အပိုင်း ၂
Viewers 18k

ရမ်ရှန့်နိုးလာချိန်တွင်တော့ နေရာမှာ တစ်ခုခု လွဲချော်‌နေသည်ဟု ခံစားလိုက်ရသည်။
ဂျင်ဆင်းဝိဉာဉ်တစ်ဦးအနေဖြင့် သူသည် နေရောင်ခြည်နှင့် ကုန်းမြေတို့ကို အတော်ပင်နှစ်ခြိုက်ကာ ၎င်းတို့နှင့် ရင်းနှီးဆက်နွယ်သော်ငြား ယခုတော့ တစ်ခုကိုမှ မခံစားမိတော့ပေ။
အာကာသအက်ကြောင်းထဲကို ပြုတ်ကျလာတုန်းက သေချာပေါက်ကို အသက်ရှင်နိုင်မယ်လို့ ခံစားမိပါတယ်။ မြေကြီးကိုလည်း ထိမိခဲ့ရဲ့သားနဲ့ အခု ခဏလေး သတိမေ့သွားတဲ့အတွင်းမှာ ဘာလို့ ဘာမှ မရှိရတော့တာလဲ။
ဖမ်းခံလိုက်ရတာများလား...
ရမ်ရှန့်မှာ ထိတ်လန့်သွားခဲ့သေးသော်ငြား တွေးလေလေ ပိုပြီး ဖြစ်နိုင်လေဟုသာ ခံသားမိသည်။
မတိုင်ခင်ကလည်း လူတစ်အုပ်က သူ့ဆရာချန်ထားခဲ့တဲ့ပစ္စည်းကို ခိုးဖို့နဲ့ သူ့ခန္ဓာကိုယ်ကို ပြောင်းလဲပစ်ပြီး ဒီတိုင်းစားမလို့ သူ့အိမ်ထဲကို ခိုးဝင်လာသေးတယ်လေ။ ထွက်ပြေးလာ‌နိုင်ပေမယ့်လည်း ဒဏ်ရာရလာသေးတယ်။ အာကာသအက်ကွဲကြောင်းထဲ ခုန်ဆင်းလိုက်တဲ့အချိန်မှာ ဒဏ်ရာက ပိုပြင်းထန်လာပြီး သတိတောင် လစ်သွားသေးတယ်။
ကြည့်ရတာ တစ်ယောက်ယောက်က သူ့အားနည်းချက်ကို အခွင့်ကောင်းယူပြီး ဖမ်းချုပ်ထားတာထင်တယ်။
အခန်းတစ်ခုလုံးကို သတ္တုတို့ဖြင့်သာ ဖွဲ့စည်းထားပြီး အရှိန်အဝါတစ်ခုလေးကိုမှ မခံစားမိလောက်အောင် လေလုံနေသည်။ ရမ်ရှန့်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည့်အတွက် မှော်စွမ်းအားကိုလည်း အသုံးမပြုနိုင်။ သို့အတွက် သူ့ကို အသားလွှာအဖြစ် ပြုလုပ်ပစ်မည်ကို စိုးရိမ်မိနေသည်။ အသားတွေ လတ်ဆတ်နေအောင်ဆိုပြီး လွယ်လွယ်နဲ့ အသေမခံရင် ဘယ့်နှယ့်လုပ်ရပါ့မလဲ။
ရမ်ရှန့်မှာ တွေးလေလေ ကျိုးကြောင်းဆီလျော်သည်ဟု ခံစားရလေလေပင်။ ဒဏ်ရာရထားသည့်အတွက် စွမ်းအင်ကိုလည်း မသုံးနိုင်ရာ ယခုမူ သူမှာ သာမန်လူတစ်ဦးလိုပင်။
"သခင်လေးရွိုင်း နိုးနေပါပြီလား ..."
ဘယ်လိုထွက်ပြေးရမလဲ တွေးနေစဉ်တွင် တံခါးက ရုတ်တရက်ပွင့်လာကာ ထောင်ထောင်မောင်းမောင်းနှင့် လူထွားကြီးနှစ်ဦး ဝင်လာသည်။
ရမ်ရှန့်က နံရံထောင့်သို့ တစ်ဖြေးဖြေး ဆုတ်သွားရင်း မူမမှန်သော အခြေအနေကို သတိပြုမိလိုက်သည်။ ထိုသူနှစ်ဦး၏ လေသံမှာ အလွန်ထူးဆန်းကာ သူတို့၏ ကိုယ်ခန္ဓာတွင်လည်း စွမ်းအားတစ်စွန်းတစ်စပင် မတွေ့ရ။
ဘယ်လိုစိတ်ကူးနဲ့များ သူ့ထက် အားနည်းတဲ့သူတွေကို စောင့်ကြပ်ခိုင်းထားရတာလဲ။ လျှို့ဝှက်ကြံစည်ထားတာတွေ ရှိနေလို့များလား။
ရွိုင်း၏ ထိန်လန့်မှုကို သတိပြုမိသော ဒီနိုက အသံကို ဖော့ကာ ပြောလိုက်သည်။
"သခင်လေးရွိုင်း မင်း သတိလစ်နေတာ တော်တော်ကြာနေပြီ အာဟာရဆေးရည်တွေ ထိုးပေးထားပေမယ့် တစ်ခုခုတော့ စားမှဖြစ်မယ် ဘာများ သုံးဆောင်ချင်ပါသလဲ ..."
သခင်လေးရွိုင်းက ဘယ်သူကြီးလဲ။ ပြီးတော့ အစားအသောက်ဆိုတာ ဘာကြီးလဲ။ သူက ဂျင်ဆင်းဝိဉာဉ်လေ။ အမြစ်တွယ်ဖို့ သင့်တော်တဲ့ ဖုန်းရွှေနေရာနဲ့ နေရောင်ရနေသရွေ့ စားဖို့မှ မလိုအပ်တာ။ ဒီလူတွေက မသိကြဘူးလား။
မဟုတ်ဘူး။ သူလည်း စားတော့ စားနိုင်သေးတာပဲ။ ဒီလူတွေက သူ့ကို စိတ်စွမ်းအားဓာတ်စာတွေကျွေး၊ ဝအောင်လုပ်ပြီးမှ အပိုင်းပိုင်းခုတ်စားမလို့များလား။
နူးညံလွန်းသည့် ဆယ်ကျော်သက်ကလေးမှာ ကြောက်ရွံ့ကာ စကားပင် မပြောနိုင်တော့သည်ကို မြင်လိုက်ရချိန်တွင်တော့ ဒီနိုနှင့် အခြားစစ်သားတစ်ဦးက အပြန်ပြန်အလှန်လှန်ကြည့်ရင်း အခန်းထဲမှသာ ထွက်သွားလိုက်ကြတော့သည်။
ယာဉ်ပေါက်ကွဲသွားချိန်၌ အိမ်မက်ကြယ်တွင် လူအနည်းစုသာ ရှိသည့်အတွက် ဒီနိုသည် နီးစပ်ရာ မြို့စောင့်တပ်ကို ချက်ခြင်းအကြောင်းကြားလိုက်သည်။ ယခု သူတို့က မြို့တော်ကြယ်ကို ပြန်မည့် စစ်သ‌င်္ဘောပေါ်တွင် ဖြစ်သည်။
မဟာမိတ်တပ်ပေါင်းစုသင်္ဘော၏ ပေါက်ကွဲမှုမှာ ထူးဆန်းလှသော်ငြား ထိုသတို့သမီးနှင့်တော့ ဆက်နွယ်ခြင်းမရှိပေ။ သနားစရာကေးလေးကတော့ ဆိုးဆိုးရွားရွားကို ကြောက်သွားရှာမှာ။
"ဒီနိုရေ ရှေ့လျှောက် မင်းကပဲ သခင်လေးရွိုင်းကို ဂရုစိုက်လိုက်ပါဦး အခုတော့ စားစရာတစ်ခုခုကို အရင်ဆုံး စီစဉ်ပေးလိုက်ပါ ..."
ဗိုလ်မှူးငယ်လေးက ပြောလိုက်သည်။ မာရှယ်၏ သတို့သမီးလောင်းမှာ အားနည်းဖျော့တော့လွန်းကာ သူကလည်း ထိုသို့သော သူများနှင့် ဆက်ဆံရာတွင် အဆင်မချောလှပေ။
"ဟုတ်ကဲ့ပါ ‌ဗိုလ်မှူး ..."
ဒီနိုက ချက်ခြင်း အလေးပြုလိုက်သည်။ ထိုကေးမျိုးနွယ်က မာရှယ်နှင့် ထိုက်တန်သည်ဟု လက်မခံသော်ငြား သူက မာရှယ်၏ ဇနီးလောင်းဖြစ်နေသည့်အတွက် အတတ်နိုင်ဆုံး ဂရုစိုက်ပေးရမည်ဖြစ်သည်။
သင်္ဘောမှာ စစ်တပ်သုံးယာဉ်ဖြစ်သော်ငြား ဌာနချုပ်မှ ဝန်ထမ်းများမှာ အလိုရှိတိုင်း မပြောင်းရွှေ့နိုင်သည့်အတွက် သင်္ဘောပေါ်ရှိ ဝန်ထမ်းအရေအတွက်မှာ အတော်ပင်နည်းလှသည်။ ဒီနိုသည်ပင် မီးဖိုချောင်ရောက်ကာမှ စားဖိုမှူးမရှိမှန်း သိရခြင်းဖြစ်သည်။
မီးဖိုထဲမှ စားစရာအားလုံးကို ထုတ်လာခဲ့သော်ငြား အချက်အပြုတ်စက်မှာ အာဟာရည်ဟင်းလျာကိုသာ ချက်ပေးနိုင်သည်။
အရသာကွဲသော အာဟာရဟင်းလျာသုံးခွက်နှင့်အတူ ဒီနိုလည်း ကေး၏ အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။
"သခင်လေးရွိုင်း စားချင်တာတစ်ခုခုများ ရှိလား ..."
ရမ်ရှန့်က စကားတစ်ခွန်းမှ မဆိုဘဲ ငေးကြည့်နေလိုက်သည်။ ကိစ္စတို့မှာ မှားယွင်းနေပြီဖြစ်ကြောင်း ပို၍ပို၍ နားလည်လာသည့်ဟန်ပင်။
ဟိုလူတွေသာ သူ့ကို ဖမ်းမိသွားတာဆိုရင် သူ့ကို ဖမ်းချုပ်ထားဖို့ တစ်ခုခုတော့ လုပ်မှာလေ။ ဘာလို့ ရိူရိုးသံတုံးနဲ့ပဲ အိမ်ဖွဲ့ထားမှာလဲ။ ပြီးတော့ သူ့ကိုယ်ပေါ်မှာလည်း ဒဏ်ရာဟောင်းကလွဲရင် အသစ်တစ်ခုမှ မရှိဘူး။ ဂူထဲကို ခိုးဝင်လာပြီး သူ့ကို စားဖို့ကြံနေတဲ့သူတွေက သေကုန်တာများလား။
"သခင်လေးရွိုင်း အခု အားလုံးအဆင်ပြေသွားပါပြီ ကျွန်တော်တို့က မြို့တော်ကြယ်ကို ဆယ်ရက်အတွင်း ရောက်မှာပါ ..."
ဒီနိုက သူ့ရှေ့ရှိကေးကို နှစ်သိမ့်ပေးရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။ အာကာသယာဉ်ပေါက်ကွဲမှု၏ မျက်မြင်သက်သေဖြစ်ကာ သတို့သမီးကိုလည်း ရှာတွေ့ခဲ့သည့်အတွက် စစ်ဆေးခံရန် မြို့တော်ကြယ်ကို လိုက်လာရခြင်းဖြစ်သော်ငြား မာရှယ့်ထံ အလည်သွားနိုင်ရန်ကတော့ ထိုသတို့သမီးလောင်းထံတွင်သာ မူတည်နေသည်။
ရမ်ရှန့်က တိတ်တိတ်လေး နားထောင်နေလိုက်သည်။ သူ့စကားအများစုကို နားမလည်သော်ငြား ထိုလူက သူ့ကို တစ်ခုခု စားစေချင်မှန်းကိုတော့ သဘောပေါက်ပါသေးသည်။
ထိုသူက ရန်မူဟန် မပြသလို သေမျိုးတစ်ဦးသာ ဖြစ်နေဆဲဖြစ်သည်။ သူများ အထင်မှားသွားတာလား။ ရမ်ရှန့်၏ အကြည့်တို့က ပန်းကန်သုံးလုံးထံ ကျရောက်သွားသည်။ သေမျိုးတို့၏ အစားအစာ ဖြစ်သော်ငြား လုံးဝ မစားရသည်ထက်တော့ တော်ပါသေးသည်။ သူရှေ့ကလူမှာ သေမျိုးဟု တွေးနေစဉ်တွင်ပင် ရမ်ရှန့်၏ လက်တို့က အမြစ်အဖြစ်သို့ ပြောင်းစပြုလာတော့သည်။

"သခင်လေးရွိုင်း မီးဖိုထဲမှာက ဒီအာဟာရဟင်းလျာတွေပဲ ရှိတယ် ..."
ဒီနိုက အားတုံ့အားနာဟန်ဖြင့် စကားအချို့ ပြောမည့်ဆဲဆဲတွင် သူ့ရှေ့ရှိ သခင်လေးရွိုင်းသည် ပန်းကန်လုံးကို ယူကာ ပါးစပ်ထဲသို့ လောင်းချလိုက်သည်ကို တွေ့လိုက်ရသည်။ ပထမတစ်ပန်းကန် နောက်ထပ် တစ်ပန်းကန် ပြီးတော့ နောက်တစ်ပန်းကန်
ဒါ ဒါ သူက ဝါးတောင် မဝါးတော့ဘူးလား ...
"ထပ်လိုချင်သေးလား ..."
ဒီနိုက ခပ်တိုးတိုး မေးလိုက်သည်။ ရမ်ရှန့်က ချက်ခြင်း ခေါင်းငြိမ့်ပြလာသည့်အတွက် သူလည်း နောက်ထပ်သုံးပန်းကန် ယူလာ‌ပြန်သည်။ ရမ်ရှန့်လည်း ပါးစပ်ထဲသို့ တစ်ချိုးတည်း လောင်းထည့်လိုက်ပြန်၏။
ဒီနိုက နောက်သုံးပန်းကန် ယူလာပြန်ကာ သူကလည်း ထပ်လောင်းထည့်လိုက်ပြန်သည်။
"သခင်လေးရွိုင်း အများကြီးစားမိရင် အစာအိမ် နာလာလိမ့်မယ် နောက်မှ တစ်ခေါက် ထပ်စားနော် ..."
ဒီနိုမှာ သူ့နဖူးတွင် ချွေးစတို့ သီးလာသည်ဟုပင် ခံစားမိလာတော့သည်။ မီးဖိုကို ၆ ခါ ပြေးလိုက်ရကာ ရမ်ရှန့်က ၁၈ ပန်းကန် စားပစ်ခဲ့သည်။
ဟင်းလျာတစ်နပ်တိုင်းမှာ သာမန်စစ်သားတို့၏ အာဟာရလိုအပ်ချက်အတိုင်း ထည့်သွင်းထားခြင်း ဖြစ်သည်။ စွမ်းရည်ပိုင်ရှင်တို့မှာတော့ ပိုစားနိုင်သော်ငြား ၁၈ ပန်းကန်ဟူသည့် အတိုင်းအတာမှာ မာရှယ်နှင့်ပင် ရင်ဘောင်တန်းနိုင်နေပြီဖြစ်သည်။
လူသားတို့မှာ အများကြီး မစားနိုင်ကြောင်း သိလိုက်ရသည့်အတွက် ရမ်ရှန့်လည်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငြိမ့်ကာ ထပ်စားမည့်အကြံကို စွန့်လွှတ်လိုက်ရသည်။
စိတ်သက်သာရာ ရသွားသော ဒီနိုလည်း သက်ပြင်းအသာချကာ မေးလိုက်သည်။
"လိုချင်တာရော ရှိသေးလား ..."
"နောက်တစ်နပ်ကျ ပိုပြီး များများလေး စားလို့ရမလားဟင် ..."
ရမ်ရှန့်က တိုးတိုးလေး ပြောလိုက်သည်။ ယခင် သူတွေ့ဖူးသည့် ဗီလိန်များနှင့် မတူစွာ ဒီလူကတော့ လူကောင်းတစ်ဦး ဖြစ်ပုံပေါက်သည်။
ဆယ်ကျော်သက်လေး၏ အသံမှာ ကလေးပေါက်စလိုမျိုး တိုးတိတ်ညင်သာလှသည်။ သူ့လေယူလေသိမ်းမှာ အနည်းငယ် ကွဲပြားနေသော်ငြား နားဝင်ပီယံ ရှိလှသည်။ တစ်ခုပဲ သူပြောတဲ့စကားတွေကကျ ...
ဒီနိုက ကောင်လေး၏ဗိုက်ကို တစူးတစိုက် ကြည့်လိုက်သည်။ ဒီလိုကြီးစားလို့ အဆင်ပြေပါ့မလား ...
"မရဘူးလားဟင် ဒါဆိုလည်း နည်းနည်းလေး လျော့လိုက်မယ်လေ ..."
ရမ်ရှန့်က ကရုဏာသက်ဖွယ်ကောင်းလှစွာသော အကြည့်တို့ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ရတာပေါ့ ခဏနေရင် ယူလာပေးပါ့မယ် ..."
ဒီနိုက သူ့နားရောက်လာကာ ချွေးများရွှဲနေသော လက်ဖဝါးနှစ်ဖက်ကို သုတ်ပေးလိုက်သည်။
သူက အခုလေးတင်မှ စားပြီးတာ မဟုတ်ဘူးလား ဒါက စွမ်းရည်ပိုင်ရှင်တွေမှ လုပ်လေ့ရှိတာမျိုးလေ သူကို့ အရေးမပေးသင့်ဘူးထင်တယ် ...
"ကျေးဇူးတင်ပါတယ် ..."
ရမ်ရှန့်က အပြုံးခပ်ကြီးကြီးတစ်ပွင့်ကို ချိတ်ဆွဲရင်း ပြောလိုက်သည်။
ရုတ်ချည်းလိုလိုပင် ဒီနိုသည် အိမ်ထောင်ပြု သားမွေးချင်စိတ် ပေါက်လာတော့သည်။ သူ့ကလေးလေးကရော ဒီလိုမျိုးပဲ ချစ်စရာကောင်းပြီး ကောင်းကောင်းမွန်မွန် ပြုမူတတ်လောက်လား..."
မဟုတ်ဘူး ဒါက မာရှယ်ရဲ့ ဇနီးလောင်းလေ ကလေး မဟုတ်ဘူး ...
ဒီနိုက ငေးတိငေးငိုင်ဖြင့် ထွက်လာလိုက်သည်။
စစ်သင်္ဘောက မြို့တော်ကြယ်သို့ တစ်ဟုန်ထိုး ပျံသန်းလာစဉ်တွင် မြို့တော်သားများမှာလည်း သတင်းရထားပြီးဖြစ်သည်။
အိမ်တော်ထိန်းအိုကြီးက လက်ထဲမှ ဆက်သွယ်ရေးကိရိယာနှင့်အတူ စံအိမ်ထဲ ဝင်လာပြီး မျက်နှာချင်းဆိုင် စားသောက်နေကြသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
အမျိုးသားမှာ တစ်ခေါင်းလုံး ဆွတ်ဆွတ်ဖြူကာ အတော်ပင် အသက်ရနေပြီဖြစ်သည်။ ချောင်းကိုလည်း တစ်ချိန်လုံး အဆက်မပြတ်ဆိုးနေသည်။ အမျိုးသမီးမှာတော့ အတော်ကို ငယ်ရွယ်ကာ လှပနေပေသည်။
ထိုမိန်းမလှလေးက သူမရှေ့ရှိ သက်ကြီးပိုင်းအမျိုးသားကို ကြည့်နေကျမဟုတ်သည့် သိမ့်မွေ့သော အကြည့်တို့ဖြင့် ကြည့်လိုက်သည်။
ထိုသူနှစ်ဦးမှာ လူသားမျိုးနွယ် ဖက်ဒရယ်၏ အင်အားကြီး မိသားစုငါးစုမှ ကျောက်မိသားစု၏ အုပ်ချုပ်သူ ကျောက်ဖမ်းနှင့် သူ့ဇနီး ရှန်းချိုးရှစ်ဖြစ်သည်။
"သခင်ကြီး သခင်မ မဟာမိတ်တပ်ပေါင်းစုရဲ့ အာကာသယာဉ်က တစ်ခုခုဖြစ်သွားတယ်လို့ ကြားသိရပါတယ် ..."
အိမ်တော်ထိန်းက တီးတိုးပြောလိုက်သည်။
"ဘာဖြစ်တာတဲ့လဲ ..."
ရှန်းချိုးရှစ်က မျက်မှောင်တို့ကို အသာကြုတ်ကာ မေးလိုက်သည်။
အိမ်ထိန်းလည်း ဖြစ်ပျက်ခဲ့သည်များကို စုံစေ့အောင် ရှင်းပြကာ အာကာသယာဉ်ပေါက်ကွဲမှုမှာ ပြင်းထန်ကြောင်းကိုလည်း တစ်ပါတည်း ထည့်ပြောလိုက်သည်။
"လင်းယွီကို ဒီကလေးနဲ့ တကယ် လက်ထပ်ပေးချင်တာလား။ လင်းယွီရဲ့ ခန္ဓာကိုယ်က ..."
ကျောက်ဖမ်းက ပြောလိုက်သည်။
သားဖြစ်သူမှာ လအနည်းငယ်ထပ်ပိုကာ အသက်မရှင်နိုင်တော့ကြောင်းနှင့် သူ့ကိုယ်ထဲမှ စွမ်းအင်တို့ ကမောက်ကမ ဖြစ်ကာ ပေါက်ကွဲမထွက်ခင် မြို့တော်ကြယ်နှင့် ဝေးရာသို့ ပို့သင့်ကြောင်း အပြောခံရပေါင်းလည်း မနည်းတော့ပေ။
ဂြိုဟ်ပေါ်တွင် ဥချမည့် ဇာ့ဂ်ဘုရင်မ၏ အဖျက်စွမ်းအင်အားလုံးမှာ သူ့သားကိုယ်ထဲတွင် ရောက်နေသည်။ သားဖြစ်သူမှာ ယခင်ကလိုမျိုး ပြန်မဖြစ်တော့ဘဲ သေမည့်ရက်ကို‌သာ စောင့်နေရမည်ကို စိုးကြောက်မိသည်။
"ကုန်သွယ်ရေးဌာနချုပ်ရဲ့ ဥက္ကဌကသာ အတင်းအကြပ် မတိုက်တွန်းရင် ဒီလို ပေါက်ကရအကြံမျိုးကို လက်ခံမှာ မဟုတ်ဘူး ဒါပေမယ့် အဲ့ဒီ့သူရဲ့ စွမ်းအင်ကလည်း နူးညံ့ပေမယ့် ‌ပျော့ညံ့တာမျိုး မဟုတ်ဘူး အနည်းဆုံးတော့ လင်းယွီကို ပိုပြီး သက်သာစေနိုင်မလားလို့ ..."
ရှန်းချိုးရှစ်က သက်ပြင်းချလိုက်သည်။ သိမ်မွေ့စွမ်းအင်ပိုင်ရှင်ကြောင့် သူမသား သက်သာလာနိုင်ရွေ့သာ မဟုတ်ပါလျှင် ထိုကေးကို ကျောက်အိမ်တော်သို့ ဝင်လာရန် လက်ခံမည်မဟုတ်ပေ။
"သူက ကောင်းရင်တော့ ကိုယ်တို့လည်း ကောင်းကောင်း ပျိုးထောင်ကြတာပေါ့ မကောင်းရင်တော့ လာရာလမ်းအတိုင်းသာ ပြန်ခိုင်းလိုက် ..."
ကျောက်ဖမ်းက ပြောလိုက်သည်။
ရှန်းချိုးရှစ်က ခေါင်းကိုသာ ငြိမ့်ပြလိုက်တော့သည်။ သူမ၏ မျက်ဝန်းတွင် မျက်ရည်စတို့က တွဲလွဲခိုနေသည်။ သူမ၏ ခင်ပွန်းသည် နောက်ထပ် နှစ်အချို့သာ နေရတော့မည့်ကိစ္စမှာ ဝမ်းနည်းဖွယ်အကောင်းဆုံးဟု ထင်ခဲ့သော်ငြား မမျှော်လင့်ထားစွာပင် သားဖြစ်သူမှာ လအချို့သာ ရှင်နိုင်တော့မည်ဖြစ်သည်။
xxxxxxx