💮Chapter 8
ဝမ်ချီက ထိုမေးခွန်းကြောင့် နားမလည်ဖြစ်သွားရ၏။
ငါ ဘယ်လိုလုပ်သိမှာလဲ …ငါက ရှစ်ယဲ့ကိုယ်ပေါ်မှာ ခြေရာခံစက်မှ တပ်မထားတာ … ပြီးတော့ ရှစ်ယဲ့က လူကြီးပဲလေ … သူသွားချင်တဲ့နေရာ သွားနိုင်တာပဲ …
သို့သော် အဆိုပါ ပုန်ကန်ထကြွသည့် မအပ်မစပ် အတွေးများက ဝမ်ချီ၏ စိတ်တွင်း၌သာ ဖြစ်ပေါ်နေခြင်းဖြစ်၏။ သူက အကြိမ်တစ်ရာခန့် သတ္တိရှိလျှင်ပင် ထိုစကားများကို မပြောဝံ့ချေ။ သူ ခေါင်းငုံ့ကာ ကြောက်ဆုတ်ဆုတ်ဖြင့် ပြောလိုက်သည်။
“ကျွန်တော်မျိုး မသိပါဘူး …”
“ပန်ကုန်း အဲဒီ့အရာရှိတွေဆီ သွားတွေ့ခဲ့တယ် ...”
ရှစ်ယဲ့က အလွန်စိတ်လှုပ်ရှားနေကာ ဝမ်ချီ ကြားချင်စိတ် ရှိမရှိကို ဂရုမစိုက်ချေ။ သူက အေးစက်စက်ရယ်ရင်း ပြော၏။
“အဲဒီအဖိုးကြီးတွေက ပန်းကုန်းကို ဖိနှိပ်ပြီး ရူးကြောင်ကြောင်စတုတ္ထအစ်ကိုကို ထောက်ပံ့ပေးချင်ကြတာလေ … မင်းပြောကြည့် … စတုတ္ထအစ်ကိုက ဘာများ ကောင်းလို့လဲ … ဒါမှမဟုတ် ကိုယ်လုပ်တော်တွေရဲ့ နောက်ခံ ကျန်းအိမ်တော်က အကျိုးအမြတ်တွေ ပေးထားလို့လား … ဒါ့ကြောင့် သူတို့က မင်းကြီးဆီ ပြေးသွားပြီးတော့ ကတုံးနဲ့မြည်းအိုကြီးကို ဝိုင်းကုန်းတိုက်ကြတာလား ….”
ဝမ်ချီ: “…”
ထိုသို့သော အရေးကြီးကိစ္စများ အိမ်ရှေ့စံ နှုတ်ဖျားမှ ထွက်လာလိမ့်မည်ဟု ဝမ်ချီ မျှော်လင့်မထားခဲ့ချေ။
အကယ်၍ လက်ရှိဘုရင်သာ သားဖြစ်သူထံမှ မြည်းခေါင်းပြောင်ကြီးဟု အခေါ်ခံလိုက်ရကြောင်း သိလျှင် သူ မည်သို့ တုံ့ပြန်မည်ကို ဝမ်ချီ သိချင်လာသည်။
ရှစ်ယဲ့၏ စတုတ္ထအစ်ကိုက ဝတ္ထု၏ အဓိကဇာတ်ဆောင် ဖြစ်လာမည့် ရှစ်ကျင်း ဖြစ်ပုံရ၏။
ထိုသို့တွေးပြီးနောက် ဝမ်ချီ သက်ပြင်းချလိုက်သည်။ အိမ်ရှေ့စံက ဝတ္ထု၏ဗီလိန်ဖြစ်ရန် သင့်တော်လှ၏။ ထိုသူက အဓိကဇာတ်ဆောင်၏ လုပ်ပိုင်ခွင့်ကို အမြဲလိုလို ထိပါးလေ့ရှိပြီး သေလမ်းကို မိုက်မဲစွာ ရှာဖွေလေ့ရှိသည်။
အိမ်ရှေ့စံက စကားဆုံးသည်နှင့် ဝမ်ချီကို ကြည့်ရင်း အလေးအနက်မေးလာ၏။
“ပန်ကုန်းက ပိုတော်လား … စတုတ္ထအစ်ကိုက ပိုတော်လား… ”
ဝမ်ချီ: “…”
ခဏကြာ တိတ်ဆိတ်နေပြီးနောက် ဝမ်ချီက အဆင့်မြင့်အဖြေကို ဖြေပေးလိုက်သည်။
“ကျွန်တော်မျိုးက အိမ်ရှေ့စံနဲ့ လက်ထပ်ပြီးပြီဖြစ်တာကြောင့် အိမ်ရှေ့စံရဲ့ လူပါပဲ … အခြားလူတွေ ဘယ်လိုပဲတော်နေပါစေ… သူတို့က အိမ်ရှေ့စံရဲ့ ဆံခြည်မျှင်တစ်မျှင်ကိုတောင် မမီနိုင်ပါဘူး...”
ရှစ်ယဲ့က သူ့စကားများကို သဘောကျဟန်ဖြင့် ရယ်မောလိုက်၏။ သူက ရယ်ပြီးသည့်နောက် ညောင်စောင်းထက်ရှိ လက်ကို ပြန်ရုတ်သိမ်းရင်း မေးထာက်ကာ ဝမ်ချီအား မျက်ဝန်းနက်များဖြင့် ငေးကြည့်လိုက်သည်။
“မင်းက တကယ့်ကို အပြောကောင်းတယ် … မင်းရဲ့ ကျင်းတစ်ထောင်ကို လေးလျန်နဲ့ ဆွဲတဲ့အရည်အချင်းကတော့ နှမြောစရာပဲ …”
(T/N - ကိစ္စကြီးတွေကို အားနည်းနည်းစိုက်ရုံနဲ့ ကောင်းကောင်းဖြေရှင်းနိုင်တယ်လို့ ဆိုလိုတာပါ)
ထိုစကားများကြောင့် ဝမ်ချီ၏ မျက်နှာထက်၌ ချွေးစေးများ ထွက်ပေါ်လာသည်။
ကံကောင်းစွာဖြင့် ရှစ်ယဲ့က လက်ဝှေ့ယမ်းကာ မေးလိုက်သည်။
“ထားလိုက်တော့ … ”
ဝမ်ချီက ရှစ်ယဲ့ သူ့အား လွှတ်ပေးလိုက်ပြီဟု ထင်လိုက်သည်။ သို့သော် သူ စိတ်သက်သာရာရစွာ သက်ပြင်းမချမီ ရှစ်ယဲ့က ခေါင်းစဉ်ပြောင်းကာ မေးလိုက်၏။
“ဒါဆို ပန်ကုန်း ဘာလို့ အဲဒီ့မိန်းမကို သတ်ခဲ့လဲ မင်းသိလား … ”
ဝမ်ချီ အသက်အောင့်ကာ ကြောင့်ကြမှုဖြင့် ခေါင်းငုံ့လိုက်၏။
“ကျွန်တော်မျိုး မသိပါဘူး …”
ထိုအချိန်တွင် မိန်းမစိုးကျိုးက စာကြည့်ခန်းအတွင်း ဝင်လာ၏။ သူက ခါးညွှတ်ကာ ပြောလိုက်သည်။
“အရှင့်သား… ဒီအစေခံက ဂရုစိုက်လိုက်ပါပြီ …”
ရှစ်ယဲ့ မျက်လုံးလှန်ကြည့်လိုက်သည်။
“အထဲသွင်းခဲ့ ...”
“ဟုတ်ကဲ့ ...”
မိန်းမစိုးကျိုး ထွက်သွားပြီး ခဏအကြာတွင် မိန်းမစိုးငယ် နှစ်ဦးသည် မကြာသေးမီက အပြင်ဘက်၌ ဒူးထောက်နေခဲ့သော လူငယ်၏အလောင်းကို သယ်ဆောင်လာကြသည်။
မိန်းမစိုးငယ်နှစ်ဦးက အလောင်းကို ဝမ်ချီ၏ အရှေ့သို့ သယ်လာကာ ညှင်သာစွာ ချလိုက်၏။
ဝမ်ချီက အလောင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကြောက်ရွံ့စွာဖြင့် မျက်လုံးမှိတ်လိုက်မိသည်။
လူငယ်က သေသည်အထိ အရိုက်ခံခဲ့ရခြင်း ဖြစ်ရာ ခန္ဓာကိုယ်တစ်ခုလုံး ပုံပျက်နေ၏။ သူ၏ နှာခေါင်းက သွေးစိမ်းရှင်ရှင် စီးကျနေပြီး မျက်လုံးများသည်လည်း ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေသည်။
လူငယ်က သေသွားသည့်တိုင် မျက်လုံးမမှိတ်နိုင်ခဲ့ပေ။ သူ့နှလုံးသားထဲတွင် မစွန့်လွှတ်နိုင်သည့်အရာများ ကျန်ရှိနေသေးပုံရသည်။
(T/N - ဒါကို မပျော်မရွှင်ဖြစ်နေတဲ့ လူတွေကို ပြောတဲ့နေရာမှာလည်း သုံးပါတယ်တဲ့ … သုံးပြည်ထောင်၊ ဝူရှူး၊ စွန်းကျန်း၏ အတ္ထုပ္ပတ္တိမှ ကောက်နှုတ်ထားသည်။ )
“မျက်လုံးဖွင့်လိုက် ...”
ရှစ်ယဲ့၏ အေးစက်စက်အသံက သူ့နားစည်အား ရိုက်ခတ်လာသည်။
ဝမ်ချီက မျက်လုံးမဖွင့်ချင်သော်လည်း အမိန့်ကို မငြင်းဆန်ဝံ့ချေ။ သူက အားကုန်သုံး၍ စိတ်ပင်ပန်းစွာဖြင့် မျက်လုံးဖွင့်လိုက်သည်။
သို့သော် အလောင်းပေါ်သို့ ကြည့်မိသွားသည်နှင့် သူက မျက်လုံးလွှဲလိုက်၏။
“သူ့ကိုကြည့် ...”
ရှစ်ယဲ့၏ အသံထဲတွင် စိတ်မရှည်မှုများ ပါဝင်နေသည်။
ဝမ်ချီက အမိန့်ကို မငြင်းဆန်ဝံ့ဘဲ ကျည်ဆန်ကိုက်ထားသည့် အမူအရာဖြင့် အလောင်းကို ကြည့်လိုက်၏။
ရှစ်ယဲ့က ကျေနပ်သွားကာ မိန်းမစိုးကျိုးကို တစ်ချက်ကြည့်လိုက်သည်။
မိန်းမစိုးကျိုးက နားလည်သည့်ဟန်ဖြင့် မိန်းမစိုးငယ်နှစ်ဦးကို အမိန့်ပေးလိုက်၏။
“ရှာကြ ...”
မိန်းမစိုးနှစ်ဦးက ထိုသို့သော ဖြစ်ရပ်များကို အထပ်ထပ်အခါခါ မြင်ဖူးသည့်ပုံပေါ်၏။ သူတို့လက်နှင့် သတ်လိုက်သည့် လူငယ်၏ ခန္ဓာကိုယ်အား ရှာဖွေခြင်းက သူတို့အတွက် ခက်ခဲသည့်ကိစ္စ မဟုတ်ပုံရသည်။ သူတို့က ငုတ်တုတ်ထိုင်ချကာ အမူအရာပင် တစ်ချက်မပျက်ယွင်းဘဲ အလောင်းအား ရှာဖွေလိုက်ကြ၏။
ခဏအကြာတွင် သူတို့က အလောင်း၏ ဆံပင်ထဲမှ ဆံခြည်မျှင်ကဲ့သို့ သေးငယ်သည့် ငွေအပ်များကို ရှာတွေ့ခဲ့ကြသည်။
အပ်များက စုစုပေါင်း အစင်းနှစ်ဆယ်ခန့် ရှိ၏။
“လုပ်ကြံသူ … ”
မိန်းမစိုးကျိုး၏ မျက်နှာတစ်ခုလုံး သွေးမရှိသလို ဖြူလျော်သွားသည်။ သူက ကြမ်းပြင်နှင့် ဦးတိုက်ကာ အော်ငိုတော့၏။
“အိမ်ရှေ့စံ… ကျွန်တော်မျိုးကို အပြစ်ပေးပါ … ဒီအစေခံက အသုံးမဝင်ပါဘူး … ဒီအစေခံရဲ့ လျစ်လျူရှုမှုနဲ့ နမော်နမဲ့နိုင်မှုက သူခိုးတွေကို အခွင့်အရေးရစေခဲ့ပါတယ် …”
ထိုအခြင်းအရာကို တွေ့ချိန်၌ အခန်းတွင်းရှိ အခြားမိန်းမစိုးများနှင့် အပျိုတော်များပါ ဒူးထောက်လိုက်ကြသည်။
“ကိစ္စမရှိပါဘူး ...ဘာလို့ငိုနေတာလဲ … ပန်ကုန်းမသေသေးဘူးလေ …”
ရှစ်ယဲ့က စိတ်မရှည်ဟန်ဖြင့် ဆို၏။
မိန်းမစိုး ကျိုးက ရိုးသားစွာ ဆိုသည်။
“အရှင့်သား ဒီလိုမပြောပါနဲ့ … အရှင့်သားက နဂါးနဲ့ ဇာမဏီပါ … ဘယ်လိုလုပ်ပြီး ကြွက်တွေ၊ ပုရွက်ဆိတ်တွေ၊ တွားသွားသတ္တဝါတွေက အရှင့်သားကို ထိခိုက်စေနိုင်မှာတဲ့လဲ …”
(T/N - ရက်စက်တဲ့လူတွေ တိရစ္ဆာန်တွေကို ရည်ညွှန်းတာပါ)
ရှစ်ယဲ့က မိန်းမစိုးကျိုးကို လျစ်လျူရှုကာ ဝမ်ချီအား ကြည့်၍ပြောလိုက်သည်။
“အဲဒီ့လူတွေက တုံးအပေမယ့် ကိုယ်ကျိုးရှာချင်ကြသူတွေပဲ … သူတို့ကို အသက်ရှင်ခွင့်ပေးလိုက်ရင် ယင်ကောင်တွေလိုမျိုး ပန်ကုန်းအနားမှာ ဝဲနေမှာပေါ့ … ဒါ့ကြောင့် တစ်ကောင်ပြီးတစ်ကောင် သတ်ပစ်ရမယ်လေ ...”
ဝမ်ချီ အလွန်ထိတ်လန့်သွားကာ စကားပင်မပြောနိုင်ခဲ့ပေ။ သူက မြေပေါ်ရှိ ငွေအပ်များကို အတန်ကြာသည်အထိ သတိလက်လွတ် စိုက်ကြည့်နေမိသည်။
“ဒါဆို ဒါတွေက …”
“ပန်ကုန်းသာ ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်ရင် အဲဒီငွေအပ်တွေက ပန်ကုန်းခေါင်းထဲကို စိုက်ဝင်သွားမှာပေါ့ …”
ရှစ်ယဲ့၏ အသံမှာ ပုံမှန်ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ ပေါ့ပါးနေ၏။
“ဒါဆို ရွယ်ရှန်းက …”
ရှစ်ယဲ့က စကားကို ရပ်ကာ ဝမ်ချီ၏ တုံ့ပြန်မှုအား နားလည်ရခက်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။
ယခုအခါ ဝမ်ချီ မည်မျှ တုံးအသည်ဖြစ်စေ၊ ရွယ်ရှန်းက အရှေ့နန်းတော်နှင့် လက်ထပ်ကာ အိမ်ရှေ့စံအား ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်ခဲ့ကြောင်း သိနိုင်လေပြီ။ သူမက အိမ်ရှေ့စံကို သတ်ရန်ကြံစည်ခဲ့ခြင်း ဖြစ်၏။
အရှေ့နန်းတော် အတွင်းသို့ လက်ထပ်ခြင်းဖြင့် ဝင်ရောက်လာကြသူများမှာ မနည်းလှချေ။ ထိုသူတို့အနက် အိမ်ရှေ့စံအား သတ်ချင်သူပင် နှစ်ဦး ရှိနေခဲ့သည်။
မဟုတ်သေးဘူး …
နှစ်ယောက်တောင် က ပါ့မလား …
မြေအောက်မှာပုန်းနေပြီး အချိန်ကောင်း စောင့်နေတဲ့ လူတွေလည်း ရှိနေနိုင်တာပဲ …
“အခု ပြောပါဦး ... ပန်ကုန်း မျက်စိအောက်မှာ နေတာက မလုံခြုံဘူးလား …”
ရှစ်ယဲ့၏ အသံက အချိန်ကိုက် ထွက်ပေါ်လာသည်။
ဝမ်ချီ တိတ်ကျသွားသည်။
ဗီလိန်တွင် အန္တရာယ်များ ဝန်းရံနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဇာတ်ကြောင်းက မူလကိုယ်နှင့် ရှစ်ယဲ့အကြောင်း များများစားစား ဖော်ပြမထား၍ သူသိသမျှမှာ ရှစ်ယဲ့က အနာဂတ်တွင် ထီးနန်းကို ချောချောမွေ့မွေ့ ရယူနိုင်ခဲ့ပြီး အသက်ကို ခြိမ်းခြောက်နိုင်သည့် အန္တရာယ်များကို မကြုံတွေ့ခဲ့ရဟူ၍သာ။
ဒါပေမယ့် အဲဒီ့လိုဆိုရင်တောင် ရှစ်ယဲ့ ဘာလို့ ငါ့ကိုဒီအကြောင်း ပြောပြတာလဲ …
ဝမ်ချီက ရှစ်ယဲ့ သူ့အပေါ် အထူးဂရုစိုက်တတ်ကြောင်း ဖင်အန်း ပြောခဲ့သည်ကို သတိရသွား၏။ သူ ယခင်က ထိုသို့မတွေးခဲ့မိသော်ငြား ယခုအခါ ခံစားနိုင်ပြီ ဖြစ်၏။ အခြားလူများနှင့် နှိုင်းယှဉ်ပါက ရှစ်ယဲ့၏ ဆက်ဆံမှုက သူ့အပေါ် အလေးသာလှသည်။
ပိုသိလေလေ၊ မြန်မြန်သေလေလေ ဟူသည့် ဆိုရိုးစကားရှိ၏။ ဝမ်ချီက ရှစ်ယဲ့သည် သူ့အား ကြွက်ကို မသတ်မီ ဆော့ကစားနေသည့် ကြောင်ကဲ့သို့ ကစားနေခြင်းပေလောဟု တွေးမိသွားသည်။ အဆုံးသတ်တွင် သူက ရက်ရက်စက်စက် အသတ်ခံရပေလိမ့်မည်ဟုပင်။
ဝမ်ချီ၏ ခြေထောက်များပင် ပျော့ခွေလာ၏။
ထိုအချိန်မှာပင် ရှစ်ယဲ့က အပျိုတော်များနှင့် မိန်းမစိုးများကို အပြင်ထုတ်လိုက်၏။ မိန်းမစိုးကျိုးနှင့် သူ၏ ဘီးတပ်ကုလားထိုင်ကို တွန်းပေးသည့် အပျိုတော်ပင် စာကြည့်ခန်းထဲမှ ထွက်ခွာသွားသည်။
ရှစ်ယဲ့က မေးထောက်ကာ ပျင်းရိစွာဖြင့် ကြည့်နေသည်။ သူ၏ တစ်ဝက်ခန့် စင်းကျနေသော မျက်ဝန်းများက ဝမ်ချီ့အပေါ်သို့ ကျရောက်နေ၏။
သူက ဝမ်ချီ၏ ကြောက်ရွံ့မှုကို အသားကျနေခဲ့ပုံရသည်။ သူ စကားပြောပြီးသော်ငြား ဝမ်ချီ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းမနေခဲ့ဘဲ ဝမ်ချီ့ကိုကြည့်ကာ စကားသုံးလုံးပြောလိုက်သည်။
“မတ်တပ်ရပ်...”
ဝမ်ချီ၏ ခြေထောက်များက ပျော့ခွေနေသဖြင့် သူ ခက်ခက်ခဲခဲ မတ်တပ်ထလိုက်ရ၏။ ကံကောင်းစွာဖြင့် သူက အနောက်ဘက်ရှိ ညောင်စောင်းကို မှီထားနိုင်ခဲ့သည်။
ရှစ်ယဲ့က ပြောလိုက်သည်။
“ချွတ်လိုက် …”
ဝမ်ချီ ကြောင်အသွားသည်။ သို့သော် ရှစ်ယဲ့က သူ့အား အဝတ်ချွတ်ခိုင်းခြင်း ဖြစ်ကြောင်း သိလိုက်ရသည့်နောက် သူ့မျက်နှာတစ်ခုလုံး ပူလောင်လာ၏။
“အရှင် … အရှင့်သား … အိမ်ရှေ့စံ…”
“ဟင် … ”
ရှစ်ယဲ့က ဝမ်ချီ၏ စူးရှသော ခေါ်သံကို ညင်သာစွာထူးလိုက်သည်။
ဝမ်ချီ၏ မျက်နှာက သွေးထွက်တော့မတတ် နီမြန်းလာသည်။ သို့သော် ရှစ်ယဲ့၏ လက်ချောင်းထိပ်များက မေးဖျားကို နှစ်ကြိမ်ခန့် ထိလိုက်ကြောင်း သူတွေ့လိုက်ချိန်တွင် တစ်ဖက်လူ စိတ်မရှည်တော့ကြောင်း နားလည်လိုက်သည်။
ဝမ်ချီက အလောင်း၏ သနားစဖွယ် အခြေအနေကို အမှတ်ရသွားသည်။ သူက အံကြိတ်ကာ ရှစ်ယဲ့မျက်စိရှေ့၌ပင် အဝတ်များကို တစ်လွှာချင်း ချွတ်ချလိုက်၏။ သူ့ထံ၌ အတွင်းခံတစ်စုံသာ ကျန်ရှိတော့သည်။
သူ စိတ်ထင်ခြင်းလားမသိသော်လည်း အဝတ်တစ်လွှာချွတ်လိုက်တိုင်း ရှစ်ယဲ့၏ အကြည့်မှာ ပို၍နက်ရှိိုင်းလာသလိုပင်။
သူက ရှစ်ယဲ့ ခါးမတ်လိုက်သည်ကို တွေ့လိုက်ရ၏။ ရှစ်ယဲ့၏ မျက်ဝန်းတစ်စုံကမူ ဝမ်ချီ၏ ရင်ဘတ်ပေါ်တွင် မြဲမြံစွာ ကျရောက်နေပြီး တစ်စုံတစ်ခု ရှာဖွေနေသကဲ့သို့ပင်။
ဝမ်ချီ မသိစိတ်ဖြင့် လက်ပိုက်ကာ ခါးသက်စွာ ငိုလိုက်၏။
“အရှင့်သား ...”
ရှစ်ယဲ့ အကြည့်က ဝမ်ချီ၏ ရင်ဘတ်နှင့် ဝမ်ချီ၏ ခါးပေါ်တွင် အတန်ကြာ ကျရောက်နေသည်။ ဝမ်ချီက ပိန်ပါးပြီး ဖြူဖျော့သော အသားအရည်ရှိ၏။ သို့သော် အလွန်ပိန်ကပ်နေခြင်း မဟုတ်ရာ ကောက်ကြောင်းများနှင့် လှလှပပ ရှိနေလေသည်။
သူက ဝမ်ချီ၏ မျက်နှာအား ထပ်ကြည့်လိုက်ပြန်၏။ ဝမ်ချီ၌ ဗာဒံစေ့သဏ္ဌာန် ကြီးမားသော မျက်ဝန်းများနှင့် နှုတ်ခမ်းပါးများ ရှိနေသည်။ သို့သော် သူ့မျက်နှာက အမြဲလိုလို သုန်မှုန်နေပြီး ရှစ်ယဲ့အား လူသားစား ကျားတစ်ကောင်ကဲ့သို့ ကြည့်လေ့ရှိ၏။
ရှစ်ယဲ့က ပြောသည်။
“ဆက်လုပ် … ”
ဝမ်ချီ: “…”
ရှစ်ယဲ့က သူ့ဘောင်းဘီကို ကြည့်နေသည်။
ဝမ်ချီ လက်လျှော့လိုက်သည်။ သူက ဘောင်းဘီအောက်နားစကို ဆုပ်ကိုင်ကာ ဘောင်းဘီအား အသက်တစ်ရှိုက်အတွင်း ချွတ်ချလိုက်လေသည်။
ငါ သိသားပဲ …
အိမ်ရှေ့စံ လာခိုင်းကတည်းက ကောင်းတဲ့ကိစ္စမဟုတ်မှန်း …
ဒါပေမယ့် အိမ်ရှေ့စံ သူ့ကို ခစားခိုင်းမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးတာ …
ဝမ်ချီက ဘီးတပ်ကုလားထိုင်ပေါ်တွင် အတိုင်းသားချထားသော ရှစ်ယဲ့၏ ခြေအစုံကို ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူက စိတ်ပျက်လက်ပျက် ဖြစ်သွား၏။ အိမ်ရှေ့စံက မသန်စွမ်း ဖြစ်နေစေကာမူ စိတ်ပိုင်းဖြတ်ထားသည့် အလျောက် သူက လက်ရှိအခြေအနေနှင့်ပင် အထက်အောက် လှုပ်ရှားပေးရဦးမှာပင်။
မည်သို့ပင်ဖြစ်စေ၊ ရှောင်လွှဲမရနိုင်မှန်း သိသည့်အလျောက် ဝမ်ချီက အချိန်ကို အကျိုးရှိရှိ အသုံးချကာ ညစ်ညမ်းစာပေထဲရှိ ပုံရိပ်များကို ပြန်တွေးလိုက်၏။
ထို့နောက် သူက ဂရုတစိုက် မေးလိုက်သည်။
“အရှင့်သား … ကျွန်တော်မျိုး အတွင်းခန်းထဲကို တွန်းသွားပေးရင်ရော … ”
ရှစ်ယဲ့ သိချင်စိတ်ဖြင့် ခေါင်းမော့လိုက်၏။
“ဘာလို့ အတွင်းခန်းထဲ သွားမှာလဲ … ”
ဝမ်ချီ ရှက်သွားကာ ချက်ချင်းပြန်ဖြေလိုက်၏။
“မဟုတ်ဘူး … အတွင်းခန်းထဲ မသွားလည်း အဆင်ပြေပါတယ် … အရှင့်သားက ဒီမှာလို့ ဆိုရင်လည်း ကျွန်တော် လုပ်နိုင် …”
ရှစ်ယဲ့ မေးလိုက်၏။
“ဘာလုပ်နိုင်တာလဲ …”
မင်းကို တက်လုပ်နိုင်တာလေ …
ဝမ်ချီက ချစ်စဖွယ် ပြန်ဖြေလိုက်သည်။
“အရှင့်သားကို ခစားဖို့ပါ … ”
သို့သော် ရှစ်ယဲ့က အူလှိုက်သည်းလှိုက် ရယ်မောခြင်းဖြင့်သာ ပြန်လည်တုံ့ပြန်လေသည်။ သူက အလွန်အကျွံ ရယ်မောနေသဖြင့် သူ့ခြေထောက်များသာ မသန်စွမ်း ဖြစ်မနေခဲ့လျှင် ကြမ်းပြင်ပေါ်၌ပင် လှိမ့်ရင်းရယ်နေပေလိမ်မည်။ သူက မျက်ဝန်းများကို ကျဉ်းမြောင်းရင်း ဝမ်ချီအား ခြေဆုံးခေါင်းဆုံး ကြည့်လိုက်၏။
“မင်းကလား … ”
ဝမ်ချီ ကြောင်အသွားကာ ကြောက်ရန်ပင် သတိမရတော့ပေ။
“ကျွန်တော်က ဘာဖြစ်နေလို့လဲ … ”
ရှစ်ယဲ့က တံခါးကို ညွှန်ပြလိုက်သည်။
“အဝတ်ဝတ်ပြီး...သွားတော့ …”
ဝမ်ချီ: “…”
မကြာမီမှာပင် သပ်သပ်ရပ်ရပ် ဝတ်စားထားသည့် ဝမ်ချီက အမူအရာကင်းမဲ့စွာဖြင့် စာကြည့်ခန်း အပြင်ဘက်သို့ လျှောက်လာသည်။ သူ့အား တွေ့လိုက်ချိန်၌ မိန်းမစိုးကျိုးက အပြေးလာနှုတ်ဆက်၏။
“သခင်လေးဝမ် … အဆင်ပြေရဲ့လား … ”
ဝမ်ချီ ခေါင်းယမ်းလိုက်သည်။
“ပြေပါတယ် …”
ထိုသို့ပြောပြီးသည့်နောက် သူက လမ်းလျှောက်နေသည့် အလောင်းကောင်ကဲ့သို့ လမ်းလျှောက်လာ၏။
မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ရှေ့မှာ ကိုယ်လုံးတီးနဲ့ ရပ်တာတောင် ယောက်ျားက မလှုပ်ရှားဘူးဆိုတာထက် ပိုဆိုးတဲ့ စော်ကားမှုမျိုး ရှိသေးလား …
ရှိတယ် …
အဖြောင့်ကောင်တစ်ယောက်က မသန်စွမ်းတဲ့အပြင် မျက်နှာမှာလည်း အမာရွတ်ရှိနေတဲ့ အမျိုးသားရဲ့ရှေ့မှာ ကိုယ်လုံးတီး ရပ်ပြခဲ့တယ် … ဒါကို မသန်စွမ်းအမျိုးသားက အညှာအတာမရှိ နှင်ထုတ်လိုက်တယ်လေ …
ဝမ်ချီက ကောင်းကင်ကို ၄၅ ဒီဂရီဖြစ်အောင် မော့ကြည့်လိုက်၏။ သူ့မျက်နှာထက်တွင် မျက်ရည်များ စီးကျနေသည်။ သူက အိမ်ရှေ့စံ ငြင်းလိုက်သည့်အတွက် ဝမ်းသာရမည်လော၊ သို့မဟုတ် မသန်စွမ်းသည့် ရုပ်ဆိုးဆိုး အမျိုးသားထံမှ အငြင်းခံရခြင်းအတွက် ဝမ်းနည်းရမည်လော မသိတော့ချေ။
( ဝမ်ချီ့အတွေးတွေကြောင့် အူတက်နေပြီ 🤣 )
💮💮💮
စပွိုင်လာ …
.
.
.
ရှစ်ယဲ့ သူ့ကို အဝတ်ချွတ်ခိုင်းတာ အကြောင်းရှိပါတယ် …
ပြီးတော့ အဲဒီ့အကြောင်းရင်းက မင်းကို ငိုချင်လာစေလိမ့်မယ် TT