Chapter 10
Viewers 7k

💮Chapter 10



စကားလုံးအနည်းငယ်ဖြင့် ဝမ်ချီက အရာရှိများကို ပါးစပ်ပိတ်သွားအောင် ပြုလုပ်နိုင်ခဲ့သည်။ 


ခဏအကြာတွင် စာကြည့်ခန်းအတွင်းရှိ လေထုက တိတ်ဆိတ်သွား၏။ 


ဝမ်ချီက အရာရှိများကို ကြည့်ရင်း ရှက်လာ၏။ သူက သူတို့၏ အဆင့်အတန်းကို မတော်တဆ ကျော်တက်မိသွားသည်။ ထို့ကြောင့် သူ့ပခုံးကိုကျုံ့ကာ ပါးစပ်ပိတ်၍ ငြိမ်နေလိုက်မိ၏။ 


အချိန်အတန်ကြာသည့်နောက် အရာရှိတစ်ဦးက အိမ်ရှေ့စံကိုကြည့်ကာ ပြောလိုက်သည်။

“အရှင့်သား … ဒီငယ်သားရဲ့ အမြင်အရ ကျိုင်းကောင်ကပ်ဘေးက အသေးအဖွဲ့ကိစ္စမဟုတ်ပါဘူး … လွန်ခဲ့တဲ့ နှစ်တွေအတွင်း ကျွန်တော်တို့ တိုင်းပြည်က ဒီကပ်ဘေးကို ဖြေရှင်းဖို့အတွက် ငွေကြေးအမြောက်အများ အသုံးပြုခဲ့ပါတယ်… ဒါပေမယ့် အောင်မြင်မှုကတော့ မပြောပလောက်ပါဘူး … အခု ဒီအာလူးပူက စတုတ္ထမင်းသားရဲ့ နောက်လိုက်တွေ လက်တွင်းကို ကျရောက်သွားခဲ့တာပါ… စတုတ္ထမင်းသားက ပါရမီရှင်တွေကို စုစည်းပြီးတော့ ကျိုင်းကောင်ကပ်ဘေးကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းအမျိုးမျိုး စဉ်းစားခဲ့ရင်တောင် ဒီကိစ္စက ညတွင်းချင်း ရှင်းနိုင်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး …ဒါက သုံးနှစ်ကနေ ငါးနှစ်အထိ ကြာမှာတောင် ဒီငယ်သားက စိုးရွံ့မိပါတယ် … တကယ်လို့ ကျွန်တော်တို့သာ ဒီတစ်သက်မှာ တစ်ခါပဲရတဲ့ အခွင့်အရေးကို မဖမ်းဆုပ်ဘူးဆိုရင် စတုတ္ထမင်းသားရဲ့ ညာလက်ရုံးတွေကို မရှင်းပစ်နိုင်မှာ စိုးရိမ်မိပါတယ် …”  


အရာရှိက စိတ်အားထက်သန်စွာ ပြောလိုက်သည်။ သို့သော် အိမ်ရှေ့စံက အရာရှိ၏ စကားကို မကြားသကဲ့သို့ ပျင်းရိစွာ မေးထောက်လျက် ရှိနေ၏။ 


အရာရှိက လျှောက်တင်ပြီးသည့်နောက် ခေါင်းကို ငုံ့ထားလိုက်လေသည်။ 


အခြားအရာရှိနှစ်ဦးသည်လည်း အိမ်ရှေ့စံ၏ အဖြေကို စိတ်ပါလက်ပါ စောင့်ဆိုင်းနေကြ၏။ 


ဝမ်ချီက အသက်ရှူသံကို ဖော့လိုက်ရင်း မိန်းမစိုးကျိုးကို နမူနာယူကာ သူ့ကိုယ်သူ ကိုယ်ပျောက်ကဲ့သို့ သဘောထားလိုက်၏။ ယခုအခါ သူက ဝတ္ထုထဲရှိ ရှစ်ယဲ့မှာ အဘယ့်ကြောင့် လူသတ်ချင်ရသည့် အကြောင်းရင်းကို နားလည်သွားပြီဖြစ်၏။ သူ့အား ဘယ်နှင့်ညာမှ နားပူနားဆာလုပ်ရင်း တိုက်တွန်းနေသည့် အရာရှိများရှိနေသရွေ့ ရှစ်ယဲ့၏ ရည်မှန်းချက်သည်လည်း ကြီးမားမလာဟု အာမ မခံနိုင်ချေ။ 


အဆိုပါ အရာရှိများက အလွန်ဖြောင့်မတ်သကဲ့သို့ ပြုမူနေကြသော်လည်း အမှန်တွု် သူတို့၏ နှလုံးသားထဲ၌ ကျင်းကျိုးရှိ ကျိုင်းကောင်ကပ်ဘေးအား ဂရုမစိုက်ကြချေ။ သူတို့ ဂရုစိုက်သမျှက အင်အား၊ အဆင့်အတန်းနှင့် နိုင်ငံရေးကိစ္စရပ်များသာ ဖြစ်ကြသည်။ 


ဝမ်ချီ သက်ပြင်းချလိုက်သည်။ သူက မင်းသားအား ထိုအရာရှိများ၏ စကားကို နားမထောင်စေလိုပေ။ သူနှင့် အိမ်ရှေ့စံက အမြောက်စာဇာတ်ကောင်နှင့် ဗီလိန်သာ ဖြစ်၏။ အဓိကဇာတ်လိုက် ရောင်ဝါက သူတို့ထံ ပျံ့လွင့်လာမည်မဟုတ်ပေ။ ထို့အပြင် အဓိကဇာတ်လိုက်၌ အနာဂတ်ကို ကြိုမြင်နိုင်သည့် စနစ်တစ်ခုပင် ရှိနေသေးရာ အိမ်ရှေ့စံအနေဖြင့် စတုတ္ထမင်းသားကို တိုက်ခိုက်ခြင်းက မီးကိုတိုးသည် ပိုးဖလံကဲ့သို့သာ ဖြစ်ချေလိမ့်မည်။ 


အိမ်ရှေ့စံ အဆုံးသတ်သွားရင် ငါ့လိုမျိုး အိမ်ရှေ့စံအနားမှာနေတဲ့ အမြောက်စာဇာတ်ကောင်ကရော သေဘေးက လွတ်မယ်တဲ့လား … 


သို့သော် သူက ထိုကိစ္စ၌ ဝင်ရောက်ဆွေးနွေးခြင်း မပြုနိုင်သည်မှာ နှမြောစရာပင်။ 


ဝမ်ချီက ခြေထောက်အောက်ရှိ ကော်ဇောနီကို ငုံ့ကြည့်လိုက်သည်။ ရှစ်ယဲ့၏ အကြည့်က သူ့အပေါ်၌သာ ကျရောက်နေရာ သူ၏ အမူအရာ ပြောင်းလဲသွားမှုကို သဘာဝကျစွာပင် ဖမ်းဆုပ်နိုင်ခဲ့၏။ 


“ဝမ်လျန် ...မင်းရဲ့ အမြင်ကရော … ”

ရှစ်ယဲ့ ရုတ်တရက် ပြောလိုက်သည်။


ဝမ်ချီ ကြောင်အသွား၏။ ထို့နောက် သူ၏ လက်ရှိအမည်က ဝမ်လျန်ဖြစ်ကြောင်း အမှတ်ရလာသည်။ သူက အလန့်တကြား ပြန်ဖြေလိုက်၏။

“အိမ်ရှေ့စံကို လျှောက်တင်ပါတယ် … ကျွန်တော်မျိုးက ဒီကိစ္စကို ဆွေးနွေးရလောက်တဲ့အထိ အရည်အချင်းမပြည့်မီပါဘူး …” 


ဝမ်လျန်ဟူသည့် အမည်ကို ကြားချိန်၌ အရာရှိများက ကြောင်အသွားကြ၏။ မကြာမီမှာပင် သူတို့က ဝမ်ချီ၏ အဆင့်အတန်းကို ခန့်မှန်းမိသွားကာ အံ့အားသင့်သည့် အမူအရာများကို ခက်ခက်ခဲခဲ ဖုံးဖိလိုက်ကြရလေသည်။ 


အိမ်ရှေ့စံ … သူက တကယ်ပဲ အမျိုးသား ကိုယ်လုပ်တော်တစ်ယောက်ကို စာကြည့်ခန်းထဲ ဝင်ခွင့်ပြုခဲ့ရုံတင်မဟုတ်ဘူး … သူတို့ဆွေးနွေးနေတဲ့ အရေးကြီးကိစ္စတွေကိုလည်း နားထောင်ခွင့်ပြုခဲ့တာလား … 


ဒါက အရမ်းစည်းကမ်းဖောက်ဖျက်လွန်းတယ် … 


အရာရှိတစ်ဦးက လက်နှစ်ဖက်ကို လက်ခုပ်သဏ္ဌာန်ပြုကာ လျှောက်တင်လိုက်သည်။

“အရှင့်သား … ဒီကိစ္စကို မြန်မြန် ဆုံးဖြတ်မပေးရင် အခွင့်အရေးနဲ့ လွဲသွားမှာ စိုးရွံ့မိပါတယ် …” 


ရှစ်ယဲ့က လက်မြှောက်လိုက်၍ အရာရှိအားလုံး တိတ်ကျသွားသည်။ 


“ဒီကိစ္စကို နောက်မှဆွေးနွေးမယ် ...သွားတော့ ...”

ရှစ်ယဲ့က ပြောသည်။


အိမ်ရှေ့စံ၏ လေယူလေသိမ်းက ခွေးမောင်းသည်နှင့်ပင် တူနေ၏။ အရာရှိများအနေဖြင့် မည်သည့်အခါကမှ ထိုသို့ ဆက်ဆံမခံခဲ့ရဖူးချေ။ လက်ရှိမင်းကြီးပင် သူတို့ကို အလေးထား၏။ သို့သော် အိမ်ရှေ့စံ၏ စိတ်အခြေအနေက မင်းကြီးထက်ပင် နားလည်ရခက်ရာ သူတို့အနေဖြင့် တစ်ခွန်းမှ မဆိုဝံ့ကြချေ။ 


အရာရှိသုံးဦးက တစ်ခုခု ထပ်ပြောချင်ပုံ ရသော်လည်း အဆုံးသတ်တွင် ထွက်သွားကြရ၏။ 


စာကြည့်ခန်းက တိတ်ဆိတ်သွားလေသည်။ 


ဝမ်ချီက ထွက်သွားရန် သင့်မသင့် တွေးလိုက်မိ၏။


ထိုအချိန်မှာပင် ရှစ်ယဲ့က ပြောလိုက်သည်။

“စား … ”


ထိုစကားလုံးက ဝမ်ချီအား ရည်ရွယ်သည်မှာ သိသာလှသည်။ ဝမ်ချီမှတစ်ပါး အခြားမိန်းမစိုးများနှင့် အပျိုတော်များက လှုပ်ရန် မဆိုထားနှင့်၊ ခေါင်းပင် မဖော်ရဲကြဘဲ နေရာတွင်သာ တောင့်တောင့်ကြီး ရှိနေကြ၏။ 


ဝမ်ချီ၏ဦးနှောက်က အလုပ်မလုပ်နိုင်သေးမီမှာပင် သူ့လက်များက စားပွဲပေါ်ရှိ ဌာပနာမုန့်အား ကောက်ယူလိုက်သည်။ ထို့နောက် သူက နာခံစွာဖြင့် တတိတိ ကိုက်စားလိုက်၏။ 


အိမ်ရှေ့စံ၏ ထူးဆန်းသော စိတ်အခြေအနေကို သိထားသည့် အလျောက် သူက ဌာပနာမုန့်စားခြင်းကို မနှောင့်နှေးရဲဘဲ ဂရုတစိုက် စားသောက်နေ၏။ မကြာမီမှာပင် သူက ဌာပနာမုန့် သုံးပန်းကန်လုံး အပြတ်ရှင်းလိုက်လေသည်။ 


ဝမ်ချီ စားသောက်နေစဉ် ရှစ်ယဲ့က ခေါင်းလှည့်ကာ သူ့အား ကြည့်လိုက်သည်။ 


ဝမ်ချီက သူ့မျက်နှာထက်ရှိ မည်သည့်အရာက ရှစ်ယဲ့ ကြာမြင့်စွာ စိုက်ကြည့်ရလောက်အောင် ထိုက်တန်နေကြောင်း နားမလည်ချေ။ 


သူ့နှလုံးသားထဲတွင် သံသယများစွာ ကိန်းအောင်းလာ၏။ ရှစ်ယဲ့က သူ့အား အခြားလူများထက် ထူးကဲစွာ ဆက်ဆံနေသည်။ ရှစ်ယဲ့ သူ့အား ကျိုင်းကောင်ကပ်ဘေးအကြောင်း မေးမြန်းချိန်၌ အရာရှိများ၏ မေးရိုးများမှာ အောက်သို့ပင် ပြုတ်ကျသွားမတတ်ပင်။ 


သို့သော် သူ၎င်းကို အဖြေရှာမရနိုင်ခဲ့ချေ။


ငါကဘာလို့ ရှစ်ယဲ့အတွက် ထူးဆန်းနေတာလဲ … ရှစ်ယဲ့လည်း တချို့အချိန်တွေမှာ ငါ့လိုမျိုး စနစ်က ထိန်းချုပ်တာကို ခံနေရတာလား … 


ဝမ်ချီ ရောက်တတ်ရာရာ လျှောက်တွေးနေစဉ် ရှစ်ယဲ့၏ အသံကို ကြားလိုက်ရသည်။

“အရသာရှိလား … ”


ဝမ်ချီက သတိပြန်ဝင်လာကာ မဆိုင်းမတွ ခေါင်းညိတ်လိုက်၏။

“အရသာရှိပါတယ် ...”


ရှစ်ယဲ့က မိန်းမစိုးကျိုးကို ကြည့်လိုက်သည်။ 


မိန်းမစိုးကျိုးက စာကြည့်ခန်းအတွင်းမှ ထွက်ခွာသွား၏။ 


မကြာမီမှာပင် အပျိုတော်များက အရသာရှိသည့် အစားအစာများကို ယူဆောင်လာကြသည်။ သူတို့က ပန်းကန်များကို စားပွဲပေါ်ချကာ ခေါင်းငုံ့ရင်း ပြန်လည်ဆုတ်ခွာသွားလေသည်။ 


ရှစ်ယဲ့က ပြောလိုက်၏။

“စား … ”


ဝမ်ချီက အလွန်အကြူး စားသောက်ပြီးပြီဖြစ်ရာ ပျို့ပင် ပျို့ချင်ချင် ဖြစ်နေ၏။ သို့သော် သူက ကျည်ဆံအား ကိုက်ထားဆဲဖြစ်သည့်အလျောက် ထပ်မံစားရပြန်တော့သည်။ 


ရှစ်ယဲ့က ဝမ်ချီ၏ နာကျင်နေသော အမူအရာအား ပျော်ရွှင်စွာ စိတ်ဝင်တစား စောင့်ကြည့်နေသည်။ သူက ဝမ်ချီအား တားမြစ်ရန် စိတ်ကူးမရှိချေ။ 


အဆုံးသတ်တွင် ဝမ်ချီထပ်မံ မစားနိုင်တော့ပေ။ သူက သေဆုံးခြင်းနှင့် အိမ်ရှေ့စံ အမျက်ရှခြင်းတို့အနက် ဒုတိယတစ်ခုကို ရွေးချယ်လိုက်၏။ ထို့နောက် သူ့အရှေ့ရှိ တစ်ဝက်ကျန်သေးသော ဌာပနာမုန့်ပန်းကန်ကို တွန်းလိုက်ရင်း လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။ သူက လက်ခုံဖြင့် ပါးစပ်ကို သုတ်ရင်း ပြော၏။

“ကျွန်တော် ထပ်မစားနိုင်တော့ဘူး ...”


ရှစ်ယဲ့က စိတ်မဆိုးဘဲ ထူးဆန်းစွာ ပြုမူခဲ့သည်။

“မင်း မကြိုက်ဘူးလား … ”


ဝမ်ချီ၏ နဖူးထက်တွင် အကြောင်းသုံးကြောင်း ထင်ဟပ်လာ၏။

“ကြိုက်တယ်ဆိုရင်တောင် တော်ရုံပဲ စားနိုင်မှာပေါ့ … ကြိုက်တယ်ဆိုတာနဲ့ပဲ တစ်ထိုင်တည်း အကုန်စားရမှာလား ...”


သူ့စကားဆုံးသည်နှင့် မိန်းမစိုးကျိုး၏အသံ ထွက်ပေါ်လာသည်။

“အတင့်ရဲလိုက်တာ …” 


ဝမ်ချီ ကြောက်ကြောက်ဖြင့် တုန်သွား၏။ သူက ရုတ်တရက် သူ၏ အသံနေအသံထားကို သတိပြုမိသွားသည်။ သူက ညောင်စောင်းပေါ်မှထကာ ကြမ်းပြင်ပေါ်သို့ ဘုတ်ခနဲ့ ဒူးထောက်ချလိုက်၏။  


“ဒီငယ်သားက သတိလက်လွတ် ပြုမူမိပါတယ် … အရှင့်သား ကျေးဇူးပြုပြီး အပြစ်ပေးပါ …” 


“ဝမ်လျန် … မင်းက အတင့်ရဲလွန်းတယ် … အရှင့်သားကို ဘယ်လိုဖြစ်ပြီး ဒီလိုလေသံနဲ့ ပြောနိုင်ရတာလဲ ...” မိန်းမစိုးကျိုးက ဒေါသတကြီး ပြော၏။

”လာကြစမ်း …” 


မိန်းမစိုးငယ်နှစ်ဦးက အမြန်ပြေးလာကြသည်။ 


“ဒီလူကို ဆွဲထုတ်သွားကြ …”


“ဟုတ်ကဲ့ ...”


မိန်းမစိုးငယ်နှစ်ဦးက ဝမ်ချီအား နှစ်ဖက်ညှပ်၍ ဖိချလိုက်သည်။ 


သူတို့က ဝမ်ချီအား ကြမ်းပေါ်မှ ဆွဲထူရာတွင် ဝမ်ချီ ရုန်းကန်၍ မရလေအောင် အားအပြည့် သုံးလိုက်ကြ၏။ 


သို့သော် ဝမ်ချီက ရုန်းရန်မည်သည့်အခါကမှ အတွေးမရှိခဲ့၍ စာကြည့်ခန်းအတွင်းမှ ဒရွတ်တိုက်ပါသွားခဲ့သည်။ သူ့အကြည့်များက တစ်ဝက်ကျန်နေသော ဌာပနာမုန့်ပန်းကန်၌သာ ရပ်တန့်နေ၏။ အကယ်၍ မြန်မြန်သေရမည်မှန်း သူသိခဲ့လျှင် အစားကြီးသည့် သရဲတစ်ကောင်ဖြစ်ရန်သာ ရွေးချယ်မိပေလိမ့်မည်။ 


ဝူး… ဝူး … 


ဤသို့ဖြင့် သူက ဆွဲထုတ်ခံလိုက်ရ၏။ 


စာကြည့်ခန်းထဲမှ မိန်းမစိုးကျိုးက သူ့ဝတ်ရုံအား တင်းတင်းဆုပ်ကိုင်ရင်း အိမ်ရှေ့စံ၏ တုံ့ပြန်မှုကို ထိတ်လန့်စွာ ကြည့်နေ၏။ 


သို့သော် မင်းသားက မေးထောက်လျက် ဌာပနာမုန့် တစ်ဝက်ကျန်နေသေးသော ပန်းကန်အား တွေးတွေးဆဆ ကြည့်နေသည်ကိုသာ သူတွေ့လိုက်ရသည်။ 


မိန်းမစိုးကျိုးက လက်ရှိအဖြစ်အပျက်အား အိမ်ရှေ့စံ တွေးတောနေခြင်းဟု ထင်လိုက်၏။ ထိုအချိန်မှာပင် အိမ်ရှေ့စံက သူ့ကို ကြည့်လာသည်။ 


မိန်းမစိုးငယ်က ဌာပနာမုန့်ပန်းကန်ကို သယ်ထုတ်သွားရန် ပြင်လိုက်ချိန်တွင် အိမ်ရှေ့စံက ပြောလိုက်သည်။

“သူ ဒါကို ကြည့်နေခဲ့တာ မဟုတ်လား … ”


မိန်းမစိုးငယ်က ရေခဲပါးပါးပေါ် လမ်းလျှောက်နေသကဲ့သို့ ခံစားလိုက်ရကာ မိန်းမစိုးကျိုးကို သနားစဖွဘ် ကြည့်လိုက်၏။


မိန်းမစိုးကျိုးက အိမ်ရှေ့စံနှင့် အတူရှိခဲ့သည်မှာ ကြာပြီဖြစ်သော်ငြား လက်ရှိအချိန်၌မူ အိမ်ရှေ့စံ၏ ဆိုလိုရင်းကို နားမလည်နိုင်ခဲ့ပေ။ ခဏတွေးလိုက်ပြီးနောက် သူက ခါးညွှတ်ကာ ဂရုတစိုက် ပြန်ဖြေလိုက်၏။

“ဒီအစေခံသာ မမှားဘူးဆိုရင် သခင်လေးဝမ်က ဌာပနာမုန့်ပန်းကန်ကို ကြည့်နေခဲ့တာပါ … ဒီလူကတော့ တကယ်ပဲ .. သူက သေခါနီးတောင် အစာအိမ်ကို ဂရုစိုက်နေသေးတယ် ...”


သူ့စကားဆုံးသည့်နောက် အိမ်ရှေ့စံက ဟားတိုက်ရယ်လိုက်သည်။ 


“အဲဒါသူပဲ ...”

အိမ်ရှေ့စံက မှတ်ဉာဏ်အချို့ကို သတိရသွားသည့်နှယ် ရေရွတ်လိုက်၏။

“ကြောက်တတ်ပြီး အစားကြီးတယ် … အလင်းကို မကြည့်နိုင်တဲ့ ကြွက်တစ်ကောင်လိုပဲ … ”


မိန်းမစိုးကျိုးက ပြောလိုက်၏။

“အရှင့်သား … ဒီအစေခံက တုံးအတာကြောင့် အရှင့်သား ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို နားမလည်ပါဘူး … “


“မင်းနားလည်စရာ မလိုပါဘူး ...သူ သေမယ်လို့ ဘယ်သူကပြောလဲ … မင်းက ဒီပန်ကုန်းအတွက် ဆုံးဖြတ်ချက် ချပေးနေတာလား …” 


“ဒီအစေခံက အခွင့်မရှိဘဲ ဆုံးဖြတ်ချက်ချမိပါတယ် … ဒီအစေခံ အမှားလုပ်မိတာပါ … ဒီအစေခံက ချက်ချင်း သခင်လေးဝမ်ကို ပြန်ခေါ်လိုက်ပါ့မယ် … ”


“ထားလိုက်ပါ … သူ့ကို ပြန်ခိုင်းလိုက်တော့ …” 

အိမ်ရှေ့စံက ပြောသည်။


ဝမ်ချီက သူ့ကိုယ်သူ အဆုံးသတ်သွားပြီဟု တွေးလိုက်မိသည်။ 


မမျှော်လင့်ထားစွာပင် မိန်းမစိုးငယ်နှစ်ဦးက သူ့အား မြေကွက်လပ်အလွတ်သို့ ဆွဲခေါ်ပြီးသည့်နောက် အပျိုတော်တစ်ဦးက အမြန်ရောက်လာပြီး မိန်းမစိုးငယ်၏ နားနားကပ်ကာ တီးတိုးဆိုလိုက်သည်။ ချက်ချင်းဆိုသလိုပင် မိန်းမစိုးငယ်နှစ်ဦး၏ သဘောထားက တစ်ရာ့ရှစ်ဆယ် ဒီဂရီ ပြောင်းလဲသွားကာ ဝမ်ချီ့အား ဝါးပလွေအိမ်တော်သို့ ပို့ဆောင်ပေးကြလေသည်။ 


သူ့အိမ်တော်၌ ယောဖန်းနှင့် ယောထောင်က နို့ပုံးအနီးတွင်ထိုင်ရင်း မလိုင်များ စုဆောင်းနေကြသည်။ သူတို့က သူ့ကို တွေ့လိုက်သည်နှင့် ပြုံးကာခေါ်လိုက်၏။

“သခင်လေးဝမ် … ”


ဝမ်ချီက ခေါင်းငိုက်စိုက်ကျလျက် ပြန်ထူးလိုက်သည်။ 


“သခင်လေးဝမ်… ဘာများဖြစ်လို့လဲ … ”

ဖင်အန်းက ဝမ်ချီ မျက်နှာမကောင်းသည်ကို သတိပြုမိသွားကာ စိုးရိမ်တကြီး မေးလိုက်သည်။

“ဒီအစေခံက တော်ဝင်သမားတော်ကို ခေါ်ပြီး သခင်လေးကို စစ်ဆေးခိုင်းလိုက်ပါ့မယ် ...”


ဝမ်ချီ သူ့ကိုတားလိုက်သည်။

“မလိုဘူး ...”


“ဒါပေမယ့် သခင်လေးဝမ်…”


“နည်းနည်းအိပ်လိုက်ရင် ကောင်းသွားမှာပါ ...”

ဝမ်ချီက စကားဆုံးသည်နှင့် ထိန်းမထားနိုင်တော့ပဲ ဖင်အန်းကို ဆွဲမေးလိုက်သည်။

“မင်း နန်းတော်ထဲမှာ ရှိနေတာ ဘယ်လောက်ကြာပြီလဲ … ”


ဖင်အန်း မျက်တောင်ခတ်လိုက်၏။

“သခင်လေးဝမ်ကို လျှောက်တင်ပါတယ် … ဒီအစေခံက ရှစ်နှစ်သားမှာ နန်းတွင်းကို ဝင်ရောက်ခဲ့တာဖြစ်ပြီး အခုဆိုရင် ခုနစ်နှစ်ကြာသွားပါပြီ …”


ဝမ်ချီ ထပ်မေးလိုက်ပြန်၏။

“အရှေ့နန်းတော်မှာပဲ အမြဲရှိနေခဲ့တာလား … ”


ဖင်အန်း ခေါင်းညိတ်လိုက်သည်။

“ကျွန်တော်မျိုးက ခုနစ်နှစ်လုံးလုံး အရှေ့နန်းတော်မှာပဲ အလုပ်လုပ်ခဲ့တာပါ ...”


ဝမ်ချီ ခဏတွေးလိုက်ပြီးနောက် ဆက်မေးလိုက်၏။

“ဒါဆို အိမ်ရှေ့စံက ဘယ်လိုလူမျိုးလဲ မင်းသိလား … ” 



💮💮💮


T/N – Spoiler


.


.


.


.


ဝမ်ချီက ကြောက်တတ်သလို ရှစ်ယဲ့ကလည်း အနိုင်ကျင့်တတ်မှန်း သိပါတယ် … ဒါပေမယ့် နောက်ပိုင်း ကိစ္စတွေ ပိုအဆင်ပြေလာမှာပါ …