အပိုင်း ၉၄
Viewers 12k

( ဖျော်ဖြေရေးလောကရဲ့ အခြေအနေက နင့်ကြောင့်ယိုယွင်းလာတာ အမှိုက်ကောင် )
( နောက်ခံအင်အားရှိတာ ကောင်းပါတယ် ... အဲ့ရုပ်ရှင်က ဘယ်လိုမျိုးဖြစ်နေမယ်ဆိုတာ ကြည့်ချင်သေးတယ် ... အဲ့အချိန်မှ စက်ရုပ်လို တောင့်တောင့်ကြီး ဖြစ်မနေစေနဲ့ )
( တစ်ယောက်ယောက်ရဲ့ ဇာတ်ကောင်ကို ခိုးပြီးရင်လည်း တိတ်တိတ်နေပြီး hot searchကို မဝယ်နဲ့လေ ... အားလုံးကို ငတုံးများထင်နေလား )
( အန်ချင်လောက်တဲ့အထိကို ရွံစရာကောင်းတယ် ... ဝမ်မင်ယီကို နင့်လိုညစ်ပတ်တဲ့လူလို့များ ထင်နေလား )
( နင့်ကို သရုပ်ဆောင်မလုပ်ပါနဲ့လို့ တောင်းပန်ပါတယ် ... ရုပ်ရှင်ကောင်းတစ်ခုက နင့်ကြောင့် ပျက်စီးရတော့မယ် ... အဲ့အချိန်ကျရင် ငါတို့ပရိသတ်တွေရဲ့ မျက်လုံးတွေပဲ ညစ်ညမ်းကုန်မှာ )
မကြာမီ ကျန်းဇီမော့၏ microblogတွင် ထောင်နှင့်ချီသောလူများက လာရောက်ဆူပူကြိမ်းမောင်းကြသည်။
ကျန်းဇီမော့က သူ့microblog အောက်တွင် လာရောက်ပြောဆိုထားကြသည်ကိုကြည့်ပြီး မကျေမနပ်ဖြစ်ကာ ဒေါသထွက်လာသည်။ ကျောက်ရှောင်ဟွေးကလည်း ဝမ်မင်ယီ၏ နာမည်ကျော်ကြားမှုက ထိုမျှရှိမည်ဟု မထင်ခဲ့မိပေ။ ဝမ်မင်ယီထံသို့ အိုးတစ်လုံးပစ်ပေးလိုက်လည်း ဖြတ်သွားဖြတ်လာများက ကျန်းဇီမော့ကို ဆူပူနေဆဲဖြစ်သည်။
ထိုကဲ့သို့ အရေးကြီးသောအချိန်တွင် ဝမ်ပေါ်က ထုတ်လုပ်သူကိုရှာပြီး နှင့် အဖွဲ့၏ တရားဝင် microblogပေါ်တွင် ကျန်းဇီမော့က ငွေပေးပြီး ဇာတ်ကောင်ကို လုယူထားခြင်းမဟုတ်ကြောင်းနှင့် ထိုသို့ မဟုတ်မမှန်သတင်းများ ဖြန့်ဝေခြင်းကို တရားစွဲဆိုနိုင်ကြောင်း သတိပေးခဲ့သည်။
ဝမ်မင်ယီ၏ မကောင်းသတင်းများ ချက်ချင်းပြန့်လာပြီး ဝမ်မင်ယီ၏ပရိသတ်များက အခြားလူများကို အနိုင်ကျင့်သည်ဟူသော သတင်းများ တက်လာသည်။
( ငါတို့ကောက ရိုက်ကူးရေးအဖွဲ့ကိုတောင် ဆက်သွယ်ခဲ့တာမဟုတ်ဘူးတဲ့ မြင်လား ... ရိုက်ကူးရေးအဖွဲ့ကလည်း ကျန်းဇီမော့က ဝမ်မင်ယီရဲ့ ဇာတ်ကောင်ကို လုယူထားတာမဟုတ်ဘူးလို့ ပြောတယ်လေ )
ဝမ်မင်ယီ၏ ပရိသတ်များက ချက်ချင်းတုံ့ပြန်ကြသည်။
( နင်တို့က ငတုံးလား ... ဒီလိုအချိန်မှာ ရိုက်ကူး‌ရေးအဖွဲ့က ကျန်းဇီမော့က ဒီဇာတ်ကောင်ကို ခိုးပါတယ်လို့ ပြောပါ့မလား ... ရုပ်ရှင်မှာ ရင်းနှီးမြုပ်နှံထားတာတွေ ဆုံးရှူံးကုန်မှာပေါ့ )
နှစ်ဖက်လုံးက အဆုံးမရှိ အငြင်းအခုံဖြစ်နေခဲ့ကြသည်။ ဖြတ်သွားဖြတ်လာများကပင် ကျန်းဇီမော့၏ microblogအောက်တွင် ဆူပူကြိမ်းမောင်းကြသည်။ ကျန်းဇီမော့က ထိုအချိန်တွင် ပရိသတ်များများ မရှိသေးပေ။ ထို့ကြောင့် ကျောက်ရှောင်ဟွေးက ရေတပ်ကိုဝယ်ပြီး reviewများကို ထိန်းချုပ်ရာတွင် ကူညီပေးခဲ့သည်။ သို့ရာတွင် စက်ရုပ်များက လူသားများ၏ လှုပ်ရှားမှုနှင့် မယှဉ်နိုင်ပေ။ နောက်ဆုံးတွင် ကျန်းဇီမော့ကို ဖျော်ဖြေရေးနယ်ပယ်ထဲကပါထွက်သွားရန် ပြောလာကြသည်။
ထို့ကြောင့် တစ်နေ့တာကုန်ဆုံးခါနီးတွင် ကျန်းဇီမော့၏ ကွန်းမန့်များ ပိတ်လိုက်ရသည်။
ကွန်းမန့်များကို မမြင်နိုင်သော်လည်း ခန်ကျယ်ကဲ့သို့လူအချို့ကို တွေ့နိုင်သေးသည်။
ခန်ကျယ်က "a day of disappearance" ၏ အရေးကြီးသူတစ်ယောက်ဖြစ်ပြီး ဇာတ်လမ်း အောင်မြင်ရန် အဓိကလူတစ်ယောက်လည်းဖြစ်သည်။ ထို့ကြောင့် ကြေညာချက်ထဲတွင် သူ၏အခန်းများစွာကို ဦးစားပေးရိုက်ကူးထားကြောင်းများလည်း ပါဝင်သည်။ သို့ဖြစ်၍ ရိုက်ကူးရေးစတင်သောနေ့တွင် ကျန်းဇီမော့က သူ၏ပြိုင်ဘက်ကိုတွေ့ရတော့သည်။
၎င်းက သာမန်ဖြစ်ရိုးဖြစ်စဉ်သာဖြစ်သည်။ ငွေကုန်ကြေးကျများမှုနှင့် အလုပ်ရှုပ်သက်သာစေရန် တူညီသောအခန်းတစ်ခုကို ဒါရိုက်တာများက တူတူရိုက်ကူးကြသည်။ တစ်ခုပြီးမှသာ နောက်ထပ်ရိုက်ကွင်းတစ်ခု ကူးမည်ဖြစ်သည်။ ခန်ကျယ်က အမျိုးသမီးဇာတ်ဆောင်နှင့် အမျိုးသားဇာတ်ဆောင်နှစ်ယောက်နှင့်အခန်းရိုက်ကူးပြီးသောအခါ ကျန်းဇီမော့နှင့် ရိုက်ကူးရန်အလှည့်ရောက်လာသည်။
သို့ရာတွင် ကျန်းဇီမော့က ရုပ်ရှင်များအကြောင်း သေချာမသိပေ။
ဝမ်မင်ယီ၏ ကင်မရာနှင့်အသားကျမှုက မွေးရာပါစွမ်းရည်ဟု ခေါ်ဆိုနိုင်သည်။ သူ ငယ်စဉ်က ရိုက်ကွင်းသို့ နေ့တိုင်းခေါ်သွားခြင်း ကင်မရာနှင့် ဓာတ်ပုံရိုက်ခြင်းတို့ဖြင့် ကျောက်ဝမ်ယွီနှင့် ဝမ်ဝေ့တို့က လေ့ကျင့်ပေးခဲ့သည်။ သို့ရာတွင် ကျန်းဇီမော့က အသားကျခြင်းမရှိသဖြင့် အစပိုင်းမှာတင် အမှားများစွာ ပြုလုပ်မိတော့သည်။
ဒါရိုက်တာက သူ့ကို သတိပေးသည်။
" ကျန်းဇီမော့ ကင်မရာကို အာရုံမစိုက်ပဲ ဇာတ်လမ်းထဲ စိတ်နှစ်ပြီးသရုပ်ဆောင်ပါ ဟုတ်ပြီလား ..."
အချိန်အတန်ကြာ ညွှန်ကြားပြီးသည့်နောက် ကျန်းဇီမော့ သဘောပေါက်သွားပြီး ခေါင်းငြိမ့်ပြလိုက်သည်။
" ကျွန်တော်သိပါပြီ ..."
" ထပ်ပြီးတော့လား ..."
ကျန်းဇီမော့က ခန်ကျယ်၏ သရုပ်ဆောင်မှုကို လိုက်မမှီနိုင်သည်ကို ဒါရိုက်တာသိသွားသည်။
ခန်ကျယ်က ရုပ်ရှင်ဘုရင်ဖြစ်သည်။ သူ၏ သရုပ်ဆောင်စွမ်းရည်ကို လူအများက ရင်းနှီးပြီးသားဖြစ်ကာ သူ ပိုင်နိုင်စွာ သရုပ်မဆောင်နိုင်သည့် ဇာတ်ကောင်မရှိပေ။ သရုပ်ဆောင်တိုင်းကို ရုပ်ရှင်ဘုရင် သို့မဟုတ် ရုပ်ရှင်ဘုရင်မဟု မတင်စားနိုင်သည်ပင်။
သို့သော် အဓိက ပြဿနာမှာ ကျန်းဇီမော့က ပထမဆုံးအကြိမ် သရုပ်ဆောင်ခြင်းဖြစ်သော်လည်း သူ၏ ပြိုင်ဘက်က ခန်ကျယ်ဖြစ်နေသဖြင့် ကွာဟချက်အလွန်များသွားသည်။ ခန်ကျယ်က တက္ကသိုလ်အဆင့် သင်္ချာဘာသာရပ်အတွက် ‌လေ့လာရန်ပြင်ဆင်နေချိန်တွင် ကျန်းဇီမော့က လက်ချောင်းများထောင်က တစ်အပေါင်းတစ် ညီမျှခြင်း နှစ် ( ၁+၁=၂) ကို စတင်သင်နေရသည်နှင့် အလားသဏ္ဍာန်တူနေသည်။
ဒါရိုက်တာလည်း ရွေးချယ်မှုမရှိတော့ပဲ ကျန်းဇီမော့ကို ထပ်မံလမ်းညွှန်ပေးကာ ထိုအခန်းကို ထပ်ရိုက်ရတော့သည်။
ခန်ကျယ်က အခန်းတစ်ခုကို အကြိမ်များစွာပြန် မရိုက်ရသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ကျန်းဇီမော့က နောက်ခံအင်အားကိုသုံးပြီး ဝမ်မင်ယီ၏နေရာကို လုယူလိုက်ခြင်းကိုလည်း သူမကျေနပ်ပေ။ ယခုလည်း ထပ်ခါထပ်ခါရိုက်ကူးနေရ၍ သူမကျေနပ်နိုင်တော့ပေ။ ဒါရိုက်တာနှင့် ကျန်းဇီမော့ကို ပြောလိုက်သည်။
" တခြား‌လူတွေရဲ့အခန်းကို အရင်ရိုက်ကြရအောင် ... သူက တခြားလူရဲ့ ဇာတ်ကောင်နေရာကို လုယူထားပြီး ရိုက်ကူးရေးအဖွဲ့ကလည်း သူ့ကိုရွေးလိုက်လို့ အနည်းဆုံးတော့ သရုပ်ဆောင်တတ်မယ်ထင်ထားတာ ... ဒီလောက်အဖြစ်ဆိုးနေမယ် မထင်ထားဘူး ... သရုပ်ဆောင်တစ်ယောက်ရဲ့ အချိန်က အရမ်းအဖိုးတန်တယ် ... မင်း သရုပ်မဆောင်န်ိုင်ရင် တခြားလူတွေ ဘယ်လိုသရုပ်ဆောင်လဲဆိုတာ ကြည့်ထားသင့်တယ် ..."
ကျန်းဇီမော့က လူကြားထဲတွင် ထိုသို့အပြောခံလိုက်ရသည့်အတွက် ရှက်သွားသည်။
" ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး ... အရင်က သရုပ်‌မဆောင်ဘူးလို့ပါ ဒီထက်ပိုကြိုးစားပါ့မယ် ..."
သူ ပြောလိုက်သည်။
" မင်း ဘာတွေပြောနေတာလဲ ... မင်းက တစ်ခါမှ သရုပ်မဆောင်ဖူးပဲနဲ့ တခြားတစ်ယောက်နေရာကိုလည်း လုယူရဲသေးတယ် ... တခြားလူတွေကလည်း လူတော်ဖြစ်နေတော့ မင်းကိုယ်မင်းလည်း တော်မယ်ထင်နေတယ်ပေါ့ ... အဲ့လိုအသုံးမဝင် အဓိပ္ပါယ်မရှိတာတွေ ငါ့ကိုလာမပြောနဲ့ ... ငါတကယ်ကြိုးစားထားရတာ အဲ့ဒါကြောင့် အခန်းတစ်ခုကို ထပ်ခါ ထပ်ခါ ပြန်မရိုက်ချင်ဘူး ..."
သူပြောလိုက်သည့်စကားများကြောင့် ကျန်းဇီမော့ အရှက်ရသွားသည်။ ဒါရိုက်တာက သူ့ကိုလာကူညီပေးလိုက်သည်။
" ရှောင်မော့ မင်းအရင်အနားယူလိုက်ပါ ... တခြားလူတွေရဲ့အခန်းတွေ ရိုက်ပြီးတော့မှ မင်းအခန်းကို ရိုက်ကြတာပေါ့ ..."
ကျန်းဇီမော့ စိတ်အေးသွားပြီး ရိုက်ကွင်းနေရာမှထွက်ကာ အနားယူသည့်နေရာသို့ သွားလိုက်သည်။
မလှမ်းမကမ်းမှ ဒါရိုက်တာကိုကြည့်ပြီး အခြားသူများကိုခေါ်လိုက်ကာ ခန်ကျဲယ်အကြောင်းကို ပြောတော့သည်။ သူ အနှိပ်စက်ခံနေရသည်ဟု ခံစားမိသည်။ သူက ရုပ်ရှင်ဖန်တီးသူဖြစ်၍ အခြားသရုပ်ဆောင်များခန့် အတွေ့အကြုံ မရှိသော်လည်း သူလည်း ကြိုးစားထားသည်။
ခန်ကျယ်က ဘာလို့ သူ့ကိုပဲ ပြစ်မှတ်ထားနေရတာလဲ ... ဒီဇာတ်ကောင်ကို အစကပိုင်တာ ဝမ်မင်ယီ ဖြစ်နေလို့လား ... ဒါပေမဲ့ ရိုက်ကူးရေးအဖွဲ့က သူနဲ့ရိုက်မယ်လို့ ဆုံးဖြတ်လိုက်တာလေ ...
သူက စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်သဖြင့် ယနေ့တွင် ခံစားခဲ့ရသည့် အနိုင်ကျင့်မှုကို နာမည်ကြီးလာသည့်တစ်နေ့တွင် ပြန်လည် လက်စားချေမည်ဟု လျှို့ဝှက်ကြံစည်ထားလိုက်ဟည်။
&-->>
ညနေပိုင်းတွင် ဝမ်ပေါ်က ရိုက်ကူးရေးအဖွဲ့ရှိရာသို့ ရောက်လာသည့်အခါ ကျန်းဇီမော့၏ ဇောဒက တက်မှုကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။
" ခန်ကျယ်က တကယ့်ကို ရုပ်ရှင်ဘုရင်ပဲလေ ... မင်းလိုလူသစ်လေးတွေ အများကြီးနဲ့ တွေ့နေရမှာပဲကို ဘာလို့ အဲ့လိုလုပ်ပါလိမ့် ..."
ကျန်းဇီမော့လည်း ထိုသို့တွေးနေသည်။
" ဝမ်မင်ယီက သူ့ကို တစ်ခုခုပြောထားလို့ ငါ့ကို လူလည်ကောင်မှာ အရှက်ခွဲတာနေမှာပေါ့ ..."
" ဝမ်မင်ယီက မနာလိုနေတာပဲဖြစ်မယ် ... မင်းက သူလိုချင်တဲ့ ဇာတ်ကောင်နေရာမှာလေ သူမနာလိုဖြစ်မှ ထူးဆန်းနေမှာ ..."
ကျန်းဇီမော့က ဝမ်မင်ယီ၏ မနာလိုဖြစ်မှုကို တွေးမိသွားသဖြင့် နောက်ဆုံးတွင် ခန်ကျဲကို ဒေါသပုံချခွင့် ပေးလိုက်ပြီး စိတ်ထဲတွင် အနည်းငယ် နေရာထိုင်ရကောင်းသွားသည်။
" စိတ်မပူပါနဲ့ ... ငါ ကောင်းကောင်း သရုပ်ဆောင်ပါ့မယ် ... ငါ့ကို သဘောမကျခဲ့တဲ့လူတွေကို ငါက ဒီနေရာနဲ့ ထိုက်တန်ကြောင်းပြပြီး ဝမ်မင်ယီလို အမှိုက်ကောင်ကို မေ့သွားအောင်လုပ်ရမယ် ..."
" ဒီလိုမွေပါ့ ..."
ဝမ်ပေါ်က ယုံကြည်ချက်များဖြင့် ပြည့်နေသည်။
ဝမ်စုက ယခုနောက်ပိုင်း စိတ်ကောင်းဝင်နေခဲ့သည်။ ယျေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် ကုမ္ပဏီတွင် ပြဿနာတစ်ခုမှမရှိပဲ ဝမ်ပေါ်က သူ့ကို ပြဿနာမရှာသရွေ့ သူစိတ်ကောင်းဝင်နေသည်။ အမှန်တွင် မနက်ဖြန်၌ သူ အရေးကြီးကိစ္စတစ်ခုကို လက်မှတ်တစ်ခုထိုးရန် ရှိနေသည်။
ယခင်နှစ်က စစ်ကျွင်းတောက်က ဝမ်ဖုန်းနှင့် သူ၏ စာချုပ်ကိုဖျက်ဆီးပြီး လင်းဟယ်နှင့် ပူးပေါင်းသွားခဲ့သဖြင့် လင်းဟယ်က ချက်ချင်း အောင်မြင်လာခဲ့ပြီး ကောင်းမွန်သည့် အကျိုးကျေးဇူးများ ရရှိလာခဲ့သည်။ သို့ဖြစ်၍ ဝမ်စုက ဖျင်ရှန့်လုပ်ငန်းစုနှင့် ပူးပေါင်းလိုခြင်းဖြစ်သည်။ ယခုအခါ၌ စာချုပ်ကလည်း အဆင်သင့်ဖြစ်လုနီးပါးဖြစ်နေပြီး မနက်ဖြန်တွင် လက်မှတ်ထိုးဖို့ စောင့်နေရန်သာ ရှိတော့သည်။
ဝမ်စုက သူ့အတွင်းရေးမှူးကို လက်မှတ်တစ်စောင်ဘိုကင်ယူထားခိုင်းလိုက်သည်။ သို့ရာတွင် လက်မှတ်ကို ဘိုကင်ယူထားပြီး နာရီအနည်းငယ်ကြာသောအခါ သူ့လက်ထောက်က အမောတကောဖြင့် ပြေးလာသည်။
" မစ္စတာဝမ် ဒါကိုကြည့်ပါဦး ...သူကပြောပြီး ဖုန်းကိုပြလိုက်သည်။
" ကျွန်တော် websiteမှာ "win win cooperation" ဆိုပြီးမြင်ခဲ့တယ် .. အဲ့ဒါ ဖျင်ရှန့်လုပ်ငန်းစုနဲ့ စစ်ရှီလုပ်ငန်းစုက လုပ်ငန်းနည်းဗျူဟာပူးပေါင်းရေးစာချုပ် ချုပ်တော့မယ်တဲ့ ..."
သူ အံ့ဩသွားပြီး ထိုင်နေရာမှ အမြန်ထလိုက်သည်။ သတင်းကို ဖတ်ပြီးသည့်နောက် သူ့လက်ထောက်၏ဖုန်းလည်း ပြုတ်ကျသွားပြီး စစ်ကျွင်းတောက်ကို ဖုန်းခေါ်လိုက်သည်။
" စစ်ကျွင်းတောက် မင်းကို ငါတို့စော်ကားမိတာများရှိလား ... ဘာလို့ ငါတို့ကိုဒီလိုထိပ်တိုက်တွေ့ရတာလဲ ... အရင်နှစ်က မင်း မပူးပေါင်းတော့ဘူးဆိုတော့လည်း ငါဘာမှမပြောခဲ့ဘူး ... ဒီနှစ်လည်း မင်းအဲ့လိုထပ်လုပ်ပြန်ပြီ ... ဝမ်ဖုန်းကိုရော ဘယ်လိုလုပ်မှာလဲ ..."
စစ်ကျွင်းတောက်ရယ်ပြီး ‌ဖြည်းညင်းစွာပြောလိုက်သည်။
" ဝမ်စု ငါတို့တွေ့ဖူးတာ ပထမဆုံးအကြိမ်လည်း မဟုတ်တော့ဘူး ... ငါက ဘယ်လိုလူမျိုးဆိုတာ မင်းသိပါတယ် ... ငါ့ကိုလာပြီး စိတ်ဆိုးနေမယ့်အစား မင်းညီလေး ဘာတွေလုပ်ထားတယ်ဆိုတာ အရင်သွားကြည့်သင့်တာ မဟုတ်ဘူးလား ..."
သူပြောပြီးသည်နှင့် ဖုန်းချလိုက်သည်။
ဝမ်စု ခဏတာ အံ့အားသင့်သွားသည်။ စစ်ကျွင်းတောက် ဤသို့လုပ်ရခြင်းက ဝမ်ပေါ်နှင့် တစ်ခုခုသက်ဆိုင်နေလိမ့်မည်။ သူ ခေါင်းကိုက်လာသည်။။ဒေါသကိုထိန်းထားပြီး ဝမ်ပေါ်၏ အတွင်းရေးမှူးကို ဖုန်းခေါ်လိုက်သည်။
" ဝမ်ပေါ် ခုတလော ဘာတွေ လုပ်နေလဲ ..."
အတွင်းရေးမှူးက သူဆိုလိုသည့်အဓိပ္ပါယ်ကို မသိသောကြောင့် ဝမ်ပေါ်၏ လတ်တလော လုပ်ဆောင်ချက်များကို ပြောပြလိုက်သည်။ ရုပ်ရှင်တွင် ရင်းနှီးမြှုပ်နှံနေသည်ဟု ကြားလိုက်ရသည့်အခါ အံ့အားသင့်သွားသည်။
" ရုပ်ရှင်မှာ ရင်းနှီးမြုပ်နှံတယ် ဟုတ်လား ..."
" ဟုတ်ပါတယ် ... ပရောဂျက်ကအရမ်းကောင်းတော့ လုပ်ငန်းစုနာမည်နဲ့ ရင်းနှီးမြှုပ်နှံလိုက်တယ်လို့ ပြောပါတယ် ..."
" အဲ့ဒီရုပ်ရှင်ရဲ့ အချက်အလက်တွေ ပို့ပေးလိုက်ပါ ..."
ဝမ်ပေါ်၏ အတွင်းရေးမှူးက မကြာမီ အချက်အလက်များ ပို့ပေးလိုက်သည်။
ဝမ်စုက အကြိမ်အနည်းငယ်ကြည့်ပြီးနောက် သူ့အတွင်းရေးမှူးထံ forwardလိုက်သည်။
" ဒီ ရုပ်ရှင်က စစ်ကျွင်းတောက်နဲ့များ တစ်ခုခုသက်ဆိုင်နေလား စစ်ဆေးလိုက်စမ်းပါ ..."
" ကောင်းပါပြီ ..."
အတွင်းရေးမှူးက ပြန်ဖြေလိုက်သည်။
သိပ်မကြာမီအချိန်တွင် အတွင်းရေးမှူးက သူ့ကို သတင်းလာပို့သည်။
" မစ္စတာဝမ် ကျွန်တော်စစ်ဆေးပြီးပါပြီ ... ဒီရုပ်ရှင်က စစ်ကျွင်းတောက်နဲ့ မသက်ဆိုင်ပါဘူး ..."
ဒီရုပ်ရှင် မဟုတ်ဘူးဆိုတော့ တခြားပရောဂျက်တွေများလား ...
" ဒါပေမဲ့ ... ဒီ ရုပ်ရှင်က အမှန်ဆို ဝမ်မင်ယီနဲ့ ရိုက်ရမှာပါ ..."
ဝမ္စု "....."
သိပြီ ... သူ့ညီက သူများညီကို သွားအနိုင်ကျင့်တာပဲ ... ဒါကြောင့် စစ်ကျွင်းတောက်က အစ်ကိုကြီးနေရာကနေ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်လိုက်တာ ...
" အသေးစိတ်ပြောပါဦး ..."
သူမေးလိုက်သည်။
" ရုပ်ရှင်ထဲမှာ ဝမ်မင်ယီက တတိယမင်းသားနေရာက သရုပ်ဆောင်ရမှာပါ ... ဒါပေမဲ့ ..."
အတွင်းရေးမှူးက ခဏတာ ရပ်တန့်သွားသည်။ ဤကိစ္စ၏ ဒုတိယပိုင်းကို သူ့သူဌေးမကြားချင်လောက်ကြောင်းကို သူသိသည်။
" ဒါပေမဲ့ ဘာဖြစ်လဲ ..."
" ဒါပေမဲ့ ဒုတိယသခင်လေးက ရုပ်ရှင်မှာ ရင်းနှီးမြုပ်နှံလိုက်တော့ ကျန်းဇီမော့က တတိယမင်းသားဖြစ်သွားပြီး ဝမ်မင်ယီက ရုပ်ရှင်မှာ မပါရတော့ပါဘူး ..."
ဝမ္စု "....."
ဝမ်စု ဒေါသထွက်လာပြန်သည်။ နားထင်ကို ဖိထားပြီး ဖုန်းချလိုက်သည်။ သို့သော် သူ မထိန်းနိုင်တော့ပဲ စားပွဲကို ခပ်ပြင်းပြင်းရိုက်လိုက်သည်။
ဒီကောင် သူတို့ ဝမ်မိသားစုရဲ့သားရော ဟုတ်ရဲ့လား ... ဘယ်က သောက်ရူးလဲ ... အဲ့ဒီ ဝမ်ပေါ်ဆိုတဲ့ကောင် စိတ်မမှန်တော့ဘူးလား ... ရုပ်ရှင်မှာ ရင်းနီးမြှုပ်နှံပြီး ကျန်းဇီမော့ကိုပါခိုင်းတယ်ဆိုတာနဲ့တောင် သူ့ကိုဆွံ့အဖို့ လုံလောက်နေပြီ ... ခုတော့ သူများနေရာကိုပါ လုယူသေးတယ်တဲ့ ...
သူတို့မိသားစုက အရင်တစ်ခေါက်ကလည်း စစ်ကျွင်းတောက်နဲ့ပူးပေါင်းဖို့ဘယ်လို ပျက်သွားတာလဲဆိုတာ မေ့သွားတာလား ... ဝက်ဦးနှောက်နဲ့ကောင် ...
ဝမ်စုက ဝမ်ပေါ်၏လုပ်ရပ်များကြောင့် စိတ်အနှောင့်အယှက် ဖြစ်လာရသည်။
သူ ကောင်းကောင်း မနေနိုင်ဘူးလား ... ဝမ်မင်ယီ ဘာလုပ်လုပ် အမြဲလိုက်ကြည့်နေတာပဲလား ... ဝမ်မင်ယီကို သွားထိရင် ဘယ်လိုဖြစ်မယ်ဆိုတာ သိရဲ့သားနဲ့ ...
ဝမ်စုက မိနစ်အနည်းငယ်ကြာသည်အထိ ဒေါသကို အ‌တော်ချိုးနှိမ်လိုက်ရပြီး သူ့ညီကို ဖုန်းဆက်လိုက်သည်။
ဝမ်ပေါ်က ကျန်းဇီမော့နှင့်အတူ ရိုက်ကွင်းတွင် ရှိနေဆဲဖြစ်သည်။ သူ့အစ်ကိုဖုန်းခေါ်သည်ကို မြင်သောအခါ တစ်နေရာသွားပြီး ဖုန်းကိုင်ကာမေးလိုက်သည်။
" အစ်ကိုကြီး ဘာကိစ္စရှိလို့လဲ ..."