အပိုင်း ၁
Viewers 18k

အိမ်မက်ကြယ်သည် စိုက်ပျိုးရေးဂြိုဟ်တစ်လုံးဖြစ်ပြီး ကုန်းမြေ၏ ၉၅ ရာခိုင်နှုန်းခန့်ကို သီးနှံစိုက်ခင်းတို့ဖြင့် ဖုံးလွှမ်းထားသည်။ ကျန်ရှိသည့် ငါးရာခိုင်နှုန်းကိုတော့ ပို့ဆောင်ရေးသင်္ဘောတို့ ဆိုက်ကပ်ရန်နှင့် ဥဒဟို ဝင်ထွက်သွားလာနေသည့် အာကာသယာဉ်များ ထောက်ပံ့မှု ပြန်လည်ဖြည့်တင်းပေးရန် အသုံးပြုထားသည်။
လေဆိပ်ဝန်ထမ်းတစ်ဦးဖြစ်သူ ဒီနိုမှာ အမြဲလိုလို တာဝန်ကျေပွန်သူတစ်ဦးဖြစ်သော်ငြား ဒီရက်ပိုင်းတွင်တော့ အတော်ကို စိတ်ပျံ့လွင့်နေပေသည်။ ခဏတိုင်းလိုလို လက်ထဲမှ တက်ဘလက်ဖြင့် နောက်‌ဆုံးရသတင်းများကို ဖတ်ရှုနေသည်။
"ဒီနိုရေ မာရှယ်ရဲ့ သတင်းတွေကို လိုက်ဖတ်ပြန်ပြီလား ..."
သူ့လုပ်ဖော်ကိုင်ဖက်က ထမင်းဘူးနှင့်အတူ အနားရောက်လာပြီး မေးလိုက်သည်။
ဒီနိုက ခေါင်းကိုသာ အသာငြိမ့်ပြလိုက်သည်။ သူ့လက်ထဲရှိ တက်ဘလက်တွင်တော့ မာရှယ်၏ နောက်ဆုံးရသတင်းကို ရုပ်သံလွှင့်နေသည်။
"မာရှယ်ထိခိုက်မိတာ သုံးလတောင် ရှိသွားပြီ ဖက်ဒရယ် သုတေသနအဖွဲ့နဲ့ ဆေးပညာဌာနချုပ်ကလည်း သူ့ထိခိုက်မှုအတွက် အကူအညီမပေးနိုင်သေးဘူး မာရှယ့်ကို စိတ်ပူနေတဲ့သူတွေရဲ့ လက်ရေးစာကတောင် ၇.၆၅ ဘီလီယံဖြစ်သွားပြီ ..."
ဒီနို၏ ဝမ်းနည်းနေသော မျက်နှာကို မြင်လိုက်ရသည့် လုပ်ဖော်ကိုင်ဖက်မှာ သူ့ခံစားချက်ကို နားလည်ဟန်ဖြင့် ပုခုံးကို ဖွဖွလေး ပုတ်ပေးလိုက်သည်။
"ဒီနိုရေ မာရှယ်က လူကောင်းတစ်ယောက်ဆိုတော့ မကြာခင် သက်သာလာမှာပါ ..."
"ဟုတ်တယ် မာရှယ်က မကြာခင် သက်သာလာတော့မှာ မာရှယ့်ကြောင့်သာ မဟုတ်ရင် ငါ အခုအချိန်အထိ အသက်ရှင်နေနိုင်မှာ မဟုတ်ဘူး သူ့ကြောင့်သာ မဟုတ်ရင် ဇာ့ဂ်တွေက အိမ်မက်ကြယ်ကို ဝါးမျိုဖျက်ဆီးသွားမှာ ..."
ဒီနို့အသံက တိုးသည်ထက် တိုးလာသည်။
သူသည် မာရှယ်၏လက်အောက်တွင် စစ်မှုထမ်းခဲ့ဖူးသော်ငြား ဒဏ်ရာပြင်းပြင်းထန်ထန်ရကာ အနားယူလိုက်ရသည်။ ထိုမှစ၍ မာရှယ့်လက်အောက်တွင် ပြန်လည်အမှုထမ်းနိုင်ရေးအတွက် ခန္ဓာကိုယ်ပြုပြင်ဆေးရည်ကို ဝယ်ရန် အသည်းအသန် အလုပ်ကြိုးစားခဲ့သော်ငြား မာရှယ်က ရုတ်တရက် ထိခိုက်သွားခဲ့ရသည်။
မာရှယ်က အိမ်မက်ကြယ်ကို လာတိုက်ခိုက်သည့် ဥ,ဥတော့မည့် ဇာ့ဂ်ဘုရင်မကို ချေမှုန်းသည့် တိုက်ပွဲတွင် မာရှယ်က သေလုမျောပါး ဖြစ်ခဲ့သည်။ ပြန်ကောင်းလာနိုင်ချေလည်း မရှိဘဲ ကိုမာဝင်သွားခဲ့သည်။
ဘုရင်မ မရှိတော့သော ဇာ့ဂ်အုပ်စုမှာ အချိန်တိုအတွင်း ဂြိုဟ်ကို လာတိုက်နိုင်ဉီးမည် မဟုတ်၍သာ တော်သေးသည်။
"အိမ်မက်ကြယ်တင် မကဘူး ဇာ့ဂ်တွေက ဥမဥခင် တစ်ခြားဂြိုဟ်တွေကို ဖျက်ဆီးမလို့ လုပ်သေးတယ်တဲ့ မာရှယ်ကြောင့်သာ မဟုတ်ရင် လူအရင်းအမြစ်တွေ ဘယ်လောက်တောင် ဆုံးရှုံးမလဲဆိုတာ တွေးတောင် မတွေးရဲစရာပဲ ..."
သူ့လုပ်ဖော်ကိုင်ဖက်က သက်ပြင်းချရင်း ပြောလိုက်သည်။
ဇာ့ဂ်ဘုရင်မသာ ဥဥနိုင်သွားရင် လူသားမျိုးသုဉ်းသွားတော့မှာ ... ဇာ့ဂ်ဘုရင်မက မရှိတော့ဘူးဆိုပေမယ့် ဖက်ဒရယ်ကလည်း မာရှယ်ကျောက်လင်းယွီလို မျိုးဆက်သစ်ရဲ့ အားမာန်ကို ဆုံးရှုံးလိုက်ရတယ်လေ အနာဂတ်မှာ ဘယ်သူကများ လူသားမျိုးနွယ်အတွက် ကာကွယ်ပေးတော့မှာလဲ...
"ဒီနို မင်းလည်း အရမ်းကြီး အတွေးလွန်မနေပါနဲ့တော့ သတင်းကောင်းတစ်ခု ပြောရဦးမယ် မဟာမိတ်တပ်ပေါင်းစုသင်္ဘောက အိမ်မက်ကြယ်ကို ဆိုက်တော့မှာတဲ့ မာရှယ်ရဲ့ဇနီးလောင်းလည်း ပါလာမယ်လို့ ကြားတယ် ..."
"မာရှယ့်ဇနီးလောင်းက အိမ်မက်ကြယ်ကို လာမယ် ..."
ဒီနို၏ မျက်ဝန်းအစုံတို့မှာ အံ့ဩမှုကြောင့် ပြူးကျယ်လာတော့သည်။
"မာရှယ်ကျောက်လင်းယွီက SS စွမ်းရည်ပိုင်ရှင်ဆိုတော့ အရင်ကတောင် သူနဲ့ မျိုးရိုးဗီဇချင်း လိုက်ဖက်မယ့် လက်တွဲဖော်ကို မရှာနိုင်တာ အခုလို ပြင်းပြင်းထန်ထန် ထိခိုက်ထားတဲ့အချိန်ဆို ပိုတောင် ရှာလို့ခက်ဦးမယ် ..."
သို့သော်ငြား ဇာ့ဂ်ဘုရင်မ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့် မဟာမိတ်တပ်ပေါင်းစုကတော့ ဒီတစ်ကြိမ်တွင် ကျောက်မိသားစုကို ဆက်သွယ်ကာ လက်ထပ်ပွဲကို လိုလားကြောင်း ထုတ်ဖော်ပြသလာကြသည်။
လူသားမျိုးနွယ်အပါအဝင် အခြားမျိုးနွယ်စုများလည်း မဟာမိတ်တပ်ပေါင်းစုတွင် ယှဉ်တွဲနေထိုင်လျက်ရှိသည်။ ဖက်ဒရယ်ပြည်ထောင်စုသို့ ပို့ဆောင်မည့် သတို့သမီးမှာ လူသားနှင့် ကေးမျိုးနွယ် သွေးနှောဖြစ်သည်။ ဖခင်ဘက်မှ အပင်စွမ်းရည်ကို အမွေဆက်ခံရုံသာမက ကေးမျိုးနွယ်၏ ဗီဇကိုပါ ရရှိထားသည်ဟု သိရသည်။
ကေးမျိုးနွယ်မှာ လူသားနှင့် ဆင်တူသော်ငြား သူတို့တွင် လိင်အမျိုးအစား ကွဲပြားခြင်းမရှိ။ အားလုံးက ကိုယ်ဝန်ဆောင်၊ ကလေးမွေးနိုင်ကြသည်။ သို့သော် သူတို့၏ ဉာဏ်ရည်မှာတော့ မကောင်းမွန်လှ။ သွင်ပြင်သဏ္ဍာန်မှာလည်း ပါးလျသေးသွယ်ကာ မွေးဖွားလာသည့် ကလေးများမှာလည်း ကေးနှင့်သာ ပိုတူသည့်အတွက် အများစုက သူတို့ကို လက်တွဲဖော်အဖြစ် မရွေးချယ်လိုကြပေ။ လူသား-ကေး သွေးနှောများကိုလည်း ကေးဟုပင် သတ်မှတ်ကာ သာတူညီမျှ ဆက်ဆံခြင်းကို မခံရပေ။
သို့သော်ငြား မဟာမိတ်တပ်ပေါင်းစုမှ ကမ်းလှမ်းလာသည့် သတိုးသမီးကတော့ ခြွင်းချက်ဖြစ်သည်။ သူသည် သွေးနှောကေးနှင့် ကုန်သွယ်ရေးဌာနချုပ် ဥက္ကဌဖြစ်သူတို့၏ ရင်သွေးဖြစ်သည်။ ရှားပါးအပင်စွမ်းရည်ပိုင်ရှင်ဖြစ်သည့် ကုန်သွယ်ရေးဌာနချုပ်ဥက္ကဌမှာ ချမ်းသာကြွယ်ဝ၍ ဩဇာအာဏာနှင့် ပြည့်စုံသူဖြစ်သည်။ မူလကမူ ထိုသွေးနှောကလေးကို လက်မခံလိုသော်ငြား...မထင်မှတ်ထားသည်တို့ ဖြစ်ပွားလာသည်။
ထိုသွေးနှောကေးက သူ့အပင်စွမ်းရည်ကို ဆက်ခံနိုင်သည့် ကလေးတစ်ဦးကို မွေးပေးနိုင်ခဲ့သည်။ အနိမ့်ဆုံးအဆင့်ကပင်လျှင် လူသားမျိုးနွယ်အတွက် အဖိုးမဖြတ်နိုင်ရာ ဥက္ကဌသည် ထိုကလေးကို အသိအမှတ်ပြုကာ အနာဂတ်တွင် မဟာမိတ်ပြု ကြောင်းလမ်းခြင်းအတွက် အသုံးချရန် ကြံရွယ်လိုက်သည်။
ပုံမှန်အားဖြင့်တော့ ထိုလက်ထပ်ပွဲ၏ သားကောင်မှာ အင်အားမရှိသည့် အိမ်တော်သာ ဖြစ်လေ့ရှိသည်။ သို့သော် ဒီတစ်ကြိမ်တွင်တော့ ပြင်းပြင်းထန်ထန်ဒဏ်ရာရကာ သေအံ့ဆဲဆဲ မာရှယ်ကျောက်လင်းယွီဖြစ်နေသည်။
အမျိုးသမီးတိုင်း၏ လက်တွဲဖော်အဖြစ်ချင်ဆုံး မာရှယ်ကျောက်လင်းယွီသည် ဒုက္ခိတတစ်ပိုင်း ဖြစ်နေသည့်အပြင် သူ့ခန္ဓာကိုယ်မှ စွမ်းအင်တို့ကလည်း ဖောက်လွဲဖောက်ပြန်ဖြစ်ကာ အနားရှိလူတိုင်းကို အထိန်းအကွပ်မရှိ တိုက်ခိုက်ပစ်နိုင်သည်။
ထိုစွမ်းရည်ဖြင့် တိုက်ခိုက်ခံရပါက သာမန်သူများဆိုလျှင် အသက်ပင် ဆုံးရှုံးနိုင်ပေသည်။ စွမ်းအားရှင်များသည်ပင် မာရှယ်၏ ခန္ဓာကိုယ်အတွင်း အုံကြွနေသည့် စွမ်းအင်များကို မရပ်တန့်နိုင်။ သိမ်မွေ့သော စွမ်းအားပိုင်ရှင်များသာလျှင် သူ့အနားကပ်နိုင်ကာ ထိုသွေးနှောသတို့သမီးမှာလည်း သိမ်မွေ့သော စွမ်းအင်ပိုင်ရှင်တစ်ဦးဖြစ်သည်။
ကုန်သွယ်ရေးဌာနချုပ်၏ ဥက္ကဌက ထိုအချက်ကို အခွင့်ကောင်းယူကာ လက်ထပ်ပွဲကို ကမ်းလှမ်းလိုက်သည်။ ဇာ့ဂ်ဘုရင်မ၏ ဖျက်ဆီးမှုကြောင့် ကုန်သွယ်ရေးဌာနချုပ်၏ စီးပွားရေးအခြေအနေမှာ အတော်ယိုင်နဲ့သွားသည့်အတွက် ကျောက်မိသားစုထံမှ ထောက်ပံ့မှုအများအပြားရရန် သားဖြစ်သူ၏ လက်ထပ်ပွဲကို အသုံးချခဲ့သည်။
"မာရှယ့်ဇနီးလောင်းက နာရီဝက်အတွင်း ဒီကို ရောက်မယ်တဲ့ သွားကြည့်ရအောင်လေ ကေးတွေက ဉာဏ်ရည်နိမ့်ပေမယ့် အရမ်းလှလွန်းလို့ သူတို့ကို မွေးမြူချင်တဲ့သူတွေ များလာတယ်တဲ့ ..."
"ဒါက မာရှယ်ရဲ့ ဇနီးလောင်းလေ ပြီးတော့ ကေးတွေကို ကျွန်ပြုတာက တရားမဝင်ဘူး ..."
ဒီနိုက သူ့လုပ်ဖော်ကိုင်ဖက်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ တစ်ခုခု ပြောရန် ပြင်နေစဉ် မိုးပေါ်ကို တအံ့တဩ မော့ကြည့်လိုက်မိသည်။
"ဘာ ဘာကြီးလဲ ..."
အနက်ရောင်အစက်တစ်ခုက အိမ်မက်ကြယ်ထံ တစ်ဟုန်ထိုး ချဉ်းကပ်လာသည်။ ဒီနိုက မှန်ပြောင်းဖြင့် လှမ်းကြည့်လိုက်ချိန်တွင် မဟာမိတ်တပ်ပေါင်းစု အမှတ်အသားပါရှိသည့် အာကာသသင်္ဘောကို တွေ့လိုက်ရသည်။
ထိုသင်္ဘောက ဂြိုဟ်နားမရောက်မီ ပေါက်ကွဲထွက်သွားသည်။ အပူရှိန်မှာလည်း ပတ်ဝန်းကျင်တစ်ခွင်လုံး ပြာကျစေနိုင်သည်အထိပင် ပြင်းထန်လွန်းလှသည်။
"အကူအညီ ..."
ဒီနိုက အလန့်တကြားအော်လိုက်သည်။ မာရှယ်၏ သတို့သမီးလောင်းမှာ သူနှင့်မထိုက်တန်ဟု တွေးမိစေကာမူ မာရှယ်၏ သတို့သမီးလောင်း ဖြစ်နေဆဲပင်။

အိမ်မက်ကြယ်မှ ဝန်ထမ်းများလည်း ထိုကိစ္စအတွက် ခပ်သွက်သွက် အရေးယူလှုပ်ရှားလိုက်ကြသည်။
ထိုစဉ် အာကာသယာဉ်ပေါက်ကွဲသည့်နေရာ၌ ရုပ်ဖျက်ထားသည့် အသက်ကယ်လှေတစ်စင်းက အိမ်မက်ကြယ်အနီးသို့ တိတ်တိတ်လေး သက်ဆင်းလာကာ လူနှစ်ဦးက ခပ်သွက်သွက် ပြေးထွက်လာသည်။
တစ်ဦးမှာ ၂ မီတာ နီးပါး မြင့်မားကာ ကြွက်သားများဖြင့် အတော်ကို ကြံ့ခိုင်သည့်ဟန်။ ကျန်တစ်ဦးမှာ ၁.၅ မီတာခန့်သာရှိပြီး ကိုယ်ခန္ဓာတည်ဆောက်ပုံမှာလည်း သေးကွေးလွန်းသည့်အတွက် ကျား မ ခွဲခြားနိုင်ရန်ပင် ခဲယဉ်းလှသည်။ သို့သော်ငြား သူတိူ့နှစ်ဦးအနက် လူငယ်လေးကသာ အခရာဖြစ်ဟန်တူသည်။
"သခင်လေး ဒီလိုကြီး ထွက်လာတာ အဆင်ပြေပါ့မလား ..."
အသက်ကယ်လှေထဲမှ ထွက်လာသော ချိုးကျွမ်းက ကြွက်သားတို့ကို ဆန့်ထုတ်ရင်း နံဘေးရှိ လူငယ်လေးကို ငုံ့ကာ မေးလိုက်သည်။
"သေချာတာပေါ့ ဘာမှ ပြဿနာမရှိဘူး လူတိုင်းက ငါတို့ကို ဒီပေါက်ကွဲမှုမှာ သေသွားပြီပဲ ထင်ကြမှာ ..."
ထိုသို့ပြောရင်း ရွိုင်းသည် လက်ထဲရှိ ဗုံးအသေးလေးကို စနက်တံ ဆွဲဖြုတ်လိုက်သည်။ လုပ်‌ဆောင်ချက်တို့က စိတ်ဆုံးဖြတ်ထားဟန်ရှိသော်ငြား ပူပန်မှုတို့က သူ့မျက်နှာတွင် ပြည့်နှက်နေသည်။
"ဒါ ဒါပေမယ့် ..."
ချိုးကျွမ်းမှာတော့ အနည်းငယ် အခက်တွေ့နေသေးဟန်။
"ဘာ ဒါပေမယ့် မှ မရှိဘူး မင်းက ငါ့ကို ရောဂါသည်နဲ့ လက်ထပ်ပြီး သူ့စွမ်းရည်ကမောက်ကမ ဖြစ်တဲ့အချိန် သေသွားတာမျိုး ဖြစ်စေချင်လို့လား ..."
ရွိုင်းက သရော်ပြုံး ပြုံးကာ တိုက်တွန်းလိုက်သည်။
"သွားရအောင် ..."
"အဲ့ဒါက မာရှယ်ကျောက်လင်းယွီလေ ... ပြီးတော့ဥက္ကဌကလည်း ကျောက်မိသားစုစီကနေ အရင်းအမြစ်တွေ အများကြီး ယူထားပြီးသားဆိုတော့ ..."
"ကျောက်မိသားစုမှာ အရင်းအမြစ်တွေ ရှားပါးနေတာမှ မဟုတ်တာ ပြီးတော့ သူ့ကို ဥက္ကဌလို့ ထပ်မခေါ်တော့ရင် ကောင်းမယ် အရင်းအမြစ်တွေကတော့ ငါ့ကို စောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးဆပ်တယ်ပဲ ထားလိုက်ပေါ့ အခုအချိန်ကနေစပြီးတော့ ငါနဲ့ ကုန်သွယ်ရေးဌာနချုပ်ကြားမှ ဘာပတ်သက်မှုမှ မရှိတော့ဘူး ..."
ရွိုင်းက သူ့ကို အေးစက်စက်အကြည့်တစ်ချက် ပစ်ပေးလိုက်သည်။
ဖိမ့်ဖိမ့်တုန်သွားသော ချိုးကျွမ်းမှာ စကားပင် မဟရဲတော့။ ရွိုင်းက သူ့ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။
"ငါ့ကို ခပ်သွက်သွက် ခေါ်ထုတ်သွားတာ ကောင်းမယ်ထင်တယ် ဆုံမှတ်ကို မြန်မြန်ရောက်မှဖြစ်မှာ ..."
ချိုးကျွမ်းလည်း ခေါင်းငြိမ့်ကာ သခင်ငယ်လေးကို သယ်တော့မည့်အချိန်တွင် လှုပ်ရှားမှုတို့က ရုတ်တရက် ရပ်တန့်သွားသည်။
"ဘာဖြစ်လို့လဲ ..."
ရွိုင်းလည်း မျက်မှောင်ကြုတ်ကာ သူ့အကြည့်တို့နောက် လိုက်လိုက်သည့်အချိန်တွင် အံ့အားသင့်ဖွယ်တစ်ခုကို တွေ့လိုက်ရသည်။
သူတို့နှင့် မလှမ်းမကမ်းရှိ သစ်ပင်တို့မှာ အနားတစ်ဝိုက်မှ ကျန်အပင်များထက် ပိုမိုကြီးထွားနေကာ ၎င်းတို့အလယ်တွင် လူငယ်တစ်ဦးက လဲလျောင်းနေသည်။
အိပ်ပျော်နေသော ကောင်လေးမှာ ၁၄ နှစ် ၁၅ နှစ်သာရှိပေဦးမည်။ ရုပ်ဆင်းသွင်ပြင်မှာ အတော်ပင် တင့်တယ်ကာ ဘေးနားရှိ လေယူရာယိမ်းနေသော ပန်းရောင်စုံတို့က သူ့အသားအရေကို ပို၍ပင် ဖွေး‌ဖြူစေပြီး နတ်မိမယ်တစ်ပါး နက်သက်ကြွေကျလာသလိုပင်။
ရွိုင်းက သူ၏ ရုပ်ရည်ကို အမြဲလိုလို ဂုဏ်ယူလေ့ရှိသော်ငြား ထိုလူငယ်လေးနှင့် ယှဉ်လိုက်ပါလျှင် သူ့ရုပ်ရည်မှာ အလှမ်းဝေးလွန်းလှသေးသည်။ မနှစ်မြို့မှုတို့ကို ဖိနှိပ်ကာ အသားစားပန်းပွင့်တို့ကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။
အသားစားပန်းပွင့်တို့၏ တိုက်ခိုက်နိုင်စွမ်းမှာ သိပ်မမြင့်မားဘဲ သတ္တဝါအသေးလေးများကိုသာ ဖမ်းဆီးနိုင်သော်ငြား အပင်စွမ်းရည်ပိုင်ရှင်မှတစ်ပါး ကျန်လူသားများနှင့် သဟဇာတ မဖြစ်လှပေ။ ဒီလိုနေရာမျိုးမှာ ဘယ်လိုများ အပင်စွမ်းအားပိုင်ရှင် ရှိနေရတာလဲ။
"သခင်လေး ဒီနေရာမှာ ဘယ်လိုလုပ်ပြီး လူရှိနေလဲမသိဘူးနော် ..."
ချိုးကျွမ်းက ထိတ်ထိတ်ပြာပြာဖြင့် မေးလိုက်သည်။
"ဘယ်သိမလဲ ... ဒါပေမယ့် ငါ့အတွက်တော့ ကံကောင်းတာပဲ ..."
ရွိုင်းက ရယ်လိုက်သည်။
အိမ်မက်ကြယ်မှာ သီးနှံအမြောက်အများ စိုက်ပျိုးသည့် စိုက်ပျိုးရေးဂြိုဟ်အဖြစ်သို့ ကူးပြောင်းနေပြီဖြစ်သော်ငြား အချို့နေရာများကိုတော့ ဂြိုဟ်၏ မူရင်းအပင်များ ရှင်သန်ရန် ဖယ်ချန်ပေးထားသည်။ သူတို့ယခု ရပ်နေသည့်နေရာမှာ သီးသန့်နေရာများအနက် နောက်ဆုံးကျန်ရှိသော မူလလက်ဟောင်းတောအုပ်ဖြစ်သည်။
အိမ်မက်ဂြိုဟ်တွင် ဝန်ထမ်းအရေအတွက် နည်းပါးသည့်အပြင် သစ်တောမှာ သူတို့၏ စောင့်ကြည့်မှုအောက် ရှိမနေသည့်အတွက် ထိုနေရာမှတစ်ဆင့် ထွက်ပြေးရန် ရွေးခဲ့ခြင်းဖြစ်သည်။ သို့သော် ဖက်ဒရယ်တွင် လူတော်ပေါများလှသည့်အတွက် အာကသယာဉ် ပေါက်ကွဲမှုကို မျက်မြင်တွေ့သူတစ်ဦးဦးက သူ့လုပ်ရပ်ကို ခြေရာကောက်မိသွားနိုင်ပေသည်။
သူ့တွင် အဆက်အသွယ်ရှိသည်ဟု ဆိုသော်ငြား များလှသည်တော့ မဟုတ်ပေ။ မာရှယ်ကျောက်လင်းယွီ၏ သတို့သမီးသာ ထွက်မလာပါလျှင် နောက်တစ်ကြိမ် ထွက်မပြေးနိုင်တော့မည်ကို စိုးရိမ်မိသည်။
သင့်လျော်သည့် အဝတ်အစားတို့ကိုထုတ်ကာ ရွိုင်းသည် လှဲနေသူ လူငယ်လေးအနားသို့ ချဉ်းကပ်သွားလိုက်၏။ တစ်ဖက်သူက အလှုပ်အရှားမရှိကြောင်း သိရကာမှ သူ့ကိုယ်ပေါ်ရှိ သစ်ရွက်တို့ကိုဖယ်ကာ အင်္ကျီဝတ်ပေးလိုက်သည်။
"သခင်လေး ..."
ချိုးကျွမ်းက စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေလိုက်သည်။
"သင်္ဘောပေါ်က ငါ့အချက်အလက်နဲ့ ပုံတွေအားလုံးက ဖျက်ဆီးခံလိုက်ရပြီဆိုတော့ အခု သူက မဟာမိတ်တပ်ပေါင်းစုရဲ့ ရွိုင်းဖြစ်သွားပြီ ..."
လူငယ်လေး၏ ကိုယ်ပေါ်မှ သစ်ရွက်တို့မှာ အတော်ပင် သန်မာနေသည့်အတွက် ရွိုင်းသည် ဘောင်းဘီကို အပေါ်မှသာ ထပ်‌ဝတ်ပေးလိုက်တော့သည်။
"ဒါပေမယ့် တစ်ယောက်ယောက်က တွေ့သွားရင် ..."
"တွေ့သွားခဲ့ရင်လည်း ကျောက်အိမ်‌တော်ကို ဝင်ချင်တဲ့သူတစ်ယောက်က သင်္ဘောကို ဖျက်ဆီးပြီး ငါ့နေရာမှာ အစားဝင်တာလို့ ပြောလိုက်မှာပေါ့ ငါက နစ်နာသူပဲ ဖြစ်နေဦးမှာလေ ..."
ရွိုင်းက လူငယ်လေးကို အဝတ်ဝတ်ပေး ၊ စပျစ်နွယ်တို့ကို ထိန်းချုပ်ကာ သူ့ကို ပြင်းပြင်းပြပြ ကြည့်နေသည့် အသားစားပန်းတို့ကို ပြန်ကြည့်နေလိုက်သည်။ ထို့နောက် ချိုးကျွမ်းကို ပြောလိုက်သည်။
"လူလာနေပြီ သွားရအောင် ..."
ချိုးကျွမ်းက သူ့ကိုသယ်ကာ တောထဲသို့ ဝင်သွားပြီး ရွိုင်းကတော့ သူ့စွမ်းရည်ကိုသုံးကာ လမ်းတစ်လျှောက်ရှိ အတားအဆီးတို့ကို ဖယ်ရှားခဲ့သည်။
အဆုံးတွင်တော့ တောထဲတွင် ကျန်ရစ်နေသည်မှာ ပေါက်ကွဲထားသော အာကာသယာဉ်နှင့် သတိလစ်နေသော ဆယ်ကျော်သက်တစ်ဦးသာ ဖြစ်သည်။
xxxxx