အပိုင်း ၄
Viewers 18k

အပိုင်း ၄


သူမ၏ သားဖြစ်သူ နေထိုင်ရာဘက်သို့ မျက်လုံးအပြူးသား ငေးကြည့်နေသူကို တွေ့လိုက်ရချိန်တွင်တော့ ရှန်းချိုးရှစ်လည်း အနည်းငယ် အံ့ဩသွားမိသည်။ 


ဒီ... သွားရည်တမြားမြား ကျနေတဲ့ အပြူအမူက ဘာသဘောလဲ။ ဒီလိုမျိုးမိန်းမတွေကို အများကြီး တွေ့ခဲ့ဖူးပေမယ့် သူမသားက အချိန်မရွေး ပေါက်ကွဲထွက်သွားနိုင်မှန်းလည်း သိကြရော ခြေဦးတောင် မလှည့်ကြတော့ဘူးလေ ... 


"မင်းက ရွိုင်းလား ..." 


ရှန်းချိုးရှစ်လည်း  သက်ပြင်းချကာ ခပ်တိုးတိုး မေးလိုက်သည်။ 


"ကျွန်တော့်နာမည်က ရွိုင်းမဟုတ်ဘူး ရမ်ရှန့်ပါ..." 


ရမ်ရှန့်က တွန့်ဆုတ်စွာဖြင့်ပင် အကြည့်တို့ကို လွှဲလိုက်ရတော့သည်။ 


တစ်ဦးတစ်ယောက်ကမှ ကျင့်ကြံသူများ မဟုတ်ကြသော်ငြား သူ့ရှေ့ရှိ အမျိုးသမီးမှာတော့ အတော်ပင် သန်မာလှကာ အနည်းဆုံး ကျီတန်းအဆင့်သို့ ရောက်နေလောက်မည်။  မထိခိုက်ခင်ကမူ ထွက်ပြေးရန် ဖြစ်နိုင်သေးသော်ငြား ယခုတော့ အလုပ်မဖြစ်မည်ကို စိုးရိမ်မိသည်။ 


တိုက်ခိုက်ဖို့အတွက်ကတော့ .... သူ့သခင်က သင်မပေးရသေးခင် ကောင်းကင်ကို ကြွမြန်းသွားရတော့ ... 


ဒီတစ်ယောက်က အရမ်းသန်မာလွန်းတယ် သန့်စင်မြေထဲကိုတောင် ဝင်ချိန်ရှိလိုက်မှာမဟုတ်ဘူး တကယ်လို့ သူ့နောက်လိုက်မယ်ဆိုရင်ရော ငါ့ကို နည်းနည်းလောက် ပေးလောက်လား နည်းနည်းလေးပဲ လိုတာပါ ... 


ရှန်းချိုးရှစ်က မျက်မှောင်ကြုတ်လိုက်သည်။ 


ဒီတစ်ယောက်က ရွိုင်းမဟုတ်ဘူး ဟုတ်လား ဒါဆို ပြဿနာတစ်ခုခု ရှိနေတာများလား တကယ်လို့ တစ်ခုခု ကြံစည်ထားတာဆိုရင်လည်း သူက ဘာလို့ အရမ်းပွင့်လင်းနေရတာလဲ ... 


"မင်းနာမည်ကို ဘာလို့ ရမ်ရှန့်လို့ ပြောင်းလိုက်တာလဲ ..." 


"ကျွန်တော့်နာမည်က အရင်ကတည်းက ရမ်ရှန့်ပဲလေ ပြီးတော့ ကျွန်တော်က ..." 


ရမ်ရှန့်က သူမှာ ဂျင်ဆင်းဝိဉာဉ်ဖြစ်ကြောင်း ပြောလိုက်ချင်သော်ငြား မပြောမီတွင်ပင် စကားကို ရပ်လိုက်သည်။ 


ဟုတ်သားပဲ သခင်က ဘယ်သူ့ကိုမှ အပင်ဝိဉာဉ်ဖြစ်တဲ့အကြောင်း လျှောက်မပြောရဘူးလို့ မှာထားတာကို ... 


သူ၏ တွန့်ဆုတ်နေမှုကို မြင်လိုက်ရချိန်တွင်တော့ ရှန်ချိုးရှစ်မှာ ပို၍ပင် မှားနေသည်ဟု ခံစားမိလာသည်။ မဟာမိတ်တပ်ပေါင်းစုနှင့် ဝေးကွာလှသည့်အပြင် အသံလွှင့်ရုံကို ဇာ့ဂ်ဘုရင်မက ဖျက်ဆီးခဲ့၍ သူမနှင့် ကုန်သွယ်ရေးဌာနချုပ်ဥက္ကဌတို့မှာ အဆက်အသွယ် သိပ်မရှိလှသော်ငြား သားဖြစ်သူမှာ ရွိုင်းဟု ပြောခဲ့ကြောင်းကိုတော့ သေချာမှတ်မိနေပါသေးသည်။ 


ကေးဗီဇပါပေမယ့် လူသားတွေထက်တောင် အိုင်ကျူမြင့်သေးတယ်ဆို သူမရှေ့က တစ်ယောက်ကို ကြည့်ရတာတော့ အိုင်ကျူမြင့်တယ်ဆိုတာ ဟုတ်ရောဟုတ်ရဲ့လား ... 


သူမက ရမ်ရှန့်ကို ခေါ်ရန် လွှတ်လိုက်သည့် ကိုယ်ပိုင်တပ်သားကို မရေမရာဖြင့် ကြည့်လိုက်သည်။ 


"မဒမ်... ရမ်ရှန့်က ယာဉ်ပေါက်ကွဲမှုမှာ အသက်ရှင်ကျန်ခဲ့တဲ့ တစ်ဦးတည်းသောသူပါ သူက အပင်စွမ်းအားပိုင်ရှင်ဆိုတော့ သူ့သရုပ်မှန်နဲ့ပတ်သက်ပြီး ပြဿနာမရှိလောက်ပါဘူး ဒီအချက်ကို မာရှယ့်လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်သားလေးက သက်သေပြပေးနိုင်ပါတယ် သူက ပင်စင်ယူပြီးနောက်ပိုင်း အိပ်မက်ကြယ်မှာ အလုပ်လုပ်နေတဲ့သူပါ ..." 


ကျောက်မိသားစု၏ တပ်သားက ရဲဘော်ရဲဖက်ဖြစ်ဖူးသူ ဒီနို၏ နာမည်ကို တမင်တကာ ထည့်ပြောလိုက်သည်။ ရမ်ရှန့်လို သူတို့ ဘာပြောနေလဲဆိုတာတောင် နားမလည်တဲ့ ကေးက ဘယ်လိုလုပ်ပြီး သူလျှိုဖြစ်နိုင်မှာလဲ... 


သူက ယာဉ်ပေါက်ကွဲမှုမှာ အထိတ်လန့်ခဲ့ရဆုံးသူလေ အဲ့ဒါကြောင့်လည်း တစ်ခါ‌တစ်လေ ပေါက်ကရတွေ ပြောတာပေါ့ ... 


သူ့သရုပ်မှန်က ပြဿနာမရှိဘူး‌ဆိုတော့ ကုန်သွယ်ရေးဌာနချုပ်ရဲ့ ဥက္ကဌက လိမ်ပြောခဲ့တာလား ... 


သားဖြစ်သူ၏ သီးသန့်တပ်သားမှာ စွမ်းဆောင်ရည်ကောင်းကာ ဉာဏ်ရည်မြင့်သူတစ်ဦး ဖြစ်ကြောင်း သိထားသည့်အတွက် ရမ်ရှန့်အပေါ် သူမ၏ သံသယစိတ်တို့က တစ်ဖြေးဖြေး ကျဆင်းလာသည်။ 


"ရမ် ဟုတ်လား အရင်ဆုံး  သားနဲ့တွေ့ဖို့ ခေါ်သွားပေးမယ် ပြီးမှ စကားပြောကြတာပေါ့ ..." 


သားဖြစ်သူအပေါ် အကောက်ကြံလိုစိတ် ရှိမရှိကတော့ သူ့အပြုအမူကို ကြည့်ပြီးမှပဲ ဆုံးဖြတ်ကြတာပေါ့ ... 


ရမ်ရှန့်၏ လက်တို့က ဆွဲခေါ်သွားခြင်း ခံလိုက်ရသော်ငြား သူ့အကြည့်တို့ကတော့ အဆောက်အဦးငယ်ထံတွင်သာ ကပ်ငြိနေဆဲဖြစ်သည်။ ထိုနေရာသို့ ဦးတည်နေကြောင်း သိလိုက်ရချိန်တွင်တော့ လက်ကိုရုန်းကာ တစ်ဟုန်ထိုး ပြေးသွားချင်စိတ်တို့ တဖွားဖွား ထွက်ပေါ်လာတော့သည်။ 


ဒါပေမယ့် သူမက တအားကို သန်မာလွန်းနေတယ် ... 


ရမ်ရှန့်သည် အဆောက်အဦးနှင့် နီးလာလေ တံတွေးကိုသာ နာနာမျိုချမိလေဖြစ်သည်။ 


ကျောက်မိသားစုစံအိမ်နှင့် အဝေးတွင် တည်ဆောက်ထားသည့် အဆောက်အဦးမှာ ကနဦးကမူ အာကာသယာဉ်များ တည်ဆောက်ရန်အတွက် ဆောင်လုပ်ထားခြင်းဖြစ်သည်။ ကိုယ်ထည်မှာ ကြံ့ခိုင်လှသော်ငြား သွင်ပြင်မှာ  အက်ကွဲကြောင်းတို့ဖြင့် ဖုံးအုပ်ထားသည့်အတွက် အချိန်မရွေး ပြိုကျသွားတော့မည့်ဟန်ပင်။ ထိုသည်သာမက။ တံ‌ခါးပေါက်ဟူ၍လည်း မရှိ။ ယခင်က ရှိခဲ့ပြီး ယခုမှ မရှိတော့လေသလားလည်း မသိ။ ဝင်ပေါက်ကျယ်မှ တစ်ဆင့် သံကုတင်ကြီးတစ်လုံးကို လှမ်းမြင်နေရသည်။ ၎င်းအပေါ်တွင်တော့ ခါးတွင်သာ အဝတ်တစ်စ လွှမ်းထားသည့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။


အပြင်ဘက်မှ လူဝင်လာသည်ကို သတိထားမိ၍ထင် သူက ခေါင်းကို ဖြေးဖြေးချင်း လှည့်ကြည့်လာသည်။ ထိုမှသာ ရမ်ရှန့်လည်း သူ့ကို တွေ့လိုက်ရတော့သည်။ 


တစ်ကိုယ်လုံး ဒဏ်ရာမရှိသည့်နေရာဟူ၍ မရှိသော အမျိုးသားမှာ အနည်းငယ်ပင် ကြောက်စရာကောင်းလှသည်။ မျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေကာ အားကောင်းလှသည့် စွမ်းအင်တို့က ထိုဒဏ်ရာများထဲမှ ထိုးထွက်နေသည်။ ဒဏ်ရာများမှာ ခပ်သွက်သွက် သက်သာလာသော်ငြား အသစ်တစ်ဖန် ပြန်ဖြစ်လာပြန်ကာ အဆုံးမဲ့ သံသရာလည်နေသည်။ အကြည့်တစ်ချက်ဖြင့် အသွေးအသားတို့ကို ထိုးဖောက်မြင်ရတော့မတတ်ပင်။ 


"မာရှယ် ..." 


လှဲနေသူကို မြင်လိုက်ရချိန်တွင်တော့ ဒီနိုနှင့် အခြားသူတို့၏ အကြည့်များမှာ တစ်မဟုတ်ချင်း နာကျင်လာသည်။ ရမ်ရှန့်ကိုယ်တိုင်သည်ပင် နာကျင်မိသယောင် ခံစားနေရတော့သည်။ 


ဒီလူရဲ့ တစ်ကိုယ်လုံးက တအားကို အားကောင်းတဲ့ စွမ်းအင်တွေနဲ့ ပြည့်နေတာပဲ ဒါတွေက သူ့ကို တစ်လက်မ မကျန်အောင် ဆုတ်ဖြဲပစ်လိုက် ပြန်သက်သာအောင် လုပ်ပေးလိုက်နဲ့ သံသရာလည်နေတာ ဒီလိုနာကျင်မှုမျိုးကတော့ တွေးတောင်မတွေးရဲစရာပဲ ... စဉ်းစားကြည့်ရုံနဲ့တောင် အသားတွေနာလာပြီ ... 


သူ့ကိုယ်ထဲက စွမ်းအင်ပေါင်းစုံကိုရော သန့်စင်မြေကိုရော ဘယ်လိုတောင် သည်းခံနိုင်ရတာလဲ ဒီလိုမျိုး ဖျက်ဆီးလိုက် အသစ်ပြန်ဖြစ်လိုက် ဖြစ်နေတာတွေက အချိန်တိုအတွင်းဆိုရင်တော့ အရှင်းသက်သာလာနိုင်ပေမယ့် အချိန်ကြာလာရင် သေတောင်သေသွားနိုင်တာလေ ...


ရမ်ရှန့်က အိမ်ထဲမှလူကို ရှုပ်ထွေးသည့်အကြည့်တို့ဖြင့် ကြည့်နေရင်း သူ့စိတ်ကိုလည်း ပြန်ထိန်းနေရသည်။ 


သန့်စင်မြေကို မြင်ဖူးတာ ပထမဆုံးအကြိမ် မဟုတ်ဘူး သခင်ကလည်း မင်းကို ပေးထားဖူးတယ် ဝုန်းကနဲဒိုင်းကနဲ ပြေးသွားပြီး အမြစ်တွယ်ဖို့ မစဉ်းစားနဲ့ ... 


သားဖြစ်သူထံမှ ဖိအားနှင့် ကြမ်းကြုတ်သော စွမ်းအားတို့က ရှန်းချိုးရှစ်လို စွမ်းရည်ပိုင်ရှင်မျိုးကိုပင် ကြောက်ဒူးတုန်စေသည်။ ရမ်ရှန့်သည်လည်း ကြောက်နေလိမ့်မည်ဟု တွေးလိုက်သော်ငြား ... 


ဘာလို့ သနားတာတွေ၊ ကယ်တင်ချင်ဟန်တွေ၊ စပ်စုလိုစိတ်တွေပဲ ရှိနေပြီးတော့ ကြောက်တဲ့ အရိပ်အယောင်လေးတောင် မတွေ့ရတာ‌လဲ ..." 


အသက်ကို ပြင်းပြင်းရှူရင်း သူမက ပြောလိုက်သည်။

4.2


"ရမ်ရှန့် မင်းမြင်တဲ့အတိုင်းပဲ လင်းယွီရဲ့ အခြေအနေက ဒီလိုဖြစ်နေပြီ သိပ်မကြာခင် အထိန်းအကွပ်မဲ့သွားနိုင်တယ် ... တကယ်လို့ မင်းသာ စိတ်မပါရင် ပြန်ပို့ပေးပါ့မယ် ကတိပေးထားတဲ့ အထောက်အပံ့တွေအတွက်ကတော့ စိတ်မပူပါနဲ့ ငါ သေချာပေါက် ပေးမှာပါ ..." 


ကျောက်မိသားစုမှာ ချောက်ကမ်းပါးအစွန်းပင် ရောက်နေပြီဖြစ်သည့်အတွက် ထိုအသေးအဖွဲလေးများကို‌ ဂရုပင်မစိုက်နိုင်တော့။  


"ကျွန်တော် မသွားချင်ဘူး ..." 


ရမ်ရှန့်က ချက်ခြင်းကြီး ပြောလိုက်သည်။ သူ့အဖို့ နောက်တစ်ဖန် ကြီးထွားလာရန် နှစ်ပေါင်း သောင်းနှင့်ချီကာ စောင့်ဆိုင်းရဦးမည်ဖြစ်သော်ငြား ဒီသန့်စင်မြေကိုသာ ရပါလျှင် ကိစ္စတို့က တစ်မျိုးပြောင်းသွားမည်ဖြစ်သည်။ ဒီလူရဲ့ ကိုယ်ထဲက စွမ်းအင်တွေက သူ့ကို ထိခိုက်နိုင်တယ်ဆိုပေမယ့်လည်း သန့်စင်မြေနဲ့သာဆိုရင် ဂရုစိုက်စရာပင် မလိုအပ်ချေ။ 


ပြီးတော့ သူက ဒီစွမ်းအားတွေကို ရွေးထုတ်ပေးနိုင်တယ်လေ ဒါဆို သန့်စင်မြေကို ကြီးမြတ်လှတဲ့ ဗိုလ်ချုပ်ကြီးကို ကယ်ပေးခဲ့တဲ့ဆုလာဘ်လို့ သတ်မှတ်လို့ရတယ်မဟုတ်လား ... 


ရှုပ်ထွေးနေသည့် စွမ်းအားတို့ကို ရှောင်ရှားရင်း သန့်စင်မြေကို တစ်ဖြေးဖြေး စုပ်ယူနိုင်မည်ဟု တွေးမိချိန်တွင်တော့ ရမ်ရှန့်မှာ အတော်ကို စိတ်ပေါ့ပါးသွားသည်။ 


"မသွားချင်ဘူး ဟုတ်လား လင်းယွီစီမှာ အချိန်မရွေး တစ်ခုခု ဖြစ်သွားနိုင်တယ်နော် ..." 


ရှန်းချိုးရှစ်မှာ တစ်ဖန် သံသယဝင်လာပြန်သည်။ ဒီရမ်ရှန့်က အရမ်းကို ထူးဆန်းလွန်းနေတယ် ... 


"ကျွန်တော် နေချင်တဲ့ဆန္ဒ ရှိလို့ပါ ..." 


ရမ်ရှန့်က မျက်တောင်တစ်ဖျတ်ဖျတ်ခတ်ကာ အိမ်ထဲရှိ အမျိုးသား၏ မျက်ဝန်းနက်ထဲသို့ စိုက်ကြည့်နေလိုက်သည်။ 


ထိုမျက်ဝန်းတို့က ဇွဲကောင်းလှစွာသော ချုပ်တည်းမှုတို့ဖြင့် ပြည့်နှက်နေသည်။ အခြားသူများသာဆိုလျှင် နာကျင်လွန်း၍ ထိုစွမ်းအားတို့ကို ကယောင် ကတမ်း လွှင့်ထုတ်ပစ်တော့မည်ဖြစ်သော်ငြား သူကတော့ ရုန်းကြွနေသည့် စွမ်းအားတို့ကို အားကုန်သုံးကာ ဖိနှိပ်ရန် ကြိုးစားနေဆဲဖြစ်သည်။ 


"သူ့ကို အဝေးပို့လိုက် ..." 


ခပ်အက်အက် အသံတစ်ခုက ထွက်ပေါ်လာသည်။ တစ်ဖန် သူက ထပ်ပြောလိုက်သည်။ 


"ကျွန်တော့်ကိုလည်း အဝေးပို့လိုက် ..." 


စကားပြောလာသူမှာ ကုတင်ပေါ် လှဲနေသည့် ကျောက်လင်းယွီဖြစ်သည်။ ထိုစကားအဆုံးတွင်တော့ မြေပေါ်သို့ သွေးတစ်လုပ် အန်ချလိုက်ရတော့သည်။ 


သွေးကပင်လျှင် စွမ်းအင်နှင့် သန့်စင်မြေ၏ ရနံ့ကို သယ်ဆောင်ထားသည်။ ဖျက်ဆီးခြင်းနှင့် ဖွဲ့စည်းခြင်းတို့ ထပ်ခါထပ်ခါ ဖြစ်ပွားပြီးချိန်တွင်တော့ သန့်စင်မြေမှာ သူ့ကိုယ်ထဲသို့ စိမ့်ဝင်နေပြီဖြစ်သည်။ 


ဒါပေမယ့် ဒီလူက သူ့ကို ထွက်သွားခိုင်းနေတယ် !!! 


ရမ်ရှန့်က သွေးနီရောင်မျက်ဝန်းတို့ကို ကြည့်ကာ အပြေးအလွှား ပြောလိုက်သည်။ 


"မသွားဘူး နေချင်တယ် ခင်ဗျားကို လက်ထပ်မှာလို့!! ဒီနိုပြောတော့ကျ မာရှယ်နဲ့လက်ထပ်ရင် ဒီမှာနေရမှာဆို ..."


အစောပိုင်းတွင် ရှန်းချိုးရှစ်သည် ဘေးလွတ်ရာနေရာမှသာ စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ ပြေးထွက်လာသော ရမ်ရှန့်ကို လှမ်းဆွဲလိုက်ချင်သော်ငြား သူက ပေါ့ပေါ့ပါးပါးပင် ရှောင်တိမ်းလိုက်သည်။ သူ့နောက်သို့ ပြေးလိုက်မည်ပြုစဉ် သားဖြစ်သူ၏ ကြမ်းကြုတ်လှစွာသော စွမ်းအင်တို့၏ အလဲထိုးခြင်းကို ခံလိုက်ရသည်။ 


ကျောက်လင်းယွီ၏ စွမ်းအားတို့မှာ ပို၍ပင် အထိန်းအကွပ်မဲ့လာသည်။ သူ့နားသို့ ချဉ်းကပ်လာသည်နှင့်တစ်ပြိုင်နက် တိုက်ခိုက်ခံရမည်ဖြစ်ပြီး အပင်စွမ်းရည်ပိုင်ရှင်များသာ အနည်းငယ် သက်သာနိုင်မည်ဖြစ်၏။ ရှန်းချိုးရှစ်မှာ သန်မာလှသော်ငြား ကျောက်လင်းယွီ၏ တန်ပြန်တိုက်ခိုက်မှုကို ကြုံလိုက်ရချိန်တွင်တော့ ကြမ်းတိုက်ဝတ်ကဲ့သို့ အပြင်ဘက်ကို လွင့်စင်သွားတော့သည်။ 


သူမ၏ ရမ်ရှန့်အပေါ် သံသယစိတ်တို့ကလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ သူ့တွင်သာ လျှို့ဝှက်ထားသည့် အကြံအစည်ရှိနေပါလျှင် သေလုဆဲဆဲ သားဖြစ်သူအနား သွားရမည့်အစား သူမကိုသာ မျက်နှာလိုမျက်နှာရ လုပ်မည်ဖြစ်သည်။ အခုအခြေအနေအရဆိုရင်တော့ ဒီကလေးက သေချာပေါက်ကို ငနုံလေးပဲ ... 


အပင်စွမ်းရည်ပိုင်ရှင်မှာ တန်ပြန်တိုက်ခိုက်နိုင်လောက်သည်အထိ မသန်မာသော်ငြား သတိကြီးကြီးထားကာ အကာအကွယ်တို့ကို ဝတ်ဆင်ရန်တော့ လိုအပ်နေဆဲပင်။ အခု ဒီလိုကြီးက သေလမ်းရှာနေတာနဲ့ မတူဘူးလား ... ရက်စက်လှသည့် စွမ်းအင်တို့၏ တိုက်ခိုက်ခြင်းကို ခံရမည့် လူငယ်လေး၏ အသွင်ကို တွေးမိချိန်တွင်တော့ ရှန်းချိုးရှစ်၏ မျက်ဝန်းထောင့်တို့မှာ ရဲရဲနီလာတော့သည်။ 


တကယ်တမ်းတော့ ရမ်ရှန့်မှာလည်း အတော်ပင် ခံစားခဲ့ရ၏။ သူ့ပတ်ဝန်းကျင်ရှိ စွမ်းအင်အချို့ကို စုပ်ယူနိုင်သော်ငြား အချို့ကတော့ သူ့အဝတ်မှတစ်ဆင့် အသားတို့ကို ဖြတ်တောက်ကာ သွေးအလိမ်းလိမ်း ဖြစ်စေခဲ့သည်။ 


တစ်ကိုယ်လုံး နာကျင်လာရသော်ငြား ရမ်ရှန့်ကတော့ မရပ်တန့်သေး။ သူက အိမ်ထဲပြေးဝင်ကာ ကျောက်လင်းယွီကို ဖက်ထားလိုက်သည်။ 


"ကျွန်တော်မသွားဘူး ဒီမှာပဲ နေချင်တာလို့ !!! ..." 


ကျောက်လင်းယွီမှာ သူဘယ်လောက် ကြောက်ဖို့ကောင်းကြောင်းနှင့် တစ်ဖြေးဖြေး ပို၍ပင် အန္တရာယ်များလာကြောင်း သိထားပြီးဖြစ်သည်။ သို့သော် သူ့ပတ်ဝန်းကျင်မှ လူများက စည်းတစ်ခုတားကာ ဖယ်ခွါနေကြစဉ် ထိုကလေးကသာ ထွေးပွေ့ပေးခဲ့သည်။ ထိုအခိုက်တွင် ကျောက်လင်းယွီမှာ အိပ်မက်မက်‌‌ နေမိလေသလားဟုသာ တွေးမိတော့သည်။ 


ရမ်ရှန့်က သူ့ကို အမြစ်များ ... မဟုတ်ဘူး ခြေလက်များဖြင့် ပွေ့ဖက်လိုက်သည်။ သို့သော် သူ့အသားတို့ကို တစ်လွှာချင်း လှီးချနေသည့် စွမ်းအားတို့မှာ ပြင်းထန်လွန်း၍ မျက်နှာမှာတော့ ရှုံ့မဲ့နေတော့သည်။ သွေးတွေတောင် ပိုထွက်လာသလိုပဲ ... 


ထားလိုက်ပါ ... သန့်စင်မြေရဖို့အတွက် ပေးဆပ်ရတဲ့ တန်ဖိုးလို့ပဲ သဘောထားလိုက်ကြတာပေါ့ သခင်က သန့်စင်မြေပေးတုန်းကဆို သွေးတင်မကဘူး ဂျင်ဆင်းစေ့တွေပါ ပေးခဲ့ရတာပဲကို ... 


ရမ်ရှန့်မှာ အခုလေးတင်မှ သူပြန်ရထားသည့် ကျင့်ကြံရေးစွမ်းအားတို့ ပျောက်ပျက်သွားမည်ကိုတော့ စိုးရိမ်မိနေသေးသည်။ အဆီအနှစ်အချို့က သူ့သွေးကြောထဲမှ ပန်းထွက်လာသော်ငြား ကျောက်လင်းယွီကို ရစ်ပတ်ထားသည့် သူ့အမြစ် ... မဟုတ်သေးဘူး ခြေလက်တို့ကို လွှတ်ပေးရန်ကိုတော့ တုန့်ဆိုင်းနေဆဲပင်။ ထို့ကြောင့် သူက အဆီအနှစ်တို့ကို မာရှယ်၏ ပါးစပ်နားသိူ့ ရွှေ့စေကာ တိုက်ကျွေးလိုက်သည်။ 


နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံထားရသည့် သွေးအဆီအနှစ်တို့ ဆုံးရှုံးသွားရသည့်အတွက် နောက်ထပ်ပိန်လှီသွားလေဦးမလား ဆိုတာကိုတော့ သူလည်း မသိနိုင်သေးပေ။ 


သူ့နှလုံးသားမှာ နာကျင်သွားရသော်ငြား ခြေလက်တို့ကတော့ ပို၍ပင် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားဆဲဖြစ်သည်။ မြေပြင်မှ ကုန်းရုန်းထလာသော ရှန်းချိုးရှစ်မှာ သူ့အကြည့်တို့ကိုပင် မယုံနိုင်တော့။ 


နပေါဦး အခု ငါ့သားက အသားယူခံနရေတာလား ...


xxxxxx