Chapter 13
Viewers 5k

💮Chapter 13



ဝမ်ချီက ရှစ်ယဲ့မှာ ရွယ်ကွေ့နှင့် အခြားလူများ ရှိနေခြင်းကို မပျော်ရွှင်သဖြင့် လက်ရှိအခြေအနေကို အသုံးချခြင်း ဖြစ်သည်ဟု သံသယဝင်လာသည်။ သို့သော် အခြားနည်းဖြင့် စဉ်းစားကြည့်ပါက အနာဂတ်တွင် သက်ဦးဆံပိုင်ဘုရင် ဖြစ်လာမည့် ရှစ်ယဲ့က သူလုပ်ချင်သည်ကိုသာ အမြဲပြုလုပ်လေ့ရှိ၏။ မင်းကြီးကိုယ်တိုင်ပင် သူ့အား မထိန်းချုပ်နိုင်ချေ။ သူက တစ်စုံတစ်ဦးကို သတ်ချင်လျှင် သတ်လိုက်မှာဖြစ်သည်။ တစ်စုံတစ်ဦးကို သတ်ရန် အကြောင်းပြချက်များ ရှာဖွေနေလိမ့်မည် မဟုတ်ပေ။ 


သို့သော် ဤသည်က အရေးမကြီးပေ။ 


ရွယ်ကွေ့နှင့် အခြားလူများသာ အသတ်ခံလိုက်ရပါက အရှေ့နန်းတော်ရှိ လူအမြောက်အများက သူ့အပေါ် အပြစ်တင်လာကြလိမ့်မည်။ အဆုံးသတ်တွင် ရွယ်ရှန်း၏ သေဆုံးမှုသည်လည်း သူနှင့် သက်ဆိုင်သည်ဟု ယူဆကြမည်ပင်။ 


ဝမ်ချီက ရှေးခေတ်မှ လူမဟုတ်ပေ။ သူက လူသတ်ခြင်းမှာ ဥပဒေနှင့်မညီဟု ကလေးဘဝကတည်းက သိခဲ့ရသော နှစ်ဆယ့်တစ်ရာစုမှ လာရောက်ခဲ့သူဖြစ်၏။ အနာဂတ်တွင် လက်ရှိခေတ်၏ ဥပဒေများနှင့် လိုက်လျောညီထွေ ဖြစ်သွားနိုင်ချေ ရှိသော်ငြား သူ့ကျောပေါ်၌ အသက်များစွာကို ထမ်းပိုးကာ ခရီးမဆက်လိုပေ။


မိန်းမစိုးကျိုး ထွက်ခွာသွားသည်ကို ဝမ်ချီ တွေ့နေရ၏။ 


ဝမ်ချီ အံကြိတ်လိုက်သည်။ သူက လှိုင်းထန်နေသော နှလုံးသားဖြင့် မြေပေါ်သို့ ဒူးထောက်ချလိုက်၏။ 

“အရှင့်သား … အရှင့်သားရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် … ဒါပေမယ့် ကျွန်တော်မျိုး သခင်လေးရွယ်နဲ့ တစ်ခါ တွေ့ဖူးပါတယ် … သခင်လေးရွယ်သာ ကျွန်တော်မျိုးကြောင့် အသက်ဆုံးရှုံးသွားခဲ့ရရင် သူ့အတွက် ကျွန်တော် လှိုက်လှိုက်လှဲလှဲ စိတ်မကောင်း ဖြစ်ရပါလိမ့်မယ် … ဒီတော့ သခင်လေးရွယ်နဲ့ တခြားလူတွေကို အသက်ချမ်းသာပေးဖို့ အတင့်ရဲပြီး တောင်းဆိုချင်ပါတယ်…”  


ထိုစကားများ ထွက်ပေါ်လာသည်နှင့် မိန်းမစိုးကျိုးက အိမ်ရှေ့စံ၏အဖြေကို စောင့်ဆိုင်းနေသကဲ့သို့ ရပ်လိုက်သည်။ 


ဝမ်ချီက ဒူးထောက်လျက်သား အနေအထားဖြင့် ရှိနေပြီး သူ့ဦးခေါင်းက နူးညံ့သော ကော်ဇောနှင့် ထိကပ်နေ၏။ သူက ရှစ်ယဲ့၏ အမူအရာကို မမြင်နိုင်သော်လည်း ထိုသူ၏ အကြည့်က သူ့ကျောပေါ်၌ ကျရောက်နေကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိနေ၏။ 


အလွန်နှေးကွေးစွာဖြင့် … 


မုဆိုးက သားကောင်ကို အပေါ်စီးမှ စောင့်ကြည့်နေသကဲ့သို့ … 


ဝမ်ချီက သူ့အတွေးနှင့်သူ ချွေးစေးများ စီးကျလာသည်။ 


ရှစ်ယဲ့ သူ့အား ငြင်းလိမ့်မည်ဟု တွေးနေချိန်၌ပင် တစ်ဖက်လူ၏ စကားသံကို ကြားလိုက်ရ၏။

“အိုး … မင်းက သူတို့အတွက် တောင်းပန်ပေးချင်တာလား… ”


ဝမ်ချီက မဝံ့မရဲဖြင့် သတိကြီးစွာ ပြန်ဖြေလိုက်သည်။ 

“ကျွန်တော်မျိုးက ကျွန်တော့်ကြောင့် သူတို့ အသက်ဆုံးရှုံးရမှာကို မလိုချင်ရုံပါ ...”


“မင်းက သိပ်ကို ကြင်နာတတ်တာပဲ ...”

ရှစ်ယဲ့က ခပ်ဖွဖွ ရယ်လိုက်သော်ငြား ရယ်မြူးသည့် အရိပ်အယောင်တို့ ရှိမနေခဲ့ပေ။

“ဘာလို့ ဒီလိုမလုပ်တာလဲ … မင်းဘက်က ပန်ကုန်းကို သူတို့အသက်အတွက် တစ်ခုခု ကမ်းလှမ်းလေ … ပန်ကုန်း သဘောကျရင် သူတို့ကို မသတ်တော့ဘူး ...”


ဝမ်ချီ: “…”


သူ စိတ်တွင်းမှ ငိုကြွေးလိုက်သည်။ မူလကိုယ်က သာသနာရေးဝန်ကြီး၏ ကိုယ်လုပ်တော်ဖွား သားတစ်ဦးဖြစ်ရာ မည်သည့် ရှားပါးပစ္စည်းမှ ရှိမနေခဲ့ချေ။ ရှိနေခဲ့သည်ဆိုလျှင်ပင် ရှစ်ယဲ့အား ကျေနပ်စေမည် မဟုတ်ပေ။ 


ရှစ်ယဲ့က တော်ဝင်မင်းသားတစ်ပါး ဖြစ်သည်။ 


နှစ်တိုင်းလိုလို ဒေသပေါင်းစုံက နန်းတော်အား ရှားပါးရတနာများ ဆက်သကြလေ့ရှိသည်။ ရှစ်ယဲ့က အရာအားလုံးကို မြင်ဖူး၏။ သို့သော် ရှစ်ယဲ့၏ နောက်ဆက်တွဲ ပြောကြားလာသော စကားများက သူ၏ နောက်ဆုတ်လိုမှုကို တားဆီးလိုက်သည်။ 


ရှစ်ယဲ့က မေးလိုက်၏။

“ဘာလို့လဲ … မတတ်နိုင်ဘူးလား …” 


ဝမ်ချီက သူ ရွယ်ကွေ့နှင့် အခြားလူများအား ကယ်တင်ရန် မဖြစ်နိုင်ဟု တွေးကာ တိတ်ဆိတ်နေလိုက်၏။ 


နောက်တစ်စက္က့န်တွင် ရှစ်ယဲ့၏ စကားများက ပြောင်းလဲသွားခဲ့သည်။

“ကျိုးရှန် … သူ့ကို ခေါ်သွား ...”


ဝမ်ချီ ကြောင်အသွား၏။ 


တဖြည်းဖြည်း နီးကပ်လာသော မိန်းမစိုးကျိုး၏ ခြေသံများနှင့်အတူ ရှစ်ယဲ့က နှာခေါင်းရှုံ့လိုက်လေသည်။

“ပန်ကုန်းက မင်းကို အခွင့်အရေး ပေးခဲ့ပေမယ့် မင်းက မသိတတ်ဘူးပဲ … မင်း သူတို့ကို မသေစေချင်မှတော့ သူတို့နဲ့အတူ စမ်းချောင်းဝါကို သွားတဲ့လမ်းမှာ အဖော်ပြုပေးလိုက်ပေတော့ …”  


ချီးတဲ့မှ … 


ဒီမင်းသား ဘာဖြစ်နေတာလဲ … ဘယ်လိုလုပ်ပြီး တစ်ခုပြီးတစ်ခု တွေးနိုင်ရတာလဲ … 


မိန်းမစိုးကျိုးက မိန်းမစိုးငယ်အား မျက်ရိပ်ပြကာ ဝမ်ချီ၏ လက်မောင်းကို လာဆွဲလေသည်။ 


ထိုအချိန်မှာပင် ပြင်းပျသော ရှင်သန်လိုစိတ်က ဝမ်ချီ၏ နှလုံးသားထဲ၌ ပေါ်ထွက်လာ၏။ သူက မိန်းမစိုးကျိုး၏ လက်ကို ဖယ်ချကာ ထပ်မံဒူးထောက်ချလိုက်သည်။ သူက တုန်တုန်ယင်ယင် ပြောလိုက်၏။

“အရှင့်သား … ကျွန်တော်မျိုး ပိုင်ဆိုင်မှုတစ်ခုကို အမှတ်ရသွားပါပြီ … ကျွန်တော်မျိုး အရှင့်သား ရှေ့တော်မှောက် ယူဆောင်လာခဲ့ပါ့မယ် … ”


“အိုး … ”

ရှစ်ယဲ့ စိတ်ဝင်စားသွားကာ မည်သည့်အရာဖြစ်ကြောင်းပင် မမေးတော့ဘဲ ပြောလိုက်သည်။

“သွားယူချေ … ”


ဝမ်ချီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ သူက အနည်းငယ်ပင် မနှောင့်နှေးဝံ့ပဲ မိန်းမစိုးကျိုးနှင့်အတူ ထွက်လာခဲ့သည်။


စာကြည့်ခန်းမှ ထွက်ခွာလာသည့်နောက် ဝမ်ချီ နဖူးကို သုတ်လိုက်၏။ သူ့လက်ဖဝါးက ချွေးများဖြင့် ရွှဲနစ်သွားသည်။ 


ဝမ်ချီက အိမ်ရှေ့စံ၏ အိမ်တော်မှ ဝါးပလွေအိမ်တော်သို့ပင် ခက်ခက်ခဲခဲ အားစိုက်၍ သွားလိုက်ရ၏။ 


နာရီဝက်အကြာတွင် ဝမ်ချီက စာကြည့်ခန်းထဲသို့ မုန့်ဘူးတစ်ဘူးနှင့်အတူ ပြန်လာသည်။ 


သူက ခါးညွှတ်ကာ မုန့်ဘူးအား အိမ်ရှေ့စံအရှေ့ရှိ စားပွဲပေါ်တွင် တင်လိုက်သည်။ ထို့နောက် ဘူးထဲမှ လက်ဖဝါးအရွယ်ရှိ ကိတ်မုန့်ကို ထုတ်ယူကာ ပန်းကန်ပြားပေါ် တင်လိုက်၏။ 


ထိုကိတ်မုန့်က ယောဖန်းနှင့် ယောထောင်တို့ ယနေ့ပြုလုပ်ခဲ့သည့် ကိတ်မုန့်ဖြစ်သည်။ သူတို့က အချိန်မရသည့်အလျောက် သစ်သီးများကိုပင် မတင်နိုင်ခဲ့ပဲ ခရင်မ်များကိုသာ အထပ်ထပ် သုတ်ထားနိုင်၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းက ဖြူဖြူတုံးကြီးတစ်ခုကဲ့သို့ ရှိနေပြီး အစားအစာနှင့် မတူသလို လှလှပပလည်း မရှိချေ။ 


ဝမ်ချီက ကိတ်မုန့်နှင့် ငွေဇွန်းကို ဂရုတစိုက် နေရာချလိုက်ပြီးနောက် ခြေတစ်လှမ်း ပြန်ဆုတ်လိုက်သည်။ 


သူနှင့် မိန်းမစိုးကျိုးတို့က ဘေးချင်းယှဉ်လျက် ရပ်နေကြခြင်း ဖြစ်သည်။ သူ့မျက်ဝန်းထောင့်မှတစ်ဆင့် မိန်းမစိုး ကျိုး၏ ဖြူဖွေး၍ ပြည့်ဖောင်းသော မျက်နှာက အဖြူရောင်မှ အနီရောင်သို့ ပြောင်းသွားကာ အစိမ်းရောင်သို့ ထပ်မံပြောင်းလဲသွားသည်ကို တွေ့နေရသည်။ ထိုသို့ အရောင်ပြောင်းနေခြင်းက ဝမ်ချီ့အတွက် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းနေ၏။ 


မိန်းမစိုးကျိုးက သူ့ရင်တွင်းရှိ အံ့အားသင့်မှုကို ဖိနှိပ်ရန် ကြိုးစားနေ၏။ သူက ဝမ်ချီနှင့်အတူ အိမ်တော်ထဲသို့ လိုက်ပါခြင်းမရှိခဲ့ရာ ဤမျှ ထူးဆန်းသော အရာဝတ္ထုအား မုန့်ဘူးအတွင်းသို့ ဝမ်ချီထည့်လာခဲ့ကြောင်း မသိခဲ့ပေ။ သူက ဝမ်ချီအား သေလူကို ကြည့်သကဲ့သို့ ကြည့်လိုက်၏။ 


ရှစ်ယဲ့က သုန်မှုန်သော အမူအရာဖြင့် ရှိနေပြီး မည်သည့်အရာကို တွေးတောနေကြောင်း မသိရချေ။ သူက ခေါင်းမော့ကာ အဖြူရောင်အရာအား သိချင်စိတ်ဖြင့် စိုက်ကြည့်နေလိုက်သည်။ ထို့နောက် ဝမ်ချီအား မျက်လုံးလှန်ကြည့်လိုက်၏။

“ဒါက ဘာလဲ … ”


ဝမ်ချီက ပြန်ဖြေသည်။

“အရှင့်သားကို ပြန်ဖြေပါတယ် … ဒါက ကိတ်မုန့်ပါ … ”


ရှစ်ယဲ့ : “ကိတ်မုန့်လား … ”


ဝမ်ချီ ရှင်းပြလိုက်သည်။

“ဒါက ဌာပနာမုန့်တွေလိုမျိုး စားစရာတစ်မျိုးပါ … ပြီးတော့ လုပ်ရတာ အချိန်လည်းကုန်ပါတယ် … ဒီရက်ပိုင်း ကျွန်တော်မျိုးမှာ လုပ်စရာမရှိတော့ အိမ်တော်မှာရှိတဲ့ မိန်းမစိုး၊ အပျိုတော်တွေနဲ့အတူ ကိတ်မုန့်လုပ်ဖို့ စိတ်ကူးရခဲ့တာပါ … ကျွန်တော်မျိုးတို့ တကယ်တမ်း ကိတ်မုန့်လုပ်နိုင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိပါဘူး … ဒါက အရှင့်သား စားနေကျ စားစရာတွေလောက်တော့ ကောင်းမှာမဟုတ်ပါဘူး … ကျွန်တော်မျိုး အရှင့်သားရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ရယ်စရာဖြစ်အောင် လုပ်မိခဲ့ပါတယ် …”  


ထိုသို့ပြောပြီးနောက် ဝမ်ချီ မျက်လွှာချကာ ခြေချောင်းများကို စိုက်ကြည့်လိုက်သည်။ 


အိမ်ရှေ့စံက တစ်ခွန်းမှ ပြောမလာခဲ့သလို ကျန်သူများသည်လည်း အခွင့်မရှိဘဲ စကားမဆိုဝံ့ကြချေ။ 


ဝမ်ချီ၏ စကားလုံးများက မိန်းမစိုးကျိုးကို သက်ပြင်းချစေခဲ့သည်။ ဝမ်ချီက ရိုးသားပြီး ပြိုင်ဆိုင်တိုက်ခိုက်ခြင်း မရှိသော်လည်း ကံမကောင်းစွာပင် သူက တုံးအလှ၏။ 


အိမ်ရှေ့စံက ဘယ်သူမို့လို့လဲ … အိမ်ရှေ့စံက အနာဂတ်မင်းလောင်းလေ … သူက တိုင်းပြည်ထဲက ရှိသမျှ တောင်တွေနဲ့ ပင်လယ်တွေထဲက အရသာရှိတဲ့ အစားအစာမှန်သမျှ စားဖူးတဲ့လူပဲ … ဒီလို ထူးထူးဆန်းဆန်း အရာနဲ့ ဆွဲဆောင်လို့ရမယ်တဲ့လား … 


အပျိုတော်တွေကို ဌာပနာမုန့် လုပ်ခိုင်းလိုက်ရင်တောင် အရှင့်သားက သူ့ကို အသက်ချမ်းသာ ပေးလိမ့်ဦးမယ် … 


နှမြောစရာပဲ … 


မိန်းမစိုးကျိုး က ထိုသို့တွေးလိုက်ပြီးနောက် မိန်းမစိုးငယ်တစ်ဦးအား ကိတ်မုန့်ပန်းကန်နှင့် မုန့်ဘူးကို ဖယ်ရှားခိုင်းရန် ပြင်လိုက်သည်။ သို့သော် သူ မည်သည့်အရာမှ မပြောနိုင်မီ အိမ်ရှေ့စံက ဇွန်းကိုကိုင်လျက် ကိတ်မုန့်တစ်ကိုက်စာအား ခပ်ယူစားသောက်လိုက်၏။ 


မိန်းမစိုးကျိုး၏ မျက်လုံးများက ထွက်ကျတော့မတတ် ပြူးကျယ်သွားရသည်။ 


သူက မှားမြင်မိသည်ဟု တွေးကာ မျက်လုံးများကို မြန်မြန် ပွတ်သပ်လိုက်၏။ 


သို့သော် သူက အမြင်မှားခြင်းမဟုတ်ချေ။ အိမ်ရှေ့စံမင်းသားက ကိတ်မုန့်အား အမှန်တကယ် စားသုံးလိုက်ခြင်းဖြစ်သည်။ 


“အရှင့်သား … ”

မိန်းမစိုးကျိုးက အကူအညီမဲ့စွာဖြင့် ကြောက်လန့်တကြား အော်လိုက်သည်။

“ကိတ်မုန့်ကို ဒီအစေခံက မစစ်ဆေးရသေးပဲ သေချာပေါက် မစားသင့်ပါဘူး … ”


ရှစ်ယဲ့က မိန်းမစိုးကျိုးကို အေးစက်စက် ကြည့်လိုက်သည်။ 

“ပန်ကုန်းက ဘယ်အချိန်ကတည်းက တစ်ခုခုကို စားဖို့ မောင်မင်းဆီက ခွင့်ပြုချက် တောင်းရတာလဲ … ”


ထိုစကားကြောင့် မိန်းမစိုးကျိုး၏ မျက်နှာက ဖြူလျော်သွားကာ ကျန်ရှိသော စကားလုံးများကို အစာအိမ်အတွင်းသို့ မြိုချလိုက်ရရှာသည်။ 


ရှစ်ယဲ့က မိန်းမစိုးကျိုးကို ဂရုစိုက်ခြင်းမပြုဘဲ ကိတ်မုန့်ကိုသာ တစ်ဇွန်းပြီး တစ်ဇွန်း ခပ်စားနေ၏။ 


ဝမ်ချီက ရှစ်ယဲ့အား မျက်ဝန်းထောင့်မှ ခိုးကြည့်လိုက်သည်။ သူက ရှစ်ယဲ့ တစ်စုံတစ်ခု စားသောက်သည်ကို ဒုတိယအကြိမ် မြင်ဖူးခြင်းပင်။ ရှစ်ယဲ့၏ ဟန်ပန်က အစာစားနေချိန်၌ပင် ကြည့်ကောင်းနေလေသည်။


သူက လျင်မြန်စွာ စားသောက်နေခြင်း ဖြစ်သော်လည်း တည်ငြိမ်မှုရောင်ဝါက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံနေ၏။ သူ့မျက်နှာထက်၌ မီးလောင်မှတ်များ ရှိနေစေကာမူ ထိုမြင်ကွင်းတစ်ခုလုံးက မျက်စိပသာဒဖြစ်စေသည်။ 


မကြာမီမှာပင် ရှစ်ယဲ့က ကိတ်မုန့်တစ်ခုလုံး စားလိုက်၏။ 


ဝမ်ချီ ခေါင်းငုံ့ကာ မသိစိတ်ဖြင့် အသက်အောင့်ထားမိသည်။ 


ရှစ်ယဲ့က မိန်းမစိုးကျိုး ကမ်းပေးသည့် ရွှေရောင် လက်သုတ်ပုဝါဖြင့် ပါးစပ်သုတ်ကာ ဖြည်းညှင်းစွာ ပြောလိုက်၏။

“ဒီရက်ပိုင်း ဝါးပလွေအိမ်တော်ကို ပို့ဆောင်ပေးတဲ့ အရှေ့နန်းတော်ရဲ့ နွားနို့တွေက စီးနေတဲ့ရေလိုမျိုး ကုန်ခမ်းသွားတာ အံ့အားသင့်စရာ မရှိတော့ဘူးပဲ … မင်းက ဒါကို လုပ်နေတာကိုး … ”


ဝမ်ချီ၏ မျက်နှာတစ်ခုလုံး နီရဲသွားသည်။ 


ရှစ်ယဲ့နှင့် တစ်ညတာ ကုန်သုံးပြီးသည့်နောက် အရှေ့နန်းတော်ရှိ လူတိုင်းက ရှစ်ယဲ့ သူ့အား မျက်နှာသာပေးသည်ဟု ယူဆသွားကြသည်။ နန်းတွင်း အပျိုတော်များနှင့် မိန်းမစိုးများပင် ဝါးပလွေအိမ်တော်အား စိတ်အားထက်သန်စွာ အရေးတယူ ပြုမူကြ၏။ ထို့ကြောင့် သူ မည်သည့်အရာအား တောင်းဆိုသည်ဖြစ်စေ၊ သူတို့က သူ့ထံသို့ အမြန် ပို့ဆောင်လေ့ရှိကြသည်။ 


ထို့ကြောင့် သူက သူတို့အား သစ်သီးနှင့် နွားနို့ကို တောင်းဆိုခဲ့ခြင်းပင်။ 


ရှစ်ယဲ့က ဤသို့သော ကိစ္စရပ်များကို အရေးစိုက်မည်မဟုတ်ဟု သူထင်ခဲ့၏။ တစ်ဖက်လူက အားလုံးကို သိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ 


ဝမ်ချီက သူ့မျက်နှာထက်ရှိ ပူလောင်မှုကို တောင့်ခံရင်း ပြောလိုက်သည်။

“ကျွန်တော်မျိုးက အတွေးတိမ်ခဲ့ပါတယ် … အရှင့်သား ခွင့်လွှတ်ပေးပါ … ”


ရှစ်ယဲ့က ပြော၏။

“ကျိုးရှန် … ”


မိန်းမစိုးကျိုး က အမြန်လှမ်းလာသည်။

“မှန်လှပါ ...”


ရှစ်ယဲ့က ခပ်ပေါ့ပေါ့သာ ပြောလိုက်သည်။ 

“အဲဒီ့လူတွေကို မသတ်နဲ့ … ကြိမ်ဒဏ်ပဲပေးလိုက်ပါ … ”


“မှန်လှပါ ...” 

သူက ပြောပြီးသည်နှင့် ဆုတ်ခွာသွားလေသည်။ 


ရှစ်ယဲ့၏အကြည့်က ဝမ်ချီ့ အပေါ် ကျရောက်လာပြန်၏။ 


ဝမ်ချီက မရည်ရွယ်ဘဲ ကိုယ်ကို မတ်လိုက်မိသည်။ 


“ပန်ကုန်းကို ကြည့် ...”

ရှစ်ယဲ့၏ အသံနေအသံထားမှာ ပေါ့ပါးလှပြီး မည်သည်ကို ဆိုလိုချင်ကြောင်း မသိနိုင်ချေ။ 


ဝမ်ချီက ချွေးများရွှဲနေသည့် လက်များကို တင်းတင်းဆုပ်လိုက်ရင်း ရှစ်ယဲ့အား ကြည့်လိုက်သည်။ 


ရှစ်ယဲ့၏ မျက်နှာက ရေခဲနှင့်မီးတို့ ရောယှက်နေသည့်အလားပင်။ ညာဘက်အခြမ်းက မီးလောင်ရာများဖြင့် ပြည့်နှက်နေကာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ ဘယ်ဘက်ခြမ်း၌မူ ဇာမဏီမျက်လုံးများ၊ ပါးလျသော နှုတ်ခမ်းတစ်စုံ၊ နှာတံမြင့်မြင့်နှင့် နူးညံ့သော မျက်နှာအစိတ်အပိုင်းများက နေရာယူလျှက်ရှိ၏။ ထိုမျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီက လူများကို မိုင်ထောင်နှင့်ချီသော အကွာအဝေးထံမှပင် ငြင်းဆန်နေသည့်အလားပင်။ 


မီးလောင်ရာများ ရှိနေလျက်နှင့်ပင် ရှစ်ယဲ့ မျက်နှာထက်ရှိ အထက်စီးဆန်သော အမူအရာက ဝမ်ချီအား ကြောင်အသွားစေ၍ ခပ်မြန်မြန် အကြည့်လွှဲမိစေ၏။ 


ရှစ်ယဲ့က နေတစ်စင်းနှင့် တူသည်ဟု ဖင်အန်း ပြောခဲ့သည်ကို ဝမ်ချီ အမှတ်ရသွားသည်။ ထိုစဉ်က သူ များများစားစား မတွေးခဲ့သော်လည်း ယခုအခါ၌မူ ရှစ်ယဲ့မှာ အလွန်တောက်ပသည့် နေတစ်စင်းနှင့် တူသည်ဟု သူခံစားလိုက်ရ၏။  


“ပန်ကုန်း အချိုကြိုက်မှန်း မင်းဘယ်လိုသိတာလဲ … ”


ရှစ်ယဲ့စကားများကြောင့် ဝမ်ချီ၏ နှလုံးသားတွင်းရှိ တင်းနေသော ကြိုးတစ်စက ပြေလျော့သွားရသည်။ 


သူက မှန်မှန်ကန်ကန် လောင်းလိုက်မိပုံပင်။ 


ဝတ္ထုထဲတွင် ရှစ်ယဲ့က ကလေးဘဝတွင် အချိုကြိုက်ကြောင်း ဖော်ပြထား၏။ သို့သော် သူ ကြီးပြင်းလာချိန်၌ အချိုအရသာကို နှစ်သက်သည့် ပုံစံမျိုး ထုတ်မပြတော့ချေ။ 


ဝမ်ချီက ထိုစကားများကို ထုတ်မပြောဝံ့ချေ။ သူက ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။

“အရှင့်သား ခွင့်လွှတ်မယ်လို့ မျှော်လင့်မိပါတယ် … ကျွန်တော်မျိုးက အရှင့်သား အချိုကြိုက်မှန်း မသိခဲ့ပါဘူး … ကျွန်တော်မျိုးက အရှင့်သားနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေနဲ့ မထိုက်တန်ပါဘူး … ဒါ့ကြောင့် ကျွန်တော်မျိုးက ကိတ်မုန့်ကို ရိုးရိုးသားသား ပြုလုပ်ခဲ့တာပါ … အရှင့်သား ဒါကို နှစ်သက်မယ်လို့ မျှော်လင့်ခဲ့ရုံပါပဲ…”  


“ပန်ကုန်း ဒါကို နှစ်သက်ပါတယ် …..”


ဝမ်ချီ၏ မျက်နှာတစ်ခုလုံး ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွား၏။ ထို့နောက် ရှစ်ယဲ့က သူ့အား ထပ်ပြောလာသည်။ 

“သကြားလွှာတွေ တော်တော် အုပ်လိုက်ရမှာပဲ … ”


ဝမ်ချီ: “…”


ရှစ်ယဲ့က သကြားလွှာကိုပဲ ကြိုက်တာပေါ့ … 


“မင်း ဘာလိုချင်လဲပြော… ပန်ကုန်း မင်းကို ဆုချမယ် ...ထ...”

ရှစ်ယဲ့က ပြောလိုက်သည်။


ဝမ်ချီ၏ မျက်နှာတစ်ခုလုံး ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။ သို့သော် သူက အမြန်ဒူးထောက်လိုက်ရင်း မြှောက်ပင့်စကားများကိုသာ ဆိုလိုက်၏။

“အိမ်ရှေ့စံ လိုချင်တဲ့ဘဝကို ရပြီး ကျန်းကျန်းမာမာ နေနိုင်ဖို့ကလွဲလို့ ကျွန်တော်မျိုး ဘာကိုမှ မတောင်းဆိုပါဘူး …” 


ရှစ်ယဲ့ ပြုံးလိုက်သည်။

“ဒီလိုဆိုလည်း ပြီးတာပဲလေ ...”


ဝမ်ချီက ရှစ်ယဲ့ ထပ်မေးမည်ကို စောင့်နေခဲ့ခြင်းဖြစ်သည်။ သို့သော် အဆိုပါ မျိုးမစစ်လေးက မယဉ်မကျေး ပြောလာမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူက အမြန်ပြောလိုက်ရသည်။

“ကျွန်တော့်မှာ လိုချင်တဲ့ ဆုတစ်ခု ရှိပါတယ် … ကျွန်တော်မျိုးက နန်းတွင်းမှာ နေရတာ ကြာပြီဆိုတော့ ဖခင် အဆင်ပြေရဲ့လား ဆိုတာကို ပြန်ကြည့်ချင်မိပါတယ် ...”


ရှစ်ယဲ့က ပြောလိုက်သည်။

“အခုပဲ တောင်းဆိုစရာ မရှိဘူးဆို … ဘယ်လိုဖြစ်ပြီး တောင်းဆိုစရာက ချက်ချင်း ရှိသွားရတာလဲ …” 


ဝမ်ချီ: “…”


ကံကောင်းစွာဖြင့် ရှစ်ယဲ့က ဝမ်ချီအား စနောက်နေခဲ့ခြင်းသာ ဖြစ်သည်။ ဝမ်ချီ စကားမဆိုနိုင်မီ သူက ပြုံးကာ လက်ဝှေ့ယမ်းလိုက်၏။

“ပန်ကုန်း ခွင့်ပြုတယ် … သွားပြီး ပြင်ဆင်တော့ ...”



💮💮💮