Chapter 76
Viewers 4k

👻 Chapter 76

ကိုယ့်လည်ပင်းကို ညစ်မိခြင်း (9)




“ အဲ့ဒီတုန်းက ကျွန်မက နိုးလုလုဖြစ်နေတာ....ရှင်နဲ့ စွန်းကျားမူနဲ့ ငြင်းခုန်နေကြတာကို ကြားလိုက်ရတယ်....ကျွန်မခေါင်းထဲ ပထမဆုံး ဝင်လာတဲ့အရာက ကြောက်စိတ်ပဲ....ဒါကို ဘယ်လိုရင်ဆိုင်ရမလဲ မသိခဲ့ဘူး....ရှင်တို့တွေ တကယ်ကြီး ကျွန်မကို သတ်လိုက်ကြမှာကိုလည်း အရမ်း စိုးရိမ်နေခဲ့တာ...." 


စုန့်ချင်းက စကားရပ်သွားပြီး ဆက်ပြောလာသည်


 " နောက်တော့ ရုတ်တရက် ကျောက်စိမ်းရုပ် မိန်းကလေးရဲ့ စကားသံကို ကြားလိုက်ရတာပဲ...."


စုန့်ချင်းက ရင်ဖွင့်လာသည် " ကျောက်စိမ်းရုပ်မိန်းကလေးက ရှင်တို့တွေ ပြောနေကြတာကို ကြားနေရတဲ့ပုံပဲ..."


ချူဟွိုက်က တစ်စက္ကန့်မျှ အံ့အားသင့်သွားပြီး မေးလာသည် " ကွမ်ရင်မယ်တော်လေး ဖြစ်လာမယ်ဆိုတာ ဘာကိုပြောတာလဲ...."


" ကွမ်ရင်မယ်တော်လေးလိုမျိုး ရွာကို ထိန်းချုပ်နိုင်မယ့် စွမ်းရည် ရှိလာမယ်ကို ပြောတာ....မစ်ရှင်ကနေ အကန့်သတ်မခံရတော့ပဲ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားလို့ရပြီ....အဲ့ဒီကမ်းလှမ်းချက်က စိတ်ဝင်စားဖို့ မကောင်းဘူးလား..." စုန့်ချင်းက ပြုံးလိုက်သည်။


ချူဟွိုက်က မျက်မှောင်ကြုပ်ပြီး တစ်ခဏမျှ စဥ်းစားလိုက်ရင်း အေးအေးဆေးဆေး ပြောလာသည် 

" သူမက မင်းကို လိမ်နေတာ ဖြစ်နိုင်တယ်..."


စုန့်ချင်းက အံ့သြသွားရသည် " ကျွန်မက အခြေအနေတစ်ခုလုံးကို စဥ်းစားမဆုံးဖြတ်ပဲ တစ်ကိုယ်ကောင်းဆန်တဲ့သူလို့ စွပ်စွဲခံရမယ် ထင်နေတာ...."


ချူဟွိုက်က ကူကယ်ရာမဲ့သွားသလို ဖြစ်သွားရင်း အမှန်အတိုင်း ပြောပြလိုက်သည် 


" မင်းကို ဘာလို့ စွပ်စွဲရမှာလဲ....မင်းလွတ်လပ်ခွင့်နဲ့မင်း ရွေးပိုင်ခွင့်ရှိတယ်....ကျွန်တော်က ကောင်းကျိုးဆိုးကျိုးတွေကို ပြောပြပေးရုံပါ...."


စုန့်ချင်း၏ အင်္ကျီအောက်ရှိ လက်များ တုန်ယင်လာပြီး မရဲတရဲ မေးလာသည်


 " ကျွန်မက ရှင်ကို့ သတ်မိရင်ရော ဆိုပြီး ပြောလာမှာကို မစိုးရိမ်မိဘူးလား...." 


ကျောက်စိမ်းမိန်းကလေးကို မွေးဖွားမည့် ခုနစ်ရက်မြောက်နေ့တွင် သူမက ကွမ်ရင်မယ်တော်လေး ဖြစ်လာပြီး အခြားပြိုင်ပွဲဝင်များကို စောင့်ကြိုနေမည့်အရာက အညှာအတာမဲ့ သတ်ဖြတ်ခြင်းပင်။  


ချူဟွိုက်က ဘာမှမဖြစ်သလို ပုခုံးတွန့်ပြလိုက်သည်


 " အခြေအနေ ဘယ်လောက်ပဲ ဆိုးဆိုး လွတ်မြောက်နိုင်မယ့် လမ်းတစ်ခုတော့ ရှိစမြဲဆိုတာ ကျွန်တော် ယုံကြည်တယ်....ကျောက်စိမ်းမိန်းကလေးရဲ့ မွေးဖွားလာမှုက နောက်ပြန်လှည့်လို့ မရနိုင်တဲ့ ကိစ္စဆိုရင် အသက်ရှင်ဖို့ တခြားနည်းလမ်းတော့ ရှိဦးမှာပဲ...."

 

စုန့်ချင်းက လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။


" တကယ်ပဲ အဲ့လို ဖြစ်လာမယ်ဆိုရင်လေ ကျွန်မ ရှင့်ကို လုံးဝ နာကျင်အောင် လုပ်မှာ မဟုတ်ဘူး....ကျွန်မ ရှင့်ကို ကာကွယ်ပေးပြီး ထွက်သွားနိုင်အောင် ကူညီပေးမယ်...." စုန့်ချင်းက ဆိုလိုက်သည်။


ဤသည်က သူမ လုပ်ပေးနိုင်သည့် အရာပင်။ သူမတွင်သာ ကွမ်ရင်မယ်တော်လေးလို စွမ်းရည်မျိုး ရှိလာခဲ့လျှင် သူမက တစ်ခုခုလုပ်ပေးပြီး ချူဟွိုက်ကို ထွက်သွားနိုင်အောင် ကူညီပေး၍ရနိုင်သည်။


အမှန်တွင်လည်း စုန့်ချင်းက ဤအကြောင်းပြောရန် လာခဲ့ခြင်းပင်။


မမျှတသည့် ကံကြမ္မာကို အပြစ်တင်နေမည့်အစား စုန့်ချင်းက ကိုယ်တိုင်လုပ်နိုင်စွမ်း မရှိသည့် သူမကိုယ်သူမ အမြဲတမ်း မုန်းတီးနေခဲ့သည်။ 


တစ်ခါက လူချမ်းသာမိသားစု ဖြစ်ခဲ့သော သူမတို့ မိသားစုကို ဆွဲချခဲ့မိသည့် သူမနှင့် သူမ၏ညီမအဖြစ်ကို ကြည့်သာကြည့်နေခဲ့ရသည်။ သူမ၏ညီမ အသားနှင့်အရိုးပုံကြီး ဖြစ်သွားရပြီး ညီမလေး၏ ချစ်သူက ခါးခါးသီးသီး ငိုကြွေးနေခဲ့သည်ကိုလည်း ကြည့်သာကြည့်နေခဲ့ရသည်။ သူမတွင် အင်အားမရှိ၍ ပရလောကသို့ ဝင်လာခဲ့ပြီးနောက်တွင် ချူဟွိုက်ကို ခဏခဏ ဝန်ပိစေရသော်လည်း ဤအခြေအနေကြီးကို သူမဘက်ကလည်း ပြောင်းလဲပေးနိုင်စွမ်းမရှိ၍ သူ့ကို ပြဿနာပိုပေးမိသည်။


အမှန်တွင်ဖြင့် သူမက ဘာတစ်ခုမှ မဆုံးဖြတ်နိုင်သည့်သူ ဖြစ်သည်။ ထူးဆန်းသည့် ပုံစံနှင့် မွေးဖွားလာရခြင်းက သူမ၏ ရွေးချယ်မှု မဟုတ်ခဲ့သလို ညီမဖြစ်သူ၏ သေဆုံးမှုကလည်း သူမအပြစ် မဟုတ်ပေ။ အခြားသူများအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်လာရခြင်းကလည်း ကံကြမ္မာအလိုတိုင်းသာ။


စုန့်ချင်းက ကူကယ်ရာမဲ့သလို ခံစားမိသည်။ ထို့ကြောင့် အခွင့်အရေး ရလာသည့်အချိန် သူမက ကြောက်စိတ်ထက် ပိုပျော်ရွှင်မိသည်။


သူမသာ ဒီကလေးကို မွေးပေးပြီးတာနဲ့....


ချူဟွိုက်က သူမတွေးနေသည့် အရာကို မသိ၍ အလေးအနက် ပြောလာသည်


 " ပြန်လှည့်ရရင် သူမက ကျွန်တော်တို့ ပြောနေကို ကြားနေရတဲ့အတွက် မင်းကို လိမ်ပြောတာမျိုး မဖြစ်နိုင်တာတော့ မဟုတ်ဘူး...."

 

“ ပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်အခြေအနေက အရမ်းမြန်မြန် ဆိုးဝါးလာတယ်...." 


ချူဟွိုက်က စကားရပ်လိုက်ပြီး ဆက်ပြောလာသည် " သူမ ပြောတာ မှန်တယ်ဆိုရင်တောင် သူမ မွေးလာတဲ့အခါ မင်းက လူသားအနေနဲ့ ဆက်ရှိတော့မှာ မဟုတ်ဘူး...." 


စုန့်ချင်းက ကြောက်သွားသည့်ပုံနှင့် ချက်ချင်း မော့ကြည့်လာသည်။ သူမက အရမ်း တုံးနေတာလား....


ချူဟွိုက်က ဆက်ပြောလာသည် " အခုဆို ကွမ်ရင်မယ်တော်လေးက သရဲဆိုတာ အတည်ပြုပြီးသွားပြီ....ဒါကြောင့် ကလေး ကြီးလာတာနဲ့ မင်းက အသက်ကြီးပြီး တဖြေးဖြေး သေသွားဖို့ များတယ်....ပြီးတော့ သူမ မွေးလာတာနဲ့ မင်းက ပြန်ကောင်းလာပြီး သရဲ ဖြစ်လာနိုင်တယ်....ဒါက ကွမ်ရင်မယ်တော်လေး ဖြစ်လာခြင်းရဲ့ နောက်ကွယ်က အမှန်တရားပေါ့...."

  

“ သရဲတွေကသာ တစ်သက်လုံး အသက်ရှင်နိုင်ကြတာ...." ချူဟွိုက်က ပြုံးပြလိုက်ပြီး စိတ်သက်သာရရနေသည့် အသံနှင့် ဆိုလာသည် " လူတွေဆိုတာက နောက်ဆုံးမှာ သေကြရမှာပဲ...."


စုန့်ချင်းက ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး လမ်းပျောက်သွားသလို ရပ်နေမိသည်။


သူမက တစ်ခဏမျှ တွန့်ဆုတ်နေပြီးနောက် ရုတ်တရက် ခေါင်းမော့လာပြီး ဘာမှမဖြစ်သွားသလို အခိုင်အမာ ပြောလာသည် " ကျွန်မ သရဲဖြစ်လာမယ် ဆိုရင်တောင်မှ ဆန္ဒရှိတယ်...."


ရှင့်ကိုသာ အကူအညီပေးနိုင်မယ်ဆိုရင်ပေါ့....


" အကယ်၍များ ကျွန်မက ဒီတောင်ပေါ်ရွာလေးမှာ တစ်သက်လုံး ပိတ်မိနေမယ်ဆိုရင်တောင်...အကယ်၍များ ကျွန်မက ကြောက်စရာကောင်းတဲ့ အရာကြီး ဖြစ်လာမယ်ဆိုရင်တောင်မှ....အကယ်၍များ....."


ချူဟွိုက်က တစ်ချက်ရယ်လိုက်ပြီး ကြောင်နက်လေး၏ အမွှေးလုံးလုံးလေးကို ကုန်းပုတ်လိုက်သည်။ သူက ကောက်ချီလိုက်ရင်း အနောက်ဘက်ကို လျှောက်သွားလိုက်ချိန် စုန့်ချင်းကလည်း သူ့ရည်ရွယ်ချက်ကို နားမလည်၍ သူ့နောက်ကနေ ရင်တထိတ်ထိတ်လိုက်လာရသည်။


" မင်းသာ သရဲဖြစ်လာဖို့ သတ္တိတွေ ရှိနေတယ်ဆိုရင်...." ချူဟွိုက်က ခေါင်းစောင်းကြည့်ရင်း ပြုံးပြလာသည်


 " ကျွန်တော့်နည်းလမ်းအတိုင်း စမ်းကြည့်ရင်ရော...."


သူက ကလေးကို ထုတ်ပစ်မည့် နည်းလမ်းကို ရည်ညွှန်းနေခြင်းပင်။


" ကျွန်တော် အမြဲတမ်း တွေးမိတယ်...." ချူဟွိုက်က ကောင်ငယ်လေး၏ နားရွက်လေးကို ပွတ်သတ်ပေးနေရင်း ရေရွတ်လာသည်


 " သူသာ တခြားလူတွေကို ယဇ်ပူဇော်တာနဲ့ အသက်ရှင်နိုင်မယ်ဆိုရင် ဘာလို့ အချိန်ဆွဲနေဦးမှာလဲ...."


" ပြီးတော့လည်း...." ချူဟွိုက်က ထိတ်လန့်နေသော စုန့်ချင်းဘက်ကို လှည်ကြည့်လာရင်း ပြုံးပြလာသည်


 " အကောင်းဆုံး ဖြေရှင်းနည်းလို့ ထင်ရတဲ့ဟာတွေကလည်း တကယ်တမ်း ထောင်ချောက်တွေ ဖြစ်နေနိုင်တယ်...."


“ မင်းသာ သရဲစွမ်းရည် ရှိတဲ့သူအဖြစ် အဆုံးသတ်သွားရရင်လည်း အဆင်ပြေတာပေါ့....ဒါပေမယ့် ကွမ်ရင်မယ်တော်လေးက မင်းရဲ့ကိုယ်ကို သုံးပြီး ပြန်ဝင်စားလာအောင် လုပ်နေတာ....မင်းရဲ့ နာမည်ကို ယူမယ်....ဒါဆိုရင် မင်းက စုန့်ချင်း ဟုတ်ပါဦးမလား....မင်းရဲ့ အသိစိတ်တွေလည်း ပျက်စီးကုန်ပြီး သေလူလို ဖြစ်သွားလိမ့်မယ်...အဲ့ဒါဆိုရင် ကျွန်တော်တို့က အောင်အောင်မြင်မြင် လူဝင်စားသွားပြီဖြစ်တဲ့ ကွမ်ရင်မယ်တော်လေးနဲ့ ရင်ဆိုင်ရတော့မှာ...." 


စုန့်ချင်း၏ မျက်နှာက ဖြူဖျော့သွားပြီး ထိန်းမရအောင် တုန်လှုပ်လာသည်။


ချူဟွိုက်က ဆက်ပြောလာသည် " လျိုဟန်က ဒီမှာ ရှိနေတဲ့အတွက် ဒီနည်းလမ်းအတိုင်းဆို လူသေမှာ မဟုတ်ဘူး....မင်းမှာ ရောဂါပိုးတွေ ဝင်လာနိုင်ပေမယ့် ကျွန်တော်တို့က သူ့ကို ခုချက်ချင်း ဖြတ်ထုတ်ပစ်ဖို့ မလိုသေးဘူး....ဘာမှမလုပ်ခင် သူမ မွေးကာနီးအချိန်ထိ စောင့်ရမယ်....မင်း တစ်ရက်ဖြစ်ဖြစ် နှစ်ရက်ဖြစ်ဖြစ် တောင့်ခံနိုင်တာနဲ့ ဘာအန္တရာယ်မှ မဖြစ်ပဲ ပြန်သွားလို့ရပြီ...."  

 

စုန့်ချင်း၏ မျက်လုံးထဲတွင် ချူဟွိုက်က ကြောင်ပေါက်လေးနှင့် ကစားနေရင်း အေးအေးဆေးဆေး စကားဆိုနေခြင်းဖြစ်သည်။ သူ၏ မျက်တောင်ကော့ကော့လေးများက တဖြတ်ဖြတ်ခါနေပြီး စောစောက ရုန်းကန်ခဲ့၍ ရလာသော လက်မောင်းဒဏ်ရာနှင့် ညစ်ပေပေ အဝတ်အစားများကို ဖယ်ကြည့်လျှင် သူ့ပုံစံက တည်ကြည်ရှင်းသန့်နေသည်။


" ခန့်မှန်းချက်နှစ်ခုလုံးက သေဖို့ပဲ ဦးတည်နေတာ...ဘာလို့ မစမ်းကြည့်ရမှာလဲ..." ချူဟွိုက်က ဖြေးဖြေးချင်း ခေါင်းမော့လာပြီး စိတ်လိုလက်ရ ပြောလာသည်။


စုန့်ချင်းက ရုတ်တရက် မျက်ရည်သွင်သွင် စီးကျလာသည်။ နောက်ဆုံးတွင် သူမမှာ ရွေးချယ်စရာ အခွင့်အရေး ရှိလာပြီ ဖြစ်သည်။

  

ချူဟွိုက်က သူမ ငိုသွားရသည့် အကြောင်းရင်းကို မသိ၍ ကူကယ်ရာမဲ့သလို ဖြစ်သွားရသော်လည်း ကြောင်နက်လေးက သူ၏ မွှေးပွနားရွက်လေးများနှင့် ချူဟွိုက်အင်္ကျီအိပ်ကပ်ကို တိုးဖွင့်ကာ တစ်သျှူးစကို ခက်ခက်ခဲခဲ ထုတ်ယူလိုက်သည်။ ယင်းက နောက်လှည့်လိုက်ရင်း လည်ပင်းလေးဆန့်ကာ စုန့်ချင်းဆီ ကမ်းပေးလာသည်။


စုန့်ချင်းက တွေတွေဝေဝေနှင့် လှမ်းယူလိုက်သည်။

  

ကြောင်ငယ်လေးက ပြန်လှည့်ကြည့်လာပြီး အချီးကျူးခံချင်သလို မျက်နှာလေးနှင့် ချူဟွိုက်လည်ပင်းနား ချွဲလာသည်။


ချူဟွိုက်က ပြုံးလိုက်ရင်း ချော်ထွက်သွားမည်စိုး၍ သူ့ကို ထိန်းကိုင်ပေးထားလိုက်သည်။ သူက ထိုကောင်ငယ်လေး၏ မေးစေ့လေးကို ပင့်ပေးလိုက်ရင်း ချီးမွမ်းပေးလိုက်သည်


 " မင်းက သူများကို ကူညီပေးတဲ့နေရာမှာ တော်တော်လေး တော်တာပဲ...." 


ကြောင်နက်လေးက ဆက်ပြီး ပွတ်သတ်လာသည်။


ချူဟွိုက်က သက်ပြင်းတစ်ချက်ချလိုက်ရင်း စကားဆိုလာသည် " မင်းက တော်တော်လေး တွယ်ကပ်တာပဲ...ဒါပေမယ့် ဒီမစ်ရှင် ပြီးတဲ့အခါ မင်းကို ခေါ်သွားလို့တော့ မရဘူး...."  


စုန့်ချင်းက ချူဟွိုက်နောက်ကျောကို ကြည့်နေရင်း ရုတ်တရက် သူက အထီးကျန်နေသည်ဟု ခံစားရသည်။


" ဒါနဲ့..." စုန့်ချင်းက သူ့ကို ခေါ်လိုက်သည် " ကျွန်မ သတင်းတစ်ချို့ သိထားတယ်...စွန်းကျားမူကို မပြောပြချင်လို့...."


ချူဟွိုက်က ရပ်ပြီး နားထောင်လိုက်သည်။


“ ကွမ်ရင်မယ်တော်လေးက ရွှေရုပ်တု ကောင်လေးနဲ့ ကျောက်စိမ်းရုပ် မိန်းကလေးတို့ရဲ့ မွေးအမေပဲ....သူတို့နှစ်ယောက်က နဂါးနဲ့ ဖီးနစ်အမွှာတွေလေ....ကျောက်စိမ်းမိန်းကလေးက ဒီလို ပြောပြခဲ့တာ....ကျွန်မလည်း ဒါ အမှန်ဖြစ်နိုင်လောက်တယ်လို့ တွေးမိတယ်..."


စုန့်ချင်းက သာမန်ကာလျှံကာလေးပြောလိုက်သော်လည်း ချူဟွိုက်၏ မျက်လုံးများ ပင့်တက်သွားရသည်။


သူတို့က တော်တော် အမြင်ကျဥ်းခဲ့တာပဲ....ဖြစ်လာမယ့်အရာတွေကို စောင့်နေမယ့်အစား ဘာလို့ ရင်းမြစ်ကို မတားဆီးလိုက်ရမှာလဲ....


မစ်ရှင်ထဲမှ သရဲမျိုးက ကြုံရာ ပေါ်ထွက်လာသည်မျိုး မဟုတ်ပေ။ "ဝိဥာဥ်လက်ထပ်ပွဲ" မစ်ရှင်ထဲမှ သရဲစုံတွဲကလည်း အသက်ရှင်စဥ်ဘဝက အခွဲခံခဲ့ကြရ၍ သေပြီးနောက် နာကျည်းချက်များနှင့် သရဲအဖြစ်ပြောင်းသွားရသည်။ ထို့ကြောင့် ကွမ်ရင်မယ်တော်လေးနှင့် သူ၏ သားသမီးနှစ်ယောက် ပေါ်လာခြင်းမှာလည်း အကြောင်းရင်းရှိရမည်။

 

ရင်းမြစ်ကို ရှာတွေ့မှ လွတ်မြောက်နိုင်မယ့်ပုံပဲ....


ထို့ပြင် သူက စွန်းကျားမူနှင့် စကားပြောခဲ့စဥ်က ရှောင်ကွမ်ရင်ရွာသားများက အပြစ်ကြွေးရှိခဲ့သည်ဆိုသည့် အကြောင်းကို အမှတ်ရသွားသည်။ 


စွန်းကျားမူက ပြန်လာကြသော နှစ်ယောက်ကို ကြည့်လိုက်ရင်း အေးစက်စက်မေးလိုက်သည် 


"မင်းတို့တွေ အပြင်မှာ ဘာလုပ်နေကြတာလဲ...."


ဤဖြစ်ရပ်ထဲ ဝင်လာပြီးကတည်းက သူ့မှာ ရင်တထိတ်ထိတ် ဖြစ်နေရပြီး အရာရာတိုင်းကလည်း သူ့ခန့်မှန်းချက်များထက် ကျော်လွန်ကာ မပြင်ဆင်ထားရပဲ ဖြစ်သွားခဲ့သည်။ ယခင်က ဖြစ်ရပ်များတွင် သူသည် အသစ်လေးများက အားကိုးရသည့်သူ ဖြစ်ခဲ့သော်လည်း ယခုတွင်မူ ချူဟွိုက်ရှိနေပြီ ဖြစ်၍ သူက လျစ်လျူရှုခံထားရသည့်သူ ဖြစ်လာသည်။


ဤကဲ့သို့ ထိန်းချုပ်၍ မရနိုင်သော အခြေအနေမျိုးက စွန်းကျားမူ၏ စိတ်ကို ပိုပြီး လှုပ်ရှားစေသည်။


ညအချိန်တွင် ချူဟွိုက်က တည်းခိုနေသည့် အိမ်ကလေးမှ ထွက်သွားလိုက်သည်။


သူက အရင်အချိန်တုန်းက ဖြစ်ခဲ့သည့်အရာကို ရှာချင်သည့်စိတ် ထက်သန်နေသည်။


စွန်းကျားမူ စုန့်ချင်းနှင့် လျိုဟန်တို့က အတူတူရှိနေ၍ အသစ်လေးနှစ်ယောက်၏ လုံခြုံရေးကို လောလောဆယ် စိတ်မပူမိချေ။


ပထမဆုံးအနေနှင့် စွန်းကျားမူက ထွက်ပြေးရင်း ဒဏ်ရာရထား၍ အဝတ်အစားလဲရန်အတွက် လောလောဆယ် လျိုဟန့်အကူအညီ လိုအပ်သည်။ ဒုတိယအချက်အနေနှင့် စုန့်ချင်းက ကျောက်စိမ်းရုပ် မိန်းကလေးကို လွယ်ထားရ၍ ဖြစ်လာမည့် အကျိုးဆက်ကို သိရှိသွားသော စွန်းကျားမူက သူမကို ရန်မူရလောက်အောင် ရူးမိုက်မည့်သူ မဟုတ်ပေ။ 


ချူဟွိုက်က ဤညအတွက် အပြင်ထွက်ရခြင်းမှာ အကြောင်းရင်း ရှိလေသည်။ ပထမအချက်အနေနှင့် ကွမ်ရင်မယ်တော်လေးက ရွာသားများကို ရုပ်သေးရုပ်လို အသုံးပြုနေသော်လည်း ရွာသားများက လူသားများဖြစ်၍ ညအမြင် မရှိပေ။ သူ့ကို အမှောင်ထဲ တွေ့သွားကြရင်တောင် သူက အလွယ်လေး ပုန်းပြီး လွတ်မြောက်နိုင်သေးသည်။


ကြောင်နက်လေးကလည်း သူ့နောက်က လိုက်ခဲ့သည်။


ချူဟွိုက်မှာ ဝေးဝေးမရောက်သေးခင် လှည့်လည်သွားလာနေသည့် ရွာသားများနှင့် တိုးသွားလေသည်။ သူ ပိုပြီး လေ့လာလေလေ တစ်ခုခု မှားနေမှန်း ပိုခံစားမိလာရသည်။


သီအိုရီအရ စုန့်ချင်းက သူတို့နှင့်အတူရှိနေ၍ ကွမ်ရင်မယ်တော်လေးက ရွာသားများကို ခြောက်လှန့်ရင်း သူတို့တည်နေရာကို သိရမည်ပင်။ ရွာသားများအတွက် သူတို့ကို ရှာတွေ့သွားရန်က ခက်ခဲသည့် ကိစ္စမဟုတ်။


ကွမ်ရင်မယ်တော်လေးက သူတို့ကို ဖမ်းဖို့ အလျင်မလိုလို့များလား....သူမက ဘာကို စောင့်နေတာလဲ...


အစပိုင်းတွင် ချူဟွိုက်က ရွာသားတစ်ယောက်ကို ရှာပြီး နိုးအောင်လုပ်ကာ နည်းနည်းပါးပါး မေးဖို့ စီစဥ်ခဲ့သည်။ သို့သော်လည်း သူက မလှမ်းမကမ်းရှိ အိမ်တစ်အိမ်၏ ပြတင်းပေါက်နားမှ တောက်တောက်ပပ အရာတစ်ခုကို တွေ့လိုက်ရသည်။ လိုက်ကာစက ဖုံးနေသော်လည်း အလင်းရောင် မှိန်မှိန်လေး ထွက်နေသည်။


သိချင်စိတ်နှင့် ချူဟွိုက်က အိမ်နားကို ကပ်သွားလိုက်သည်။ သူက တောင်ခြေရင်းနှင့် နီးကပ်နေပြီဖြစ်ကာ သူ့ရှေ့က အိမ်က သက်ကယ်မိုးထားပြီး အဆောင်အယောင်အပြည့် ထည့်ထားသည့်ပုံပင်။


ချူဟွိုက်က ဤအိမ်က ရွာသူကြီး၏ အိမ်ဖြစ်နေမှန်း မသဲမကွဲ အမှတ်ရသွားသည်။


ရွာသားများကို ကွမ်ရင်မယ်တော်လေးက မောင်းထုတ်ပြီး သူတို့ကို ရှာခိုင်းထား၍ ရွာသူကြီးကလည်း အိမ်တွင် ရှိမနေချေ။ တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက် ချူဟွိုက်က စွန့်စားလိုက်ပြီး မြေကြီးပေါ်က ကျောက်တုံးကို ကောက်ယူကာ မြက်တောထဲ တိုးဝင်လိုက်ရင်း လိုက်ကာစကို မတင်လိုက်သည်။ 


ချူဟွိုက်၏ မျက်နှာအမူအရာက တစ်စက္ကန့်မျှ အေးခဲသွားရသည်။ သူ့ရှေ့က အရာက....ညပုလဲတစ်လုံး ဖြစ်နေသည်။ 

 

စောစောက အလင်းတန်းက ညပုလဲမှ ထွက်နေခြင်းပင်။


ညပုလဲက တစ်ယောက်ယောက်က မကြာခဏ ရင်ခွင်ပိုက်ထားတတ်သလိုမျိုး ထိလိုက်သည့်အချိန် အလွန်ချောမွေ့သည်။ ယင်းက ဖောက်ထွင်းမြင်နေရပြီး အပြစ်အနာအဆာကင်း၍ အဖိုးတန်မည့်ပုံရှိသည်။


ချူဟွိုက် မျက်မှောင်ဖွဖွ ကြုတ်မိသည်။ ရှောင်ကွမ်ရင်ရွာသားတွေမှာ ဘယ်လိုလုပ်ပြီး ဒီလိုပစ္စည်းမျိုး ရှိနေရတာလဲ....


မလှမ်းမကမ်းမှ ခြေသံများ ကြားလိုက်၍ ချူဟွိုက်က ညပုလဲကို လက်ထဲ ပိုက်ပြီး အမှောင်ထဲ ပုန်းနေလိုက်သည်။


ဒီပစ္စည်းက အတု မဟုတ်လောက်ဘူး...တစ်ထပ်တည်းတူအောင် လုပ်ထားတယ် ဆိုရင်တောင်မှ အဆင့်မြင့်နည်းပညာတစ်ခုတော့ လိုမှာပဲလေ....ရှောင်ကွမ်ရင်ရွာလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းထားတိုင်းဆိုရင် ဒီလိုအရာမျိုးကို ပြန်လည်ထုတ်လုပ်ဖို့က မဖြစ်နိုင်တဲ့ကိစ္စပဲ...


ဒါဆို ဒီပစ္စည်းက ဘယ်ကနေ ရောက်လာတာလဲ....


ကြည့်ရတာ ရွာသူကြီးကို မေးဖို့ လိုနေပြီထင်တယ်....



👻