အပိုင်း ၉
Viewers 18k

Chapter 9


ကျောက်မိသားစုနှင့် ကုန်သွယ်ရေးဌာနချုပ် ဥက္ကဌ၏ သားဖြစ်သူ ကေးမျိုးနွယ်တို့အကြား လက်ထပ်မှုကို ဝမ်ယွဲ့ ထုတ်ပြောလိုက်ချိန်မှစ၍ မြို့တော်ကြယ်အနှံ့ ပြစ်တင်ဝေဖန်သံတို့ မပြတ်ထွက်ပေါ်လာတော့သည်။ 


သာမန်သူတို့၏ အမြင်တွင် ထိုကေးသည် ကျောက်လင်းယွီနှင့် လုံးဝ မထိုက်တန်။ ထို့အပြင် သားဖြစ်သူကို ရောင်းစားသည့် ကုန်သွယ်ရေးဌာနချုပ်ဥက္ကဌ၏ အပြုအမူမှာလည်း ရှုံ့ချဖွယ်ရာပင်။ 


တစ်ဖက်တွင်မူ ဝမ်ယွဲ့က အားလုံး၏ စာနာသနားမှုကို လက်ခံရရှိခဲ့သည်။ သူမချစ်ရတဲ့ အမျိုးသားက ပြင်းပြင်းထန်ထန် ထိခိုက်သွားတဲ့အပြင်ကို တစ်ခြားတစ်ယောက်နဲ့ပါ လက်ထပ်ဦးမှာတဲ့လေ ... ဝမ်ယွဲ့ကတော့ တကယ်ကို နာကျင်ဝမ်းနည်းနေတော့မှာပဲ ... 


လူထု၏ အမြင်မှာ ထိုကဲ့သို့ပင် ဖြစ်သည်။ ဝမ်ယွဲ့၏ ပရိသတ်များကို အသာထားဦး။ ကျောက်လင်းယွီ၏ ပရိသတ်များသည်ပင် သူမနှင့် ပြတ်စဲပြီးပြီးချင်း နောက်တစ်ယောက်နှင့် လက်ထပ်လိုက်သည်ကို သဘောမတွေ့ကြ။ ဆန်ကုန်မြေလေးဟုပင် တွေးမိကြတော့သည်။ 


ကျောက်လင်းယွီ၏ ဂုဏ်သတင်းမှာ မြင့်မားလှသည့်အတွက် တွေးသာတွေးပြီး ထုတ်မပြောရဲကြ။ ထို့ကြောင့် သူတို့၏ မကျေချမ်းမှုအားလုံးကို မဟာမိတ်‌တပ်ပေါင်းစုမှ မြို့တော်ကြယ်ဆီ ရောက်လာခဲ့သည့် ကေးထံသာ ပုံချလိုက်ကြတော့သည်။ 


ဝမ်ယွဲ့က ဒီမနက် ကျောက်အိမ်တော်သို့ သွားမည်ဟု ဆိုရှယ်မီဒီယာတွင် တင်ပြီးနောက်ပိုင်း ရမ်ရှန့်ကို အပြစ်ဆိုကြသည့် လူဦးရေမှာ မထင်မှတ်ထားလောက်အောင်ပင် တိုးများလာသည်။ ထိုသည်သာမက လူထု၏ ကျောက်မိသားဟုအပေါ် ထင်မြင်ချက်မှာလည်း ပို၍ပင် ဆိုးဝါးလာတော့၏။ 


ဝမ်ယွဲ့မှာ ဆွေကြီးမျိုးကြီး စွမ်းအားရှင်အမျိုးသမီး ဖြစ်သော်ငြား စွမ်းအင်ကပြောင်းကပြန်ဖြစ်ကာ အချိန်မရွေး ဒုက္ခပေးနိုင်သည့် ကျောက်လင်းယွီကို သွားတွေ့ရန် ဆန္ဒရှိနေဆဲပင်ဖြစ်သည်။ ထိုသည်မှာ နက်ရှိုင်းလှသည့် ချစ်ခြင်းမေတ္တာ၏ ပြယုဂ်ဖြစ်သော်ငြား ကျောက်မိသားစုကတော့ သူမအကြောင်း တစ်ခွန်းမှပင် ဟမလာခဲ့။ 


ကျောက်လင်းယွီ၏ အပြုအမူမှာလည်း မမှားဟု ထင်မြင်ကြသူများပင်လျှင် သူမကို တစ်ဖြေးဖြေး နှစ်သက်စပြုလာသည်။ သတင်းကြားပြီးချိန်တွင်တော့ အားလုံးက ထိုအမျိုးသမီးအဆိုတော်ကို တစ်ဖြေး‌ဖြေး အာရုံစိုက်မိလာကြတော့သည်။  


ဝမ်ယွဲ့သည် ကျောက်မိသားစု နေထိုင်ရာကျွန်းသို့ ရောက်နေပြီဖြစ်ကြောင်း မီဒီယာက အတည်ပြုလိုက်ချိန်တွင်တော့ အားလုံးက ကျောက်မိသားစု၏ တုန့်ပြန်ပုံကို စိတ်ဝင်တစား စောင့်ကြည့်နေကြတော့သည်။ 


သို့သော်ငြား အမြဲတမ်း ခပ်လျှိုလျှိုသာနေကာ ဆိုရှယ်မီဒီယာတွင် တစ်ခါမှ ပို့စ်မတင်ဘူးသည့် ကျောက်သခင်မ ရှန်းချိုးရှစ်ကလည်း အချိန်ကိုက် တိုက်ရိုက်ထုတ်လွှင့်လာပြန်သည်။ 


သူမ၏ သရုပ်မှန်မှာ ထူးခြားလှရာ ပိုစ့်တစ်ခုမျှ တင်ထားခြင်း မရှိသော်ငြား follow လုပ်ထားသူ အရေအတွက်တော့ မနည်းလှပေ။ ထို့ကြောင့် မရေမတွက်နိုင်သည့် ကြည့်ရှုသူတို့က သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကနဦးအစကတည်းကပင် ဖွင့်ကြည့်လိုက်ကြသည်။ ထို့နောက်တွင်တော့ အားလုံး၏ မျက်နှာမှာ ဖြတ်ရိုက်ခံရ၍ ဖြူဖျော့သွားတော့သည်။ ကျောက်လင်းယွီကို အစဉ်တစ်စိုက် လေးစားခဲ့ကြသူများ၏ ဝမ်ယွဲ့အပေါ် ထင်မြင်ချက်များမှာ အဝီစိအထိ ထိုးဆင်းသွားတော့သည်။ 


သူမက မာရှယ်ကို နက်နက်ရှိုင်းရှိုင်းပင် ချစ်ကျွမ်းဝင်နေသည်ဟု ထင်ကြသော်ငြား သူမ၏ စိတ်ရင်းအမှန်မှာ တစ်မျိုးဖြစ်နေမည်ဟုတော့ လုံးဝ မတွေးထားမိ။ ကုန်သွယ်ရေးဌာနချုပ်မှ လာသည့် ကေးနှင့် ယှဉ်နိုင်ဖွယ်ရာပင် မရှိချေ။ 


ရှန်းချိုးရှစ်၏ နောက်နားတွင် ရပ်နေသည့် ကေး၏ မျက်နှာကို မတွေ့လိုက်ရသော်ငြား သူ့စကားအချို့ကပင်လျှင် မူလက မုန်းတီးနေသူများ၏ အတွေးကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်သည်။ ဝမ်ယွဲ့ကဲ့သို့ အတွင်းပုပ်လှသည့် အမျိုးသမီးအစား ကေးတစ်ယောက်ကိုသာ ပိုပြီး နှစ်သက်ပါသည်ဟု တိုက်ရိုက်ထုတ်ပြောလာသူများပင် ရှိလာတော့သည်။ 


ထိုအချိန်တွင် ရှန်းချိုးရှစ်က ဝမ်ယွဲ့နှင့် မီဒီယာတစ်ခု အင်တာဗျူးနေသည်ကို တိုက်ရိုက်ကြည့်နေသည်။ 


အစပိုင်းတွင် သူမက ကျောက်မိသားစု၏ ပြစ်တင်ကြိမ်းမောင်းခြင်းကို ခံခဲ့ရပါသည်ဟု ညှိုးလျော်ဝမ်းနည်းနေဟန်အပြည့်ဖြင့် ပြောပြလာသည်။ သို့သော် ယနေ့မနက် ဖြစ်ပျက်ခဲ့သည်များမှာ အင်တာနက်ပေါ် ရောက်နေပြီဟု သိလိုက်ရချိန်တွင်တော့ သူမ၏ လက်ထောက် အကူအညီဖြင့် ချက်ခြင်း ပြေးထွက်သွားရတော့သည်။ 


ထိုသည်ကို ကြည့်နေသော ရှန်းချိုးရှစ်က ခါးသီးစွာ ပြုံးလိုက်သည်။ 


မူလကမူ သူမလည်း ဝမ်ယွဲ့၏ လုပ်ကြံမှုကို ဖြေရှင်းရန် စိတ်ကူးမရှိခဲ့။ ထိုသတင်းသာ ထွက်လာပါက ကျောက်မိသားစုလည်း အနည်းနှင့်အများ မျက်နှာပျက်ရမည်ဖြစ်သည်။ သို့သော် ဝမ်ယွဲ့၏ အိမ်တော်အတွင်း ဇွတ်အတင်း ဝင်ရောက်လာမှုက သူမကို စိတ်ပျက်စေသလို အပြင်လူများကလည်း ရမ်ရှန့်ကို အမြင်စောင်းနိုင်မည်ဖြစ်၍သာ တိုက်ရိုက်ထုတ်လွှင့်ခြင်းကို လုပ်ခဲ့ခြင်းဖြစ်သည်။ 


ယခု ဝမ်ယွဲ့နှင့် ရန်သူဖြစ်သွားကြပြီ ဆိုသော်ငြား သူမ၏ ယခင်က ချွေးမလောင်းမှာ အတော်ပင် ကြောက်ဖို့ကောင်းသည်မှာလည်း အမှန်ပင်ဖြစ်သည်။ 


"အဲဒါ ဘာကြီးလဲ ..." 


သူမလက်ထဲရှိ ခပ်ပြားပြားသေတ္တာတစ်လုံးကို သတိပြုမိသွားသော ရမ်ရှန့်က တစူးတစမ်း မေးလိုက်သည်။


"ဒါက နေရာတကာ သယ်သွားလို့ရတဲ့ ကွန်ပျူတာလေ မင်းအတွက် လက်ဆောင်ပေါ့ ..." 


သူမက သူ့ကို ကမ်းပေးလိုက်သည်။ ထို့နောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် သူမဗီဒီယိုအောက်ရှိ မှတ်ချက်များကို ဖွင့်ပြလိုက်သည်။ 


"ကြည့်ပါဦး လူအများကြီးက မင်းကို ချီးကျူးနေကြတယ် ..." 


သူ့ကို ချီးကျူးနေသည်သာမက သူ့ရုပ်ကလေးကိုပါ မြင်တွေ့ချင်ကြသူများကလည်း မနည်းမနောပင်။ သို့သော် သူမကတော့ ဘယ်သူ့ကိုမှ ထုတ်ပြမည် မဟုတ်ချေ။ 


ရမ်ရှန့်က တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ 


"အများကြီးဆိုတော့ မဖတ်တတ်ဘူး ဒီက စကားလုံးတွေက အရမ်းထူးဆန်းတာပဲ ရှုပ်ထွေးနေတဲ့ သင်္ကေတတွေက ပိုတောင် ထူးဆန်းသေးတယ် ..." 


"နားမလည်လည်း ကိစ္စမရှိဘူးနော် နောက်ပိုင်းကျမှ အန်တီ ဖြေးဖြေးချင်း သင်ပေးမယ် ..." 


သူမက ခပ်သာသာလေး ရယ်ကာ ရမ်ရှန့်ကို ကလေးများအတွက် ဗဟုသုတဖြစ်ဖွယ်ရာ ကာတွန်းများ ကူရှာပေးလိုက်သည်။ 


ရမ်ရှန့်ကလည်း ပျော်ပျော်ရွှင်ရွှင်ဖြင့်ပင် နောက်တစ်ခေါက် ထပ်ကြည့်လိုက်သည်။ ယခင်သိုလှောင်ထားသည့် အာဟာရဓာတ်များကို မစုပ်ယူရသေးသည့်အပြင် ညစာစားချိန်လည်း မဟုတ်သေးရာ မာရှယ့်အခန်းကို နည်းနည်း နောက်ကျပြီးမှ သွားလျှင်လည်း အဆင်ပြေပါသေးသည်။ 


အိမ်နှင့် မလှမ်းမကမ်းရှိ ကျောက်လင်းယွီမှာတော့ တံခါး‌ဝကိုသာ အကြိမ်ကြိမ် လှမ်းမျှော်ကြည့်နေ‌ တော့သည်။ 


ဘာလို့ သူ့ကို အမြဲတမ်း ကပ်တွယ်နေတဲ့ ‌ကောင်လေးက ရောက်မလာသေးတာလဲ ... တစ်ချိန်လုံး လှဲနေရတုန်းကတောင် အထီးကျန်တယ်လို့ မခံစားရဘဲနဲ့ ဘာလို့ အခုမှ လွမ်းသလိုလို ဖြစ်နေရတာလဲ ...

9.2


မာရှယ်ကြီး အထီးကျန်နေချိန်တွင် ဝမ်မိသားစုမှာလည်း အခြေအနေ မကောင်းလှ။ လော့ခဲမိသားစုသည် မကောင်းသတင်း ရှိလာပြီဖြစ်သော ဝမ်ယွဲ့နှင့် မစေ့စပ်လိုတော့ပေ။ 


"အကြောင်းပြချက်ကောင်းကောင်း မရှိဘဲနဲ့ ဘာလို့ ကျောက်မိသားစုကို သွားခဲ့တာလဲ အခုကြည့် လော့ခဲမိသားစုက ငါတို့ကို အမြင်မကြည်တော့ဘူး ..." 


အဖေဝမ်က သူမကို စိတ်ဆိုးမာန်ဆိုးဖြင့် ကြိမ်းမောင်းလိုက်သည်။ 


" အတွေးချော်သွားမိပါတယ် ..." 


ဝမ်ယွဲ့က အံကို တင်းတင်းကြိတ်ကာ ပြန်ဖြေလိုက်သည်။  ကျောက်မိသားစုသည် ယခင်ကလည်း ဒီလိုပင် ဖြစ်ရာ ရှန်းချိုးရှစ်က ဒါမျိုး လုပ်ရဲလိမ့်မည်ဟု တွေးပင် မတွေးမိခဲ့ချေ။ သူမက အနာဂတ်မှာ လော့ခဲမိသားစုနဲ့ ပြဿနာတက်မှာကို မကြောက်ဘူးလား ... 


သူမသမီးကို ပြစ်တင်ကြိမ်းမောင်းနေသည်အား မြင်လိုက်ရချိန်တွင်တော့ အမေဝမ်က ချက်ခြင်းပင် ကူပြောလိုက်တော့သည်။ 


"သမီးကိုပဲ ပြောမနေနဲ့ ရှင်သာ ယွဲ့ယွဲ့ကို အမြင့်မတက်စေချင်ရင် ဒါမျိုး ဖြစ်လာနိုင်မှာတဲ့လား ပြီးတော့ ဒီတစ်ခေါက်ဖြစ်တာကလည်း မတ်သရူးက ကျောက်အိမ်တော်မှာ ရှိုးပွဲကြည့်ချင်တယ်ဆိုပြီး ယွဲ့ယွဲ့ကို တွန်းအားပေးလို့ ဖြစ်ရတာလေ ..." 


လော့ခဲမိသားစုနှင့် ကျောက်မိသားစုမှာ ဘယ်တော့မှ တစ်ဖက်တည်း မဖြစ်ခဲ့။ နှစ်ဦးမှာ သက်တူရွယ်တူများဖြစ်ရာ ကျောက်အိမ်တော်သို့ သွားသည့်ကိစ္စမှာလည်း မာရှယ်၏ ပျက်စီးယိုယွင်းနေမှုကို မျက်မြင်တွေ့လိုသည့် မက်သရူး၏ စနက်ပင်ဖြစ်သည်။ မဟုတ်ရင် ဘာလို့များ သူ့ကောင်မလေးကို အတိတ်က စေ့စပ်ထားတဲ့သူနဲ့ သွားတွေ့ခွင့်ပေးမှာလဲ ... 


ဇနီးသည်၏ နားချခြင်းကို ခံလိုက်ရသော အဖေဝမ်က ထေ့ငေ့ါကာ ပြောလိုက်သည်။ 


"ဒါဆိုလည်း သူ့ကို ဘယ်လိုမျိုး ဖျောင်းဖျရမလဲဆိုတာတောင် မသိဘူးပေါ့ ကျောက်မိသားစုက ယောကျာ်းတွေအကုန် သေခါနီးနေပြီလေ ဘာမှ မကျန်တော့တဲ့ ရှန်းချိုးရှစ်လို မိန်းမမျိုးက စွန့်စားဖို့ ဝန်လေးနေမှာ မဟုတ်ဘူး သူတို့အိမ်ရှေ့ကို သွားတာက ပြဿနာကို မီးထွန်းရှာတာနဲ့ အတူတူပဲဆိုတာတောင် နားမလည်ဘူးလား ..." 


"ဖြစ်ပြီးမှ ဘာလုပ်လို့ ရဦးမှာလဲ မဖြစ်ခင်ကကျ ကြိုမပြောခဲ့ဘဲနဲ့ ..." 


အမေဝမ်က သူ့ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။ 


"ဟုတ်ပါပြီ အဖေနဲ့အမေရယ် မတ်သရူးကလည်း သမီးကို လက်ထပ်မယ်လို့ ပြောပြီးသားပါ အချိန်မကျသေးလို့ ကိစ္စတွေအားလုံး အေးသွားတဲ့အထိ စောင့်နေတာပါ ..." 


ဝမ်ယွဲ့က ပြောလိုက်သည်။ 


"သူနဲ့သမီးရဲ့ ကိုက်ညီနှုန်းက တော်တော်မြင့်တော့ မတ်သရူးက သေချာပေါက် သမီးကို လက်မလွှတ်နိုင်ပါဘူး ..." 


သူမ၏ ဂုဏ်သိက္ခာ ကျဆင်းကာ မိသားစုအခြေအနေမှာလည်း ပျမ်းမျှသာ ဖြစ်သော်ငြား စွမ်းရည်ပိုင်ရှင်အမျိုးသမီးများမှာ မိသားစုအခြေအနေပေါ်တွင်သာ မှီခိုနေရသည် မဟုတ်ပေ။ 


စွမ်းရည်နှင့် ကလေးများမှ မိခင်ထံမှ သန်မာသည့် စွမ်းအင်ကို လိုအပ်ပေသည်။ သို့ဖြစ်ရာ စွမ်းရည်ပိုင်ရှင် ကသာလျှင် စွမ်းရည်ပိုင်ရှင်မျိုးဆက်ကို မွေးဖွားနိုင်ပေသည်။ မြို့တော်ကြယ်ရှိ စွမ်းရည်ပိုင်ရှင် အမျိုးသမီးများအနက် သူမ၏ ရုပ်ရည်မှာ ထိပ်တန်းအဆင့်ဖြစ်ကာ ကိုက်ညီနှုန်းကလည်း မြင့်မားသည့်အတွက် လော့ခဲမိသားစုက သေချာပေါက် လက်လွှတ်ခံမည် မဟုတ်ချေ။ 


"ငါသာ ကြိုသိခဲ့ရင် ... သူတို့က ပထမနေရာကတည်းက ရပ်တန့်လိုက်သင့်တာလေ ..." 


ဇနီးသည်မှာ စိတ်အခြေအနေ မကောင်းတော့သည့်အတွက် အဖေဝမ်လည်း လက်ကိုသာ အသာယမ်းပြလိုက်တော့သည်။ 


"ဟုတ်ပြီဟုတ်ပြီ ထားလိုက်တော့ ယွဲ့ယွဲ့ကို အကောင်းပြောပေးဖို့ပဲ တစ်ယောက်ယောက်ကို နည်းလမ်းရှာခိုင်းလိုက်တော့မယ် ..."


"အဖေ အကူအညီတောင်းနေစရာ မလိုပါဘူး သမီးကို ပထမအဆင့် ဆေးရုံမှာပဲ လုပ်အားပေးခွင့်ပြုပါ ရေစွမ်းရည်ပိုင်ရှင်တစ်ဦးအနေနဲ့ ဆေးရုံက လူနာတွေကို အခမဲ့ ကုသပေးပါ့မယ် ဘယ်သူတွေ ဘာပဲပြောပြော နောက်မဆုတ်ပါဘူး ..." 


သူမက ပြောလိုက်သည်။ 


သူမက အမည်ပျက်ဆေးကြောရန် အလုပ်ရှုပ်နေစဉ် ရမ်ရှန့်မှာ ရှန်းချိုးရှစ်နှင့်အတူ ကျောက်လင်းယွီအတွက် အာဟာရဖြည့်စွက်စာများကို ပြင်ဆင်နေသည်။ 


ကာတွန်းကားများမှာ အင်မတန်ကို ကောင်းမွန်လှကြောင်း သိရှိသွားသည့် ရမ်ရှန့်မှာ ကြည့်ရှုခြင်းကို ရပ်တန့်ရန်ပင် အခက်ကြုံနေတော့သည်။ သို့သော် ၎င်းတို့က အစားအစာနှင့် အဝတ်အထည်များလောက်တော့ မကောင်းသည့်အတွက် ကျောက်လင်းယွီကိုတော့ ဂရုစိုက်နေရဦးမည်ဖြစ်သည်။ 


ဟုတ်တာပေါ့ အစာလေး နည်းနည်းလောက် ခိုးယူလို့လည်း ရသေးတာကို ... သူ့လက်ချောင်းပေါ်မှ အမြစ်လေးက ဖြည့်စွက်စာပန်းကန်ထဲသို့ ဖြေးဖြေးချင်း တိုးဝင်သွားသည်။ အရသာမြည်းကြည့်ပြီးနောက်တွင်တော့ ရမ်ရှန့်မှာ မျက်မှောင်မကြုတ်ဘဲပင် မနေနိုင်တော့။ သူစားခဲ့သည့် အာဟာရဖြည့်စွက်စာများမှာ အရသာရှိလှသော်ငြား ဒီတစ်ခုကတော့ တော်တော်ကို ဆိုးဆိုးဝါးဝါးပင်။ ဒါမျိုးကို တစ်ချိန်လုံး စားနေနိုင်သည့် မာရှယ်မှာတော့ အင်မတန်ကိုမှ လေးစားဖွယ်ရာ ကောင်းလှသည်။ ထိုသို့ ဆိုးဝါးလှစွာသော အရသာမျိုးကိုပင် သည်းခံနိုင်သည်။ 


"ဟုတ်သားပဲ စားစရာတွေ သွားပို့ရအောင် လင်းယွီကို ကျွေးဖို့အတွက်ကတော့ သားကိုပဲ ဒုက္ခပေး ရဦးမယ် ..." 


ရှန်းချိုးရှစ်က သူ့လက်ကိုကိုင်ကာ ပြောလိုက်သည်။ 


"ကိစ္စမရှိပါဘူး လုံးဝကို အားနာစရာ မဟုတ်တာ ..." 


ရမ်ရှန့်က ခေါင်းကိုသာ အထပ်ထပ် ယမ်းလိုက်သည်။ 


ကျောက်လင်းယွီအနား ရောက်လာချိန်တွင်တော့ မတည်မငြိမ်ဖြစ်နေသည့် စွမ်းအင်တို့ကို ခံစားမိသည့် ရှန်းချိုးရှစ်မှာ အံ့ဩမိပြန်သည်။ အပြင်ကို လွတ်ထွက်လာတဲ့ စွမ်းအင်တွေက အားပျော့လာပြန်ပြီလား ... 


သူမက ရမ်ရှန့်ကို ပို၍ပင် နှစ်သက်လာသလို ရမ်ရှန့်ကလည်း ကြီးမြတ်လှသည့် မာရှယ်ကြီးကို မအံ့ဩဘဲပင် မနေနိုင်တော့။ ဒီလောက် သန့်စင်‌မြေတွေအများကြီး ကိုယ်ထဲမှာ ရှိနေတာတောင်မှ သက်သာလာနိုင်သေးတယ် ... တကယ်ကို အံ့ဩဖွယ်ရာပဲ ... 


ဒါပေမယ့် သူ့ကျန်းမာရေး ကောင်းလာရင်တောင် စွမ်းအင်တွေကရော တည်ငြိမ်လာပါ့မလား ...


xxxxxxx