Chapter 78
Viewers 4k

👻Chapter 78

ရေသရဲ (11)



သူက ထထိုင်လိုက်ပြီး ကိုယ့်ကိုယ်ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ရင်း အချိန်အတန်ကြာသည်ထိ စောင့်နေသော်လည်း စုန့်ချင်းပြန်လာမည့် အရိပ်အရောင်ကို မတွေ့ရသေးပေ။ သူ တဖြေးဖြေး စိုးရိမ်စပြုလာ၏။  


နောက်ဆုံးတွင် လျိုဟန်က သည်းမခံနိုင်တော့၍ စွန်းကျားမူကို နိုးရန် ထလိုက်သော်လည်း ခြေရင်းနားရှိ ရေပုလင်းတစ်လုံးနှင့် တိုက်မိသွားပြီး မြေကြီးပေါ် လက်ထောက်မိသွားရသည်။


သူ့လက်များက စိုရွှဲသွားကာ မြေကြီးပေါ်တွင် ရေကွက်မည်းမည်းလေး တစ်ခု ရှိနေသည်။ 


လျိုဟန်က ပုလင်းထဲမှ ရေဖိတ်သွားခြင်း ဖြစ်မည်ဟုသာ တွေးလိုက်ပြီး သိပ်အာရုံမထားမိသော်လည်း ထရပ်ရန်အတွက် မြေကြီးပေါ်က တစ်ခုခုကို ဟိုစမ်းသည်စမ်း လုပ်နေရင်း အရိုးပိုင်းတစ်ခုကို ထိမိသွားသည်။


လျိုဟန်က ရုတ်တရက် လိပ်ပြာလွင့်မတတ် ကြောက်သွားရသည်။ သူက ဘာသာမဲ့တစ်ယောက် ဖြစ်သော်လည်း " အော်မီတော်ဖော်...ဗုဒ္ဓမြတ်စွာ...." ဟု ရေရွတ်မိသွားလေသည်။

 

လျိုဟန်က ဤတဲအိမ်တွင် ယခင်က နေသွားကြသည့် ရွာသားများ ချန်ထားခဲ့သော ကြက်ရိုးဘဲရိုးများ ဖြစ်လောက်မည်ဟု ကိုယ့်ကိုယ်ကို နှစ်သိမ့်ပေးလိုက်ရင်း ထရပ်ရန်ပြင်လိုက်သည့်အချိန် စိတ်မတည်ငြိမ်ဖြစ်သွားသလို ဟန်ချက်ပျက်ပြီး ပြန်လဲကျသွားသည်။ ယခုတစ်ကြိမ်၌ သူက လက်ချောင်းပြတ်တစ်ချောင်းကို စမ်းမိလေသည်။


လက်ချောင်းက အဆစ်နှစ်ဆစ်သာ ပါပြီး လက်သည်းခွံရှိသည့် ထိပ်ဆုံးပိုင်းက ပျောက်နေသည်။


လျိူဟန်က ချက်ချင်း သွေးလေချောက်ချားသွားရသည်။ ဒါ....သူ့အစ်ကိုရဲ့ လက်ချောင်းပဲ....။ သူ့အစ်ကိုက လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က အလုပ်မှာ ထိခိုက်မိပြီး လက်ချောင်းထိပ်ပိုင်း ပြတ်သွားခဲ့ရသည်။


" အစ်ကိုစွန်း...." လျိုဟန်က ဝမ်းနည်းလာသလို အော်ခေါ်လိုက်သော်လည်း စွန်းကျားမူက နိုးလာမည့် အရိပ်ရောင် မရှိချေ။ ထိုအိပ်မက်ဆိုးက ကြိုတင်စီစဥ်ထားသည့်အလား အချိန်ကိုက်ဝင်ရောက်လာပြီး ကွမ်ရင်မယ်တော်လေးက သူ၏ လွတ်မြောက်နိုင်မည့် လမ်းအားလုံးကို တမင်သက်သက် ဖြတ်တောက်ထားလေသည်။


သူ့နောက်ကျောဘက်က နံရံက သွေးတို့ စိမ့်ထွက်လာပြီး အုတ်ခဲနီနီများကြားမှ အနီရောင်တောက်တောက် သွေးပျစ်ပျစ်များ စီးကျလာ၍ ကြောက်စရာ သွေးကွက်ကြီးတစ်ခု နံရံတွင် ဖြစ်တည်လာသည်။


လျိုဟန်က တဖြေးဖြေး အသိစိတ်ကင်းမဲ့သွားရသည်။

 

လျိုဟန်၏ ပြန်လည်ပြောပြချက်ကို နားထောင်ကြည့်ပြီးနောက် ချူဟွိုက်က တစ်ခုခု စဥ်းစားနေသည့်အလား မေးထောက်လိုက်သည်။ 


စုန့်ချင်းက လျိုဟန် အသက်ရှင်ခဲ့၍ ဝမ်းသာလုံးစို့ပြီး စိတ်ရင်းနှင့် ပြောလာ၏ 


" အသက်ရှင်ပေးလို့ မယ်တော့်ကို ကျေးဇူးတင်ပါတယ်....မဟုတ်ရင် မဟုတ်ရင် ကျွန်မလည်း သေရလိမ့်မယ်..."


ကလေးမွေးရန်အတွက် လျိုဟန်၏ အကူအညီကို လိုအပ်နေသေးသည်။


" အစ်ကိုချူကို ကျေးဇူးတင်ရမယ်...." လျိုဟန်က ဆိုလိုက်သည်။


စုန့်ချင်းက စိတ်မပါလက်မပါ တုန့်ပြန်လိုက်ပြီးမှ ရုတ်တရက် တစ်ခုခုနားလည်သွား၍ ထိတ်လန့်သွားမိသည်။


ကွမ်ရင်မယ်တော်လေးနျန်နျန်းရဲ့ ပန်းတိုင်က လျိုဟန်နောက်လိုက်ပြီး ကျောက်စိမ်းရုပ်မိန်းကလေးကို မွေးဖွားမည့် ကံကြမ္မာကို ဖယ်ရှားမလို့လုပ်နေတာ သိသာတယ်....လျိုဟန်သာ သေသွားရင် သူမလည်း ဒါကို သေချာပေါက် ရှောင်ရှားနိုင်မှာ မဟုတ်ဘူး...


ချူဟွိုက်ကလည်း ဤအကြောင်း သဘောပေါက်သွား၍ နဖူးပွတ်ရင်း ပြောလာသည်


 " ကျွန်တော်တို့ မြန်မြန်လုပ်ဖို့ လိုပြီ....မတော်တဆကိစ္စာတွေ ရှိလာပြီဆိုတော့ သေချာပေါက် ဒုတိယအကြိမ်လည်း ရှိလာဦးမှာပဲ...." 


ချူဟွိုက်က လျိုဟန့်ကို မော့ကြည့်လိုက်သည် 


" ခင်ဗျားက ဒီမစ်ရှင်မှာ ရှောင်ကွမ်ရင်ရွာသားတွေရဲ့ နာမကျန်းမှုကို ကြည့်ရှုပေးရတဲ့ ဆရာဝန်အနေနဲ့ ဝင်လာတာမို့လား.....ခင်ဗျားရဲ့ မိသားစုမှာ အခြေခံဆေးဝါးထောက်ပံ့မှုတွေ ရှိမှာပဲ....မေ့ဆေးလိုမျိုး...."

 

လျိုဟန်က ခေါင်းညိမ့်ပြသည်။


ချူဟွိုက်က တစ်ခဏမျှ စဥ်းစားလိုက်ရင်း စကားဆိုလာသည်" ဒါဆို ကျွန်တော်တို့ ရွာသားတွေကို ရှောင်ပြီး ခင်ဗျားအိမ်ကို ပြန်သွားကြမယ်....စုန့်ချင်းကို အသက်မသေစေပဲ ကလေးကို ထုတ်ပစ်မယ့်နည်းလမ်း တခြားဘာရှိသေးလဲ...."


" ခင်ဗျားက လက်ထိထားတာဆိုတော့...." သူက ကူကယ်ရာမဲ့စွာ ထပ်ပြောလာသည်။

 

စုန့်ချင်းမျက်နှာ ဖြူဖျော့သွားသော်လည်း သူမအပေါ် ဆုံးဖြတ်မည့် ဆုံးဖြတ်ချက်ကို စိတ်ရှည်ရှည်ထားပြီး နားထောင်ရင်း စောင့်မျှော်နေလိုက်သည်။ 


သူမက ပြုံးလိုက်ပြီး လေးလံနေသော လေထုကို သက်တောင့်သက်တာ ဖြစ်သွားစေရန် ဟာသနှောပြီး ပြောလာသည် " ကျွန်မရဲ့ ကိုယ်ရော စိတ်ပါ ခြေကုန်လက်ပန်းကျပြီး အားနည်းနေတဲ့ အခြေအနေမှာပေါ့...."


လျိုဟန်က နှုတ်ခမ်းတွန့်ပြုံးလာသည် " အရမ်း နည်းနေပေမယ့်....မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး..." 

 

စိတ်ထဲ ဖြေဆိုသံ တစ်ခုရောက်လာ၍ စုန့်ချင်းက တစ်ခဏမျှ ရုန်းကန်လိုက်ရသေးသည်။


သူမက အကောင်းဘက်က တွေးပြီး ပြောလာသည် 


" ရှင်က ဆရာဝန်နေရာကို တာဝန်ယူထားရတော့ ကျွန်မက ရှင့်ရဲ့ စမ်းသပ်ခံ ဖြစ်ပေးမယ်လေ....ကျွန်မ သေသွားရင် အရှုံးမရှိပေမယ့် အသက်ရှင်ခဲ့ရင်တော့ တော်တော်လေး အကျိုးမြတ်ရမှာနော်....စိတ်မပူပါနဲ့....ကျွန်မ သေသွားရင်တောင်မှ သရဲဖြစ်လာပြီး ရှင်တို့ကို သတ်မှာ မဟုတ်ပါဘူး...ရှင်တို့ကိုတောင် ကာကွယ်ပေးနိုင်ဦးမှာ...."   


လျိုဟန်က သူမကို နှစ်သိမ့်ပေးလိုက်သည် " ရှေးခေတ် စာအုပ်တွေမှာ ဝမ်းဗိုက်ခွဲစိတ်မှု လုပ်တာ အောင်မြင်သွားတဲ့ ကိစ္စတွေလည်း အများကြီးရှိပါတယ်...." 

 

“ ရှင် တွန့်ဆုတ်နေဖို့ မလိုပါဘူး....ဒီပုံအတိုင်းဆို ကျွန်မက နှစ်ရက်သုံးရက်နေတာနဲ့ သေတော့မှာ....ဘယ်လိုပဲဖြစ်ဖြစ်...." စုန့်ချင်းက စိတ်နှင့်ကိုယ်နှင့်မကပ်သော ချူဟွိုက်ကို ကြည့်လိုက်ရင်း ပြောလိုက်သည် 


"ကျွန်မ စမ်းကြည့်ချင်သေးတယ်...."


" ကျွန်မက ဒီနှစ်တွေမှာ ဆေးရုံကို အိမ်လို သဘောထားပြီး နေခဲ့ရတာ....ကျွန်မ နာမှာ မကြောက်ပါဘူး...."


ရုတ်တရက် အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရသည်။ 


စွန်းကျားမူ ပြန်ရောက်လာခြင်းပင်။


စွန်းကျားမူက အထဲဝင်လာသည့်အချိန် လျိုဟန့်လက်က ပတ်တီးကို မြင်လိုက်၍ မျက်မှောင်ကြုတ်မိသွားသည် " ဘာဖြစ်ထားတာလဲ...."


" မမျှော်လင့်ထားတဲ့ အရာတစ်ခု ဖြစ်သွားခဲ့တာ...." ချူဟွိုက်က ပေါ့ပေါ့ပါးပါး ပြောလာသည် " ခင်ဗျား တစ်ခုခု ရှာတွေ့ခဲ့လား...." 


စွန်းကျားမူက လှောင်ရယ်လိုက်ရင်း ပြောလာသည်


 " ငါက ဘာလို့ မင်းကို ပြောပြရမှာလဲ....အလှဲအလှယ်လုပ်ကြတာပေါ့...."


စွန်းကျားမူက စားပွဲပေါ်က အစာခြောက်တစ်ခုကို ကောက်ကိုင်လိုက်ပြီး ခပ်ကြီးကြီးကိုက်လိုက်ကာ ရေနှင့်မျောချလိုက်သည်။ 


ချူဟွိုက်က သဘောကျရယ်လိုက်သည် " ခင်ဗျားက ကျွန်တော် ပြင်ဆင်ထားတဲ့ စားစရာကို စားသောက်နေပြီး အလှဲအလှယ်လုပ်မယ့်အကြောင်းကို ပြောနေသေးတယ်ပေါ့...."


စွန်းကျားမူ၏ မျက်နှာက အနီရောင်သန်းသွားပြီး နှာမှုတ်လိုက်ကာ ပါးစပ်ထဲက မုန့်ခြောက်ကို မြေကြီးပေါ် ထွေးထုတ်ပစ်သည်။


ချူဟွိုက်က ဆိုလာသည် " ခင်ဗျားသာ သတ္တိရင် တစ်ယောက်တည်း ထွက်သွားလို့ရတယ်....ခင်ဗျားကို ဘယ်သူမှ မတားဘူး...." 

 

စွန်းကျားမူ၏ မျက်နှာက ချက်ချင်း ကြမ်းတမ်းလာပြီး လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ သူ မတုံးပေ။ ယခုလိုအချိန် တစ်ယောက်တည်း ထွက်သွားလိုက်သည်က သေလမ်းရှာနေသည်နှင့် အတူတူပင်။ ချူဟွိုက်က ယုံကြည်ချက်ရှိနေ၍ သူ့ကို တွန်းအားပေးရဲခြင်း ဖြစ်သည်။


စွန်းကျားမူက တဲအိမ်လေးထဲမှ ထွက်လာခဲ့သည်။


ချူဟွိုက်က တံခါးနား ရပ်နေရင်း ကြောင်လေးကို ပွတ်သတ်ပေးနေကာ အောက်ငုံ့ကြည့်ပြီး ပြုံးပြလာသည်။ သူက ရေရွတ်လိုက်သည် 


" ခင်ဗျားကို အခွင့်အရေးပေးခဲ့ပေမယ့် ခင်ဗျားဘက်က မယူခဲ့ဘူး...."

 

သူက စွန်းကျားမူ၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေရင်း ရယ်လိုက်မိသည်။


နောက်မှ သူ့ကို အပြစ်လာမတင်နဲ့....


သူက မူလက ညပုလဲအကြောင်း စဥ်းစားထားသော်လည်း ယခုတွင် အရင်ဆုံး ဤချိန်ကိုက်ဗုံးကို ဖြေရှင်းရဦးပေမည်။


ညပုလဲက အရောင်တောက်၍ ရွာသားများက အလွယ်တကူ တွေ့သွားနိုင်သည်။ ယင်းကို သယ်သွားခဲ့လျှင် တာဝန်ကြီး၍ ချူဟွိုက်က မနေ့ညက ပြန်ရောက်လာသည့်အချိန် တဲအိမ်အနီးတွင် လောလောဆယ် မြုပ်ထားခဲ့သည်။


“ လျိုဟန်...." ချူဟွိုက်က ရုတ်တရက် စကားဆိုလာသည်။


လျိုဟန်က အမြန် ထထိုင်လိုက်ရင်း မေးလာသည် " ဘာဖြစ်လို့လဲ....ချူဟွိုက်...."


" တုန်လှုပ်မသွားနဲ့နော်...." ချူဟွိုက်က အဓိပ္ပါယ်ပါပါ ပြောလာသည် " စွန်းကျားမူကလေ တစ်ယောက်ယောက်ကို ရေထဲ တွန်းချခဲ့ပြီး ရေနစ်သေအောင် လုပ်ခဲ့တယ်လို့ ရေရွတ်နေခဲ့တာလား...."

 

ညအချိန်ထိ စွန်းကျားမူက ပြန်မလာခဲ့ပေ။


ချူဟွိုက်က ထိုလူက ညအချိန် အပြင်မှာ တစ်ယောက်တည်း မနေရဲလောက်ဟု ခန့်မှန်းမိသည်။ သူက မုန့်ခြောက်များ စားနေကြသည့် စုန့်ချင်းနှင့် လျိုဟန်ကို တောင်းဆိုလိုက်သည်


 " တစ်ခုလောက် ကူညီပေးဦး...." 


စုန့်ချင်းနှင့် လျိုဟန်က အံ့သြသွားကြသော်လည်း ချက်ချင်း ခေါင်းညိမ့်ပြလာသည်။


ချူဟွိုက်က မျက်လုံးအောက်ပို့ပြီး ပြောလာသည် 


" ခဏနေရင် ကျွန်တော် အပြင်ထွက်သွားမယ်...စွန်းကျားမူ ပြန်ရောက်လာတဲ့အချိန် ထွက်သွားကြသလိုမျိုး ဟန်ဆောင်လိုက်ကြအောင်....သူ မေးလာတဲ့အခါ ကျွန်တော်က မြစ်ဘေးနားမှာ တစ်ခုခုတွေ့လို့ဆိုပြီး သူ့ကို လမ်းပြပေးလိုက်ကြ... ကိုယ်တိုင်တော့ မလိုက်လာခဲ့နဲ့...."


စုန့်ချင်းက အံ့သြသွားရပြီး မျက်လုံးလက်ခနဲ ဖြစ်သွားကာ နှုတ်ခမ်းတင်းတင်းစေ့ပြီး ပြန်ဖြေလာသည်


 " ကောင်းပါပြီ...."


လျိုဟန်က မေ့လဲမတတ် ဖြစ်သွားရသည် " အစ်ကိုချူ....တကယ် သွားတော့မလို့...."


စုန့်ချင်းက သူ့ကို စကားဖြတ်ပြောလိုက်ပြီး ချူဟွိုက်အကြည့်ကို ရှောင်ရင်း လျိုဟန့်ကို စည်းရုံးလာသည်


 " အစ်ကိုချူ ဘာပဲပြောပြော ကျွန်မက လုပ်ပေးမယ်....သူက ကျွန်မတို့ကို ရန်မူလာတာမျိုး တစ်ခုခု လုပ်လာမှာ ရှင် ကြောက်လို့လား...." စုန့်ချင်းက မေးလိုက်သည်။


လျိုဟန်က ခေါင်းတွင်တွင် ခါပြရင်း ပြန်ဖြေလာသည်


 " ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ....သူက ကျွန်တော့်အသက်ကို ကယ်ခဲ့တာလေ...."


" ဒါဖြင့် ရှင်က ဘာလို့ စကားတွေ အများကြီး ပြောနေရတာလဲ...." စုန့်ချင်းက ခပ်ချဥ်ချဥ်မေးလိုက်ပြန်သည်။  


စုန့်ချင်း၏ ပုံစံက ပိုပြီး တက်တက်ကြွကြွရှိလာ၏။


သူတို့က ထွက်သွားနေရင်း ချူဟွိုက်က စုန့်ချင်းကို တားလိုက်ပြီး အတန်ငယ်ကြာသည်ထိ ကြည့်နေလိုက်သည်


 " မင်း တစ်ခုခု သိထားလား...."


စုန့်ချင်းက ဖြူဖျော့သွားပြီး ခေါင်းတွင်တွင်ယမ်းပြလာသည် " ကျွန်မ....ကျွန်မ မသိဘူး....ရှင်ဘာပြောနေလဲဆိုတာ....."


ချူဟွိုက်က သူ့သံသယတို့ကို အတည်ပြုပြီးသွား၍ တစ်ခဏမျှ တိတ်နေရာမှ စိတ်ရင်းနှင့် ပြောလာသည်


 " ကျေးဇူးပါ...."


ပြောပြီးသည်နှင့် သူက ထွက်သွားလေသည်။


ချူဟွိုက်က ခပ်ဝေးဝေးရောက်သွားသည့်အချိန် စုန့်ချင်းက စွန်းကျားမူ အန်ထုတ်သွားသည့် မုန့်ခြောက်ဖတ်များကို ငုံ့ကြည့်လိုက်ရင်း နှာမှုတ်လိုက်သည်။


တစ်ချို့ လူတွေက သေသင့်တယ်...သူတို့ အခုထိ အသက်ရှင်နေသေးတာက ကံကောင်းနေသေးလို့ပဲ....


***

ချူဟွိုက်က မြစ်ဘေးတွင် ကြောင်နက်လေးနှင့် ဆော့ပေးနေလိုက်သည်။


ကောင်းကင်ကြီးက တိမ်စိုင်တိမ်မည်းတို့ ဖုံးလွှမ်းလာ၍ မိုးရွာတော့မည့်ပုံပင်။


ချူဟွိုက်က ရယ်မောလိုက်ရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည် " ကံကောင်းလို့....'သူ' က ဒီမှာ ရှိမနေဘူး...." မဟုတ်ပဲ သူသာ ဒီလိုအရာတွေ လုပ်နေတဲ့ ငါ့ကို တွေ့သွားရင် ငါက ကြောက်ဖို့ကောင်းတယ်လို့ တွေးနေတော့မှာပဲ.....


ကြောင်နက်လေးက မသိမသာလေး တုန်ယင်သွားသည်။


သိပ်မကြာလိုက် စွန်းကျားမူက ရောက်ချလာလေသည်။


" မင်း တစ်ခုခု တွေ့ထားလား...." စွန်းကျားမူက စိတ်မရှည်သလို အနားကပ်လာပြီး မေးလိုက်သည်။


ချူဟွိုက်က ပြန်မဖြေပဲ ကြောင်နက်လေးနှင့်သာ ဆက်ကစားနေ၏။


စွန်းကျားမူက လှည့်ကြည့်လိုက်ချိန် အတူတူလိုက်ခဲ့မည်ဆိုသည့် နှစ်ယောက်ကလည်း ပြန်သွားကြမှန်း တွေ့လိုက်၍ သူ့စိတ်ထဲ သံသယတို့ တိုးပွားလာသည်။


" သူတို့ ဘယ်ရောက်သွားကြတာလဲ...." စွန်းကျားမူက မျက်မှောင်ကြုတ်လိုက်သည်။


ချူဟွိုက်က ဂရုစိုက်မလာချေ။


“ ငါ မင်းကို မေးနေတာလေ...မင်း အ,နေတာလား...." စွန်းကျားမူက စိတ်တိုလာရသည် " မင်း တစ်ခုခု တွေ့ထားတာလားလို့...."

 

ချူဟွိုက်က ကြောင်လေးကို အောက်ချပေးလိုက်ရင်း စပ်ဖြဲဖြဲနှင့် ပျင်းပျင်းရိရိ ပြောလာသည် " ခင်ဗျားက အရမ်း စိတ်ပျက်ဖို့ကောင်းတယ်ဆိုတာ သိရဲ့လား...."


စွန်းကျားမူ၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားသည် " မင်း ဘာပြောချင်တာလဲ...."


ချူဟွိုက်က သူ့ဆီ လျှောက်လာ၍ စွန်းကျားမူက ထိတ်ခနဲ ဖြစ်သွားရသော်လည်း ထိုသို့ ရင်ထိတ်သွားရခြင်းက အကျိုးကြောင်း မညီညွတ်ဟု ခံစားမိသည်။ ချူဟွိုက်က သူ့ထက် အရပ်ပိုရှည်သော်လည်း ရုပ်ပိုင်းဆိုင်ရာ ခွန်အား မရှိ၍ ခြိမ်းခြောက်လို့မရပေ။


" ဘာမှမတွေ့ထားပါဘူး..." ချူဟွိုက်က ဘာမှမဟုတ်သလို ပုခုံးတွန့်ပြသည်။


စွန်းကျားမူက တစ်စက္ကန့်မျှ အံ့သြသွားပြီးနောက် အသိစိတ်ဝင်လာပြီး ဒေါသတကြီး မေးလာသည် " မင်း ငါ့ကို လာကစားနေတာလား...."


ချူဟွိုက်က ထိုသို့ ပျင်းစရာကောင်းသည့် ကိစ္စမျိုး လုပ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။


" မင်းက ငါ ဒီရောက်အောင် ကြံဖန်ထုထားတာပေါ့....ဘာရည်ရွယ်ချက်နဲ့လဲ....." စွန်းကျားမူက အလိုလို နောက်ဆုတ်မိသွားသည်။


သူ့ခေါင်းထဲ တစ်ခုခုက ဖြတ်ခနဲ ပေါ်လာသော်ငြား ဖမ်းမဆုပ်နိုင်လိုက်ပေ။

 

သူ့ရှေ့က ချူဟွိုက်မှာ နူးညံ့သိမ်မွေ့ပြီး နှစ်လိုဖွယ်ကောင်းသည့် ပုံပေါ်နေသော်လည်း စွန်းကျားမူရင်ထဲ ချမ်းစိမ့်စိမ့် ဖြစ်သွားရသည်။


ချူဟွိုက်က မပြတ်မသား အဖြေတစ်ခု ပေးလာသည်


 " ကျွန်တော် ခင်ဗျားကို သင်ခန်းစာတစ်ခု ပေးမလို့...." 

 

စွန်းကျားမူက တစ်ခဏမျှ မေ့လဲမတတ် ဖြစ်သွားပြီးနောက် ပြက်လုံးတစ်ခုကို ကြားလိုက်ရသလို လှောင်ပြောလာသည် " မင်းက ငါ့ကို ရိုက်နိုင်လို့လား...."


ချူဟွိုက်က သူ့ကို ဖြေရှင်းရန် ပျင်းလွန်းလှ၍ စွန်းကျားမူကို အားကုန်တွန်းချလိုက်သည်။


စွန်းကျားမူက မြစ်ကမ်းဘေးနား ရောက်နေ၍ ယိုင်တိုင်တိုင် ဖြစ်သွားပြီး ရေထဲကို ခြေထောက်တစ်ဝက် ကျသွားလေသည်။ သူက ချက်ချင်းပင် ဒေါသထွက်လာရသည်။ ဘယ်အချိန်ကစပြီး ဒီလိုရှက်စရာကောင်းတာတွေ ဖြစ်လာရတာလဲ...  

 

စွန်းကျားမူက နှာမှုတ်ပြီး အပေါ်တက်လာသည် " မင်းက ငါ့ကို ဒီလိုမျိုး ရေနစ်သေစေချင်တာပေါ့....ငါက ရေကူးတတ်တယ်ကွ..."


" ခင်ဗျားကို သေစေချင်တာ ဟုတ်လား....ခင်ဗျား စဥ်းစားတာ မှားသွားပြီပဲ...." ချူဟွိုက်က ရယ်မောလိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြောလာသည် " ကျွန်တော့်လက်ကို အညစ်ပေမခံနိုင်ပါဘူး...." 


သူက လုပ်စရာလုပ်ပြီးသွားသလို လက်ခုပ်တီးလိုက်ရင်း ဘေးက မျက်လုံးပေကလပ်လုပ်နေသော အကောင်ငယ်လေးကို ကောက်ကိုင်ပြီး လှည့်ထွက်သွားသည်။


" ချူဟွိုက်....ငါ့ကို ကယ်ပါဦး....ငါ့ခြေထောက်မှာ ဘာကြီးလဲမသိဘူး ပတ်လာတာ....မလှုပ်နိုင်တော့ဘူး...." 


စွန်းကျားမူ၏ အသံက တုန်ယင်နေသည်။ 


ချူဟွိုက်က တစ်ခဏမျှ ရပ်သွားပြီး ထိုစကားကြားသည့်အချိန် မျက်နှာထက် မဲ့ပြုံးတစ်ခု ဖြစ်တည်လာသည်။


သူက ပြန်လှည့်လာရင်း စွန်းကျားမူ၏ မျှော်တလင့်လင့် အကြည့်အောက်တွင် သူ့ကို ဖွဖွလေး တွန်းထုတ်လိုက်သည်။


ရေထဲကို လုံးဝရောက်သွားအောင် တွန်းလိုက်ခြင်းပင်။


ရေက ကြည်လင်ပြီး စိမ်းမြနေ၍ ရေပြင်အောက်တွင် စွန်းကျားမူနှင့်တစ်ထပ်တည်း တူနေသော်လည်း ဖြူဖျော့ပြီး ဖောင်းပွနေသည့် မျက်နှာတစ်ခုကို ချူဟွိုက်တွေ့လိုက်ရလေသည်။


 

👻