💮Chapter 17
သခင်ရင်းက သံသယဖြင့် အိုး ဟု ရေရွတ်လိုက်သည်။
“မင်းမှာ နည်းလမ်းရှိတာလား …”
ဝမ်ချီက ခေါင်းညိတ်လိုက်ကာ စတုရန်းပုံ ခေါက်ထားသည့် စက္ကူခေါက်အား အင်္ကျီလက်အတွင်းမှ ထုတ်လိုက်၏။ သူက လက်ချောင်းများဖြင့် စာရွက်ခေါက်ကို သခင်ရင်းရှေ့သို့ တွန်းပေးလိုက်ပြီးနောက် ဖတ်စေချင်သည့် လက်ဟန် လုပ်ပြလိုက်၏။
သခင်ရင်းက ဝမ်ချီ ပြင်ဆင်လာလိမ့်မည်ဟု မထင်ခဲ့ပေ။ သူက ဝမ်ချီအား တစ်ချက်ကြည့်ကာ အံအားသင့်မှုကို ဖုံးကွယ်လျက် စက္ကူခေါက်ကိုယူ၍ ဖွင့်ကြည့်လိုက်၏။
နောက်တစ်စက္ကန့်၌ပင် သူ့အမူအရာတစ်ခုလုံး တောင့်ခဲသွားကာ ဝမ်ချီအား ကြည့်လိုက်မိတော့သည်။
ဝမ်ချီက သခင်ရင်း၏ အတွေးကို သတိပြုမိဟန်ဖြင့် ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်၏။
“သခင်ရင်း … ကျွန်တော့်ရဲ့ စုတ်ချာတဲ့ လက်ရေးကြောင့် ရယ်စေမိပါပြီ ...”
သခင်ရင်း၏ အကြည့်က စက္ကူပေါ်ကျရောက်သွား၏။
စာရွက်တစ်ခုလုံး မင်စက်ကလေးများ သီးနေသည်။ ဝမ်ချီက လက်ရေးလှရေးရာ၌ မကျွမ်းကျင်သည်မှာ ထင်ရှား၏။ သခင်ရင်းက သေးငယ်၍ ဘက်မညီသော စာလုံးများကို ကြိုးစားဖတ်နေရရှာသည်။
သို့သော် ခဏအကြာ၌ သခင်ရင်း၏ အမူအရာက အလေးအနက်ဖြစ်လာကာ မှင်တက်သည့်ဟန် ဖြစ်လာ၏။ သူက တစ်စုံတစ်ခုကို တွေးတောနေပုံဖြင့် မျက်ခုံးများကို ကြုတ်ကာ ဝမ်ချီအား အထိတ်တလန့် ကြည့်လာသည်။
ဝမ်ချီက စုတ်တံကို အသုံးမပြုနိုင်သဖြင့် စွမ်းအင်ချွေတာသည့်အားဖြင့် စာလုံးရေ ငါးရာပတ်လည်သာ အကျဉ်းချုပ်ရေးသားထားလေသည်။
သို့သော် သခင်ရင်းက အဆိုပါ စာလုံးငါးရာကျော်ကို ဖတ်ရှုရန် နာရီဝက်ခန့် အချိန်ယူခဲ့ရ၏။
အဆိုပါ နာရီဝက်အတွင်း ပျင်းရိနေသော ဝမ်ချီက အချိုမုန့်ပန်းကန် တော်တော်များများနှင့် လက်ဖက်ရည်ငါးခွက်ခန့် သောက်သုံးပြီးပြီဖြစ်၏။
အဆုံးသတ်တွင် သခင်ရင်းက တစ်ရွက်လုံးဖတ်ပြီးသွားခဲ့သည်။ သို့သော် သူက မကျေနပ်သေးဟန်ဖြင့် စာရွက်ကို ဆက်လက်ကြည့်နေဆဲပင်။ ထို့နောက် သူက စာရွက်ကို ဂရုတစိုက် စတုရန်းပုံ ခေါက်လျှက် ဝမ်ချီအား မော့ကြည့်လိုက်သည်။
“မင်းက ဒီနည်းလမ်းကို ရေးခဲ့တာလား …”
ဝမ်ချီက ပြုံးလိုက်သည်။
“သခင်ရင်း … စာလုံးတွေကို ကြည့်ရုံနဲ့ ကျွန်တော်ရေးခဲ့မှန်း သိသာပါတယ် ...”
သခင်ရင်း၏ မျက်ဝန်းများက လေးစားမှုများဖြင့် ပြည့်နှက်သွားသည်။
“မင်းပြောတာမှန်တယ် … ကြိုတင်ကာကွယ်တာက ကုသတာထက် ပိုကောင်းတယ်… အရင်နှစ်တွေတုန်းက ကျုပ်တို့တိုင်းပြည်က ကျိုင်းကောင်တွေကို ထိန်းချုပ်ဖို့အတွက် ရေကို သုံးခဲ့တယ် … ဒါပေမယ့် သက်ရောက်မှု သိပ်မရှိခဲ့ဘူးလေ … ကျုပ် ကျင်းကျိုးကို ကိုယ်တိုင်သွားတော့တောင် ရေတိုအကျိုးပဲ ရှိစေခဲ့တာ … တကယ်လို့ ကျုပ်တို့သာ အင်းဆက်ရဲ့ ဥတွေကို လျှော့ချနိုင်ရင် သူတို့ ကြီးလာမှ တိုက်ခိုက်တာထက် ပိုပြီး အကျိုးများမှာပဲ …”
ဝမ်ချီက ပြောသည်။
“ကျိုင်းကောင်ကပ်ဘေးက ရက်နည်းနည်းနဲ့ ဖြေရှင်းလို့ရတာမျိုး မဟုတ်ဘူး … ဒါက အုတ်မြစ်ခိုင်ခိုင်နဲ့ တစ်ဆင့်ချင်း ဖြေရှင်းရမယ့်ပြဿနာပဲ …”
သခင်ရင်းက မုတ်ဆိတ်ကိုသပ်ရင်း ပြုံးလိုက်သည်။
“မင်းပြောတာမှန်တယ် ...”
ထို့နောက် သူက ရပ်ကာ ဆက်ပြောပြန်၏။
“ဒါပေမယ့် ဒီလို ဖြေရှင်းနည်းမျိုးကို ကျုပ်တစ်ဦးထဲလုပ်လို့မရဘူး … ကျုပ်က ညနေမှာ မင်းရဲ့ နည်းလမ်းကို ရေးချပြီး မနက်ဖြန် ညီလာခံမှာအရှင်မင်းကြီးဆီ တင်သွင်းရလိမ့်မယ် …”
“ကောင်းပါပြီ ... ဒါဆို သခင်ရင်းကို ဒုက္ခပေးရတော့မှာပဲ…”
ဝမ်ချီက ပြောလိုက်သည်။
သခင်ရင်းက လက်ကို ဝှေ့ယမ်းလိုက်၏။
“ဒီကိစ္စအတွက်ပဲ သက်သက် လာရှာတာတော့ မဟုတ်ဘူးမလား … ”
“ဟုတ်ပါတယ် … မျှော်လင့်ထားတဲ့အတိုင်း သခင်ရင်းအရှေ့မှာ ဖုံးကွယ်ထားနိုင်တဲ့အရာ မရှိဘူးပဲ ...”
ဝမ်ချီက မတ်တပ်ရပ်ကာ သခင်ရင်းအား ကိုးရို့ကားရားနိုင်စွာ ဦးညွှတ်လိုက်၏။
“တကယ်တော့ ကျွန်တော် ဒီလိုမျိုး လုပ်ရတာက တစ်နေ့နေ့မှာ အရှင်မင်းကြီးကို ကျွန်တော့်အတွက် စကားတစ်လုံး နှစ်လုံးလောက် သခင်ရင်း ပြောပေးနိုင်မလားလို့ပါ ...”
“အိုး … ”
သခင်ရင် မျက်ခုံးပင့်လိုက်သည်။ ခဏကြာ တိတ်ဆိတ်နေပြီးနောက် သူက ပြော၏။
“မင်းက သခင်ဝမ်ရဲ့ ဒုတိယသား ဝမ်ချီ မဟုတ်လား … ”
ဝမ်ချီ ထိတ်လန့်သွား၏။
သခင်ရင်းက ပြုံးကာ နှစ်သိမ့်လိုက်သည်။
“စိတ်မပူပါနဲ့ … ကျုပ် ဘယ်သူ့ကိုမှ မပြောပါဘူး ...”
ဝမ်ချီက သူ့နှလုံးသားတစ်ခုလုံး ခုန်ထွက်လာတော့မလို ခံစားလိုက်ရသည်။ သူက ထိတ်လန့်မှုကိုချုပ်တီးကာ ဗလာသက်သက် အသံဖြင့် မေးလိုက်၏။
“သခင်ရင်း ဘယ်လိုသိသွားပါလိမ့် … ”
“မှန်းကြည့်တာပါ ...”
သခင်ရင်းက တည်ငြိမ်စွာ ဆိုသည်။
“ကျုပ် မင်းအဖေနဲ့ အလုပ်လုပ်လာတာ နှစ်ပေါင်းများစွာ ကြာနေပြီလေ … ဒီတော့ ဝမ်မိသားစုနဲ့ သူ့စိတ်သဘောအကြောင်း တီးမိခေါက်မိရှိပါတယ် … ပဲစေ့တွေက ထောက်တိုင်ဖြစ်လာမယ်ဆိုရင် သူဘယ်တော့မှ အခွင့်အရေးကို လက်လွတ်ခံမှာ မဟုတ်ဘူး … ”
ဝမ်ချီ ချက်ချင်း ပင့်သက်ရှိုက်လိုက်၏။
“သခင်ရင်း ပြောချင်တာက … ကျွန်တော်တို့ကို လူစားလဲတဲ့ အကြံဉာဏ်ကို တခြားလူက ပေးခဲ့တာများလား … ”
“အဲဒီလို သတင်းမျိုး ကျုပ်နားထဲရောက်လာလို့ မှတ်ထားရုံပါပဲ … ကျုပ်က ဒီအကြောင်း နည်းနည်းပဲ သိတယ် ….”
သခင်ရင်း ခေါင်းယမ်းလိုက်သည်။
ဝမ်ချီက ထပ်မမေးတော့ဘဲ အတွေးထဲနစ်သွား၏။
သူတို့နှစ်ဦးက လက်ဖက်ရည်တစ်အိုး ကုန်သွားသည်အထိ စကားပြောပြီးနောက် လမ်းခွဲခဲ့ကြ၏။
သခင်ရင်းက အရှင်မင်းကြီးသာ ဤနည်းလမ်းကို နှစ်ခြိုက်ခဲ့လျှင် ဝမ်ချီ့အတွက် စကားကောင်းများ ပြောပေးမည်ဖြစ်ကြောင်း အာမခံလိုက်သည်။
ဝမ်ချီက သခင်ရင်းကို ကျေးဇူးတင်လိုက်၏။ သူက သံသယဝင်ခံရခြင်းကို ရှောင်ရှားရန် စားသောက်ဆိုင်မှ ဦးဆုံးထွက်လာလိုက်သည်။ သခင်ရင်းက ခရင်မ်လုပ်နည်း မေးရန်လည်း မမေ့ခဲ့ချေ။
ပေယွမ်၌ သုံးရက်ကြာ နေထိုင်ပြီးသည့်နောက် ဝမ်ချီက အရှေ့နန်းတော်သို့ ပြန်လာ၏။ အကြောင်းမှာ ရှောင်ရှန်းကျစ်၏ တိုက်တွန်းမှုအပြင် ဝမ်ချီကိုယ်တိုင်လည်း ဝမ်လျန် သူ့ထံသို့ ဆက်တိုက်လာရောက်နေသည့်အပေါ် စိတ်ကုန်နေသောကြောင့်ဖြစ်၏။
မနက်စောစောတွင် ဝမ်အိမ်တော်ရှိ အစေခံများက ဝမ်ချီအတွက် ပြင်ဆင်ပေးနေကြသည်။ အချို့သော တစ်ကိုယ်ရည်သုံး ပစ္စည်းများမှာ ဝမ်လျန်၏ မိခင်ရင်းဖြစ်သူ သခင်မရှု ပြင်ဆင်ပေးခဲ့ခြင်းဖြစ်၏။ အဆိုပါ ပစ္စည်းများ၏ ကျပန်းတစ်ခုနှစ်ခု ကောက်ယူလိုက်လျှင်ပင် ဝမ်ချီ၏ အဝတ်အစား သေတ္တာနှစ်ခုနှင့် တန်ဖိုးညီမျှလေသည်။
သူလက်ထပ်သည့်နေ့က ဝမ်အိမ်တော်မှ လူတစ်ဒါဇင်ကျော်သာ သူ့အနောက်သို့ လိုက်ပါခဲ့ကြောင်း ဝမ်ချီ အမှတ်ရမိသည်။ ရှောင်ရှန်းကျစ်နှင့် အခြားလူများ လိုက်ပါလာချိန်၌ ဝမ်အိမ်တော်၏လူထက်ဝက်ခန့် ထွက်လာကြသည်။ ထို့အပြင် ဘူးသီးစားသူများလည်း ရှိနေကြသေး၏။ ဝမ်အိမ်တော် အပြင်ဘက်၌ပင် လူစည်ကားလျက်ရှိလေသည်။
ဝမ်ချန်ချင်းနှင့် သခင်မရှုတို့က ရှောင်ရှန်းကျစ်နှင့် အခြားလူများရှေ့တွင် စိတ်အားထက်သန်စွာ သရုပ်ပြနေကြသည်။
သခင်မရှုနှင့် ဝမ်လျန်တို့မှာ ရုပ်ရည်သွင်ပြင် ငါးခုခြောက်ခုခန့် တူညီ၏။ သူတို့နှစ်ဦးလုံးက သနားချစ်ခင်ဖွယ် အမူအရာမျိုး ရှိကြသည်။
သူမက မိန်းမစိုးများရှေ့၌ ဝမ်ချီ၏ လက်ကို ဆုပ်ကိုင်ကာ တုန်တုန်ယင်ယင် ပြောလိုက်သည်။
“သားလေး …အိမ်ကိုမကြာမကြာ ပြန်ခဲ့ပါနော် … အမေက သားကို လွမ်းနေမှာ … သားပြန်အလာကို စောင့်နေမယ်နော် ...”
ဝမ်ချီက သခင်မရှု၏ မျက်ရည်ဝဲသော မျက်ဝန်းများကြောင့် ကြက်သီးပင်ထသွားသည်။ သူက လက်ကို အသာအယာ ပြန်ရုတ်ကာ ပြောလိုက်၏။
“အမေ ကျွန်တော့်ကို သတိရရင် နန်းတော်ဆီ လာလည်နိုင်ပါတယ် … ”
“တကယ်လား … ”
သခင်မရှု၏ မျက်ဝန်းများ လင်းလက်သွားကာ မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်
“အရှင့်သားက သားကို အလိုလိုက်တာပဲလေ … သူ တို့ကို အကြာကြီးခွဲထားမှာ မဟုတ်ပါဘူး ….”
ဝမ်ချီက နံဘေးတွင်ရပ်နေသည့် ရှောင်ရှန်းကျစ်ကိုကြည့်ရင်း ဝမ်လျန်ကဲ့သို့ ချစ်စဖွယ် မေးလိုက်သည်။
“မိန်းမစိုးရှန်း … ကျွန်တော့်အမေ နန်းတော်ထဲ လာလည်လို့ ရမလားဟင် …”
ထိုအရာကို ကြားသည်နှင့် ဝမ်ချန်ချင်းနှင့် သခင်မရှုတို့က ရှောင်ရှန်းကျစ်အား မျှော်လင့်တကြီး ကြည့်လိုက်ကြ၏။
ဝမ်ချန်ချင်းက သာသနာရေးဝန်ကြီး၏ လက်ထောက်အဖြစ် ထမ်းဆောင်ကာ ညီလာခံတက်နိုင်သော်လည်း သူ့အရှေ့တွင် သခင်ရင်ရှိနေပြီး မျှချေဖြစ်စေသည့် လုပ်ဖော်ကိုင်ဖက်များလည်း ရှိနေ၏။ ထို့ကြောင့် သူ၏ လုပ်ဆောင်မှုများက သတိပြုခြင်း မခံရချေ။ သူ၏ အကြီးဆုံး အောင်မြင်မှုဟူ၍ အိမ်ရှေ့စံထံမှ မျက်နှာသာပေးခံရသော သားဖြစ်သူသာ ရှိ၏။
အိမ်ရှေ့စံ၏မိခင် မိဖုရားဟွာက လွန်လေပြီးသော နှစ်များစွာကတည်းက ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ အိမ်ရှေ့စံတွင် ဟွာမိသားစု နောက်ခံရှိရာ ဘုရင်ကိုယ်တိုင်ပင် ကြောက်ရ၏။ အကယ်၍ သူတို့၏ ဝမ်မိသားစုသာ အိမ်ရှေ့စံထံမှ မျက်နှာသာပေးခံရပါက တစ်စုံတစ်ဦး၏ လက်ကို လှည့်ရန် လွယ်သွားပြီဖြစ်သည်။
ဝမ်ချန်ချင်း တွေးလေလေ၊ ပို၍ ကြည်နူးလာလေလေဖြစ်ပြီး စိတ်ကူးပင် ယဉ်နေမိ၏။ သခင်မရှုနှင့်သူတို့ အကြည့်ချင်း ဖလှယ်လိုက်ချိန်၌ တစ်ဖက်လူ မျက်ဝန်းထဲရှိ မျှော်လင့်ချက်များကို နှစ်ဦးလုံး သတိပြုလိုက်မိကြသည်။
သူတို့ ထိုသို့ တွေးနေစဉ်မှာပင် ရှောင်ရှန်းကျစ်က လည်ပင်းကို ကုတ်ကာ အေးစက်စက်ပြောလိုက်၏။
“အရှေ့နန်းတော်က ခွေးတွေကြောင်တွေ ဝင်လို့ရတဲ့နေရာမှ မဟုတ်ပဲ … သခင်လေးဝမ် မိသားစုကိုလွမ်းရင် အချိန်မရွေးပြန်လာနိုင်ပါတယ် … ”
ဝမ်ချန်ချင်း : “… …”
သခင်မရှု: “…”
ဝမ်ချီသည်လည်း ထိုသို့ မျှော်လင့်ခဲ့ခြင်းဖြစ်ကာ ဝမ်ချန်ချင်းနှင့် သခင်မရှုအား မျက်လုံးမှိတ်ပြလိုက်၏။
“ဒီသားက အကောင်းဆုံး ကြိုးစားခဲ့ပါတယ် …”
ဝမ်ချီ၏ ဝမ်းသာအားရအမူအရာကြောင့် သခင်မရှုက သွေးအန်မိလုနီးနီး ဖြစ်သွားရသည်။ သူမက စောစောထကာ ဝမ်ချီ၏ အမှုကိစ္စများဖြင့် အလုပ်ရှုပ်နေခဲ့ရ၏။ သူမ သွားကိုတင်းတင်းကြိတ်ကာ ဝမ်လျန်အတွက် ပြင်ဆင်ထားခဲ့သော ခန်းဝင်ပစ္စည်းများကို မိန်းမစိုးများရှေ့တွင် မျက်နှာကောင်းရစေရန် ထည့်ပေးခဲ့ရသေးသည်။
အဆုံးသတ်တွင် မိန်းမစိုးများက သူတို့အား လှောင်ပြောင်ခဲ့ကာ မျက်လုံးဖြူဝံပုလွေ ဝမ်ချီသည်လည်း သူတို့အတွက် ကူပြောမပေးခဲ့ပေ။
သူမသာ ကြို၍ သိရှိခဲ့ပါက အဆိုပါ မျက်လုံးဖြူဝံပုလွေအား အပြင်ဘက်ရှိ ခွေးများထံ ပစ်ကျွေးခဲ့မိလိမ့်မည်။
သခင်မရှု တွေးလေလေ ပိုဒေါသထွက်လာလေဖြစ်၏။ ဝမ်ချန်ချင်း၏ အမူအရာမှာလည်း ကောင်းမနေချေ။ သူ့မျက်လုံးထဲရှိ သုန်မှုန်မှုက အပြင်ဘက်သို့ပင် လျှံကျလျှက်ရှိ၏။ သို့သော် ကံမကောင်းစွာဖြင့် သူတို့က မိန်းမစိုးများရှေ့တွင် မည်သည့်စကားကိုမှ မဆိုဝံ့ပဲ ခါးသီးစွာ မြိုသိပ်ခဲ့ကြရသည်။
ဝမ်ချီ၏ မျက်ဝန်းများတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။ မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးလုံး သူ့အပေါ် မကြင်နာခဲ့ကြချေ။
သူ မထွက်ခွာမီ ဝမ်လျန်ရောက်လာကာ ဝမ်ချီနှင့် နှစ်ကိုယ်ကြား ပြောစရာရှိကြောင်းဆို၏။
ဝမ်ချီက ခဏတာ တုံ့ဆိုင်းနေခဲ့သော်ငြား ဝမ်လျန်ကို ရထားလုံးအတွင်းသို့ ဝင်ခွင့်ပေးလိုက်သည်။ အပြင်ဘက်တွင် လူများစောင့်ကြပ်နေကြသော်လည်း ရထားလုံးအတွင်း၌မူ တိတ်ဆိတ်လျက်ရှိလေသည်။
ရထားလုံးအတွင်းသို့ ဝင်လိုက်သည်နှင့် ဝမ်လျန်၏ မျက်ဝန်းများ နီရဲလာသည်။ သို့သော် သူက ငိုချင်စိတ်ကိုထိန်းကာ သတ္တိမွေး၍ ပြောလိုက်၏။
“ညီလေး … အစ်ကိုမင်းကို တစ်ခုတောင်းဆိုလို့ရမလား…”
ဝမ်ချီက ထိုင်ခုံကို ခပ်ဖွဖွပုတ်ကာ အပြစ်ရှိစိတ်များ ထင်ဟပ်နေသော်လည်း အကူအညီမဲ့နေပုံရသည့် ဝမ်လျန်၏ မျက်နှာကို ကြည့်လိုက်သည်။
“ဘာများလဲ … ”
ဝမ်လျန်က အသက်ပြင်းပြင်းရှိုက်လိုက်၏။
“မက်မွန်ပွင့်ပွဲတော်ကို မသွားလို့ရမလား … ”
ဝမ်ချီက ထိုအချက်ကို ခန့်မှန်းပြီးသားပင်။ ဝမ်လျန်၏ စနစ်က အနာဂတ်ကို ခန့်မှန်းနိုင်သည်ဖြစ်ရာ အဖော်ကောင်း ရှာနိုင်မည့် အခွင့်အလမ်းကို လက်လွတ်ခံမည်မဟုတ်ပေ။
သို့သော် ဝမ်လျန်ကို ကြည့်ကာ သူက စချင်လာ၏။ ဝမ်ချီက တွေးလိုက်ရင်း ခက်ခဲနေပုံဖြင့် ပြောလိုက်သည်။
“အကြီးဆုံးမင်းသမီးက အစ်ကို့ကို ဖိတ်ထားတာလေ … ကျွန်တော်သာ မသွားရင် အခက်အခဲရှိလာမယ်မလား…”
“အဲဒီလို မဖြစ်ပါဘူး ...”
ဝမ်လျန်က ခေါင်းယမ်းလိုက်၏။ သူ့မျက်ဝန်းနှင့် မျက်နှာတို့တွင် အသနားခံမှုများ ပြည့်နှက်နေသည်။
“အစ်ကိုက မင်းသမီးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုင်တွယ်လိုက်ပါ့မယ်… ညီလေး … အစ်ကို ဒီလိုတောင်းဆိုတာ အရမ်းတစ်ကိုယ်ကောင်းဆန်မှန်း သိပါတယ် … ဒါပေမယ့် အစ်ကို့မှာ ရွေးချယ်စရာမရှိဘူး...”
ဝမ်ချီက ထိုသူ ရွေးချယ်စရာမရှိကြောင်း ယခင်ကလည်း ပြောခဲ့ဖူးသည်ဟု တွေးလိုက်၏။
“အစ်ကိုက မင်းကိုတောင်းဆိုတာပါ … မက်မွန်ပွင့်ပွဲတော်ကို မသွားပါနဲ့နော် … ”
ဝမ်လျန်၏ မျက်ရည်များက ပြိုဆင်းလာကာ တောင်းဆိုလိုက်၏။
“အစ်ကို့ တောင်းဆိုချက်ကို လိုက်လျောပေးမယ်ဆိုရင် အနာဂတ်မှာ အစ်ကိုက သေချာပေါက်ပြန်ပေးဆပ်မှာပါ…”
ဝမ်ချီက ပျင်းရိစွာဖြင့် နားကော်လိုက်သည်။ ဝမ်လျန်က အလားတူစကားမျိုးကို ပြောခဲ့ဖူး၏။ သူက ဆေးကိုမပြောင်းဘဲ စွပ်ပြုတ်ကိုသာ ပြောင်းနေခြင်းဖြစ်သည်။
(T/N -တင်စားမှုပြောင်းသွားပေမယ့် အကြောင်းရင်းက အတူတူပဲလို့ ပြောချင်တာပါ)
ဝမ်ချီ မလှုပ်မယှက်ဖြစ်နေသည်ကို တွေ့ရသည့်နောက် ဝမ်လျန်က သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။
“ညီလေး …”
💮💮💮