Chapter 12
စစ်ဆေးပြီးချိန်တွင်တော့ ရမ်ရှန့်မှာ တကယ်ကို ထက်မြက်သူဟု ကျောက်လင်းယွီ ပြောခဲ့သည်မှာ အမှန်ပင်ဖြစ်ကြောင်း သိလိုက်ရသည်။
ဘယ်လိုအကြောင်းအရာပင် ဖြစ်ပါစေ ရမ်ရှန့်ကို တစ်ကြိမ်ပြောလိုက်သည်နှင့် ချက်ခြင်း သဘောပေါက်ကာ နောက်တစ်ကြိမ် ထပ်ပြောရန်ပင် မလိုအပ်။ သူမ ပြခဲ့သည့် စာအုပ်များကိုလည်း ရမ်ရှန့်က တစ်ကြိမ်ဖတ်ရုံမျှဖြင့် အားလုံးကို မှတ်မိနိုင်သည်။ အိုင်ကျူနိမ့်တယ်... ရူးကြောင်ကြောင် ဟုတ်လား... သူမရဲ့ ချွေးမလောင်းလေးက တကယ်ကို ဉာဏ်ကြီးရှင်ပါနော် ...
သူ့ကို ချွေးမလေးဟု ခေါ်၍ မရတော့မည်ကို စိုးရိမ်မိလာပြန်သည်။ ကလေးမှာ ငယ်လွန်းသေးကာ သူမ၏ သားကတော့ မြက်နုလေးကို စားနိုင်ဖို့ရန် အိုမင်းလွန်းနေပြီဖြစ်သည်။
နှစ်တစ်သိန်းခန့် အသက်ရှင်လာပြီးဖြစ်သည့် မြက်နုကလေး ရမ်ရှန့်မှာတော့ သူ့ရှေ့မှ စာအုပ်များကို စိတ်စွမ်းအင်သုံးကာ ဖတ်ရှုနေလိုက်သည်။ အဘိဓာန်တွေ ဘယ်လောက်တောင် ထပ်ပြီး အလွတ်ရဖို့ လိုသေးတာလဲ ...
သူ့အနေဖြင့် ကျင့်စဉ်ကို ဘာသာပြန်ရန် အရေးတကြီး လိုအပ်နေသည်။ ထိုမှသာ ကျောက်လင်းယွီလည်း ကျင့်ကြံနိုင်မည်ဖြစ်သည်။
သူသာ ကျင့်ကြံနိုင်ခဲ့ပါလျှင် တစ်ချိန်လုံး နာမကျန်း ဖြစ်နေတော့မည် မဟုတ်ချေ။
သူ့အကူအညီပေါ်တွင် လုံးလုံးလျားလျား မူတည်ရန်အတွက်ကတော့ ... ဘယ်လောက်နာကျင်ရကြောင်း သိပြီးချိန်မှစ၍ ရမ်ရှန့်သည် ထိုကျင့်စဉ်ကို ထပ်မကျင့်ချင်တော့ပေ။
ထိုသို့ဖြင့် ရမ်ရှန့် ကျောက်မိသားစုတွင် နေထိုင်ခဲ့သည်မှာ လဝက်ခန့် ရှိလာပြီး ကျောက်လင်းယွီ၏ စွမ်းအင်ကမောက်ကမ ဖြစ်မှုများကလည်း နည်းသည်ထက် နည်းလာတော့သည်။
ထိုသို့ဆိုလျှင်တောင် သန့်စင်မြေ၏ တည်ရှိမှုက ကျောက်လင်းယွီကို လက်တစ်ဖက်မြှောက်ရန်ပင် အခက်တွေ့စေဆဲပင်။ ထိုသည်ကို မြင်လိုက်ရသည့် ရမ်ရှန့်အနေဖြင့်လည်း သူ့ကို ကျင့်ကြံရေးလမ်းစဉ်အကြောင်း ရှင်းပြရန်သာ ကြိုးပမ်းနိုင်တော့သည်။
ကျောက်လင်းယွီမှာ မနုံအသည့်အပြင် ထက်မြက်သူ တစ်ဦးဖြစ်သည်။ ဘယ်သူ့ကိုမှ မသင်ကြားပေးဖူးသော ရမ်ရှန့်၏ စကားတို့မှာ အနည်းငယ် မရေမရာဖြစ်နေသော်ငြား သူ၏ ယခင်က အပြုအမူများနှင့် ပေါင်းစပ်လိုက်ချိန်တွင်တော့ ဝေဝေဝါးဝါးသာ နားလည်ထားသည်များကိုပင် ကိုယ်တိုင်စမ်းသပ်ကြည့်နိုင်သည့်အဆင့်သို့ ရောက်လာတော့သည်။
သူက သန့်စင်မြေ၏ စွမ်းအင်ကို မရွှေ့နိုင်သော်ငြား သူ့ကိုယ်ထဲတွင် အခြားစွမ်းအင်များလည်း ရှိနေသေးသည်။ အချို့မှာ ဇာ့ဂ်ဘုရင်မ၏ မခြေဖျက်နိုင်သေးသော စွမ်းအင်များဖြစ်ကာ အချို့မှာတော့ သူ၏ စွမ်းအင်ရုန်းကြွမှုကို ဟန့်တားရန် ကြိုးပမ်းခဲ့သည့် စွမ်းရည်ပိုင်ရှင်တို့၏ စွမ်းအားများဖြစ်သည်။ ၎င်းတို့က သူ၏နာကျင်မှုကို ပို၍ပင် ဆိုးလာစေသော်ငြား တစ်ဖြေးဖြေး ထိန်းချုပ်လာနိုင်ပြီဖြစ်သည်။
သို့သော်ငြား ထိုစွမ်းအင်များကို ထိန်းချုပ်ကာ ကိုယ်ပိုင်စွမ်းအင်အဖြစ် ဖွဲ့စည်းသည့် နာကျင်မှုမှာ သာမန်သာဆိုလျှင် တွေးပင်မတွေးရဲလောက်သည့်အဆင့် ဖြစ်သည်။ ပြီးခဲ့သည့်နှစ်လ သူ အိပ်ယာထဲ လှဲနေရစဉ်ကသာ ဒီလိုမျိုး နာကျင်ရပါလျှင် သူသည်လည်း သည်းမခံနိုင်မည်မှာ ကျိန်းသေဖြစ်သည်။
"အရမ်းအံ့ဩဖို့ ကောင်းတာပဲ ..."
ရမ်ရှန့်က သူ့နားတွင်သာ တွယ်ကပ်နေရင်း တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး လေးစားမိလာသည်။ သူက ကျောက်လင်းယွီ၏ ကိုယ်ပေါ်မှ ဖြာထွက်နေသည့် သန့်စင်မြေစွမ်းအင်များကို မကြောက်သည့်အပြင် ကျောက်လင်းယွီကလည်း စွမ်းအင်အရှုပ်အထွေးများကို ထိန်းချုပ်နိုင်နေပြီဖြစ်သည့်အတွက် သူ့အနားနေရသည်မှာ ယခင်ကထက်ပင် သက်တောင့်သက်သာ ရှိလာတော့သည်။
ထိုသို့ဆိုလျှင်တောင် ကျောက်မိသားစုတစ်ခုလုံးတွင် သူတစ်ယောက်ထဲသာ ကျောက်လင်းယွီအနား ကပ်နိုင်ပေသည်။ ရှန်းချိုးရှစ်သည်ပင် သူ့ကို တွေ့လိုပါက သန့်စင်မြေ၏ ဖိအားတို့ကို တောင့်ခံရဦးမည်ဖြစ်သည်။
"မင်းလည်း အရမ်းကို တော်တာပဲ ..."
ကျောက်လင်းယွီက ပြောလိုက်သည်။ သူဆက်ပြောတော့မည့်အချိန်တွင် ရမ်ရှန့်က ပါးစပ်ထဲကို တစ်ခုခု ပစ်ထည့်လိုက်သည်။
ကျောက်လင်းယွီမှာလည်း သူခံစားခဲ့ရသမျှ နာကျင်မှုတို့ကို ကုစားပေးနိုင်သည့် နူးညံ့သော်လည်း အားကောင်းလှသော စွမ်းအင်ကို မအံ့ဩဘဲပင် မနေနိုင်တော့ချေ။
ရမ်ရှန့် သူ့ကို နမ်းလိုက်သည့် ပထမဆုံးအကြိမ်မှစကာ စိတ်ဝိဉာဉ်ဆေးဝါးတို့ကို ခြောက်ကြိမ်တိုင် တိုက်ကျွေးခဲ့သည်။ အကြိမ်တိုင်း နောက်တစ်ခေါက် မရှိနိုင်တော့ဟု တွေးမိသော်ငြား ရမ်ရှန့်ကတော့ ဆက်တိုက်ဆက်တိုက် ထုတ်လာပြန်သည်။
သူက ထိုဆေးတို့ကို ထုတ်လာသော်ငြား မည်သည့်ပစ္စည်းဖြစ်ကြောင်းနှင့် ဘယ်နေရာမှ ရခဲ့ကြောင်းကိုတော့ လုံးဝ ပြောမပြပေ။
သူ့ကို အတင်းအကြပ်မေးသင့် မမေးသင့် စဉ်းစားရင်း စိတ်ညစ်မိလာတော့သည်။
သူ့အတွေးကို ဖမ်းမိသွားသော ရမ်ရှန့်က ဟွန်းခနဲ နှာမှုတ်ကာ ပြောလိုက်သည်။
"မာရှယ်ရေ အဲဒါက ဘာလဲဆိုပြီး မေးဖို့ မစဉ်းစားနဲ့နော် လုံးဝ ပြောပြမှာ မဟုတ်ဘူး ..."
"ဘာလို့ ကိုယ့်ကို မာရှယ်လို့ ဆက်တိုက် ခေါ်နေရတာလဲ ..."
ကျောက်လင်းယွီက ထူးဆန်းမှုကို သတိပြုမိသွားသည်။
"ခင်ဗျားကို မာရှယ်လို့ပဲ ခေါ်ကြတာ မဟုတ်ဘူးလား ..."
ရမ်ရှန့်မှာလည်း ဇဝေဇဝါဖြင့်ပင်။
"ကိုယ့်နာမည်က ကျောက်လင်းယွီ မာရှယ်မဟုတ်ဘူး ..."
သူက ပြောလိုက်သည်။
"နောက်တစ်ကြိမ် မာရှယ်ဖြစ်ပါတော့မလားတောင် မသိတော့ပါဘူးကွာ ..."
"ကျွန်တော်ထင်တာက ... အန်တီက လင်းယွီ လင်းယွီနဲ့ ခေါ်တာ အဲ့တာကြောင့်ကိုး ဒါဆို ကျွန်တော်လည်း လင်းယွီလို့ပဲ ခေါ်လို့ရလား ..."
ရမ်ရှန့်က မေးလိုက်သည်။ မူလက ကျောက်လင်းယွီ၏ အမည်မှာ မာရှယ်လင်းယွီဖြစ်သည်ဟု ထင်ခဲ့သော်ငြား ယခုကြည့်ရသလောက်ဆို သူ့အတွေး မှားသွားသည့်ဟန်ပင်။
သူသိတာတွေက အရမ်းနည်းနေသေးတာပဲ ထပ်ပြီး အများကြီး လေ့လာဦးမှပါ ...
"ကိုယ့်ကို လင်းယွီလို့ခေါ်လေ ကိုယ်ကတော့ အမေခေါ်သလိုပဲ ရမ်လို့ ခေါ်မယ်နော် ရမ် ကိုယ့်ကို ဆေးတွေ ဘယ်လောက်တိုက်ရဦးမှာလဲ ..."
"ကျွန်တော့်မှာ အများကြီးရှိသေး ..."
ရမ်ရှန့်က ပြောနေရင်းတန်းလန်း သူ့ကို အကဲခတ်လိုက်သည်။
"ခင်ဗျားကို မပေးဘူးနော် ..."
ဒီလူကသာ သူ့ဂျင်ဆင်းစေ့များကိုယူကာ စမ်းသပ်ကြည့်ပြီး သူ့သရုပ်မှန်ကို သိသွားပါလျှင် အဆင်မပြေနိုင်ချေ။
"ကိုယ့်ကို ဆက်ပြီး မကျွေးလို့တော့ မရဘူးလေ ..."
ကျောက်လင်းယွီက သက်ပြင်းချလိုက်သည်။
"ဆေးပေးတာနဲ့ မတူဘူးလေ ဆေးအနေနဲ့ ထပ်ကျွေးနေဦးမှာဆိုပေမယ့် ခင်ဗျားလက်ထဲတော့ လုံးဝ မထည့်ပေးနိုင်ဘူး ..."
ရမ်ရှန့်က ပြောလိုက်သည်။
"ဒါဆို ကိုယ့်ကို လျှော့ကျွေးပြီး တစ်ခြားတစ်ယောက်ကို ပေးလို့ရမလား ..."
သူက ရမ်ရှန့်ကို ကြည့်ကာ ပြောလိုက်သည်။
"မပူပါနဲ့ ကိုယ် ဝယ်ဆိုလည်း ဝယ်ပါ့မယ် ဒါမှမဟုတ် မင်းလိုချင်တာရှိရင်လည်း ပြောလေနော် ..."
ထိုကဲ့သို့ အရာမျိုးမှာ တန်ဖိုးကြီးလှကြောင်း သိထားသည့်အတွက် ရမ်ရှန့်က သူ့ကို ပေးချင်စိတ် ရှိနေသည်ကပင်လျှင် ကျေးဇူးတင်စရာ ကောင်းလှပြီဖြစ်သည်။ တစ်ခြားသူတစ်ဦးကိုပါ ပေးရန် တောင်းဆိုစရာ အကြောင်း မရှိသော်ငြား ကျောက်လင်းယွီမှာ သူတစ်ယောက်တည်း အများကြီး စားခြင်းသည် ဖြုန်းတီးရာရောက်သည်ဟု တွေးမိတော့သည်။
"ဘာလို့ တစ်ခြားတစ်ယောက်ကို ပေးရမှာလဲ ..."
သူ့ကလေးများကို မပျိုးထောင်လိုသော်ငြား အခြားသူတစ်ဦးကိုလည်း စားရန် မပေးလိုက်နိုင်ချေ။
12.2
"ကိုယ့်အဖေကလဲ ဟိုးနှစ်ပိုင်းတုန်းက ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့တာလေ အဲ့ကတည်းက သူ့ကျန်းမာရေးက ပြန်ကောင်းမလာတော့ဘူး ဒီဆေးက သူ့အတွက် အသုံးဝင်မယ် ထင်လို့ပါ ..."
သူက ပြောလိုက်သည်။
"အန်ကယ်ကျောက်လား ..."
ရမ်ရှန့်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဟုတ်တယ် ..."
သူပြောပြီးပြီးချင်း ရမ်ရှန့်က ပြေးထွက်သွားသည်။
ကျောက်ဖမ်းနှင့် ရှန်းချိုးရှစ်တို့က အတူတူရှိနေကြကာ သူပြေးဝင်လာစဉ်တွင် နှစ်ယောက်သား သူ့ကို ဘာသင်ပေးရမလဲ ဆွေးနွေးနေကြဆဲဖြစ်သည်။
"ရမ် ဘာလို့ အမောတကော ပြေးလာရတာလဲ ဒီအချိန်ဆို သားနဲ့ အတူတူ ရှိနေတာ မဟုတ်ဘူးလား ..."
ရှန်းချိုးရှစ်က သူ့ကို မေးခွန်းတို့ ပြည့်နှက်နေသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ရမ်ရှန့်က ကျောက်ဖမ်းကို အဆုန်အဆန်ကြည့်ကာ သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။ သူ့မျက်နှာမှာလည်း လေးနက်နေဟန်အပြည့်ဖြင့်ပင်။
"ရမ် ဘာဖြစ်လို့လဲ ..."
ကျောက်ဖမ်းက သူ့ကို သိလိုစိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။ အကြောင်းပြချက်မရှိသော်ငြား ရမ်ရှန့်အနားရောက်လေတိုင်း စိတ်အေးချမ်းလာသဖြင့် ထိုကလေးကို သဘောကျမှုတို့က တစ်ဖြေးဖြေး ကြီးထွားလာတော့သည်။
"ဆိုတော့ အန်ကယ်ကျောက်က အသက်ကြီးတာမဟုတ်ဘဲ ကျန်းမာရေး မကောင်းတာပေါ့ ..."
ရမ်ရှန့်က သူ့ကို အသက်ကြီးနေပြီဟုသာ ထင်ခဲ့သည်။ သို့သော် တကယ်တမ်းမှာတော့ သူက ဒဏ်ရာရထားခဲ့သူဖြစ်နေသည်။
သူသည် သက်တမ်းကို ဆွဲဆန့်ပေးနိုင်သည့် ရှားပါးသက်ရှည်ဆေး ဖြစ်သော်ငြား သေလုဆဲဆဲလူများတွင် အာနိသင်သိပ်မရှိသည့်အပြင် သူ့သခင်ကလည်း သေချိန်တန်သော်ငြား မသေလိုသူများကို မုန်းတီးခဲ့သည့်အတွက် ကျောက်ဖမ်းကို ဂျင်ဆင်းစေ့ပေးရန် မတွေးခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား သူက ဒဏ်ရာရနေခြင်းသာ ဖြစ်ကာ သေချိန်လည်း မတန်သေးပေ။
ရမ်ရှန့်သည် အနည်းငယ် တုန့်ဆိုင်းမိသေးသော်ငြား သူ့ကို ပုံပြင်ပြောပြပေး၊ အရာရာတိုင်းကို သင်ကြားပေးခဲ့သည့် ကျောက်ဖမ်းကို တွေးလိုက်မိချိန်တွင်တော့ သူ့ပုခုံးပုတ်ကာ ဂျင်ဆင်းစေ့တစ်စေ့ကို ပါးစပ်ထဲ ထည့်လိုက်သည်။
"အန်ကယ်ကျောက် ဒါကို ဝါးစားလိုက် ..."
"ဘာပြောလိုက်တာလဲ ..."
ကျောက်ဖမ်းလည်း သူ့တစ်ကိုယ်လုံးကို အပိုင်းပိုင်းစုတ်ဖြဲပစ်တော့မလိုမျိုး နာကျင်မှုက တစ်ကိုယ်လုံးတွင် ပျံ့နှံ့နေသည်ကို ခံစားမိလိုက်သည်။ အဆိပ်လား ...
ကျောက်ဖမ်းသည်လည်း တစ်ချိန်တစ်ခါက မာရှယ်တစ်ဦး ဖြစ်ခဲ့ဖူးရာ အန္တရာယ်အားလုံးကို ကြုံခဲ့ဖူးသူဖြစ်သည်။ သို့သော်ငြား တစ်ခါမှတော့ ဒီလိုမျိုး ဆေးကို လွယ်လွယ် အကျွေးမခံရဖူးပေ။ သူ့ရှေ့တွင်ရပ်ကာ စိတ်ဝင်တစား စောင့်ကြည့်နေသည့် ရမ်ရှန့်ကို တွေ့လိုက်ရချိန်တွင်တော့ အန္တရယ်မရှိနိုင်ဟုသာ ခံစားရတော့သည်။
အဆိပ်ကို တည့်တိုးကြီး ကျွေးကာ ဘေးမှ ရပ်ကြည့်နေမည့် လုပ်ကြံသူဟူ၍လည်း မရှိနိုင်ပေ။ သူက ရှန်းချိုးရှစ်ကိုပင် ဖမ်းထားရန် မကြိုးစား။
ထို့အပြင် သူ၏ ယိုယွင်းနေသော ခန္ဓာမှာ အသက်ရှည်ရှည် နေရတော့မည် မဟုတ်ရာ သူ့ကို အဆိပ်ကျွေးခြင်းသည် ကိုယ့်ဒုက္ခကို ရှာနေခြင်းနှင့် အတူတူပင် ဖြစ်သည်။
"ဘာဖြစ်လို့လဲ ..."
ကျောက်ဖမ်း၏ အမူအယာတို့မှာ အခြေအနေမကောင်းသည်ကို တွေ့လိုက်ရသော ရှန်းချိုးရှစ်က မေးလိုက်သည်။
"အဆင်ပြေပါတယ် ..."
သူက ပြင်းပြင်းထန်ထန်ကို နာကျင်နေသော်ငြား စိတ်ကိုထိန်းကာ သူမကို ပြုံးပြလိုက်သည်။ သို့သော်ငြား သူမက အလန့်တကြား ထအော်လိုက်သည်။
"အဆင် အဆင်ပြေတယ် ဟုတ်လား ... ရမ်ရေ ဘာတွေ ဖြစ်ကုန်တာလဲ ..."
"အန်ကယ့်ကို ကျွန်တော့်ရဲ့ ဆေး ... ဆေးကို ပေးလိုက်တာပါ ..."
သူက ပြောလိုက်သည်။
နာကျင်မှုမှတစ်ပါး ဘာမှ မခံစားရသော ကျောက်ဖမ်းက ရမ်ရှန့်ကို သူမ ပြဿနာရှာလိုက်မည်ကို စိုးရိမ်၍ ပြောလိုက်သည်။
"ကိုယ် အဆင်ပြေပါတယ် မ ..."
ရှန်းချိုးရှစ်ကို မဟန့်တားနိုင်ခင်မှာပင် သူမက ရှေ့တစ်လှမ်းတိုးကာ ရမ်ရှန့်၏မျက်နှာကို နမ်းလိုက်သည်။ ထို့နောက်တွင် မျက်ရည်လည်ရွှဲ ဖြစ်လာတော့သည်။
မျက်ရည်များကိုသုတ်ရင်း သူမက ကျေးဇူးတင်စွာ ကြည့်လိုက်သည်။
"ကျေးဇူးပါ ကျေးဇူးပါ တကယ်ကို ကျေးဇူးတင်ပါတယ် ..."
ရမ်ရှန့်ကလည်း သူမကို ပွေ့ဖက်နမ်းရှုပ်လိုက်သည်။ ပထမဆုံးအကြိမ် နမ်းဖူးခြင်းဖြစ်ရာ သူ့မျက်နှာမှာ ရဲရဲနီနေပြီး လက်တို့မှာလည်း ဘာလုပ်၍ လုပ်ရမှန်း မသိစွာ လိမ်ယှက်ထားလိုက်တော့သည်။
(မာရှယ် -0 မဒမ် -1)
ရှန်းချိုးရှစ်ကလည်း သူ့ကို တင်းတင်းကြပ်ကြပ် ဖက်လိုက်ပြန်သည်။
"ရမ်ရေ တကယ်ကို ကျေးဇူးပါ မင်းက ရှေ့လျှောက် အန်တီ့ရဲ့ ကလေးအရင်းပဲသိလား ကလေးလေး မင်းလိုချင်တာကိုပြော အန်တီ မရရအောင် ဖြည့်ဆည်းပေးမယ် ..."
ရမ်ရှန့်၏လက်ထဲတွင် ဆေးရှိနေကြောင်း သူမသား ပြော၍ သိနှင့်ပြီးဖြစ်သည်။ သို့သော် ထိုဆေးမှာ သူ့ပစ္စည်းဖြစ်ကာ သားဖြစ်သူကို ပေးသည်ကပင်လျှင် ကျေးဇူးတင်စရာ ကောင်းလှပြီ ဖြစ်သည့်အတွက် ခင်ပွန်းသည်အတွက်ပါ ဝောာင်းရန်ကိုတော့ အားနာမိတော့သည်။
ထို့အပြင် ဆေးပညာဗဟိုဌာနကပင်လျှင် ကျောက်ဖမ်းကို သေတော့မည်ဟု ပြောထားသည့်အတွက် ထိုဆေးက အသုံးဝင်မည်ဟုလည်း မသေချာပေ။
ယခု ရမ်ရှန့်က သူ့ပါးစပ်ထဲသို့ ဆေးထည့်လိုက်ချိန်တွင် ဆံပင်ဖြူတို့ ပြန်နက်ကာ အရေးအကြောင်းတို့မှာလည်း ပါးသွားတော့သည်။
ရမ်ရှန့်က သူမခင်ပွန်းကို အံ့ဖွယ်ဆေးဝါး ပေးခဲ့တယ်တဲ့ သူ့ကျန်းမာရေးက တစ်ဖြေးဖြေး တိုးတက်နေပြီ ...
သူတို့က ထိုကလေးကို ဘာမှ မပေးခဲ့သော်ငြား သူကတော့ ... သူက သူမ၏ သားကို ဂရုစိုက်ရုံမက ခင်ပွန်းကိုပါ ကုသပေးသေးသည်။ ထိုအခိုက်တွင် ရှန်းချိုးရှစ်၏ သူ့အပေါ် နှစ်လိုမှုတို့မှာ မရေမတွက်နိုင်လောက်အောင် မြင့်တက်သွားတော့သည်။
ကျောက်ဖမ်းမှာလည်း သူ့ဇနီး၏ ရှော့ရသွားသော အမူအယာကို ငေးကြည့်နေမိတော့သည်။ သို့သော် နာကျင်မှုမှာ ပိုဆိုးလာကာ ထိုင်ပင် မထိုင်နိုင်တော့သည့်အတွက် ကြမ်းပေါ်တွင် သာသာလေး လှဲနေလိုက်သည်။ သူက နာကျင်လွန်း၍ ကြမ်းပေါ် လှဲနေရသော်ငြား သူ့ဇနီးကတော့ တစ်ခြားယောကျာ်းတစ်ယောက်ကို ပွေ့ဖက်နမ်းရှုပ်နေသည်။ သူက ကူကယ်ရာမဲ့စွာ ညည်းညူလိုက်မိတော့သည်။
သူမခင်ပွန်း၏ အမူအယာကို သတိထားမိကာမှ ရှန်းချိုးရှစ်လည်း ရမ်ရှန့်ကိုလွှတ်ကာ သူ့ဘေးဝင်ထိုင်လိုက်သည်။
"ဘယ်လိုနေသေးလဲ ..."
"ကိုယ် ... ကြည့်ရတာတော့ နည်းနည်းလေး အားပိုရှိလာသလိုပဲ နည်းနည်းတော့ နာနေသေးတယ် ..."
ကျောက်ဖမ်းက သူမထံမှ နှစ်သိမ့်အနမ်းတစ်ချို့ လိုချင်ဟန်ဖြင့် ပြောလိုက်သည်။
"နည်းနည်းပဲ နာတာ မဟုတ်ဘူးလား ဘာတွေ ကြောက်နေတာလဲ ..."
သူမက သူ့ပခုံးကိုပုတ်ကာ ရမ်ရှန့်ကို လှမ်းကြည့်လိုက်ပြန်သည်။
"ရမ်ရေ ကာတွန်းကား ကြည့်ဦးမလား ..."
နှစ်ပေါင်းများစွာ ပေါင်းသင်းလာသည့်အတွက် သူမသည် ကျောက်ဖမ်း၏ အတွေးတို့ကို သဘောပေါက်ပြီးသားဖြစ်သည်။ သို့သော် ရမ်ရှန့်၏အရှေ့တွင် နမ်းရန်ကမူ ... ဒါက ကလေးကို အတတ်ကောင်းတွေ သင်ပေးသလို ဖြစ်မနေဘူးလား ... ထို့ကြောင့် သူမမှာ ကျောက်ဖမ်းကို ထိပင်မထိရဲတော့။
"ကြည့်ချင်တယ် ..."
သူက ခေါင်းငြိမ့်ပြလိုက်သည်။ ခန္ဓာကိုယ်ကို ပြုပြင်ရန် ဂျင်ဆင်းစေ့များ စားသုံးပါက နာကျင်မှုကို ခံစားရမည် ဖြစ်သော်လည်း ကျောက်လင်းယွီထက်တော့ သက်သာသေးသည့်အတွက် ဂရုစိုက်မနေတော့။
သနားစရာကောင်းတယ်လို့ပဲ ပြောချင်တော့တယ် ... ကျောက်လင်းယွီကတော့ သနားစရာ အကောင်းဆုံးပေါ့ လျှပ်စစ်ပစ္စည်းတွေက သူနဲ့ အရမ်းကပ်နေရင် ပျက်သွားလို့သာ မဟုတ်ရင် ကာတွန်းကား အတူတူ ကြည့်ရမှာကို ...
xxxxxx