Chapter 50
Viewers 5k

👥️Chapter 50




ပူပြင်းခြောက်သွေ့သည့် နွေရာသီ ကုန်ဆုံးကာ ရာသီစက်ဝန်းသည် ဆောင်းဦးပေါက် ကာလများသို့ ချဉ်းနင်းဝင်ရောက်လာလေပြီ။ ယန်အန်းယုသည် သူ့စိတ်နှင့် ခန္ဓာကိုယ်ကို ပြင်ဆင်ကာ ကျန် ပါဝင်သူ ငါးဦးနှင့်အတူ “Challenge First Time” ၏ ဆဌမမြောက် အပိုင်းကို စတင်ရိုက်ကူးရန် ပြင်ဆင်လိုက်ကြသည်။ 


ဦးစွာပထမ သူနှင့် ကျန် ပါဝင်သူငါးဦးတို့သည် ဒါရိုက်တာ၏ ညွှန်ကြားချက်များကို နားထောင်ကာ မှောင်မဲနေသည့် လျှို့ဝှက်အခန်းထဲသို့ ဝင်သွားလိုက်ကြသည်။ 


သိပ်သည်းလှသည့် အမှောင်ထုကြောင့် တစ်ဦးနှင့်တစ်ဦး ရှင်းရှင်းလင်းလင်း မမြင်ရ၊ အခန်းထဲတွင် အခြား မည်သည့်အရာမှလည်း မရှိ၊ ဗလာသပ်သပ်သာ ဖြစ်နေပေသည်။ ပါဝင်သူ ခြောက်ဦးက အခန်းထဲတွင် စက်ဝိုင်းသဏ္ဌာန် စုဝေး၍ မတ်တပ်ရပ်နေလိုက်ကြ၏။ 


“ဒီတစ်ခေါက် “အမှောင်ခန်းကျဉ်းကျဉ်းလေး” ထဲကို အကုန် စုထည့်ထားတာ ... ဒါရိုက်တာကြီးရေ ခင်ဗျား ဘာတွေ ကြံစည်နေပြန်တာလဲ ...”


ဟုန်ယောင်က အပေါ်သို့ မော့ကြည့်ကာ အော်ပြောလိုက်သည်။ 


အမြဲလိုလို လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် အရှိန်အဝါတို့ဖြင့် ပြည့်နှက်နေသူ ရှဲ့ယန်ပင်လျှင် နဖူးကို ပွတ်သပ်နေမိတော့၏။ 


“အိုက်ယား .. ငါတော့ စိတ်ထဲမှာ နိမိတ်မကောင်းတဲ့ တစ်ခုခုကို ခံစားမိနေပြန်ပြီ ထင်တယ် ...”


“ဒီနေ့ “escape room” ကို ကစားရမှာလား ...”


ထန်းရှောင်က ခန့်မှန်းလိုက်သည်။ 

“ဘာပဲဖြစ်ဖြစ် ငါတို့တွေ အားလုံး ဒါတွေနဲ့ အသားကျနေပြီပဲဟာ ကံကြမ္မာအပေါ်ပဲ နောက်တစ်ခါ ထပ်ပြီး မှီခိုလိုက်ကြတာပေါ့ ...”


ဖန်ယိရှန်က ကူကယ်ရာမဲ့စွာဖြင့် ရေရွတ်လိုက်သည်။ ပြီးခဲ့သည့် အပိုင်း ငါးပိုင်းစလုံးတွင် ဖန်ကော၏ ကံကြမ္မာမှာ များစွာ မကောင်းမွန်လှချေ။ သူ မဲနှိုက်မိသည့် မစ်ရှင်အားလုံးမှာ ခက်ခဲသည့် တာဝန်များ ဖြစ်နေကာ ကစားပွဲများတွင်လည်း အကြိမ်ပေါင်း မရေမတွက်နိုင်လောက်အောင် ရှုံးနိမ့်ခဲ့ရပေသည်။ 


“ကျေးဇူးတင်ဖို့ ကောင်းတာက ... ကျွန်တော်က အမြဲတမ်းနီးပါး ကံကောင်းတတ်တယ်လေ ...”


ချင်နွော်ရှီက ရယ်ကာမောကာဖြင့် ဝင်ပြောလိုက်၏။ သို့သော် သူ့မျက်နှာမှာမူ ရယ်မြူးရိပ် တစ်စက်ပင် မရှိဘဲ တည်ငြိမ်နေပေသည်။ 


ယန်အန်းယုကလည်း တစ်ခုခု ဝင်ပြောတော့မည် ပြုစဉ် အခန်းထဲရှိ အသံချဲ့စက်မှ ရုတ်တရက် အသံထွက်ပေါ်လာခဲ့သည်။ 


“၁၀ .. ၉ .. ၈... ၇ ... ၆ ...”


ဟုန်ယောင်က ရုတ်ချည်းဆိုသလို ပျာယာခတ်သွားတော့သည်။ 


“စောက်ကျိုးနည်း ... ရိုက်ကူးရေးအဖွဲ့က ဘာတွေ လုပ်လိုက်ပြန်တာလဲကွာ ဘာတစ်ခွန်းမှ မပြောဘဲနဲ့ ဒီလိုမျိုး ရုတ်တရက်ကြီး countdown တွေ ထရေနေရတာလဲ ...”


“ဟေး ခြေထောက်အောက်က မြေကြီးက တအားကြီး လှုပ်လာသလိုပဲနော် ...”


ဖန်ယိရှန်က အထိတ်တလန့်ဖြစ်စွာဖြင့် ပြောလိုက်သည်။ 


“တကယ်ကို လှုပ်နေတာ .. အားလုံးပဲ အလည်တည့်တည့်မှာပဲ ရပ်နေပေးကြပါ ...”


ယန်အန်းယုက အကျယ်ကြီး အော်ဟစ်ကာ သတိပေးလိုက်သည်။ သူ့စကား မဆုံးခင်မှာပင် အခန်းထဲမှ မီးလုံးများ လင်းလာကာ အခန်းတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့၏။ ထိုအခါမှ ပါဝင်သူ ခြောက်ဦးလုံးသည် သူတို့ကိုယ်သူတို့ ကျယ်ပြန့်ကြီးမားသည့် စက်ဝိုင်းပုံ ကျောက်ပြားပေါ်တွင် ရပ်နေခြင်းဖြစ်ကြောင်း သိလိုက်ရတော့သည်။ 


ထိုစဉ် သူတို့ရပ်နေသည့် ကျောက်ပြားသည် တစ်ဖက်သို့ တစ်ဖြည်းဖြည်းချင်း တိမ်းစောင်းသွားလေသည်။ ပါဝင်သူ ခြောက်ဦးစလုံးမှာ ကျောက်ပြား၏ အစွန်းတစ်ဖက်စီတွင် အသီးသီး ရပ်နေကြခြင်း ဖြစ်သည့်အတွက် သူတို့၏ ကိုယ်အလေးချိန်အတိုင်း တစ်ဖက်စွန်းသို့ လျောကျသွားတော့သည်။ 


သို့သော် ဖြစ်ပေါ်လာသည့် အခြေအနေမှာ ရုတ်တရက် ဆန်လွန်းလှသည့်အတွက် အဖွဲ့ဝင်ခြောက်ဦးလုံးမှာ ကြံရာမရဖြစ်ကာ ပျာယာခတ်လာကြသည်။ အချို့က တစ်ဖက်စွန်းသို့ အလျင်အမြန် လျောကျသွားကာ ကျောက်ပြားမှာလည်း တစ်ဖက်စောင်းနင်း ဖြစ်သွား၏။ ထို့အပြင် ဘေးစွန်းတွင် ရှိနေသည့် ထန်းရှောင်မှာလည်း ပြုတ်ကျလုမတတ် ဖြစ်သွားလေသည်။ 


၎င်းကို မြင်လိုက်သည့် အမြင်စူးရှကာ ဖျတ်လက်တက်ကြွသည့် ယန်အန်းယုက သူ့ကို လှမ်းဆွဲပြီး ထိုကျောက်ပြား၏ ဗဟိုချက်အား ခွဲရန် ဆုံးဖြတ်လိုက်၏။ ဖန်ယိရှန်နှင့် ချင်နွော်ရှီတို့ကလည်း ဘေးတစ်ဖက်တစ်ချက်စီသို့ အမြန် ရွှေ့သွားကာ မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည့်အတွက် တစ်ဖက်သို့ တိမ်းစောင်းနေသော ကျောက်ပြားသည်လည်း ယာယီ ဟန်ချက်ညီသွားသည်။ 


ထိုအခါမှ အားလုံးလည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနိုင်ကြ၏။ 


ဘေးကြပ်နံကြပ်ဖြစ်ဖွယ် အခြေအနေနှင့် ကြုံခဲ့ရသည့်တိုင် ယန်အန်းယု၏ တုန့်ပြန်ပုံနှင့် အရှိန်မှာ ကြောက်မက်ဖွယ်  ကောင်းလောက်အောင်ပင် ထူးကဲလှပြီး လှုပ်ရှားမှုတို့မှာလည်း လွန်စွာ ဖျတ်လက်လှပေသည်။ အစ်ကိုကြီး ဟုန်ယောင်က လူငယ်လေး၏ အလျင်အမြန် တုန့်ပြန်နိုင်စွမ်းကို သဘောကျစွာဖြင့် လက်မ ထောင်ပြလိုက်သည်။ 


ယန်အန်းယုကလည်း ပြုံးပြကာ ဖြည်းဖြည်းချင်း မတ်တပ်ထရပ်လိုက်၏။ 


“ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်တဲ့အတွက် ဂုဏ်ပြုပါတယ် ..."


ထိုစဉ် အသံချဲ့စက်မှ စကားသံ ထပ်မံထွက်ပေါ်လာပြန်သည်။ စင်စစ်အားဖြင့် ထိုဂိမ်းသည် ရုတ်တရက် ဖြစ်ပေါ်လာသည့် အခြေအနေများ၌ ပါဝင်သူများအနေဖြင့် တည်တည်ငြိမ်ငြိမ် တုန့်ပြန်နိုင်ခြင်း ရှိမရှိကို ရူပဗေဒ၏ အား-ဟန်ချက် ဥပဒေသအား အပြည့်အဝ အသုံးပြုကာ စစ်ဆေးထားခြင်း ဖြစ်သည်။ 


“အုပ်စုဖွဲ့ရမယ့် အခြေအနေကို ရောက်ရှိလို့ လာပါပြီ အားလုံးပဲ ကိုယ်နဲ့ အနီးဆုံးမှာ ရှိနေတဲ့သူနဲ့အတူ အသင်းဖွဲ့ပေးကြပါ ...”


ထိုအသံကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ယန်အန်းယုသည် သူ့အနီးပတ်ဝန်းကျင်ကို လှည့်ပတ်အကဲခတ်လိုက်တော့သည်။ သူနှင့် အနီးဆုံးတွင် ရှိနေသူမှာ .. ထန်းရှောင်ဖြစ်ကြောင်း သိလိုက်ရ၏။


ယန်အန်းယုသည် စိတ်ထဲ၌ မသက်မသာ ဖြစ်လာသည့်တိုင် မျက်နှာထက်တွင်မူ အပြုံးတစ်ပွင့်ကို ဟန်မပျက် ချိတ်ဆွဲထားနိုင်ဆဲပင်။ ထန်းရှောင်၏ အပြုံးမှာလည်း အဓိပ္ပါယ်များစွာဖြင့် ပြည့်နှက်နေပေသည်။ သို့သော် သူ့အတွေးများကိုမူ မည်သူကမှ မြင်နိုင်လိမ့်မည် မဟုတ်ချေ။ 


ယန်အန်းယုတို့ ခြောက်ဦးက ဆဌမမြောက်အပိုင်းကို ရိုက်ကူးနေကြစဉ် အင်တာနက်သုံးစွဲသူများသည် “Challenge First Time” ၏ ပဉ္စမအပိုင်းကို အားတက်သရော ဆွေးနွေးနေကြဆဲပင်။ 


ယီချန်းယန်က အထူးဧည့်သည်တော်အဖြစ် ပါဝင်ထားသည့်အတွက် သူ့ပရိသတ်များသည် အလွန် ဂုဏ်ယူဝင့်ကြွားနေကြတော့သည်။ ယန်ယုပရိသတ်များကမူ ပို၍ပင် စိတ်လှုပ်ရှားတက်ကြွနေကြကာ သွေးများ ပွက်ပွက်ဆူလျက် အော်ဟစ်ကြည့်ရှုကာ သူတို့ထဲမှ တစ်ဦးဦးသည် ရိုက်ကူးရေးအဖွဲ့ထဲသို့ ရောနှောဝင်ရောက်နိုင်ရမည်ဟုပင် ကြုံးဝါးလာကြ၏။ 


ပရိုဂရမ်တွင် ယန်အန်းယုနှင့် ယီချန်းယန်တို့၏ အပိုင်းများ အတော်အသင့် ပါဝင်ကာ တစ်ဦး၏ မျက်နှာကို ကျန်တစ်ဦးက မင်ဖြင့်သုတ်ခြင်း၊ ရွှံ့တိုက်ပွဲ ဆင်နွှဲခြင်း အစရှိသည့် နီးနီးကပ်ကပ် ထိတွေ့ပတ်သက်မှုများလည်း ပါဝင်ပေသည်။ ပိုပြီးညစ်ပတ်လေ ပိုပြီး ကျန်းမာလေပင် ဖြစ်သည်။ 

(ပိုပြီးညစ်ပတ်လေ ပိုပြီး ကျန်းမာလေ - မျက်နှာကို ရွှံ့နဲ့ သုတ်ရတာဆိုတော့ မျက်နှာမှာ ရွှံ့ပေတာများလေလေ အသားအရေအတွက် ပိုပြီး ကောင်းလေလို့ ပြောချင်တာပါတဲ့ clay mask သုံးရင် အသားအရေ ပိုပြီး ကြည်လာတယ်ဆိုတဲ့ သဘောမျိုးပါ )


“ယန်ယု” CP မှာ အလွန် လူသိများလာသည့်အတွက် ဤရက်များအတွက် “ယန်ယု” ဖန်ကလပ်သည် ပုံမှန်ထက် ပိုမိုကာပင် သက်ဝင်လှုပ်ရှားနေပေသည်။ အမျိုးမျိုးသော ပို့စ်များအား screenshot ရိုက်ကာ “အကြည့်တွေက လိမ်လို့ကို မရဘူး” “ဒါကမှ အချစ်စစ် မဟုတ်ရင်တော့ ...” “အမြန်ဆုံး လက်ထပ်လိုက်ကြပါတော့” အစရှိသည့် ခေါင်းစဉ်အမျိုးမျိုးတပ်ကာ အားတက်သရော ဆွေးနွေးနေကြသည်။ 


တစ်ချိန်တည်းမှာပင် “ယုယန်” ဟူသော အများနှင့် မတူသည့် CP တစ်ခုလည်း ထူးထူးခြားခြား ပေါ်ထွက်လာခဲ့သည်။ ယုယန် ပရိသတ်များက ရွှံ့တိုက်ပွဲအတွင်း ယီချန်းယန်ကို အကြိမ်ပေါင်းများစွာ ဖိချခဲ့သည့် ယန်အန်းယု၏ ပုံစံမှာ အထက်ပုဂ္ဂိုလ်တစ်ဦး၏ အရှိန်အဝါများဖြင့် ပြည့်နှက်နေကာ ချောမောခန့်ညားလှသည့် မျက်နှာလေးမှာလည်း  မြင်ရသူအားလုံး နှာခေါင်းသွေးလျှံချင်စဖွယ် ကောင်းလှသည်ဟု အားတက်သရော ဆိုလာကြသည်။ နာမည်ကို ရှေ့နောက်ပြောင်း၍ ရသော်လည်း နေရာကိုမူ အထက်အောက် ပြောင်း၍မဖြစ်ဟု လက်ခံထားကြသူများလည်း အများအပြား ရှိနေသေး၏။ သူတို့က အောက်ပုဂ္ဂိုလ်တိုင်းတွင် တန်ပြန်တိုက်ခိုက်လိုသည့် အတွေးများ ရှိနေတတ်သည်ဟု ဆိုလာကြသည်။ 


တန်ပြန်တိုက်ခိုက်ချင်တယ် ဟုတ်လား ...


ထိုပို့စ်ကို မြင်လိုက်သည့်အခါ ..ဖိုရမ်တစ်ခုလုံးကို လျှောက်ပတ်ကြည့်ရှုနေသည့် ယီချန်းယန်သည် မျက်မှောင်ကြုတ်မိသွားလေသည်။ 


သို့သော် .. မျက်ရည်လည်ရွှဲဖြင့် စက္ကန့်မလပ် ပင့်သက်ရှိုက်ကာ ခန္ဓာကိုယ် အောက်ပိုင်းတစ်ခုလုံးမှာလည်း အရည်တို့ဖြင့် ဖုံးလွှမ်းနေမည့် တစ်ယောက်သောသူ၏ အမျိုးမျိုးသော ကိုယ်နေဟန်ထားများကို မြင်ယောင်မိသည့်အခါ .. ရုပ်ရှင်ဧကရာဇ်ယီသည် နှုတ်ခမ်းများ သိသိသာသာ ကွေးညွတ်သည်အထိပင် ပြုံးရယ်မိသွားတော့သည်။ 


ဒီကိစ္စတွေက .. ဖြစ်လာဖို့ အရမ်းအရမ်းကို ဝေးလွန်းပါသေးတယ်လေ ...


မခို့တရို့ ပြုံးနေသူကြောင့် ဘေးနားတွင် ရပ်နေသည့် လီယဲ့၏ မျက်ခုံးတို့ ပင့်တက်မိသွား၏။ အေးတိအေးစက်နိုင်မှုကို ကုစားပြီးချိန်မှစ၍ ထို ရုပ်ရှင်ဧကရာဇ်၏ အတွေးများသည် အမြဲလိုလို အဝါရောင်သမ်းသည့် အတွေးများဖြင့်သာ ပြည့်နှက်နေပေသည်။ 


ပုံမှန် မဟုတ်သည့် “ယုယန်” အကြောင်းကိုမူ ..  ထန်းရှောင်နှင့်အတူ မစ်ရှင်လုပ်နေရသည့် ယန်အန်းယုသည် တစ်လုံးတစ်ပါဒမျှပင် မသိသေးချေ။ 


“Challenge First Time” ၏ ရိုက်ကူးရေး တစ်ပိုင်းချင်းစီတိုင်းတွင် မစ်ရှင်ကို မဲနှိုက်ရွေးချယ်ခြင်းဖြင့်သာ ဆုံးဖြတ်ကြရသည်။ ယန်အန်းယုနှင့် ထန်းရှောင်တို့သည် တောင်ထိပ်ဘုရားကျောင်း၏ ဓာတ်ပုံကို မဲနှိုက်မိသွားကာ K မြို့၏ အစွန်ရှိ နန်ယင်းဘုရားကျောင်းသို့ ထွက်ခွာလာခဲ့ကြသည်။ 


ဤတစ်ကြိမ်တွင်မူ သူတို့သည် ရိုက်ကူးရေးကို နှစ်ညနှင့် သုံးရက်တိုင်တိုင် ရိုက်ကူးရမည် ဖြစ်သည်။ ယန်အန်းယုမှာ သိသိသာသာပင် သက်ပြင်းချမိသွား၏။ ဤရသစုံရှိုးတွင် ပါဝင်ရခြင်းကြောင့် သူသည် နိုင်ငံ၏ အရပ်ဒေသအားလုံးနီးပါးသို့ အလည်အပတ် ရောက်ရှိပြီးသား ဖြစ်သွားသည်။


နန်ယင်းဘုရားကျောင်းသို့ ရောက်ရှိပြီးနောက် .. ရိုက်ကူးရေးအဖွဲ့သည် ကင်မရာများ တပ်ဆင်ခြင်းနှင့် မီးအလင်းအမှောင်များ ချိန်ညှိခြင်းကဲ့သို့သော လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရန် လိုအပ်သေးသည့်အတွက် ယန်အန်းယုနှင့် ထန်းရှောင်တို့သည် ဘေးနားတွင် တစ်ခဏမျှ အနားယူနေကြပြီး ရိုက်ကူးရေးကို ချက်ခြင်း မစတင်ခဲ့ကြချေ။ 


တောင်ပတ်လမ်းကြောင်းအတိုင်း ကားဖြင့် မောင်းနှင်လာရသည်မှာ မလွယ်ကူလှ၊ လမ်းတစ်လျှောက်လုံး ယိမ်းထိုးနေသည့် ကားဖြင့် လိုက်ပါလာရသည့်အတွက် ရိုက်ကူးရေးအဖွဲ့သားအားလုံး သိသိသာသာ ပင်ပန်းနေကြသည်။ သို့သော် ယန်အန်းယုကမူ အားလုံးနှင့်မတူ၊ သွက်လက်မြူးကြွနေကာ အကြောလျော့ရင်း သွေးပူလေ့ကျင့်ခန်းပင် လုပ်နေလိုက်သေး၏။ သူသည် စိမ်းစိုသော တောတောင်၊ ကြည်လင်သည့် ရေပြင်တို့ဖြင့် ဝန်းရံထားသည့် ထိုနယ်မြေကို အလွန် သဘောကျမိကာ တိတ်ဆိတ်ငြိမ်သက်မှုကြောင့် စိတ်အာရုံအစုံသည်ပင်လျှင် သက်တောင့်သက်သာ ဖြစ်လာ၏။ 


နောက်မှ တကောက်ကောက်လိုက်လာသည့် ကင်မရာမန်း မပါရှိသည့်အတွက် ထန်းရှောင်က သူ့အနားသို့ ချဉ်းကပ်ကာ တိုးတိုးလေး စကားစလိုက်သည်။ 


“ယန်အန်းယု မင်း .. ငါနဲ့ ဒီနေရာမှာ ရက်နည်းနည်းလောက် အတူနေရမှာမလို့ စိတ်မကြည် ဖြစ်နေတာလား ...”


ယန်အန်းယုက ကြောင်အသွားကာ ချက်ခြင်း ခေါင်းကို ယမ်းပြလိုက်သည်။ 


“မင်း အတွေးလွန်နေပြီ ငါက ဒီအတိုင်းပါပဲ နည်းနည်း  နေသားမကျတာတော့ ရှိမှာပေါ့ မစ္စတာထန် မင်းက ငါ့ခံစားချက်တွေအပေါ် သက်ရောက်ရလောက်တဲ့အထိ အရေးမပါဘူး  ...”


လေသံမှာ သိသိသာသာ နွမ်းလျနေ၏။


ထန်းရှောင်၏ အကြည့်တို့မှာလည်း သိသိသာသာပင် ပြောင်းလဲသွားခဲ့လေသည်။ သို့သော် သူက အပြုံးမပျက်ဘဲ  သူ့နေရာသို့သာ ပြန်လျှောက်လာလိုက်သည်။ 


ယန်အန်းယုကလည်း သူ့နောက်ကျောက်ို စိုက်ကြည့်ကာ တွေးနေလိုက်သည်။ 


ဒီတစ်ယောက်က တကယ်ကို ထူးဆန်းတာပဲ ...


အဖြူရောင် ယောဂီဝတ်စုံကို ပြောင်းလဲဝတ်ဆင်ပြီးနောက် ယန်အန်းယုနှင့် ထန်းရှောင်တို့သည် အခြားသော  ယောဂီများ၏ အနောက်တွင် အတန်းလိုက် ဝင်ထိုင်ကာ ဘုရားစာ ရွတ်ဖတ်နေမှုများနှင့် တရားပြဆရာတော်၏ ဓမ္မအကြောင်း ဟောပြရှင်းပြသည်များကို နာယူနေလိုက်ကြသည်။ 


ထန်းရှောင်က ယန်အန်းယုကို တိတ်တခိုး ချောင်းကြည့်လိုက်သည်။ အသက်ကို မှန်မှန်ရှူသွင်းကာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် တရားထိုင်နေသည့် ယန်အန်းယု၏ ပုံစံမှာ ပုံမှန်အချိန်များတွင် စက္ကန့်မလပ် လန်းဆန်းတက်ကြွနေသည့် လူငယ်ပုံစံနှင့် လုံးဝဥဿုံ ကွဲပြားနေသည်။ လက်ရှိယန်အန်းယုမှာ ပိုပြီး နာခံလွယ်သည့် ပုံစံမျိုး ဖြစ်နေကာ ဖြူဆွတ်ဆွတ် ဝတ်စုံကို ဝတ်ဆင်ထားမှုကြောင့် လှပသည့် သူ့ရုပ်သွင်တွင် စိတ်စွမ်းအင်တစ်ရပ် ကိန်းအောင်းနေသည့်အလားပင် ထင်မြင်မိလာသည်။ 


ထန်းရှောင်၏ နှလုံးသားတစ်ခုလုံး လျင်မြန်စွာ လှုပ်ရှားသွားရသည့်အတွက် မျက်လုံးကို အလျင်အမြန် ပိတ်ချလိုက်ရ၏။


တရားထိုင်နေစဉ် ကာလမှာ စိတ်နှလုံးကို တည်ငြိမ်အောင် မထားနိုင်၊ အတွေးတို့အား လေနှင်ရာအတိုင်း လွင့်မျောစီးဆင်းစေသူများအဖို့ အဆုံးမရှိသည့် ပျင်းရိငြီးငွေ့ဖွယ် အချိန်များပင် ဖြစ်ပေသည်။ ကံကောင်းစွာဖြင့် ယန်အန်းယုနှင့် ထန်းရှောင်တို့ နှစ်ဦးစလုံးသည် တည်ငြိမ်အေးဆေးသည့် စိတ်နေစိတ်ထားကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည့်အတွက် သူတို့၏ လုပ်ဆောင်ချက်များမှာ အောင်မြင်သည်ဟု ဆိုရလောက်ပေမည်။ 


ထို့နောက်တွင် .. ထမ်းပိုးဖြင့် ရေသယ်ရမည့် မစ်ရှင်က သူတို့ကို စောင့်ဆိုင်းနေတော့သည်။ ဤသည်မှာ ယန်အန်းယုအဖို့မူ အသေးအဖွဲမျှသာပင်။ သူ၏ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုမှာ အင်မတန် ကောင်းမွန်လှသည့်အပြင် အာရုံကြောကို ထိန်းချုပ်နိုင်မှုမှာလည်း ထိပ်တန်းအဆင့် ဖြစ်ပေသည်။ ထန်းရှောင်ကမူ ခါးသီးသည့် ရုန်းကန်မှုများကို သိသိသာသာ ခံစားနေရသည့်တိုင် ယန်အန်းယုကို အကူအညီတောင်းခံခြင်း လုံးဝ မရှိဘဲ မစ်ရှင်ကို သူ့ခွန်သူ့အားဖြင့်သာ အပြီးသတ် လုပ်ဆောင်နိုင်ရန် အစွမ်းကုန် ကြိုးစားနေလိုက်သည်။ 


ယန်အန်းယုကလည်း .. ထို ထန်းရှောင်ဟူသည့် တစ်ယောက်သည့် ကင်မရာအရှေ့တွင် ရောက်နေသရွေ့ သူ့ကိုယ်သူ ဟာသအဖြစ်ခံလိမ့်မည် မဟုတ်ဟု ကောက်ချက်ချလိုက်လေသည်။ 


တစ်နေ့လုံးနီးပါး စွမ်းအင်ကို အသုံးချပြီးသည့်နောက် ... ညအချိန်သို့ ရောက်သည့်အခါ .. သူတို့ကို ကြီးကြပ်ရန် တာဝန်ယူထားသည့် ကိုရင်လေးက တရားထိုင်သည့် ခန်းမထဲသို့ ဦးဆောင်ခေါ်လာကာ ကျမ်းစာများအား ကူးယူရန် ပြောလိုက်သည်။ ထို့အပြင် ကူးယူရမည့် ကျမ်းစာအားလုံး ပြီးစီးမှသာလျှင် စားသောက်ခွင့် ရမည်ဖြစ်ကြောင်းကိုပါ ထပ်ပေါင်း ပြောလိုက်၏။ စားပွဲပေါ်ရှိ မြင့်မားလှသည့် စာအုပ်ပုံကြီး နှစ်ခုကို တွေ့လိုက်သည့်အခါ ယန်အန်းယုနှင့် ထန်းရှောင်တို့သည် သိသိသာသာပင် မျက်မှောင်ကြုတ်မိသွားသည်။ 


အချိန်ကြာမြင့်စွာ ကူးယူပြီးသည့်နောက် .. ကြီးကြပ်သူ ကိုရင်လေးသည် ထိုကူးယူသူ နှစ်ဦးလုံး အထူးသဖြင့် ယန်အန်းယု၏ လက်ရေးမှာ မဆိုးလှကြောင်း မြင်တွေ့လိုက်ရသည့်အတွက် သူတို့ကို ထိုထက်ပိုကာ အခက်မတွေ့စေခဲ့တော့ချေ။


ယန်အန်းယု ကူးယူထားသည့် ကျမ်းစာစာအုပ်များကို ငေးကြည့်ရင်း ထန်းကော်နှင့် ချီစန်းတို့သည်ပင် ကြောင်အသွားကြသည်။ ယန်အန်းယုထံ၌ လျှို့ဝှက်ထားသော အရည်အချင်းများ ရှိနေလိမ့်ဦးမည်ဟု လုံးဝ မထင်ထားမိခဲ့ကြချေ။ ကင်မရာမှတစ်ဆင့် စောင့်ကြည့်နေသည့် ရိုက်ကူးရေးအဖွဲ့သားများသည်လည်း ထပ်တူပင် အံ့ဩသွားရရှာကာ ကင်မရာမန်းအား အနီးကပ် ရိုက်ကူးထားရန် ညွှန်ကြားလိုက်၏။ 


ယန်အန်းယုသည် အသက်အားဖြင့် အလွန် ငယ်ရွယ်သေးသည့်တိုင် သူ၏ လက်ရေးနှင့် စာရေးဟန်မှာ လွန်စွာ သန့်စင်ကာ သဘာဝကျလှပြီး အင်အားတို့ဖြင့်လည်း ပြည့်ဝနေသည့်အတွက် ငယ်စဉ်အချိန်ကတည်းကပင် လက်ရေးလှပညာကို လေ့လာခဲ့လေသလားဟု တွေးထင်မိလာကြသည်။ 


ယန်အန်းယုကမူ မည်သို့မှ မတုန့်ပြန်ခဲ့ချေ။ သူ့ကို စစ်သူကြီးဟောင်းက စာရေးနည်း သင်ကြားပေးခဲ့ခြင်း ဖြစ်ကာ ငယ်စဉ်အရွယ်ကတည်းက အလေးအနက်ထားပြီး လေ့ကျင့်ခဲ့ပေသည်။ ထို့ကြောင့် စစ်သူကြီး၏ စာရေးဟန်ကို အနည်းငယ် တုပနိုင်ခဲ့သည့်တိုင် ဉာဏ်ကြီးရှင် စစ်သူကြီးယီနှင့် ယှဉ်နိုင်ရန်မှာမူ လွန်စွာ အလှမ်းဝေးကွာလွန်းလှပေသည်။ 


နောက်တစ်နေ့ မနက် အစောပိုင်းတွင် .. မစ်ရှင်ကြောင့် ယန်အန်းယုနှင့် ထန်းရှောင်တို့သည် ရောင်နီပျို့လာကတည်းက အိပ်ယာမှ ထခဲ့ကြရသည်။ တောင်ထိပ်တွင် မြူခိုးများဖြင့် ရစ်သိုင်းနေဆဲဖြစ်ကာ ရာသီဥတုမှာလည်း လွန်စွာ အေးစက်နေဆဲပင်။ 


ဆန်ပြုတ်ကို အားရပါးရ စားသောက်ရင်း နွေးထွေးစွာ ပြုံးပြလိုက်သည့် ယန်အန်းယုကြောင့် ထန်းကော်နှင့် ချီစန်းတို့မှာ ပျော်ရွှင်သွားရကာ ကျန် ရိုက်ကူးရေးအဖွဲ့သားများ၏ စိတ်နှလုံးသည်လည်း နွေးထွေးသွားရသည်။ 


ဤမနက်တွင် ယန်အန်းယုသည် ပင်မဂိတ်တံခါးရှိ ၁၀၈ ခုသော လှေကားထစ်များ အပါအဝင် အရှေ့ဘက်မျက်နှာစာ ခြံဝင်းတစ်ခုလုံးကို အမှိုက်လှည်းပေးရမည် ဖြစ်သည်။ လူတို့၏ သက်တမ်းတစ်လျှောက်တွင် ၁၀၈ ပါးသော စိုးရိမ်ပူပန်ဖွယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်ကာ လှေကားတစ်ထစ်ချင်းစီက ထို သောကရောက်ဖွယ် အကြောင်းအရင်းတစ်ခုကို ဖယ်ရှားပေးစေနိုင်သည်ဟု ဆိုရိုးစကားတစ်ခု ရှိပေသည်။ ၁၀၈ ပါးသော စိုးရိမ်သောကများကို ဖယ်ရှားရှင်းလင်းပြီးသည်နှင့်တစ်ပြိုင်နက် ထိုသူထံတွင် ပျော်ရွှင်မှုများသာ ကျန်ရစ်တော့ကာ လှပသည့် ပြန်လည်သက်ဝင်ရှင်သန်မှုတစ်ခုကို ဝမ်းမြောက်စွာဖြင့် ကြိုဆိုရမည် ဖြစ်သည်။ 


သန့်ရှင်းရေး လုပ်ပြီးသည့်အခါ ထူးထူးဆန်းဆန်းပင် ယန်အန်းယုက ထန်းရှောင်၏ဘေးသို့ သွားကာ တိတ်တဆိတ် စကားစလိုက်သည်။ 


“ထန်းရှောင် မင်းက အရပ်မျက်နှာတွေနဲ့ ပတ်သက်ရင် တကယ်ကြီး ညံ့တာလား ဒါမှမဟုတ် ဟန်ဆောင်တာလား ...”


“...”


ထန်းရှောင်မှာ စကားပင် ပြန်မပြောနိုင်လောက်အောင် ကြောင်အသွားရှာသည်။ ထိုကဲ့သို့ အမေးခံရလိမ့်မည်ဟု အနည်းငယ်မျှပင် မျှော်လင့်မထားမိချေ။ 


“မင်းက ငါ ဟန်ဆောင်နေတာလို့ ထင်နေတာလား ...”


ယန်အန်းယုက ပြန်မဖြေပေ။ 



👥️