Chapter 16
Viewers 7k

💮Chapter 16



ဝမ်လျန်က ဝမ်ချီ၏ အခေါ်အဝေါ်ကြောင့် သိသိသာသာ ထိတ်လန့်သွားသည်။ သူက ခဏတိတ်သွားကာ အားတင်းပြုံးလိုက်၏။

“အဆင်ပြေရဲ့လား …”


ဝမ်ချီက တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒီလိုပါပဲ …”


 ဝမ်လျန် “….”


ဝမ်ချီက ထိုစကားများကို ပြတ်ပြတ်ပြောလိုက်ခြင်းကြောင့်ထင်သည် ဝမ်လျန်က စကားဆက်ရန် လမ်းရှာမရ ဖြစ်သွားသည်။ 


သို့သော် ဝမ်ချီက စိတ်အခြေအနေ မကောင်းနေရာ ထိုနေရာ၌သာ ရပ်တန့်ရန် စိတ်မကူးထားချေ။ မည်သို့ပင်ဖြစ်စေ၊ ဝမ်လျန်ကို မြင်ရတိုင်း သူ ထိုသူအား အပြစ်တင်မိသည်။ ဝမ်လျန်နှင့် ချို့ယွင်းနေသော စနစ်ကြောင့်သာ မဟုတ်လျှင် သူက အရှေ့နန်းတော်အတွင်း၌ ရေခဲပါးပါးပေါ် ဖြတ်လျှောက်ရသကဲ့သို့သော နေ့ရက်များအား ဖြတ်သန်းနေရမည်မဟုတ်ပေ။


ဝမ်ချီက ထိုအရာမှာ ဇာတ်ကြောင်းအရဖြစ်ကြောင်း သိသော်ငြား စိတ်ပျက်နေမိဆဲပင်။ 


သူက ဝမ်လျန်ကို မတွေ့ရလျှင် အဆင်ပြေသော်လည်း ဝမ်လျန်အား မျက်စိရှေ့၌  တွေ့ရလျှင်မူ ထိုသူ့ကို ရိုက်ပစ်ချင်မိသည်။ 


“ဝမ်လျန် … အရှင့်သားရဲ့ စိတ်အခြေအနေအကြောင်း မင်းသိသားပဲ … အရှင့်သားကို ခစားရတာ အဆင်ပြေမပြေ မင်း ခန့်မှန်းမိမှာပါ …” 


ဝမ်လျန်၏ မျက်နှာတစ်ခုလုံး ဖြူလျော်သွားသည်။ သူ့မျက်ဝန်းမှ ကြည်လင်သော မျက်ရည်များ စီးကျလာ၏။ သူက သူ့ကိုယ်သူ မငိုမိအောင် ထိန်းရင်း ခပ်တိုးတိုး ပြောလာသည်။

“တောင်းပန်ပါတယ် … ညီလေး … အားလုံးက ကိုယ့်ညီကိုတောင် မကာကွယ်နိုင်တဲ့ ဒီအစ်ကိုရဲ့ အမှားတွေပါ … အစ်ကိုက အရမ်းစွမ်းအားမဲ့လွန်းတယ် …” 


ဝမ်ချီက ထိုစကားများကို ငြီးငွေ့နေပြီဖြစ်သည်။ သူက ပြန်ပက်လိုက်၏။

“ဘာပဲဖြစ်ဖြစ် အရှင့်သားကို ခစားရတာက အရှေ့နန်းတော်က လူတွေကို သတိထားရတာလောက် အရေးမကြီးပါဘူး … အထူးသဖြင့် အရှင့်သားက ကျွန်တော်ဘယ်သူဆိုတာ အခုထိ မသိသေးဘူးလေ … ဒီအကြောင်းသာ ပေါ်သွားခဲ့ရင် ကျွန်တော် ဝမ်ချီတင်မဟုတ်ဘူး ဝမ်မိသားစုတစ်ခုလုံး ပါဝင်လာကြမှာပဲ …” 


“ဒါက ဘယ်လိုလုပ်ပြီး …”

ဝမ်လျန်က ကြောင်အသွားကာ အမြန်ပြောလိုက်သည်။ “ညီလေး … ငါတို့ရဲ့ သရုပ်အမှန်က အသက်တမျှ အရေးကြီးတယ် … မင်း တခြားလူတွေကို ဒီအကြောင်း သိခွင့်ပေးလို့မဖြစ်ဘူး … မဟုတ်ရင် မိဘတွေရော ဝမ်မိသားစုရော …”


ဝမ်ချီက ခုံပုလေးပေါ်တွင်ထိုင်ကာ စားပွဲပေါ်သို့ လက်တင်လိုက်၏။ သူက ဝမ်လျန်၏ ကြောက်ရွံ့စိုးရိမ်မှုများ ပြည့်နှက်နေသော မျက်နှာကိုကြည့်ကာ ရယ်လိုက်သည်။ 

“အစ်ကိုကြီး ဘယ်လိုများ ပြောနိုင်ရတာလဲ … ကျွန်တော်တို့ကို လူလဲပစ်တာက အဖေနဲ့ အမေရဲ့ ဆုံးဖြတ်ချက်လေ … ဒီကိစ္စသာ ပေါ်သွားရင် သူတို့ကသာ ကျွန်တော်တို့ကို ဆွဲချတာ ဖြစ်မှာပေါ့ … ဘယ်လိုဖြစ်ပြီး ကျွန်တော်တို့က သူတို့ကို ဆွဲချရာကျမှာတဲ့လဲ …” 


ဝမ်လျန်က ဝမ်ချီ၏ ထူးမခြားနား မျက်နှာကို ကြည့်ရင်း တစ်စုံတစ်ခုကို နားလည်သွားသည်။

“ညီလေး … မင်းငါတို့ကို မုန်းနေတုန်းလား …”


ဝမ်ချီက အဓိကဇာတ်ဆောင်မှာ အာရုံခံမှုကောင်းသည်ဟု တွေးကာ အပြုံးဖြင့် ပြောလိုက်သည်။

“ကျွန်တော်က ဝမ်းနည်းမှု ဝမ်းသာမှု ဘာမှ မခံစားရတဲ့ သူတော်စင်မှ မဟုတ်ပဲလေ …” 


“ငါတောင်းပန်ပါတယ် …”

ဝမ်လျန်၏ မျက်နှာထက်သို့ မျက်ရည်များ စီးကျလာ၏။ သူ့မျက်နှာတစ်ခုလုံး တောင်းပန်ရိပ်များဖြင့် ပြည့်နှက်နေသည်။ သူက မြေပြင်ပေါ်သို့ ဒူးထောက်ချလျှက် ဝမ်ချီ့ထံ ချဉ်းကပ်ကာ ဝမ်ချီ၏ လက်ကို ညှင်ညှင်သာသာ ဆုပ်ကိုင်လိုက်၏။


မျက်တောင်တစ်ခတ်အတွင်း ဝမ်လျန်က ရှိုက်ငိုလာသည်။ 


ဝမ်ချီက ဝမ်လျန်၏ မျက်ရည်များဖြင့် စိုလက်နေသော မျက်ဝန်းလှလှများနှင့် ကျိုးပဲ့လွယ်ဟန် ပေါက်နေသော မျက်နှာကို ကြည့်လိုက်သည်။ သူက လက်ရှိအချိန်တွင် ဝမ်လျန် သူလုပ်ခဲ့သည့် လုပ်ရပ်အပေါ် နောင်တရနေကြောင်း ခံစားမိလိုက်သည်။ သို့သော် ကံမကောင်းစွာဖြင့် ၎င်းက အသုံးမဝင်ချေ။ သူက သက်ပြင်းချကာ ဝမ်လျန်ထနိုင်အောင် ကူညီပေးလိုက်၏။

“ထားလိုက်ပါတော့ … ဖြစ်ပြီးတာက ဖြစ်ပြီးသွားပြီ … ကျွန်တော်တို့ ဘာမှ ပြောင်းလဲလို့ မရတော့ဘူး …” 


ဝမ်လျန်က ဆို့နင့်လျက်ဆိုသည်။

“ညီလေး … ဒီအစ်ကိုက မင်းအပေါ် ကျေးဇူးကြွေးတင်နေပါပြီ … အနာဂတ်မှာ မင်း အကူအညီလိုလာရင် အစ်ကိုက သေချာပေါက် ကူညီပေးပါ့မယ် …” 


ဝမ်ချီက ပြောလိုက်၏။

“ကျွန်တော်ဒါကို မှတ်ထားမှာနော် … ပြန်မရုတ်သိမ်းရဘူး …” 


ဝမ်လျန်က ခွင့်လွှတ်ခံလိုက်ရသဖြင့် ပြုံးလိုက်၏။ 

“အစ်ကို သေချာပေါက် ပြောတဲ့အတိုင်း လုပ်မှာပါ …” 


ဝမ်လျန်က အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ ခါးနေရာ၌ အပြာရောင်ဖျော့ဖျော့ ခါးပတ်ကို ဆင်မြန်းထားသည်။ ၎င်းက သူ၏ နှင်းဖြူရောင် အသားအရည်ကို ပိုမို ကောင်းမွန်နေစေ၏။ သူကညနေရောင်ခြည်ဖြင့် ပွင့်လန်းလာသော ပျိုနီပန်းတစ်ပွင့်ကဲ့သို့ပင်။ ဝမ်ချီက သက်ပြင်းချလိုက်သည်။ အဓိက ဇာတ်ဆောင်မှာ အလွန်လှပ၏။ မက်မွန်ပွင့်ပွဲတော်တွင် စတုတ္ထမင်းသား(မင်းသား၄) ရှစ်ကျင်း၏ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သည်မှာ အဆန်းမဟုတ်တော့ပေ။


ဝမ်လျန်၏ ကော်လံက လျော့ရဲနေရာ သူ၏ လှပသော ညှပ်ရိုးနှင့်အတူ လည်ပင်းတွင် ဆွဲထားသည့် အနီရောင်ကြိုးကိုပါ တွေ့နေရ၏။


အနီရောင်ကြိုးတွင် လက်သည်းခွံ အရွယ်အစားရှိသော ရောင်စုံကျောက်တစ်ခု ရှိနေသည်။ ကျောက်တုံး၏ ပုံသဏ္ဌာန်မှာ ပုံမှန်ဟုတ်မနေဘဲ ထူးဆန်းသည့် ခံစားချက်အား ပေးစွမ်းလျက်ရှိ၏။ ဒူးတစ်ဝက်ထောက်လျှက် အနေအထားကြောင့် ဝတ်ရုံနှင့်ဖုံးနေသည့် ကျောက်တုံး ထွက်ပေါ်လာခြင်းဖြစ်သည်။ 


ဝမ်ချီ၏ မျက်လုံးများက ကျောက်တုံးထံ ကျရောက်သွား၏။ 


ဒီကျောက်တုံး …


ထိုအရာက ဝမ်လျန်၏ရွှေလက်ချောင်းဖြစ်သော စနစ်ကို ဆင့်ခေါ်နိုင်သည့် ကျောက်တုံးဖြစ်သည်။ 


ဝမ်ချီ အကြည့်ပြန်မရုတ်လိုက်မီ ဝမ်လျန်က ထိုအကြည့်ကို သတိပြုမိသွား၏။ ဝမ်လျန်က ခေါင်းငုံ့ကာ ဝမ်ချီ ကြည့်နေသည့် နေရာကို လိုက်ကြည့်လိုက်သည့်အခါ ကျောက်တုံးပေါ်နေသည်ကို တွေ့လိုက်ရချိန်၌ ထိတ်လန့်သွား၏။ 


ဝမ်လျန်က ကျောက်တုံးကို ကော်လံအတွင်းသို့ အမြန်ထည့်လိုက်သည်။ သူ့မျက်နှာတစ်ခုလုံးပေါ်တွင် ဖုံးကွယ်မရနိုင်သည့် အပြစ်ရှိစိတ်များဖြင့် ပြည့်နှက်နေ၏။ သူ မော့ကြည့်လိုက်ချိန်တွင် ဝမ်ချီ၏ နားမလည်သော အကြည့်ကို တွေ့လိုက်ရသည်။ သူက ပြုံးလိုက်၏။

“ဒါက အပြင်ကကောက်လာတဲ့ ကျောက်တုံးလေ … ကြည့်လို့ကောင်းလို့သာ ပန်းထိမ်သမားကို အရောင်တင်ခိုင်းထားတာ … ပြီးတော့ ကြိုးတပ်ပြီး ဆွဲကြိုးလုပ်လိုက်တာပေါ့ … ညီလေးကို ရယ်စေမိပြီ …” 


ဝမ်ချီက တွေးတွေးဆဆဖြင့် ခေါင်းယမ်းလိုက်သည်။ 


ဝမ်လျန်က ဝမ်ချီ ထပ်မေးလာမည်ကို စိုးရိမ်လာကာ အမြန်စကားလမ်းလွှဲလိုက်လေသည်။ 


မည်သို့ပင်ဖြစ်စေ၊ အရှေ့နန်းတော်နှင့် အရှင့်သား အကြောင်းမှလွဲ၍ မက်မွန်ပွင့်ပွဲတော်အကြောင်းသာ ပြောရန်ကျန်ရှိတော့သည်။ ဝမ်လျန်က ဝမ်ချီ၏ အနာကို ဆွမိမည်စိုးသဖြင့် အရှင့်သားအကြောင်း စကားမစရဲချေ။ ထို့ကြောင့် သူက မက်မွန်ပွင့်ပွဲတော်အကြောင်းကိုသာ ပြောရတော့၏။ 


“ရက်ပိုင်းအတွင်း အကြီးဆုံးမင်းသမီးက မက်မွန်ပွင့်ပွဲတော်ကျင်းပတော့မှာ … အဲဒီအခါကျရင် သခင်လေး သခင်မလေးတွေအပါအဝင် အစ်ကိုတို့လည်း သွားကြည့်နိုင်မှာပဲ …”

မက်မွန်ပွင့်ပွဲတော်အကြောင်း ပြောချိန်တွင် ဝမ်လျန်၏ မျက်ဝန်းများက တောင့်တမှုများဖြင့် ပြည့်နှက်လာသည်။ ထို့နောက် သူက တစ်စုံတစ်ခုကို သတိရသွားကာ ဝမ်ချီအား ပြောလိုက်၏။

“အရှင့်သားက မင်းကို အရမ်းချစ်နေတာဆိုတော့ သေချာပေါက် မက်မွန်ပွင့်ပွဲတော်ကို ခေါ်သွားမှာပဲ …” 


ဝမ်ချီက ဝမ်လျန်၏ နှင်းဆီရောင်သန်း၍ အပြစ်ကင်းသော အပြုံးကို ကြည့်ကာ ရယ်လိုက်သည်။

“အရှင့်သား ကျွန်တော်ကို သဘောကျမှန်း အစ်ကိုက ဘယ်လိုသိတာလဲ ...” 


“အရှင့်သားက မင်းကို စိုးရိမ်လို့ မိန်းမစိုးတွေကိုတောင် လိုက်ပို့ခိုင်းခဲ့တာလေ … ဒါက မျက်နှာသာပေးတာမဟုတ်ရင် ဘာများလဲ …”

ဝမ်လျန်က ပြောလိုက်သည်။ 


ယနေ့အဖြစ်အပျက်ကြောင့် အပြင်ဘက်ရှိ လူများပင် ထိုကိစ္စကို ဆွေးနွေးနေကြမည်ဖြစ်ပြီး ဝမ်အိမ်၏ ဩဇာအာဏာများ ထပ်မံတိုးပွားလာတော့မည် ဖြစ်၏။ 


ထိုသို့တွေးမိသည့်နောက် ဝမ်လျန်က စိတ်ထဲတွင် အားကျသွားမိသည်။ သို့သော် မင်းသားက ရုပ်ရည်အကျည်းတန်ရုံသာမက မသန်စွမ်းဖြစ်နေသည့်အပြင် ပေါင်းရခက်ကြောင်း တွေးမိချိန်၌ အဆိုပါ အားကျမှုက တစ်မဟုတ်ချင်း ပျောက်ကွယ်သွား၏။ 


ဝမ်လျန်က နူးညံ့သော မျက်ခုံးတန်းလေးများကို ခပ်ဖွဖွ တွန့်ကွေးကာ ရှက်ရွံ့ဟန်ဖြင့်ဆိုလိုက်သည်။

“စကားမစပ် အိမ်ရှေ့စံက အရှေ့နန်းတော်မှာပဲ နေ‌တယ်လို့ အားလုံးပြောကြတာ … သူ အရင်နှစ်တွေတုန်းက မက်မွန်ပွင့်ပွဲတော်ကိုတောင် မတက်ခဲ့ဘူး … ဒီနှစ်ရော သူလာလောက်လား …” 


ဝမ်ချီက အလေးအနက်တွေးကာ ပြန်ဖြေလိုက်သည်။ 

“ကျွန်တော်တော့ မထင်ဘူး … ”


“နှမြောစရာပဲ ...”

ဝမ်လျန်က လက်မခံချင်ဟန်ဖြင့် ဆိုသည်။

“အစ်ကိုက မင်းကို မက်မွန်ပွင့်ပွဲတော်မှာ တွေ့ချင်တာ ...”


ဝမ်ချီက ပြောလိုက်သည်။

“အရှင့်သား မသွားရင်တောင် ကျွန်တော် လာလို့ရတာပဲလေ … ”


“ဘယ်လိုမျိုးလဲ … ”

ဝမ်လျန်က သိချင်စိတ်ဖြင့် မျက်တောင်ခတ်လိုက်သည်။  

“အကြီးဆုံးမင်းသမီးဆီက ဖိတ်ကြားချက်ရလို့လား …” 


ဝမ်ချီက သူ့မျက်နှာထက်ရှိ အပြုံးကို နက်ရှိုင်းစေကာ ပြောလိုက်၏။

“ဘာလို့ဆို ဖိတ်တဲ့လူက ဝမ်လျန်ကို ဖိတ်တာလေ … ဝမ်ချီ့ကိုမှမဟုတ်တာ … ပြီးတော့ အစ်ကိုက အဖေ့ရဲ့ ဒုတိယသား ဝမ်ချီလေ … ဒီတော့ မက်မွန်ပွင့်ပွဲတော်ကို သွားရမယ့်လူကလည်း ကျွန်တော်ပဲ ဖြစ်သင့်တာပေါ့ …”  


ဝမ်လျန်  “…”


ခဏကြာတိတ်ဆိတ်နေပြီးနောက် ဝမ်လျန်၏ မျက်ဝန်းများ နီရဲလာ၏။ 


ဝမ်ချီက ဝမ်လျန်၏ သရုပ်ဆောင်မှုကြောင့် တုန်လှုပ်မသွားခဲ့ပေ။ သူက တည်တည်ငြိမ်ငြိမ်သာ ရှိနေသည်။ 


ဝမ်လျန်က အတော်အတန် နာကျင်သွားပုံပေါ်ပြီး သရုပ်ပင် ဆက်လက်မဆောင်နိုင်တော့ပေ။ သူက နေမကောင်းဖြစ်လာသည်ဟု အကြောင်းပြကာ ပေယွမ်မှ ထွက်ခွာသွားတော့၏။ 


ဝမ်ချီက ဝမ်လျန်၏ ပုံရိပ် ပျောက်ကွယ်သွားသည်အထိ ကြည့်နေမိသည်။ သူ့မျက်နှာထက်ရှိ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်လာ၏။ သူစတင်စဉ်းစားလိုက်သည်။ 


ဝတ္ထုထဲတွင် ဝမ်လျန်၏ စနစ်က အနာဂတ်ကိုသာ ကြိုတင်ခန့်မှန်းနိုင်ပြီး ဖြစ်လာမည့် ကပ်ဘေးများကို ဝမ်လျန် ရှောင်ရှားနိုင်ရန် ကူညီပေးသည်ဟု ဆို၏။ စနစ်တွင် အခြားလူများကို ထိန်းချုပ်နိုင်စွမ်း မရှိချေ။ ထိုသို့ဆိုပါက ဝမ်ချန်ချင်း၏ စာကြည့်ခန်းထဲတွင် သူ့အား ထိန်းချုပ်ခဲ့သည့် စွမ်းအားက မည်သည့်နေရာမှ ရောက်လာခဲ့သည်ကို သူ မတွေးတတ်ပေ။


ဝမ်ချီက ဝမ်လျန့်အား မက်မွန်ပွင့်ပွဲတော်သို့ ဖိတ်ကြားခံရသူမှာ ဝမ်လျန်မဟုတ်ပဲ သူသာဖြစ်ကြောင်း ပြော၍ ဇာတ်ကြောင်းကို ပြောင်းလဲလိုက်လျှင် အဆိုပါ ထူးဆန်းသော စွမ်းအား၏ နှောင့်ယှက်ခြင်းခံရမည်ဟု ထင်ခဲ့သည်။ 


သို့သော် ထိုသို့ဖြစ်မလာခဲ့ပေ။


အဲ့လိုဆိုရင် ငါ့ကိုထိန်းချုပ်ခဲ့တဲ့စွမ်းအားက ဘယ်ကနေ ရောက်လာတာလဲ... တကယ်လို့ စနစ်ကြောင့်မဟုတ်ရင် အဲဒီစွမ်းအားရဲ့တည်ရှိမှုက ဘယ်လိုအဓိပ္ပါယ်လဲ…


ဝမ်ချီက အဆိုပါ စွမ်းအားအကြောင်း တတ်နိုင်သမျှ မြန်မြန် အဖြေထုတ်ရမည်ဟု တွေးလိုက်မိသည်။ အကယ်၍ အဆိုပါ စွမ်းအားက အဓိကအချိန်များတွင် သူ့အား ထိန်းချုပ်လာခဲ့ပါက သေမှန်းမသိ သေသွားရမည်ပင်။ 


ဝမ်ချီက စိတ်ပူနေပြီးနောက် ခဏအကြာတွင် လက်လွှတ်လိုက်သည်။ 


အကယ်၍ နတ်ဘုရားများသာ သူ့အား သေစေချင်နေပါက သေရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။ 


ထို့ကြောင့် ဝမ်ချီက ချန်မော့မော့အားခေါ်ကာ ဟင်းပွဲများ တစ်ခုပြီးတစ်ခု ရွတ်ပြလိုက်သည်။ ချန်မော့မော့က အားလုံးကို ရေးမှတ်ကာ မီးဖိုခန်းထံသို့ အမြန်သွား၍ ချက်ပြုတ်ပြင်ဆင်ရန် အမိန့်ပေးလိုက်၏။ 


ယို့ရှီအချိန်၌ ဝမ်ချီက ခြံဝန်းထဲရှိ တော်ဖီကုလားထိုင်ပေါ်၌ ထိုင်နေ၏။ ထိုစဉ် ချန်မော့မော့က သူ့အနားရောက်လာကာ ဘေးဘီကို အကဲခတ်ပြီးနောက် တီးတိုးကပ်ပြောလာသည်။ 

“သခင်လေး … သခင်ရင်းက သခင်လေးနဲ့ တွေ့ချင်နေပါတယ် … ”


ဒါပဲလေ … 


ဝမ်ချီက ထိုသို့ဖြစ်လာမည်ဟု ခန့်မှန်းမိပြီးသားပင်။ သခင်ရင်မှာ ထက်မြက်သော လူတစ်ဦး ဖြစ်၏။ 


အဆုံးသတ်တွင် ဝမ်ချီက အရှေ့နန်းတော်နှင့် လက်ဆက်ပြီးပြီဖြစ်ရာ သခင်ရင်းနှင့် ဝမ်အိမ်တော်၌ တွေ့ဆုံရန် မသင့်တော်ချေ။ ထို့ကြောင့် သခင်ရင်းက ဝမ်အိမ်တော်နှင့် မနီးမဝေးရှိ စားသောက်ဆိုင်၏ အစည်းအဝေးခန်းထဲသို့ သူ့အား ဖိတ်ခေါ်လာခြင်းဖြစ်သည်။ 


ဝမ်ချီက ခပ်လျှိုလျှို အဝတ်အစားများကို ဝတ်ကာ ရှောင်ရှန်းကျစ်နှင့် အခြားလူများ မသိအောင် အိမ်မှ တစ်ဦးထဲ ထွက်လာခဲ့သည်။ 


ဝမ်ချီက မူလကိုယ်၏ မှတ်ဉာဏ်များကြောင့် သခင်ရင်း ဖိတ်ကြားသည့် စားသောက်ဆိုင်ကို အလွယ်တကူ ရှာတွေ့ခဲ့၏။ သူက သခင်ရင်း စောင့်ဆိုင်းနေသည့် ဒုတိယထပ်ရှိ သီးသန့်ခန်းဆီသို့ စားပွဲထိုး၏ အနောက်မှ လိုက်ပါလာခဲ့သည်။ ထိုနေရာ၌ သခင်ရင်က အချိုပွဲများ၊ လက်ဖက်ရည်ခွက်များဖြင့် သူ့အလာကို စောင့်နေပုံရ၏။ 


ဝမ်ချီက အရိုအသေပေးလိုက်သည်။

“သခင်ရင်း ...”


“ယဉ်ကျေးဖို့မလိုပါဘူး … လာထိုင်ပါ …” 

သခင်ရင်းက အပြုံးဖြင့်ဆို၏။


ဝမ်ချီက သခင်ရင်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ 


သခင်ရင်းက တည့်တိုးဆန်သည့် လူတစ်ဦးဖြစ်၏။ သူက ဝမ်ချီရောက်လာသည်နှင့် သားကောင်ထွက်လာရန် ချုံပုတ်ပတ်လည်ကို တုတ်ဖြင့်ရိုက်ခြင်းကဲ့သို့ ဟန်ဆောင်မနေတော့ပေ။ သူက လက်မဖြင့် လက်ဖက်ရည်ခွက်၏ နှုတ်ခမ်းကို ပွတ်ကာ ကြင်နာစွာ ပြောလိုက်သည်။

“သခင်လေးဝမ်က ကိတ်မုန့်အတွက် အတော်လေး အားအင်စိုက်ထုတ်ထားတာပဲ … ကျုပ်သာ သခင်လေးဝမ်နဲ့ မတွေ့ခဲ့ရင် သခင်လေးဝမ်ရဲ့ စိုက်ထုတ်မှုတွေကို အလဟဿဖြစ်စေတော့မလို့ … ”


ဝမ်ချီ ပြုံးလိုက်၏။ 

“သခင်ရင်းက လူတွေပြောတဲ့အတိုင်း ထိုးထွင်းသိမြင်တတ်တာပဲ … ”


“မခံယူဝံ့ပါဘူး ...”

သခင်ရင်းက လက်ဝှေ့ယမ်းလိုက်သည်။

“သခင်လေး ဘာလိုချင်လဲဆိုတာသာ ပြောပါ … ”


ဝမ်ချီက မျက်နှာကိုမော့ကာ ပြောလိုက်၏။

“သခင်ရင်း ကျင်းကျိုးက ကျိုင်းကောင်ကပ်ဘေးကြောင့် ပြဿနာပေါ်နေတယ်လို့ ကျွန်တော်ကြားမိတယ် … ”


ကျိုင်းကောင်ကပ်ဘေးဟု ကြားလိုက်သည်နှင့် သခင်ရင်းက စတင်ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။ 


ဝမ်ချီက ဆက်ပြောလိုက်သည်။

 “ဒီရက်ပိုင်း ကျင်းကျိုးမှာ ကျိုင်းကောင်တွေ သောင်းကျန်းနေပြီး ကောက်ပဲသီးနှံတွေကို ဖျက်ဆီးတာကြောင့် လူတွေ စားစရာပြတ်လပ်နေကြရတယ် … ကျင်းကျိုးနဲ့ လျှိုကျိုးက တောင်တစ်လုံးပဲ ခြားတာဆိုတော့ ကျိုင်းကောင်တွေက တောင်ကိုဖြတ်လို့ လျှိုကျိုးကို ရောက်လာခဲ့ရင် အားလုံးအတွက် ပြဿနာကြီးတစ်ခု ဖြစ်သွားပြီ … ကျွန်တော့်မှာ အကြံတစ်ချို့ ရှိပေမယ့် ဒါကို သုံးလို့ရမလား မသိသေးဘူး … ဒါ့ကြောင့် သခင်ရင်းနဲ့ ဆွေးနွေးနိုင်ဖို့ မျှော်လင့်မိတာပါ …”



💮💮💮