အပိုင်း ၁၀
Viewers 18k

Chapter 10


ကျောက်လင်းယွီ၏ ကိုယ်ထဲရှိ သန့်စင်မြေနှင့် ကပြောင်းကပြန်ဖြစ်နေသည့် စွမ်းအင်အားလုံးကို ဖယ်ရှားနိုင်ရန်အတွက်မူ ရမ်ရှန့်လည်း မတတ်နိုင်ပေ။ သူ့ဂျင်ဆင်းစေ့များမှာ ကောင်းမွန်သည်ဆိုသော်ငြား ကုသနိုင်သည့်ဆေး မဟုတ်၊ ခန္ဓာကိုယ်ကို အားဖြည့်ပေးရုံမျှသာ တတ်နိုင်သည်။ သို့သော်ငြား သူ့ခန္ဓာကိုယ်ကို ပြောင်းလဲကာ ထိုစွမ်းအင်အားလုံးကို ခံနိုင်ရည်ရှိသည်အထိ သန်မာလာနိုင်ရန်ကတော့ မဖြစ်နိုင်သည့်ကိစ္စ မဟုတ်ချေ။ 


ရှမ်ရှန့်က တစ်စုံတစ်ခုကို အမှတ်ရလိုက်သည်။ 

<< သန့်စင်ခန္ဓာကျင့်စဉ် >> 


ထိုအချိန်က သူ့သခင်သည် တစ်နေရာရာမှ ကျင့်ကြံရေးလမ်းစဉ်ကို ရရှိခဲ့ကာ သူ့ကို အထူးတဆန်း ကြည့်လာခဲ့သည်။ အကြောင်းစုံ မေးကြည့်ချိန်တွင် ကျောက်စိမ်းစာလိပ်တစ်လိပ်ကိုသာ ပေးလာသည်။ 


ထိုထဲတွင် သန့်စင်ခန္ဓာကျင့်စဉ်ကို ရေးသားထားသည်။ ၎င်းက သန့်စင်ခန္ဓာကျင့်စဉ်ကို ကျင့်ကြံထားသော ကျီတန်းအဆင့် ကျင့်ကြံသူသည် ကနဦး ယွမ်ကျင့်အဆင့် ကျင့်ကြံသူနှင့်ပင် ယှဉ်နိုင်ကာ ကျင့်ကြံရေး‌ပါရမီ ပါမလာသည့် သာမန်သူများလည်း အသုံးပြုနိုင်သည်ဟု ဖော်ပြထားသည်။ 


ဤမျှ အားကောင်းလှသည့် စွမ်းအင်မှာ သေချာပေါက်ပင် ကျင့်ကြံရန် မလွယ်ကူလှချေ။ ထိုနည်းလမ်းကို ကျင့်ကြံပြီးပါလျှင် အံ့ဖွယ်ဆေးဝါးကိုလည်း သောက်သုံးရဦးမည်ဖြစ်သည်။ ဆေးဝါးအကူအညီဖြင့် ခန္ဓာကိုယ်ကို သန့်စင်ပြီး ပြန်လည်ဖွဲ့စည်းပါမှ ခန္ဓာကိုယ်ကလည်း ကျင့်ကြံရေးစွမ်းအားများကို လက်ခံနိုင်မည်ဖြစ်သည်။ 


စွမ်းအင်များ ခန္ဓာကိုယ်ထဲ ထည့်သွင်းရာတွင် သေလုမတတ် နာကျင်မည်ကို အသာထားဦး။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအားလုံးကို ကုစားပေးနိုင်မည့် အံ့ဖွယ်ဆေးဝါးကို ရှာဖွေရန်ကပင်လျှင် လူသာမန်တို့အတွက် မဖြစ်နိုင်ချေ။ 


ဤကမ္ဘာတွင် သူ့လိုမျိုး ထူးချွန်ပြောင်မြောက်လှသည့် ရတနာမျိုး များများစားစား မရှိပေ။ 


သူ့သခင်သည် ထိုနည်းလမ်းကို စတွေ့စဉ်က စမ်းသပ်ကြည့်လိုသော်ငြား စိတ်စွမ်းအင် သွင်း‌‌ပေးရန် ယုံကြည်ရမည့်သူ တစ်ဦးတစ်ယောက်မှ ရှာမတွေ့သည့်အပြင် ငွေကုန်ကြေးကျလည်း များပြားလွန်းသည့်အတွက် ၎င်းကို လျစ်လျူရှုထားလိုက်တော့သည်။ 


၎င်းမှာ ပြီးခဲ့သည့် နှစ်ပေါင်းများစွာက ကိစ္စဖြစ်သည့်အတွက် ရမ်ရှန့်မှာလည်း မေ့လုမေ့ခင် ဖြစ်နေလေပြီ။ ထပ်ကာထပ်ကာ စဉ်းစားပြီးကာမှ ကျောက်လင်းယွီ၏ အခြေအနေမှာ ထိုနည်းလမ်းနှင့် ကိုက်ညီနေသည်ကို တွေ့လိုက်ရသည်။ 


သူ့ကိုယ်ထဲရှိ စွမ်းအင်များမှာ သန့်စင်ရာတွင် အသုံးမပြုရသေးသော်ငြား ပမာဏ နည်းပါးလွန်းနေသည့်အတွက် အခြားစွမ်းအင်များကို အသုံးပြုရန် စဉ်းစားရမည်ဖြစ်သည်။ 


ကျောက်လင်းယွီ၏ ကိုယ်ထဲတွင် သန့်စင်‌မြေ အများအပြားရှိသော်ငြား နှစ်တစ်သောင်းကြာသည်အထိ ကုန်စင်အောင် စုပ်ယူနိုင်ဦးမည်မဟုတ်ချေ။ သို့သော် သူသာ ဒီတိုင်းဆက်နေနေပါလျှင် စွမ်းအင်ကမောက်ကမ မဖြစ်လျှင်တောင် အကြောသေသွားတော့မည်ဖြစ်ပြီး အချိန်တိုင်း ဂျင်ဆင်းစေ့များ ကျွေးနေရတော့မည်ဖြစ်သည်။ 


သူ့ကို ဂျင်ဆင်းစေ့ ကျွေးနေဦးမည်ဖြစ်သော်ငြား ထိုနည်းလမ်းကိုလည်း လေ့ကျင့်စေရမည်ဖြစ်သည်။ အကယ်၍သာ အောင်မြင်သွားပါလျှင် အနာဂတ်တွင် ဂျင်ဆင်းစေ့မလိုဘဲ အနည်းငယ် အသက်ပိုရှည်နိုင်မည်ဖြစ်သည်။ 


အကြံပေါက်သွားသော ရမ်ရှန့်က ဂျင်ဆင်းစေ့ကျွေးနေရင်းတန်းလန်းဖြင့် ကျောက်လင်းယွီ၏ ရင်ဘက်ကို ပုတ်ကာ ပြောလိုက်သည်။ 


"မာရှယ် ကျွန်တော် ခင်ဗျားကို တစ်ခုသင်ပေးမယ် လိုက်လေ့ကျင့်ရမယ်နော် ဟုတ်ပြီလား ..." 


သူ့ရင်ဘက်ကို ဖွဖွလေး လာထိနေသည့် လက်ကလေးကြောင့် ကျောက်လင်းယွီမှာ ဘယ်လိုတုန့်ပြန်သင့်မှန်းပင် မသိတော့။ ရမ်ရှန့်ကတော့ ၎င်းကို သဘောတူသည်ဟု ယူဆလိုက်ဟန်ပင်။ သူက ဆက်ပြောလိုက်သည်။ 


"သဘောတူရင် အခုပဲ စလိုက်ကြရအောင် ..." 


"စမယ် ဘာကြီးကိုလဲ ..." 


ကျောက်လင်းယွီလည်း အခုမှသာ မေးခွန်းထုတ်နိုင်တော့သည်။ 


"ဘယ်လိုခေါ်ရမလဲတော့ မသိဘူး ဘာပဲဖြစ်ဖြစ်ပါ အခုပဲ စလိုက်ရအောင် ..." 


သူ့ခန္ဓာကိုယ်မှာ စွမ်းအင်အပြည့်ဖြစ်နေကာ တစ်ခုတည်းသော လိုအပ်နေသည့်အရာမှာ ၎င်းတို့ကို စုစည်းပေးရန်သာ ဖြစ်သည်။ ထိုအတွက်မူ ရမ်ရှန့်က စမ်းသပ်ကြည့်ရန် စိတ်အားတက်ကြွနေသည်။ 


သူ့တွင် ဂျင်ဆင်းစေ့ အလုံအလောက် ရှိပါမည်လားတော့ မသိသေးပေ။ သိူ့သော် ၎င်းတို့ ပြတ်လပ်သွား၍ သူ့ခြေလက်တို့ကို ဖြတ်ပေးရမည့် အဖြစ်မျိုးတော့ မကြုံချင်ပေ။ 


ထားလိုက်ပါ အဆိုးဆုံးအနေနဲ့ အစေ့တွေ မရှိတော့ရင်လည်း ဆက်မကျင့်ရုံပေါ့... 


ထိုသို့ဆုံးဖြတ်ပြီးနောက် ရမ်ရှန့်သည် ဒီရက်ပိုင်းအတွင်း သူကျင့်ကြံထားသည့် စွမ်းအင်တို့ကို ကျောက်လင်းယွီ၏ ကိုယ်ထဲသို့ ပို့ပေးရင်း ကပြောင်းကပြန်ဖြစ်နေသော စွမ်းအင်များကို ဖိနှိပ်လိုက်သည်။

10.2


၎င်းတို့က ယခင် သူကြုံဖူးသလိုပင် ကိုယ်ကို ဖျက်ဆီးလိုက်၊ အသစ်ဖွဲ့စည်းလိုက် လုပ်နေသော်ငြား ခြားနားမှုကတော့ ရှိနေသည်။ သူ့ခန္ဓာကိုယ်မှာ ယခင်လို မဆိုးတော့သည့်အပြင် တစ်ဖြေးဖြေးပင် သက်သာလာသည်။ 


ကျောက်လင်းယွီမှာ အကုန်လုံးကိုတော့ မခံစားမိ။ ရမ်ရှန့်၏ လက်မှ လာသည့်စွမ်းအင်မှာ ယခင်နှင့် မတူညီသည်ကိုသာ ခံစားမိသည်။


ယခင်ကမူ ရမ်ရှန့်ထိလိုက်လေတိုင်း သူ့ကိုယ်ထဲမှ နာကျင်မှုမှာ တစ်ဖြေးဖြေး လျော့ပါးသွားသယောင်။ သို့သော်ငြား ယခုတော့ သူထိလိုက်သည့်နေရာတိုင်းက သာ၍ပင် ဆိုးဝါးလာသည်။ 


မည်သို့ပင်ဖြစ်စေ အသံတစ်သံမှ မထွက်ဘဲ အံတင်းတင်းကြိတ်လျက်သာ နာကျင်မှုကို အံတုနေလိုက်သည်။ 


ရမ်ရှန့်က သူ့ကို တမင်တကာ နာကျင်စေသည်ဟု ထင်ရဖွယ် ရှိသော်ငြား သူ့ကို ထိခိုက်စေမည်မဟုတ်ဟု ခံစားနေရဆဲပင်။ 


ကျောက်လင်းယွီ၏ မျက်နှာတွင် နာကျင်သည့်အရိပ်အယောင် တစ်ခုမျှပင် မတွေ့ရ။ ဒီလိုမျိုး ဖြစ်နေရမှာမှ မဟုတ်တာ။ သူ့သခင်ကပဲ ဒီနည်းလမ်းကို မှားပြီး ကျင့်မိလို့များလား ... 


ရမ်ရှန့်လည်း စိတ်ရှုပ်ထွေးသွား၍ သူ့ကိုယ်သူ ပြန်စမ်းကြည့်လိုက်ချိန်တွင်တော့ နာကျင်လွန်း၍ ငိုချမိတော့မတတ်ပင်။ 


ကျောက်လင်းယွီ၏ အနီးတစ်ဝိုက်ရှိ စွမ်းအင်များ သူ့ကို လှီးဖြတ်စဉ်ကပင် နာကျင်လှပြီဟု ထင်ခဲ့သော်ငြား ယခုနာကျင်မှုက အကြိမ်ပေါင်း ထောင်သောင်းမက ပိုဆိုးပေသည်။ 


နာကျင်လွန်း၍ မျက်ရည်များ ကျလာချိန်တွင်တော့ ကျောက်လင်းယွီကို မကောင်းဆိုးဝါးသဖွယ် မကြည့်ဘဲ မနေနိုင်တော့။  အားနည်းနည်းပဲထည့်ကာ စမ်းသပ်ကြည့်သည်ကပင် သေလောက်အောင် နာကျင်ရာ ကျောက်လင်းယွီသာဆိုလျှင် ဘယ်လောက်တောင် နာကျင်လိုက်မလဲ ... 


သူ့သခင်ပင် နာမှာကြောက်၍ မကျင့်ကြံခဲ့သော်ငြား ကျောက်လင်းယွီကတော့ တောင့်ခံနိုင်ခဲ့သည်။ 


ကျောက်လင်းယွီက နာကျင်မှုကို သည်းခံနိုင်သည့် နည်းလမ်းများကို သိရှိထားပြီး အာရုံလွှဲခြင်းသည် ၎င်းတို့ထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ သူက ရမ်ရှန့်ကိုသာ တစ်ချိန်လုံး ငေးကြည့်နေပြီး သူ့အပြုအမူကို မြင်လိုက်ချိန်မှသာ ပထမဆုံးအကြိမ် တုန့်ပြန်လာတော့သည်။ 


ဒီကောင်လေးကတော့ကွာ ... သူလုပ်ခဲ့တဲ့နည်းလမ်းကို ကိုယ့်ဘာသာ ပြန်စမ်းကြည့်လိုက်သေးတယ် ... 


ခန့်မှန်းထားသလိုပင်။ ဒီကလေးသည် သူ့ကို နာကျင်စေလိုခြင်း အလျဉ်းမရှိခဲ့။ နာကျင်လိမ့်မည်ဟုပင် ထင်ထားဟန်မတူ။ ကျောက်လင်းယွီက သူ့ကို‌ ဖြေးဖြေးလေး မေးလိုက်သည်။ 


"နာလား ..." 


ရမ်ရှန့်က မျက်ရည်လည်ရွှဲဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ 


"အကြာကြီး မနာဘူးနော်  တန်းသက်သာသွားမှာ ..." 


သူက နှစ်သိမ့်ပေးလိုက်သည်။ 


သူသည် ထိုသူထက် နှစ်တစ်သိန်းကျော် အသက်ကြီးသော်ငြား သူ၏ ချော့မော့မှုကို ခံနေရဆဲပင်။ ရမ်ရှန့်မှာ စိတ်အားငယ်ကာ သူလုပ်ခဲ့သည်ကို ရှင်းပြရန်လိုသည်ဟု ခံစားလာရတော့သည်။ 


"မာရှယ် အဲ့ဒါက အများကြီး နာမယ်လို့ မထင်ခဲ့မိလို့ပါ ကျွန်တော်က ခင်ဗျားကောင်းဖို့အတွက်ဆိုပြီး လုပ်ခဲ့မိတာပါ ..." 


အခြားသူတစ်ဦးဦးကသာ သူ့ကို ဒီလိုမျိုး နာကျင်စေပါလျှင် သေချာပေါက်ကို ရိုက်နှက်ပစ်မည်ဖြစ်သည်။ ကျောက်လင်းယွီကတော့ သူ့ကို အပြစ်ပင်မဆို။ 


"ကိုယ်သိပါတယ် ..." 


သူက ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဒါကိုလုပ်ရင် မာရှယ့်ကိုယ်က တစ်ဖြေးဖြေး သက်သာလာပြီး အိပ်ယာပေါ်မှာ တစ်ချိန်လုံး လှဲနေစရာ မလိုတော့ဘူးတဲ့ ကျွန်တော် အဲ့ဒီ့နည်းလမ်းကို ဖတ်ပြမယ် ..." 


ရမ်ရှန့်က ကျောက်စိမ်းစာလိပ်ကိုယူကာ ဖတ်ပြလိုက်သည်။ 


သူ့ကိုယ်သူ ဗဟုသုတကြွယ်ဝသူဟု အစဉ်ခံယူထားသည့် ကျောက်လင်းယွီမှာ ရမ်ရှန့်ဖတ်ပြနေသည့် ကျင့်ကြံရေးလမ်းစဉ်ဆိုသည်များကို တစ်လုံးမှ နားမလည်နိုင်။ 


သူဖတ်ပြနေတာတွေက ရှေးဟောင်းဘာသာစကားတွေ ထင်တယ် ဒါမျိုးက ဒီနယ်ပယ်ကို အထူးပြုထားတဲ့သူမှ ဖတ်နိုင်မှာကို ရမ်ရှန့်က ဘာကြောင့် နားလည်နေရတာလဲ ... 


ရမ်ရှန့်ရဲ့ မဟာမိတ်တပ်ပေါင်းစုမှာ နေရတဲ့ ဘဝက ရိုးရှင်းပြီး နည်းပညာတွေနဲ့ မရင်းနှီးလို့သာ နည်းနည်းပဲ သိတာလို့ ထင်ခဲ့တာ အခုတော့ အဲ့လို မဟုတ်ဘူးထင်တယ် ... 


ကုန်သွယ်ရေးဌာနချုပ်ဥက္ကဌကလည်း သူ့သားကို နည်းပညာအကြောင်း သင်ပေးရမယ့်အစား ရှေးဟောင်းဘာသာစကားကို သင်ပေးစရာအကြောင်းမှ မရှိတာ တကယ်လို့ အဲ့လို လုပ်မယ်ဆိုရင်တောင် လူသားမျိုးနွယ် ရှားပါးတဲ့အပြင် ခွန်အားကသာ ပထမဆိုတဲ့ မဟာမိတ်တပ်ပေါင်းစုလို နေရာမျိုးမှာ ကျွမ်းကျင်တဲ့ဆရာ ရှိနိုင်ပါ့မလား ...


ဆိုတော့ ရမ်ရှန့်က ဘယ်သူလဲ ဆေးဝါးဆိုတဲ့ ပစ္စည်းနဲ့ ကျင့်ကြံရေးလမ်းစဉ်ဆိုတဲ့ နည်းလမ်းကို သူဘယ်နေရာကနေ ရလာခဲ့တာလဲ ...


xxxxxx