Chapter 14
Viewers 7k

💮Chapter 14



ပြင်ဆင်သည်ဟု ဆိုသော်လည်း ဝမ်ချီ၌ ပြင်ဆင်ရန် များများစားစား မရှိချေ။ 


မူလကိုယ်က လူဆင်းရဲတစ်ဦးသာ ဖြစ်ပြီး အရှေ့နန်းတော်သို့ ဝင်ရောက်စဉ်က ပစ္စည်းအမြောက်အများ ယူမလာခဲ့ရာ အရှေ့နန်းတော်မှ ထွက်ခွာချိန်တွင်လည်း ပစ္စည်းများများ ယူစရာမရှိချေ။ 


နောက်တစ်နေ့ မနက်စောစောတွင် ဝမ်ချီ နိုးလာ၏။ 


ယောထောင်က သူ့အတွက် ပစ္စည်းအချို့ကို ထုပ်ပိုးပေးခဲ့သည်။ ထိုပစ္စည်းများအနက် အတုံးသေးသေးလေးများ လှီးထားသည့် ကိတ်မုန့်လည်း အပါအဝင်ပင်။ ကိတ်မုန့်ပေါ်ရှိ ခရင်မ်လွှာများမှာ မသေမသပ် ဖြစ်နေသေးသော်ငြား သရက်သီးစိတ်ကလေးများဖြင့် အလှဆင်ထားသည့် အလျောက် မြင်တွေ့နေကျမဟုတ်သော ခံစားချက်ကို ပေးစွမ်းနေ၏။  


ယောထောင်နှင့် ယောဖန်းတို့က ဝမ်ချီအား တစ်ယောက်ထဲလွှတ်ရန် တွန့်ဆုတ်နေကြသည်။ 


ဖင်အန်းကမူ မိန်းကလေးနှစ်ဦးကဲ့သို့ တွတ်ထိုးခြင်းမပြုဘဲ သူ့အနောက်မှသာ နှုတ်ဆိတ်၍ လိုက်ပါလာ၏။ 


အတိတ်က ဝမ်ချီမှာ ဖင်အန်း၊ ယောထောင်တို့နှင့် ပတ်သတ်၍ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု မတွေးမိခဲ့ပေ။ ယခုအခါ၌မူ ဖင်အန်းက ယောထောင်အား ရှက်နေသည်ဟု သူခံစားမိလာ၏။ ယောထောင် စကားပြောလိုက်သည်နှင့် သူက တိတ်ဆိတ်သွားတတ်သည်။ ယောထောင်က ဝမ်ချီ့အနား၌ ရှိနေလျှင် သူ အဝေးသို့ ရှောင်ထွက်သွားတတ်သည်။ 


အခြားတစ်ဖက်တွင်မူ ယောထောင်က မိန်းကလေးငယ်တစ်ဦးကဲ့သို့ တွတ်ထိုးတတ်ကာ မည်သည့် ပြစ်ချက်မှ ရှာမရခဲ့ပေ။ သူမ၏ မျက်ဝန်းကြီးများက ညကောင်းကင်ထက်ရှိ ကြယ်များအသွင် ဆောင်နေပြီး ဝမ်ချီအား မမှားနိုင်သော စိတ်အားထက်သန်မှုတို့ဖြင့် ကြည့်ရှုလေ့ရှိ၏။  


အပေါ်ယံအားဖြင့် ယောထောင်က ချစ်စဖွယ် မိန်းကလေး ဖြစ်ကြောင်း ဝမ်ချီ ဝန်ခံရပေလိမ့်မည်။ 


ဖင်အန်း၏ အစိုးရိမ်လွန်မှုကြောင့်ထင်သည်။ ယောထောင်နှင့် ယောဖန်းသည်လည်း သတိထားကာ ဖင်အန်းနှင့် ဝေးဝေးနေလေ့ ရှိကြ၏။ 


လမ်းတစ်လျှောက်လုံး ဝမ်ချီက ယောထောင်အား ကြည့်နေခဲ့သည်။ 


ယောထောင်နှင့် ပတ်သတ်၍ မူမမှန်မှု တစ်ခုကိုပင် ရှာမတွေ့ခဲ့သည်မှာ နှမြောစရာပင်။ 


သူတို့က ခွဲခွာရတော့မည် ဖြစ်သည့် အားလျော်စွာ ဝမ်ချီက လက်လျှော့လိုက်ပြီး ထိုကိစ္စများကို နောက်ပို့ရန် တွေးလိုက်၏။ 


နန်းတော် အပြင်ဘက်တွင် ရှောင်ရှန်းကျစ်နှင့် မိန်းမစိုး ကျိုးက ရထားလုံးနှင့်အတူ စောင့်ဆိုင်းနေကြသည်။ 


ရထားလုံးက သာမန် ရထားလုံးများနှင့် မတူဘဲ ပို၍ အရောင်အသွေးစုံကာ ခမ်းနားလှ၏။ ရွှေရောင်ပိတ်စများက အမိုးတစ်ခုလုံး ဖုံးအုပ်ထားသည်။ မြင်းကမူ စစ်မြင်းတစ်ကောင်ကဲ့သို့ သန့်စင်နေ၏။ ဝမ်ချီကဲ့သို့ မြင်းများအား မကြည့်တတ်သူကပင် တစ်ချက်ကြည့်လိုက်ရုံဖြင့် မည်မျှ အဖိုးတန်ကြောင်း သိနိုင်လေသည်။ 


“သခင်လေးဝမ် ...”

ရှောင်ရှန်းကျစ်က သူ့ကို ဦးညွှတ်ကာ ဆိုသည်။

“ဒီအစေခံကို အိမ်ရှေ့စံက အမိန့်ပေးလိုက်တာပါ … ”


ဝမ်ချီ ကြောင်အသွားသည်။

“အိမ်ရှေ့စံကလား …”


“အတိအကျပါပဲ  … သခင်လေးဝမ် … ရထားလုံးထဲကို မြန်မြန်ဝင်ပါ … အချိန်နောက်ကျတော့မယ် … ”

ရှောင်ရှန်းကျစ်က ပြောသည်။


ဝမ်ချီက ရှောင်ရှန်းကျစ်၏ ရည်ရွယ်ချက်ကို နားလည်သော်လည်း အိမ်ရှေ့စံ၏ ရည်ရွယ်ချက်ကို နားမလည်ချေ။ သူ့အတွက် တကူးတက ရထားလုံး စီစဉ်ပေးခြင်းမှာ မြွေပါက ကြက်တစ်ကောင်အား နှစ်သစ်ဆုတောင်းစကား ဆိုသကဲ့သို့ ရည်ရွယ်ချက်ဆိုးများဖြင့် ပြည့်နှက်နေ၏။  


သို့သော် သာမန်ရထားလုံးကို မဆိုထားနှင့်၊ အိမ်ရှေ့စံက အကျဉ်းခန်းနှင့်တူသည့် ရထားလုံးကို စီစဉ်ပေးခဲ့လျှင်ပင် ဝမ်ချီက ကျည်ဆန်ကိုကိုက်ရင်း ထိုရထားလုံးပေါ် တက်ရမည်ပင်။ 


သူက ရှောင်ရှန်းကျစ်အား ကျေးဇူးစကား ဆိုပြီးသည့်နောက် ယောထောင်နှင့် ယောဖန်းတို့ ပြုလုပ်သည့်အတိုင်း အင်္ကျီလက်အတွင်းရှိ ငွေစအချို့ကိုထုတ်ကာ ရှောင်ရှန်းကျစ်အား လျှို့ဝှက်စွာ ကမ်းပေးလိုက်သည်။ 


ရှောင်ရှန်းကျစ်က မျက်ဝန်းများ မှေးကျဉ်းသည်အထိ ပြုံးလိုက်၏။

“သခင်လေးဝမ် … ဒီအစေခံက အရှင့်သားကို ခစားလာတာ ကြာပါပြီ … အရှင့်သား လူတစ်ယောက်ကို ဂရုစိုက်တာ ဒါက ပထမဆုံးပါပဲ … သခင်လေးဝမ်အနေနဲ့ အရှေ့နန်းတော်က အပျိုတော်တွေကိုရော၊ ကိုယ်လုပ်တော်တွေကိုရော စိုးရိမ်စရာ မလိုပါဘူး … သူတို့အထဲက တစ်ယောက်ကမှ အရှင့်သားရဲ့ မျက်လုံးထဲကို ရောက်မလာနိုင်ပါဘူး…”  


ဝမ်ချီက လက်ရှိအခြေအနေကို အခွင့်ကောင်းယူကာ မေးလိုက်၏။

“မိန်းမစိုးရှန်း … ကျွန်တော့်မှာ မေးစရာရှိတယ် … ”


ရှစ်းကျစ်က အမြန် ပြန်ဖြေလိုက်သည်။

“ပြောပါ… သခင်လေးဝမ် ...”


“အရှင့်သားက နန်းတော်ထဲမှာပဲ နေပြီးတော့ အပြင်သိပ်မထွက်ဘူးလို့ ကျွန်တော် ကြားခဲ့ရတယ် … ဒါက အမှန်ပဲလား … ”


“သခင်လေးဝမ်ရဲ့ နားထဲကိုတောင် ရောက်လာတာပဲလေ … ဘယ်လိုလုပ် မှားနိုင်ပါ့မလဲ … ”

ရှောင်ရှန်းကျစ် ရယ်လိုက်သည်။

“အရှင့်သားက ကိုယ်လုပ်တော်တွေရဲ့ ခြံဝန်းထဲကို ခြေချဖို့ မပြောနဲ့ … အရှေ့နန်းတော်ကို ဝင်လာတဲ့ လူတွေက အရှင့်သားကိုတောင် မတွေ့ရပါဘူး … အရှင့်သားကို နေ့တိုင်းမြင်နေရတဲ့ သခင်လေးဝမ်ကလွဲလို့ အရှင့်သားကို တွေ့ခွင့်ရခဲ့တဲ့ လူတွေအားလုံးက မသန်စွမ်းဖြစ်ရင်ဖြစ် ၊ မဖြစ်ရင် သေသွားကြတာပဲ …” 


ဝမ်ချီက ရွယ်ရှန်းနှင့် အိမ်ရှေ့စံ၏စာကြည့်ဆောင် အပြင်ဘက်တွင် တွေ့ခဲ့သူအကြောင်း တွေးကာ ထိတ်လန့်သွားသည်။


ဝမ်ချီ တိတ်ဆိတ်နေသဖြင့် ရှောင်ရှန်းကျစ်က ပါးစပ်ကို လက်ဖြင့်ကာရင်း ပြောလိုက်၏။

“သခင်လေးဝမ်က သခင်လေးရွယ်နဲ့ တခြားလူတွေအကြောင်း တွေးနေတာလား … ”


“ဟုတ်သားပဲ ...သူတို့ ဘယ်လိုနေလဲ …” 

ဝမ်ချီ ခေါင်းညိတ်လိုက်သည်။


“မနေ့က သူတို့တွေ အရိုက်ခံခဲ့ရပါတယ် … တစ်ယောက်ဆို ရိုက်နေရင်း သတိလစ်သွားလို့ ရေအေးနဲ့ပက်ပြီး ပြန်အနှိုးခံလိုက်ရတယ်လေ … နောက်တော့ ထပ်အရိုက်ခံရပြန်ရော ...”

ရှောင်ရှန်းကျစ်က မည်သို့မှ မခံစားရပုံဖြင့် ပြောသည်။ 

“အများဆုံး အရိုက်ခံရတာတော့ သခင်လေးရွယ်ကွေ့ပဲ … သခင်လေးဝမ်က သခင်လေးရွယ်ကွေ့အတွက် အထူးတလည် တောင်းဆိုပေးခဲ့တော့ အရှင့်သားက သခင်လေးရွယ်ကွေ့ကို အသက်မျှင်းမျှင်းပဲ ကျန်တဲ့အထိ ရိုက်ဖို့ အမိန့်ရှိထားပါတယ် ...”


ဝမ်ချီ:  “…”


အဆိုပါ မင်းသား၏ စိတ်အခြေအနေကို မည်သူမှ ခန့်မှန်းနိုင်မည် မဟုတ်ချေ။ 


ရှောင်ရှန်းကျစ်က မှတ်ချက်ချလိုက်သည်။

“သခင်လေးဝမ် … သခင်လေး အရှင့်သားကို ခစားပြီး အနာဂတ်မှာ သားဦး မွေးဖွားပေးနိုင်သရွေ့ ဘာကိုမှ စိုးရိမ်နေစရာ မလိုတော့ပါဘူး … ”


ဝမ်ချီက ကလေးမွေးသည့် ခေါင်းစဉ်ကို အမြန်လျစ်လျူရှုလိုက်သည်။ သူက ပြော၏။

“အရှင့်သားက အမြင့်မှာရှိနေတာပါ … ကျွန်တော်ကတော့ အနိမ့်ကလူပါ … အရှင့်သားကို မော့ကြည့်နိုင်ရင်ပဲ ကျေနပ်နေပါပြီ … အရှင့်သားရဲ့ အထူးတလည် အရေးပေးမှုနဲ့ မထိုက်တန်ပါဘူး  ……”


“သခင်လေးဝမ် … ဒါက မဟုတ်သေးဘူး … ”

ရှောင်ရှန်းကျစ်က ဘေးဘီကြည့်ကာ ပြောလိုက်၏။  

“သခင်လေးဝမ် မသိလောက်ဘူးဆိုပေမယ့် အရှင့်သားမှာ ချစ်ရတဲ့လူ ရှိပါတယ် … သူက အဲဒီ့လူရဲ့ ပန်းချီကိုတောင် ဆွဲထားသေးတယ် … အဲဒီ့တုန်းက ဒီအစေခံက မင်သွေးပေးရတာဆိုတော့ သေသေချာချာ မြင်နိုင်ခဲ့တယ်လေ … အဲဒီလူက သခင်လေးဝမ်နဲ့ တော်တော့်ကို ဆင်တာ … လူတစ်ယောက်ထဲလို့ ပြောရင်တောင် လွန်မယ်မထင်ဘူး …”  


ဝမ်ချီ ထိတ်လန့်သွားသည်။ 


သူက ဗီလိန်မင်းသားတွင် ထိုသို့သော ဇာတ်ကြောင်းမျိုး ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။


သူက ဝတ္ထုကို သုံးကြိမ်တိုင်တိုင် ဖတ်ခဲ့သည်။ သို့သော် အိမ်ရှေ့စံ၌ ချစ်ရသူ ရှိနေလိမ့်မည်ဟု သူ မသိထားခဲ့ပေ။ ထိုသူက သူ့ကိုယ်သူသာ နှစ်သက်သူ ဖြစ်သည်။ 


ရှောင်ရှန်းကျစ်က စကားဆုံးသည့်နောက် ဝမ်ချီအား မဆိုင်းမတွ သတိပေးလာသည်။

“ဒီလျှို့ဝှက်ချက်ကို ဒီအစေခံပဲ သိထားတာပါ … မိန်းမစိုး ကျိုးတောင်မှ မသိပါဘူး … သခင်လေးဝမ်ကို ဒီအကြောင်း ပြောပြတာက ဒီအစေခံ အသက်စွန့်စားလိုက်တာနဲ့ အတူတူပါပဲ … သခင်လေး မျက်နှာသာပေးခံရရင် ဒီအစေခံကို စောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ် …”  


ဝမ်ချီ ခေါင်းညိတ်လိုက်သည်။ သူက ရထားလုံးအတွင်းသို့ ဝင်ရောက်လိုက်ချိန်အထိ ထိတ်လန့်မှုမှ ပြန်မသက်သာသေးချေ။ 


ရှောင်ရှန်းကျစ်၏ စကားများမှာ အမှန်ဟုတ်မဟုတ် သူ မသိသော်လည်း ရှောင်ရှန်းကျစ်က အိမ်ရှေ့စံကို ခုတုံးလုပ်ကာ သူ့အား အရူးလုပ်ဝံ့မည် မဟုတ်ပေ။ အိမ်ရှေ့စံ အကြောင်း ပြောချိန်၌ ရှောင်ရှန်းကျစ်၏ မျက်လုံးတွင်း၌ ဖုံးကွယ်၍ မရသော ကြောက်ရွံ့မှုများ ရှိနေ၏။ 


ဒီတော့ … 


ငါက အိမ်ရှေ့စံရဲ့ ချစ်ရသူလေးနဲ့ တူလို့ ငါ့ကို အလေးပေးနေတာပေါ့လေ … 


ဝမ်ချီက ဝတ္ထုထဲရှိ ဇာတ်ပို့များကို အပြန်ပြန်အလှန်လှန် စဉ်းစားကြည့်သော်လည်း ရှောင်ရှန်းကျစ် ပြောသည့် အိမ်ရှေ့စံ၏ အချစ်ဦးကိုဖြစ်စေ၊ မူလကိုယ်နှင့် တူသည့် လူကိုဖြစ်စေ စဉ်းစားမရခဲ့ချေ။ 


ဝမ်ချီက သေသေချာချာ စဉ်းစားကြည့်သော်လည်း မည်သို့မှ တွေးမရဖြစ်နေ၏။ 


သူက မျက်လုံးများကို မှိတ်ကာ နူးညံ့သော ရထားလုံးထဲ၌ သက်သောင့်သက်သာ အိပ်စက်ရန် ပြင်လိုက်တော့သည်။ 


ဝမ်ချီ နိုးလာချိန်၌ ရထားလုံးက ဝမ်အိမ်တော် အရှေ့သို့ ဆိုက်ရောက်နေလေပြီ။ 


ရှောင်ရှန်းကျစ်က ဝမ်ချီအား ရထားလုံးအတွင်းမှ ထွက်နိုင်ရန် ကူညီပေးလိုက်သည်။ လူအမြောက်အများက ရထားလုံးအပြင်ဘက်၌ စောင့်ဆိုင်းနေကြ၏။ 


ဝမ်ချီ ထိုသူတို့အား တစ်ချက်ကြည့်လိုက်သည်။ ထိုသူတို့အနက် ဝမ်မိသားစုဝင် တစ်ဦးပင် မပါရှိချေ။ သူတို့အားလုံးက အစေခံများသာ ဖြစ်ကြသည်။ 


ထိုသူများအနက် သက်လတ်ပိုင်းအရွယ်ရှိသော နှုတ်ခမ်းမွှေး စစနှင့် အမျိုးသားက ဝမ်မိသားစု၏ အိမ်တော်ထိန်းဖြစ်၏။  ဝမ်ချီက နန်းတွင်းသို့ မဝင်ရောက်မီ ဝမ်ချန်ချင်း၏ စာကြည့်ခန်းအပြင်၌ ထိုသူအား တစ်ကြိမ်တွေ့ခဲ့ဖူးသည်။ ထိုစဉ်က ဝမ်ချီမှာ မျက်နှာသာပေးမခံရသော သားတစ်ဦးဖြစ်ရာ အဆိုပါ အိမ်တော်ထိန်းက သူ့အား တစ်ချက်ပင် မကြည့်ခဲ့ပေ။


ယခုအခါ ဒီရေက ပြောင်းလဲသွားပြီဖြစ်၏။ ဝမ်ချီက ရှောင်ရှန်းကျစ်နှင့် မိန်းမစိုးနှစ်ဦးတို့ ခြံရံလျှက် အိမ်ရှေ့စံ၏ ရထားလုံးဖြင့် ဝမ်အိမ်တော်သို့ ပြန်လာခဲ့သည်။ ထိုအခြင်းအရာက ဖြတ်သွားဖြတ်လာများ၏ အာရုံကို ဆွဲဆောင်ခဲ့သည်သာမက အိမ်တော်ထိန်းကိုလည်း မပြုံးချင်ပြုံးချင်နှင့် ပြုံးလာစေသည်။ 


“အကြီးဆုံး သခင်လေး ပြန်လာပြီ …”

အိမ်တော်ထိန်းက အမြန်ပြောလိုက်သည်။

“အမြန်ဝင်ခဲ့ပါ ...”


ဝမ်ချီနှင့် ဝမ်လျန်က အိမ်ဝန်းထဲ၌သာ ကြီးပြင်းခဲ့ခြင်း ဖြစ်ပြီး အခြားလူများက လွယ်လွယ်မှတ်မိမည်ကိုလည်း စိုးရိမ်ရန် မလိုအပ်ချေ။ သို့သော် မတော်တဆ ဆိုသည်မှာ ဖြစ်လာနိုင်ဆဲဖြစ်ပြီး မိန်းမစိုးများကလည်း စောင့်ကြည့်နေကြဆဲပင်။ ထို့ကြောင့် အိမ်တော်ထိန်းက လျှို့ဝှက်ချက်များ ပေါ်မည်ကို ကြောက်ရွံ့စွာဖြင့် ရာနှုန်းပြည့် စိတ်အားထက်သန်မှုကို ပြသကာ ဝမ်ချီအား အပျိုတော်များ၊ အစေခံများ ခြံရံလျက် အိမ်တော်အတွင်းသို့ ဝင်စေ၏။  


အိမ်တော်ထိန်းက ပြုံးကာ ငွေစများကို ရှောင်ရှန်းကျစ်ထံ ကမ်းပေး၏။

“ဒီလောက် အဝေးကြီး လာရောက်ရတာ ခက်ခဲမှာပဲ …” 


ရှောင်ရှန်းကျစ်က မျက်နှာအမူအရာ မပြောင်းဘဲ ငွေသားကို လက်ခံလိုက်သည်။

“မခက်ပါဘူး ….”


အိမ်တော်ထိန်းက ဧည့်သည်ကို ပို့ဆောင်သည့်နှယ် လက်ဟန်ပြုလိုက်သည်။

“ဒါဆို ကျေးဇူးပြုပြီး …”


ရှောင်ရှန်းကျစ်က အိမ်တော်ထိန်းကို ကြည့်ကာ အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

“ငါတို့က အိမ်ရှေ့စံကို ခစားရတဲ့ မိန်းမစိုးတွေပဲ … ငါတို့က အိမ်ရှေ့စံရဲ့ ကိုယ်စား သခင်လေးဝမ်ကို ပို့ဆောင်ပေးတာဖြစ်တယ် … မင်းက ငါတို့ကို အထဲကိုဖိတ်ပြီး လက်ဖက်ရည် တစ်ခွက်တောင်မဆက်ပဲ နှင်ထုတ်ဝံ့တယ်လား …” 


အိမ်ရှေ့စံဟူသည့် အမည်ထွက်ပေါ်လာသည်နှင့် အားလုံးက တုန်လှုပ်သွားကြသည်။ အိမ်တော်ထိန်း၏ ခြေထောက်များက ပျော့ခွေလာကာ မြေပေါ်သို့လဲကျသွား၏။ 


“ကျွန်တော်မျိုး မလုပ်ဝံ့ပါဘူး … အရှင့်သား ကျွန်တော်မျိုးကို ခွင့်လွှတ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ် …”

အိမ်တော်ထိန်းက တုန်တုန်ယင်ယင်ဖြင့် မြေပေါ်မှ ထလိုက်သည်။

“ကုန်းကုန်းတို့ … ကျေးဇူးပြုပြီး ကြွပါ ...”


ရှောင်ရှန်းကျစ်က နှာခေါင်းရှုံ့လိုက်ပြီးနောက် အိမ်တော်အတွင်းသို့ ဝင်ခဲ့သည်။ 


ရလဒ်အနေဖြင့် သူ လမ်းအနည်းငယ် လျှောက်ပြီးသည့်နောက် လျှောက်လမ်းခပ်ကျဉ်းကျဉ်း တစ်ခုပေါ်တွင် အစေခံများနှင့် ဝမ်ချီတို့ ရှိနေသည်ကို တွေ့လိုက်ရသည်။ ဝမ်ချီက တစ်နေရာကို သွားချင်သော်လည်း တားမြစ်ခြင်း ခံနေရဟန်တူ၏။ ထိုနေရာမှ ငြင်းခုန်သံများသည်လည်း ထွက်ပေါ်လျှက်ရှိလေသည်။ 


ရှောင်ရှန်းကျစ်က စူးရှစွာ အော်ငေါက်လိုက်၏။

“အတင့်ရဲလိုက်တာ … မင်းတို့က သခင်လေးဝမ်ကို တားရဲတယ်တဲ့လား … ”


ရှောင်ရှန်းကျစ်၏ အသံက တာ့ဖန်းတိုင်းပြည်၏ နန်းတော် အတွင်းရှိ မိန်းမစိုးများအနက် အကျယ်ဆုံးဖြစ်သည်။ သူ့အသံကို ကြားရသူတိုင်း မသိစိတ်မှ ကြောက်ရွံ့သွားကြမှာပင်။  


တားဆီးခံနေရသည့် ဝမ်ချီက မတုံ့ပြန်နိုင်မီ သူ့အနီးရှိ အစေခံများနှင့် အပျိုတော်များအားလုံး ဒူးထောက်လိုက်ကြ၏။ 


ထိုအခြင်းအရာကို တွေ့ရှိသွားသည့် အိမ်တော်ထိန်းက နဖူးပေါ်ရှိ ချွေးများကို သုတ်လိုက်ကြရသည်။

“မိန်းမစိုးရှန်း …”


မိန်းမစိုးရှန်းက ခေါင်းလှည့်ကာ အိမ်တော်ထိန်းအား သင်ပြပေးတော့၏။

“ကြည့်စမ်း … မင်းတို့ ဝမ်အိမ်တော်က လူတွေက သခင်လေးဝမ်လိုမျိုး အိမ်ရှေ့စံအနားမှာ ခစားရတဲ့ တစ်ဦးထဲသောလူကို အပြစ်ပြုရဲတယ်ပေါ့ … မင်းတို့က ကျားသစ်သည်းခြေကို စားထားကြတာလား …” 


အိမ်တော်ထိန်းက ကြောက်လန့်စွာဖြင့် ဒူးထောက်ချလိုက်သည်။

“ဒီအစေခံက လျစ်လျူရှုခဲ့မိပါတယ် … မိန်းမစိုးရှန်းကို ရယ်စေခဲ့မိပါတယ် … ”


သူက ခေါင်းလှည့်ကာ ဆူလိုက်သည်။

“ဒီကနေ ထွက်သွားကြစမ်း …”


အစေခံများနှင့် အပျိုတော်များက အလွန်ကြောက်ရွံ့နေကြပြီး ငှက်များသဖွယ် ပြေးသွားကြလေသည်။ 


နောက်ကျနေပြီ ဖြစ်သောကြောင့် ဝမ်ချီက ဤနေရာ၌ အချိန်မဖြုန်းလိုတော့ချေ။ သူက အိမ်တော်ထိန်းကို မေးလိုက်၏။

“ငါ့အဖေ ဘယ်မှာလဲ …” 


အိမ်တော်ထိန်းက ဒူးထောက်နေရာမှ မထဝံ့သေးချေ။ သူက ချွေးစေးများဖြင့် ဖြေလိုက်သည်။

“ဒီနေ့ အိမ်တော်ကို ဧည့်သည်တွေ ရောက်လာခဲ့ပါတယ် … သခင်ကြီးက စာကြည့်ခန်းထဲမှာ ဧည့်သည်တွေနဲ့ တွေ့ဆုံနေတာပါ ...”


ဧည့်သည်တွေဆိုပဲ … 


ကြည့်ရတာ အချိန်ကိုက် ရောက်သွားခဲ့ပုံရတယ် … 


ဝမ်ချီက သူသယ်လာသည့် အခြားပစ္စည်းများကို အိမ်တော်ထိန်းထံ ပေးလိုက်သည်။ သူက ကိတ်မုန့်ထည့်ထားသော သေတ္တာတစ်ခုထဲကိုသာ ကိုင်ထားလိုက်၏။

“ဒါတွေ ပြန်ထားပေးပါ … ငါ အဖေ့ကို ခုချက်ချင်း တွေ့ဖို့လိုတယ် … ”


“အကြီးဆုံးသခင်လေး … ”

အိမ်တော်ထိန်းက မြေပေါ်မှ ထလိုက်သည်။

“သခင်ကြီးက ဧည့်သည်တွေနဲ့ တွေ့ဆုံနေပါတယ် … သခင်လေး အဲဒီ့နေရာကို သွားလို့မရပါဘူး …” 


ကံမကောင်းစွာဖြင့် အိမ်တော်ထိန်း စကားပြောမလာမီမှာပင် ဝမ်ချီက ကိတ်မုန့်ဘူးဖြင့် သွားနှင့်ပြီဖြစ်သည်။ 


အိမ်တော်ထိန်းက မိန်းမစိုးရှန်း၏ အေးစက်စက် အပြုံးကို ကြည့်ရင်း လိုက်ဖမ်းချင်စိတ်ကို မနည်းထိန်းလိုက်ရ၏။



💮💮💮