အပိုင်း ၇
Viewers 18k

Chapter 7


"အမေ့ ကျွန်တော့်ကိုယ်ထဲက စွမ်းအားတွေကို တော်တော်များများ ထိန်းချုပ်နိုင်နေပြီ အခု ကျွန်တော့်ကို အနီးအနားက အမည်မဲ့ ဂြိုဟ်တစ်ခုဆီ ပို့ပေးဖို့ပဲ လိုတော့မှာ ..." 


သူ့တစ်ကိုယ်လုံး ပွတ်သပ်စမ်းသပ်နေသည့် ကျောက်လင်းယွီမှာ နောက်ဆုံးတွင်တော့ ဘာလုပ်ရမည်ကို အမှတ်ရသွားပြီဖြစ်သည်။ 


ရှန်းချိုးရှစ်က သူ့ကို ပြန်‌ဖြေရမည့်အစား တစ်ပြန် မေးခွန်းပြန်ထုတ်လိုက်သည်။ 


"လင်းယွီ မင်းကိုယ်ထဲက စွမ်းအင်တွေကို ဘယ်လိုလုပ်ပြီး ထိန်းချုပ်နိုင်သွားတာလဲ ..." 


သူမသားကို ထိုနေရာတွင် တစ်ယောက်တည်း သေခိုင်းရမည်မှာ မိခင်တစ်ဦးအတွက်တော့ ရင်နာဖွယ်ရာပင်။ 


မြို့တော်ကြယ်ရှိ နေထိုင်သူများအတွက် ဆိုပါလျှင် သူမက သေချာပေါက် သဘောတူညီမည် ဖြစ်သော်ငြား ကျောက်လင်းယွီ၏ ခန္ဓာကိုယ်ရှိ စွမ်းအင်များမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေလျှင်ပင် ထိန်းချုပ်၍ ‌ရနေဆဲဖြစ်သည်။ သူ့ကိုယ်ထဲရှိ အကြီးဆုံးစွမ်းအင်မှာလည်း ဇာ့ဂ်ဘုရင်မ၏ စွမ်းအင်ဖြစ်သည့်အတွက် ပူပန်နေစရာ မလိုအပ်ပေ။ 


"ရမ်ရှန့်က ကျွန်တော့်ကို တစ်ခုခုကျွေးလိုက်တာ အဲ့ဒါစားပြီးတော့ အများကြီးသက်သာလာတယ်လို့ ခံစားရတယ် ..." 


သူက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ 


ရှန်းချိုးရှစ်မှာလည်း စွမ်းအင်အဓိကရုဏ်း အားပျော့သွားခြင်းမှာ ရမ်ရှန့်နှင့် တစ်နည်းနည်း သက်ဆိုင်နေရမည်ဟု တွေးထားပြီးဖြစ်ရာ ယခု ပို၍ သေချာသွားပြီဖြစ်သည်။ 


"မင်းကိုယ်က တစ်ဖြေးဖြေး သက်သာလာမှတော့ ဒီမှာ ထပ်မနေနဲ့တော့ ..." 


"မာရှယ်! ကျွန်တော်က ခင်ဗျား ဘယ်သွားသွား လိုက်မှာနော် ..." 


သူစကားပြောနေသည်ကို အကြာကြီး နားထောင်နေသော ရမ်ရှန့်က ရုတ်တရက် ဖြတ်ပြောလာသည်။ 


"မင်းက ဘာလုပ်မလို့လဲ ..." 


ကျောက်လင်းယွီက သက်ပြင်းသာ အသာချလိုက်တော့သည်။ 


"ကျွန်တော်က ခင်ဗျားနဲ့ လက်ထပ်ရမှာလေ ပြီးတော့ တစ်သက်လုံး အတူတူ နေသွားရတော့မှာ ..." 


သူက ဒီနိုပြောခဲ့သည်များကို ပြန်ပြောလိုက်သည်။ 


တစ်ခြားတစ်ယောက်ကသာ ဒါမျိုး ပြောလာရင်တော့ ဝန်ခံတာပဲ ဒါပေမယ့် ဒီကလေးအနေနဲ့က ဘာအဓိပ္ပါယ်ဆိုတာကိုတောင် သိပါ့မလား  ...


အတွေးတစ်စက သူ့နှလုံးသားထဲ ဖြတ်ပြေးသွား‌သည်။ သူက ရမ်ရှန့်ကို နားချပေးရန် မိခင်ဖြစ်သူကို လှမ်းကြည့်လိုက်သည်။ 


ရှန်းချိုးရှစ်က ရှုပ်ထွေးနေသည့် အကြည့်တို့ဖြင့် ပြောလိုက်သည်။ 


"မင်းသာ အမည်မဲ့ဂြိုဟ်ကိုသွားရင် အမေနဲ့ မင်းအဖေလည်း အတူတူလိုက်လာမှာ ..." 


ကျောက်လင်းယွီက ပါးစပ်ကိုသာ ပိတ်ထားလိုက်ရတော့သည်။ သူ့အဖေမှာ ကျန်းမာရေးမကောင်းရာ အကယ်၍သာ အမည်မဲ့ဂြိုဟ်ကို သွားပါလျှင် သေချာပေါက်ကို အခက်ကြုံရမည်ဖြစ်သည်။ 


"မပူပါနဲ့ အချိန်တိုအတွင်းတော့ ဒီလိုမျိုးကြီး ထပ်နာကျင်လာဦးမှာ မဟုတ်ပါဘူး ..." 


ရမ်ရှန့်က သူ့ခေါင်းကို ပုတ်ပေးရင်း ကို့ယို့ကားယား နှစ်သိမ့်ပေးလိုက်သည်။ 


သူ့အကြည့်တို့မှာ တည်ကြည်လွန်း၍ ကျောက်လင်းယွီပင် မယုံဘဲ မနေနိုင်တော့။ ဒါပေမယ့် သူ့ဒဏ်ရာတွေက  ဒီလိုမျိုး လွယ်လွယ်လေးနဲ့ သက်သာလာတာ ဖြစ်နိုင်ပါ့မလား ... 


ထိုညတွင် သူက ကျောက်လင်းယွီ၏ ဘေးတွင်သာ အိပ်ရန် အတင်းအကြပ် ‌တောင်းဆိုလိုက်သည်။ ရှန်းချိုးရှစ်က တားမြစ်သေးသော်ငြား နောက်ဆုံးတွင်တော့ သဘောတူလိုက်ရတော့၏။ 


ထိုအချိန်တွင် ကျောက်မိသားစုက ရှာထားသည့် ကျောက်လင်းယွီ၏ မိတ်ဖက်မှာ စံအိမ်သို့‌ ရောက်နေပြီ ဟူသည့် သတင်းမှာ မြို့တော်ကြယ်ရှိ လူကုံထံအသိုင်းအဝိုင်းအတွင်း ပျံ့နှံ့သွားတော့သည်။ သတင်းကို ကြားရချိန်တွင် တုန့်ပြန်မှုများက မတူညီကြ။ အချို့က ကျောက်မိသားစုကို သနားကြပြီး အချို့က သူတို့ကိုယ်သူတို့ ပြန်သနားမိကြသည်။ အချို့ကတော့ နောက်ကွယ်တွင် ကျောက်မိသားစုတော့ ဂြိုဟ်ဆိုးဝင်ပြီဟု သရော်ကြတော့သည်။ 


မြို့တော်ကြယ်ကွန်ယက်ကို ချိတ်ဆက်လိုက်သော ရှန်းချိုးရှစ်ထံသို့ အရပ်မျက်နှာပေါင်းစုံမှ သတင်းစကားများ တဖွဲဖွဲ ရောက်ချလာသည်။ အချက်အလက်များကို ကြည့်နေသော သူမ၏ အမူအယာကိုတော့  မခန့်မှန်းတတ်‌တော့ပေ။ 


ယခင်ညများကဲ့သို့ပင်။ ယခုညတွင်လည်း သူမက မအိပ်စက်ခဲ့။ ရမ်ရှန့်လည်း ထိုနည်းတူပင်။ 


ကျောက်လင်းယွီ၏ စွမ်းအားတို့မှာ ရှုပ်ထွေးနေဆဲပင်ဖြစ်၍ နာကျင်မှုကို ကျိန်းသေ ခံစားရဦးမည်ဖြစ်သည်။ နာကျင်မှုကို လျော့ချချင်ရင် ဘယ်လိုလုပ်ရမလဲ ... 


ရမ်ရှန့်က အဖြေရှာရန် သူ့အစာအိမ်ထဲကို လှန်လှောကြည့်ရှုလိုက်သည်။ 


နှစ်သောင်းပေါင်းများစွာ နေခဲ့သည့် ဂျင်ဆင်းဝိဉာဉ်တစ်ဦးအနေဖြင့် ရမ်ရှန့်တွင်လည်း မှော်စွမ်းအားအချိူ့ ပိုင်ဆိုင်ထားသည်။ သူ့အစာအိမ်ထဲတွင် သိုလှောင်ရန် နေရာလွတ်တစ်ခုရှိပြီး ထိုထဲတွင် သူ့သခင် ချန်ထားခဲ့လေသမျှကို သိမ်းဆည်းထားသည်။ 


ကျောက်လင်းယွီ၏ အခြေအနေမှာ ပင်ကိုယ်အားဖြင့်တော့ သူ့သခင် ချန်ထားခဲ့သည့် ဆေးလုံးအချို့ကို စားရုံမျှဖြင့် သက်သာမည်ဖြစ်သည်။ သို့သော် သူ့သခင် ကောင်းကင်ဘုံသို့ တက်သွားသည်မှာ နှစ်တစ်သိန်းပင် ရှိပြီဖြစ်ရာ တောင်ကြားထဲတွင် တစ်ယောက်ထဲ နေရင်း သူ့ခြေထောက်အောက်ရှိ မြေဆီလွှာ တစ်ဖြေးဖြေး ပျက်သုဉ်းသွားသည်ကိုသာ ကြည့်နေခဲ့ရသည်။ ထို့ကြောင့် ဆေးအားလုံးကို ဖိချေကာ စားပစ်လိုက်သည့်အတွက် ယခုတော့ တစ်လုံးမှ မကျန်တော့။


အခြားပစ္စည်းများအနေဖြင့် တိုက်ခိုက်ကာကွယ်ပေးနိုင်သည့် လက်နက်များ ရှိသေးသော်ငြား ၎င်းတို့ကမူ မကုသပေးနိုင်။ သူ့တွင်ရှိသည့် ကျောက်စိမ်းဖြင့် အဂ္ဂိရက်ဆေးလုံးများကို ဝယ်ရန် တွေးမိသေးသော်ငြား ၎င်းက ဒီကမ္ဘာတွင် အရေးမပါ။ အခြား ရွှေငွေလက်ဝတ်ရတနာများမှာလည်း တစ်ခုမှ အသုံးဝင်ဟန်မတူ။ ထို့နောက်တွင် ရမ်ရှန့်သည် ဂျင်ဆင်းစေ့ တစ်အိတ်ကို တွေ့လိုက်တော့သည်။ 


ထိုဂျင်ဆင်းစေ့များက အသီးသီးနိုင်တော့မည်ဖြစ်သည်။ တစ်နည်းဆိုရပါလျှင် ၎င်းတို့မှာ သူ၏ သားသမီးများပင်ဖြစ်သည်။ သို့သော် သူက လူသားအသွင်သာ ယူထားသည့်အတွက် ၎င်းတို့ကို ပျိုးထောင်ရပါလျှင် သူ့အာဟာရဓာတ်တို့ကို လုယူသွားမည် ကြောက်သည့်အတွက် ချောင်ထဲ ထည့်ထားခြင်းဖြစ်သည်။ ဘယ်နှစေ့ရှိမှန်းပင် မရေတွက်ထား။ 


မြေကြီးပေါ်မှ ရုတ်တရပ်ထရပ်ကာ ရမ်ရှန့်သည် ကျောက်လင်းယွီ၏ ပါးစပ်ထဲသို့ ဂျင်ဆင်းစေ့တစ်စေ့ကို ထည့်လိုက်၏။ အိပ်မပျော်သေးသော် ကျောက်လင်းယွီက သူ့ကို ဘာကျွေးလိုက်တာလဲဟု မေးမည်ပြုစဉ် ရင်းနှီးနေသော အနွေးဓာတ်က အားပျက်နေသည့် သူ့ခန္ဓာကိုယ်တစ်လျှောက် လှည့်ပတ်စီးဆင်းပေးသဖြင့်  အားပြန်ပြည့်လာပြီဟု ခံစားလိုက်ရတော့သည်။ 


ဒီတစ်ယောက်က သူ့ကို ဘာတွေ ကျွေးပြန်တာတုန်း ... 


"ခင်ဗျားကို ကျွန်တော့်ကလေးတွေ အကုန် ကျွေးလိုက်ပြီနော် သေချာပေါက်ကို သက်သာလာရမယ် သိလား ..." 


သူက ပြောလိုက်သည်။ ဂျင်ဆင်းဝိဉာဉ်ဟုပဲ ခေါ်ခေါ် ဂျင်ဆင်းသားရဲဟုပဲ ခေါ်ခေါ် ဉာဏ်အလင်းပွင့်ပြီးသူများအဖို့ မျိုးနွယ်တူ ဉာဏ်အလင်းမပွင့်သေးသူများကို မျိုးနွယ်တူအဖြစ် ဆက်ဆံရန် ခဲယဉ်းလှသည်။ တကယ်တမ်းတွင် ရမ်ရှန့်သည်လည်း ၎င်းတို့ကို သူ့ဆံပင်ထဲတွင် တစ်ဖြေးဖြေး ကြီးထွားလာသည့် အသားပိုအဖြစ်သာ သဘောထားခြင်းဖြစ်သည်။ 


ဘာကြီး.. ကလေး ဟုတ်လား... ငါပဲ နားကြားမှားတာလား... 


ကျောက်လင်းယွီ၏ စိတ်ထဲတွင် မေးခွန်းတို့ တန်းစီလာသော်ငြား မကြာမီတွင် အဖျားရှူးသွားတော့သည်။

7.2


ရမ်ရှန့်က သူ့လက်ထဲရှိ ဂျင်ဆင်းစေ့ကိုတစ်လှည့် ကျောက်လင်းယွီကိုတစ်လှည့်ကြည့်ကာ အတွေးနယ်ကျွံနေသည်။ 


တကယ်လို့ ကျောက်လင်းယွီရဲ့ ကိုယ်ထဲမှာ ဂျင်ဆင်းစေ့တွေ မျိုးစေ့ချလိုက်ရင် ဉာဏ်အလင်းပွင့်တဲ့ ဂျင်ဆင်းကလေးလေးတွေ ဖြစ်လာနိုင်လောက်လား။  မဟုတ်သေးပါဘူး။ ဘာလို့ ငါ့ဆီကနေ သန့်စင်မြေကို လုသွားနိုင်ချေရှိတဲ့သူတွေကို လိုချင်ရမှာလဲ။ အဲ့ဒီမြေက သူ့အပိုင်ပဲကို ... 


နောက်တစ်နေ့မနက်အစောတွင်တော့ အားအင်အပြည့်ဖြင့် ရမ်ရှန့်သည် ဖိနပ်ကိုချွတ်ကာ အိမ်၏အရှေ့ဘက် မြေကွက်လပ်တွင် နေပူဆာလှုံနေလိုက်သည်။ ထိုသည်ကို မြင်လိုက်သော အိမ်တော်ထိန်းက ခပ်သွက်သွက်ရောက်လာကာ ပြောလိုက်သည်။ 


"သခင်လေးရမ်ရှန့် အပြင်မှာက အေးနေတုန်းပဲလေ မချမ်းဘူးလား ..." 


"မအေးပါဘူး ကျွန်တော်က နေပူဆာလှုံရတာကို သဘောကျလို့ပါ ..." 


သူက ပြုံးကာ ပြောလိုက်သည်။ 


"တကယ်လို့ သခင်လေးက နေပူဆာလှုံရတာကို သဘောကျရင် နောက်ဖေးမှာ sunroom ရှိတယ်လေ အဲ့ဒီ့မှာ အလင်းရောင်လည်း စိတ်ကြိုက်ချိန်လို့ရတယ် ..." 


"ဘယ်နားမှာလဲ ..." 


ရမ်ရှန့်က အံ့ဩတကြီး မေးလိုက်သည်။ 


"sunroom က နေရောင်ခြည်အပြည့်နဲ့လား ..." 


sunroom မှာ နေရောင်ခြည်ဖြင့် ပြည့်နှက်နေသည့်အခန်း မဟုတ်ပေ။ ၎င်းမှာ အာဟာရဓာတ်၊ စိုစွတ်မှုနှင့် အလင်းရောင်သိပ်သည်းဆတို့ကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် မှန်လုံအိမ်သာဖြစ်သည်။ 


ထိုအခန်းထဲ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ရမ်ရှန့်မှာ အခန်း၏ ညှို့ယူမှုကို ခံလိုက်ရသည်။ အိမ်ထိန်းအဖိုးက အသုံးပြုနည်းတို့ကို ရှင်းပြပေးပြီးနောက်တွင်တော့ ရမ်ရှန့်မှာ ပို၍ပို၍ပင် သဘောကျလာတော့သည်။ 


ထိုကဲ့သို့ နေရောင်ပြည့်နှက်နေသည့် အခန်းထဲတွင် စုပ်ယူထားသည့် သန့်စင်မြေကို ဖြေးဖြေးချင်း ခြေဖျက်ရခြင်းမှာ လောက၏ နိဗ္ဗာန်ပင်ဖြစ်သည်။ ဘေးနားရှိ အပင်တို့မှာ မျက်စိဆံပင်မွှေး စူးစရာ ကောင်းလှသည်မှလွဲ ထိုနေရာတစ်ခုလုံးကို သူ့အပိုင်ဟုသာ သတ်မှတ်လိုက်သည်။ 


ရမ်ရှန့်၏ ပျော်‌မြူးနေသော အမူအယာကို မြင်လိုက်ရသည့် အိမ်တော်ထိန်းမှာလည်း အလိုလိုပင် အပျော်တို့ ကူးစက်လာတော့သည်။ 


သခင်ငယ်လေးလို အပင်စွမ်းရည်ပိုင်ရှင်တွေက သစ်ပင်ပန်းမာန်တွေကို အများကြီး သဘောကျကြမယ်ထင်တယ်။ သူ ပန်းပင်တွေ ထပ်ဝယ်ထားသင့်လား ... 


ရမ်ရှန့်ကတော့ သူ့ဘဝလေးနှင့်သူ ပျော်မွေ့နေပြီဖြစ်သည်။ 


ညရောက်တိုင်း ဖက်အိပ်စရာ သန့်စင်မြေတုံးကြီး ရှိနေသလို နေ့ခင်းပိုင်းတွင်လည်း နေပူဆာလှုံကာ အာဟာရဖျော်ရည်တို့ကို ရသာစုံ စားသုံးနိုင်သည်။ ပြီးဆုံးသွားချိန်တွင်လည်း သန့်စင်မြေ၏ ရင်းမြစ်ကို ဆက်ပိုင်ဆိုင်ထားဦးမည်ဖြစ်သည်။ သို့သော် သူကို ပျော်ရွှင်စေသည့် အရာများမှာ အခြားသူများနှင့် နှိုင်းစာလျှင်မူ သေးငယ်နေဆဲပင်။ 


ရှန်းချိုးရှစ်လည်း ရမ်ရှန့်က သူ့ကို အထူးဆေးဝါးတစ်မျိုး ပေးလိုက်ပြန်ပြီဖြစ်ကြောင်း သားဖြစ်သူထံမှ သိရှိပြီးဖြစ်သည်။ လက်ဗလာနှင့် ရောက်လာသည့် ရမ်ရှန့်မှာ ဘယ်နေရာမှ ဆေးကို ရလာမှန်း မသိသော်ငြား သူမကတော့ သူ့ကို ကျေးဇူးတင်မိဆဲပင်။ ထိုကျေးဇူးတရားကို ဖော်ပြရန်အတွက် သူ့အခြေအနေကို ပိုပြီး ဂရုစိုက်ပေးလာခဲ့သည်။ 


"ရမ်လေးရေ အန်တီ့ဆီ လာပါဦး ..."


ကျောက်အိမ်သို့ ရောက်ပြီး သုံးရက်မြောက်နေ့တွင်တော့ ရှန်းချိုးရှစ်က သူ့ကို ဒီလိုမျိုးပင် ခေါ်ဝေါ်သုံးနှုန်းနေပြီဖြစ်သည်။ 


"အန်တီ ..." 


သူက သူမကို တစူးတစမ်း လှမ်းကြည့်လိုက်သည်။ 


"ရမ် အန်တီနဲ့အတူတူ တီဗီကြည့်ရအောင်လေ ..." 


ရှန်းချိုးရှစ်က နာမည်အကြီးဆုံး ကာတွန်းကားကို ရွေးကာ ဖွင့်လိုက်သည်။ မြေးဖြစ်သူနှင့်အတူ ကာတွန်းကား ကြည့်ရန်မှာ သူမဘဝ၏ အကြီးမားဆုံး မျှော်မှန်းချက်ဖြစ်ကာ ယခုတော့ သူမ၏ သားမက်လေးက ဖြည့်ဆည်းပေးမည်ဖြစ်သည်။ 


ရမ်ရှန့်က အလောတကြီး နောက်ပြန်ဆုတ်လိုက်သည်။ ရုတ်တရက် နံရံပေါ်ရှိ ခန့်ငြားလှစွာသော ပန်းချီကားတစ်ချပ် ထွက်လာသည်ကို  တွေ့လိုက်ရ၍ သူ့ခြေလှမ်းတို့ ရပ်တန့်သွားတော့သည်။ 


ဒီနားမှာ ဘာစွမ်းအင်ဓာတ်ပြုမှုမှ မရှိတာကို ဒီပုံက ဘယ်ကနေ ထွက်လာတာလဲ။ ပြီးတော့ ပုံထဲက ကလေးလေးက ချစ်စရာလေး။ ... 


ရမ်ရှန့်မှာ အတွေးထဲ နစ်မြောနေသည့်အတွက် ကျောက်လင်းယွီနှင့် ဖက်အိပ်ရမည့် အရေးကြီးကိစ္စကိုပင် မေ့သွားခဲ့သည်။ 


ထိုသည်ကို မြင်လိုက်ကာမှ ရှန်းချိုးရှစ်လည်း စိတ်ကျေနပ်သွားဟန်ဖြင့် အိမ်တော်ထိန်းကို ပြောလိုက်သည်။ 


"ကလေးကစားစရာအရုပ်တွေ သွားမှာထားလိုက်ဦး ကလေးတွေအတွက် သင်ထောက်ကူပစ္စည်းတွေရောပဲ ဟုတ်သားပဲ ရှေ့လျှောက် ပူလာတော့မှာဆိုတော့ အဝတ်အစားနည်းနည်းပါ ဝယ်ခဲ့ဦး ရမ်ရှန့်မှာ ဝတ်စရာနည်းနည်းပဲ ပါလာတော့ တို့တွေက ထပ်ဝယ်ပေးရမယ်လေ ..." 


"ဟုတ်ကဲ့ပါ မဒမ် ..." 


အိမ်တော်ထိန်းက တပြုံးပြုံးဖြင့် အပြင်ထွက်သွားလိုက်တော့သည်။ သိပ်မကြာလိုက် ရုတ်တရက် ပြန်ဝင်လာပြန်သည်။ 


"မဒမ် မစ်ဝမ်က လော့ခဲမိသားစုရဲ့ သခင်ငယ်လေးနဲ့အတူတူ ရောက်လာပါတယ် ..." 


"ဝမ်ယွဲ့ ..." 


ကာတွန်းကားကြည့်နေသည့် ရမ်ရှန်ကို လှမ်းကြည့်နေသော သူမ၏ အမူအယာမှာ တစ်ဖြေးဖြေး အေးစက်လာသည်။ 


"ဟုတ်ပါတယ် မစ်ဝမ်ယွဲ့ပါ ..." 


အိမ်တော်ထိန်း၏ အမူအယာမှာလည်း သိပ်မကောင်းလှ။ 


"ဧည့်သည်လက်ခံဖို့ အချိန်မရှိ ..." 


သူမစကား မဆုံးခင်မှာပင် တစ်ယောက်ယောက်က အိမ်ထဲ ဝင်လာနေပြီဖြစ်သည်။ 


ရွှေရောင်ဆံပင်ရှည်နှင့် အမျိုးသား၊ အနက်ရောင်ဆံနွယ်၊ အညိုရောင်မျက်ဝန်းနှင့် နှင်းလိုဖြူဆွတ်နေသည့် အသားအရေပိုင်ရှင် အမျိုးသမီးတို့သည် သက်တော်စောင့်များ ခြံရံကာ ဝင်လာသည်။ 


ရှန်းချိုးရှစ်သည် ပြဿနာမဖြစ်စေရန် အလို့ငှာ ကျွန်းပေါ်တွင် အစေခံ လက်တစ်ဆုပ်စာခန့်ကိုသာ ခေါ်ထားခဲ့၏။ ထိုသည်ကပင် ဒီလူနှစ်ဦး အိမ်ထဲသို့ တန်းတန်းမတ်မတ် ဝင်လာနိုင်ရန် အခွင့်အရေးပေးလိုက်သလို ဖြစ်သွားတော့သည်။ 


"ဒီမှာ ဘာလာလုပ်တာလဲ ..." 


သူမက ဝမ်ယွဲ့ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ 


မျိုးရိုး‌ဗီဇပြောင်းလဲမှုများကြောင့် စွမ်းအင်ပိုင်ရှင်များသည် သာမန်သူများထက် ကလေးရရန် ခဲယဉ်းလှသည်။ အချို့ စွမ်းအင်ပိုင်ရှင်စုံတွဲများမှာ ကလေး ၁၀ ယောက်ထက်မနည်း ရနိုင်သော်ငြား အများစုမှာတော့ တစ်ယောက်မှ သုံးယောက်အထိသာ ရရှိနိုင်သည်။ ခွန်အားကြီးလေလေ သားသမီးရရန် ပိုခဲယဉ်းလေဖြစ်သည်။ 


ထို့အတွက်ကြောင့် ဖက်ဒရယ်ပြည်ထောင်စုသည် စွမ်းအင်ပိုင်ရှင်များ၏ မျိုးရိုးဗီဇနှင့် စွမ်းရည်တို့ကို ကူညီစစ်ဆေးကာ လိုက်ဖက်ညီသည့် လက်တွဲဖော် ရှာပေးသည့် ပရိုဂရမ်တစ်ခုကို ‌ရာစုနှစ်များစွာကတည်းက အသုံးပြုခဲ့သည်။ 


သူမ၏ အရှေ့ရှိ မိန်းကလေးမှာ ယခင်က သားဖြစ်သူနှင့် ကိုက်ညီနှုန်း အမြင့်ဆုံးသူဖြစ်သည်။ 


xxxxxxx