အပိုင်း ၈
Viewers 18k

Chapter 8


ဝမ်ယွဲ့၏ မိသားစုမှာ ကျောက်မိသားစုနှင့် မယှဉ်နိုင်သော်ငြား ၎င်းတို့သည်လည်း မိသားစုကြီးတစ်ခုပင်။ ဝမ်မိသားစုဝင်အများစုမှာ ရေစွမ်းအင်ပိုင်ရှင်များ ဖြစ်ကြသည်။ အများစုမှာ ဆေးပညာနယ်ပယ်တွင် အလုပ်လုပ်ကြကာ အသီးသီး ဂုဏ်သတင်းကျော်စောကြသူများ ဖြစ်သည်။ 


ကိုက်ညီမှုကို သိရှိပြီးချိန်မှစ၍ ဝမ်မိသားစုသည် သူမကို ကျောက်မိသားစုနှင့် လက်ထပ်ပေးနိုင်ရန် အသည်းအသန် ကြိုးပမ်းတော့သည်။ ကျောက်လင်းယွီ၏ အိမ်ထောင်ရေးကို စိတ်ပူနေသည့် ရှန်းချိုးရှစ်သည်လည်း ထိုစဉ်က လိုလားဟန်ပြခဲ့သည်။ ကျောက်လင်းယွီကလည်း သဘောတူညီခဲ့သဖြင့် ဝမ်မိသားစုနှင့် လက်ထပ်ရန်ပင် တိုင်ပင်နှင့်နေပြီဖြစ်သည်။ 


ကျောက်လင်းယွီ၏ မတော်တဆမှု မဖြစ်ပွားမီ မိသားစုနှစ်စုမှာ လက်ထပ်ရန်ပင် ဆွေးနွေးပြီးဖြစ်သည်။ မာရှယ်ကိုယ်တိုင်သည်ပင်လျှင် လက်ထပ်ပွဲအတွက်  မြို့တော်ကြယ်သို့ ခွင့်ယူပြီးပြန်ရန် ဆုံးဖြတ်ပြီးဖြစ်သည်။ 


ထိုအချိန်တွင်ပင် သူ၏ ထိခိုက်မှုက အချိန်ကိုက် ဖြစ်လာတော့သည်။  


ထိခိုက်မှုကြောင့် ရှန်းချိုးရှစ်မှာ ရက်အတော်ကြာ အလုပ်များသွားခဲ့ရသည့်အတွက် သူမနောက်မှ တစ်လှမ်းမကွာဘဲ လိုက်ပါလေ့ရှိသည့် ချွေးမလောင်းလေးမှာ ပေါ်မလာတာ အတော်ပင် ကြာနေပြီဖြစ်ကြောင်း ချက်ခြင်း သတိမထားမိလိုက်ပေ။ 


သားဖြစ်သူ၏ အဖြစ်ဆိုးကြုံရမှုတွင် တစ်ပါးသူ၏ သမီးကိုပါ အတူဆွဲချရန် မလိုအပ်ပေ။ သူမသည် သဘောထား ပွင့်လင်းသူတစ်ဦးဖြစ်ရာ ဝမ်မိသားစုသို့ သွားရောက်ပြီး လက်ထပ်ပွဲကို ဖျက်သိမ်းပေးရန် ရိုးရိုးသားသားပင် အကြောင်းကြားလိုက်သည်။ 


သို့သော်ငြား ဝမ်မိသားစုသို့ ရောက်သွားချိန်တွင်တော့ သူတို့က ကျောက်လင်းယွီနှင့် စေ့စပ်ပွဲပင် မလုပ်ခဲ့ဟု ငြင်းဆန်တော့သည်။ 


ဝမ်ယွဲ့နှင့် လော့ခဲမိသားစု၏ သခင်ငယ်လေးတို့မှာ ရင်းနှီးနေကြပြီဟု မကြားရခင်အထိ သူမမှာ ဘယ်လိုတုန့်ပြန်သင့်မှန်း မသိခဲ့။ 


ကျောက်မိသားစုကဲ့သို့ပင်။ လော့ခဲမိသားစုသည်လည်း ထိပ်သီး မိသားစုငါးစုတွင် အပါအဝင်ဖြစ်ကာ နိုင်ငံရေးတွင် ပါဝင်ခဲ့ကြသူများဖြစ်သည်။ စစ်တပ်တွင်လည်း ဩဇာလွှမ်းမိုးနိုင်သော်ငြား ကျောက်မိသားစုကတော့ ၎င်းတို့နှင့် မပူးပေါင်းခဲ့ပေ။ 


လော့ခဲမိသားစုကို တွယ်တက်ရန်အတွက် ကျောက်မိသားစုနှင့် လက်ထပ်ပွဲကို အသည်းအသန်ငြင်းခဲ့သည် ဆိုသည့်အချက်မှာတော့ ယုံမှားဖွယ်ရာမရှိပေ။ 


သူမသားနှင့် ချစ်ကျွမ်းဝင်လုဆဲဆဲ ဝမ်ယွဲ့က ချက်ခြင်း အခြားသူ၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားသည်ကို မြင်လိုက်ရချိန်တွင်တော့ ရှန်းချိုးရှစ်၏ စိတ်ပျက်မှုက အနှိုင်းမရှိတော့။ ကုန်သွယ်ရေးဌာနချုပ်နှင့် လက်ထပ်ရန် သဘောတူညီချက် ပြုလုပ်ပြီးမှသာ တစ်ဖန်ပြန်လည်တက်ကြွလာတော့သည်။ 


ထိုစဉ်ကမူ သူမသည် ကျောက်နှင့် ဝမ်မိသားစုအကြား ဆက်စပ်စရာအကြောင်း မရှိတော့ဟုသာ တွေးခဲ့သည်။ သို့သော် အဆိုတော်တစ်ဦးဖြစ်သူ ဝမ်ယွဲ့က ပရိသတ်ရှေ့ ထွက်လာကာ အသဲကွဲနေဟန်ဖြင့် ကျောက်မိသားစုနှင့် ကုန်သွယ်ရေးဌာနချုပ်တို့သည် လက်ထပ်စာချုပ်ချုပ်လိုက်ကြပြီဟု ညှိုးလျော်အားလျော့စွာ ဆိုလာပြန်သည်။ 


ကျောက်နှင့် ဝမ်တို့၏ လက်ထပ်ပွဲကို လူသိရှင်ကြား ချမပြထားသော်ငြား အတိတ်တွင် ဝမ်ယွဲ့သည် ရှန်းချိုးရှစ်နောက် တကောက်ကောက်လိုက်နေသည့်အတွက် သူမကို ကျောက်လင်းယွီ၏ ချစ်သူမိန်းကလေးဟု အားလုံးက သိထားကြပြီးဖြစ်သည်။ ကျောက်လင်းယွီ ဒဏ်ရာရချိန်တွင် သူမက အသံတိတ်နေကာ ဘာတစ်ခုကိုမှ ထုတ်ပြောမလာခဲ့။ အခုတော့ ... 


လူများက သူမကို ကရုဏာသက်စပြုလာကာ သူမ၏ ပရိတ်သက်များကတော့ ကျောက်မိသားစုမှာ နှလုံးသားမဲ့လွန်းလှသည်ဟုပင် သမုတ်လာကြသည်။ 


ရှန်းချိုးရှစ်သည် ကျောက်မိသားစုနှင့် ကုန်သွယ်ရေးဌာနချုပ်အကြား လက်ထပ်ပွဲကို သီးသန့်သာ လျှို့ဝှက်ထားသည်။ သို့သော် သတင်းက ရုတ်တရက် ပျံ့နှံ့လာကာ လူတိုင်း သိရှိသွားတော့သည်။ 


ဝမ်ယွဲ့က ကျောက်လင်းယွီနှင့် လက်ထပ်ရန် သဘောတူခဲ့မိသည်ကို နောင်တရမိလျှင်ပင် ရှန်းချိုးရှစ်အနေဖြင့် စိတ်ထဲထားမည်မဟုတ်။ သူမနှင့် ကျောက်လင်းယွီတို့မှာ ဘာခံစားချက်မှ မပေါ်ပေါက်ခဲ့သည့်အတွက် အချိန်မရွေး ရုတ်သိမ်းနိုင်ပေသည်။ သို့သော် ကျောက်မိသားစုကို နင်းချသွားသည့်အချက်ကိုတော့ သူမအနေဖြင့် လုံးဝ လက်သင့်မခံနိုင်ချေ။ 


ထိုအချိန်မှစ၍ ဝမ်ယွဲ့အပေါ် သူမ၏ နှစ်လိုမှုတို့က အစပင် ရှာမရဝောာ့။ ရွံရှာမှုတို့သာ ကျန်ရစ်ခဲ့တော့သည်။ ရွံရှာစက်ဆုပ်သော်ငြား သားဖြစ်သူ၏ ကျန်းမာရေးမှာ ပို၍ပို၍ ဆိုးရွားလာသည့်အတွက် သူမကို ပြဿနာမရှာအား။ ထိုကြောင့်ရယ်လားတော့မသိ။ သူမတို့ မိသားစု တစ်ဖြေးဖြေး အခြေအနေပြန်ကောင်းလာချိန်တွင် ထိုဝမ်ယွဲ့က အိမ်တံခါးရှေ့ ရောက်လာရဲသည်အထိပင် အတင့်ရဲလာတော့သည်။ 


သူမကို မြင်လိုက်ရချိန်တွင် ရှန်းချိုးရှစ်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နားနှင့်မဆန့်လောက်အောင် ကြားခဲ့ရသည့် သတင်းများကိုသာ ပြန်တွေးမိတော့၏။  


ဝမ်ယွဲ့က လူရှေ့သို့ ကြိမ်ဖန်များစွာ ထွက်လာကာ သနားကရုဏာတို့ကို သိမ်းကြုံးယူသွားသည့်အပြင် အချစ်သစ်တစ်ခုကိုပါ ရှာလိုက်သေးသည်။ 


ဝမ်ယွဲ့နှင့် နှိုင်းစာပါလျှင် ကာတွန်းကိုသာ စိတ်ဝင်တစား ကြည့်နေသည့် ရမ်ရှန့်ကမှ နှစ်လိုဖွယ် ကောင်းသည်ဟုသာ တွေးမိတော့သည်။ 


"အန်တီရှန်း ..." 


ဝမ်ယွဲ့၏ မျက်ဆံတို့က ရုတ်ချည်း ရဲရဲနီလာသည်။


"ငါ့ကို အန်တီလို့ မခေါ်ပါနဲ့တော့ ..." 


ရှန်းချိုးရှစ်က နှာခေါင်းရှုံ့ကာ ဝမ်ယွဲ့ဘေးရှိ လူငယ်လေးကို လှမ်းကြည့်လိုက်သည်။ 


"လော့ခဲမိသားစုရဲ့ ဒုတိယသခင်လေး ... မတ်သရူးလို့ခေါ်တာ ဟုတ်တယ်နော် ... မင်းရည်းစားက သူ့ရဲ့ အရင်က ခင်ပွန်းလောင်းကို လာတွေ့တာတောင်မှ စိတ်အခြေအနေ ကောင်းနေသေးတယ်ပေါ့ ..." 


"အန်တီရှန်း ... အန်တီက အစ်ကိုကျောက်နဲ့ လက်ထပ်စေချင်ခဲ့ပေမယ့် ကျွန်မက သူ့ကို တစ်ခါမှ မချစ်ခဲ့ဖူးပါဘူး အခု ဒီကိုလာရတာကလည်း တောင်းပန်ပါတယ်လို့ ပြောချင်လို့ပါ ... ကျွန်မက မကြာခင် စေ့စပ်တော့မှာဆိုတော့ အန်တီရှန်းလည်း ပွဲတက်ပေးနိုင်ရင် ကောင်းမှာပဲ ..." 


သူမက ထပ်ပြောလိုက်သည်။ 


"ငါတို့ကို ခြေထောက်တက်နင်းရတာ အားမရလို့ ဓားနဲ့ပါ ထိုးဦးမယ်ပေါ့ ဟုတ်လား... 


ရှန်းချိုးရှစ်က သူမလက်ကောက်ဝတ်ရှိ ဆက်သွယ်ရေးစက်ကို တစ်ချက်ကြည့်ကာ သရော်ပြုံး ပြုံးလိုက်သည်။

8.2


"ဆိုတော့ မင်းက ဒီအန်တီကို‌ နေကုန်နေခမ်း လင်းယွီကြိုက်တတ်တာတွေ လိုက်မေး သူ့ကို ဟိုဟာဒီဟာတွေ အများကြီးပို့နဲ့ တစ်လျှောက်လုံး အနှောင့်အယှက်ပေးလာတာတောင်မှ သူ့ကို မကြိုက်ဘူးလို့ ပြောချင်သေးတယ်ပေါ့  ဟုတ်လား ..."


"အန်တီ ... ဝောာင်းပန်ပါတယ် အဲ့ဒီတုန်းက ငြင်းရမှာကို ကြောက်နေလို့ပါ..." 


"ငါ့သားက မင်းနဲ့ လက်ထပ်ပွဲအပေါ် မှီခိုဖို့ လိုအပ်မယ်များ ထင်နေလို့လား ..." 


သူမက သရော်လိုက်သည်။ 


"အရင်က မဟုတ်ပေမယ့် နောက်ပိုင်းကျ ဟုတ်ချင်ဟုတ်လာမှာပေါ့ ..." 


မတ်သရူးက ရယ်ကာ ဘေးနားတွင် ထိုင်နေသည့် ရမ်ရှန့်ကို လှမ်းကြည့်လိုက်သည်။ 


"ကျွန်တော့်အထင်ပြောရရင် ဒီကေးက ကုန်သွယ်ရေးဌာနချုပ်က ပို့လိုက်တဲ့တစ်ယောက်ထင်တယ် ဟုတ်တယ်မလား သူ့ပုံစံကြည့်ရတာတော့ ကျောက်လင်းယွီအပေါ် ခံစားချက်ရှိဟန်လည်း မတူပါဘူး  မင်းရဲ့ အချစ်ပြိုင်ဘက်က တံခါးရှေ့ရောက်လာတာတောင်မှ ဘယ်လိုမှ မနေဘူးဆိုတော့ ရူးနေတာလား ဒါမှမဟုတ် စိတ်မဝင်စားတာလား ..." 


"အန်တီ ... ဘာလို့များ အစ်ကိုကျောက်ကို ဒီလိုလူမျိုး ရှာပေးရတာလဲ သူက အစ်ကိုကျောက်ကို ချစ်ခင်မယ့်ပုံလည်း မပေါ်ပါဘူး ..." 


ဝမ်ယွဲ့က ရမ်ရှန့်ကို ရန်လိုသည့်အကြည့်တို့ဖြင့် ကြည့်ရင်း ပြောလိုက်သည်။ 


သူမက ကျောက်လင်းယွီကို လက်မထပ်ချင်တော့သော်ငြား သူ အခြားသူတစ်ဦးနှင့် လက်ထပ်သွားမည်ကိုလည်း မနှစ်မြို့ပေ။ 


ရမ်ရှန့်က တီဗီကြည့်နေသည်ဆိုသော်ငြား သူတို့၏ စကားဝိုင်းကိုလည်း နားစွင့်ထားသည်။ များများစားစား နားမလည်၍သာ အသံတစ်သံမှ ထွက်မလာခြင်းဖြစ်သည်။ ဒါပေမယ့် နေပါဦး အခု သူတို့က သူ့အကြောင်း ပြောနေကြတာလား ... သူက ဝမ်ယွဲ့ကို လှည့်ကြည့်ကာ မေးလိုက်သည်။ 


"အန်တီ ... သူမက ဘယ်သူလဲဟင် ..." 


ဝမ်ယွဲ့၏မျက်နှာမှာ ဖြူလျော်သွားတော့သည်။ သူမသည် ဖက်ဒရယ်တွင် ကျော်ကြားလှသည့် အဆိုတော်ဖြစ်သော်ငြား ဒီတစ်ယောက်ကတော့ သူမကို သိပင်မသိချေ။ 


သူမက တစ်ခုခု ပြောလိုက်တော့မည့်အချိန်တွင် ရှန်းချိုးရှစ်က အရင်ပြောလိုက်သည်။ 


"သူမက လင်းယွီနဲ့ လက်ထပ်တော့မလို ဖြစ်ခဲ့တာလေ ဒါပေမယ့် အခုတော့ ..." 


"အန်တီ မာရှယ်က ကျွန်တော့်လူလေ သူ့ကို ဘယ်သူ့လက်ထဲမှ မထည့်နိုင်ဘူးနော် ..." 


ရမ်ရှန့်က ဝမ်ယွဲ့ကို ဒေါသတကြီးကြည့်ကာ  ပြောလိုက်သည်။ 


"မသန်စွမ်းကောင်က ဘာများ ကောင်းနေလို့လဲ ... မင်းရဲ့ အိုင်ကျူက တကယ်ကို နိမ့်တာပဲ ..." 


မက်သရူးက အထင်သေးစွာ ပြောလိုက်သည်။ 


သူ့ကို လှည့်ကြည့်လာသည့် ရမ်ရှန့်၏ မျက်နှာလေးမှာ အင်မတန်မှ သိမ်မွေ့လွန်းလှသည်။ သူ့ကို ထိကိုင်လိုက်ချင်စိတ်တို့မှာ ထိန်းချုပ်၍ မရနိုင်လောက်အောင်ပင် ဖြစ်မိတော့သည်။ သို့သော် သူက ကျောက်လင်းယွီကို အမှန်အကန်ကို သဘောကျနေသူ ဖြစ်နေ၏။ 


"ကျွန်တော်က ပြိုင်ဘက်ကင်း အဲဒါကြောင့် ကျွန်တော့်ဆီကနေ လုယူဖို့ မစဉ်းစားနဲ့ ..." 


ရမ်ရှန့်က အကြည့်ချင်း စစ်ခင်းလိုက်သည်။ 


"တော်လိုက်တဲ့ကလေး ..." 


ရှန်းချိုးရှစ်က သူ့‌ခေါင်းကို ပွတ်ပေးပြီးနောက် ဝမ်ယွဲ့ကို လှည့်ကြည့်လိုက်သည်။ 


"ဟုတ်သားပဲ ဝမ်ယွဲ့ စေ့စပ်ချင်တယ်မလား မင်းစိတ်ကြိုက်သာလုပ် ငါလာဖို့တော့ စိတ်တောင်မကူးနဲ့ ... အော် ဒါနဲ့ ငါ့သားက အခုနောက်ပိုင်း ပိုပိုဆိုးလာတော့လေ ဘယ်သူ့ကိုမဆို အချိန်မရွေး ဖောက်ခွဲပစ်နိုင်တယ် ဆိုတော့ ဒီမှာ ဆက်နေနေဦးမယ်ဆိုတာ သေချာပြီလား ...." 


ဝမ်ယွဲ့သည် မလာခင်ကပင် ဆေးပညာဗဟိုဌာနတွင် အလုပ်လုပ်နေသည့် ဦးလေးဖြစ်သူကို ကျောက်လင်းယွီ၏ အခြေအနေ အဆင်ပြေနေကြောင်း အတည်ပြုခဲ့ပြီးဖြစ်သည်။ သို့သော်ငြား ရှန်းချိုးရှစ်၏ စကားများက သူမကို ထိတ်လန့်စေဆဲပင်။ 


အရောင်စုံ ပြောင်းလဲနေသော မျက်နှာနှင့်အတူ သူမက အတင်းဖျစ်ညှစ်ပြုံးပြရင်း ပြောလိုက်သည်။ 


"ဒါဆို အန်တီရေ ခွင့်ပြုပါဦးနော် ..." 


သူတို့နှစ်ဦးထွက်သွားကာမှ ရှန်းချိုးရှစ်လည်း လက်ထဲမှ ကင်မရာကိုပိတ်ကာ ရမ်ရှန့်၏ ဆံပင်ကို ဖွဖွလေး သပ်ပေးလိုက်ပြန်သည်။ 


"တော်လိုက်တဲ့ကလေး ..." 


ရမ်ရှန့်၏ အပြုအမူက သူမကို ပိုပြီး သဘောတွေ့စေသည်မှာတော့ မုချပင်ဖြစ်သည်။ ထိုသည်သာမက ဝမ်ယွဲ့၏ အကူအညီဖြင့် တိုက်ရိုက်လွှင့်ကာ အမည်ပျက်ကို ရှင်းနိုင်ခဲ့သေးသည်။ 


"အန်တီ ... ကျွန်တော့်အရွက် ... မဟုတ်ပါဘူး ဆံပင်တွေ ပွကုန်တော့မယ် ..." 


ရမ်ရှန့်က ဆံပင်တို့ကို ပုံပြန်သွင်းရင်း အလုပ်များနေတော့သည်။


"ကလေးလေး မင်းကတော့ ကိုယ့်ဘာသာ ဘာပြောမိမှန်းတောင် မသိဘူးပဲ ..." 


သူမက အသာရယ်မောလိုက်သော်ငြား ချက်ခြင်းပင် ရပ်တန့်သွားခဲ့သည်။ ဝမ်ယွဲ့ကို ကျင်းတူးပေးပြီးဖြစ်သော်လည်း သူမ၏ စိတ်တို့မှာ ကြည်လင်မလာသေးပေ။ 


"လူတိုင်းက ဒီလိုပြောကြတာပဲကို ..." 


ရှန်းချိုးရှစ်မှာ မပျော်မရွှင်ဖြစ်နေသည့်အတွက် ရမ်ရှန့်သည် သူ့သခင်ကို နမူနာယူကာ သူမ၏ ပုခုံးကို ပုတ်ပေးလိုက်သည်။ 


"အန်တီရေ စိတ်မညစ်နဲ့နော် မာရှယ်က မသန်စွမ်းမှ မဟုတ်တာ သူက တစ်ဖြေးဖြေး ပိုကောင်းလာပြီလေ အပြည့်အဝသာ သက်သာလာကြည့် အဲ့ဒီ့မိန်းမ သေချာပေါက်ကို နောင်တရမှာ ဒါပေမယ့် ကျွန်တော်ကတော့ မာရှယ့်ကို လုယူခွင့် မပေးပါဘူးနော် ..." 


သူမကတော့ ရမ်ရှန့်လောက် အကောင်းမမြင်နိုင်သေး။ သူယူလာသည့်ဆေးမှာ ကျောက်လင်းယွီ၏ ခန္ဓာကိုယ်ကို ပြုပြင်ပေးနိုင်သည်ထားဦး။ စွမ်းအင်များက ဆက်ရှိနေဦးမည်ဖြစ်ရာ လုံးဝဥဿုံ ပျောက်ကင်းနိုင်ရန်မှာ မဖြစ်နိုင်ပေ။ သို့သော် သူမကခေါင်းငြိမ့်ပြမိဆဲပင်ဖြစ်သည်။ 


"ဟုတ်ပါပြီ လင်းယွီက မင်းရဲ့လူပါရှင် အချိန်ကျလာမှ အဲ့ဒီ့ကလေးမကို နောင်တရအောင် လုပ်ကြတာပေါ့ ..." 


ရမ်ရှန့်၏ မျက်လုံးတို့က တဖျတ်ဖျတ် တောက်လာတော့သည်။ 


"လင်းယွီက ကျွန်တော့်အပိုင် ..." 


ကျောက်အိမ်တော်မှာ အေးဆေးတည်ငြိမ်နေသော်ငြား တစ်ဖက်ရှိ ဝမ်ယွဲ့နှင့် မက်သရူးတို့မှာတော့ အခက်ကြုံနေရပြီဖြစ်သည်။ ဝမ်ယွဲ့သည် ချက်ခြင်း စေ့စပ်လိုက်သည့်အတွက် ပြစ်တင်ပြောဆိုခြင်း ခံရမည်ကို  စိုးရိမ်သည့်အတွက် ကျောက်အိမ်တော်သိူ့ သွားခဲ့ခြင်းဖြစ်သည်။ သူမက လူထု၏ နှစ်ခြိုက်မှုကို ရရှိရန် တစ်စုံတစ်ခုကို ဖန်တီးလိုခဲ့ခြင်းဖြစ်သည်။ 


ကျောက်အိမ်တော်မှ ထွက်လာချိန်တွင် ကျောက်လင်းယွီ အခြားသူနှင့် လက်ထပ်သွားသည့်အပေါ် သူမ၏ ဝမ်းနည်းမှုကို မသိမသာ ချပြရန် ကြံစည်ခဲ့‌ပေသည်။ ထိုအခါ လူထုက အန္တရာယ်ကိုပင် မမှုဘဲ ကျောက်လင်းယွီကို သွားတွေ့ခဲ့သည့် သူမအား ကရုဏာသက်လာကြမည်ဖြစ်သည်။ ထိုအခါမှ စေ့စပ်သည့်သတင်းကို ထုတ်ပြန်လိုက်ပါလျှင် အားလုံးလည်း လွယ်လွယ်ကူကူ လက်ခံကြပြီး ကျောက်မိသားစုကတော့ အားလုံး၏ ဒေါသပုံထခြင်းကို ခံရမည်ဖြစ်သည်။  


ဇာတ်ညွှန်းက ကောင်းလှသော်ငြား ရှန်းချိုးရှစ်၏ တုန့်ပြန်မှုကို ထည့်စဉ်းစားရန် မေ့သွားခဲ့မိသည်။ 


ရှန်းချိုးရှစ်မှာ ယခင်လိုပင် သူမကို လျစ်လျူရှုထားလိမ့်မည်ဟုသာ တွေးခဲ့မိသည်။ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည့် သားဖြစ်သူကြောင့် ပြင်ပသတင်းများနှင့် လူထုအမြင်ကို ဂရုစိုက်ချိန် မရှိလောက်ဟု တွေးထားခဲ့သော်ငြား ရှန်းချိုးရှစ်၏လုပ်ရပ်မှာ သူမ၏ တွက်ဆမှုနှင့် ပြောင်းပြန်ပင်။ 


ထို့ကြောင့် ယာဉ်ပျံထဲမှ အပူမျက်နှာဖြင့် ထွက်လာချိန်တွင် သူမ ရရှိလိုက်သည်မှာ သနားကြင်နာမှု မဟုတ်ဘဲ မီဒီယာ၏ အထင်သေးရှုံ့ချမှုသာ ဖြစ်နေတော့သည်။


xxxxx