Chapter 52
Viewers 5k

👥️Chapter 52




S မြို့တော် ပေရှင်းခရိုင်ရှိ ယီချန်းယန်၏ ဗီလာ၌ ...


နေ့လည်စာ စားပြီးနောက် ယန်အန်းယုသည် ချီစန်းထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိလိုက်သည်။ 


ယန်အန်းယု၏ ကျော်ကြားမှု တိုးပွားလာသည်နှင့်အမျှ အင်တာနက်သုံးစွဲသူများ၏ သူ့အပေါ် ထင်မြင်ယူဆချက်တို့မှာလည်း အမျိုးမျိုး ကွဲပြားလာတော့သည်။ အချို့က သူ့ကို အလွန်အမင်း သဘောကျနှစ်သက်ကြကာ အချို့ကမူ သူ့ရုပ်ရည်ကို သဘောမကျသည့်အတွက် သူ့ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် အမျိုးမျိုး ပြစ်တင်ဝေဖန်ကြပေသည်။ ယေဘုယျအားဖြင့် ရုပ်ရှင်ရိုက်ကူးစဉ် သို့မဟုတ် အခြားသော အလုပ်များ လုပ်ကိုင်နေစဉ် အချိန်များတွင် ချီစန်းသည် ယန်အန်းယု၏ စိတ်ခံစားချက်အပေါ် သက်ရောက်မှု မရှိစေရန်အလို့ငှာ ဖုန်းကိုင်ခြင်း၊ အင်တာနက်သုံးစွဲခြင်းကို တင်းတင်းကြပ်ကြပ် တားမြစ်တတ်ပေသည်။ ယန်အန်းယုကလည်း သူ၏ တားမြစ်ချက်ကို နာခံမှု အပြည့်ဖြင့် လိုက်နာခဲ့၏။ 


ဤတစ်ကြိမ်တွင် .. သူက ယန်အန်းယုနှင့် ထန်းရှောင်ကို ထိုအကြောင်း ပြောပြလာခဲ့သည်။ 


စင်စစ်အားဖြင့် ပရိသတ်များအကြားရှိ ဤသို့သော ရန်ပွဲမျိုးမှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုမျှသာ ဖြစ်သည့်အတွက် ကုမ္ပဏီဘက်မှလည်း ထိုကိစ္စမျိုးကို အရေးတယူပြုနေမည် မဟုတ်ချေ။ ထို့အပြင် ထန်းရှောင်သည် ထိုမှတစ်ဆင့် အနည်းငယ် လူသိများကာ ကျော်ကြားလာသည့်အတွက် .. ရှန်းဟွမ်မီဒီယာ၏ အထက်ပိုင်းအရာရှိအချို့အဖို့ ဤသည်မှာ အလွန် စိတ်တိုင်းကျဖွယ် ဖြစ်ပေသည်။ 


ထန်းရှောင်၏ ခင်ကြောင်းမင်ကြောင်း ရေးသားထားသည့် ပို့စ်မှာလည်း ကုမ္ပဏီ၏ စိတ်တိုင်းကျ ဖြစ်ပေသည်။ ယန်အန်းယုအနေဖြင့် ထိုပို့စ်ကို တစ်စုံတစ်ရာ ပြန်လည်တုန့်ပြန်သင့်သော်ငြား သူသည် လတ်တလောတွင် ထိုကိစ္စကို အာရုံမစိုက်လိုပေ။ 


“ချီကော ကျွန်တော် ကောကို ယုံကြည်တယ် ဒီကိစ္စကို ကိုင်တွယ်ဖို့ကိုလည်း ကောလက်ထဲကိုပဲ လွှဲထားလိုက်မယ် ...”


သူက သာမန်ကာလျှံကာ ပြောလိုက်သည်။ ထန်းရှောင်၏ အချို့သော တမင်ရည်ရွယ်ထားသည့် လုပ်ရပ်များမှာ ဤရလဒ်မျိုး ထွက်လာရန် မျှော်ကိုး၍ လုပ်ခဲ့ခြင်း ဖြစ်ပေမည်။ 


သူသည် ထိုကဲ့သို့သော အကျင့်စရိုက်ရှိသူများအား လုံးဝ မနှစ်မျို့ပေ။ 


“ကောင်းပြီ နားလည်ပါပြီ ...”


ချီစန်းကလည်း ဖုန်းကို အမြန်ချသွားခဲ့သည်။ 


ထို့နောက်တွင် သူက ထန်းရှောင်၏ ပို့စ်ကို forward ပြန်လုပ်ပေးလိုက်၏။ သို့သော် သာမန်ဆန်သည့် ခင်မင်ရင်းနှီးမှုကို ညွှန်ပြသည့် သဘောဖြစ်နေသော ပြုံးနေသည့် အီမိုဂျီတစ်ခုကိုသာလျှင် ထပ်ထည့်ပေးခဲ့သည်။ 


ရှားရှားပါးပါး ရထားသည့် အားလပ်ရက်များတွင် ယန်အန်းယုသည် ထိုကဲ့သို့သော ကိစ္စမျိုးဖြင့် စိတ်အနှောင့်အယှက် မဖြစ်လိုပေ။ သူသည် ယီချန်းယန်၏ နံဘေးတွင် နေခွင့်ရရုံမျှဖြင့်ပင် ပျော်ရွှင်နေရပြီ ဖြစ်သည်။ 


သူ ဆိုဖာပေါ်ရှိ ယီချန်းယန်၏ ပေါင်ပေါ်တွင် ထိုင်ကာ သိုင်းဝတ္ထုတစ်ပုဒ်ကို ဖတ်နေလိုက်သည်။ အစပိုင်းကမူ နေရခက်ကာ အနည်းငယ် ရှက်ရွံ့ခဲ့မိသေးသော်ငြား ယခုမူ ပေါင်ပေါ်တွင် သဘာဝကျကျ တက်ထိုင်တတ်နေပြီ ဖြစ်သည်။ သူ့ကိုယ်သူ ယီချန်းယန်၏ အလိုလိုက်အကြိုက်ဆောင်ခြင်းကို ခံနေရပြီဟုပင် ခံစားမိလာတော့၏။ 


ယန်အန်းယုဘက်မှ ထိုပို့စ်ကို ပြန်လည်မျှဝေအပြီးတွင် နာရီအချို့ခန့်အထိ လူပြောအများဆုံး အကြောင်းအရာထဲသို့ ရောက်ရှိသွားတော့သည်။ မှတ်ချက်အများစုမှာ သူ့အား မည်မျှအထိ လွမ်းဆွတ်နေရပါကြောင်း ရေးသားထားသည့် ပရိသတ်များ၏ ဝန်ခံစကားများ ဖြစ်ကြကာ အထိအခိုက်မခံသည့် အကြောင်းအရာဖြစ်သော သူနှင့် ထန်းရှောင်၏ “ခင်မင်ရင်းနှီးမှု” အကြောင်း ဆွေးနွေးချက်များမှာမူ များမကြာမီမှာပင် ဖိနှိပ်ခြင်း ခံလိုက်ရလေသည်။ 


ပရိသတ်များက ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။ ပြီးခဲ့သည့်အခေါက်က ရန်ပွဲဖြစ်ပွားရန် ရွေးချယ်ခဲ့သည့် သူတို့၏ သွေးဆူသော လုပ်ရပ်များကြောင့် မရည်ရွယ်သည့်တိုင် ယန်အန်းယုအပေါ် ဆိုးဆိုးရွားရွား သက်ရောက်သွားစေခဲ့သည့်အတွက် သူတို့ကိုယ်သူတို့လည်း အပြစ်တင်မိခဲ့ကြပေသည်။ 


ယီချန်းယန်က ဝေ့ပေါ်ကို ကြည့်နေရင်း ထိုဓာတ်ပုံကို မြင်လိုက်ရသည့်အခါ သူ့အကြည့်တို့သည် ယန်အန်းယုနှင့် ထန်းရှောင်တို့ အတူရိုက်ကူးထားသည့် ဓာတ်ပုံထံတွင်သာ ကျောက်ချသွားတော့သည်။ 


“ဒီဓာတ်ပုံက ဘယ်တုန်းက ရိုက်လိုက်တာလဲ ..."


ယန်အန်းယုက ကြောင်အသွား၏။ ယီချန်းယန်သည် ထိုကိစ္စအပေါ် အာရုံစိုက်မိနေဆဲဖြစ်ကြောင်း သဘောပေါက်လိုက်သည့်အတွက် သူသည် ဖတ်လက်စ ဝတ္ထုကို ချက်ခြင်း အောက်ချထားလိုက်တော့သည်။ 


“အစီအစဉ် ရိုက်နေတုန်းက .. သူနဲ့ကျွန်တော် အတူတူ မစ်ရှင်လုပ်ရတုန်းကလေ ...”


ယီချန်းယန်က သာသာလေး ခေါင်းယိမ့်ပြလိုက်ကာ ဓာတ်ပုံကို ပုံကြီးချဲ့၍ ယောင်ယောင်လေး ပြုံးနေသည့် ယန်းအန်းယု၏ နှုတ်ခမ်းထောင့်စွန်းများကို လက်ညှိုးထိုးပြလိုက်သည်။ ယန်အန်းယုကလည်း ဖျတ်ခနဲ သဘောပေါက်လိုက်ကာ အလောတကြီး ရှင်းပြလိုက်တော့၏။ 


“ကျွန်တော်တို့က သရုပ်ဆောင်တွေ မဟုတ်လား လိုအပ်လာလို့ရှိရင် မကြိုက်တဲ့လူနဲ့ မျက်နှာချင်းဆိုင်ကြီး တွေ့နေရရင်တောင် ဟန်မပျက် ပြုံးထားနိုင်တယ်လေ ...”


ထိုစကားမှာ အမှန်တကယ်ပင် မငြင်းနိုင်ဖွယ်ရာပင်။ ယီချန်းယန်မှာလည်း အနည်းငယ် မင်သက်သွားရတော့သည်။ သူက ဝေ့ပေါ်ကို ပြန်ပိတ်ကာ ယန်အန်းယု၏ ခေါင်းကို ခပ်ဖွဖွ ပွတ်သပ်ရင်း သတိပေးစကား ပြောလိုက်သည်။ 


“ရှောင်ယု အဲဒီ့ ထန်းရှောင်လေ .. ရှေ့လျှောက် သူနဲ့ အကွာအဝေးတစ်ခုခြားပြီးမှ ဆက်ဆံရမယ်နော် …”


“အင်း ...”


ယန်အန်းယုက အလေးအနက် ခေါင်းငြိမ့်ပြလိုက်သည်။ ယီချန်းယန်က သူ့ကို ဤကဲ့သို့ ပြောမလာလျှင်ပင် ထိုကဲ့သို့ လုပ်မည်ဟု ဆုံးဖြတ်ထားနှင့်ပြီး ဖြစ်ပေသည်။ 


“ရှောင်ယု ကိုယ်တို့တွေ ...”


ယီချန်းယန်က နှုတ်ခမ်းကို ကိုက်ထားကာ ပြောလိုက်၏။ သူ့ပုံစံမှာ တစ်ခုခုကို ပြောလိုသည့်တိုင် ပြောရမည်ကိုလည်း ရှက်ရွံ့နေဟန်ပင်။ 


“ကျွန်တော်တို့တွေ ဘာဖြစ်လဲ ...”


“ကိုယ်တို့တွေ .. တစ်ခါမှ ဓာတ်ပုံ အတူတူ မရိုက်ဖူးသလိုပဲနော် ...”


ယန်အန်းယု၏ ဝေ့ပေါ်တွင် အခြားသူများနှင့်အတူ ဓာတ်ပုံရိုက်ထားသည်များကို အများအပြား forward ပြန်လုပ်ထားပေသည်။ စင်စစ်အားဖြင့် ထိုဓာတ်ပုံများအနက် အများစုမှာ သူ၏ သူငယ်ချင်းကောင်းတစ်ဦးဖြစ်သူ ချင်နွော်ရှီနှင့် ရိုက်ထားသည့် ဓာတ်ပုံများပင် ဖြစ်သည်။ ထို့အပြင် “နှလုံးသား၌ ထုဆစ်လေသော” ကို ရိုက်ကူးစဉ်ကလည်း ယဲ့လင်းနှင့် ပုခုံးချင်း သိုင်းဖက်ကာ ရုပ်ဆိုးပန်းဆိုးမျက်နှာများဖြင့် ပို့စ်ပေးလျက် အပျော်သဘောဖြင့် ရိုက်ကူးထားသော ဓာတ်ပုံများစွာကို တင်ထားခဲ့ဖူးပေသည်။ ထိုမျှသာမက ကုရှင်း၊ စုချင်ကျား၊ ရှဲ့ယန်နှင့် အခြားသော သရုပ်ဆောင်မင်းသမီးများနှင့်အတူ ရိုက်ကူးထားသည့် အဖွဲ့လိုက်ဓာတ်ပုံများလည်း ရှိနေသေးသည်။ 


သို့သော် ယီချန်းယန်နှင့်အတူ ရိုက်ကူးထားသည့်ပုံဟူ၍မူ တစ်ပုံမျှပင် မရှိချေ။ သူတို့နှစ်ဦးလုံး အတူတူ ပါဝင်သည့် ဓာတ်ပုံဟူ၍ “နှလုံးသား၌ ထုဆစ်လေသော” ကို ရိုက်ကူးအပြီး ရိုက်ကူးရေးအဖွဲ့သားများနှင့်အတူ အုပ်စုလိုက် ဓာတ်ပုံရိုက်ကြစဉ် တစ်ချိန်သာ ရှိခဲ့ပေသည်။ 


ယီချန်းယန်ဘက်မှ သတိပေးလိုက်ကာမှသာ ယန်အန်းယုလည်း သူတို့နှစ်ဦးသည် ဓာတ်ပုံတစ်ကြိမ်ပင် မရိုက်ခဲ့ဖူးသေးကြောင်း သတိရသွားတော့သည်။ သူက ယီချန်းယန်ကို အကြောင်သား ငေးကြည့်နေကာ ဖူးခနဲ ဖြစ်သွားတော့သည်။ 


“ချန်းယန် .. ခင်ဗျား သဝန်တိုနေတာလား ...”


သူက မျက်ခုံးကို ပင့်ကာ မေးလိုက်သည်။ 


“...”


ယီချန်းယန်က ချက်ခြင်းလက်ငင်း ဆွံ့အသွား၏။ 


“လက်စသတ်တော့ ချန်းယန်ရဲ့ သဝန်တိုတဲ့ပုံစံက ဒီလိုမျိုးကိုး ..."


ယန်အန်းယုက ပါးစပ်တစ်ခုလုံး နားရွက်သို့ တက်ချိတ်လုမတတ် ပြုံးနေသည့်တိုင် ယီချန်းယန်ကမူ အသံတိတ်နေဆဲပင်။ 


“ချန်းယန် စိတ်ဆိုးသွားတာလား ...”


ယန်အန်းယုက သူ့လက်မောင်းကို တို့ထိကာ တောင်းပန်လိုဟန်ဖြင့် ပြောလိုက်သည်။ 


“ကျွန်တော် မရယ်တော့ဘူးလေ စိတ်မဆိုးပါနဲ့ .. နော် ဟုတ်သားပဲ အတူတူ ဓာတ်ပုံရိုက်ကြရအောင်လေ ကျွန်တော် ဘယ်လိုပုံစံမျိုး လုပ်ပေးရမလဲဟင် ခင်ဗျား ဘယ်လိုပို့စ်မျိုး လုပ်ချင်လဲ လိမ်လိမ်မာမာနဲ့ ပူးပေါင်းပေးမယ်လေနော် ခင်ဗျား ကြိုက်တယ်ဆိုရပြီ ဘယ်လိုဓာတ်ပုံမျိုးပဲရိုက်ရိုက် ..."


ယီချန်းယန် “...”


ကလေးတစ်ယောက်လို အချော့ခံနေရတယ်လို့ ဘာလို့ ခံစားနေရပါလိမ့် ...


အသက်မရှူစတမ်း တရစပ် ပြောသွားသည့် ယန်အန်းယု၏ ပုံစံကြောင့် ယီချန်းယန်သည် အလိုလိုပင် ပြုံးမိသွားကာ တစ်ဖက်လူ၏ နှာဖျားလေးကို အသာဆွဲလိမ်လျက် ipad ကို ထုတ်လိုက်သည်။ 


ယန်အန်းယုကို အနောက်မှ ပွေ့ဖက်ကာ သူ့ရင်ခွင်တွင် မှီထိုင်စေလျက် ယီချန်းယန်သည် သူ့မေးစေ့ကို ယန်အန်းယု၏ ပုခုံးပေါ်သို့ တင်လိုက်သည်။ ထို့နောက် နားရွက်နားသို့ ကပ်ကာ ကြည်လင်ကာ ညှို့ဓာတ်ပြင်းနေသည့် အသံဖြင့် မြူဆွယ်သိမ်းသွင်းလိုက်သည်။ 


“လိမ္မာနော် .. ကိုယ့်ကို နမ်းလိုက် ..."


ချက်ခြင်းဆိုသလို ယန်အန်းယု၏ နားရွက်ဖျားများ ယားယံသွားကာ ပါးနှစ်ဖက်လုံးလည်း ပူပြင်းလာတော့သည်။ သို့သော် ယီချန်းယန်အား သူ့စိတ်တိုင်းကျ ပူးပေါင်းပေးပါမည်ဟု ကတိပေးထားပြီး ဖြစ်သည့်အတွက် .. ယန်အန်းယုထံတွင် နောက်ပြန်ဆုတ်ရန် အခွင့်အရေး မရှိတော့။ မျက်နှာကို အနောက်သို့ လှည့်ကာ နာခံမှု အပြည့်ဖြင့် ယီချန်းယန်၏ ဘယ်ဘက်ပါးပြင်ကို အနမ်းခြွေချလိုက်တော့သည်။ 


“ဟိုဖက်ကိုရောပဲ .. နမ်းရမှာနော် ...”


ယီချန်းယန်က ဆက်လက်ကာ သိမ်းသွင်းလိုက်၏။ 


ယန်အန်းယုကလည်း သူ့တောင်းဆိုချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးလိုက်သည်။ နှစ်ဦးသားသည် ကိုယ်နေဟန်ထား အမျိုးမျိုးကို ပြောင်းလဲခဲ့ကြပြီး ယီချန်းယန်က ယန်အန်းယုအား အင်္ကျီကော်လံကို ဖြည်ချ၍ အိပ်ယာပေါ်တွင် လှဲလျောင်းရန်ပင် နိုင့်ထက်စီးနင်း တောင်းဆိုခဲ့သည့်အတွက် တစ်ဖက်သူသည် မျက်နှာပင် မပြရဲလောက်အောင် အလွန် ရှက်ရွံ့မိလာလေသည်။ 


ဓာတ်ပုံများ အများအပြား ရိုက်ကူးပြီးသည့်နောက် ယန်အန်းယုသည် သူ့တွင် ဆုံးရှုံးမှုအချို့ ကြုံတွေ့လိုက်ရပြီဟု ခံစားမိသည့်အတွက် ယီချန်းယန်ကို အတုန့်အလှည့် တောင်းဆိုလိုက်တော့သည်။ သူက ချစ်ရသူကို အားဖြင့် ဆွဲကာ ပြောလိုက်သည်။ 


“ချန်းယန် .. ကျွန်တော့်ကို နမ်း .. ခင်ဗျားဘက်ကနေ အရင် စနမ်းပေး ...”


သူ့စကား ဆုံးသည်နှင့်တစ်ပြိုင်နက် ယီချန်းယန်က သူ့နှုတ်ခမ်းများကို ကိုက်ဆွဲငုံထွေးလိုက်တော့သည်။ 


“ဘယ်လိုလဲ .. စိတ်တိုင်းကျရဲ့လား ...”


“ကျွန်တော် ...”


သူက တစ်ခုခု ပြောရန် ပြင်နေစဉ်မှာပင် မိသားစုဝင်တစ်ဦးဖြစ်သူ coco က သူတို့အနားသို့ ပြေးလာ၏။ 


“ဝုတ် ဝုတ် ...”


အမြဲလိုလို လျစ်လျူရှုခံရသည့် coco သည် ယန်အန်းယု၏ ခြေထောက်ကို ကြမ်းတမ်းစွာဖြင့် ပွတ်သပ်လိုက်သည်။ 


သခင်တွေက နမ်းတိုင်း ကစားကြပြန်ပြီ ... coco လေး မပျော်တော့ဘူး ...


ယန်အန်းယုက သူ့ကို ကောက်ချီရင်း ယီချန်းယန်ကို ပြုံးပြလိုက်၏။ 


“ကြည့်ရတာ ဒီကောင်လေးတော့ သဝန်တိုနေပြန်ပြီထင်တယ် .. သူနဲ့လည်း ဓာတ်ပုံအတူတူ ရိုက်ကြရအောင်လေ ...”


ယီချန်းယန် “အင်း ...”


ယီချန်းယန်၏ ဗီလာတွင် တစ်နေကုန် အချိန်ဖြုန်းပြီးနောက် တနင်္လာနေ့သို့ ရောက်သောအခါ ယန်အန်းယုသည် နောက်တစ်ကြိမ် အလုပ်နွံထဲသို့ နစ်မြုပ်သွားရပြန်တော့သည်။


ယန်အန်းယုသည် ကိုယ်ခံပညာတွင် အခြေခံ ရှိနေသည့်အပြင် သူ၏ အကောင်းမြင်တတ်ကာ ရွှင်လန်းတက်ကြွသည့် ပုံရိပ်မှာ အားကစားဘရန်းများအား ထောက်ခံကြေငြာပေးရန် အလွန် သင့်လျော်လှပေသည်။ ယနေ့တွင်လည်း သူသည် တစ်နေ့လုံးနီးပါးခန့် အမျိုးမျိုးသော ကြော်ငြာများကို ရိုက်ကူးရင်း အလုပ်များနေခဲ့ရကာ ဝတ်စုံပေါင်း မြောက်များစွာ ပြောင်းလဲဝတ်ဆင်ပြီးနောက် .. နောက်ဆုံးတွင်မူ ရိုက်ကူးရန် ရှိသည်များကို အကောင်းဆုံးဖြစ်အောင် တာဝန်ကျေပွန်စွာ ရိုက်ကူး၍ ပြီးစီးသွားသည်။ 


မိတ်ကပ်ပြင်သည့် အခန်းထဲတွင် ... မိတ်ကပ်ဆရာ ပြန်ထွက်သွားပြီးနောက် ယန်အန်းယု လိမ်းထားသည့် မိတ်ကပ်အားလုံးကို ပြန်ဖျက်လိုက်၏။ မျက်နှာသစ်ပြီးသည်နှင့်တစ်ပြိုင်နက် သူ့ပုံစံက ချက်ခြင်းဆိုသလို သက်ဝင်လှုပ်ရှားလာလေသည်။ 


ရှေးခေတ်မှ ကူးပြောင်းလာပြီးနောက် အနုပညာလောကသို့ ဝင်ရောက်ခဲ့သည်မှာ နှစ်နှစ်နီးပါးခန့် ရှိနေပြီ ဖြစ်သည့်အတွက် ယန်အန်းယုသည် အများစုသော ကိစ္စများကို နေသားကျနှင့်နေပြီး ဖြစ်သည်။ သို့သော် မိတ်ကပ်လိမ်းရသည့် အချိန်များတွင်မူ အနည်းငယ် နေရခက်နေဆဲပင်။ 


သူက ရင်ဘက်ကို အသာအယာ ပွတ်ကာ သက်ပြင်းဖွဖွ ချလိုက်၏။ 


“သခင်လေး ဘာဖြစ်လို့လဲ ...”


နေရခက်နေသည့် သူ့ပုံစံကြောင့် ထန်းကော်က စိုးရိမ်တကြီး မေးလိုက်သည်။ 


ယန်အန်းယုက ခေါင်းငြိမ့်ပြလိုက်၏။ 


“ရင်ဘတ်က နာနေလို့ ...”


“ဟမ် ... သခင်လေး .. ဘယ်လိုဖြစ်လို့ ရင်ဘတ်က နာနေရတာလဲ ...”


ထန်းကော်က ပဟေဠိဖြစ်သွားကာ ထို့နောက်တွင်မှ တစ်ခုခုကို စဉ်းစားမိဟန်ဖြင့် အတွေးပေါက်သွားတော့သည်။ 


မနေ့က သခင်လေးက မစ္စတာယီရဲ့ အိမ်ကို လိုက်သွားသေးတယ်ဆိုတော့ ...


“အယ် .. မဟုတ်မှလွဲရော မစ္စတာယီကြောင့်များ ...”


သူ့အတွေးတို့မှာ ထူးထူးဆန်းဆန်း လမ်းကြောင်းများထံသို့ ဦးတည်ပြောင်းလဲသွားလေသည်။ 


မဟုတ် .. မဟုတ်ဘူး ဒီနားမှာပဲ ရပ်လိုက်မှ ဖြစ်တော့မယ် ငါ့အတွေးတွေက တအားကို ညစ်ညမ်းနေပြီ ...


ထန်းကော်က သူ့အတွေးများဖြင့် အသည်းအသန် ရုန်းကန်နေစဉ်တွင် .. ယန်အန်းယုက ချက်ခြင်းဆိုသလို ဝန်ခံလိုက်သည်။ 


“အင်း .. သူ့ကြောင့်လေ ... ဒါပေမယ့် ငါကလည်း အညံ့မခံပါဘူး သူ့ကို အများကြီး ပြန်ကိုက်ခဲ့လိုက်တယ် ...”


ထန်းကော် “ ...”


တော်လောက်ပြီ .. အသေးစိတ်အထိ လိုက်မကြားချင်ဘူးလို့ ...


  á€šá€Žá€á€ťá€”á€şá€¸á€šá€”á€şáá€˜á€€á€şá€á€˝á€„á€şá€™á€° .. လည်တိုင်တစ်လျှောက် နေရာယူထားသည့် အနမ်းရာများကို အကဲခတ်ရင်း လီယဲ့သည် သည်းမခံနိုင်တော့ဟန်ဖြင့် နှုတ်ခမ်းတို့ကို မဲ့လိုက်မိ၏။ 


ဒီစုံတွဲကတော့ .. တအားကို သတိလက်လွတ် ဖြစ်လွန်းတာပဲ ... 


****

နှစ်ရက်ကြာပြီးနောက် .. S မြို့တော် အရှေ့ပိုင်းခရိုင် .. ရှန်းဟွမ်မီဒီယာရုံးချုပ်၌ ... 


ကုမ္ပဏီတွင် နှစ်ကုန်ပါတီအတွက် လိုအပ်သည့် စီစဉ်မှုများနှင့် ပတ်သက်၍ အရေးကြီးအစည်းအဝေး ကျင်းပနေခဲ့သည်။ ထိုကဲ့သို့သော ပါတီမျိုးမှာ နှစ်စဉ်နှစ်တိုင်း ကုမ္ပဏီဘက်မှ ကျင်းပပေးနေကြ အစီအစဉ်မျိုး  ဖြစ်ကာ ယေဘုယျအားဖြင့် ရှန်းဟွမ်မီဒီယာ၏ လက်အောက်တွင် ရှိနေသည့် အနုပညာရှင်အားလုံး တစ်ယောက်မကျန် တက်ရောက်ရပေသည်။ 


အစည်းအဝေးသို့ ရောက်လာကြသူများအနက် အသစ်စက်စက် စာချုပ်ချုပ်ထားကာစ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးသူ အနုပညာရှင်များကမူ သူတို့၏ မန်နေဂျာများနှင့်အတူ ရောက်လာခဲ့ကြသည်။ 


ချင်နွော်ရှီက နားနေခန်းထဲတွင် ရှိနေကာ သူ့မန်နေဂျာဖြစ်သူ ကျိုးချန်ကမူ အရေးကြီးကိစ္စတစ်ခု ရှိနေသဖြင့် ခပ်သွက်သွက် အပြင်ထွက်သွားခဲ့သည်။ ချင်နွော်ရှီကမူ ipad ကို ကိုင်ထားရင်း သူ သဘောကျသည့် အနောက်တိုင်းမှ အဆိုတော်၏ ဖျော်ဖြေမှုများကိုသာ ကြည့်နေခဲ့၏။ 


မျက်မှောက်ခေတ်၏ ဖျော်ဖြေရေးလောကမှာ အဆိုအကတို့ကို ပူးတွဲတင်ဆက်ရသည့် ခေတ်သို့ ပြောင်းလဲလာခဲ့သည်။ ထို့ကြောင့် ချင်နွော်ရှီသည် “Challenge First Time” ရိုက်ကူးရေး အပြီးတွင် သူ၏ အကစွမ်းရည် တိုးတက်လာစေရန်အတွက် အဆိုနှင့်အကတို့အား သီးသန့် လေ့ကျင့်ပေးမည့် ဆရာတစ်ယောက် ရှာရန် စိတ်ကူးနေခဲ့ပေသည်။ 


ဒေါက် .. ဒေါက် ... 


ထိုစဉ် တံခါးခေါက်သံတစ်ခုကို ကြားလိုက်ရသည်။ 


ယန်အန်းယုနှင့် တွေ့ရန် ချိန်းဆိုထားပြီး ဖြစ်သည့်အတွက် သူသည် တံခါးခေါက်လာသူမှာ ယန်အန်းယုပင် ဖြစ်လိမ့်မည်ဟု ကျိန်းသေ တွေးလိုက်ကာ အပြုံးတစ်ခုကို ဆင်မြန်းလျက် တံခါးဖွင့်ပေးလိုက်သည်။ 


သို့သော် .. တံခါးအပြင်ဘက်တွင် ရပ်နေသူမှာ ယန်အန်းယု မဟုတ်၊ ရှန်သုန်းဟောင့် ဖြစ်နေခဲ့ပေသည်။


ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သည့် “မနက်ဖြန်များ၏အသံ” ပြိုင်ပွဲအပြီးတွင် .. ထိပ်တန်းပြိုင်ပွဲဝင်များအနက် အတိုးတက်ခဲ့ဆုံးသူမှာ ချန်ပီယံ ထန်းရှောင်ပင် ဖြစ်ပေသည်။  ချင်နွော်ရှီကမူ .. ပြိုင်ပွဲမပြီးဆုံးမီ ရုတ်တရက် နှုတ်ထွက်ခဲ့မှုကြောင့် ဂယက်များစွာ ထသွားခဲ့သဖြင့် ပရိသတ်များသည် သူ့ကို အလိုလိုပင် အာရုံစိုက်မိသွားခဲ့ကြသည်။ ထို့အပြင် ပွဲဦးထွက်ပြီးနောက်တွင်လည်း အဆင်းရော အချင်းပါ ပြည့်စုံသည့် အဆိုတော်တစ်ဦးအနေဖြင့် ပရိသတ်၏ ရှေ့မှောက်သို့ မကြာခဏ ထွက်ပေါ်လာခဲ့၏။ 


နှစ်စပိုင်းတွင် ကုမ္ပဏီဘက်မှ ရှန်သုန်းဟောင့်နှင့် ဟွမ်ချွမ်းကို အတွဲလိုက် ပွဲဦးထွက်ရန် စီစဉ်ပေးခဲ့ဖူးသည်။ သို့သော် နှစ်ဦးလုံးက မလိုလားကြသည့်အတွက် သီးသန့်စီ ပွဲဦးထွက်ရန်သာ ပြောင်းလဲစီစဉ်လိုက်ရ၏။ ထို့နောက်တွင်မူ .. ရှန်သုန်းဟောင့်နှင့် ဟွမ်ချွမ်းတို့သည် အခွင့်အလမ်း ရှားပါးမှုကြောင့် .. နာမည်ကျော်ဖြစ်ရန် ကျရှုံးခဲ့ရတော့သည်။ 


“အထဲဝင်ပြီး လာထိုင်လေ .. သုန်းဟောင့် ...”


ချင်နွော်ရှီ၏ မျက်နှာထက်ရှိ အပြုံးမှာ သိသိသာသာပင် မှေးမှိန်သွားကာ စိတ်မပါတပါဖြင့် နှုတ်ဆက်လိုက်သည်။ 


“မင်းက ငါ့ကို လုံးဝ မမြင်ချင်တော့ဘူးလို့တောင် ထင်နေတာ .. ငါ့ဆီကို မင်းဘက်ကနေ အရင် လာတွေ့လိမ့်မယ်လို့ တွေးကို မတွေးခဲ့ဖူးဘူး ...”


ချင်နွော်ရှီ၏ လေသံမှာ မည်သည့် ခံစားချက်မှ ပါဝင်ခြင်း မရှိ၊ အလွန် တည်ငြိမ်နေပေသည်။ 


“အရင်ကတော့ အဲဒီလိုမျိုး သဘောထားခဲ့ဖူးတယ် ဒါပေမယ့် ...”


ရှန်သုန်းဟောင့်က တုန့်ဆိုင်းသွားကာ ကျန်ရစ်သည့် စကားများကို ဆက်မပြောတော့ချေ။ 


“သုန်းဟောင့် .. ငါ မင်းရဲ့ သီချင်းအသစ်ကို နားထောင်ပြီးသွားပြီ ဆိုထားတာ အရမ်းကို ကောင်းတာပဲ ...”


ချင်နေနွာ်ရှီက ပြုံးကာ ပြောလိုက်သည်။ 


“ဒါဆို .. မင်း အဲဒီ့သီချင်းရဲ့ အဓိပ္ပါယ်ကို နားလည်လား ...”


ရှန်သုန်းဟောင့်က ချက်ခြင်းဆိုသလို သူ့ကို မော့ကြည့်ကာ မေးလိုက်သည်။ 


“...”


ချင်နွော်ရှီက ကြောင်အသွား၏။ 


“ငါ ထင်ခဲ့တာ .. မင်းသာဆို နားလည်လိမ့်မယ်လို့ ...”


ရှန်သုန်းဟောင့်က လက်သီးကို တင်းတင်းဆုပ်ကာ ပြောလိုက်သည်။ 


“ချင်နွော်ရှီ အဲဒီ့နှစ်က .. မင်း ငါတို့ တီးဝိုင်းကနေ ရုတ်တရက်ကြီး ထွက်သွားတာ မင်းအဖေကြောင့် ပြီးတော့ မင်းရဲ့ မိသားစုပြဿနာကြောင့် မဟုတ်လား ..."



👥️