အပိုင်း ၁၁
Viewers 18k

Chapter 11


မာရှယ်တစ်ဦးဖြစ်သူ ကျောက်လင်းယွီသည် အရာရာတိုင်းကို သံသယစိတ်ဖြင့်သာ ကြည့်တတ်သူတစ်ဦး ဖြစ်သည်။ ရမ်ရှန့်က နေရာတိုင်းတွင် ပြစ်ချက်ရှိနေ၍သာ မဟုတ်ပါလျှင် သူ့ကို အစောကတည်းက သံသယဝင်မိမည်ဖြစ်သည်။ 


သူ့တွင် သံသယဝင်စရာ အချက်များစွာ ရှိသော်ငြား ထိခိုက်စေမည့် ရည်ရွယ်ချက် ရှိမနေ၍သာ ရမ်ရှန့်ကို သင်္ကာမကင်း မဖြစ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုတော့ ... 


သန့်စင်ခန္ဓာကျင့်စဉ်ဆိုသည့် စာရွက်ကို ဖတ်ပြီးချိန်တွင်  သူက ရုတ်တရက် မေးလိုက်သည်။ 


"မင်းနဲ့ Rodolfo Dawson နဲ့ ဆက်ဆံရေးကရော ဘယ်လိုနေလဲ ..." 


"Dawson ဘာကြီး.. သူ့ကို မသိပါဘူး ..." 


ရမ်ရှန့်က ခေါင်းကိုသာ ယမ်းလိုက်သည်။ ထိုနာမည်ကို သူတစ်ခါမှ မကြားခဲ့ဖူးပေ။ 


Rodolfo Dawson သည် ကုန်သွယ်ရေးဌာနချုပ်၏ ဥက္ကဌဖြစ်သည်။ ရမ်ရှန့်သာ သူ့သားအစစ်ဆိုရင် ဘယ်လိုလုပ် မသိဘဲနေမှာလဲ ... သူက ရမ်ရှန့်ကို ငေးကြည့်ရင်း မပြုံးဘဲ မနေနိုင်တော့။ သူ့လက်ဖဝါးအကြီးကြီးဖြင့် ခေါင်းကို လှမ်းပွတ်ကာ မေးလိုက်သည်။ 


ရမ်ရှန့်၏ မျက်လုံးထဲတွင်တော့ သူ့တစ်ကိုယ်လုံးမှာ သန့်စင်မြေစိုင်ခဲကြီးပင်။ ထိုသန့်စင်မြေခဲကြီးက သူ့ကို စတင်ထိတွေ့လာသည့်အခါတွင်တော့ ရမ်ရှန့်က အလောတကြီးပင် ရှေ့တိုးလာတော့သည်။ သို့သော်ငြား သူ့အရွက်တို့ကိုလည်း မရှုပ်ပွစေလို၍ ကျောက်လင်းယွီ၏ လက်မောင်းတွင် မျက်နှာကို အပ်ထားလိုက်တော့သည်။ 


"သူတို့က ကျွန်တော်နိုးလာပြီးကတည်းက ဒီကို လိုက်ပို့ကြတာပဲ ခင်ဗျားဆီ ခေါ်လာပေးတဲ့အတွက် သူတို့ကို တကယ်ကို ကျေးဇူးတင်ရမှာ ..." 


ရမ်ရှန့်က ရွှင်မြူးနေသော လေသံဖြင့် ပြောလိုက်သည်။ 


"ကိုယ့်ကို ဒီလောက်အထိကို သဘောကျတာလား ..." 


ကျောက်လင်းယွီကဲ့သို့ မျက်နှာသေလူသားသည်ပင်လျှင် သူ့အပြုအမူတို့ကို တွေ့ရချိန်တွင် နှုတ်ခမ်းထောင့်များက ကော့ညွတ်လာတော့သည်။ 


"သဘောကျတယ် အများကြီး အများကြီးကို သဘောကျတာ ..." 


ရမ်ရှန့်က သူ့ကို တစ်ကိုက်ကိုက်လိုက်ချင်သော်ငြား ထိုသို့လုပ်လျှင်ပင် သန့်စင်မြေကို စုပ်ယူနိုင်မည် မဟုတ်ရာ သူ့အကြံကို လက်လျော့လိုက်တော့သည်။ 


ထို့အပြင် ကျောက်လင်းယွီမှာ နာကျင်မှုများစွာကို ခံစားနေရသူဖြစ်ရာ သူသာ ထပ်ကိုက်လိုက်ပါလျှင် ပို၍ပင် နာကျင်သွားလောက်ပေမည်။ 


ဆိုတော့ ဒါက ဖွင့်ပြောလိုက်တာလား ... ဒီကလေးကတော့လေ တကယ်ကို ပွင့်လင်းတာပဲ ... 


ကျောက်လင်းယွီအနေဖြင့် ရမ်ရှန့်သည် ကုန်သွယ်ရေးဌာနချုပ်ဥက္ကဌ၏သား ရွိုင်း မဟုတ်ကြောင်း သိလိုက်ပြီဖြစ်သည်။ 


"ကေးတွေအကြောင်းရော သိလား ..." 


"အဲဒါ ဘာကြီးလဲ ..." 


ရမ်ရှန့်က ပြန်မေးလိုက်သည်။ 


"...." 


ရမ်ရှန့်မှာ ကေးမဟုတ်ရုံသာမက သာမန် အသက်မပြည့်သေးသည့် အပင်စွမ်းရည်ပိုင်ရှင် ဖြစ်နေမည်ကိုပင် စိုးရိမ်မိလာတော့သည်။ 


ရမ်ရှန့်သည် ကုန်သွယ်ရေးဌာနချုပ်မှ ကေးဟု သိထားစဉ်ကပင် သူ့ကို ကလေးတစ်ယောက်ကဲ့သို့ ဆက်ဆံမိသည့်တိုင် နှစ်ဦးကြား နီးကပ်မှုကို အထူးတဆန်း မခံစားရ။ သို့သော် ယခု ၁၁ နှစ် ၁၂ နှစ်သာ ရှိဦးမည်ဟု အတွေးဝင်မိချိန်တွင်တော့ သူ့မျက်နှာမှာ မထိန်းထားနိုင်လောက်အောင်ပင် ရှုံ့မဲ့လာတော့သည်။ 


သူကတော့ အနာဂတ်မှာ ရမ်ရှန့်နဲ့ ဝေးဝေးနေဖို့ လိုအပ်နေပြီ ... မဟုတ်လို့ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ရင် မသင့်လျော်တာတစ်ခုခု ဖြစ်သွားမှာ စိုးရိမ်ရတယ် ... 


"ဒါနဲ့ ကျွန်တော် ကြားမိသလောက်ဆို ကေးတွေက ရူးကြောင်ကြောင်နိုင်တယ်ဆို ကေးက ဘာကြီးလဲ သူတို့က အရူးတွေလား ..." 


ရမ်ရှန့်က သူကြားဖူးခဲ့သည်များကို အမှတ်ရမိလိုက်သည်။ 


"ကိုယ်လည်း သေချာမသိဘူး ..." 


ကျောက်လင်းယွီက သူ့လက်ကောက်ဝတ်ရှိ အထူးကုန်ကြမ်းဖြင့် ဖန်တီးထားသည့် အဝတ်စကို ခပ်တင်းတင်း ချည်လိုက်သည်။ ရမ်ရှန့်က သူ့အစိတ်အပိုင်းများကို ထိတွေ့ခဲ့သည်ဟု စဉ်းစားမိလေတိုင်း အလွန်အကျူးကို ရှက်ရွံ့မိလာသည်။ 


ရမ်ရှန့်က ရွိုင်းမဟုတ်ဆိုသည့် အချက်မှာတော့ သေချာနေပြီဖြစ်သည်။ သူ၏ သရုပ်မှန်ကို မသိရသေးသော်ငြား သူ့ထံတွင် နစ်နာစေလိုခြင်း အလျဉ်း မရှိသည်မှာတော့ အမှန်ပင်ဖြစ်သည်။ 


ရမ်ရှန့်က ထိုအကြောင်းအရာကို ဆက်မပြောတော့ဘဲ အစောပိုင်းလေ့ကျင့်မှုကို သွားပြီး သတိရလိုက်သည်။ 


"ကျွန်တော်ဖတ်ပြသွားတဲ့ဟာကို နားလည်လားဟင် ဘယ်လို လေ့ကျင့်ရမလဲဆိုတာ သိပြီလား ..." 


"သိပ်ပြီး နားမလည်သေးဘူး ဒါနဲ့လေ ရှေးဟောင်းဘာသာစကားကို ဘယ်သူ သင်ပေးထားတာလဲ ..." 


"ကျွန်တော့်သခင်လေ တကယ်ကြီးကို နားမလည်တာလား ကျွန်တော်လည်း ဘယ်လိုရှင်းပြပေးရမလဲ မသိဘူး ဖြစ်နေတာ ဘာလို့များ ထူးထူးဆန်း‌ဆန်းစကားတွေကို ပြောကြပါလိမ့်နော် ..." 


သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ မျက်နှာဖြူဥဥမှာ စိတ်ဓာတ်ကျမှုတို့ ပြည့်နှက်နေသည်။ 


ဒီကလေးကတော့ စကားလေးတစ်ခွန်းနှစ်ခွန်းနဲ့တင် သူ့ကိုယ်သူ  ရောင်းပစ်လိုက်တာပဲ ... 


ကျောက်လင်းယွီက ရယ်ကာသာ စကားဆက်ပြောနေလိုက်တော့သည်။ 


ဒီနေ့ ကျောက်လင်းယွီရဲ့ စကားတွေက နည်းနည်းလေး စစ်စစ်ပေါက်ပေါက် ဖြစ်နေသလိုပဲ ... ဒါပေမယ့် သူကတော့ မကြောက်ပါဘူးနော် ဘာပဲဖြစ်လာဖြစ်လာ သူက နှစ်တွေအများကြီး နေလာတဲ့ ဂျင်ဆင်းဝိဉာဉ်ဆိုတာကို ထုတ်ပြောမှာ မဟုတ်ဘူး သူက အရမ်းကို သတိရှိတဲ့ ဂျင်ဆင်းဝိဉာဉ်လေးပါနော် !!! ...


သတိရှိလှပါသည့် ရမ်ရှန့်လေးမှာ ကျောက်လင်းယွီကို ချေပရင်းပင် ဖြစ်ကြောင်းကုန်စင်ကို စုံလင်အောင် ပြောမိပြီးသား ဖြစ်သွားတော့သည်။ 


ကျောက်လင်းယွီကတော့ သူ့ဘဝသဲလွန်စအားလုံးကို စုစည်းမိသွားပြီဖြစ်သည်။ သူသည် အနီးကပ် ဆရာတစ်ဦးနှင့်အတူ ရှေးကျကာ လူ့အသိုင်းအဝိုင်းနှင့် ဝေးကွာသည့် ပတ်ဝန်းကျင်တွင် နေထိုင်ခဲ့ရဟန်တူသည်။ ခေတ်မီနည်းပညာများကို မသုံးတတ်သည်မှလွဲ၍ နုံအ မနေသည့်အပြင် ဆန့်ကျင်ဘက်အနေဖြင့် လိမ္မာပါးနပ်ကာ ဉာဏ်ရည်လည်း ကောင်းမွန်လှသည်။ 


သီးသန့်နေခဲ့ရသည့် ၁၁ နှစ် ၁၂ နှစ်အရွယ် ကလေးလေး၏ လောကအသစ်ကို မျက်မြင်ကြုံတွေ့ရချိန်တွင် ဖြစ်ပေါ်လာသည့်  တုန့်ပြန်မှုမှာ အဖိုးမဖြတ်နိုင်စရာပေ။ 


ကျောက်လင်းယွီသည်လည်း ထိုသို့ပင် တွေးမိသည့်အတွက် သူ့ဘဝအကြောင်းကို စေ့စေ့ပေါက်ပေါက် မမေးတော့။ ထိုအစား အိပ်မက်ကြယ်တွင် နေထိုင်ရသည့် အတွေ့အကြုံအကြောင်းကို မေးကာ သူ့ငယ်ဘဝ အဖြစ်အပျက်များကို သာဓကပြုရင်း သင်‌ကြားပေးလိုက်တော့သည်။ 


"ကိုယ်ငယ်ငယ်ကဆို လေယာဉ်တွေကို အရမ်းသဘောကျပြီး နေကုန်နေခမ်း အဲ့ပေါ်မှာပဲ နေချင်တာလေ အမေက ခွင့်မပြုတော့ အဲ့ပေါ်ကို ခိုးတက်တာ ကိုယ်က အရွယ်မရောက်သေးမှန်းလည်း သိရော လေယာဉ်က လေထဲမှာ ဖြေးဖြေးချင်းပဲ ပျံနိုင်တဲ့ game mode ကို ပြောင်းသွားတယ်လေ အချက်ပြခလုတ်ကို ထိန်းချုပ်နိုင်သွားတော့ ရေကြောင်းအတိုင်း မောင်းသွားလိုက်သေးတယ် ဒါပေမယ့် ယာဉ်ထိန်းရဲက ကိုယ့်ကို သတိထားမိသွားပြီး အိမ်ကို ပြန်ပို့လိုက်တော့တာပဲ ..." 


ရမ်ရှန့်၏သခင်မှာ ကြင်နာတတ်သော်ငြား သူ့အသက်အမှန်ကို သိထားပြီးဖြစ်၍ ဘယ်တုန်းကမှ ကလေးလို မဆက်ဆံပေးခဲ့ပေ။ သူ့ရုပ်ရည်မှာ ကလေးရုပ်သာ ဖြစ်သော်ငြား ကလေးတစ်ယောက်လို အဆက်ဆံမခံခဲ့ရ။ တစ်စုံတစ်ယောက်က သူ့ကို ပုံပြင်ပြောပြသည်မှာလည်း ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ 


တစ်ဖက်သူက သူ့ကို ထွေးပွေ့ရင်း သူ့ငယ်ဘဝကို ပြန်ပြောင်းပြောပြနေသည့်အတွက် မအိပ်ငိုက်မိစေရန် ကြိုးစားသော်ငြား နောက်ဆုံးတွင်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတော့သည်။

11.2


နောက်နေ့မနက် နိုးလာချိန်တွင်တော့ ရမ်ရှန့်မှာ တစ်ကိုယ်လုံး အားသစ်လောင်းကာ လန်းဆန်းနေသည်။ ကျောက်လင်းယွီကို အစာကျွေးပြီးနောက် ကာတွန်းကား သွားကြည့်နေချိန်တွင် မာရှယ်နှင့် သူ့အမေက ခပ်လှမ်းလှမ်းအကွာမှ စကားပြောနေကြသည်။ 


မာရှယ်က သူမကို ရမ်ရှန့်မှာ ရွိုင်းမဟုတ်ဟု ပြောလိုက်ချိန်တွင် စပိုင်ဟူသော စကားလုံးကသာ အတွေးထဲ အရင်ဆုံး ပေါ်လာတော့သည်။ သို့သော် သူ့အကြောင်းအကုန်အစင် ကြားမိချိန်တွင်တော့ သူမလည်း ရယ်ရမလို၊ ငိုရမလိုသာ ဖြစ်မိတော့၏။ 


"ဆိုတော့ သူက ရွိုင်းမဟုတ်ဘူးပေါ့ ဘာလို့များ အကြိုလွှတ်လိုက်တဲ့ စစ်သားတွေက သူ့သရုပ်မှန်က အကုန်အဆင်ပြေတယ်လို့ အာမခံကြပါလိမ့်နော် ..." 


ရှန်းချိုးရှစ်မှာ အတော်ကို ပဟေဠိဖြစ်နေလေပြီ။ 


"မေးကြည့်လိုက်ရင် သဘောပေါက်သွားမှာပါ ..." 


မာရှယ်က ပြောလိုက်သည်။ 


"ဟုတ်သားပဲ ..." 


သူမက အနားဝန်းကျင်ရှိ စွမ်းအင်တို့ကို ရှောင်ရှားရန် ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာ ကိုယ်ပိုင်တပ်သားကို ဆက်သွယ်မေးမြန်းလိုက်သည်။ 


မကြာမီ အဖြေရလာတော့သည်။ ထိုစစ်သားသည်လည်း ရမ်ရှန့်၏ သရုပ်မှန်ကို သံသယဖြစ်မိ၍ တိတ်တိတ်လေး စမ်းသပ်ကြည့်ခဲ့ဖူးသေးသည်။ သူက ကျောက်လင်းယွီ၏ အချက်အလက်အမှားတို့ကို ထုတ်ပြောကာ အရေးပါသော စာရွက်စာတမ်းများကို မသိမသာ ထုတ်ပြခဲ့ဖူးသော်ငြား ရမ်ရှန့်ကတော့ ဘယ်လိုမှ မတုန့်ပြန်ခဲ့ပေ။ ထို့ကြောင့် သူလည်း ရမ်ရှန့်သည် ဦးနှောက်သိပ်မကောင်းသည့် ကေးဟုသာ ယူဆလိုက်မိတော့သည်။ 


"ရမ်ရှန့်က ဘုံသုံးဘာသာစကားကိုမှ မပြောတတ်၊ မဖတ်တတ်တာ ဒီလိုမျိုး စစ်ကြည့်လည်း အသုံးမဝင်နိုင်ဘူးလေ ..." 


ကျောက်လင်းယွီလည်း နောက်ဆုံးတွင်တော့ ကိစ္စအားလုံး၏ အရင်းအမြစ်ကို ရှာတွေ့သွားပြီဖြစ်သည်။ ရမ်ရှန့်၏ ခံစားမှုများမှာ ရိုးစင်းလွန်းသည့်အတွက် လူတိုင်းက သူ့ကို သင့်လျော်သည့်အကြောင်းပြချက်ရှာပေးထားကြခြင်း ဖြစ်သည်။ 


"ဟုတ်တယ်! ဒီကလေးကတော့လေ ..." 


သူ့အကြောင်းကို တွေးမိချိန်တွင်တော့ ရှန်းချိုးရှစ်၏ အမူအယာမှာ ချက်ခြင်း နူးညံ့သွားတော့သည်။ 


"အမေကတော့လေ သူ ဘာမှ မသိဘဲ ဖြစ်နေမှာကိုပဲ ကြောက်တာ မဟုတ်သေးဘူး တကယ်လို့ သူသာ ဘာမှမသိဘူးဆိုရင် ဘာလို့များ ရွိုင်းရဲ့ အင်္ကျီကိုဝတ်ပြီး အပျက်အစီးတွေနားမှာ လဲနေမှာလဲ..." 


"ယာဉ်ပေါက်ကွဲမှုက ထူးဆန်း‌တယ်လို့ ပြောကြတယ်မဟုတ်လား ကုန်သွယ်ရေးဌာနချုပ်ရဲ့ သင်္ဘောက အရည်အသွေးညံ့မယ် မထင်ပါဘူး ပြီးတော့ အိပ်မက်ကြယ်ရဲ့ အနီးအနားမှာလည်း ကြယ်တာရာဓားပြတွေမှ မရှိတာ ဆိုတော့ ဒီပေါက်ကွဲမှုက အတွင်းလူရဲ့လက်ချက်ပဲ ဖြစ်ရမယ် အမေ Dawson ရဲ့စကားအရဆိုရင်တော့ ရွိုင်းက တော်တော်စမတ်ကျတဲ့သူတဲ့ သူက ကျွန်တော့်ကို လက်မထပ်ချင်လို့ ယာဉ်ကို ဖောက်ခွဲ၊ ထွက်ပြေးပြီး ရမ်ရှန့်ကို အစားထိုးခဲ့တာထင်တယ် ..." 


ရမ်ရှန့်တွင် ရွိုင်း၏ ပစ္စည်းများ ရှိနေသည့်အတွက် ရွိုင်းသည် သေချာပေါက်ကို အသက်ရှင်နေဦးမည်ဖြစ်သည်။ ထိုသည်ကသာလျှင် ယုတ္တိအဪှိဆုံး ဖြေရှင်းချက် ဖြစ်နိုင်၏။ 


"သင်္ဘောပေါ်မှာက လူတွေ အများကြီးပဲလေ ပြီးတော့ တင်တောင်းတဲ့ပစ္စည်းတွေရော  ..."


ရှန်းချိုးရှစ်က သက်မ တစ်ချက် ချလိုက်သည်။ ထိုခန့်မှန်းချက်ကသာ အမှန်ဖြစ်နေပါလျှင် ရွိုင်းသည် အတော်ပင် ကြောက်ဖို့ကောင်းသောသူ ဖြစ်ရမည်။ 


"အမေ့ ရွိုင်းရဲ့ အချက်အလက်တွေကို စုံစမ်းရင်း တစ်လက်စတည်း ရမ်ရှန့်ကိုပါ စုံစမ်းခဲ့ပေးပါဦး ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


"ကောင်းပြီလေ ..." 


သူမက ခေါင်းငြိမ့်ပြလိုက်သည်။ ပြီးမှ တစ်ခုခုကို သတိရသွားဟန်ဖြင့် ... 


"အိုး ဟုတ်သားပဲ ရမ်ရှန့်အတွက် အင်္ကျီနဲ့ အရုပ်တွေမှာထားတာ ရောက်လာတော့မှာပဲ အမေ သွားကြည့်လိုက်ဦးမယ် ကောင်းကောင်း နားနေလိုက်တော့နော် ..." 


သူမ ထွက်သွားပြီးနောက် တစ်ယောက်တည်း  ကုတင်ပေါ်တွင် လှဲနေရသည့် ကျောက်လင်းယွီမှာ စိတ်ဓာတ်တို့ပင် အနည်းငယ် ကျဆင်းလာတော့သည်။ 


အမေက ဘာလို့ ရမ်ရှန့်ကိုပဲ ဂရုစိုက်တော့တာလဲ။ ပြီးတော့ ရမ်ရှန့်ကရော သူ့ကို သဘောကျတယ်လို့ ပြောထားပြီး ကာတွန်းကားပဲ ကြည့်နေရတာလဲ ... 


ရှန်းချိုးရှစ်မှာထားသည့် ပစ္စည်းတို့မှာ ရောက်နှင့်နေပြီဖြစ်ပြီး ကျောက်ဖမ်းက လက်မှတ်ထိုးကာ လက်ခံယူထားလိုက်သည်။ 


သူသည်လည်း ရမ်ရှန့်အပေါ် အကောင်းမြင်သူဖြစ်ရာ ပစ္စည်များကို သူ့ဆီ တိုက်ရိုက်သယ်သွားပြီး တစ်ခုချင်းကို စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြနေလိုက်သည်။ 


အရုပ်ဖြစ်စေ စက်ရုပ်ဖြစ်စေ ရမ်ရှန့်အနေဖြင့် အားလုံးသည် အထူးအဆန်းများသာ ဖြစ်သည်။ သူ့အသက်မှာ အိုမင်းနေပြီဖြစ်သော်ငြား ဘဝသက်တမ်းအများစုကို ‌မြေကြီးထဲတွင် အိပ်ခြင်းဖြင့်သာ အချိန်ကုန်ခဲ့ရ၍ အတွေ့အကြုံဟူသည်မှာလည်း မရှိသလောက်ပင်။ 


သူတစ်ခါမှ မတွေ့ဖူးသည့် အရုပ်တို့ကို တွေ့လိုက်ရချိန်တွင်တော့ ရမ်ရှန့်မှာ ဆွဲဆောင်မှုကို မတွန်းလှန်နိုင်တော့။ သူက ကျောက်ဖမ်းကို ကျေးဇူးတင်ကာ ယခင်ကထက်ပင် ရင်းနှီးလာပြီဖြစ်သည်။ 


"အန်ကယ်ကျောက် ဒီစက်ရုပ်က ကနိုင်တယ် ကြည့်ပါဦး မိုက်လိုက်တာ ဘယ်လိုတောင် လုပ်တတ်ရတာလဲနော် ..." 


ရှန်းချိုးရှစ် ဝင်လာချိန်တွင်တော့ စက်ရုပ်နှင့်အတူ ကနေသော ရမ်ရှန့်ကို တွေ့လိုက်ရသည်။ သူတို့မှာ အမွှာပဲစေ့လိုပင် အရွယ်အစား တူညီနေကာ စက်ရုပ်က ရမ်ရှန့်ကို အတုခိုးကာ သူ့အတိုင်း လိုက်ကနေသည်။ 


"ဒီစက်ရုပ်က မိုက်တယ်လို့တောင် ပြော‌လို့မရသေးပါဘူး သူက အရုပ်တစ်ရုပ်သာသာပဲ ရှိတာ နောက်တစ်ခါမှ အန်ကယ် မင်းကို ဉာဏ်ရည်မြင့် အိမ်ထိန်းစက်ရုပ် ဝယ်ပေးမယ် ..." 


ကျောက်ဖမ်းက ပြောလိုက်သည်။ 


"ကျေးဇူးပါ အန်ကယ်ကျောက် အန်ကယ်က အရမ်းကို သဘောကောင်းတာပဲ ..." 


ရမ်ရှန့်၏ မျက်လုံးတို့မှာ တဖိတ်ဖိတ်လက်လာတော့သည်။ 


ဒီပစ္စည်းတွေက သေချာပေါက်ကို သူမ ဝယ်ပေးထားတာတွေပါနော် ကျေးဇူးတင်ခံရတဲ့သူကကျ ဘာလို့ ကျောက်ဖမ်းဖြစ်သွားတာလဲ ... 


ရှန်းချိုးရှစ်က သူ့ကို မျက်စောင်းထိုးကာ ရမ်ရှန့်၏ဘေးတွင် ဝင်ထိုင်လိုက်သည်။ 


"ရမ်ရေ အင်္ကျီ‌တွေရော စမ်းဝတ်ကြည့်ပြီးပြီလား အန်တီက ဆိုဒ်ကွက်တိဝယ်ပေးထားတာဆိုတော့ သားဝတ်လိုက်ရင် အရမ်းကြည့်ကောင်းမှာ ..." 


သူ့ဇနီးက သဝန်တိုနေတာလား ... ဒါပေမယ့် သဝန်တိုရမယ့်လူ မှားနေသလိုပဲနော် ... 


နာမည်ကျော်ကြားလွန်းသူကြောင့် မကြာခဏ သဝန်တိုခဲ့ရသည့် ရှန်းချိုးရှစ်သည် ယခုအချိန်တွင်တော့ ရမ်ရှန့်က သူနှင့် ပိုရင်းနှီးနေသည့်အတွက် မကျေမချမ်းနိုင် ဖြစ်နေတော့သည်။ ကျောက်ဖမ်းမှာ သူ့ဇနီး၏ အမူအယာကို သဘောမကျဘဲပင် မနေနိုင်တော့။ 


ဒီလိုမျိုး ရွှန်းလက်တက်ကြွနေတဲ့ ရှန်းချိုးရှစ်ကို မတွေ့ရတော့တာတောင် တော်တော်ကြာနေပြီပဲ။ 


xxxxxx