💮Chapter 18
ဝမ်ချီ၏ ညီလေးဟူသော ခေါ်သံနှင့် သခင်မရှု၏ သားလေးဟူသော ခေါ်သံတို့က ဝမ်ချီအား ကြက်သီးထစေသည်။ ”
ဝမ်ချီက ခေါင်းငုံ့ကာ ဝမ်လျန်နှင့် အကြည့်ချင်းဆုံစေလိုက်သည်။ ထို့နောက် ဝမ်လျန် ဆုပ်ကိုင်ထားသည့် လက်ကို ပြန်လည်ဆွဲယူလိုက်၏။
“စိတ်မပူပါနဲ့ ... ကျွန်တော် မက်မွန်ပွင့်ပွဲတော်ကို သွားဖို့ အစီအစဉ်မရှိပါဘူး … အစ်ကို့ နာမည်အောက်မှာဆို ပြောနေစရာတောင်မလိုဘူး ...”
ဝမ်ချီက ပြောသည်။
မက်မွန်ပွင့်ပွဲတော်က ဝမ်လျန်နှင့် စတုတ္ထမင်းသားတို့ ဆုံစည်းရာနေရာ ဖြစ်သည်။ သူ့ကဲ့သို့ အမြောက်စာ ဇာတ်ကောင်လေးအနေဖြင့် ထိုနေရာသို့ သွားလျှင်ပင် ကောင်းသည့် ကိစ္စတစ်စုံတစ်ရာ ဖြစ်လာမည်မဟုတ်ချေ။ ထို့ကြောင့် အိပ်ရာထဲတွင် လှဲလျောင်း၍ အနားယူနေသည်ကသာ ပိုမိုကောင်းမွန်၏။ သူက ကျော်ကြားမှုကို အလုယူခံလိုက်ရမည့် အကြီးဆုံးမင်းသမီးအတွက်သာ စိတ်မကောင်းဖြစ်မိ၏။
ဝမ်ချီ၏စကားကြောင့် ဝမ်လျန်၏ မျက်ဝန်းများတွင် အံ့ဩမှုများ ထင်ဟပ်သွားသည်။ သူက မျက်နှာထက်ရှိ မျက်ရည်စီးကြောင်းများကို ပွတ်သုတ်ကာ ဆို၏။
“ကျေးဇူးပါ …”
ဝမ်လျန်က စိတ်ထဲကမပါဘဲ ဆိုသည်။
”ဒီအစ်ကိုက မင်းနာမည်ကို သေချာပေါက် ကျော်ဇောစေရမယ်လို့ ကတိပေးပါတယ် ...”
ဝမ်ချီ တောင့်ခဲသွား၏။ သူက ဝမ်လျန်မှာ မက်မွန်ပန်းပွဲတော်အား သူ၏အမည်ရင်းအောက်၌ တက်ရောက်လိမ့်မည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။
သို့သော် သူသေချာ ပြန်စဉ်းစားလိုက်ချိန်၌ ဝတ္ထုထဲတွင်လည်း ဝမ်လျန်က ဝမ်ချီ၏ အမည်ဖြင့် မက်မွန်ပွင့်ပွဲတော်သို့ တက်ရောက်ခဲ့ခြင်းဖြစ်၏။ ထိုသူ၏ ဖျော်ဖြေမှုက ချီးကျူးဖွယ်အတိ ဖြစ်ခဲ့သည်။ ကံကောင်းစွာဖြင့် ဝမ်လျန်၏ သရုပ်မှန် မပေါ်မီကတည်းက ဝမ်ချန်ချင်းက ဝမ်ချီမှာသူ့အစ်ကို၏ကိုယ်စား အရှေ့နန်းတော်နှင့် လက်ဆက်ခဲ့ကြောင်း သတင်းဖြန့်ခဲ့ပြီးဖြစ်လေသည်။
အဆုံးသတ်၌ ဝမ်ချီတစ်ဦးထဲသာ ခံစားခဲ့ရပြီး ဝမ်လျန်ကမူ မည်သည့်အရာမှ မဖြစ်ပျက်သကဲ့သို့ စတုတ္ထမင်းသားနှင့် စတင်ချိန်းတွေ့လေတော့၏။
ဝမ်လျန်က ဝမ်ချီ၏ စိတ်ကို မမြင်နိုင်ခဲ့ပေ။ သူက ဝမ်ချီ၏ တိတ်ဆိတ်မှုကို သူ့အား စိတ်ဆိုးနေသည်ဟု ယူဆကာ ဂရုတစိုက် ပြောလိုက်သည်။
“မက်မွန်ပွင့်ပွဲတော်က အစ်ကို့အတွက် အရမ်းအရေးကြီးတယ် … အစ်ကို ဒီကြင်နာမှုကို အမြဲအမှတ်ရနေမှာပါ ...”
ဝမ်ချီက ဝမ်လျန်၏ မည်သို့မှ အရာမရောက်သော ကတိစကားကြောင့် ခေါင်းကိုက်လာသည်။ သူက လက်ဝှေ့ယမ်းလိုက်၏။
“ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က သရုပ်မှန်တွေကို လဲပြီးသားပဲလေ .. အစ်ကို လုပ်ချင်တာလုပ်ပါ ...”
ဝမ်လျန်က အပြစ်ရှိစိတ်ဖြင့် ဝမ်ချီအား အနာဂတ်တွင် ကူညီမည်ဖြစ်ကြောင်း အထပ်ထပ်အခါခါ ကတိပေးလိုက်သည်။ ထို့နောက် ရထားလုံးအတွင်းမှ စိတ်လှုပ်ရှားစွာဖြင့် ထွက်ခွာသွားတော့၏။
အရှေ့နန်းတော်သို့ သွားရာလမ်းတစ်လျှောက်တွင် ဝမ်ချီက အိပ်စက်ရင်း လိုက်ပါခဲ့သည်။ သူ့အပေါ် သခင်မရှုတို့ သားအမိ၏ စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းကြီးက အတော်အတန် လွင့်ပါးသွားကာ ပို၍ လန်းဆန်းလာသလို ခံစားလိုက်ရ၏။
ဝါးပလွေအိမ်တော်၌ ယောဖန်းနှင့် ယောထောင်တို့က သန့်ရှင်းရေး လုပ်နေကြသည်။ ဝမ်ချီ ပြန်လာသည်ကို မြင်လိုက်ရချိန်၌ မိန်းကလေးနှစ်ဦးက လက်ထဲရှိ အရာများကိုပစ်ချကာ သူ့ထံသို့ ပျော်ရွှင်စွာ လာရောက်နှုတ်ဆက်ကြလေသည်။
“သခင်လေး ပြန်လာပြီ … ”
ယောဖန်းက မျက်လုံးများကိုပင် မမြင်ရတော့သည်အထိ ပြုံးနေ၏။
“သခင်လေးဝမ် … အပြင်မှာ ပျော်ဖို့ကောင်းလားဟင်… အပြင်ဘက်က ဈေးမှာ ပစ္စည်းကောင်းလေးတွေ အများကြီးရှိတယ်လို့ ဒီအစေခံ ကြားဖူးတယ် ...”
ယောထောင်က တမ်းတမ်းတတ ပြောသည်။
ဝမ်ချီက သူတို့အား သူ့အနောက်သို့ လိုက်လာခွင့်ပြုလိုက်သည်။ ထို့နောက် အိတ်တွင်းမှ မျက်နှာဖုံးနှစ်ခု ကမ်းပေးလိုက်၏။ ထိုမျက်နှာဖုံးများကို သခင်ရင်းနှင့် တွေ့ဆုံပြီးသည့်နောက် ဝယ်လာခဲ့ခြင်းဖြစ်သည်။ မျက်နှာဖုံးနှစ်ခုက ဖူဟွားဟွားအရုပ်၏ မျက်နှာအတိုင်း ပြုလုပ်ထားခြင်း ဖြစ်သည်။ နှင်းကဲ့သို့ ဖြူဖွေးသော မျက်နှာဖုံး၏ ပါးနှစ်ဖက်ပေါ်တွင် သိသာထင်ရှားသော ပါးနီအလုံးနှစ်ခု ရှိနေကာ နဖူးပေါ်တွင်လည်း ဆံမြိတ်ပါးပါး ချထားသည့်ဟန် ရေးဆွဲထား၏။
ယောဖန်းနှင့် ယောထောင်တို့က နန်းတော်အတွင်းတွင်သာ နေထိုင်ရပြီး နန်းတော်ဂိတ်ကိုပင် မဖြတ်သွားနိုင်ခဲ့ချေ။ သူတို့က ဈေးထဲရှိ ပစ္စည်းများကို တွေ့သောအခါ အံ့အားသင့်သွားကြပြီး ပါးစပ်နားရွက်ချိတ်မတတ် ရယ်မောနေကြ၏။
“ငါ့ဟာက မိန်းကလေးအရုပ် …”
ယောဖန်းက သူမ၏ မျက်နှာဖုံးကို တစ်လှည့် ယောထောင်၏ မျက်နှာဖုံးကို တစ်လှည့် လက်ညှိုးထိုးပြလိုက်သည်။
“နင့်ဟာက ယောက်ျားလေးရုပ် ...”
ယောထောင်က မျက်နှာဖုံးကို မချွတ်စတမ်း သဘောကျနေ၏။ သူမ၏ အသံက မျက်နှာဖုံးနောက်မှ ထွက်ပေါ်လာသည်။
“ယောက်ျားလေးရုပ်က ပိုကောင်းတယ် … ငါကြိုက်တယ် … ”
ယောဖန်းက နားမလည်ဟန်ဖြင့် ခေါင်းလေးစောင်းလိုက်သည်။
“ဘာလို့လဲ … ”
ယောထောင်က မျက်နှာဖုံးကို ချလိုက်၏။ သူမ၏ မျက်ဝန်းများကို မျက်တောင်ရှည်များက ဖုံးကာထားသည်။ သူမက ခပ်တိုးတိုး ပြောလိုက်၏။
“ယောက်ျားလေးအရုပ်တွေက ပိုပြီးအဆင်ပြေတယ် …”
“ငါတို့အတွက် မိန်းကလေးအရုပ်ကမှ ပိုအဆင်ပြေတာ…”
ယောဖန်းက သဘောမတူဟန်ဖြင့် နှာခေါင်းရှုံ့ကာ ဝမ်ချီဘက်သို့ လှည့်လိုက်သည်။
“သခင်လေးဝမ် … သခင်လေး ဝါးပလွေအိမ်တော်မှာ မရှိတဲ့အတောအတွင်းမှာ ယောထောင်နဲ့ဒီအစေခံတို့ အပျင်းမထူခဲ့ကြပါဘူး … ဒီအစေခံတို့ လုပ်တဲ့ ကိတ်မုန့်က ပိုပိုကောင်းလာပြီ ...”
“ကောင်းတာပေါ့ ...”
ဝမ်ချီက ပြုံးလိုက်သည်။
“ဒါပေမယ့် မနက်ဖြန်ကစပြီး ကိတ်မလုပ်တော့ဘူး … ကိတ်မုန့်တွေက ရေခဲနဲ့ထားဖို့လိုတယ် … ဝါးပလွေအိမ်တော်မှာ ရေခဲမှမရှိတာ … အများကြီးလုပ်ရင် ပျက်စီးကုန်လိမ့်မယ် ...”
ယောဖန်းက နှာခေါင်းကိုပွတ်ကာ ပြောလိုက်သည်။
“ဒါတော့ဟုတ်တယ် ….”
ထို့နောက် ဝမ်ချီက ခြံဝန်းထဲတွင် တစ်စုံတစ်ရာ ပျောက်ဆုံးနေကြောင်း သတိပြုမိသွားသည်။ သူက မေးလိုက်၏။
“ဖင်အန်းရော … ”
“ဒီအစေခံတို့ မသိပါဘူး ...”
ဖင်အန်းအကြောင်း ကြားချိန်တွင် ယောဖန်း၏ အသံက အလိုမကျဟန် ပေါ်သွားကာ တိုင်တန်းသလို ပြောလိုက်၏။
“ဖင်အန်းက တစ်ယောက်ထဲနေတာများတယ် … သူက ယောဖန်းနဲ့ ဒီအစေခံတို့ကို ဘယ်သွားမယ် ဆိုတဲ့အကြောင်း ပြောမသွားပါဘူး … ဒီအစေခံတို့လည်း သူ့ကို ဂရုမစိုက်ဖြစ်တော့တာပါ …”
ဝမ်ချီက ပြုံးလိုက်သည်။ သူက ဖင်အန်း၏ အိပ်ခန်းသို့ သွားကာ လက်ဆောင်ပေးရန် ရည်ရွယ်လိုက်သော်လည်း ထိုနေရာ၌ ဖင်အန်းကို မတွေ့ရချေ။ ထို့ကြောင့် သူက လက်ဆောင်ကို စားပွဲပေါ်တင်ကာ လှည့်ထွက်လာခဲ့၏။
နောက်တစ်နေ့တွင် …
ဝမ်ချီက နေပူဆာလှုံရင်း ခြံထဲရှိ ကုလားထိုင်ပေါ်၌ ထိုင်နေစဥ် ဖင်အန်းက သူ့ထံသို့ အမောတကော ပြေးလာခဲ့သည်။
“သခင်လေး ဝမ် … သခင်လေးဝမ် … ”
ဖင်အန်းက ဟောဟဲလိုက်နေ၏။ သူက နဖူးပေါ်ရှိ ချွေးများကို သုတ်ကာ အမောတကောပြောသည်။
“အိမ်ရှေ့စံက ရှောင်ရှန်းကျစ်ကို အချက်နှစ်ဆယ် ရိုက်လိုက်ပါတယ်တဲ့… ”
“ရှောင်ရှန်းကျစ်လား … ”
ဝမ်ချီ ချက်ချင်းမတ်တပ်ရပ်လိုက်သည်။
“ဘယ်ရှောင်ရှန်းကျစ်လဲ … ”
“သခင်လေး ဝမ်ကို ဝမ်အိမ်တော် လိုက်ပို့တဲ့ ရှောင်ရှန်းကျစ်ပဲပေါ့ … မနေ့နေ့ခင်းက ဒီအစေခံ ပြန်လာတော့ သခင်လေးဝမ်ကို ကာကွယ်တဲ့ နေရာမှာ ရှောင်ရှန်းကျစ်က တာဝန်ကျေပွန်ခဲ့တယ်ဆိုပြီး အရှင့်သားဆီက ဆုချီးမြှင့်ခံရတယ်လို့ ကြားခဲ့တာ… နောက်တော့ ရှောင်ရှန်းကျစ်က မပြောသင့်တဲ့ ကိစ္စတစ်ခုကို ပြောလိုက်မိတယ်လေ … အဲဒါနဲ့ သူ ကြိမ်ဒဏ်အပေးခံရတော့တာပဲ …”
ဖင်အန်းက ပြောသည်။
ဘာက မပြောသင့်တာပါလိမ့် …
ဝမ်ချီက ထိုအရာကို သတိရသွားကာ မျက်နှာတစ်ခုလုံး ဖြူလျော်သွားလေသည်။
ပိုသိလေလေ၊ ပို၍ အန္တရာယ်များလေ ဟူသည့် စကားပုံပင်ရှိ၏။ ရှောင်ရှန်းကျစ်ပင် အချက်နှစ်ဆယ် အရိုက်ခံခဲ့ရပါက သူ့ကဲ့သို့ အတွင်းကျကျ သိနေသူသာဆိုလျှင်။
ကြိမ်ဒဏ်အချက်နှစ်ဆယ်မှာ မည်မျှ ပြင်းထန်ကြောင်း ဝမ်ချီ မသိသော်ငြား အချက်သုံးဆယ် အရိုက်ခံခဲ့ရသော ရွယ်ကွေ့နှင့် အခြားလူများက သေရန်တစ်လှမ်းသာလိုတော့သည်ဟု ကြားခဲ့ရ၏။ သူက အသက်တစ်ဝက်ခန့် ဆုံးရှုံးရတော့မည် ဖြစ်၏။
ဖင်အန်းက ဝမ်ချီ၏ မိုးပြိုသလို အမူအရာကြောင့် အထိတ်တလန့် မေးလိုက်သည်။
“သခင်လေးဝမ် … ရှောင်ရှန်းကျစ်က သခင်လေးကို ဘာပြောလိုက်လို့ အရှင့်သားက ဒေါသထွက်သွားရတာလဲ …”
ဝမ်ချီ ပါးစပ်ဟလိုက်သော်ငြား တစ်လုံးမှ မပြောဖြစ်ခဲ့ပေ။
ဖင်အန်းသည်လည်း စကားမပြောဘဲ သူ့ကိုသာ ကြည့်နေ၏။
ဝမ်ချီက ဖင်အန်းနှင့် အကြည့်ချင်းဆုံလိုက်ကာ စကားလမ်းကြောင်း လွှဲလိုက်သည်။
“ငါမင်းအတွက် ယူခဲ့တဲ့ လက်ဆောင်ရလား … ”
ဖင်အန်း ကြောင်အသွား၏။
“သခင်လေးဝမ် ဘယ်လိုလက်ဆောင်မျိုးကို ပြောနေတာပါလဲ …”
ဖင်အန်း၏ နားမလည်သော အမူအရာကို ကြည့်ရင်း သူ မနေ့ညက အခန်းသို့ ပြန်မလာခဲ့ကြောင်း ဝမ်ချီ သတိပြုမိသွား၏။ သူက ဖင်အန်းကို မည်သည့်နေရာသို့ သွားရောက်ခဲ့ကြောင်း မေးလိုစိတ် ရှိမနေချေ။ သူက လက်ကိုသာ ဝှေ့ယမ်းလိုက်သည်။
“သွားတော့ … ငါတစ်ယောက်ထဲ နေချင်တယ် ...”
ဖင်အန်းက ဦးညွှတ်ကာ အမြန်ထွက်သွားခဲ့သည်။
ဖြစ်လာမည့်အရာက မုချ ဖြစ်လာမည်သာ။
နှစ်ရက်အကြာ၌ နေ့လည်ခင်းအချိန်တွင် မိန်းမစိုးကျိုးက မိန်းမစိုးငယ်နှစ်ဦးနှင့်အတူ ဝါးပလွေအိမ်တော်သို့ လာရောက်ခဲ့၏။
မိန်းမစိုးကျိုးက ပုံမှန်အတိုင်းပင် လက်များကို ယှက်ထားကာ တည်တည်ငြိမ်ငြိမ် ရပ်နေသည်။ သူက ဝမ်ချီထွက်လာသည်ကို မြင်ရသည်နှင့် စူးရှသော အသံဖြင့် ပြော၏။
“သခင်လေးဝမ်က ရက်ပေါင်းများစွာ အပြင်ရောက်နေတာကြောင့် အရှင့်သားက သခင်လေးဝမ်ကို အရမ်းသတိရနေတာပါ … အရှင့်သားက ဒီနေ့လည် အားလပ်ပြီဖြစ်တာကြောင့် သခင်လေးဝမ်ကို အခေါ်လွှတ်လိုက်ပါတယ် … သခင်လေး မြန်မြန်ပြင်ဆင်လှည့်ပါ … ”
သခင်လေးဝမ်က သူသည်လည်း အချက်နှစ်ဆယ် အရိုက်ခံရတော့မည်လားဟု မေးလိုက်ချင်မိ၏။ သို့သော် မိန်းမစိုးကျိုး၏ အေးစက်စက်အမူအရာကြောင့် စကားလုံးများကို မြိုချလိုက်ရရှာသည်။
စာကြည့်ခန်းထဲတွင် အိမ်ရှေ့စံက ယခင်အတိုင်း ရှိနေသည်။ သူက မေးထောက်လျက် မျက်လုံးများကို မှိတ်ထာကာ မိန်းမစိုးငယ်နှစ်ဦးက သူ့ပခုံးများကို နှိပ်နယ်ပေးနေသည်။
ရက်ပေါင်းများစွာ မတွေ့ရသော်လည်း အိမ်ရှေ့စံက ကြောက်မက်ဖွယ် ကောင်းနေဆဲပင်။ သူ၏ အရှိန်အဝါက စာကြည့်ခန်းအတွင်းရှိ လူပေါင်းများစွာကို လွှမ်းခြုံထား၏။
ဝမ်ချီက မိန်းမစိုးကျိုးအနောက်မှ ခေါင်းတွင်တွင်ငုံ့ကာ လိုက်ပါလာသည်။ သူက လက်ဦးမှုရယူ၍ ဝန်ခံလိုက်ရမည်လားဟု တွေးနေမိသည်။ မည်သို့ပင်ဖြစ်စေ၊ အိမ်ရှေ့စံထံမှ အပိုလုပ်သည်ဟု အပြစ်မြင်မည်ကိုလည်း စိုးရသေး၏။
သို့သော် သူက ဉာဏ်ရှိရှိ ပြုမူမည်ဟု စဉ်းစားကာ သူ့ကိုယ်သူ မြေပေါ်သို့ ပစ်လှဲပစ်လိုက်သည်။
ကံကောင်းစွာဖြင့် စာကြည့်ခန်း၏ ကြမ်းပြင်တစ်ခုလုံး ကတ်ရှ်မီးယား ကော်ဇောဖြင့် ခင်းကျင်းထား၏။ မည်မျှ လဲကျသည်ဖြစ်စေ၊ နာကျင်မှုတစ်စုံတစ်ရာပင် ခံစားရလိမ့်မည် မဟုတ်ပေ။
မိန်းမစိုးကျိုးက သူ့အမူအရာကြောင့် ကြောင်အသွားကာ သူ့အား အကြိမ်ရေအနည်းငယ်ပင် ခိုးကြည့်လိုက်မိသည်။
ဝမ်ချီက ခုန်ပေါက်နေသော နှလုံးသားဖြင့် ပြောလိုက်၏။
“ကျွန်တော့်မှာ အပြစ်ရှိပါတယ် … အရှင့်သား ကျွန်တော့်ကို အပြစ်ပေးပါ … ”
မကြာခင်မှာပင် အိမ်ရှေ့စံ၏ ပျင်းရိပျင်းတွဲအသံ ထွက်ပေါ်လာ၏။
“ဘယ်လိုပြစ်မှုလဲ … ”
ဝမ်ချီက ပြောသည်။
“ကျွန်တော်က အရှင့်သားအကြောင်း သိချင်မိတာကြောင့် မိန်းမစိုးရှန်းဆီက မေးမြန်းခဲ့မိပါတယ် ... အရှင့်သားအကြောင်း ပိုပြီးနားလည်ချင်ရင် အရှင့်သားနဲ့ အတူတူ အချိန်ဖြုန်းရမယ်မှန်းလည်း ကျွန်တော်သိပါတယ် … ဒီတော့ အရှင့်သားရဲ့ တားမြစ်ချက်ကို မတော်တဆ ချိုးဖောက်ခဲ့မိတဲ့အတွက် ကျွန်တော့်ရဲ့ စိတ်အားထက်သန်မှုကိုပဲ အပြစ်တင်ရတော့မှာပါ …”
ပြောပြီးပြီးချင်း ဝမ်ချီက နဖူးကို ကြမ်းနှင့်ထိကပ်လိုက်သည်။ သူ့နှလုံးသားအတွင်းရှိ ကြိုးများ လွန်စွာတင်းလာ၏။
အတန်ကြာသည့်နောက် သူက ဘီးတပ်ကုလားထိုင် ရွေ့လျားလာသည်ကို ကြားလိုက်ရသည်။ အိမ်ရှေ့စံ၏ ပျင်းရိပျင်းတွဲအသံက သူနှင့် လက်တစ်ကမ်းအကွာမှ ထွက်ပေါ်လာ၏။
“ဒါဆို ပြောပါဦး …”
အိမ်ရှေ့စံက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ပန်ကုန်းအကြောင်း ဘာတွေများ မေးခဲ့သလဲ … ”
ဝမ်ချီ၏ နောက်ကျောတွင် ချွေးများ ရွှဲစိုသွားသည်။ သူက သတိလက်လွတ် မလုပ်ရဲဘဲ တုန်တုန်ရီရီဖြင့် ပြောလိုက်သည်။
“အရှင့်သားနဲ့ ကျွန်တော်မျိုးက အများကြီးကွဲပြားပါတယ်… အရှင့်သားက ကောင်းကင်ထက်က နတ်ဘုရားပါ… ကျွန်တော်ကတော့ မြေကြီးပေါ်က မြက်တစ်ပင်ပါပဲ... အရှင့်သားရဲ့ မျက်နှာသာပေးမှုကို ဘယ်လိုယူရမှန်း ကျွန်တော်တကယ့်ကို မသိတော့ပါဘူး … အရှင့်သားကို တွေ့နေရတဲ့အချိန်တိုင်း ကျွန်တော့်အတွက် အစစ်အမှန် မဟုတ်သလိုပါပဲ…”
ထိုစကားများကို အသက်တစ်ရှိုက်စာအတွင်း ပြောပြီးသည့်နောက် သူ၏ မြှောက်ပင့်နိုင်စွမ်းက ဒုံးကျည်အလျင်ဖြင့် တိုးတက်နေသည်ဟု ဝမ်ချီ ခံစားလိုက်ရသည်။
သို့သော် အဆိုပါ မြှောက်ပင့်စကားများက အိမ်ရှေ့စံအတွက် အလုပ်မဖြစ်ခဲ့ပေ။ သူက မြှောက်ပင့်စကား အမျိုးမျိုးကို ကြားခဲ့ရခြင်းကြောင့် ဖြစ်ဟန်တူ၏။ အိမ်ရှေ့စံက တည်ငြိမ်စွာ မေးလိုက်သည်။
“ရှောင်ရှန်းကျစ်က မင်းအတွက် စိတ်ကျေနပ်လောက်စရာ အဖြေကို ပေးခဲ့ရဲ့လား … ”
ဝမ်ချီက တုံ့ဆိုင်းနေပြီးနောက် မရဲတရဲ ပြောလိုက်သည်။
“မပေးခဲ့ဘူးလို့ ပြောရမယ်ထင်တယ် … ”
အသက်ရှင်လိုစိတ် ပြင်းပျစွာဖြင့် ထိုသို့ ပြန်ဖြေပြီးသည့်နောက် အိမ်ရှေ့စံ၏ အေးစက်စက် ရယ်သံကို ဝမ်ချီ ကြားလိုက်ရသည်။ အေးစက်စက် လက်တစ်ဖက်က သူ့မေးထံသို့ ရောက်လာကာ အပေါ်သို့မော့လာစေခဲ့၏။
ပတ်ဝန်းကျင်ရှိ အလင်းရောင်မှာ စူးရှလှသဖြင့် အိမ်ရှေ့စံ၏ မျက်နှာကို ကြည့်ရန် ဝမ်ချီက မျက်ဝန်းများကို မှေးကျဉ်းလိုက်ရသည်။
အိမ်ရှေ့စံက လက်ကိုမြှောက်ကာ မိန်းမစိုးများနှင့် အပျိုတော်များကို ထွက်ခွာစေ၏။ မိန်းမစိုးကျိုးကိုယ်တိုင်ပင် ခပ်ဖြည်းဖြည်း ဆုတ်ခွာလျက် တံခါးကို ပိတ်ပေးသွားခဲ့သည်။
“မင်းမှာ ကျေနပ်လောက်စရာ အဖြေမရခဲ့ဘူးဆိုတော့ ပန်ကုန်းကိုယ်တိုင်ပဲ ပြောရတော့မှာပေါ့ … ”
အိမ်ရှေ့စံ၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်။ သူ့မျက်နှာတစ်ခုလုံး အပြုံးဖြင့် ပြည့်နှက်နေကာ မီးလောင်ရာများ ရှိနေသည့် မျက်နှာအခြမ်းက အလင်းနှင့်အမှောင်ကြား ကခုန်နေသည့် နတ်ဆိုးဆန်သော ဆွဲဆောင်မှုတစ်မျိုးကို ထုတ်လွှတ်နေလေသည်။
ဝမ်ချီက တောင့်ခဲသွားကာ မော့ကြည့်လိုက်ပြီး တုန်ရီကာ ကြောက်ရွံ့နေ၏။
ပို၍ အရေးကြီးသည်မှာ …
သူ၏ မျက်ဝန်းများမှတဆင့် အိမ်ရှေ့စံ ဘီးတပ်ကုလားထိုင်ပေါ်မှ မတ်တပ်ရပ်လိုက်သည်ကို ဝမ်ချီ တွေ့လိုက်ရသည်။
💮💮💮
စာရေးသူမှာ ပြောစရာ ရှိပါတယ် …
ဝမ်ချီ : "အိမ်ရှေ့စံ မတ်တပ်ရပ်လိုက်တယ် …"
ရှစ်ယဲ့ : " မထင်ထားဘူးမလား …"