Chapter 86
Viewers 4k

👻Chapter 86

ရုပ်ရှင်ရိုက်မှာလား....



လော့ဇီယန်က ဒေါသထွက်လာသည့်ပုံပင်။


လော့ဇီယန်နှင့် ယဲ့ယွမ်တို့၏ ခန္ဓာကိုယ်အချိုးအစားကို နှိုင်းယှဥ်ကြည့်ရင်း အသံတိတ်နေရာမှ ချူဟွိုက်က သတိထားပြီး ပြောလိုက်မိသည်


 " ခင်ဗျားက သူ့ကို မတွန်းလှန်နိုင်လောက်အောင် အားနည်းနေမယ်လို့တော့ မထင်ပါဘူး..."


ယဲ့ယွမ်က လော့ဇီယန်ထက် အရပ်ပိုရှည်သော်လည်း ပိုပြီး ပိန်သည်။


လော့ဇီယန်က ချူဟွိုက်၏ စကားများကြောင့် သူခိုးလူမိသလို ဖြစ်သွားရပြီး မျက်နှာနီရဲလာသည်။ ချူဟွိုက်က ဖြစ်ခဲ့သည့်အရာကို ချက်ချင်း သဘောပေါက်သွား၍ ခပ်ဖျော့ဖျော့ ပြုံးလိုက်ရသည်။


နှစ်ယောက်သား အောက်ထပ်သို့ သွားနေချိန်အတွင်း လော့ဇီယန်က တိုးတိုးလေး ကပ်မေးလာသည် " စွန်းကျားမူက ဘယ်လိုလုပ်ပြီး သေသွားရတာလဲ...."


ချူဟွိုက်က စွန်းကျားမူကို သရဲ သတ်သွားသည်ဟု အကျဥ်းချုံး ရှင်းပြလိုက်သော်လည်း လော့ဇီယန်က စွန်းကျားမူ လွယ်လွယ်လေး သေသွားခြင်းအပေါ် မယုံကြည်နိုင်သေးပေ။ စိတ်ပျက်စရာကောင်းသည့်သူ ဖြစ်သော်လည်း စွန်းကျားမူက အားကောင်းသည့်သူ ဖြစ်သည်။

 

ချူဟွိုက်နှင့် စွန်းကျားမူတို့ မစ်ရှင်ထဲ ရောက်နေကြသည့်အတောအတွင်း လော့ဇီယန်က ချူဟွိုက်ကို စိတ်ပူ၍ အချိန်ရတိုင်း အောက်ထပ်က စီရင်ချက်နံရံကို သွားသွားကြည့်မိသည်။


ထို့နောက် လေးရက်မြောက်နေ့တွင် စွန်းကျားမူ၏ ပန်းချီကား ပေါ်လာသည်ကို တွေ့ရလေသည်။ ယင်းက "ဆေးရောင်ခြယ် အရေပြား" ဆိုသည့် ရုပ်ရှင်မှ ရှောင်ဝိန်းက အမျိုးသမီးတစ်ယောက်ကို ရေချိုးကန်ထဲ ထိုးချနေသည့် ဇာတ်ဝင်ခန်းနှင့်ပင် ဆင်နေသည်။


စွန်းကျားမူနှင့် တစ်ပုံစံတည်းတူသည့် အခြားတစ်ယောက်က အနောက်ကနေ သူ့ကို ဖိထားပြီး စွန်းကျားမူဆီ လျှာအရှည်ကြီး ထုတ်လာသည်။


ကျင်းထျန်းယိက သရဲတစ်ကောင်လို လော့ဇီယန်နောက်မှ ပေါ်လာ၍ လန့်၍ အော်လိုက်မိသည်


 " အား....."


ကျင်းထျန်းယိက သူတို့ဆီ တည့်တည့်လျှောက်လာပြီး ခပ်ထေ့ထေ့ ပြုံးလာသည် " ရှေ့တိုးပေး...."


“ ကျွန်တော်တို့ ဒီမှာ ထိုင်လို့မရဘူးလား...." ချူဟွိုက်က ဆိုဖာပေါ် ထိုင်နေရင်း ဘေးက ကုလားထိုင်ကို ညွှန်ပြလာသည်။


ကျင်းထျန်းယိ မျက်ခုံးတို့ ပင့်တက်သွားပြီး ရယ်ရင်း ပြောလာသည် " ဒါဆို မင်းက ကိုယ့်ကို မင်းမဟုတ်တဲ့သူတွေနဲ့ တီတီတာတာ ပြောစေချင်တာလား...."


ချူဟွိုက်က မျက်လုံးအပြူးသား ဖြစ်သွားရသည်။


" နောက်ပြီး ပြောပြရဦးမယ်...." ကျင်းထျန်းယိက စကားစရပ်လိုက်ရင်း ဆက်ပြောလာသည်


 " ကိုယ်က မင်းဘေးမှာ ထိုင်ချင်တာလေ....ကိုယ်က မင်းနဲ့အတူတူ ထိုင်ချင်ရုံမကဘူး ....ကိုယ်က..."


ချူဟွိုက်က ဖြတ်ပြောလိုက်ရင်း ရှက်ရှက်နှင့် အော်လိုက်ရသည် " ထိုင်သာထိုင်လိုက်ပါတော့....စကားအများကြီး ပြောနေစရာ လိုလို့လား....အရှက်လေးလည်း ရှိပါဦး...."


စိတ်မသက်သာသလို ပြောလိုက်ရင်း သူ့အတွက် နေရာရှင်းပေးလိုက်ရသည်။


ကျင်းထျန်းယိက အခိုင်အမာ ပြောလာသည် " ကိုယ့်မိန်းမနောက် လိုက်တာပဲ ဘာတွေ ရှက်နေရဦးမှာလဲ...." 


ချူဟွိုက်မှာ ချောင်းတဟွတ်ဟွတ်နှင့် စကားမဆိုနိုင်တော့ပေ။


လော့ဇီယန်က ချူဟွိုက်က စွန်းကျားမူကို သတ်လိုက်သည့်သူ ဖြစ်မှန်း အာရုံရသွားသည့်အချိန် သူတစ်ယောက်တည်းကသာ အတုံးအဆုံးသူမှန်း ခံစားမိသည်။

 

လော့ဇီယန်က အသေးစိတ် မမေးတော့ပဲ ကျင်းထျန်းယိကို ကြည့်လိုက်သည်။ 


" ဘော့စ်....ဒီရက်တွေမှာ ဘယ်ကို ရောက်နေတာလဲ...."


ချူဟွိုက် ထွက်သွားသည်နှင့် ကျင်းထျန်းယိလည်း ခြေရာလက်ရာမကျန်ပဲ ပျောက်သွားခဲ့သည်။


သူ့စကားများက ကျင်းထျန်းယိက ကြောင်အဖြစ်ပြောင်းပြီး ရေချိုးနေသည့် သူ့ကို ခိုးကြည့်ခဲ့သည့် အဖြစ်အား အမှတ်ရသွားစေသည်။


ထို့ပြင် သူကလည်း ပျင်းနေသည့်အချိန်တိုင်း ကြောင်လေးကို ထိကပါးရိကပါး သွားလုပ်သေးလေသည်။


မဟုတ်ဘူး....ဒီအကြောင်း မစဥ်းစားနိုင်တော့ဘူး....


" ငါ ဂရုစိုက်ပေးရမယ့် အရာတစ်ခု ပေါ်လာခဲ့လို့...." ကျင်းထျန်းယိက ကိစ္စများစွာ ပါဝင်ပတ်သတ်နေ၍ ရှည်ရှည်ဝေးဝေး ရှင်းပြမနေတော့ပေ။


ချူဟွိုက်က အကြည့်ကို အောက်ပို့ထားလိုက်သည်။ ကွမ်ရင်မယ်တော်လေး၏ ဂူသင်္ချိုင်းတွင် သရဲအပူးခံရ၍ ကိုယ့်ကိုယ်ကို ထိန်းချုပ်၍ မရနိုင်ခဲ့သော်လည်း အသိစိတ်က ပြတ်ပြတ်သားသား ရှိနေသေး၍ ကြားသင့်သည့်အရာရော မကြားသင့်သည့်အရာပါ ကြားခဲ့ရသည်။


ချူဟွိုက်က နှုတ်ခမ်းတင်းတင်းစေ့ထားပြီး ချစ်စိတ်ပြင်းပြလာကာ ကျင်းထျန်းယိကို ခိုးကြည့်မိသည်။


ကျင်းထျန်းယိက သူသိနေမှန်းလည်း သိခဲ့မည်ပင်။


အမှန်တွင်ဖြင့် ကျင်းထျန်းယိနှင့် ပထမဆုံးတွေ့ခဲ့သည့်အချိန် ထိုလူ့တွင် လျှို့ဝှက်ချက်များ ရှိနေမှန်း သိသော်လည်း တူးဆွကြည့်ရန် ပျင်းရိနေခဲ့သည်။ ကျင်းထျန်းယိက ပြောမပြသရွေ့ သူ့ဘက်ကလည်း မေးလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ရုတ်တရက် ချောင်းနားထောင်နေခဲ့သလို ခံစားရသည်။


နည်းနည်းလေးလောက်ပါပဲ.... 


ချူဟွိုက်က မနေနိုင်ပဲ နှုတ်ခမ်းစွန်းတို့ ကော့တက်သွားရသည်။


နေထိုင်သူများက တဖွဲဖွဲ ဆင်းလာကြလေသည်။


" ကိုယ် သူတို့ကို ဆင်းလာခိုင်းထားတာ....ကိုယ့်မှာ ပြောစရာ ရှိလို့...." ကျင်းထျန်းယိက ဆိုလာသည်။


ကျင်းထျန်းယိနှင့် ချူဟွိုက်တို့ မရှိသည့်အချိန်အတွင်း ဤတိုက်ခန်းသို့ လူသစ်နှစ်ယောက် ရောက်လာကြသည်။ ကြောက်မက်ဖွယ်ရာ ကစားကွင်းမစ်ရှင်မှ သူတို့နှင့်အတူ ပါလာသည့် အမျိုးသားနှင့် အမျိုးသမီးတို့ပါ

ပေါင်းလိုက်လျှင် ဤတိုက်ခန်း၌ စုစုပေါင်း လူခုနစ်ယောက် ရှိလေသည်။


အသစ်ရောက်လာသည့် အမျိုးသမီးနှစ်ယောက်က ပုံစံကွဲပြားလေသည်။ တစ်ယောက်က ponytailလေး နှစ်ဖက်စီးထားပြီး သင်္ဘောသားဝတ်စုံထားကာ ပါးမို့မို့လေးနှင့် ချစ်စရာကောင်းပြီး တောက်တောက်ပပ ပုံစံလေးပင်။ သူမက အသက်ဆယ့်ရှစ်နှစ်ပင် ကျော်သေးဟန် မရှိပေ။


ကျန်တစ်ယောက်က နူးညံ့သိမ်မွေ့သည့် ပန်းပွင့်ဖြူလေးလို အပြုံးလေးကလည်း နှစ်လိုဖွယ်ကောင်းလှသည်။


ပန်းပွင့်ဖြူလေးက ရှားယွီဟု ခေါ်ပြီး လွန်ခဲ့သော သုံးရက်ကမှ ရောက်လာခဲ့၍ ချူဟွိုက်နှင့် ကျင်းထျန်းယိတို့ကို မမြင်ဖူးသေးပေ။ ရုတ်တရက် ထင်းထွက်နေသော ရုပ်ရည်နှင့် ဆိုဖာပေါ်က အမျိုးသားနှစ်ယောက်ကို တွေ့လိုက်ရသည့်အချိန် သူမမှာ ယာယီမေ့လဲမတတ် ဖြစ်သွားရသည်။ 


ဘယ်ဘက်က နွေးထွေးပျူငှာသော အမျိုးသားက အန္တရာယ်ကင်းမည့်ပုံ ရှိပြီး ညာဘက်က တစ်ယောက်မှာမူ ချောမောခန့်ညားသော မျက်နှာအစိတ်အပိုင်းများရှိပြီး လျှို့ဝှက်ဆန်းကြယ်မည့်ပုံ ရှိသည်။


ထိုနှစ်ယောက်က အရမ်း နီးနီးကပ်ကပ် ထိုင်နေကြလေသည်။


ရှားယွီက ချူဟွိုက်ကို စိုက်ကြည့်နေ၍ သူ့မှာ မသက်မသာဖြစ်လာပြီး မျက်မှောင်ကြုတ်မိသွားသည်။


သို့သော်လည်း ရှားယွီက တစ်ခုခုကို အတည်ပြုမိသွားသလို ဝမ်းသာသွားသည့်လေသံနှင့် ပြောလာသည် " ဥက္ကဌချူ...."


ချူဟွိုက်က နားမလည်နိုင်သလို မျက်လုံးအပြူးသား ဖြစ်သွားရသည် " ......"


ရှားယွီက အမြန် အနားကပ်လာပြီး ချူဟွိုက်ဆီ လက်ဆန့်လာသည် " ဥက္ကဌချူနဲ့ ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...တိုက်ဆိုင်လိုက်တာရှင်...."


ချူဟွိုက်၏ မျက်နှာက တောင့်တင်းသွားရသည်။ သူက ဤပုဂ္ဂိုလ်ကို မမှတ်မိပါချေ။


လော့ဇီယန်ကလည်း အံ့အားသင့်သွားသည် " ရှားယွီ....မင်း ဥက္ကဌချူကို တပ်အပ်သိသွားတာ လေးစားစရာပဲ...."


ရှားယွီက ချူဟွိုက်ကို မျက်နှာလုပ်နေသည်ဟုသာ တွေးမိပြီး အများကြီး မစဥ်းစားမိပေ။


ရှားယွီက ပြုံးပြလာသည် " ဥက္ကဌချူ....ရှင့်အကြောင်းတွေ အများကြီး ကြားဖူးပေမယ့် နောက်ဆုံး လူချင်းတွေ့ဆုံနိုင်တဲ့အတွက် ဝမ်းသာမိပါတယ်...."


ချူဟွိုက် "....." သောက်ကျိုးနည်း မင်းက ဘယ်သူလဲကွ....


လော့ဇီယန်က ရုတ်တရက် နားလည်သွားရသည် " အို့...ဒါဆို မင်းတို့က အချင်းချင်း သိနေကြတာလား...."


တစ်ဖက်တွင်လည်း ကျင်းထျန်းယိက ချောင်းဖွဖွဆိုးလိုက်ရင်း တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် 


" မင်း သူ့ကို တစ်ယောက်ယောက်နဲ့ မှားနေတာ မဟုတ်ဘူးလား...." 


ချူဟွိုက်က ဖြတ်ပြောရန် ပြင်လိုက်စဥ် ရှားယွီက အမြန်ပြောလာသည် " ကျွန်မက ဘာလို့ မှားနိုင်မှာလဲ...."


ချူဟွိုက် "......" ကျေးဇူးပြုပြီး တခြားဘာမှ မပြောလိုက်ပါနဲ့....


" မစ္စတာချူ....ရှင် ကျွန်မကို မမှတ်မိနိုင်လောက်တော့ပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်က ရှင့်ကုမ္ပဏီက ဂိမ်းဇာတ်ကောင်တစ်ခုကို cosplayခဲ့တယ်လေ...ကျွန်မတို့ အဲ့ဒီကိစ္စ ဆွေးနွေးဖို့ ဗီဒီယိုကောနဲ့တောင် အစည်းအဝေး လုပ်ခဲ့သေးတယ်...အခုမှပဲ လူကိုယ်တိုင် တွေ့ရတော့တယ်...." ရှားယွီက ဆိုလာသည်။


ချူဟွိုက်က ရုတ်တရက် ချမ်းစိမ့်စိမ့် ခံစားရသည်။


လော့ဇီယန်က အံ့သြသွားရသည်။


သူက ရှားယွီကို ပရလောကထဲ မဝင်ခင်ကတည်းက သိလေသည်။ ရှားယွီလည်း သူ့လိုမျိုး ဖျော်ဖြေရေးလောကသားတစ်ယောက် ဖြစ်သော်လည်း သူ့ထက်ပိုပြီး အောင်မြင်ကျော်ကြားသူ ဖြစ်သည်။ 

 

သို့သော်လည်း သူက မစ္စတာချူကို 'ကျောင်းကျောင်း' ဟု ခေါ်ခဲ့လေသည်။


လော့ဇီယန်က မရဲတရဲ မေးလာသည် " ကျောင်းကျောင်း...မင်းက...."


ချူဟွိုက်က မျက်နှာကို လက်နှင့်အုပ်လိုက်မိသည်။ " ကျွန်တော့်ကို ကျောင်းကျောင်းလို့ မခေါ်ပါနဲ့...." သူ့မှာ ဂုဏ်သိက္ခာတစ်ခုမှတောင် မကျန်တော့ဘူးလား....


လော့ဇီယန်က တောင်စဥ်ရေမရ ပြောနေပြီး အေးစက်နေသော တိတ်ဆိတ်မှုကို ဖြိုခွင်းသွားစေသည့် စကားလုံးနှစ်ခုကို ပြောလာသည် " မင်းက စီအီးအိုပေါ့...." 


“ မင်း...မင်းက ကောလိပ်ကျောင်းသားလေး မဟုတ်ဘူးလား...." လော့ဇီယန်က ခေါင်းချာချာလည်နေပြီ ဖြစ်သည်။


သူက ထပ်ပြောလာသည် " အမှန်ပဲ....မင်းရဲ့ လိင်ကိုလည်း လိမ်ပြောခဲ့တာ ဆိုတော့ မင်းမှာ တခြား ဘာမှန်တာတွေ ရှိသေးလဲ...." 


ချူဟွိုက် "....."


ကျင်းထျန်းယိက ဘေးတွင် တိတ်တိတ်လေး ထိုင်နေ၍ ချူဟွိုက်က သူစိတ်ဆိုးနေမှန်း တွေးလိုက်မိသည်။ စိတ်ဓါတ်ကျလာပြီး ကြောက်စိတ်ဝင်လာရင်း ချူဟွိုက်က တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး ရှားယွီနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည် " ဟယ်လို..."


ယင်းက ဝန်ခံလိုက်ခြင်းပင်။

 

အမှန်တွင်ဖြင့် ရှားယွီက ဥာဏ်ကောင်းသည့်ပုံ မပေါ်ချေ။ သူမသာ သူ့ကို မမှတ်မိရင် သူမပြောလာမှာကို ဘယ်သူမှ သိမှာ မဟုတ်ဘူးလေ....


လော့ဇီယန်က သူ့အနာဂတ်ကို စိတ်ကူးယဥ်မိပြီး မျက်လုံးပင့်မိသွားသည်။ သူက ချူဟွိုက်ပုခုံးပေါ် လက်တင်လိုက်ရင်း စိတ်အားထက်သန်စွာ ပြောလာသည် " အဲ့ဒါ ကောင်းတယ်....ငါ မစ်ရှင်ပြီးလို့ ကမ္ဘာအစစ်ကို ပြန်ရတဲ့အခါ မင်းသာ ထောက်ပံ့ပေးလို့ကတော့ သေချာပေါက် နိုင်ငံကျော် ဖြစ်လာမှာပဲ...."


ချူဟွိုက်က စာမျက်နှာကို အမြန် လှန်ချင်နေပြီ ဖြစ်သည်။ အချိန်အတော်ကြာသည်ထိ အရူးလုပ်ခံခဲ့ရ၍ ကျင်းထျန်းယိမှာ မပျော်နိုင်တော့သလို မည်သူမှလည်း ပျော်နိုင်လိမ့်မည် မဟုတ်ပေ။


ချူဟွိုက်က ရင်ထဲကနေ သူ့ကိုယ်သူ ရှုံ့ချလိုက်မိရင်း အားမပါသလို ပြောလာသည် 


"ကျွန်တော့်မှာ ပိုက်ဆံ နည်းနည်းပဲ ရှိတာပါ....အာဏာလည်း မရှိပါဘူး....ပရိုမိုးရှင်းလုပ်ဖို့ ကူညီပေးနိုင်မှာ မဟုတ်...."


သူက ကိုယ့်ကိုယ်ကို နှိမ့်ချပြောနေသည်ဟု ထင်လိုက်၍ ရှားယွီက မြှောက်ပင့်ပြီး ချီးကျူးပေးလိုက်သည် " အရမ်း နှိမ်ချမနေပါနဲ့...ရှင့်မှာ...."


" ကျေးဇူးတင်ပါတယ်...." ချူဟွိုက်က ချက်ချင်း စကားစဖြတ်လိုက်ပြီး ခက်ခက်ခဲခဲ ပြုံးနေရသည်။ ရှားယွီသာ မိန်းကလေး မဟုတ်ဘူးဆိုလျှင် သူက ပါးစပ်ပိတ်ဖို့ အော်ပြီးနေပြီဖြစ်သည်။ အခြေအနေက ပိုပိုဆိုးလာသည်။


ကျင်းထျန်းယိက ရယ်ချင်စိတ်ကို အတတ်နိုင်ဆုံး ထိန်းနေရပြီး အလိမ်ခံလိုက်ရ၍ ခက်ခက်ခဲခဲ ခံစားနေရသည့် ပုံစံထွက်အောင် မျက်နှာကို သုန်မှုန်ထားရသည်။

 

အပြန်အလှန် မိတ်ဆက်ကြပြီးနောက် ကျင်းထျန်းယိက သူပြောချင်သည့် ကိစ္စဆီ ရောက်လာသည် " ဒီနေ့ ဘာနေ့လဲ ဆိုတာ မင်းတို့ သိကြလား..."


ချူဟွိုက်က ခေါင်းခါပြလိုက်သည်။ သူက တိုက်ခန်းမှထွက်ပြီး မစ်ရှင်ဝင်နေရ၍ အချိန်ကို တွက်မကြည့်မိပေ။


လော့ဇီယန်က အမြန် ဖုန်းထုတ်လိုက်ပြီး စစ်ဆေးလိုက်သည် " ဇန်နဝါရီလ ၂၀ရက်နေ့လေ...ဘာဖြစ်လို့လဲ...."


ကျင်းထျန်းယိက သူတို့အားလုံးကို သတိပေးလိုက်သည် " နှစ်ပတ်အတွင်းမှာ တရုတ်နှစ်သစ်ကူးနေ့ ရောက်တော့မှာလေ...."

  

ချူဟွိုက်က အံ့သြသွားရသည် " အဲ့ဒါ ဘာကို ပြောချင်လို့လဲ...."


လော့ဇီယန်က အော်ပြောလာပြီး မျက်နှာအမူအရာကလည်း ချက်ချင်း ပြောင်းသွားလေသည် " ဒီမှာ ဘာရာသီအကူးအပြောင်းမှ မရှိတာ...အဲ့ဒါကို မေ့နေခဲ့တာပဲ...."


အသစ်လေးများက ဘာမှမသိကြ၍ တစ်ယောက်နှင့်တစ်ယောက် ကြည့်နေမိသည်။


ကျင်းထျန်းယိက ရှင်းပြလာသည် " ဒီအချိန်ရောက်တဲ့ နှစ်တိုင်း တိုက်ခန်းတစ်ခုစီက တရုတ်နှစ်သစ်ကူးနေ့ ရုပ်ရှင် ရိုက်ရတယ်....ရိုးရာတစ်ခု ဆိုပေမယ့် တော်တော်များများက တစ်နှစ်ပြည့်အောင်ထိ မနေကြရတော့ ပါဝင်နိုင်ဖို့က ရှားတယ်....အဲ့ဒါကြောင့် အရင်က မပြောပြခဲ့တာ...." 


သင်္ဘောသားဝတ်စုံနှင့် တစ်ယောက်က နားမလည်သလို မေးလာသည် " နှစ်ကူးရုပ်ရှင်လား....ရိုးရှင်းတာပဲ...."


လော့ဇီယန်က ခေါင်းခါပြရင်း ရှင်းအောင် ပြောပြလိုက်သည် " သဲထိတ်ရင်ဖို ရုပ်ရှင်ပဲ...."


" သဲထိတ်ရင်ဖို ရုပ်ရှင်လား...." ချူဟွိုက်က မျက်မှောင်ကြုပ်လိုက်သည်။ 


အသစ်လေးများ၏ မျက်နှာများ အရောင်ဖျော့သွားကြသည်။


ကျင်းထျန်းယိက ခေါင်းညိမ့်ပြလိုက်သည် " တိုက်ခန်းမှာ နေတဲ့သူတွေ အကုန်လုံး ဖျော်ဖြေတင်ဆက်မှုမှာ ပါဝင်ရမှာ...."


" ကျွန်တော်တို့က ဖျော်ဖြေရမှာလား..." ချူဟွိုက်က အဓိကအချက်ကို ဖမ်းမိသွားသည့်ပုံပင်။ " ကျွန်တော်တို့က ဘာရိုက်ရမယ်ဆိုတာ ဆုံးဖြတ်လို့ရလား...." 


“ မရဘူး....ဒါပေမယ့် ဇာတ်ညွှန်းနဲ့ ဇာတ်ကောင်မိတ်ဆက်ကို ပို့ပေးလာမှာ ....ကိုယ်တို့မှာ လွတ်လပ်ခွင့်အချို့ ရှိပါသေးတယ်...." ကျင်းထျန်းယိက ပြန်ဖြေလာသည်။


သင်္ဘောသားဝတ်စုံနှင့်တစ်ယောက်က နားမလည်သလို ပြန်မေးလာသည် " အဲ့ဒီထဲမှာ အန္တရာယ်တစ်ခုခု ပါလာနိုင်လို့လား...."


အသစ်ဝင်လာသည့် အမျိုးသားက ဖမ်းဆုပ်မိသွားပြီး အမြန် မေးလာသည် " ကျွန်တော်တို့က ဇာတ်ကောင်အတိုင်း သရုပ်ဆောင်ရင်း ရုပ်ရှင်ထဲမှာ သေသွားရင်ရော ဘာဖြစ်သွားမှာလဲ...."


" ရုပ်ရှင်ထဲမှာ သေရင် အပြင်မှာလည်း သေတယ်..." ကျင်းထျန်းယိက အမှန်တရားကို ဖုံးကွယ်မထားတော့ပေ " ပြီးတော့ တိုက်ခန်းမှာက လူခုနစ်ယောက် ရှိတော့ ရုပ်ရှင်က ခက်နိုင်တယ်...."   


လော့ဇီယန်က ခေါင်းဝှက်သွားပြီး ပြောလာသည်


 " ကျွန်တော် အရင်တုန်းက ကြားဖူးတာ နှစ်ကူးရုပ်ရှင် ရိုက်နေရင်း တိုက်ခန်းတစ်ခုလုံး ပါသွားကြတာတွေလည်း ရှိတယ်တဲ့...."


ချူဟွိုက်က ရယ်မောရင်း စနောက်လိုက်သည်


 " တကယ်တမ်းတော့ အိမ်မှာရော ခရီးသွားရင်ရော လူတွေ သေနေကြတဲ့ သဲထိတ်ရင်ဖိုရုပ်ရှင်တွေ ပေါလွန်းလို့ဗျာ.... ဇာတ်ကောင်ရဲ့ အရောင်အဝါက အလုပ်မဖြစ်ရုံတင်မကဘူး နေရာပိုကြီးလာတာနဲ့ ပိုကံဆိုးပြီပဲ...."  


“နှစ်သစ်ကူး နှုတ်ဆက်တာကလည်း  မကောင်းလိုက်တာ....နှစ်ကူးလက်ဆောင်က အမျိုးဖြုတ်မယ့်ဟာ ဖြစ်နေတယ်...ကျွတ် ကျွတ်....တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားလာပြီ...." ချူဟွိုက်က သက်ပြင်းချမိသည်။   


“အို့....ရုပ်ရှင်ရိုက်တာကိုလည်း မစ်ရှင်လို့ သတ်မှတ်လို့ရလား...." ချူဟွိုက်က မေးလိုက်သည်။


" ရတယ်..." ကျင်းထျန်းယိက ပြန်ဖြေလာသည်။


အသစ်လေးများ၏ မျက်နှာက အနည်းငယ် အခြေအနေကောင်းလာသည်။ အမှန်တွင်ဖြင့် အကြောင်းမသိသည့် မစ်ရှင်ထဲသို့ တစ်ယောက်တည်း သွားရသည်ထက် အဖွဲ့လိုက် ဝင်သွားကြရသည်က ပိုကောင်းလေသည်။


ချူဟွိုက်က ဆက်မေးလာသည် " ဘယ်လောက်ထိ ခက်ခဲနိုင်လဲ....ရိုးရိုးမစ်ရှင်တစ်ခုနဲ့ ယှဥ်ကြည့်မယ်ဆိုရင်...." 

 

“ ရိုက်ကူးရေးက သီအိုရီအရဆို တော်တော်လေး ခက်တယ် ...ဒါပေမယ့် ကိုယ်တို့ဘက်က ကောင်းကောင်း ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် အသက်ရှင်ဖို့ ရာခိုင်နှုန်းက ပုံမှန်မစ်ရှင်တွေထက် ပိုမြင့်နိုင်တယ်..."


" ဇာတ်ညွှန်းက ရက်ပိုင်းအတွင်း ပို့လာတော့မှာ..." ကျင်းထျန်းယိက ဆိုလာသည်


 " အို့...စကားမစပ် ဒီရက်ပိုင်း အချိန်ရလို့ရှိရင် အရင်လူတွေ လုပ်ထားတဲ့ သဲထိတ်ရင်ဖို ရုပ်ရှင်တွေ ကြည့်နေလို့ရတယ်...." 


ချူဟွိုက်က ရုတ်တရက် တစ်ခုခု သဘောပေါက်သွားသလို မျက်လုံးအပြူးသား ဖြစ်သွားရသည် " ခင်ဗျား အခန်းထဲက တီဗွီဘေးမှာထားတဲ့ DVDအထပ်လိုက်ကို ပြောနေတာလား...."


သူက ယခင်တုန်းက ပျင်းသည့်အချိန်တိုင်း ကြည့်တတ်ရာ အကုန်မျိုးပြုတ်ကုန်ကြသည့် သဲထိတ်ရင်ဖို ရုပ်ရှင်မျိုး ဖြစ်နေ၍ အထင်ကြီးမိဖူးသည်။ 


ကျင်းထျန်းယိက ခပ်ထေ့ထေ့ပြုံးလိုက်ပြီး သူပြောလိုက်သည့် စကားက ကျောချမ်းသွားစေသည် " အဲ့ဒီက သရုပ်ဆောင်တွေအားလုံး တိုက်ခန်းမှာ နေသွားကြတဲ့ ပြိုင်ပွဲဝင်တွေပဲ...."


👻