အပိုင်း ၃
Viewers 18k

Chapter 3


ဆယ်ရက်ကြာပြီးနောက် မြို့တော်ကြယ်တွင် ....


ငွေရောင်အာကာသယာဉ်သည် မြို့တော်ကြယ်သို့ ဖြေးညှင်းစွာ ဆိုက်ကပ်လာခဲ့၏။ ထိုသည်ကို မြင်လိုက်သော ဝန်ထမ်းတစ်ဦးက အမိန့်လက်ခံနေရာမှ ချက်ခြင်း ထရပ်ကာ အလေးပြုလိုက်သည်။ 


"ဘယ်သူ့အာကာသယာဉ်လဲ ..." 


ဘေးနားမှ လူအားလုံး အလေးအနက်ဖြစ်သွားသည်ကို မြင်လိုက်ရသူတစ်ဦးက မေးလိုက်သည်။ 


"ကျောက်အိမ်တော်ကလေ ..." 


နံဘေးမှသူက တီးတိုးပြောလိုက်သည်။ 


"မာရှယ်ကျောက်ရဲ့ အိမ်တော်ကလား ..." 


သူက အလန့်တကြား မေးလိုက်သည်။ 


"အဲ့ဒီ့မိသားစုကလွဲလို့ ဘယ်ကျောက်မိသားစု ဖြစ်နိုင်ဦးမှာလဲ ..." 


မာရှယ်နှင့် ဇာ့ဂ်ဘုရင်မတို့၏ တိုက်ခိုက်မှုမှတ်တမ်းဗီဒီယိုမှာ အင်တာနက်တွင် ကြည့်ရှုနှုန်းအများဆုံးဖြစ်သည်။ တိုက်ခိုက်ရေးယာဉ်ငယ်ကို မောင်းနှင်ကာ ဇာ့ဂ်ဘုရင်မကို အပြတ်ချေမှုန်းနိုင်ခဲ့သည့် မာရှယ်၏ မှတ်တမ်းဗီဒီယိုကို ကြည့်မိလေတိုင်း မျက်ဝန်းထောင့်တို့မှာ ဟန်မဆောင်နိုင်အောင် ရဲရဲနီနေဆဲဖြစ်သည်။ 


သင်္ဘောထဲမှ ယာဉ်ပျံတစ်စီး ထွက်လာသည်အထိ လေတပ်စခန်းတစ်ခုလုံးသည် လုပ်လက်စတို့ကို ပစ်ချထားကာ အသံတိတ် လိုက်ကြည့်နေကြသည်။ 


ယာဉ်ငယ်ထဲတွင် ရမ်ရှန့်သည် မျက်ဝန်းဝိုင်းကြီးတို့ဖြင့် ပြတင်းပေါက်အပြင်ကို တအံ့တဩ ငေးကြည့်နေသည်။ 


"ဒီရက်ပိုင်း တွေ့လာရသမျှ အားလုံးက အထူးတဆန်းတွေချည်းပဲ။ 


ဒီနေရာမှာ ဘာစွမ်းအားမှလည်း မခံစားရဘူး။  တစ်ချို့သူတွေရဲ့ ခန္ဓာကိုယ်မှာ စွမ်းအားတွေ ရှိပေမယ့်လည်း အဲဒါက မသေမျိုး စွမ်းအားနဲ့ လုံးဝကို မတူပြန်ဘူး။ 


ဆိုတော့ ကြည့်ရတာတော့ သူ အဖမ်းခံလိုက်ရတာ မဟုတ်ဘဲ ဒီလူတွေက သူ့ကို ကယ်လိုက်တာထင်တယ်။ အဲ့ဒါကြောင့် ကောင်းကောင်းဆက်ဆံပေးနေတာ နေမှာ။ 


သခင်ပြောဖူးတာတော့ အာကာသအက်ကွဲကြောင်းက မတည်ငြိမ်ဘူးတဲ့။ အကြိမ်တစ်သောင်းမှာ တစ်‌ကြိမ်လောက်ပဲ ကံကောင်းထောက်မပြီး တစ်ခြားကမ္ဘာကို ရောက်သွားနိုင်တာဆိုတော့ ကြည့်ရတာ သူက ကံကောင်းသွားတာထင်တယ်။ ဟုတ်တယ်မလား။ 


သဘာဝလွန်စွမ်းအားတွေ မရှိတော့ သူ့ဒဏ်ရာ ဘယ်အချိန်သက်သာလာမလဲ ပြောနိုင်မယ့်သူ မရှိတာ တစ်ခုပဲ။ တကယ်‌တမ်း မသေမျိုးတွေ ရှိမ‌နေတာကလည်း ကံကောင်းတယ်ပြောရမှာ။ မဟုတ်ရင် သူ့ကို ဒုက္ခပေးလာနိုင်တယ်။ အပြည့်အဝ ပြန်ကောင်းဖို့က နေရောင်နဲ့ မြေလွှာ ရှိနေသရွေ့ နှစ်ထောင်ဂဏန်းလောက်ပဲ ကြာမှာပါလေ။ ဒါပေမယ့် ကြီးထွားလာဖို့ကတော့ ထင်သလောက် မလွယ်မှာ ကြောက်ရတယ်။ 


ဒီလို ငယ်ရွယ်တဲ့ဘဝလေး ရောက်ဖို့ကို နှစ်တစ်သိန်းလောက် အချိန်ယူခဲ့ရတာကို ဒီဒဏ်ရာကြောင့် နောက်တစ်ခေါက် ပိန်လှီသွားပြန်ပြီ ... " 


ရမ်ရှန့်က သူ့ခြေလက်တို့ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ 


"ငါကတော့ ဒီအရပ်ရှည်ရှည်လူတွေရဲ့ ရင်ဘတ်လောက်အထိကို ရှည်မလာနိုင်တော့ဘူး ထင်ပါတယ် ..." 


ဒီနိုက ရမ်ရှန့်၏ သက်ပြင်းတချချနှင့် ပူပန်နေမှုကို သတိထားမိလိုက်သည်။ 


အနပ်တိုင်း အများကြီးစားနေတာတောင် ဒီကလေးက ဘာလို့များ ထွားမလာတာပါလိမ့် ပြီးတော့ သူစားတဲ့ပုံကလည်း ... ကျောက်မိသားစုက လူတွေသာ သူ့ကိုတွေ့ရင် ငါတို့က ဒီကလေးကို နှိပ်စက်ထားတယ်များ ထင်ကြမလားပဲ ... 


ပြီးတော့ နောက်တစ်ခုက သူ့ဦးနှောက် ကေးတွေက အိုင်ကျူမမြင့်ဘူးဆိုတဲ့စကားက ဟုတ်လောက်မယ် ဒီကလေးကလေ ဘာဆိုဘာမှကို မသိဘူး ကုန်သွယ်ရေးဌာနချုပ်ဥက္ကဌက ဘယ်လိုတွေများ သင်ပေးလိုက်လဲ မပြောတတ်တော့ပါဘူး ...


ထိုပုဂ္ဂိုလ်လေးမှာ နုံအအလေးနှင့် အစားကျူးလှသော်ငြား သူ့အပေါ် ဒီနို၏ အမြင်မှာတော့ တစ်ဖြေးဖြေး အကောင်းဘက် ရောက်လာသည်။ _ ကလေးတစ်ယောက်ကို အနိုင်ကျင့်လို့မှ မသင့်တာ မဟုတ်ဘူးလား။ 


သူက အနည်းငယ် နုံအကာ ကလေးကလားဆန်သော်ငြား ထိုမျှ ချစ်စရာကောင်းသည့် ကလေးငယ်မှာတော့ နှစ်လိုဖွယ်ရာ ဖြစ်နေဆဲပင်။ 


ရမ်ရှန့်မှာ အပြင်ဘက်ရှိ အဆောက်အဦးတို့ကို တအံ့တဩ ကြည့်နေသည့်အတွက် ဒီနိုလည်း ခရေစေ့တွင်းကျ ရှင်းပြရင်း နောက်ဆုံးတွင်တော့ မာရှယ်၏ အကြောင်းကိုပါ ထည့်ပြောလိုက်ရတော့သည်။ 


"မာရှယ်နဲ့ လက်ထပ်ပြီးသွားရင် မင်းက မြို့တော်ကြယ်မှာ နေလို့ရသွားပြီလေ အဲ့ခါကျမှ ဒီနေရာတွေကို လျှောက်ပတ်ကြည့်ကြည့်ပေါ့ ..." 


"အမ်း ..." 


ရမ်ရှန့်က ခေါင်းငြိမ့်ပြလိုက်သည်။ ဒီနို၏ လေယူလေသိမ်းမှာ ထူးဆန်းလှသည့်အပြင် ရမ်ရှန့်၏ သခင်မှာ လွန်ခဲ့သည့်နှစ်တစ်သိန်းကတည်းက လူများနှင့် အဆက်အသွယ် မလုပ်တော့သည့်အတွက် သူလည်း စကားလုံးအများစုကို နားမလည်တော့။ သို့သော် လူတိုင်းက သူ့ကို မာရှယ်နှင့်တွေ့ရန် ခေါ်သွားပေးမည်ဟု ဆိုလာသည်။ သူစားသမျှသည်ပင်လျှင် မာရှယ်က ထောက်ပံ့ပေးထားခြင်းဖြစ်သည်ဟုလည်း ဒီနိုက ပြောသေးသည်။ 


အဲ့ဒီ့မာရှယ်က လူကောင်းပဲဖြစ်ရမယ် သူ့ကို တကယ်ကို ကျေးဇူးဆပ်သင့်တာပဲ ဒါပေမယ့် သူ့သွေးသားကို ပေးဖို့တော့ တွန့်ဆုတ်နေသေးတယ် တစ်ခြားတစ်ခုခုပဲ လုပ်ပေးမယ်ဆိုရင်ရော အဆင်ပြေပါ့မလား မသိဘူး ...

3.2


"ရမ်ရှန့်ရေ မင်းက ရှေ့လျှောက် မာရှယ်နဲ့ အတူတူ နေရတော့မှာ မင်းကိုတောင် အားကျလာပြီကွာ ..." 


ဒီနိုက ထပ်ပြောလိုက်သည်။ ရမ်ရှန့်၏နာမည်မှာ အနည်းငယ် ထူးဆန်းသော်ငြား ထိုကလေးက ဆန္ဒရှိနေသည့်အတွက် အားလုံးက ထိုသို့သာခေါ်ရန် သဘောတူလိုက်ကြသည်။ ကြည့်ရတာ သူ့ရဲ့ ကေးမိခင်က ပေးထားလို့ထင်တယ်။ 


"နောက်ပိုင်းကျ မာရှယ်နဲ့ နေရမှာလား ..."


ရမ်ရှန့်က ဒီနိုကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။ အခုလေးတင် သူတွေ့ခဲ့သည့်နေရာမှာ သစ်ပင်ပန်းမာန်တို့ စုံလင်ကာ နေရောင်ခြည်ကလည်း လုံလောက်လှသည့်အတွက် မြေထဲတွင် အမြစ်တွယ်ကာ နေဓာတ်ရေဓာတ်တို့ကို စုပ်ယူချင်နေပြီဖြစ်သည်။ ဒါပေမယ့် မာရှယ်က မူမမှန်တာတစ်ခုခုကို တွေ့သွားခဲ့ရင်ရော။ 


သူ့သခင်က သူ့ကို ပထမတစ်ခါ အပြင်ခေါ်ထုတ်လာတုန်းက တို့ဟူးခြင်းထဲမှာ လိုက်လာရတာလေ။ ဒါပေမယ့် တို့ဟူးတွေကို အကုန်စားမိလို့ သခင်က နောက်တစ်ခါ အပြင်မထုတ်တော့ဘူး။ အဲ့ကတည်းက အမြစ်ချနေတဲ့အချိန်မှာတောင် လူပုံနဲ့ပဲနေဖို့ ဆုံးဖြတ်လိုက်တော့တာ။ 


"ဟုတ်တာပေါ့ ..." 


ဒီနိုက မဆိုင်းမတွ ပြန်ဖြေလိုက်သည်။ ဆက်သွယ်ရေးစက်ပင် အသုံးမပြုနိုင်သည့်ကေးမှာ မာရှယ်နှင့်သာ အတူမနေပါလျှင် လူယုတ်မာတို့၏ လက်ထဲသို့ မလွဲမသွေ ကျရောက်သွားမည်ဖြစ်သည်။ 


"ဒါဆို မာရှယ်က ကျွန်တော့်ကို စားတော့စားမပစ်လောက်ပါဘူးနော် ..." 


ရမ်ရှန့်က ခပ်ဆဆတွေးရင်း မေးလိုက်သည်။ အတူတူ နေရမှာဆိုတော့ ရှေ့လျှောက် ပိုဂရုစိုက်မှ ဖြစ်တော့မှာ။ စောစောစီးစီး ကြိုသိထားရင်တော့ ပိုကောင်းမယ်ထင်တယ်။ 


"ဟမ် ဒါကြီးက အရမ်းတည့်တိုး ဖြစ်မနေဘူးလား ..." 


ဒီနိုမှာ ပြောစရာစကားပင် မရှိတော့။ 

(ဟိုက ရိုးရိုးစားမှာလား မေးတာပါ သူက ဆန်းဆန်းပြားပြား စားတာတွေကို သွားတွေးမိတာ:⁠-⁠) 


ဒီရက်ပိုင်းအတွင်းတွင် ရမ်ရှန့် စိတ်ညစ်မသွားစေရန်အလို့ငှာ မာရှယ်၏ ကောင်းကြောင်းများကိုသာ မပျက်မကွက် ပြောခဲ့သော်ငြား သူကတော့ မာရှယ်၏ အခြေအနေကို ရှင်းရှင်းလင်းလင်း သိသေးဟန်မတူ။ 


"ဟုတ်သားပဲ သူက ဘာမှမှ မသိတာကို သူ့အဖေက လှည့်စားပြီးတော့ ဒီနေရာကို အတင်းအကြပ် ပို့လိုက်တာ ထင်တယ် ..." 


"မပူပါနဲ့ မာရှယ်က မစားပါဘူး ..." 


ဒီနိုက ပြောလိုက်သည်။ သူက အခု ပြင်းပြင်းထန်ထန်ကို ဒဏ်ရာရထားတော့ စားနိုင်ဦးမှာ မဟုတ်ဘူး။ 


"ကောင်းလိုက်တာ ..." 


ရမ်ရှန့်က ဝမ်းသာအားရ ပြုံးလိုက်သည်။ 


"အခုပုံစံအတိုင်းဆို မင်းအတွက် အပြင်မှာနေတာက အရမ်းအန္တရာယ်များတာပဲ မာရှယ်နဲ့လက်ထပ်ပြီး ကျောက်မိသားစုမှာ နေရလို့ တော်သေးတယ် ပြောရမယ် ..." 


ရမ်ရှန့်ကတော့ ဝေဝေဝါးဝါးဖြင့်သာ ခေါင်းငြိမ့်လိုက်သည်။ 


ဘာလို့ ဒီလူက သူ့ကို လက်ထပ်ရမယ်ဆိုတာကြီးပဲ ဆက်တိုက်ပြောနေတာလဲ။ မာရှယ်နဲ့ လက်ထပ်ရင် ကျောက်မိသားစုမှာ နေနိုင်မယ်တဲ့ တကယ်လို့ လက်မထပ်ဖြစ်ရင်ရော ကျောက်မိသားစုကနေ ထွက်သွားရမှာလား ...


အတွေးတစ်စက သူ့ရင်ထဲ ဖြတ်ပြေးသွားသော်ငြား မကြာမီပင် အာရုံပြောင်းသွားတော့သည်။ ‌ရမ်ရှန့်သည် လေထဲတွင် ပေါလောမျောနေသည့် အိမ်ကြီးရခိုင်ကို မနာလိုအားကျစွာဖြင့် ကြည့်နေလိုက်၏။ 


အာကာသယာဉ် ဆိုက်ရောက်ပြီဖြစ်ကြောင်း သိလိုက်ရချိန်တွင် ရှန်းချိုးရှစ်သည် အဝတ်အစားလဲကာ တံခါးဝနား ရပ်မစောင့်ခင် စိတ်ကို အရင်ဆုံး တည်ငြိမ်အောင် လုပ်လိုက်သည်။ သူမက ကျောက်ဖမ်းကိုတော့ ထွက်လာခွင့်မပြု။ သူ့ကျန်းမာရေးမှာ ဆိုးရွားလှရာ တစ်ခုခုသာ ဖြစ်ခဲ့ပါလျှင် ကျောက်မိသားစုမှာ အဆုံးသတ်သွားတော့မည်ဖြစ်သည်။ 


ကျောက်မိသားစုက အခုလည်း အခြေအနေ ကောင်းမနေပေမယ့်ပေါ့။ 


ယာဉ်ပျံငယ်က ကျောက်မိသားစု၏ ဝင်ပေါက်ရှေ့တွင် တစ်ဖြေးဖြေး ရပ်လိုက်သည်။ ရှန်းချိုးရှစ်၏ ထက်မြက်လှစွာသော အကြည့်တို့က ပြတင်းပေါက်တွင် မျက်နှာကပ်ကာ အပြင်ကို စူးစမ်းနေသည့် မျက်နှာသေးသေးလေးထံ ကျရောက်သွားတော့သည်။ 


"ကုန်သွယ်ရေးဌာနချုပ်ရဲ့ ဥက္ကဌက ဒီကလေးကို နည်းနည်းလေး လူကောင်သေးတယ်လို့ ပြောခဲ့ဖူးပေမယ့် အခု သူ့မျက်နှာကို ကြည့်ရတာတော့ တအားသေးလွန်းမနေဘူးလား ..." 


ရှန်းချိုးရှစ်က အနည်းငယ် အံ့ဩသွားခဲ့သည်။ ယာဉ်ပျံတံခါးက ပွင့်လာကာ သူမ အကြိုလွှတ်လိုက်သူ၏ နောက်တွင် လူငယ်လေးက ကပ်လိုက်လာသည်။ 


စွမ်းရည်ပိုင်ရှင်များအနက် ၁.၇ မီတာသာရှိသည့် ရှန်းချိုးရှစ်ကို ကိုယ်လုံးကိုယ်ပေါက် သေးသွယ်သည်ဟု ပြော၍ရသော်ငြား ထိုလူငယ်လေးမှာတော့ သူမထက်ပင် ခေါင်းတစ်လုံးခန့် ပုနေသေးသည်။ 


ထိုသည်သာမက။ မျက်နှာ၊ လက်နှင့် ခြေထောက်တို့ကပါ သေးသွယ်နေကာ သူ့အသွင်အပြင်ကိုသာ ကြည့်ပါလျှင် ၁၂ နှစ်သားဟုသာ ထင်ကြမည်ဖြစ်သည်။ 


အရွယ်အစား သေးနေသည်မှလွဲ၍ သူ၏ရုပ်ရည်မှာ‌ ထိပ်တန်းအဆင့်ပင်။ အသားအရေမှာ နှင်းလိုဖြူကာ ပန်းသွေးလွှမ်းနေပြီး ရေညှစ်ထုတ်၍ ရတော့မတတ်ပင် ကြည်လင်လှသည်။ တောက်ပနေသည့် မျက်လုံးဝိုင်းကြီးတို့က အပြစ်ကင်းစင်လှကာ မြင်သူတိုင်းကို နှစ်လိုစေသည်။ 


သူမရဲ့သားကို ဂရုစိုက်ပေးဖို့ လူတစ်ယောက် ရှာတာဆိုပေမယ့် ဒီကလေးက ဒီလောက်သေးနေတာ လုပ်ရော လုပ်နိုင်ပါ့မလား။  


သူမ ‌အတွေးလွန်နေစဉ် ရမ်ရှန့်မှာလည်း အခက်ကြုံနေရသည်။ သူ၏ အမြစ်တစ်ခုစီတိုင်းက ထွက်ပေါ်လာတော့မည်ဟု ခံစားလိုက်ရသည်။ 


မြေကြီးရဲ့ အငွေ့အသက်ကို တကယ်ကြီး ခံစားမိနေပြီလို့ !!! 


အပင်ဝိဉာဉ်တိုင်းက မြေဆီလွှာကောင်းကို တပ်မက်ကြသည့်အပြင် ယခု သူရပ်နေသည့် မြေကြီးမှာ ပြိုင်ဘက်ကင်း အကောင်းဆုံးပင်ဖြစ်သည်။ 


အရှိန်အဝါတို့ ပြည့်နှက်နေသည့် မြေတွင် မွေးဖွားလာကာ နောက်ပိုင်း သူ့သခင်၏ ဂူက ပိုကောင်းကြောင်း သိလာရသော်ငြား မည်သည်ကမှ ယခုလက်ရှိမြေကြီးကို မယှဉ်နိုင်ပေ။


သူ့နောက်ကို လိုက်သည့်အတွက် သခင်ဖြစ်သူက ချီးမြှင့်ထားသည့် သန့်စင်မြေသား တစ်ပွင့်ကိုလည်း ပိုင်ဆိုင်ထားသည်။ နောက်ပိုင်းတွင် ရမ်ရှန့်က ထပ်လိုချင်သေးသော်ငြား ထိုသန့်စင်မြေသားတစ်ပွင့်ရရန် ‌မြေကောင်းမြေသန့်ဧကပေါင်းများစွာကို အသုံးပြုရမည့်အပြင် ထိုသို့ ပြုလုပ်သူတိုင်းမှာလည်း မိုးကြိုးဒဏ်ကို လွှဲရှောင်၍မရဟု သခင်ဖြစ်သူက ပြောလာသည်။ 


သူ့သခင်မှာ နှစ်သိန်းပေါင်းများစွာ အသက်ရှင်ခဲ့သည့် စွမ်းအားကြီးသူတစ်ဦးဖြစ်၍သာ ထိုမြေကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ သူ့ကိုသာ မပေးခဲ့ပါလျှင် မရေမတွက်နိုင်သည့် နတ်ဆေးပင်တို့ကို ထိုမြေတွင် စိုက်ပျိုးနိုင်မည်ဖြစ်သည်။  


သို့သော် ဤစိတ်စွမ်းအင်မဲ့ကမ္ဘာရှိ သန့်စင်မြေမှာ သူ့သခင် ပေးခဲ့သည်ထက် အများကြီးပိုကြီးကာ သန့်စင်သည်ဟု ခံစားနေရဆဲပင်။ 


ဒီသန့်စင်‌မြေက စိတ်စွမ်းအင်နဲ့ ဘာမှ မသက်ဆိုင်ဘူးဆိုရင်တောင်မှ အံ့ဩစရာကောင်းနေတုန်းပဲ။ 


ရမ်ရှန့်သည် မလှမ်းမကမ်းရှိ အဆောင်ခွဲလေးထံ အားကျိုးမာန်တက် ပြေးသွားလိုက်သည်။ 


xxxxxx