Chapter 11
Viewers 7k

💮Chapter 11



ထိုသို့ကြားသည့်နောက် ဖင်အန်း၏ မျက်နှာအမူအရာ တစ်ခုလုံး ပြောင်းလဲသွားကာ ဒူးထောက်ချလိုက်လေသည်။ 

  

“သခင်လေးဝမ် … အိမ်ရှေ့စံက တစ်ကမ္ဘာလုံးက လူတွေရဲ့ မျှော်လင့်ချက်ပါ … အရှင့်သားက နေတစ်စင်းလိုမျိုး ကောင်းကင်ထက်မှာ တောက်ပနေတာပါ … ဒီအစေခံက အိမ်ရှေ့စံရဲ့ နေလိုမျိုး အလင်းရောင်အောက်မှာ ရှိနေသရွေ့ အိမ်ရှေ့စံအကြောင်း သီးသန့် မပြောဝံ့ပါဘူး ...”

ဖင်အန်းက ကျယ်လောင်စွာ ပြောလိုက်၏။


ဝမ်ချီက မြေပေါ်တွင် ဒူးထောက်လျက် တုန်ယင်နေသည့် ဖင်အန်းကြောင့် ရယ်လိုက်သည်။ သူက ကိုယ်ကိုကိုင်းညွှတ်ကာ ထနိုင်ရန် ကူညီပေးလိုက်၏။

“မင်းအရင်က တော်တော်လေး ရဲတင်းပါတယ် … အခုကျ ဘယ်လိုဖြစ်သွားတာတုန်း … ”


မကြာသေးမီက ဖင်အန်းမှာ သူ့အား အကြံဉာဏ်များ ပေးလေ့ရှိသည်ကို ဝမ်ချီ မှတ်မိသေးသည်။ သူက အရှေ့နန်းတော်ထဲရှိ ကိုယ်လုပ်တော်များအကြား ထင်းထွက်နေစေမည့် နည်းလမ်းကိုပင် အကြံပေးချင်ခဲ့သေး၏။ 


ဖင်အန်းက ဝမ်ချီ၏ အကူအညီဖြင့် ထလာသည်။ သူ့နဖူးတွင် ချွေးသီးချွေးပေါက်များ ရှိနေပြီး သူ့မျက်ဝန်းများကမူ ပတ်ဝန်းကျင်အား ကျီးကန်းတောင်းမှောက် အကဲခတ်လျှက်ရှိ၏။ 


အတန်ကြာသည့်နောက် ဖင်အန်းက ဝမ်ချီ၏ နားနားကပ်ကာ ပါးစပ်ကို လက်ဖြင့်ကွယ်ရင်း ပြော၏။

“သခင်လေးဝမ် … အရှေ့နန်းတော်ရဲ့ နံရံတွေမှာ နားရှိပါတယ် … ဂရုစိုက်ပါ … ”


ဤတစ်ကြိမ်၌ ထိတ်လန့်ရသူမှာ ဝမ်ချီဖြစ်၏။ 


သူက ဘေးဘီသို့ပင် မကြည့်ရဲတော့ဘဲ သူ့လည်တိုင်က တောင့်တင်းသွားကာ မျက်နှာမှာလည်း ဖြူဖျော့သွား၏။ သူက ခဏတိတ်နေပြီးနောက် ဖင်အန်းကို အတုယူ၍ တီးတိုးမေးလိုက်သည်။

“အခုရော ပြောလို့ရလား… ”


ဖင်အန်းက ဝမ်ချီ၏ စိုးရိမ်သော အမူအရာကြောင့် ရယ်ချင်လာသည်။ သူက ရယ်ချင်နေသည့် နှုတ်ခမ်းများကို စုဝိုင်းကာ ဆို၏။

“သခင်လေးဝမ်က ဝါးပလွေအိမ်တော်ရဲ့ အရှင်သခင်ပါ … သခင်လေး စကားပြောချင်သလို ပြောနိုင်ပါတယ် ...”


ဝမ်ချီက အစောပိုင်းက စကားဝိုင်းကို ဆက်သင့်မသင့် တုံ့ဆိုင်းနေမိ၏။ 


ထိုစဉ် လက်ဆေးပြီးသွားသည့် ယောထောင်က သူတို့ထံ ချဉ်းကပ်လာသည်။

“သခင်လေးဝမ် … ”


ဖင်အန်းက အနောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည့် ယောထောင်၏ အသံကြောင့် တုန်တက်သွားသည်။ သူက အမူအရာကို အလျင်အမြန်ပြန်ထိန်းကာ ရည်ရွယ်ချက်ရှိရှိ အသံမြှင့်ပြောလိုက်၏။

“အိမ်ရှေ့မင်းသားကို ခစားခဲ့ရတာကြောင့် သခင်လေးဝမ်က ပင်ပန်းနေမှာပဲ …  သခင်လေး အရင်ဆုံး အိပ်ခန်းထဲမှာ အနားယူနှင့်ပါ … ဒီအစေခံတွေက ညနေစာ ပြင်ဆင်ပြီးတာနဲ့ သခင်လေးကို လာနှိုးပါ့မယ် … ”


ယောထောင် သူတို့အနား ရောက်လာချိန်တွင် ထိုစကားများကြောင့် တခစ်ခစ်ရယ်လိုက်မိ၏။

“သခင်လေးဝမ် အနားယူတော့မှာလား … ”


ဖင်အန်းက ပြောသည်။

“သခင်လေးဝမ်က ပင်ပန်းနေတယ် ...”


“ဒါဆို သခင်လေးဝမ် အနားယူနှင့်ပါ …”

ယောထောင်က ပြုံးကာဆိုသည်။

“သခင်လေးဝမ် စိတ်မပူပါနဲ့ … ဒီအစေခံနဲ့ ယောဖန်းက ခရင်မ်အတွက် မလိုင်တွေ ကောင်းကောင်း စုဆောင်းထားလိုက်ပါ့မယ် ...”


ဝမ်ချီက တည်ငြိမ်နေသည့် ဖင်အန်းနှင့် သွားတန်းဖြူဖြူများ ပေါ်အောင်ပြုံးနေသော ယောထောင်ကို ကြည့်လိုက်သည်။ သူ့နှလုံးသားထဲတွင် လျစ်လျူရှုမရအောင် ထူးဆန်းသည့် ခံစားချက်မျိုး ပေါ်လာသော်ငြား မည်သည့်စကားမှမဆိုဘဲ အိပ်ခန်းထံသို့သာ ဦးတည်လိုက်လေသည်။ 


သူ အဝတ်လဲပြီးချိန်တွင် ရေဇလုံကိုကိုင်လျက် ဝင်လာသည့် ဖင်အန်းကို တွေ့လိုက်ရသည်။ 


ဝမ်ချီက အပြုစုခံရခြင်းနှင့် အသားမကျရာ ဖင်အန်းကို ထွက်သွားခိုင်းလိုက်၏။ ထို့နောက် သူက မျက်နှာသစ်လိုက်ပြီး ဇလုံထောင့်တွင် တင်ထားသည့် ပုဝါနှင့် သုတ်လိုက်သည်။ 


သူ အိပ်ရာထက်တွင် လှဲလိုက်ပြီးနောက် ဖင်အန်း ထွက်မသွားသေးသည်ကို သတိပြုမိလိုက်၏။ ထိုသူက ခါးကိုညွှတ်ကာ ဝမ်းနည်းစွာ မျက်မှောင်ကြုတ်လျှက် တစ်စုံတစ်ခု ပြောချင်သကဲ့သို့ ရှိနေသည်။ 


ဝမ်ချီက ပြောလိုက်သည်။

“ဖင်အန်း … ဒီကိုလာခဲ့ ...”


ဖင်အန်းက မြန်မြန်လျှောက်လာသည်။ 


ဝမ်ချီက ဖင်အန်းတွင် ပြောစရာ အများအပြား ရှိမည်ဟု ခန့်မှန်းလိုက်သည်။ သူက အစောပိုင်းမှ အခိုက်အတန့်ကို သတိရသွားကာ မေးခွန်းပြောင်းလိုက်၏။

“နံရံပေါ်မှာ နားတွေရှိတယ်ဆိုတာက ဒီခြံဝန်းထဲမှာလား … ခြံဝန်းအပြင်ဘက်မှာလား … ”


ဝါးပလွေအိမ်တော်က အိမ်တော်အကြီးအငယ်များဖြင့် ဝန်းရံလျက်ရှိသည်။ ဝမ်ချီ အရှေ့နန်းတော်သို့ လာရောက်ခဲ့စဉ်က ခြံဝန်းအတော်များများ လစ်လပ်နေခဲ့၏။ သို့သော် နောက်ပိုင်းတွင် နန်းတော်သို့ တစ်ဦးပြီးတစ်ဦး ရောက်လာကာ အဆိုပါခြံဝန်းများသည်လည်း လူပြည့်သွားခဲ့သည်။ အကယ်၍ ဖင်အန်း၏ “နံရံတွေမှာ နားရှိတယ်” ဟူသောစကားက ခြံနီးချင်းများကို ဆိုလိုခြင်းဖြစ်ပါက ဝမ်ချီ နောက်ထပ်မေးရန် မလိုအပ်တော့ပေ။


သိသာစွာဖြင့် ဖင်အန်းက သူတို့နှင့် နံရံတစ်ခုထဲ အတွင်း၌ရှိသော ယောထောင်အား သတိကြီးကြီး ထားနေခြင်း ဖြစ်သည်။ 


ယောထောင်က ဘာဖြစ်လို့လဲ … 


ဝမ်ချီ အတန်ကြာတွေးကြည့်သော်ငြား အဖြေရှာမတွေ့ခဲ့ပေ။ 


ယောထောင်၌ ဝိုင်းစက်သော မျက်ဝန်းများနှင့် ကလေးဆန်သည့် မျက်နှာရှိသည်။ မျက်နှာချေများ မသုံးစွဲစေကာမူ သူမ ပါးပြင်နှစ်ဖက်က ပန်းရောင်သမ်းလျက်ရှိ၏။


ယောထောင်မှာ အလွန်လှပကြောင်း သူဝန်ခံရပေလိမ့်မည်။ ခေတ်သစ်တွင်ဆိုပါက သူမက အင်တာနက်ဆယ်လီ သို့မဟုတ် နတ်ဘုရားမတစ်ဦး ဖြစ်နေမှာပင်။

အဟမ်း … အဟမ်း … လျှောက်တွေးနေမိပြီ … 


ဝမ်ချီက ပစိဖိတ်သမုဒ္ဒရာအထိ လွင့်မျောသွားသော သူ့အတွေးများကို ပြန်လည်စုစည်းလိုက်၏။ သူ မော့ကြည့်လိုက်ချိန်တွင် မျက်မှောင်ကြုတ်ကာ အတွေးနက်နေသည့် ဖင်အန်းကို တွေ့လိုက်ရ၍ ခပ်တည်တည် ပြောလိုက်သည်။

“မင်း မပြောချင်ရင်လည်း အဆင်ပြေပါတယ် …. ငါမင်းကို တွန်းအားမပေးပါဘူး ...”


ဖင်အန်း စိတ်လှုပ်ရှားသွားသည်။ သူက အံတင်းတင်းကြိတ်ကာ ခပ်တိုးတိုး ပြောလာ၏။

“သခင်လေးဝမ် … သခင်လေးဝမ်က တစ်ယောက်ထဲ မဟုတ်ဘူးဆိုတာ ဒီအစေခံ အတင့်ရဲစွာနဲ့ လျှောက်တင်ပါရစေ … သခင်လေးရဲ့နောက်မှာ သခင်ကြီးဝမ်နဲ့ ဝမ်မိသားစု တစ်ခုလုံး ရှိနေပြီး အခုဆို အိမ်ရှေ့စံရဲ့ မျက်နှာသာပေးတာကိုပါ ခံနေရတာပါ … ဒါက တခြားလူတွေကို လောဘကြောင့် ကန်းစေလိမ့်မယ် … လူ့နှလုံးသားက ခန့်မှန်းရခက်လှပါတယ် … ဒီတော့ သတိကြီးကြီးထားတာ အကောင်းဆုံးပါပဲ …”  


ဝမ်ချီ နားလည်သွား၏။ 


ဝါးပလွေအိမ်တော်၌ သူတို့ လေးဦးသာရှိသော်ငြား ယောဖန်းနှင့် ယောထောင်က တစ်ဖွဲ့၊ ဖင်အန်းက တစ်ဖွဲ့ ဖြစ်နေသည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။ ပြဿနာက ထိုသို့ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ 


“ငါသိပြီ ....”

ဖင်အန်း ပြောသည်မှာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ဝမ်ချီ ကျေးဇူးတင်စွာ ပြောလိုက်သည်။

“ကျေးဇူးပါ … ဖင်အန်း...”


ဖင်အန်းက လှည့်ထွက်သွား၏။ ထို့နောက် ပြန်လှည့်လာကာ ဒူးထောက်လိုက်သည်။

“ဒီအစေခံက အတင့်ရဲပြီးပြောချင်ပါသေးတယ် … ဘုရင်ကို ခစားတာက ကျားကို ခစားရသလိုပဲ ဆိုတဲ့ စကားပုံရှိပါတယ် … အရှင့်သားက အိမ်ရှေ့စံဖြစ်ပြီးတော့ သခင်လေးဝမ်ကလည်း အရှင့်သားကို နေ့စဉ် ခစားနေရတာပါ …  စကားနဲ့အပြုအမူတွေကို သတိပြုဖို့ အမှတ်ရပေးပါ … ဒီနှစ်ပိုင်းအတွင်း လူအများကြီးက အရှေ့နန်းတော်ကို ဒေါင်လိုက် ဝင်လာကြပေမယ့် အရှေ့နန်းတော်ကနေ အလျားလိုက် ထွက်ခွာသွားခဲ့ကြပါတယ် …”  


ပြောပြီးပြီးချင်း ဖင်အန်းက တိတ်ဆိတ်စွာ လှည့်ထွက်သွား၏။ 


ဝမ်ချီက အိပ်ရာပေါ်တွင် လဲလျောင်းရင်း ခန်းဆီးစများကို ငေးလျက် ဖင်အန်း၏စကားများကို တွေးနေမိသည်။ အတန်ကြာ တွေးတောပြီးသည့်နောက် သူက မျက်လုံးများကို မှိတ်ကာ အိပ်လိုက်၏။ 


ဖင်အန်း၏ စကားများက အလုပ်ဖြစ်ခဲ့သည်။ နောက်တစ်နေ့တွင် ဝမ်ချီက ယောထောင်အား မရည်ရွယ်သည်ဖြစ်စေ၊ ရည်ရွယ်ချက်ရှိရှိဖြစ်စေ ရှောင်တိမ်းနေခဲ့သည်။ 


မည်သို့ပင်ဖြစ်စေ သူက မည်သည့်သဲလွန်စကိုမှ မတွေ့ရသေးဘဲ ယောထောင် တစ်နေ့တစ်ခြား ပို၍လှပလာသည် ဟူ၍သာ ခံစားမိနေခြင်း ဖြစ်၏။ တစ်ချိန်ထဲမှာပင် သူမ၏ လှပ၍ ကလေးဆန်သော မျက်နှာဖြင့် ခေတ်သစ်ဆယ်လီ  တစ်ဦးကဲ့သို့ ဝင်ငွေမရှာနိုင်ခြင်း အပေါ်လည်း နှမြောမိသလိုလို ခံစားလာရသည်။ 


ဝမ်ချီ အကူအညီမဲ့သလို ခံစားလိုက်ရ၏။ 


သူက လှပသော မျက်နှာများနှင့် ပတ်သတ်၍ သဘောကျမှုကို မရပ်တန့်နိုင်ချေ။ 


ယောထောင်၏ မျက်နှာအား ဥပေက္ခာပြုပြီးသည့်နောက် အိမ်ရှေ့စံ၏ မီးလောင်ရာများ ပြည့်နှက်နေသော မျက်နှာတစ်ခြမ်းက ဝမ်ချီအား ယခင်ကလောက် မထိတ်လန့်စေတော့ချေ။ 


ယောထောင်ရဲ့ စတေးမှုအတွက် ကျေးဇူးပါ … မဟုတ်သေးဘူး … သူ့မျက်နှာတင်ပဲ … 


*


အိမ်ရှေ့စံမင်းသား မည်သို့ တွေးတောနေကြောင်း ဝမ်ချီ မသိနိုင်ခဲ့ပေ။ မောင်းထုတ်ခံရပြီး နောက်တစ်နေ့၌ ရှစ်ယဲ့က  ဝမ်ချီ့အား မည်သည့်အရာမှ မဖြစ်ပျက်ခဲ့သည့်အတိုင်း စာကြည့်ဆောင်သို့ ခေါ်ပြန်သည်။ 


ဝမ်ချီက ဖင်အန်း နေမင်းနှင့် ခိုင်းနှိုင်းခဲ့သော အိမ်ရှေ့မင်းသားက မြေပြင်ကို ခဏခဏ ထိတွေ့နေသည်ဟု ခံစားလိုက်ရသည်။ သူက အိမ်ရှေ့စံ၏ စာကြည့်ဆောင်သို့ နေ့တိုင်းနီးပါး ပြေးလွှားနေရကာ အဆိုပါ နေမင်းကြီး အတော်ပင် အလုပ်ရှုပ်နေကြောင်း တွေ့ခဲ့ရ၏။  


မည်သို့ပင်ဖြစ်စေ၊ ဝမ်ချီ စာကြည့်ဆောင်သို့ ရောက်သွားတိုင်း တည်တည်တံ့တံ့ အလုပ်လုပ်နေသည့် အိမ်ရှေ့စံ၏ပုံစံကို မတွေ့ခဲ့ရပေ။ ထိုသူက မိန်းမစိုးကျိုး ဖတ်ပြသည့် စာတမ်းများကို ပျင်းရိပျင်းတွဲ နားထောင်နေခြင်း သို့မဟုတ် အရာရှိများ၏ တင်ပြချက်အား မျက်လုံးမှိတ်လျှက် နားထောင်ခြင်းတို့သာ ပြုလုပ်လေ့ရှိသည်။  တစ်ကြိမ်၌ အိမ်ရှေ့စံက ညောင်စောင်းတွင် လှဲလျောင်းကာ အမှန်တကယ် အိပ်မောကျသွားခဲ့၏။ အနားရှိ သနားစရာ ဝမ်ချီလေးက သူ့အား အကူအညီမဲ့စွာ ငေးကြည့်နေရရှာသည်။  


ဝမ်ချီက သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။

အနည်းဆုံးတော့ ငါက ထိုင်နိုင်ပါသေးတယ် … မိန်းမစိုးတွေဆို ရပ်နေရတာ … 


သို့သော် သူက အိမ်ရှေ့စံအား စိတ်ဆိုးမာန်ဆိုး စိုက်ကြည့်လိုက်လေသည်။ 

ဒီခွေးမင်းသားက လူတွေအများကြီး ကြည့်နေတာတောင် အိပ်နိုင်သေးတယ်… အရှက်ကို မရှိဘူး … 


သူထိုသို့ တွေးနေစဉ်မှာပင် ရှစ်ယဲ့၏မျက်ဝန်းများ ပွင့်လာသည်။ 


ဝမ်ချီက အကြည့်ကို ရုတ်သိမ်းရန် အချိန်မရလိုက်ဘဲ ရှစ်ယဲ့၏ အေးစက်စက်အကြည့်ဖြင့် အမိခံလိုက်ရသည်။ 


မျက်ဝန်းနှစ်ဆုံက ထိပ်တိုက် ဆုံတွေ့သွား၏။ 


ဝမ်ချီ: “…”

သွားပြီ … သွားပြီ … သွားပြီ … 


ရှစ်ယဲ့၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားပြီး သူက အပြုံးမမည်သော အပြုံးနှင့်ဆို၏။

“ပန်ကုန်းကို စိတ်ထဲမှာ ကျိန်ဆဲနေတာလား … ”


ဝမ်ချီက ခေါင်းယမ်းချင်ခဲ့သည်။ သို့သော် ရှစ်ယဲ့၏ အကောင်းပကတိ ဖြစ်နေသော မျက်နှာဘက်ခြမ်းရှိ အပြုံးကို တွေ့လိုက်ရသည့်နောက် သူ့စိတ်ထဲမှ စကားများ ပွင့်အန်ကျလာ၏။

“ဒါပေါ့ ....”


ထိုသို့ပြောပြီးသည့်နောက် သူက ပါးစပ်ကို ကြောက်လန့်စွာ လက်ဖြင့်အုပ်လိုက်သည်။ 


နောက်တစ်စက္ကန့်၌ မိန်းမစိုးကျိုး၏ အသံက သူ့နောက်ပါးမှ ထွက်ပေါ်လာ၏။

“အတင့်ရဲလိုက်တာ … ”


ရှစ်ယဲ့က မိန်းမစိုးကျိုးအား တစ်ချက်ကြည့်လိုက်သည်။ 


မိန်းမစိုးကျိုးက လည်ပင်းအညှစ်ခံရသည့် ကြက်တစ်ကောင်ပမာ တိတ်ကျသွား၏။ 


ရှစ်ယဲ့က သက်သောင့်သက်သာဖြစ်စွာ မေးထောက်ရင်း စိတ်ဆိုးမည့် အရိပ်အယောင် မပြခဲ့ပေ။ သူက ဝမ်ချီ့ထံ မေးငေါ့လိုက်သည်။

“ပြောပါဦး … ပန်ကုန်းကို ဘယ်လိုကျိန်ဆဲနေတာလဲ…”


ဘယ်လိုကျိန်ဆဲရမှာလဲ … ခင်ဗျား မိဘတွေကို ကျိန်ဆဲနေတာလေ … 


ထိုမေးခွန်းက အသက်ကယ်မေးခွန်းဖြစ်ကြောင်း ဝမ်ချီ သိရှိထားရာ သူ့မျက်ဝန်းထဲမှ မျက်ရည်နှစ်စက် လိမ့်ဆင်းလာ၏။


ရှစ်ယဲ့ ထပ်မေးလိုက်သည်။

 “မောင်မင်း ကောင်းကောင်း လျှောက်တင်နိုင်ရင် ဒီမင်းသားက အသက်ချမ်းသာပေးမှာပါ ....”


ဝမ်ချီ ရှက်သွေးဖြာလျက် ကြမ်းပေါ် ဒူးထောက်ချလိုက်သည်။

“အခုလေးတင် ကျွန်တော်မျိုးက အရှင့်သားရဲ့ အိပ်ပျော်နေတဲ့ မျက်နှာကို အတင့်ရဲပြီး ကြည့်ခဲ့မိပါတယ် … ဘာ့ကြောင့်မှန်းမသိ ကျွန်တော်မျိုးရင်ထဲမှာ မနာလိုစိတ် ပေါ်လာခဲ့တာပါ … အရှင့်သားက လူတွေကြားက နဂါးနဲ့ဇာမဏီပါ … ကောင်းကင်ထက်က တောက်ပနေတဲ့ နေဝန်းကြီးပါ … ကျွန်တော်မျိုး အရောက်မလှမ်းနိုင်တဲ့ တည်ရှိမှုတစ်ခုပါ … ကျွန်တော် နှစ်ပေါင်းရာချီ အသက်ရှင်ခဲ့ရင်တောင် အရှင့်သားရဲ့ ဆံခြည်မျှင်တစ်မျှင်ကို ထိနိုင်ဖို့ ခက်ခဲလှပါတယ် … ကောင်းကင်ဘုံ … ကျွန်တော်မျိုးက အရှင့်သားရဲ့ နေရောင်ခြည်အောက်မှာ နေခွင့်ရတာဟာ ကောင်းကင်ဘုံမှာ နေခွင့်ရသလိုပါပဲ … ကျွန်တော်မျိုးရဲ့ ဒီလိုအတွေးတွေကြောင့် အရှင့်သားနဲ့ ရင်ဆိုင်ရမှာ ရှက်ရွံ့ရပါတယ် … အရှင့်သား ကျွန်တော်မျိုးကို အပြစ်ပေးပါ…”


ထိုသို့ပြောပြီးနောက် ဝမ်ချီက နူးညံ့သော ကော်ဇောပေါ် ဒူးထောက်ချလိုက်သည်။ သူက အချိန်အတော်ကြာအထိ ခေါင်းမော့မကြည့်ရဲချေ။ 


ရှစ်ယဲ့က အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ခပ်ဖွဖွ ရယ်မောလိုက်သည်။ 

“ပန်ကုန်း မင်းကို ခွင့်လွှတ်ပါတယ် ...”


ဝမ်ချီ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ သူက ဖင်အန်း၏ အမြှောက်အပင့်စကားများကို ကူးချခဲ့ခြင်းပင်။ သူက ဦးတိုက်ကာ ပြောလိုက်၏။

“ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးကြီးမားလှပါတယ် … အရှင့်သား … ”


သူ့စကားဆုံးသည်နှင့် ရှစ်ယဲ့က ဦးတည်ချက်ပြောင်းလိုက်သည်။

 “စကားပုံတစ်ခုရှိတယ် … ခေါင်းလောင်းကို ဖြည်ဖို့ဆိုရင် အရင်ဆုံး ခေါင်းလောင်းကို ချည်ဖို့လိုတယ်တဲ့ … မောင်မင်းရဲ့ မနာလိုမှုက ပန်းကုန်းကြောင့် ဖြစ်လာတာဆိုတော့ ပန်ကုန်း ဒီအတိုင်း လွှတ်မပေးနိုင်ဘူး … ဒါ့ကြောင့် ဒီည မောင်မင်း ဒီမှာပဲညအိပ်ပြီး ပန်ကုန်းအိပ်တာကို ကြည့်စေ … ”


ဝမ်ချီ၏ အမူအရာက တောင့်တင်းလာ၏။

“……”


နောက်တစ်စက္က့န်၌ ရှစ်ယဲ့က သူ့မေးဖျားကို ညှစ်ရင်း သူ့အား အတင်းအကျပ် မော့ကြည့်စေသည်။ 


ရှစ်ယဲ့၏ လက်ချောင်းထိပ်များက အေးစက်နေသော်ငြား သူ့အသားပေါ်သို့ ကျရောက်လာချိန်၌ လောင်ကျွမ်းတော့မတတ် ပူလောင်နေ၏။ 


မင်္ဂလာဦးညပြီးသည့်နောက် ဝမ်ချီ  ရှစ်ယဲ့နှင့် ယခုအခါ ပထမဆုံး နီးနီးကပ်ကပ် ရှိနေခြင်းဖြစ်သည်။ သူက ရှစ်ယဲ့၏ ထွက်သက်မှ အပူကို ခံစားမိပြီး ရှစ်ယဲ့၏ ကြည်လင်သော မျက်ဝန်းနက်များအတွင်း သူ့ပုံရိပ်ကိုပါ တွေ့လိုက်ရသည်။ ရှစ်ယဲ့က သွားဖြူဖြူများ ပေါ်လာသည်အထိ ပြုံးလိုက်၏။

“ဒါက အဆိပ်ကို အဆိပ်နဲ့ ပြန်တိုက်တယ် ခေါ်မလား … ”


ဝမ်ချီ: “……”


ခဏအကြာ၌ ဝမ်ချီ ဖျစ်ညှစ် ပြုံးလိုက်ရသည်။ 

” အရှင့်သားက ဉာဏ်ပညာ ကြီးမားလွန်းလှပါတယ် … ကျွန်တော်မျိုး ဘယ်အရာကိုမှ မမျှော်လင့်ရဲတော့ပါဘူး ...”


ဤသို့ဖြင့် ထိုညတွင် ဝမ်ချီက အိမ်ရှေ့မင်းသား၏ အိပ်ဆောင်သို့ ပထမဆုံး ဝင်ရောက်ရသူ ဖြစ်သွားခဲ့သည်။ – သူက ထိုတစ်ညလုံး အိမ်ရှေ့စံကို မမှိတ်မသုန်ကြည့်ရင်း ကုန်ဆုံးခဲ့ရရှာ၏။ 



English T/N – ဝမ်ချီက ရှစ်ယဲ့နဲ့ပြောရင် သူ့ကိုယ်သူ 小人(Xiao Ren) (ရှောင်ရန်) ( ဒီမကောင်းတဲ့လူက ) လို့ သုံးနှုန်းခဲ့တာပါ … ဒါပေမယ့် အဲဒီ့လိုသုံးနှုန်းရမှာ ထူးဆန်းနေလို့ “ကျွန်တော်မျိုး” အနေနဲ့ သုံးလိုက်တာပါတဲ့ …



💮💮💮