အပိုင်း ၅
Viewers 18k

အပိုင်း၅


ချစ်ခင်ရသူမှတစ်ပါး အခြားသူများ၏ အမြတ်ထုတ်မှုကို ဘယ်သူကမှ သည်းခံနိုင်မည် မဟုတ်ချေ။ 


ကျောက်လင်းယွီမှာ စိတ်အနှောင့်အယှက်ဖြစ်ရုံသာမက အော်ဂလီပင် ဆန်လာသော်ငြား လူငယ်လေး၏ မျက်ဝန်းတောက်တောက်ထဲမှ ကျေနပ်မှုတို့ကို တွေ့လိုက်ရချိန်တွင်တော့ ထိုခံစားချက်တို့မှာ အစပင် ရှာမရတော့။ 


သူ့မျက်ဝန်းတို့တွင် ရမ္မက်လောဘဟူ၍ မြုမှုန်မျှပင်မရှိ။ ကြည်လင်နေသော မျက်ဝန်းတို့ကြောင့် မနှစ်မြို့မိသည်ကိုပင် အားတုံ့အားနာ ဖြစ်လာတော့သည်။ 


ဒီအနမ်းက ပြီးခဲ့တဲ့နှစ် သူ့လုပ်ဖော်ကိုင်ဖက်ရဲ့ သားစီကနေ အကိုက်ခံလိုက်ရတာနဲ့ ဘာမှ မထူးဘူး... တံတွေးတွေကို ချက်ခြင်း သုတ်လိုက်တယ်ဆိုပေမယ့် အဲ့ဒီဝတုတ်လေးကိုတော့ မမုန်းမိဘူးလေ ... 


အခုလည်း ဒီလိုပဲ သူ့ကိုယ်ပေါ် တက်နှင့်နေပြီဖြစ်တဲ့ ကောင်လေးကို ဘယ်လိုနည်းနဲ့မှကို မမုန်းနိုင်ဘူး ... 


သူ့နှလုံးသားက ငြိမ်သက်သွားသော်ငြား မကြာမီတွင်ပင် မှားယွင်းမှုတစ်ခုခုကို ခံစားလိုက်ရသည်။ အနမ်းမှတစ်ဆင့် ပါးစပ်ထဲတွင် တစ်ခုခု ရောက်သွားသလိုမျိုး ခါးသက်မှုတစ်စုံတစ်ရာကို ခံစားလိုက်ရသည်။ 


သူ၏ ပထမဆုံးတုန့်ပြန်မှုမှာ အဆိပ်ခတ်ခံလိုက်ရတာလား ဟူ၍ ဖြစ်သည်။ သို့သော် ကောင်ငယ်လေးမှာ ထိုသို့ မတွေးရက်လောက်အောင်ပင် အပြစ်ကင်းနေလွန်းလှသည်။ ထို့နောက်တွင်တော့ ခပ်နွေးနွေးစီးကြောင်းတစ်ခုကို ခံစားလိုက်ရသည်။ ၎င်းက အချိန်မရွေး ပျက်စီးသွားနိုင်သည့် သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းကာ ခပ်သွက်သွက် ကုသပေးနေသည်။ 


သူ့ကိုယ်ထဲမှ စွမ်းအင်က ဖျက်ဆီးနေဆဲဖြစ်သော်ငြား ‌အနွေးဓာတ်စီးကြောင်းက သူ့ကို အနည်းငယ် အားဖြည့်ပေးနေသည်။ နေပါဦး ဒီဆယ်ကျော်သက်လေးက ဘာကျွေးလိုက်တာလဲ ... 


ကျောက်လင်းယွီမှာ အနည်းငယ်ရှော့ရသွားသော်ငြား ကောင်းသည့်ဘက်သို့ ဦးတည်နေကြောင်းကိုတော့ ခန့်မှန်းမိပါသေးသည်။ ပြီးတော့ သူ့ကိုယ်ပေါ်က လူနုံလေးက ဟန်ဆောင်နေတဲ့ပုံလည်း မပေါ်ဘူးလေ ... 


သူ့ရဲ့ လက်ရှိရုပ်ရည်က တော်တော်လေးကို ကြောက်စရာကောင်းနေပြီး အသားအရေမှာလည်း ကျန်းမာသည့်နေရာဟူ၍ မရှိ။ ဒါတောင်မှ ဒီကောင်လေးက သူ့ကို ကြည့်နေနိုင်သေးတယ် ... 


ကျောက်လင်းယွီမှာ သူ့နှလုံးသား၏ ခုန်ပေါက်သံကို ပြန်ကြားလိုက်ရတော့သည်။ 


"ရွိုင်း ... မဟုတ်သေးဘူး ရမ်ရှန့် အဆင်ပြေရဲ့လား ..." 


ရှန်းချိုးရှစ်က အပြင်ကနေသာ လှမ်းမေးလိုက်သည်။ သူတို့အနားတော့ ကပ်မလာရဲ‌သေး။ သားဖြစ်သူ၏ စွမ်းအင်များနှင့် ကြုံလာချိန်တွင်တော့ သူမလည်း ဘာမှ တတ်နိုင်မည်မဟုတ်တော့ချေ။ 


"အဆင်ပြေပါတယ် ကျွန်တော် ဒီမှာပဲ နေချင်လို့ ဒီမှာနေဖို့ဆိုရင် မာရှယ်နဲ့ လက်ထပ်ဖို့ လိုတယ်မလား ..." 


ရမ်ရှန့်က သူ့မျက်နှာကိုလှည့်ကာ သက်သာခါနီးအနာကို ကိုင်ရင်း အခြားအနာတစ်ခုနှင့် ကပ်ထားလိုက်သည်။ တစ်ချိန်တည်းတွင်ပင် ကျောက်လင်းယွီ၏ ကိုယ်ပေါ်မှ သွေးများကို သူ့ကိုယ်ပေါ်သို့ သုတ်လိမ်းလိုက်သည်။ 


သူသည် ဂျင်ဆင်းဝိဉာဉ်တစ်ဦးဖြစ်သည့်အတွက် သာမန်သူများထက်တော့ ပိုပြီး စွမ်းနေဆဲဖြစ်သည်။ လူသားများက ပါးစပ်တစ်ပေါက်ဖြင့်သာ အစားစားနိုင်သော်ငြား သူကတော့ တစ်ကိုယ်လုံးဖြင့် စားနိုင်သည်။ 


သူ့စကားများကို ကြားရချိန်တွင်တော့ ရှန်းချိုးရှစ်၏ နှလုံးသားမှာ ချဉ်စူးလာတော့သည်။ လူတိုင်းက သူမသားကို လေးစားကာ သူအန္တာရယ်ကြုံချိန်တွင် အသက်ချင်းပင် လဲရန် ဆန္ဒရှိပါသည်ဟု ဆိုကြသော်ငြား အခုအချိန်တွင်တော့ ဘယ်သူကမှ အသက်ကိုရင်းကာ အနားမကပ်ချင်ကြတော့ပေ။ 


အတိတ်တွင်သာဆိုလျှင် ထိုကလေးကို သဘောကျလိမ့်မည် မဟုတ်သော်ငြား ယခုတော့ သူမ၏ နှလုံးသားမှာ ထိရှသွားရတော့သည်။ 


ရှော့ရသွားသော ဒီနိုမှာလည်း သူ့ကိုယ်သူ ငတုံးဟုသာ တွေးမိတော့သည်။ 


ရမ်ရှန့်က မာရှယ်နဲ့ မတန်ဘူးလို့ ဘယ်လိုများ တွေးမိခဲ့တာလဲ ...ငါဆိုရင်  ဒီလိုအခြေအနေမျိုးမှာ တုန့်ဆိုင်းမနေဘဲ မာရှယ့်ဆီကို ပြေးသွားနိုင်မှာ မဟုတ်ဘူး ... ဒါပေမယ့် ရမ်ရှန့်ကတော့ လုပ်နိုင်ခဲ့တယ်လေ တစ်ချက်လေးတောင် တွေးမနေဘဲနဲ့ ... မာရှယ်ရဲ့ ပုံစံက ကြောက်စရာ ကောင်းနေတာတောင်မှ ဒီကောင်လေးအတွက်ကတော့ ပြဿနာမရှိတဲ့အတိုင်းပဲ ... 


အချို့ ကိုယ်ပိုင်တပ်သားများကတော့ "ဦးနှောက်မပါတော့တဲ့ ဖန်" ဟူသည့် အသုံးအနှုန်းကိုသာ တွေးမိကြတော့သည်။ 


ဒီကေးက သေချာပေါက်ကို မာရှယ်ကို ရူးရူးမူးမူး ကိုးကွယ်နေတဲ့ ဦးနှောက်မပါတော့တဲ့ဖန် ဖြစ်ရမယ် အဲ့ဒါကြောင့်လည်း အန္တာရယ်ရှိတာ မရှိတာတွေ ဂရုမစိုက်ဘဲ မာရှယ့်ဆီ ပြေးဝင်သွားတာပေါ့ ... 


ဦးနှောက်မရှိတဲ့ဖန်လို့ပဲ တွေးတွေး အခုအချိန်ကနေစပြီးတော့ ရမ်ရှန့်အပေါ် သူတို့ရဲ့ သံသယတွေ မရှိတော့တာတော့ အမှန်ပဲ ... 


ကိုယ့်အသက်ကို ထည့်မတွက်တဲ့ သူလျှိုတွေ ရှိတယ်ဆိုရင်တောင်မှပဲ သေခါနီးလူကို ဒုက္ခပေးဖို့အရေးနဲ့တော့ ကိုယ့်အသက်ကို လောင်းကြေးထပ်မယ့်သူ မရှိနိုင်လောက်ပါဘူး ... 


ပြီးတော့ မာရှယ်ရဲ့ ဂုဏ်သတင်းက တုနှိုင်းမဲ့နေသေးတယ်ဆိုရင်တောင်မှ ဆက်ခံသူမရှိတဲ့ ကျောက်မိသားစုကတော့ ဖက်ဒရယ်ရဲ့ အဓိကအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်ခံထားရတာ ကြာနေပြီလေ ... 


"ဒီနေရာက အန္တာရယ်များတယ် အရင်ဆုံး အပြင်ထွက်လိုက်နော် ..."


အနွေးစီးကြောင်းကြောင့် အနည်းငယ် အားပြည့်လာပြီဖြစ်သည့် ကျောက်လင်းယွီက ပြောလိုက်သည်။ သူ၏ သိမ်မွေ့စွမ်းရည်ကြောင့် မိခင်ဖြစ်သူလို အလဲထိုးတိုက်ခိုက်မခံရသော်ငြား လူငယ်လေးမှာလည်း ပတ်ဝန်းကျင်ရှိ စွမ်းအင်တို့၏ လှီးဖြတ်ခြင်းကို ခံနေရဆဲပင်။ သူ့အဝတ်အစားသာမက အရေပြားတို့ကိုပါ တစ်စစီ လှီးထုတ်‌ခံနေရရာ တစ်ခုခုများ မတော်တဆ ဖြစ်သွားခဲ့ပါလျှင် ... 


"ရတယ် ကျွန်တော့်အရေပြားက ထူတယ် ..." 


ရမ်ရှန့်က တည့်တိုးပြောလိုက်သည်။ သာမန်သူသာဆိုလျှင် စွမ်းအင်တို့ကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားမည်ဖြစ်သော်ငြား သူကတော့ မတူပေ။ လတ်ဆက်ကာ အရည်ရွှမ်းစေရန် ကျင့်ကြံခဲ့သော်ငြား ကုန်လွန်ခဲ့သည့် နှစ်သောင်းပေါင်းများစွာက အရေပြားကိုပါ ထူထဲလာစေခဲ့သည်။ 


သူ့အကြောင်းသူ ပြောနေတာလား ... ဒီကောင်လေးက တအားကို နုံတာပဲ ကေးတွေက အိုင်ကျူနိမ့်တယ်ဆိုတာ ဟုတ်လောက်မယ်ထင်တယ် ဒါပေမယ့်လေ အိုင်ကျူနိမ့်နေတာတောင်မှ ဒီ ဟန်‌မဆောင်တတ်တဲ့ အပြုံးလေးက နှစ်လိုဖွယ်ကောင်းနေတုန်းပဲ ... 


ကျောက်လင်းယွီ၏ နှုတ်ခမ်းထောင့်တို့က ကော့တက်လာတော့သည်။ တစ်ခုခု ပြောရန် ပြင်လိုက်သော်ငြား သူ့ကိုယ်ထဲမှ အပူရှိန်တို့ လျှံထွက်လာကာ အကြောဆွဲပြီး စကားမပြောနိုင်တော့။ 


ထိုသည်ကို မြင်လိုက်သော ရမ်ရှန့်လည်း သူ့ကို ပိုပြီး တင်းတင်းဖက်ကာ ဆံချည်မျှင်အရွယ် အမြစ်တို့ဖြင့် ဒဏ်ရာပေါ်ရှိ သန့်စင်မြေအဆီအနှစ်တို့ ရောလျက်ပါရှိသည့် သွေးကို စုပ်ယူရန် ကြိုးပမ်းလိုက်တော့သည်။ 


ရမ်ရှန့်မှာ မိုးခေါင်ရေရှားဒေသမှ မြက်ခြောက်သဖွယ် လေလွင့်နေခဲ့ရသော်ငြား ယခုတော့ မြေဆီဩဇာ ကြွယ်ဝလှသည့် မြေတွင် အာဟာရနှင့် အစိုဓာတ်တို့ကို ပြည့်ပြည့်ဝဝ စုပ်ယူနိုင်နေပြီဖြစ်သည်။ 


ဒီတစ်ခေါက်တွင်လည်း ပြတ်ရှာရှရာတော့ ရနေဆဲပင်။ သို့သော် သန့်စင်မြေ၏ အထောက်အပံ့ကြောင့် ဒဏ်ရာတို့မှာ လျင်လျင်မြန်မြန် သက်သာလာကာ သွေးပင် မထွက်တော့။ အမြစ်ပိုင်းတစ်ပိုင်းသာ ပြတ်ထွက်သွားတော့သည်။ 


ထိုအမြစ်ကို အနည်းငယ် ဝါးပြီးနောက် ရမ်ရှန့်သည် ကျောက်လင်းယွီကို ပါးစပ်ချင်းတေ့ကာ ခွံကျွေးလိုက်ပြန်၏။ 


သူဟာ မာရှယ့်အတွက် ဒဏ်ရာရကာ သွေးထွက်သည်အထိ ကြီးကြီးမားမား ပေးဆပ်ခဲ့ပြီးဖြစ်ရာ သေချာပေါက် မောင်းထုတ်ခံမည် မဟုတ်တော့ချေ။ 


‌သူနှင့်တွေ့ရန် ကေးကို ခေါ်လာပေးမည့် ဇနီးသည်ကို စောင့်နေသော ကျောက်ဖမ်းမှာလည်း တစ်ယောက်မှ ပေါ်မလာသည့်အတွက် သူကိုယ်တိုင် ထွက်လာလိုက်တော့သည်။

5.2


ဒါပေမယ့် နေပါဦး အခု ငါ့သားက အသားယူခံနေရတာလား ... 


အသိစိတ်ပြန်မကပ်သေးသော ရှန်းချိုးရှစ်မှာလည်း ခင်ပွန်းသည်၏ မျက်နှာကို မြင်ကာမှ သားဖြစ်သူမှာ နောက်တစ်ခါ အသားယူခံလိုက်ရပြန်ပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။ 


မဲ့တဲ့တဲ့နှုတ်ခမ်းတို့နှင့်အတူ သူမက ပြောလိုက်သည်။ 


"ရမ်ရှန့်ရေ မြန်မြန်လေး ထွက်လာတော့ မထိခိုက်အောင်လည်း ဂရုစိုက်ဦးနော် မင်း အဝတ်အစားတွေ လဲရဦးမယ်လေ ..." 


"ကျွန်တော့်ကို နှင်မထုတ်ပါဘူးနော် ..." 


ရမ်ရှန့်က သံသယအပြည့်ဖြင့် မေးလိုက်သည်။ 


"မထုတ်ပါဘူး ..." 


စုတ်ပြဲနေသော အင်္ကျီနှင့်အတူ သွေးအလိမ်းလိမ်း ကပ်နေသော ရမ်ရှန့်ကို တွေ့လိုက်ရသည်။ ဒီကောင်လေးက သူမသားကို အရမ်းကို သဘောကျနေမှတော့ သူ့ကိုလည်း ကိုယ့်သွေးသားလိုပဲ ဆက်ဆံပေးရတော့မှာပေါ့ ... 


ရမ်ရှန့်လည်း ခေါင်းငြိမ့်ကာ ကျောက်လင်းယွီ၏ ကိုယ်ပေါ်မှ ဆင်းလိုက်သည်။ ‌ခြေလှမ်းအနည်းငယ် လှမ်းပြီးကာမှ သူ့ကို ပြန်ကြည့်ကာ ပြောလိုက်သည်။ 


"ပြန်လာခဲ့မယ်နော် ..." 


သူ့ကိုယ်ပေါ်မှ သန့်စင်မြေနှင့် စွမ်းအင်တို့ကို စုပ်ယူနိုင်ခဲ့သော်ငြား အစာမခြေနိုင်သေးသည့်အတွက် ဆက်ပြီး ကပ်တွယ်နိုင်သေးသော်ငြား ခဏ ထွက်လာသည်က ပိုသင့်တော်ပေမည်။ 


ထို့အပြင် သူ့သခင်ကလည်း လူသားများအရှေ့တွင် ဝတ်လစ်စားလစ် မနေရန် မှာထားဖူးသည်။ 


ရမ်ရှန့်လည်း နောက်ပြန်လှည့်ကာ  လေးတိလေးကန်ဖြင့် တစ်လှမ်းချင်းလှမ်းရင်း ထွက်လာလိုက်သည်။ ရှန်းချိုးရှစ်က သူ့ကို အဝတ်တစ်စ လွှမ်းပေးရင်း 


"အခုဘယ်လိုနေသေးလဲ  သေချင်လို့ ပြေးသွားတာလား ..." 


"အခုထိ အဆင်ပြေနေပါသေးတယ်နော် ..." 


သူက ပြောလိုက်သည်။ 


"ဒီလောက် သွေးတွေထွက်နေတာကို ဘယ်နားက အဆင်ပြေ‌နေတာလဲ ..." 


ရှန်းချိုးရှစ်က သူ၏ သွေးများစိုရွှဲနေသော ခြေထောက်ကို လက်ညှိုးဖြင့်ထိုးပြလိုက်သည်။ စွမ်းအင်များက သူ့ကို ဝင်ဝင်ချင်း ဒဏ်ရာအကြီးကြီး ဖြစ်သည်အထိ တိုက်ခိုက်လိုက်သည်ကို သူမ၏ မျက်စိဖြင့် တပ်အပ်မြင်ခဲ့ခြင်းဖြစ်သည်။ 


ရမ်ရှန့်မှာလည်း သူမ၏ သားလိုမျိုး ဘာကြောင့် ချက်ခြင်းသက်သာလာသလဲ မသိသော်ငြား သေချာပေါက် နာကျင်မည်မှန်းကိုတော့ သိပါသေးသည်။ 


"ဒီသွေးတွေက မာရှယ်ရဲ့သွေးတွေပါ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ သူက မာရှယ်၏ သွေးများကို သူ့ကိုယ်ပေါ် သုတ်လိမ်းခဲ့သည့်အတွက်ကြောင့်သာ သွေးများရွှဲနေသလို ဖြစ်နေခြင်းဖြစ်သည်။ 


ရှန်းချိုးရှစ်ကတော့ ရမ်ရှန့်မှာ သူမကို စိတ်သက်သာရာရစေရန် တမင်ပြောသည်ဟုသာ ထင်လိုက်သည်။ မျက်လုံးထောင့်မှ မျက်ရည်စတို့ကို သုတ်လိုက်ရင်း 


"မဟာမိတ်တပ်ပေါင်းစုကနေ ခရီးနှင်လာရတာဆိုတော့ ပင်ပန်းနေရောပေါ့ လာ လာ ရေမိုးချိုး တစ်ခုခု စားပြီးမှ တစ်ရေးလောက် အိပ်လိုက်ရအောင် ..." 


ရမ်ရှန့်က ခေါင်းငြိမ့်ရင်း ကျောက်လင်းယွီ၏ အိမ်ကို ညွှန်ပြလိုက်သည်။


"ဒီမှာပဲ အိပ်လို့ရမလား ..." 


"ဒီမှာ ..." 


ရှန်းချိုးရှစ်မှာ ကြက်သေသေသွားတော့သည်။ 


..သားနဲ့အတူတူ အိပ်မယ်..ဒီကလေးက အရမ်းကို စိတ်လွတ်ကိုယ်လွတ် ... မဟုတ်သေးဘူး ... ထင်ရာလည်း စိုင်းတတ်သေးတာပဲ ...


"ကျွန်တော် အစားအများကြီး စားဖို့လိုသလိုမျိုး မာရှယ်လည်း အများကြီး စားဖို့ လိုအပ်တာပဲလေ သူလည်း ဗိုက်ဆာနေမှာ ..." 


ရမ်ရှန့်က ထပ်ပြောလိုက်သည်။ 


"မာရှယ့်မှာ စွမ်းအင်တွေ ရှိတယ်ဆိုပေမယ့် သူ့ခန္ဓာကိုယ်က ထိခိုက်ထားတော့ စွမ်းအင်တစ်ခုတည်းနဲ့ ပြန်မသက်သာနိုင်တာတွေလည်း ရှိချင်ရှိမှာလေ သွေးတွေလည်း အများကြီး ထွက်ထားတော့ အားပြန်ဖြည့်ရဦးမှာ ..." 


ဇာ့ဂ်ဘုရင်မ၏ သားလောင်းချမည့် စွမ်းအင်အားလုံးမှာ ကျောက်လင်းယွီထံ စုပြုံသွားသည့်အတွက် နှစ်လလုံးလုံး ဘာမှ မစားခဲ့သော်ငြား အသက်ရှင်နေသေးဆဲပင်။ သူတို့ကလည်း မေ့လျော့နေကာ အခုလေးမှ ရောက်လာသည့် ကလေး သတိပေးကာမှသာ ပြန်အမှတ်ရမိတော့သည်။ ရှန်းချိုးရှစ်မှာ သူမကိုယ်သူမ အပြစ်တင်မိတော့ကာ ကျောက်ဖမ်းက သူမ၏လက်ကို ထွေးပွေ့ထားလိုက်သည်။ 


"သူ့ကို အာဟာရည် သွင်းပေးဖို့ ကြိုးစားတိုင်း ပတ်ပတ်လည်က စွမ်းအင်တွေက ဒေါသတကြီး တိုက်ခိုက်လာတယ်လေ ..." 


"ကျွန်တော်စားပြီးရင် သူ့ကို ကျွေးလိုက်ပါ့မယ် ..." 


ရမ်ရှန့်က ထပ်ပြောလိုက်သည်။ ထိုသူမှာ အနာဂတ်တွင် သူ့ကို နေစရာ၊ စားစရာနှင့် အဝတ်အထည်တို့ကို ထောက်ပံ့ပေးမည့်သူ ဖြစ်သည့်အတွက် သူ့ကို ကျိန်းသေ ဂရုစိုက်ရမည်ဖြစ်သည်။ 


"ကျေးဇူးတင်ပါတယ် ဒါဆို ရှေ့လျှောက် လင်းယွီကို ဂရိုစိုက်ပေးဖို့ကိစ္စကို မင်းဆီ လွှဲလိုက်ပြီနော် ..." 


ရှန်းချိုးရှစ်၏ မျက်ဝန်းထောင့်တို့မှာ စိုစွတ်လာပြန်တော့သည်။ 


သူမ၏ စကားကို ကြားလိုက်ရချိန်တွင်တော့ ရမ်ရှန့်၏ အကြည့်တို့မှာ တဖိတ်ဖိတ် လတ်လာတော့သည်။ 


"မဟုတ်တာ ကျေးဇူးတင်စရာ မလိုပါဘူး မဒမ်တို့အားလုံးက လူကောင်းတွေပဲ ..." 


ဒီနိုနဲ့ တစ်ခြားသူတွေက အာကာသအက်ကွဲကြောင်းကနေ ပြုတ်ကျလာတဲ့ သူ့ကို ကယ်ပြီး ဒီနေရာကို ခေါ်လာပေးတယ်လေ ... မာရှယ်ကလည်း သန့်စင်မြေကို ပေးသေးတယ် ... အားလုံးက ကြင်နာလိုက်ကြတာ သူ့သခင်လိုပဲ ...


xxxxxx