဲ့က ထပ်ပြောလိုက်၏။

“မင်းကို အဆိပ်ခတ်လိုက်မှာ မကြောက်ဘူးလား …”


ဝမ်ချီက ရှစ်ယဲ့၏ မျက်ဝန်းများကို ထိပ်တိုက် မကြည့်ဝံ့ချေ။ သူက ခေါင်းကို မြန်မြန်ငုံ့လိုက်ကာ ဆို၏။

“အိမ်ရှေ့စံက ဉာဏ်ပညာ ကြီးမားပြီး စွမ်းအားကြီးလွန်းပါတယ် … အိမ်ရှေ့စံရှိနေတဲ့ အရှေ့နန်းတော်မှာ နွားနတ်ဆိုးတွေနဲ့ မြွေဝိညာဉ်တွေက ဘယ်လို ပြဿနာမျိုးကိုမှ ရှာရဲမှာ မဟုတ်ပါဘူး …”


“မင်းက တကယ် ပြောတတ်တာပဲ ...”

သူ၏ မြှောက်ပင့်စကားများအပေါ် ကျေနပ်သွားသည့် ရှစ်ယဲ့က ရယ်ရင်းပြောသည်။

“မင်းပြောတာ အားလုံး မှားနေတာ နှမြောစရာပဲ … ”


ဝမ်ချီက နားမလည်သဖြင့် ခေါင်းမော့ကာ တွန့်ဆုတ်ဆုတ်ဖြင့် မေးလိုက်၏။

“အရှင့်သားက ဒီလက်ဖက်ခြောက်မှာ အဆိပ်ပါနေတယ်လို့ ဆိုလိုချင်တာလား … ”


ရှစ်ယဲ့က သူ့မေးဖျားကို ယခင်ကအတိုင်း ဖျစ်ညှစ်လိုက်သည်။ သူက မျက်ဝန်းများကို ကျဉ်းမြောင်းလျက် ကလေးငယ်တစ်ဦးအား စနောက်သကဲ့သို့ ပြောလိုက်သည်။

“မင်းသိချင်ရင် ကိုယ်တိုင်စမ်းကြည့်လေ …” 


ဝမ်ချီ  “…”


ရှစ်ယဲ့အနောက်ဘက်ရှိ မိန်းမစိုးက တစ်ခွန်းမှမဆိုလေဘဲ ရှေ့တက်လာကာ ဝမ်ချီ၏ လက်တွင်းရှိ သစ်သားသေတ္တာကို ယူလိုက်သည်။ သူက ထိုသေတ္တာအား လက်နှစ်ဖက်ဖြင့် ကိုင်ကာ ဝမ်ချီ့ထံကမ်းလိုက်၏။

“သခင်လေးဝမ် … ကျေးဇူးပြုပြီး ...”


ဝမ်ချီက ဖြစ်ရပ်အလှည့်အပြောင်းကြောင့် စိတ်ပျက်မှုများကို ခံစားလိုက်ရ၏။ 


ပြီးသွားပြီ …


အခုတော့ မျက်မြင်သက်သေဖြစ်သွားတဲ့ ငါ့အလှည့်ပေါ့လေ … 


ရှေးခေတ်ဇာတ်လမ်းတွဲတွေက တကယ့်ကို မှန်တာပဲ … မမြင်သင့်တာ မြင်မိရင် အသက်ပေးရမှာပဲ … အဆုံးသတ်ကျတော့ ငါ့လိုမျိုး အားနည်းတဲ့ ဖြတ်လျှောက်လေးက အိမ်ရှေ့စံရဲ့ လက်ထဲရောက်သွားရပြန်တာပဲကိုး … 


မူလက ဝမ်ချီမှာ လက်ဖက်ရွက်များကို ဂရုမစိုက်ခဲ့ပေ။ သူက ထိုသေတ္တာအား အံဆွဲအောက်ခြေ၌ သိမ်းထားရန်သာ ဆုံးဖြတ်ခဲ့သည်။ ယခုမူ ရှစ်ယဲ့၏ ပြုမူပုံအရ ထိုလက်ဖက်ရွက်များက တစ်စုံတစ်ခု မှားယွင်းနေပုံပင်။


ဝမ်ချီက ခဏကြာ တုံ့ဆိုင်းနေခဲ့သည်။ ထို့နောက် ရှစ်ယဲ့၏ တောက်လောင်နေသော အကြည့်အောက်၌ပင် လက်ဖက်ရွက်များကို လက်တစ်ဆုပ်စာ နှိုက်ယူလိုက်သည်။ ထို့နောက် ပါးစပ်ထဲသို့ ထည့်လိုက်ပြီး နှစ်ကြိမ်ခန့်ဝါးကာ မျိုချလိုက်၏။ 


သေရန် စိတ်ပိုင်းဖြတ်ပြီးသည့်နောက် ဝမ်ချီက ပို၍ သတ္တိရှိလာကာ ရှစ်ယဲ့၏ မျက်ဝန်းများကို တည့်တည့် ကြည့်လိုက်လေသည်။ 


ရှစ်ယဲ့၏ မျက်နှာတစ်ခြမ်းမှာ ပြင်းပြင်းထန်ထန် မီးလောင်ခံထားရသော်လည်း မျက်ရစ်ထူထူ၊ စူးရှသော ထောင့်စွန်းကလေးများနှင့် သူ့မျက်ဝန်းများက အလွန်လှပကြောင်း ဝမ်ချီ ဝန်ခံရပေမည်။ သူက ဘုရင်တစ်ပါး၏ အရှိန်အဝါဖြင့် မွေးဖွားလာသူတစ်ဦးပင်။ 


ကံမကောင်းစွာဖြင့် အဆိုပါ လှပသော မျက်ဝန်းများက ဗလာဖြစ်နေ၏။


ရှစ်ယဲ့က သူ့အကြည့်ကို သတိပြုမိလိုက်ကာ မျက်ဝန်းထက်၌ အသိရခက်သော အမူအရာများ ထင်ဟပ်လာသည်။ ထို့နောက် ဝမ်ချီ၏ ပါးပြင်အား လက်ချောင်းထိပ်ကလေးများဖြင့် ခပ်ဖွဖွ ပွတ်သပ်လိုက်၏။

“ မင်းက အရမ်းထူးဆန်းတယ် … သေရမှာကိုတောင် မကြောက်ဘူးပဲ ... “


ဝမ်ချီက ရိုးသားစွာ ပြောလိုက်သည်။

“ကျွန်တော် ကြောက်ပါတယ် ...”


ရှစ်ယဲ့၏ နှုတ်ခမ်းထောင့်များ လှုပ်ရှားသွားကာ မိန်းမစိုး လက်တွင်းရှိ သစ်သားသေတ္တာအား ကြည့်လိုက်သည်။ သူ့မျက်ဝန်းများက လှောင်ပြောင်ရိပ်များ စွန်းထင်လျက်ရှိ၏။ 

“အများကြီး စားလိုက်တာပဲ ...”


“…” 

ဝမ်ချီ ရှက်သွားကာ ချက်ချင်း ခွန်းတုံ့ပြန်လိုက်သည်။ 

“ကျွန်တော် မစားရင် အသက်ရှင်ပါဦးမလား … ”


“ဘယ်ရှင်ပါ့မလဲ ...”

အိမ်ရှေ့စံက သူ့ကို ကြည့်ကာ ရယ်လိုက်၏။

“ပန်ကုန်းက မင်းကို ပိုပြိီးဆိုးဆိုးဝါးဝါးသေအောင် လုပ်ပေးမှာ …”


ဝမ်ချီ စိတ်ညစ်သွားသည်။ 


ရှစ်ယဲ့က စကားဆုံးသည်နှင့် လက်ကို ဝှေ့ယမ်းလိုက်၏။ သူ့နောက်ပါးရှိ အစေခံက အလိုက်တသိဖြင့် ဘီးတပ်ကုလားထိုင်ကို တွန်းပေးလိုက်သည်။ 


ဝမ်ချီ ဘေးဖယ်ပေးလိုက်၏။ 


သို့သော် ဘီးတပ်ကုလားထိုင် မရွေ့သေးမီ ရှစ်ယဲ့၏ စိတ်မရှည်သော အသံက ပျံ့လွင့်လားသည်။

“မလိုက်လာသေးဘူးလား … ”


ဝမ်ချီ ခဏကြာ ကြောင်အသွား၏။ သူက ရှစ်ယဲ့ သူ့အား ပြောနေခြင်း ဖြစ်ကြောင်း အတည်ပြုပြီးနောက် အပြေးကလေး သွားတွေ့လိုက်သည်။

“အရှင့်သား ဘာများ အမိန့်ပေးလိုပါသလဲ …”


“ပန်ကုန်း နောက်လိုက်ခဲ့ …မောင်မင်း ကိုယ့်ကိုယ်ကိုယ် သေအောင် ဘယ်လို အဆိပ်ခတ်မလဲ ပန်ကုန်းတွေ့ချင်တယ် … ”

ရှစ်ယဲ့ ပြုံးလိုက်သည်။


ဝမ်ချီ: “…”


မေ့လိုက်တော့ … မေ့လိုက်တော့ … 


လူယဉ်ကျေးတွေက မဆဲတတ်ဘူး … 


သို့သော် သူသာ ထိုစကားများကို မတော်တဆ ပြောထွက်မိသွားပါက သူ့ခန္ဓာကိုယ်က မကြာခင် အေးစက်လာပြီး သနားစဖွယ် သေဆုံးသွားခဲ့ရမည်ပင်။ 


ဝမ်ချီက သူ၏ အေးစက်နေသော လည်ပင်းကလေးကို ထိလိုက်ကာ အစေခံနောက်မှ တွန့်ဆုတ်တွန့်ဆုတ်နှင့် လိုက်ပါလာခဲ့သည်။ 


ဝမ်ချီက သူစားလိုက်သည့် လက်ဖက်ခြောက်ထဲတွင် အဆိပ်ပါမပါ မသိရှိချေ။ လမ်းတစ်လျှောက်လုံး မည်သည့် တုံ့ပြန်မှုကိုမှ မပြခဲ့သော်လည်း သူ့အတွေးနှင့်သူ လန့်သေလုနီးနီး ဖြစ်နေ၏။ 


အရှေ့ဘက်မှ သွားနေသော နန်းတွင်းအပျိုတော် ရပ်မသွားမီ ဝမ်ချီက အိမ်ရှေ့စံ၏ ဓားချက်ဖြင့် လဲကျသွားသော သူ့ပုံရိပ်ကို မရေမတွက်နိုင်အောင် မြင်ယောင်ကြည့်နေမိသည်။ 


သူက အဆိုပါ ခန့်မှန်းရခက်သော မင်းသားကို အလွန်ကြောက်၏။ 


အိမ်ရှေ့စံ သူ့အား ရုတ်တရက် ခေါ်လာခြင်းမှာ မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ၊ ကောင်းသည့်အရာ မဟုတ်ပေ။ 


ဝမ်ချီက ရှစ်ယဲ့ သူ့အား စာကြည့်ခန်းထံ ဦးဆောင်သွားခြင်းဖြစ်ကြောင်း နားလည်ချိန်မှသာ သူ့အတွေးများကို ရပ်လိုက်နိုင်သည်။ 


စာကြည့်ခန်းမှာ အလွန်ကြီးမားလှ၏။ အခန်းထဲတွင် စာရွက်များ ပြည့်နှက်နေသည့် စားပွဲခုံကြီးတစ်လုံးအပြင် နောက်မှီကုလားထိုင်များနှင့် ညောင်စောင်းတစ်ခုပါ ရှိလေသည်။ 


ဝမ်ချီက ခေါင်းငုံ့ကာ ထောင့်တစ်ထောင့်တွင် သွားရပ်လိုက်သည်။ ထို့နောက် သူ့နှာခေါင်းနှင့် ပါးစပ်ကိုသာ ငုံ့ကြည့်နေ၏။ ရှစ်ယဲ့ သူ၏ တည်ရှိမှုကို သတိမပြုမိသရွေ့ သူ့အား မမြင်ရသော လူတစ်ဦးကဲ့သို့ ဆက်ဆံပေလိမ့်မည်။ 


ကောင်းကင်ဘုံက ဝမ်ချီ၏ ဆုတောင်းကို ကြားသိသွားပုံရသည်။ အပျိုတော်က ရှစ်ယဲ့အား စားပွဲခုံနောက်သို့ တွန်းပေးလိုက်၏။ သူက နဖူးကို လက်ဖြင့်ထောက်ကာ မျက်ဝန်းများ မှိတ်လျက်သားဖြင့် မိန်းမစိုးက တင်ပြသော စာရွက်ပါ အကြောင်းအရာများ အကျဉ်းချုပ်ကို နားထောင်နေတော့သည်။ 


မိန်းမစိုးက သေသေချာချာ တစ်ခုချင်း တင်ပြလျက်ရှိသည်။ 


ဝမ်ချီက ထောင့်တစ်နေရာ၌ မတ်တပ်ရပ်ရင်း လက်ဖက်ရွက်တွင် အမှန်တကယ် အဆိပ်ရှိမရှိ မဝံ့မရဲတွေးကာ သေခြင်းကို စောင့်ဆိုင်းလျှက်ရှိ၏။ 


ရှစ်ယဲ့က သူ၏ နတ်ဆိုးဆန်သောလှည့်ကွက်များကို အသုံးပြုကာ သူ့အား စနောက်ခြင်းက မဖြစ်နိုင်သည့် ကိစ္စမဟုတ်ချေ။ 


အဆုံးသတ်တွင် ၎င်းက သေခြင်းရှင်ခြင်းနှင့် ပတ်သတ်သည့် အရေးကြီးကိစ္စဖြစ်ရာ ဝမ်ချီ အတွေးထဲ မျောသွားတော့၏။ 


ရုတ်တရက်ဆိုသလို ရှစ်ယဲ့၏ အေးစက်စက်အသံ ထွက်ပေါ်လာသည်။

“ထိုင်နေ ...”


ဝမ်ချီ သူ့အတွေးများကို မြန်မြန်ဆန်ဆန် ရုတ်သိမ်းလိုက်၏။ သူခေါင်းမော့ ကြည့်လိုက်ချိန်တွင် သူ့အား ထူးမခြားနားဟန်ဖြင့် ကြည့်နေသော ရှစ်ယဲ့၏ မျက်ဝန်းနက်တစ်စုံကို တွေ့လိုက်ရသည်။ 


ဝမ်ချီ၏ နောက်ကျောက ချွေးစေးများဖြင့် စိုရွှဲသွားပြီး မျက်ဝန်းထောင့်မှတစ်ဆင့် ညောင်စောင်းတစ်ခုကို တွေ့လိုက်ရ၏။ သူက ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရင်း ညောင်စောင်းပေါ် မဝံ့မရဲ ထိုင်ချလိုက်သည်။ 


ရှစ်ယဲ့က ကျေနပ်သွားဟန်ဖြင့် မိန်းမစိုးအား ဆက်ဖတ်ရန် မျက်ရိပ်ပြလိုက်၏။ 


ရလဒ်အနေဖြင့် မိန်းမစိုး စာအနည်းငယ် ဖတ်ပြပြီးသည့်နောက် ရှစ်ယဲ့က ထပ်ပြောလိုက်ပြန်သည်။

“စား … ”


မိန်းမစိုး၏ အသံက ရုတ်ချည်း ရပ်တန့်သွားကာ စာရွက်အား ကြောက်လန့်စွာဖြင့် ဖိကိုင်လိုက်မိသည်။ 


စာကြည့်ခန်းအတွင်းရှိ အပျိုတော်များနှင့် မိန်းမစိုးများသည်လည်း ကြောက်လန့်စွာ ခေါင်းနှင့်ရင်ဘတ်ထိမတတ် ခေါင်းငုံ့လိုက်ကြသည်။ သူတို့၏ မျက်နှာများမှာလည်း ဖြူလျော်နေ၏။


ဝမ်ချီက ရှစ်ယဲ့ သူ့ကို ပြောနေခြင်းဖြစ်ကြောင်း စိတ်ပျက်လက်ပျက်ဖြင့် နားလည်လိုက်ရပြန်သည်။ သူခေါင်းလှည့်လိုက်ချိန်တွင် ညာဘက်စားပွဲပေါ်၌ ဌာပနာမုန့်များ ရှိနေသည်ကို တွေ့လိုက်ရ၏။ သူက လက်ကိုဆန့်ကာ အလှဆုံးတစ်ခုကို ရွေးချယ်လိုက်သည်။ 


ထို့နောက် လက်နှစ်ဖက်ဖြင့် ကိုင်ကာ တတိတိ ကိုက်စားလိုက်၏။ 


ရှစ်ယဲ့က မေးထောက်ရင်း ဝမ်ချီအား ကြည့်နေသည်။ သူ မည်သည့်အရာကို တွေးနေခြင်းဖြစ်ကြောင်း မည်သူမှ ပြောနိုင်မည်မဟုတ်ပေ။ 


ဝမ်ချီ၏ နောက်ကျောရှိ ချွေးများက ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့လာ၏။ သူက စားနေခြင်းကိုရပ်ရန် မဝံ့ရဲချေ။ 


နောက်ဆုံးတွင် သူက ဌာပနာမုန့်တစ်ပန်းကန်လုံး စားသောက်လိုက်သည်။ 


ရှစ်ယဲ့က မေး၏။

“အရသာရှိလား … ”


ဝမ်ချီ ရိုးသားစွာ ဖြေလိုက်သည်။

“အရသာရှိပါတယ် ...အများကြီး စားလိုက်မိရုံပါပဲ …” 


မမျှော်လင့်ထားစွာဖြင့် ထိုအဖြေအား ကြားသည့်အခါ ရှစ်ယဲ့က အလွန်ရယ်ရသည့် ဟာသတစ်ခုကို ကြားလိုက်ရသည့်အလား ဘီးတပ်ကုလားထိုင်၏ လက်ကိုင်ကို ကိုင်ရင်း တဟားဟား ရယ်မောတော့၏။ 


စာကြည့်ခန်းထဲတွင် ဝမ်ချီနှင့်အခြားလူများက ကြက်များသဖွယ် တိတ်နေကြသည်။ ရှစ်ယဲ့ကမူ သူ့ကိုကြည့်ရင်း ရယ်နေဆဲပင်။ 


အချိန်အတော်ကြာ ရယ်မောပြီးသည့်နောက် သူက ဝမ်ချီကို လက်ညှိုးထိုးရင်း ပြောလိုက်သည်။

“ဘာလို့ အကုန်လုံး စားနေတာလဲ … ”


ဝမ်ချီ: “…”


ချီးတဲ့မှ … 


ငါ မစားရင် မြန်မြန်သေတော့မှာလေ … 


ဝမ်ချီ၏ အစာအိမ်က ဌာပနာမုန့်များဖြင့် ပြည့်နှက်နေကာ အန်ပင်ချလိုက်ချင်၏။ သို့သော် သူက မအန်ဝံ့ဘဲ ခေါင်းငုံ့ကာ ရှက်ဟန်ဆောင်နေရသည်။ 


“မင်း ဒီလောက်ထိ စားရတာကို ကြိုက်မှတော့ ...အခုကစပြီး ဒီမှာနေ့တိုင်းလာစား ...”

အိမ်ရှေ့စံက ပြောလိုက်သည်။


ဝမ်ချီ: “……”


ဝမ်ချီ ငိုချချင်လာ၏။ သို့သော် သူက နှလုံးသားတွင်းရှိ ဝမ်းနည်းမှုကို ချုပ်တည်းကာ ပြောလိုက်သည်။

“ကျေးဇူးကြီးလှပါတယ် အိမ်ရှေ့စံ…”


သို့သော် အကောင်းဘက်မှကြည့်လျှင် ရှစ်ယဲ့ ထိုသို့ပြောပုံအရ လက်ဖက်ခြောက်များ၌ အဆိပ်မပါသလို သူသည်လည်း ရက်အနည်းငယ် အသက်ရှင်နိုင်သေးသည်သာ။ ဝမ်ချီ သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ 


ဝမ်ချီက ဝါးပလွေအိမ်တော် သို့ သစ်သားသေတ္တာကို ကိုင်ရင်း ပြန်လာ၏။ ဖင်အန်းက အချိန်အတော်ကြာကတည်းက ပြန်ရောက်နေခြင်းဖြစ်ပြီး အိမ်ဝန်းတစ်ခုလုံး နှံ့အောင် ဝမ်ချီ့အား လိုက်ရှာနေခဲ့သည်။ 


ဝမ်ချီ၏ ပုံရိပ်ကို မြင်လိုက်ရသည့်နောက် ဖင်အန်း၏ မျက်နှာတစ်ခုလုံး တောက်ပသွား၏။ 


“သခင်လေးဝမ် … ဘာမှမဖြစ်လို့ တော်ပါသေးတယ် …” 

ဖင်အန်း အမြန်လှမ်းလာသည်။


ဝမ်ချီက အပြင်ဘက်တွင် အဆင်ပြေသယောင် ထင်ရသော်ငြား သေခြင်းမှ ပြန်လာသည့် ခံစားချက်က သူ့အား လမ်းတစ်လျှောက်လုံး လွင့်မျောနေသယောင် ခံစားရစေသည်။ သူက အနားယူရန် အချိန်လိုအပ်၏။ 


ထိုသို့တွေးမိသည်နှင့် ဝမ်ချီက အရှိန်တင်လိုက်သည်။

“ငါပင်ပန်းနေတယ် … ခဏနားဖို့လိုတယ် ...”


ဖင်အန်းက စိတ်ပူနေဆဲပင်။

“သခင်လေးဝမ် … သခင်လေး ကိုယ်လုပ်တော်ရွယ်ရှန်း၊ သခင်လေးရွယ်ကွေ့တို့နဲ့ ရေကန်နားမှာ တွေ့ခဲ့တယ်လို့ ကျွန်တော်ကြားခဲ့တယ် … ကိုယ်လုပ်တော်က အဆင်ပြေပေမယ့် သခင်လေးရွယ်ကွေ့က စိတ်သဘောကျဉ်းမြောင်းပြီး မောက်မာတယ်တဲ့ … သခင်လေး သူ့ကို ရန်စမိမှာ ကျွန်တော်စိုးရိမ်နေခဲ့တာ …” 


ရွယ်ရှန်းအမည်ကို ကြားရချိန်တွင် ဝမ်ချီ၏မျက်နှာက ရုတ်တရက် အကျည်းတန်သွားသည်။ သူက ဖင်အန်း၏ ကျန်စကားလုံးများကိုပင် အရေးမစိုက်အားတော့ဘဲ အိပ်ခန်းထံသို့သာ အမြန်ဦးတည်လိုက်သည်။ 


ဖင်အန်းက စိတ်ပူနေသော်လည်း ဝမ်ချီအား နှောင့်ယှက်ရန် မဝံ့ရဲချေ။ သူက အခန်းတံခါးရှေ့တွင် ယောင်လည်လည် လုပ်နေပြီးနောက် ဝမ်ချီ၏ခြေထောက်များကို ဆေးကြောပေးရန်အတွက် ယောဖန်းနှင့် ယောထောင်အား လိုက်လံရှာဖွေလိုက်၏။ 


ဝမ်ချီ အင်္ကျီလဲကာ အိပ်ရာပေါ် လှဲလျောင်းလိုက်သည်။ သူက တစ်နေ့ခင်းလုံး လျှောက်သွားပြီးသည့်နောက် ပင်ပန်းနေပြီဖြစ်၏။ သို့သော် အိပ်မပျော်နိုင်ခဲ့ပေ။


အမှောင်ထုထဲတွင် သူက ရွယ်ရှန်းမသေမီ ဖြစ်ပေါ်ခဲ့သော ကြောက်ရွံ့မှုနှင့် ခါးသီးမှုများ ပြည့်နှက်နေသည့် အမူအရာကို သတိရလာသည်။ 


ရှစ်ယဲ့၌ လူတစ်ဦး၏ လည်ပင်းကို လက်ဗလာဖြင့် ချိုးနိုင်သည့် ခွန်အားမျိုး ပိုင်ဆိုင်လိမ့်မည်ဟု ဝမ်ချီ စိတ်ပင်မကူးခဲ့ဖူး။ 


အကယ်၍ ရှစ်ယဲ့သာ သူ ဝမ်လျန်မဟုတ်ကြောင်း သိရှိသွားပါက … 


ဝမ်ချီ ကြောက်ရွံ့မှုဖြင့် လည်ပင်းလေးကျုံ့လိုက်မိ၏။ သူက ဝမ်လျန်နှင့်မတူပဲ အနာဂတ်တွင် သာ့ပေါင်းကဲ့သို့ ရှစ်ယဲ့နှင့် နေ့တိုင်းတွေ့ဆုံရမည်ဖြစ်၏။ ထုတ်ဖော်ခံလိုက်ရနိုင်ချေများက လက်ရှိထက် ဒါဇင်နှင့်ချီ၍ ဆတိုးပွားလာမှာပင်။ 

(T/N - သာ့ပေါင်းက စကင်ကဲကုမ္မဏီပါတဲ့) 


မနက်ဖြန်ဆိုလျှင်ပင် ရှစ်ယဲ့ သိကောင်းသိသွားနိုင်သည်။ 


ဝမ်ချီအား ပို၍ ခေါင်းကိုက်စေသည့် အရာမှာ ဝမ်ချန်ချင်းက သူ့ခေါင်းပေါ်သို့ အိုးပူကြီးကို လာတင်ပေးတော့မည်ဖြစ်သည်။ 


နောက်ထပ်ရက်အနည်းငယ်အတွင်း သူက ဝမ်လျန်အား သတိမေ့အောင် ပြုလုပ်၍ ပိတ်လှောင်ထားခဲ့ပြီး နန်းတွင်းသို့ ဝင်ရောက်ခဲ့သည့် သတင်းက ဝမ်မိသားစုနေအိမ်မှတစ်ဆင့် ပျံ့နှံ့လာတော့မှာဖြစ်၏။ 


မဖြစ်နိုင်ဘူး … 


ငါ တတ်နိုင်သမျှ မြန်မြန်နည်းလမ်းရှာမှဖြစ်မယ် …




💮💮💮