အပိုင်း ၆
Viewers 18k

အပိုင်း၆


ရမ်ရှန့်က အရင်ဆုံး ရေချိုးလိုက်သည်။ 


သေချာ‌ပေါက်ကို သူ့ကိုယ်ပေါ်က ‌သွေးတွေကို စုပ်ယူရမယ့်အစား ဆေးချဖို့ကိုလည်း မနှောင့်နှေးဘူးပေါ့။ ဒီသွေးတွေကို အစာမချေနိုင်တော့ဘူး ဆိုပေမယ့် သူ့ကိုယ်ထဲကို စိမ့်ဝင်ပြီးသွားပြီလေ ... 


ထို့နောက်တွင်တော့ ရေအပြည့်ဖြည့်ထားသည့် ရေဇလားထဲသို့ လူးလိမ့်လိုက်တော့သည်။ ရေပမာဏ သိပ်မလိုအပ်သော်ငြား ရေစိမ်ရခြင်းကတော့ အတော်ပင် သဘောတွေ့စရာ ကောင်းနေဆဲဖြစ်သည်။ 


အာကာသာယာဉ်ပေါ်က အစာပျော့လေးတွေကိုပါ ထည့်စိမ်နိုင်ရင် ကောင်းမှာပဲ ရေသက်သက်ကကျ သူ့အသားကို ပိုပြီး လွယ်လွယ်နူးလာစေသလိုပဲ ... 


ရေချိုးပြီးနောက်တွင်တော့ အိမ်အကူ၏ လမ်းညွှန်မှုနှင့်အတူ အောက်ထပ်သို့ စားသောက်ရန် ဆင်းလာလိုက်သည်။ 


ရှန်းချိုးရှစ်မှာ သူ့အပေါ် အကောင်းမြင်နေပြီ ဖြစ်သည့်အတွက် အရသာရှိသည့် အစားအစာများကို အများအပြား စီစဉ်ထားသည်။ သို့သော်ငြား လူသားအစားအစာကို တစ်ခါမှ မစားဖူးသေးသည့် ရမ်ရှန့်အတွက်မူ မူလအရောင်အသွေးကို ထိန်းသိမ်းထားနိုင်သည့် သားငါးသီးရွက်တို့မှာ အာကာသယာဉ်ပေါ်မှ အာဟာရရည်များကို မယှဉ်နိုင်သေးပေ။ 


"အနှစ် ... မဟုတ်ဘူး အာဟာရဖြည့်စွက်ဟင်းလျာ ရှိလားဟင် ..." 


ရမ်ရှန့်က မေးလိုက်သည်။ စားပွဲပေါ်မှ ဟင်းလျာများမှာ အာဟာရဟင်းလျာ ဆယ်ခွက်ခန့် ရှိမည်ဟု ခန့်မှန်းရသော်ငြား ၎င်းတို့ကို အကုန်မစားနိုင်သလို ဝါးမချဘဲ တိုက်ရိုက်လည်း မစုပ်ယူနိုင်ပေ။ 


သူက ဒီ အရောင်အနံ့ စုံလင်တဲ့ ဟင်းလျာတွေအစား အာဟာရဖြည့်စွက်စာကိုပဲ စားချင်တာလား ... 


ရှန်းချိုးရှစ်က သူ့ကို မေးခွန်းထုတ်လိုဟန်အကြည့်တို့ဖြင့်  ကြည့်လိုက်သည်။ 


သူမအစား ဘေးနားရှိ အိမ်တော်ထိန်းက ဝင်ပြောလိုက်သည်။ 


"တကယ်လို့ သခင်လေးရမ်ရှန့်သာ အာဟာရဟင်းလျာကို စားချင်တာဆိုရင် အခု သွားပြင်ဆင်လိုက်ပါ့မယ် ..." 


ရမ်ရှန့်က သူတို့၏ သခင်လေးကို ဘယ်လောက်ဂရုစိုက်မှန်း မြင်တွေ့ပြီး ဖြစ်သည့်အတွက် သူတို့၏ နှလုံးသားထဲတွင် ရမ်ရှန့်၏ပုံရိပ်က မြင့်တက်လာသည်။ သည့်အတွက်ကြောင့် ဒီနိုနှင့် အခြားစစ်သားများကို သူကြိုက်တတ်သည်များအား ကြိုတင်မေးထားခဲ့ခြင်းဖြစ်သည်။ 


"အမ်း ..." 


ရမ်ရှန့်က သူ့ကို အပြုံးခပ်ကြီးကြီးတစ်ပွင့် ထုတ်ပြလိုက်သည်။ 


အိမ်တော်ထိန်း၏မျက်နှာမှာ ပြုံးပျော်မှုတို့ ပြည့်လျှံသွားတော့သည်။ သူ့တွင် ရင်‌သွေးဟူ၍ မရှိခဲ့ရာ ကျောက်လင်းယွီကိုသာ ကိုယ့်သွေးသားလို ဂရုစိုက်ခဲ့ရသည်။ သို့သော် သူက မျက်စိတစ်မှိတ်အတွင်းမှာပင် အရွယ်ရောက်ကာ သူတို့၏ ဂရုစိုက်မှုကို မလိုအပ်တော့။ ထို့အပြင် အိမ်ထောင်ပြု သားမွေးလည်း မလုပ်သေးသည့်အတွက် အခု ပေါက်စလေးရမ်ရှန့်ကို တွေ့လိုက်ရချိန်တွင်တော့ သူ့နှလုံးသားမှာ အရည်မပျော်ဘဲကို မနေနိုင်တော့ချေ။  


ကလေးပေါက်စလေးတွေအားလုံးက နည်းနည်းလေး အူကြောင်‌ကြောင်နိုင်ကြတာပဲလေ ဟုတ်တယ်မဟုတ်လား ... 


အိမ်တော်ထိန်းက အာဟာရဟင်းလျာ၂၀ ကို တစ်ပြိုင်တည်း ယူချလာသည်။ ထိုသည်ကို မြင်လိုက်ရသည့် ရှန်းချိုးရှစ်မှာ အံ့ဩသွားသော်ငြား ရမ်ရှန့်ကတော့ ပို၍ပင် ပျော်နေသည့်ဟန်။ 


"ကျေးဇူးတင်ပါတယ် နာမည် ဘယ်လိုခေါ်လဲဟင် ..." 


"ရမ်ရှန့်က အိမ်တော်ထိန်းအဖိုးလို့ပဲ ခေါ်ရင်ရပါတယ် ..." 


ရှန်းချိုးရှစ်က ပြောလိုက်သည်။ 


"ကျေးဇူးတင်ပါတယ် အဖိုး ..." 


ရမ်ရှန့်က ပြောလိုက်သည်။ ဒီနိုတို့က သူ့ကို ၁၈ ခွက်သာ ပေးသော်ငြား အဖိုးကတော့ ၂၀ ပေးသည့်အပြင် ဟင်းပွဲတစ်ပွဲစီမှာလည်း ဒီနိုတို့ထက်ပင် ပိုကြီးသေးသည်။ 


ဘယ်လောက်တောင် ကောင်းလိုက်သလဲ သူက တကယ်ကို လူကောင်းပဲ ... 


"ရမ်ရှန့်ရေ အာဟာရဟင်းလျာတွေက အရသာမရှိတော့လေ မကြိုက်ရင် ဒီတိုင်းထားလိုက်နော် ..." 


ရှန်းချိုးရှစ်က ထပ်ပြောလိုက်သည်။ 


ရမ်ရှန့်မှာဝောာ့ သုံးပန်းကန်ပင် ကုန်နေပြီဖြစ်သည်။ 


ဟင်းခွက် ၂၀ လုံးကို စားပြီးနောက် သူက ပါးစပ်ကို သုတ်ကာ ပြောလိုက်သည်။ 


"မာရှယ့်အတွက် စားစရာ ရပြီလား ဒါမျိုးပဲ လုပ်ပေးရင် ပိုအဆင်ပြေမယ် လွယ်လွယ်ကူကူနဲ့ မြန်မြန် စားလိုက်လို့ရတယ်လေ ..." 


သူက ပြောလိုက်သည်။ 


ဒီအစာပျော့က ထိလိုက်တာနဲ့ ပျော်ဝင်သွားတာလေ အသားတွေ အသီးအရွက်တွေလို မဟုတ်ဘူး သူက ရှားပါးတဲ့ ပစ္စည်းကောင်းပဲ ဖြစ်ရမယ် အရသာကလည်း ကောင်းချက်ပဲ ...

(သူက အာဟာရပျော်ရည်ကို အရသာကောင်းတယ်ထင်နေတာပါ🥲) 


ဒီကလေးက စားရတာ လွယ်လို့ အာဟာရဟင်းလျာကို ကြိုက်တာလား ... 


ရှန်းချိုးရှစ်က သွေးထောက်ပံ့ရေးအေးဂျင့်ကို ယူကာ ကျောက်လင်းယွီအတွက် ပရိုတိန်းဓာတ်ကြွယ်ဝသော အာဟာရဖျော်ရည်ကို ပြုလုပ်လိုက်သည်။ ထို့နောက် သူမက ရမ်ရှန့်၏ လက်ကို လှမ်းဆွဲကာ ပြောလိုက်သည်။ 


"အတူတူ သွားရအောင် သူ့ကို ဆေးတိုက်ဖို့ ပစ္စည်းတွေ ကူရှာပေးမယ်လေ ..." 


ကျောက်လင်းယွီ၏ လတ်တလော အခြေအနေအရ ကျွန်းပေါ်တွင် အစီအမံများကို အမြောက်အများ ပြုလုပ်ထားရသည့်အပြင် အစေခံဟောင်းများကိုပါ အဝေးသို့ ပို့ထားရသည်။ သို့အတွက် အရာအားလုံးကို ကိုယ့်ခြေကိုယ့်လက်ဖြင့်သာ အစအဆုံး လုပ်နေရပေသည်။ 


ခေါင်းငြိမ့်ပြလိုက်သော်ငြား ရမ်ရှန့်သည် မာရှယ်၏ နေရာသို့ ချက်ခြင်း ပြေးသွားချင်နေဆဲပင်။ 


ဒီလိုမျိုး သန့်စင်မြေပမာဏအများကြီး သယ်ထားတဲ့လူကို မသေစေချင်သေးဘူးလို့ ...


ရမ်ရှန့်မှာ သူ့ကို ကယ်နိုင်ရန်သာ တွေးပူနေသည့်အတွက် သေသွားလျှင်ပင် သန့်စင်မြေမှာ ပျောက်ကွယ်သွားမည် မဟုတ်သည့်အပြင် သူ့အတွက် စုပ်ယူရန်မှာ ပို၍ပင် လွယ်ကူလာမည်ဆိုသည့်အချက်ကို မေ့လျော့နေပေသည်။ 


အမျိုးအမည်မသိသည့် ခါးသက်သက် အရာတစ်ခုကို စားပြီးနောက်တွင်တော့ ကျောက်လင်းယွီမှာ ပိုပြီး သက်သာလာကာ အနားဝန်းကျင်ရှိ စွမ်းအင်တို့ကို ထိန်းချုပ်နိုင်စွမ်းမှာလည်း ပို၍ အားကောင်းလာသည်။

6.2


အတိတ်က သူမြို့တော်ကြယ်သို့ ပြန်ကာ ကုသမှု ခံယူခဲ့သော်ငြား အခြေအနေမှာ ပို၍ပင် ဆိုးဝါးကာ ကိုယ့်ကိုယ့်ကို ဖျက်ဆီးပစ်နိုင်သည့် လက္ခဏာများပင် တွေ့လိုက်ရသည်။ ဆေးပညာဗဟိုဌာနက ဖောက်ခွဲနိုင်စွမ်းမှာ သိပ်မမြင့်မားဘဲ ထိန်းချုပ်နိုင်မည်ဟု ဆိုသော်ငြား သူကတော့ ထိုနေရာတွင် မနေချင်ပေ။ 


သူ အဝေးကို အပို့ခံထားရတုန်း ရုန်းကန်နေတဲ့ စွမ်းအင်တွေ လျော့သွားပြီး သင်္ဘောကို မထိခိုက်တော့တာများလား ... 


ဒီလိုသက်စောင့်ဆေးမျိုးကို သူ့အတွက်သုံးတာက တကယ်ကို ဖြုန်းတီးတာပဲ တစ်ခြားသူတွေအတွက် သုံးရင် အသက်တွေအများကြီး ကယ်နိုင်မှာကို ... 


အတွေးတို့ ရောထွေးနေစဉ်အတွင်း ကျောက်လင်းယွီသည် တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို ခံစားမိလိုက်ပြန်သည်။ ဒါက သူ့ကို ပြန်လာမယ်လို့ ပြောခဲ့တဲ့ ကလေးပဲ မဟုတ်လား ... 


အမေက ဒီကလေးကို နားချဖို့တောင် မကြိုးစားဘူးလား ... 


ကျောက်လင်းယွီမှာ အနီးရှိ စွမ်းအားတို့ကို ထိန်းချုပ်ရသည့်အတွက် ဖြူလျော်လာတော့သည်။ 


အထူးကာကွယ်ရေးဝတ်စုံကို ဝတ်ထားသည့် ရမ်ရှန့်က သူ့ဘေးနား ရောက်ချလာသည်။ ထိုဝတ်စုံက သူ့အတွက် သက်တောင့်သက်သာ မရှိသော်ငြား တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိနေသဖြင့် မဝတ်ချင်ဘဲ ဝတ်ထားရခြင်းဖြစ်သည်။ 


"မာရှယ် တစ်ခုခု စားရအောင် ..." 


"မင်းက ဘာလို့ ထွက်မသွားရသေးတာလဲ ..." 


ကျောက်လင်းယွီက မျက်မှောင်ဖွဖွ ကြုတ်လိုက်သည်။ 


"မသွားပါဘူး အခုကနေစပြီး မာရှယ့်ကို ဂရုစိုက်ပေးတော့မှာလေ ..." 


ရမ်ရှန့်က လက်မောင်းတို့ဖြင့် ပိုက်ကာ သယ်လာသည့် သတ္ထုကရားကို သူ့ပါးစပ်နားသို့ ရွှေ့ပေးလိုက်သည်။ သူ့တစ်ကိုယ်လုံးမှာ‌တော့ တင်းတင်းကြပ်ကြပ် ကာကွယ်ထားသည်။ 


ဖြာထွက်လာသော စွမ်းအင်တို့က ရမ်ရှန့်၏ ဝတ်စုံကို အားပြင်းပြင်းဖြင့် တိုက်ခိုက်နေသည့်အတွက် သူ့တစ်ကိုယ်လုံး ယိမ်းထိုးနေသော်ငြား လက်ထဲရှိ ကရားမှာတော့ တစ်ချက်ပင် ရွေ့မသွားချေ။ 


ကျောက်လင်းယွီမှာ ပါးစပ်ထဲရှိ ကရားကြောင့် စကားမပြောနိုင်။ သူ့ရှေ့ရှိ လူငယ်လေးကို ငေးရုံသာ ငေးကြည့်နေနိုင်သည်။ စွမ်းအင်များမှာ သူ့ကိုယ်ကို မလှီးဖြတ်နိုင်သည်ထားဦး အန္တရာယ်ကတော့ များနေဆဲဖြစ်သည်။ သို့သော် သူကတော့ တစ်ခွန်းမျှပင် မညည်းညူခဲ့။ 


သူစားနေသောက်နေစဉ်အတွင်း ရမ်ရှန့်သည် အနားရှိ စွမ်းအားတို့၏ ဖိအားကို ခံနိုင်ရန် ကိုယ်ကို သာသာလေး လှုပ်ယမ်းနေသည်။ လုံးဝ အကုန်အစင် စားပြီးချိန်တွင်တော့ လက်အိတ်ကို အလောတကြီးချွတ်ကာ ကျောက်လင်းယွီ၏ကိုယ်ကို မဖွယ်မရာ လိုက်စမ်းလိုက်တော့သည်။ 


ထိုအခိုက်အတန့်တွင် ကျောက်လင်းယွီမှာ ရှက်ရွံ့မှုတို့ကိုသာ ခံစားမိတော့သည်။ သူ့ရှေ့ရှိလူမှာ သန့်စင်လှပါသည့် အကြည့်တို့နှင့် မလိုက်ဖက်လှစွာ အရှက်မဲ့သော အပြုအမူကိုပင် လုပ်ရဲ‌သေးသည်။ 


တကယ်ကို ရှင်းမပြတတ်စရာပဲ ... 


ထိုမျှသာမကသေး။ သူကိုယ်တိုင်သည်လည်း ဘာကြောင့် ထိုလက်သေးသေးတို့၏ အထိအတွေ့တွင် နစ်မြောသွားမိမှန်း နားမလည်နိုင်တော့။ အရင်က လူတွေရဲ့ ဆွဲဆောင်မှုမခံရတာ ဒီလို ထူးဆန်းတဲ့ဝါသနာ ရှိနေလို့များလား ... 


သူ့အတွေးတို့ကို ပြန်လည်အံ့အားသင့်မိနေသည့် ကျောက်လင်းယွီမှာ တံခါးဝရှိ မိခင်ဖြစ်သူကိုပင် စကားပြောရန် မေ့လုဆဲဆဲပင်။ 


ထိုအချိန်တွင် ရမ်ရှန့်ကတော့ သူ့ကိုယ်ထဲရှိ စွမ်းအင်တို့၏ သရုပ်မှန်ကို စစ်ဆေးပြီးဖြစ်သည်။ စွမ်းအင်အများအပြား စုဝေးနေသည့်အနက် အဓိကမှာ သန့်စင်မြေ၏ စွမ်းအင်ဖြစ်သည်။ ၎င်းမှာ အတော်ပင် အားကောင်းကာ သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်လုနီးပါးအဆင့်သို့ ရောက်နေပြီဖြစ်သည်။ သက်တမ်းမှာလည်း အဆုံးမရှိသည့်အတွက် ကျောက်လင်းယွီမှာ သေချာပေါက်ကို သေတော့မည့်လက္ခဏာဖြစ်သည်။ 


ထိုသည်သာမက အခြား ပရမ်းပတာဖြစ်နေသည့် စွမ်းအင်များလည်း ရှိနေသေးသည်။ အချို့မှာ မီးလိုပူကာ အချို့က ရေလို ပျော့ပျောင်းနေသည်။ အချို့က လျှပ်စီးလို အချို့ကတော့ အေးစက်စက်နှင်းပွင့်လိုပင်။ သို့သော် ၎င်းတို့ကို သူတွေ့လာခဲ့သည့် လူများတွင်လည်း ခပ်ဆင်ဆင် မြင်ခဲ့ဖူးသည်။ 


အခြားသူများ မာရှယ့်အနား ချဉ်းကပ်လာချိန်တွင်တော့ သန့်စင်မြေနှင့် ကျန်စွမ်းအင်တို့ ပေါင်းစုကာ တွန်းလှန်ကြမည်ဖြစ်သည်။ သို့သော် မာရှယ်က အနည်းနှင့်အများတော့ ၎င်းတို့ကို ထိန်းချုပ်နိုင်ပြီဖြစ်ရာ သူ့လုံခြုံရေးကိုတော့ ပူပင်ရန် မလိုအပ်သေးပေ။ 


ရမ်ရှန့်သည် သန့်စင်မြေ၏ ကြွယ်ဝလှသော စွမ်းအင်တို့ကို စုပ်ယူရင်း မျက်စိစုံမှိတ်ကာ အကိုင်းအခက်အရွက်တို့ကို ဖြန့်တန်းထားသည့်ဟန် စိတ်ကူးယဉ်လိုက်သည်။ ရှန်းချိုးရှစ်ကလည်း သားဖြစ်သူ၏ အနီးရှိ စွမ်းအင်တို့မှာ ငယ်သည်ထက်ငယ်လာသည်ဟု ခံစားမိလိုက်သည်။ 


သားဖြစ်သူ၏ ကိုယ်ထဲရှိ စွမ်းအင်တို့မှာ နေ့ရှိသရွေ့ ကမောက်ကမ ဖြစ်နေရာ ယခု ပိုငယ်လာသည့်အတွက် သူမပဲ မှားနေသလားဟုပင် ခံစားမိတော့သည်။ 


"ဘာဖြစ်လို့လဲ ..."


ဇနီးသည်၏ ထူးဆန်းသော အမူအယာကို မြင်လိုက်ရသည့် ကျောက်ဖမ်းက မေးလိုက်သည်။ 


"သားဘေးမှာ ရုန်းကန်နေတဲ့ စွမ်းအင်တွေက ပိုငယ်လာတယ်လို့ ခံစားမိလို့ ..." 


သူမ၏ အမူအယာက ရှုပ်ထွေးနေသည့်ဟန်။ 


"လင်းယွီက ဆက်ပြီး တောင့်မခံနိုင်တော့လို့များလား ..." 


"ပေါက်ကရတွေ တွေးမနေနဲ့။ လင်းယွီကလည်း ကိုယ့်လိုပဲ ပေါင်းစပ်စွမ်းအားပိုင်ရှင်လေ စွမ်းအင်တွေ အများကြီး ပေါင်းစပ်မှုကို မခံနိုင်ရင် စွမ်းအင်တွေက ရုန်းရင်းဆန်ခတ်ဖြစ်ကုန်တာ ဒါမျိုးကလည်း တစ်ခေါက်ထပ်တစ်ခေါက် အားကောင်းလာတာပဲရှိတာ အားလျော့မသွားဘူး တကယ်လို့ လျော့သွားရင်လည်း အဲ့ဒါ သူပြန်သက်သာနေပြီ‌ဆိုတဲ့ လက္ခဏာပဲ ..." 


"လင်းယွီက ဇာ့ဂ်ဘုရင်မရဲ့ စွမ်းအင်ကို ပေါင်းစပ်ပြီး သူ့ကိုယ်သူ ပြန်ကုသနေတာလား ..." 


သူမက အံ့ဩတကြီး မေးလိုက်သည်။ 


"ဇာ့ဂ်ဘုရင်မက မွေးခါနီးနေပြီလေ ပြီးတော့ ရိုးရိုးဇာ့ဂ်ရဲ့ အကူအညီနဲ့ အပင်တွေ စွမ်းအင်တွေကို မရေမတွက်နိုင်အောင် ဖျက်ဆီးခဲ့တာ လင်းယွီက ဒီလိုရှုပ်ထွေးတဲ့ စွမ်းအင်ကို တစ်ခါတည်း မပေါင်းစည်းနိုင်စရာနည်းလမ်း မရှိလောက်ဘူး တကယ်လို့ လုပ်ခဲ့ရင်တောင် စွမ်းအင်တွေ ကမောက်ကမ ဖြစ်ပြီး သေသွားနိုင်တယ် ဒါပေမယ့် သူသာ အားမလျော့ရင်တော့ အံ့ဩစရာတစ်ခုခု ဖြစ်သွားနိုင်တယ် ..." 


သူက နှစ်သိမ့်လိုက်သည်။ 


ကျောက်မိသားစု၏ စွမ်းရည်များမှာ ဖက်ဒရယ်တစ်ခုလုံးတွင် တစ်ဦးသာရှိနိုင်သည့် ရှားပါးစွမ်းရည်ဖြစ်သည်။ သူတို့က အခြားစွမ်းအင်များကို ပေါင်းစပ်ကာ သူတို့၏ ကိုယ်ပိုင်စွမ်းရည်အဖြစ် ပြောင်းလဲနိုင်သလို ခန္ဓာကိုယ်ပြင်ပရှိ စွမ်းအင်နှင့် ပစ္စည်းများကိုလည်း ပေါင်းစပ်ပစ်နိုင်သည်။ 


ကျောက်မိသားစုနှင့် ရင်ဆိုင်ရပါလျှင် ကောင်းပေ့ဆိုသည့် စစ်သင်္ဘောများပင် သံတိုသံစအဖြစ် အရည်ပျော်သွားမည်ဖြစ်သည်။ ရုတ်တရက် အလစ်တိုက်လျှင်ပင် တစ်ဖက်သူက သင့်စွမ်းအားများကို စုပ်ယူကာ သူ့ကိုယ်ပိုင်အဖြစ် ‌ပြောင်းလဲပစ်မည်ဖြစ်သည်။ ထို့ကြောင့်လည်း ကျောက်မိသားစုမှာ စစ်ဘုရင်ဟု ကျော်ကြားခြင်းဖြစ်သည်။ 


သို့သော်ငြား ၎င်းက လုံးဝဥဿုံ ကောင်းမွန်နေသည်တော့ မဟုတ်ပေ။ ထိုသို့ တစ်မူထူးခြားလှပါသည့် စွမ်းအင်များနှင့် ကျောက်မိသားစုမှာ တစ်ချိန်လုံး တိုက်ခိုက်ကာ ခွန်အားတိုးမြှင့်နေရန် မလိုအပ်သော်ငြား သာမန်ဘဝဖြင့်လည်း မနေနိုင်ကြပေ။ သူတို့၏ ကိုယ်ပိုင်စွမ်းအင်များကိုတော့ မပေါင်းစပ်နိုင်ကြ၍ဖြစ်သည်။ 

(T.N / ဒီနား နည်းနည်းရှုပ်နေမယ်ထင်လို့ သူတို့ကကွာ နဂိုကတည်းက စွမ်းအင်တွေအများကြီးပါနေတာ ဒါပေမယ့် အဲ့ဒါတွေကို မပေါင်းစပ်နိုင်ဘူး ပြင်ပစွမ်းအင်တွေနဲ့ပဲ ပေါင်းစပ်နိုင်တာလို့ ပြောတာ) 


မျက်မှောက်ခေတ်တွင် သာမန်သူများကပင် နှစ်တစ်ရာ့ငါးဆယ်မှ နှစ်ရာအထိ အသက်ရှည်ကြကာ စွမ်းရည်ပိုင်ရှင်များကတော့ နှစ်ငါးရာကျော်ပင် အသက်ရှည်ကြသည်။ သို့သော် ကျောက်ဖမ်းမှာ ၁၂၉ နှစ်သာ ရှိသေးပြီး ကျောက်လင်းယွီမှာ ၄၉ နှစ်သာ ရှိသေးသည်။ 


"အံ့ဩစရာတစ်ခုခု ဖြစ်လာလောက်ပါတယ်နော် ..." 


သူမက တစ်ကိုယ်တည်း ရွက်လွှင့်နေသည့် လှေငယ်သဖွယ် အားအင်အပြည့်ဖြင့် လှုပ်ရှားနေသူကို ကြည့်ရင်း ပြောလိုက်သည်။ ဘာကြောင့်ရယ်တော့မသိ။ သူမမှာ အနည်းငယ် စိတ်သက်သာလာသလိုပင်။ 


xxxxxx