Chapter 7
Viewers 5k

💮Chapter 7



ဝမ်ချီ အိပ်ရာနိုးနိုးချင်း မလွယ်ကူမှုကို ခံစားလိုက်ရသည်။ 


ယမန်နေ့၌ ရှစ်ယဲ့က မည်သည့်အချိန်၌ လာရမည်ဟု မပြောခဲ့ချေ။ ထို့ကြောင့် သူ့အနေဖြင့် တစ်ဖက်လူထံမှ အမိန့်ချလာသည်ကို စောင့်ဆိုင်းရတော့မည် ဖြစ်၏။ 


ရလဒ်အနေဖြင့် ဝမ်ချီ တစ်နေ့လုံး စောင့်နေရတော့သည်။ 


မှောင်မဲလာသည့် ကောင်းကင်ကို ကြည့်ရင်း တစ်နေ့လုံး ပူပန်နေရသည့် ဝမ်ချီက စိတ်သက်သာရာ ရမှုအား ခံစားလိုက်ရသည်။ 


ညနေဘက်တွင် ညစာစားပြီးသည့်နောက် ယောထောင်က ရုတ်တရက် ရောက်ချလာ၏။ 


“သခင်လေးဝမ်... သခင်လေး လိုချင်တာအားလုံး ပြင်ဆင်ပြီးပါပြီ ...”

ယောထောင်က ပျော်ရွှင်စွာ ပြောလိုက်သည်။


ဝမ်ချီက ထိုအခါမှသာ ယောထောင်အား ပစ္စည်းအချို့ ပြင်ဆင်ခိုင်းခဲ့ကြောင်း သတိရသွား၏။ လွန်ခဲ့သော နှစ်ရက်အတွင်း ရှစ်ယဲ့ကြောင့် အလုပ်များနေခဲ့ရာ ယောထောင်အား စေခိုင်းခဲ့သည့် ကိစ္စကို မေ့သွားခဲ့ခြင်းပင်။ 


သူက ယောထောင်နှင့် ယောဖန်းအား ပြင်ဆင်ထားသည့် အရာများကို ယူဆောင်လာရန် အမိန့်ပေးလိုက်သည်။ မကြာမီမှာပင် သူတို့က ပစ္စည်းများနှင့် အပြည့်ဖြစ်နေသော စားပွဲတစ်လုံးကို သယ်လာကြ၏။ 


သူက သစ်သီးခရင်မ်ကိတ် လုပ်မည်ဖြစ်သည်။ 


ခေတ်သစ်တွင် ခရင်မ်ကိတ်လုပ်ရန် အလွန်လွယ်ကူပြီး ထမင်းပေါင်းအိုးနှင့်ပင် ပြုလုပ်နိုင်သည်။ သို့သော် လက်ရှိခေတ်၌မူ ကုန်ကြမ်းပစ္စည်းများ အလွယ်တကူ မရရှိနိုင်သဖြင့် ဝမ်ချီက အရိုးရှင်းဆုံး ပစ္စည်းများကိုသာ အသုံးပြုရတော့သည်။ 


သူက ဖင်အန်းအား စုတ်တံနှင့် စာရွက်ယူလာရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူ့မှတ်ဉာဏ်ထဲတွင် ရှိသမျှ အရာအားလုံးကို ချရေးလိုက်၏။ 


သူက simplified တရုတ်စာလုံးများကို အသုံးပြုခဲ့သဖြင့် ယောဖန်းနှင့် ယောထောင်က နေ့တစ်ဝက်ခန့် အချိန်ကုန်သွားသည့်တိုင် စာလုံးတော်တော်များများကို နားမလည်နိုင်ခဲ့ပေ။


အဆုံးသတ်တွင် ဝမ်ချီက နှုတ်တိုက်ချပေးကာ ယောထောင်အား လိုက်ရေးခိုင်းရတော့သည်။ 


လက်ရှိခေတ်တွင် ကိတ်မုန့်ကို ပြုလုပ်ခြင်းထက် ခရင်မ်အား ပြုလုပ်ခြင်းက ပို၍ခက်ခဲ၏။ ဝမ်ချီက နည်းလမ်းများစွာ တွေးခဲ့သော်လည်း အဆုံးသတ်၌ အရိုးရှင်းဆုံး ယနည်းလမ်းကိုသာ ရွေးချယ်လိုက်၏။ နို့ကို ခေတ္တအအေးခံကာ နို့မျက်နှာပြင်ရှိ မလိုင်ဖတ်များကို ဆယ်ယူစေသည်။ ထို့နောက် အဆိုပါ မလိုင်ဖတ်များအား ထပ်ခါထပ်ခါ နယ်ခြင်းဖြင့် ခရင်မ်များကို ဖြည်းဖြည်းချင်း ရရှိနိုင်မည်ဖြစ်၏။ အဆိုပါ နည်းလမ်းက အချိန်ကုန်ပြီး ခရင်မ်အရနည်းသော်လည်း ဘာမှမရှိသည်ထက် သာလွန်လေသည်။ 


ကံကောင်းစွာဖြင့် ယောဖန်းနှင့် ယောထောင်တို့ နှစ်ဦးလုံးက အလုပ်ကြိုးစားသော မိန်းကလေးများ ဖြစ်ကြရာ ဝမ်ချီ အကြိမ်အနည်းငယ်ခန့် ညွှန်ကြားပြီးသည့်နောက် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ကြ၏။ 


မူလက ဝမ်ချီ သူတို့နှစ်ဦးကို ဘေးမှ ညွှန်ကြားပေးနေခဲ့သည်။ သို့သော် မိန်းကလေးနှစ်ဦး ကောင်းကောင်းလုပ်နေသည်ကို မြင်ရသည့်နောက် သူက နောက်ဆုတ်ကာ ကုလားထိုင်ပေါ်တွင် အနားယူနေလိုက်၏။ 


ဖင်အန်းက အလုပ်မရှိသဖြင့် သူ့ထံသို့ ချဉ်းကပ်လာကာ သူ့ခြေထောက်များကို နှိပ်နယ်ပေးနေသည်။ 


ဝမ်ချီက အခြားလူများ သူ့ကိုခစားသည်ကို အသားမကျသည့် အလျောက် လက်ကို ဝှေ့ယမ်းပြရင်း ဖင်အန်းအား သူ့ဘာသူ နေစေ၏။ 


သို့သော် ဖင်အန်းက ထွက်မသွားခဲ့ဘဲ ကုလားထိုင် အနောက်တွင်သာ နာနာခံခံ ရပ်နေလေသည်။ သူ့ မျက်လုံးများက ယောဖန်းနှင့် ယောထောင်တို့အပေါ် ခဏခဏ ကျရောက်နေ၏။ သူက နောက်ဆုံးတွင် သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ မေးလိုက်သည်။

“သခင်လေးဝမ် … သူတို့ ဘာလုပ်နေကြတာလဲ .. ”


“ကိတ်မုန့်လေ …ကြားဖူးလား …”

ဝမ်ချီက ပြောသည်။


“ကိတ်မုန့်က ဘာများလဲ … ဒီအစေခံက အမှတ်တမဲ့ နေမိခဲ့ပါတယ် ...”

ဖင်အန်း ခေါင်းကုတ်လိုက်၏။


ဝမ်ချီက မည်သို့ ရှင်းပြရမည်မှန်း မသိ၍ သူက ဤအတိုင်း ပြောလိုက်သည်။

“ပြီးသွားရင် သိလိမ့်မယ် ...”


ဖင်အန်း ထပ်မေးလိုက်ပြန်သည်။

“သခင်လေးဝမ် … ဒီကိတ်က ဘာအတွက်လဲ …”


“စားဖို့လေ … အာ … ငါနဲ့ တခြားလူတွေ စားဖို့ ...”

ဝမ်ချီ တစ်စုံတစ်ခုကို သတိရသွား၏။

“စကားမစပ် ငါဘယ်နေ့ ပြန်လို့ရလဲ မင်းသိလား … ငါ အဖေ့ကို သတိရလို့ သွားတွေ့ချင်မိတယ် ...”


ဖင်အန်းက ပြောလိုက်၏။

“သခင်လေး အိမ်ကို အချိန်မရွေး ပြန်လို့ရပါတယ် … ဒါပေမယ့် ဒီအစေခံ၊ ယောဖန်းနဲ့ ယောထောင်တို့ကတော့ သခင်လေးနဲ့ အိမ်ပြန်တဲ့လမ်းမှာ အဖော်ပြုပေးလို့ မရပါဘူး … သခင်လေးပြန်ချင်တယ်ဆိုရင် ဒီအစေခံက မကြာခင် ဝမ်အိမ်ကို တစ်ယောက်ယောက် စေလွှတ်ပြီး သခင်လေးကို လာခေါ်ဖို့ ပြောခိုင်းလိုက်ပါ့မယ် ...”


“မလိုဘူး …”

ဝမ်ချီ မြန်မြန်ငြင်းလိုက်၏။ သူက နေ့ရက်များကို လက်ချိုးရေတွက်ရင်း ဆိုသည်။

“အခုချက်ချင်း အလျင်လိုတဲ့ ကိစ္စမဟုတ်ပါဘူး … နောက်ထပ် ရက်နည်းနည်းလောက် စောင့်ကြတာပေါ့ … ”


ကိတ်မုန့်လုပ်ရခြင်းမှာ မလွယ်ကူချေ။ ယောဖန်းနှင့် ယောထောင်က ထိုနယ်ပယ်၌ ကျွမ်းကျင်ကြရာ ခဏအကြာတွင် ကိတ်မုန့်က ပုံပေါ်လာ၏။ သို့သော် အရသာမှာ ပုံမှန်သာဖြစ်သည်။ 


ဖင်အန်းက အနည်းငယ် ယူမြည်းလိုက်ရင်း မျက်မှောင်ကြုတ်သွား၏။ 


ဝမ်ချီက ပြုံးကာ ဖင်အန်းကို မေးလိုက်သည်။

“ဘယ်လိုနေလဲ …” 


ဖင်အန်း လည်ပင်းလေးကျုံ့ကာ အမှန်အတိုင်း ဖြေလိုက်သည်။ 

“ယောထောင် လုပ်နေကျ ပဲဌာပနာမုန့်လောက်တောင် အရသာမရှိပါဘူး ...”


ယောဖန်းနှင့် ယောထောင်သည်လည်း အနည်းငယ် ယူမြည်းလိုက်သည်။ သူတို့၏ အမြင်များသည်လည်း ဖင်အန်းနှင့် အတူတူပင်။ စိတ်အားတက်ကြွနေသည့် မိန်းကလေးနှစ်ဦး၏ မျက်နှာထက်၌ ဆုံးရှုံးမှု အရိပ်အယောင်များ ထင်ဟပ်လာ၏။  


သို့သော် ဝမ်ချီက ပြောလိုက်သည်။

“ဒါက တော်တော်လေး ကောင်းနေပါပြီ …”


ယောဖန်းက ဝမ်ချီသူတို့အား နှစ်သိမ့်နေသည်ဟု ထင်ကာ အပြစ်ရှိစိတ်ဖြင့် ပြောလိုက်သည်။

“သခင်လေးဝမ် … ကျွန်မတို့ကို အချိန်နည်းနည်း ထပ်ပေးပါ … ကျွန်မတို့ ပိုကောင်းတာကို လုပ်နိုင်ပါတယ် ...”


ယောထောင်က ထောက်ခံလိုက်၏။

“ဟုတ်ပါတယ် … သခင်လေးဝမ် … ”


ဝမ်ချီ ပြုံးရုံသာပြုံးကာ ပြန်မဖြေဘဲ ပြင်ဆင်ထားသည့် ခရင်မ်ကို ကိတ်မုန့်ထက်သို့ တင်လိုက်၏။ သူက ခရင်မ်ကို နှံ့စပ်အောင် သုတ်လိုက်သဖြင့် ထူထဲသော ဖွေးဆွတ်ဆွတ် အလွှာတစ်ခုပင် ဖြစ်ပေါ်လာသည်။ 


ထို့နောက် ကိတ်မုန့်ကိုလှီးကာ လူတိုင်းကို တစ်စိတ်စီ ပေးလိုက်သည်။ 


ယောဖန်းနှင့် ယောထောင်တို့က အံ့အားသင့်သည့် အမူအရာများ ထုတ်ပြလာကြသည်။ မိန်းကလေး နှစ်ဦးက တစ်ဦးကို တစ်ဦး ကြည့်ကာ ရေရွတ်လိုက်ကြသည်။ 

“အရမ်းချိုတယ် … အရသာရှိလိုက်တာ … ”


ကံမကောင်းစွာဖြင့် အခြားတစ်ဖက်ရှိ ဖင်အန်းကမူ မျက်မှောင်ကြုတ်လိုက်ကာ ဝမ်ချီအား ခါးသီးစွာ ကြည့်လိုက်သည်။

“သခင်လေးဝမ် … ဒီ … ဒီကိတ်က ချိုလွန်းတယ် …”


ဝမ်ချီ မျက်ဝန်းများကို မှေးကျဉ်းကာ ပြုံးလိုက်၏။

“ဒါက ချိုတာဟုတ်တယ် … ဒါပေမယ့် ငါတို့အတွက် မဟုတ်ဘူး …” 


ဖင်အန်း နားမလည်ဖြစ်သွား၏။

“ဒါဆို သခင်လေးဝမ်က ဘယ်သူ့ကို ပေးမလို့လဲ … ”


ဝမ်ချီက ယောဖန်းနှင့် ယောထောင်ကို ကြည့်လိုက်သည်။ 

“အချိုကြိုက်တဲ့ လူတွေကိုပေါ့ … ”


ထို့နောက် နေ့ရက်အနည်းငယ် ကုန်လွန်သွား၏။ 


ရှစ်ယဲ့၏ လူများက လာမရှာခဲ့ရာ ဝမ်ချီက မေ့ပင်မေ့နေချေပြီ။ သူက ယောဖန်း၊ ယောထောင်တို့နှင့်အတူ သစ်သီးမလိုင်ကိတ် ပြုလုပ်ခြင်း၌သာ အာရုံစိုက်ထားသည်။ ကိတ်မုန့် ပုံပေါ်လာပြီ ဖြစ်သော်ငြား ၎င်းက လူများ၏ စားချင်စိတ်ကို မနှိုးဆွပေးနိုင်သေးချေ။  


ယနေ့ နေ့လည်ခင်းတွင် နေက တောက်ပစွာ သာနေ၏။ 


ဝမ်ချီက အခန်းထဲတွင် ယောထောင် ကိတ်မုန့်ပေါ် ခရင်မ်သုတ်သည်ကို ကြည့်နေသည်။ ရုတ်တရက်ဆိုသလို ဖင်အန်းက အမြန်ပြေးဝင်လာ၏။ 


“သခင်လေးဝမ် … မိန်းမစိုးကျိုး ဒီကိုရောက်လာပါတယ်… ”

ဖင်အန်းက ပြောသည်။


ဝမ်ချီ ခဏကြောင်သွား၏။ ထို့နောက် မိန်းမစိုးကျိုးက ရှစ်ယဲ့အား ခစားခြင်းဖြစ်ကြောင်း အမှတ်ရသွားလေသည်။ 


သူက လက်ထဲရှိ ပစ္စည်းအားလုံးကို လွှတ်ချကာ မိန်းမစိုးကျိုးနှင့် သွားတွေ့လိုက်သည်။ မိန်းမစိုးက ခြံထဲတွင် အေးစက်စက် စောင့်ဆိုင်းနေ၏။ သူ့အနောက်ဘက်တွင်မူ ခေါင်းနှင့်ရင်ဘတ် ထိမတတ် ခေါင်းငုံ့ထားသည့် နန်းတွင်း အပျိုတော်နှစ်ဦး ရှိနေသည်။ 


ဝမ်ချီ ချဉ်းကပ်လာသည်ကို တွေ့လိုက်သည်နှင့် မိန်းမစိုးကျိုးက အသံကိုမြှင့်၍ ပြောလိုက်သည်။

“သခင်လေးဝမ် အရှင့်သားက သခင်လေးဝမ်ကို ခေါ်လာဖို့ ဒီအစေခံကို အမိန့်ပေးလိုက်ပါတယ် … ”


ဝမ်ချီ ထိတ်လန့်သွားကာ တွေးလိုက်မိသည်။ 

သေပြီလေ ...


ဖြစ်မယ့်ကိစ္စက ဖြစ်လာမှာပဲ … 


သူက စိတ်ဓာတ်ကျနေသည့် နှလုံးသားကို သယ်ဆောင်လျက် မိန်းမစိုးကျိုး၏ အနောက်မှ စာကြည့်ခန်းထံသို့ လိုက်ပါလာ၏။ 


သူ စာကြည့်ခန်းသို့ ရောက်ချိန်တွင် စာကြည့်ခန်းအောက်ဘက်ရှိ လှေကားထစ်များထက်၌ ဒူးထောက်နေသည့် ပါးလျသော ပုံရိပ်တစ်ခုကို ဝမ်ချီ တွေ့လိုက်ရသည်။


သူတို့နှစ်ဦးကြားရှိ အကွာအဝေး နီးကပ်လာချိန်တွင် ဒူးထောက်နေသည့် ပုဂ္ဂိလ်မှာ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသည့် အသက်နှစ်ဆယ်အရွယ် အမျိုးသားဖြစ်ကြောင်း တွေ့လိုက်ရ၏။ 


အမျိုးသားက မြေပြင်ကိုသာ စိုက်ကြည့်နေ၏။ သူ၏ မျက်နှာတစ်ခုလုံးက အရိပ်ကျနေရာ သူ့အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။ 


ဝမ်ချီက ပို၍သိချင်လာ၏။ သူ ထိုလူ့အနားမှ ဖြတ်သွားချိန်တွင် မသိမသာ ကြည့်လိုက်သည်။ သို့သော် ထိုသူ၏ တစ်စုံတစ်ခုကို ချုပ်တီးထားရသည့်နှယ် ထင်ရှားနေသည့် မေးရိုးကိုသာ တွေ့လိုက်ရလေသည်။ 


ဝမ်ချီ အကြည့်ကို ပြန်ရုတ်သိမ်းရန် ပြင်လိုက်စဉ် အမျိုးသားက တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် ခေါင်းမော့ကြည့်လာ၏။ 


မျက်ဝန်းနှစ်စုံက ဆုံတွေ့သွားကြသည်။ 


ဝမ်ချီက အမျိုးသား မျက်ဝန်းထဲရှိ အံ့အားသင့်မှုနှင့် တစ်ပါတည်းလိုက်လာသော မနာလိုမှုကိုပါ ဖမ်းဆုပ်မိလိုက်သည်။ 


“မိန်းမစိုးကျိုး … သူက ဘယ်သူလဲ … ”

အမျိုးသား၏ မျက်နှာမှာ ကြော့ရှင်းလှပြီး မျက်ခုံးနှစ်ခုကြားရှိ အနီရောင်မှဲ့သည်လည်း နေရောင်အောက်တွင် ထင်ရှားတောက်ပနေသည်။ သူက ဝမ်ချီအား လက်ညှိုးထိုးကာ ဒေါသတကြီး အော်လိုက်၏။

“ဘာလို့ သူကျ အိမ်ရှေ့စံနဲ့ တွေ့လို့ရပြီး ငါ့ကိုကျ ခင်ဗျားတို့က တားရတာလဲ …”


မိန်းမစိုးကျိုးက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“သခင်လေးကျိုး … ဒါက အိမ်ရှေ့စံရဲ့ အမိန့်ပါ … ဒီအစေခံဆုံးဖြတ်ဖို့ မဝံ့ရဲပါဘူး ...”


“ငါ မယုံဘူး … ငါ အိမ်ရှေ့စံနဲ့ တွေ့ချင်တယ် … ”

အမျိုးသားက ဒေါသတကြီး ဆို၏။


မိန်းမစိုးကျိုးက သူ့ကို အာရုံမစိုက်တော့ဘဲ ဝမ်ချီ့ကိုသာ အတွင်းဘက်သို့ လမ်းပြသွားလေသည်။ 


အမျိုးသားက လိုက်ပါရန် ကြိုးစားသော်ငြား တံခါးတွင် စောင့်ကြပ်နေသည့် မိန်းမစိုးများ၏ တားမြစ်ခြင်းကို ခံလိုက်ရ၏။


ဝမ်ချီက ထိုအမျိုးသားမှာ အိမ်ရှေ့စံ၏ ကြီးမားသော အနောက်ဆောင်တွင်းမှ ကိုယ်လုပ်တော်တစ်ဦး ဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။ သို့သော် သူက မည်သည်ကိုမှ မမေးဝံ့ဘဲ မိန်းမစိုးကျိုး နောက်ပါးမှ ကြက်ကလေးကောင်ကဲ့သို့ တိတ်တိတ် ဆိတ်ဆိတ် လိုက်ပါလာခဲ့သည်။ နောက်ဆုံးတွင် သူတို့က ရှစ်ယဲ့၏ စာကြည့်ခန်းသို့ ရောက်သွားကြ၏။ 


မိန်းမစိုးကျိုးက သူ့ကို တားလိုက်ကာ လျှောက်တင်လိုက်သည်။

“အရှင့်သား … လူရောက်နေပါပြီ ...”


ဝမ်ချီက ကြွက်သားတစ်ခု လှုပ်ရန်မဆိုထားနှင့်၊ မေးကိုပင် မမော့ရဲဘဲ မိန်းမစိုးကျိုး၏ နောက်ပါး၌ မတ်တပ်ရပ်နေ၏။ 


အချိန်အတော်ကြာသည့်နောက် ရှစ်ယဲ့၏ ဟမ့်ခနဲ့ ပြုသံကို ကြားလိုက်ရသည်။ 


မိန်းမစိုးကျိုးက ခေါင်းလှည့်ကာ ဝမ်ချီအား ထိုင်ခိုင်းသည့် အဓိပ္ပာယ်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ မိန်းမစိုးကျိုးကမူ အရှေ့သို့ တက်လှမ်းသွာကာ မိန်းမစိုးငယ်ထံမှ စာတမ်းများကိုယူလျက် ယခင်နေ့ကအတိုင်း ညင်သာစွာ ဖတ်ပြနေ၏။ 


ဝမ်ချီက သူထိုင်ခဲ့သည့် ညောင်စောင်းထံသို့ ခပ်ဖွဖွ လျှောက်သွားလိုက်သည်။ အိမ်ရှေ့စံအား နှောင့်ယှက်မိမည် စိုးသည့်အလျောက် သူက လုပ်ငန်းစဉ်တစ်လျှောက်လုံး မည်သည့်အသံမှ မကြားရလေအောင် ဂရုတစိုက် ပြုမူခဲ့၏။ 


ဝမ်ချီက ထိုင်ပြီးသည့်နောက် ခေါင်းလေးမော့ကာ ရှစ်ယဲ့ကို ခိုးကြည့်လိုက်သည်။ 


ရှစ်ယဲ့က စားပွဲခုံနောက်တွင် မေးထောက်ကာ မျက်လုံးများကိုမှိတ်လျက် အနားယူနေပုံပေါ်၏။ သူက မျက်ဝန်းထောင့်မှပင် ဝမ်ချီအား ကြည့်မလာခဲ့ပေ။


ဝမ်ချီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ရင်း သူ့ကိုယ်သူ မတည်ရှိသကဲ့သို့ အစွမ်းကုန် ကြိုးစားလိုက်၏။ 


မိန်းမစိုးကျိုး၏ စာဖတ်သံမှအပ စာကြည့်ခန်း တစ်ခုလုံးသည် တိတ်ဆိတ်နေ၏။ ရှစ်ယဲ့က ရပ်ဟု မပြောရာ မိန်းမစိုးသည်လည်း ဆက်လက်၍ ဖတ်ပြနေလေသည်။ 


အဆိုပါ တည်ငြိမ်မှုက ခဏသာ ကြာမြင့်ခဲ့ပြီး ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာသည့် ဆူညံသံဖြင့် နှောင့်ယှက်ခံလိုက်ရသည်။ 


“အရှင့်သား … ကျွန်တော်မျိုးက အရှင့်သားကို တွေ့ခွင့်တောင်းပါတယ် …”


“ငါ့ကို မတားနဲ့ .…”


“အရှင့်သား …”


ထိုအသံမှာ အပြင်ဘက်တွင် ဒူးထောက်နေသည့် အမျိုးသားထံမှ ဖြစ်ပုံရသည်။ 


အဆိုပါ ဆူညံသံက ပို၍ ပို၍ ထင်ရှားလာ၏။ 


ဝမ်ချီက အသံကို ဂရုတစိုက် နားစွင့်ရင်း ထိုအမျိုးသားက မိန်းမစိုးများကို အတင်းတွန်းကာ စာကြည့်ခန်းတွင်းသို့ ဝင်ရောက်လာနိုင်ခြင်း ရှိမရှိ သိချင်နေမိသည်။ 


သူက မကောင်းမှန်းသိသော်လည်း  ရှစ်ယဲ့အား ခိုးကြည့်မိပြန်၏။ ရှစ်ယဲ့က မျက်လုံးများကို ဖွင့်လိုက်သည်။ ဆူညံမှုကြောင့်ထင်သည်။ အဆိုပါ မျက်ဝန်းနက်တစ်စုံ၌ အိပ်ချင်စိတ်များ စိုးစဉ်းမျှ မရှိနေတော့ချေ။ အနက်ရောင်လှိုင်းလုံးကြီးများကသာ ပြင်းပြင်းထန်ထန် လူးလွန့်လာသည့် ပုံပေါ်နေ၏။ 


ရှစ်ယဲ့က ပြောလိုက်သည်။

“အရမ်းဆူတယ် ...”


အဆိုပါ စကားလုံးများက မိန်းမစိုးကျိုးနှင့် နန်းတွင်းအပျိုတော်များကို ဒူးထောက်ကျသွားစေခဲ့သည်။ 


“အရှင့်သား … ခွင့်လွှတ်ပါ … ဒီအစေခံက တာဝန်ထမ်းဆောင်ရာမှာ အမှားလုပ်မိပါတယ် ….”

မိန်းမစိုးကျိုးက တုန်တုန်ယင်ယင်ဖြင့် ဆို၏။ 


ရှစ်ယဲ့ လက်ဝှေ့ယမ်းပြလိုက်သည်။


မိန်းမစိုးကျိုးက ချက်ချင်း နားလည်သည့်ဟန်ဖြင့် ဒူးထောက်ရာမှ ထကာ မိန်းမစိုးငယ် အချို့နှင့်အတူ အပြင်ဘက်သို့ ထွက်သွားလေသည်။ 


ဝမ်ချီက မိန်းမစိုးကျိုးနှင့် အခြားလူများက အမျိုးသားအား မောင်းထုတ်ခြင်း ဖြစ်မည်ဟု ထင်လိုက်၏။ သို့ရာတွင် မိန်းမစိုးကျိုးနှင့် အခြားလူများ ထွက်သွားပြီး ဘယ်လောက်မှ မကြာလိုက်ဘဲ အမျိုးသား၏ သနားစဖွယ် အော်သံများနှင့် အသားပေါ်သို့ တုတ်ဖြင့်ရိုက်နှက်သံများ မရေမတွက်နိုင်အောင် ထွက်ပေါ်လာလေသည်။ 


စာကြည့်ခန်းမှာ မှင်စက်ကျသံပင် ကြားနိုင်သည်အထိ တိတ်ဆိတ်နေ၏။ ကျန်ရှိသော မိန်းမစိုးများနှင့် အပျိုတော်များက မြေပေါ်တွင် ဒူးထောက်ရင်း ကြောက်ရွံ့မှုကြောင့် တုန်ရီနေကြသည်။ 


ဝမ်ချီ၏ မျက်နှာတစ်ခုလုံး ဖြူလျော်သွား၏။ 

ရုတ်တရက်ဆိုသလို သူက အကြည့်စူးစူးတစ်ခုအား ခံစားမိလိုက်သည်။ ဝမ်ချီ ခေါင်းကို မသိစိတ်ဖြင့် လှည့်ကြည့်မိချိန်တွင် ရှစ်ယဲ့က သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ မျက်ဝန်းနက်တစ်စုံက သူ့ကို သေသေချာချာ စူးစမ်းလျက် ရှိလေသည်။ 


ဝမ်ချီ အလွန်ထိတ်လန့်သွားကာ နဖူးထက်တွင် ချွေးသီးချွေးပေါက်များဖြင့် ပြည့်နှက်လာသည်။ 


သူက အကြည့်မလွှဲရဲသည့်တိုင် ရှစ်ယဲ့ကိုလည်း စိုက်ကြည့်မနေဝံ့ချေ။ 


အပြင်ဘက်ရှိ အော်ဟစ်သံများက ပို၍ပင် ခပ်စိတ်စိတ် ထွက်ပေါ်လာ၏။ သို့သော် မိန်းမစိုးကျိုးနှင့် အခြားလူများက ရပ်တန့်ရန် ရည်ရွယ်ပုံမရပေ။ သူတို့က အမျိုးသားကို သေသည်အထိ ရိုက်နှက်ချင်နေသကဲ့သို့ပင်။ 


ဝမ်ချီက နန်းတွင်းအပျိုတော်တစ်ယောက် ရှစ်ယဲ့၏ ဘီးတပ်ကုလားထိုင်အား တွန်းလာသည်ကို အကူအညီမဲ့စွာ ကြည့်နေမိသည်။ သူ၏ လက်များက တုန်ယင်နေသဖြင့် မသိသာစေရန် အဝတ်အနားစကို တင်းတင်း ဆုပ်ကိုင်ထားရ၏။ 


မကြာမီမှာပင် ရှစ်ယဲ့ သူ့အနားသို့ ရောက်လာသည်။ 


ရှစ်ယဲ့က ညောင်စောင်းလက်ကိုင်နှစ်ခုပေါ် လက်တင်ကာ သူ့အနီးသို့ ကပ်လာ၏။ စန္ဒကူးရနံ့ဖျော့ဖျော့က ဝမ်ချီအား ပင်လယ်ရေသဖွယ် လွှမ်းခြုံလာသည်။


ဝမ်ချီက ရှစ်ယဲ့၏ မီးလောင်ရာများ ပြည့်နှက်နေသော မျက်နှာကို မကြည့်ဝံ့သကဲ့သို့ မျက်လွှာချလိုက်သည်။ အတိအကျဆိုရပါက သူက ရှစ်ယဲ့၏  မျက်ဝန်းများကို မကြည့်ဝံ့ခြင်းပင်။ 


သူက ရှစ်ယဲ့၏ ထွက်သက်ကြောင့် မွန်းပင်မွန်းလာ၏။ 


ထိုအချိန်မှာပင် ရှစ်ယဲ့၏ ဩရှရှအသံက ထွက်ပေါ်လာသည်။

“ပန်ကုန်း ဒီရက်ပိုင်း ဘာလုပ်နေလဲ မင်းသိလား … ”



💮💮💮