Chapter 19
Viewers 7k

💮Chapter 19



ချီးတဲ့မှ … 


ရှစ်ယဲ့က ဘယ်လိုလုပ်ပြီး မတ်တပ်ရပ်နိုင်တာလဲ … 


သူ့ခြေထောက်တွေက မသန်စွမ်းဖြစ်နေတာမဟုတ်ဘူးလား… သူ ဘယ်လိုလုပ်ပြီး ထရပ်နိုင်တာလဲ … 


ဝမ်ချီ ထိတ်လန့်သွားပြီး သူ့ကိုယ်သူ သွေးလေချောက်ခြားနေသည်ဟု ထင်စပြုလာ၏။ 


သို့သော် သူ မြင်နေရသည်မှာ စိတ်ကူးသက်သက် မဟုတ်ခဲ့ပေ။ ရှစ်ယဲ့က မတ်တပ်ရပ်နေရုံသာမက ပေါ့ပလာပင် တစ်ပင်သဖွယ် ခိုင်ခိုင်မာမာ ရပ်တည်နေခြင်းဖြစ်၏။ 


ဝမ်ချီက စကားမပြောနိုင်သည် အထိ ဆွံ့အသွား၏။ သို့သော် ရှစ်ယဲ့က သူ့ရင်ဘတ်ရှိ အင်္ကျီစများကို စုတ်ဖြဲပစ်လိုက်သည်။ သူ့လှုပ်ရှားမှုများက ကြမ်းတမ်းလှ၏။ ဝမ်ချီက မည်သည့်အရာများ ဖြစ်ပျက်နေကြောင်းပင် မသိလိုက်ဘဲ သူ့ရင်ဘတ် အေးခနဲ့ ဖြစ်သွားကာ အဝတ်များ မျက်စိရှေ့မှ ပျံသန်းသွားသည်ကိုသာ တွေ့လိုက်ရသည်။  


သူ ငေးငိုင်နေဆဲမှာပင် ကိုယ်အပေါ်ပိုင်းရှိ အဝတ်အားလုံး စုတ်ဖြဲခံလိုက်ရကာ ဖြူဖွေးတောက်ပသော အသားအရည် ထွက်ပေါ်လာ၏။ 


ရှစ်ယဲ့က မျက်ဝန်းများကို မှေးစဉ်းလိုက်သည်။ သူ၏ ခက်ထန်သော မျက်နှာထက်ဝယ် မြူတစ်လွှာ ရစ်သိုင်းနေသလို ထင်ရ၏။ သူက ဝမ်ချီ၏ ဝမ်းဗိုက်တစ်နေရာထံသို့ စိုက်ကြည့်နေလေသည်။ 


ဝမ်ချီ၏မေးဖျားက ရှစ်ယဲ့ ပင့်တင်ထားသည့် အနေအထားအတိုင်း ရှိနေသည်။ သူ့ခန္ဓာကိုယ်မှာ တောင့်တင်းကာ မလှုပ်မရှားဖြစ်နေ၏။ သူ၏ အနည်းငယ် ပိန်ပါးသော ခန္ဓာကိုယ်လေးမှာ တုန်ယင်နေသည်။ ထိုသို့တုန်ယင်နေရခြင်းမှာ ပြင်ပလေကြောင့်လော သို့မဟုတ် ရှစ်ယဲ့၏ ရေခဲတမျှ အေးစက်လှသည့် အရှိန်အဝါကြောင့်လော သူ မခွဲတတ်ချေ။ 


တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွား၏။ 


ရှစ်ယဲ့က ဝမ်ချီ၏ ဝမ်းဗိုက်နေရာမှ အကြည့်ကို ရုတ်သိမ်းလိုက်သည်။ သူ့ နှုတ်ခမ်းထောင့်များက အပေါ်သို့ မြင့်တက်လာ၏။

“မျှော်လင့်ထားတဲ့အတိုင်းပဲ ...”


ဝမ်ချီမှာ နားမလည်ဖြစ်နေဆဲပင်။ 


ရှစ်ယဲ့က ရုတ်တရက် သူ့မေးကိုညှစ်သည့် နေရာတွင် အားပိုထည့်လိုက်သည်။

“မင်းက ပန်ကုန်းသိတဲ့ လူတစ်ယောက်နဲ့ အရမ်းတူတယ်… အဲဒီလူရဲ့ ဝမ်းဗိုက်ပိုင်းနဲ့ ခြေထောက်တွေမှာ ဓားထိုးရာတွေ ရှိတယ်လေ... မင်းမှာတော့ မရှိဘူးပဲ...”


ဝမ်ချီက ဇာတ်ကြောင်းကို သိရှိနိုင်ရန် ဝတ္ထုအား အမြန်စဉ်းစားကြည့်လိုက်သည်။ သို့သော် မူလကိုယ်နှင့်တူသည့် ရှစ်ယဲ့နှင့် သိကျွမ်းသော ပုဂ္ဂိုလ်အကြောင်း သူ မည်သို့မှ စဉ်းစားမရခဲ့ချေ။ ၎င်းက မြှုပ်ထားသည့် ဇာတ်ကွက် ဖြစ်တန်ရာ၏။  


ထိတ်လန့်မှုလှိုင်းများက ဝမ်ချီ၏ ဦးခေါင်းကို တင်းပုတ်ဖြင့် ရိုက်သကဲ့သို့ တစ်လှိုင်းပြီးတစ်လှိုင်း ရိုက်ခတ်လာ၏။ ၎င်းတို့က သူ့အား မူးဝေလာစေပြီး သူ့ဦးနှောက်ကို ဆန်ပြုတ်တစ်ပန်းကန်ကဲ့သို့ အရည်ပျော်လာစေသည်။ 


သူ ထိတ်လန့်နေစဉ် ရှစ်ယဲ့၏ အသံကို ကြားလိုက်ရပြန်၏။ 

“ပန်ကုန်းမေးနေတယ် … မင်းအရင်က ဒဏ်ရာရဖူးလား...”


ဝမ်ချီက မူလကိုယ်၏ မှတ်ဉာဏ်အား အမြန်လှန်လှောလိုက်သည်။ ထို့နောက် အမှန်အတိုင်း ဖြေလိုက်၏။ 

“အရှင့်သားကို ပြန်ဖြေပါတယ် … ကျွန်တော်မျိုး ဒဏ်ရာမရဖူးပါဘူး ...”


“နှမြောစရာပဲ … နှမြောစရာပဲ ...”

ရှစ်ယဲ့က စိတ်မကောင်းဖြစ်သွားပုံရ၏။  


ဝမ်ချီက ခဏကြာ သတ္တိမွေးပြီးနောက် ရဲရဲရင့်ရင့် ထုတ်ပြောလိုက်သည်။

“အရှင့်သားကို အရဲစွန့်မေးပါရစေ … အဲဒီ့လူက အရှင့်သားရဲ့ မိတ်ဆွေဟောင်းများလား …”


“မဟုတ်တာ …”

ရှစ်ယဲ့ ပြုံးလိုက်သည်။ သူ၏ အကောင်းပကတိရှိသော မျက်နှာဘက်ခြမ်းက အလှတရားကို ဖော်ညွှန်းနေသကဲ့သို့ ရှိ၏။ သို့သော် ကံမကောင်းစွာဖြင့် မီးလောင်ရာများ ရှိနေသည့် မျက်နှာအခြမ်းက ထိုအလှတရားကို ဖျက်ဆီးနေလေသည်။ ထိုအပြုံးမှာ ကြောက်စရာကောင်းခြင်းဖြင့်သာ အဆုံးသတ်သွားရ၏။

“ဘယ်လိုလုပ်ပြီး အဲဒီ့လူက ပန်ကုန်းရဲ့ မိတ်ဆွေဟောင်း ဖြစ်မှာလဲ… သူက ပန်ကုန်းရဲ့ ရန်သူပဲ … ”


ဝမ်ချီ : “…”


သူက အိမ်ရှေ့စံ၏ ရန်သူနှင့် တစ်ထပ်တည်း တူညီနေသည်။ ၎င်းက အဆိုးဆုံးကိစ္စပင်။ 


ရှစ်ယဲ့ ထိုစဉ်က သတိမပေးဘဲ သူ့အား ရုတ်တရက် အဝတ်ချွတ်ခိုင်းသည်မှာ အံ့အားသင့်စရာ မရှိတော့ပေ။ သူက ဓားမြှောင်ဖြင့် ထိခိုက်ထားသော ဒဏ်ရာရှိမရှိ စစ်ဆေးလိုခြင်းပင်။ 


ဝမ်ချီ တွေးလေလေ ပိုကြောက်လာလေဖြစ်သည်။ ရှစ်ယဲ့ သူ့အား ဤအတိုင်း လည်ပင်းညှစ်လိုက်ပါက သူ ထိုမျှကြောက်နေမည်မဟုတ်ပေ။ ယခုအခါ သူက ရှစ်ယဲ့၏ ရန်သူနှင့် တစ်ထပ်တည်း တူညီနေရာ မနာမကျင် သေဆုံးခွင့်ရမည် မဟုတ်တော့ချေ။ 


ရှစ်ယဲ့က ဝတ္ထုအတွင်းရှိ အကြီးဆုံးဗီလိန်ဖြစ်ပြီး အရက်စက်ဆုံး ဘုရင်လည်းဖြစ်သည်။ သူ တွေးနိုင်သည့် အရက်စက်ဆုံး နည်းလမ်းမှာ မည်သို့ရှိမည်ကို မသိပေ။ ဝတ္ထု၏ နောက်ပိုင်းများတွင် သူက ကိုယ်လုပ်တော်တစ်ဦးကို အရှင်လတ်လတ် အရေခွံခွာခဲ့သေး၏။ 


ထိုဇာတ်ကြောင်းရှိ စာသားများကို ပြန်လည် အမှတ်ရလာချိန်တွင် ဝမ်ချီက ဇကာတစ်ခုကဲ့သို့ တုန်ယင်လာ၏။ သူက သေရမည်ကို မကြောက်သော်ငြား ရက်ရက်စက်စက် အသတ်ခံရမည်ကိုမူ ကြောက်ရွံ့မိသည်။


ရှစ်ယဲ့က သူ့လက်အတွင်းရှိ အမျိုးသား၏ တုန်ယင်မှုကို ခံစားမိလိုက်သည်။ သူ့အပြုံးက ပို၍ကျယ်ပြန့်လာကာ စိတ်ပါလက်ပါ ရယ်မောလိုက်၏။ ထို့နောက် ဝမ်ချီ၏ နားနားကပ်ကာ ရက်ရက်စက်စက် ပြောလိုက်သည်။

“ပန်ကုန်း သူ့ကို ရှာနေတာ ဆယ်နှစ်တောင်ရှိပြီ … သူ့အကြောင်းပဲ နေ့နေ့ညည တွေးမိနေတာ … မင်းနဲ့တူတဲ့ မျက်နှာကို တစ်နေ့ကျ တွေ့နိုင်မယ်လို့ ပန်ကုန်းမျှော်လင့်မိတယ် … သူ့ကို ကြွက်တစ်ကောင်လို့ ထောင်ဖမ်းမယ်… သူက ကောင်းကောင်းနေမယ် ဆိုရင်တော့ နည်းနည်းစလိုက်တာပေါ့… ကောင်းကောင်း မနေရင်တော့ သူ့ခြေထောက်တွေကို ဖြတ်ပစ်လိုက်တော့မယ် ...”


ဝမ်ချီက ရှစ်ယဲ့ စကားဆုံးသည်ထိပင် မစောင့်နိုင်တော့ဘဲ ဖြူလျော်သော မျက်နှာဖြင့် ဒူးထောက်ချလိုက်သည်။ ထို့နောက် ကြောက်လန့်တကြား မျက်ရည်များ ကျဆင်းလာကာ ပြော၏။

“အရှင့်သား … ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးပါ … အဲဒီ့လူက ကျွန်တော် မဟုတ်ပါဘူး … ကျွန်တော် အရှေ့နန်းတော်မရောက်ခင်က အရှင့်သားကို တစ်ခါလေးတောင် မတွေ့ခဲ့ဖူးပါဘူး … ”


ရှစ်ယဲ့က ဝမ်ချီ၏ အရှေ့တွင် ငုတ်တုတ်ထိုင်ကာ မေးဖျားကို ပင့်မလိုက်ပြန်၏။

“ဒါပေမယ့် မင်းက သူနဲ့တူနေတယ်လေ … ပန်ကုန်း သူ့ကိုမှ မဖမ်းနိုင်တာ … ဒီတော့ အစားထိုးရရင်လည်း မဆိုးပါဘူး… ”


ဝမ်ချီ၏ မျက်နှာတစ်ခုလုံး မျက်ရည်များ အပြည့်ဖြစ်နေသည်။ သူက ရှိုက်ကာဆို၏။

“ကျွန်တော်က အဲဒီ့လူနဲ့ မတူပါဘူး ….”


“အိုး … ဘာများမတူတာလဲ …”

ရှစ်ယဲ့ တွေဝေသွား၏။


ဝမ်ချီက ဂရုတစိုက်ပြောလိုက်သည်။

“ကျွန်တော်က ကိတ်မုန့်လုပ်တတ်ပါတယ် ...”


ရှစ်ယဲ့ ခဏတိတ်သွားကာ အိုးဟု ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ကောင်းပါတယ် ...”


ဝမ်ချီ  “…”


အဲဒီ့ခွေးမင်းသား ငါ့ကိုလှောင်နေတာ ငါ မကြားလိုက်ဘူး ထင်နေတာလား … 


သို့သော် ထိုအဖြေမှာ အလုပ်ဖြစ်ခဲ့၏။ ရှစ်ယဲ့က ပြန်ထကာ ဘီးတပ်ကုလားထိုင်ပေါ် ထိုင်လိုက်သည်။ သူ့အမူအရာမှာလည်း ပျင်းရိသည့် ပုံစံသို့ ပြန်လည်ရောက်ရှိသွား၏။

“ထတော့ ...”


ဝမ်ချီက မနှောင့်နှေးဝံ့ဘဲ မြန်မြန်ထလိုက်၏။ သူ၏ ကိုယ်အပေါ်ပိုင်းက ဗလာဖြစ်နေပြီး သနားစရာ ငုံးတစ်ကောင်ကဲ့သို့ တုန်ယင်လျက်ရှိသည်။ 


ဝမ်ချီက ငကြောက်တစ်ဦးကဲ့သို့ ငိုနေမိကြောင်း သူ့ကိုယ်သူသိသည်။ သို့သော် ဆက်တိုက်ကျဆင်းလာသည့် မျက်ရည်များကို ထိန်းချုပ်နိုင်စွမ်း မရှိသလို ရှစ်ယဲ့ အရှေ့တွင် ရှိနေသဖြင့် မျက်ရည်သုတ်ဝံ့ခြင်းလည်း မရှိချေ။ 


ရှစ်ယဲ့က ခပ်တိုးတိုးဆို၏။

“ခေါင်းမော့ ...”


ဝမ်ချီက သတ္တိမွေးကာ ခေါင်းကိုမော့၍ ရှစ်ယဲ့အား မျက်ရည်အကြားမှ ကြည့်လိုက်၏။ 


သူ၏ အသားအရည်မှာ ပုံမှန်အားဖြင့် ဖြူဖွေး၏။ သို့သော် အတန်ကြာ ငိုယိုခဲ့ခြင်းကြောင့် နှာခေါင်းထိပ်နှင့် မျက်ဝန်းကလေးများ နီစွေးသွားခဲ့ရသည်။ လက်ရှိအချိန်တွင် သူက ထိတ်လန့်နေသော ယုန်ကလေးနှင့် တူနေလေသည်။  


ဝမ်ချီ၏ အသွင်အပြင်ကြောင့် ရှစ်ယဲ့က သူ၏ ခမည်းတော်နှင့်အတူ အမဲလိုက်ထွက်စဉ်က အဖြစ်အပျက်အား သတိရသွားခဲ့သည်။ ထိုစဉ်က တုံးအသော ယုန်ဖြူတစ်ကောင်က သူစီးလာသည့် မြင်း၏ခြေထောက်ကို ဝင်တိုက်မိခဲ့၏။ ထို့နောက် ခြေလေးချောင်းလုံး တုန်ယင်ကာ သူ့အား မော့ကြည့်လာခဲ့သည်။ အဆိုပါ ယုန်ငတုံး၏ ကြောက်ရွံ့နေသော အမူအရာမှာ သူ့အရှေ့ရှိလူနှင့် တစ်ထပ်တည်းပင်။ 


ဟမ့် … ငတုံးတွေပဲ … 


ဝမ်ချီက မျက်လွှာချကာ ရှစ်ယဲ့၏ အကြည့်ကိုရှောင်ရှားလိုက်သည်။ သို့သော် ရှစ်ယဲ့သူ့အား ခြေဆုံးခေါင်းဆုံး ကြည့်နေဆဲ ဖြစ်ကြောင်း ခံစားမိနေဆဲပင်။ 


မကြာခင်မှာပင် ရှစ်ယဲ့၏ လှောင်သံကို ကြားလိုက်ရပြန်သည်။

“ကြည့်ရတာ မင်းက အသုံးမဝင်တာတော့ မဟုတ်ဘူးပဲ …”


ဝမ်ချီက ခပ်တိုးတိုး နှာခေါင်းရှုံ့ကာ ကျိုးနွံစွာ ပြောလိုက်သည်။

“အရှင့်သားရဲ့ ချီးကျူးမှုက ကျေးဇူးကြီးလှပါတယ်… ”


ရှစ်ယဲ့က ထပ်ပြောလိုက်သည်။

“ပန်ကုန်းက မင်းကိုလှောင်နေတာ …” 


ဝမ်ချီက သူ၏ စကားကို အမြန်ပြောင်းလိုက်သည်။ 

“လှောင်ပြောင်မှုအတွက် ကျေးဇူးကြီးလှပါတယ် … အရှင့်သား … ကျွန်တော်မျိုးက မထိုက်တန်ပါဘူး … ”


ရှစ်ယဲ့  “…”


ရှစ်ယဲ့က သူ့စကားကြောင့် အံ့အားသင့်သွားပုံပေါ်သည်။ ခဏတာ တိတ်ဆိတ်နေပြီးနောက် သူက လက်ဝှေ့ယမ်းကာ ဆို၏။

“ကျိုးရှန်ဆီက အဝတ်တောင်းလိုက် … ”


ဝမ်ချီက ရှစ်ယဲ့ သူ့အား သွားခွင့်ပြုလိုက်ကြောင်း သိလိုက်သည်။ သူ့နှလုံးသားထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွား၏။ သို့သော် သူက ထိုအရာကို သိသိသာသာ ထုတ်မပြဝံ့ချေ။ သူက နှုတ်ခမ်းကိုကိုက်ကာ ဦးညွှတ်၍ တီးတိုးဆိုလိုက်သည်။

“မှန်လှပါ … ”


သို့သော် သူ မသွားရသေးမီ ရှစ်ယဲ့က သူ့ကိုခေါ်လိုက်ပြန်၏။

“ပန်ကုန်း သရက်သီးမကြိုက်ဘူး ...”


ဝမ်ချီက ရှစ်ယဲ့စကား၏ ဆိုလိုရင်းကို နားလည်လိုက်သဖြင့် ကံကောင်းသည်ဟု ခံစားလိုက်ရ၏။ သူ ကိတ်မုန့်လုပ်တတ်ခြင်းက သူ့အသက်အား ကယ်တင်ခဲ့လေသည်။ 

“အရှင့်သား ဘယ်လိုသစ်သီးမျိုးကို နှစ်ခြိုက်ပါသလဲ … ကျွန်တော်မျိုးက သစ်သီးအားလုံးနဲ့ ကိတ်မုန့်လုပ်တတ်ပါတယ် … ”


ရှစ်ယဲ့ မျက်မှောင်ကြုတ်လိုက်၏။

“ပန်ကုန်းက ရှင်းရှင်း ပြောထားတာတောင် မင်းအခုထိ နားမလည်ဘူးပဲ … ”


ဝမ်ချီ ချွေးများစတင်ပြန်လာ၏။


ကံကောင်းစွာဖြင့် ရှစ်ယဲ့က သူ့အား အခက်မတွေ့စေတော့ပဲ ပြောလိုက်သည်။

“ပန်ကုန်း သစ်သီးတွေ မကြိုက်ဘူး ...”


ဝမ်ချီက လျင်မြန်စွာဖြင့် "ဟုတ်ကဲ့"ဟု ဖြေလိုက်ပြီးနောက် စာကြည့်ခန်းအတွင်းမှ ခပ်သုတ်သုတ် ထွက်လာခဲ့လေသည်။ 


စာကြည့်ခန်းအပြင်ဘက်တွင် ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့သည့် မိန်းမစိုးကျိုးနှင့် အခြားလူများက ဝမ်ချီ အကောင်းပကတိအတိုင်း ထွက်လာသည်ကို တွေ့လိုက်ရသည်။ ဝမ်ချီ၏ အပေါ်ပိုင်းဗလာအခြေအနေကို မြင်လိုက်ရသောအခါ သူတို့မျက်ဝန်းများ၌ အံ့အားသင့်မှုများ ထင်ဟပ်သွားကြ၏။ အမြဲတည်ငြိမ်နေတတ်သည့် မိန်းမစိုးကျိုးပင် ဝမ်ချီ့အား အကြိမ်အနည်းငယ်ခန့် ကြည့်နေမိလေသည်။ 


အိမ်ရှေ့စံ၏စကားများကို ဝမ်ချီက ပြန်ပြောလိုက်၍ မိန်းမစိုးကျိုးက အမြန်ပြန်ဖြေလိုက်သည်။

“သခင်လေးဝမ် … ဒီလမ်းကို ကြွပါ ...”


ဝမ်ချီ စိတ်ထင်နေသည်လား မသိ၊ မိန်းမစိုးကျိုး၏ သူ့အပေါ် ဆက်ဆံပုံက ဖားနေသကဲ့သို့ပင်။ 


မိန်းမစိုးများအရှေ့မှ ဖြတ်လာပြီးသည့်နောက် ဝမ်ချီက ဝါးလုံးနှစ်လုံးကြားတွင် ပိတ်ဖြူစခင်းကာ ပြုလုပ်ထားသည့် ထမ်းစင်တစ်ခုအား သတိပြုမိလိုက်သည်။ အဆိုပါ ထမ်းစဉ်အား သူရောက်ခါစက မတွေ့ခဲ့ရချေ။ 


ဝမ်ချီက မေးလိုက်၏။

“မိန်းမစိုးကျိုး … ဒီထမ်းစင်က ဘာအတွက်လဲ …” 


မိန်းမစိုးကျိုးက သူ့ကိုလှည့်ကြည့်ကာ အပြုံးနှင့်ဖြေ၏။ 

“တကယ်တော့ သခင်လေးဝမ်သာ ဒေါင်လိုက်မဟုတ်ဘဲ အလျားလိုက် ထွက်လာခဲ့မယ်ဆိုရင် ဒီထမ်းစင်က သခင်လေးဝမ်ကို လူသေရုံဆီ ပို့ဆောင်ပေးမှာပါ ...”


ဝမ်ချီ : “…”


မိန်းမစိုးကျိုးက သက်ပြင်းချလိုက်သည်။

“ပြောရရင် အိမ်ရှေ့မင်းသားအနားမှာ ဒီလောက်ကြာကြာ နေနိုင်တဲ့လူဆိုလို့ သခင်လေးဝမ်က ပထမဆုံးလူပဲ … သခင်လေးဝမ်က အိမ်ရှေ့စံအတွက် အထူးပုဂ္ဂိုလ်ပဲ ဖြစ်ရမယ် …” 


ဝမ်ချီ တွေးကြည့်လိုက်သည်။ 

တကယ်တော့ ငါက ရှစ်ယဲ့ ဆယ်နှစ်လောက် အိပ်မက်မက်နေရတဲ့ ရန်သူပဲလေ … အဲ့တော့ အထူးပုဂ္ဂိုလ်ပဲပေါ့ … 


မိန်းမစိုးကျိုးက ဝမ်ချီအား အဝတ်လဲလှယ်စေကာ ဝါးပလွေအိမ်တော်သို့ ပြန်လည်ပို့ဆောင်ပေး၏။ အိမ်တော်သို့ ပြန်ရောက်သည့်နောက် ဝမ်ချီ၊ ယောဖန်းနှင့် ယောထောင်တို့ စတင်၍ အလုပ်လုပ်ကြတော့သည်။ 


ဝမ်ချီက ရှစ်ယဲ့အား အလွန်ကြောက်ရွံ့၏။ အဆိုပါ အရူးက မည်သည့်အချိန်တွင် စိတ်ထဖောက်မည်ဖြစ်ကြောင်း မည်သူမှ မပြောနိုင်ချေ။ ထို့ကြောင့် ဝမ်ချီက ရှစ်လက်မ အရွယ်အစားရှိသော ကိတ်မုန့်ကို ပြုလုပ်ကာ ကိတ်မုန့်၏ အပေါ်တွင် ခရင်မ်ထူထူ အုပ်လိုက်သည်။ ထို့နောက် ဂရုတစိုက် ပုံဖော်ကာ ဖင်အန်းမှတစ်ဆင့် မိန်းမစိုး ကျိုး ထံသို့ ပို့ဆောင်စေ၏။ 


နောက်တစ်နေ့ မနက်စောစောတွင် ဝမ်ချီက နံနက်စာ စားနေလေသည်။ ထိုစဉ် ယောဖန်းက အိမ်ရာအတွင်းသို့ အလန့်တကြား ပြေးဝင်လာ၏။  


“သခင်လေးဝမ် … မိန်းမစိုးကျိုး ရောက်နေပါတယ် … ”

ယောဖန်းက စိတ်လှုပ်ရှားမှုဖြင့် ပြောလိုက်သည်။


ဝမ်ချီက ပါးစပ်ထဲရှိ ဆန်ပြုတ်ကိုပင် ထွေးထုတ်မိလုနီးနီး ဖြစ်သွားခဲ့သည်။ ကံကောင်းစွာဖြင့် သူက သူ့ကိုယ်သူ ထိန်းလိုက်ကာ ပန်းကန်ကို အမြန်ချလိုက်၏။ သူ့၏ လက်များကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်ပြီးနောက် ယောဖန်းနှင့်အတူ မိန်းမစိုးကျိုးကို ကြိုဆိုရန် ထွက်လာခဲ့တော့သည်။ 


ခြံဝန်းထဲတွင် မိန်းမစိုးကျိုးက ပုံမှန်အတိုင်း ခံစားချက်ကင်းမဲ့သည့် အမူအရာအား အပြုံးဖြင့် အစားထိုးထားလျက် ရှိနေသည်။ ဝမ်ချီ၏ ပုံရိပ်အား တွေ့လိုက်ရသည်နှင့် သူက စကားစလိုက်၏။ 


“သခင်လေးဝမ် … အိမ်ရှေ့မင်းသားက သခင်လေးအတွက် လက်ဆောင်ပို့ဖို့ ကျွန်တော်မျိုးကို အထူးစေခိုင်းလိုက်တာပါ ...”

မိန်းမစိုးကျိုးက စိတ်လိုလက်ရ ပြုံးလိုက်သည်။

“အရင်ဆုံး သခင်လေးကို ဂုဏ်ပြုပါရစေ ….”


ဝမ်ချီက မိန်းမစိုးများ၏ လက်တွင်းရှိအရာများကို ကြည့်လိုက်သည်။

“ဆုချီးမြှင့်တာလား … ”


“ဒါက အိမ်ရှေ့မင်းသားကို ကောင်းကောင်း ခစားတဲ့အတွက် သခင်လေးဝမ်အတွက် အိမ်ရှေ့မင်းသားကိုယ်တိုင် ချီးမြှင့်လိုက်တာပါ ...သခင်လေးဝမ် … ဆုကို မြန်မြန်လက်မခံသေးဘူးလား … ”

မိန်းမစိုးကျိုးက ပြောသည်။


ဝမ်ချီက မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း မသိသော်လည်း ထိုကိစ္စမှာ နှောင့်နှေးရန် မသင့်တော်ကြောင်း သိရှိထား၏။ သူက မိန်းမစိုးများ၏ လက်တွင်းရှိ အရာများကို ယောထောင်နှင့် ယောဖန်းအား အမြန်လက်လွှဲယူစေ၏။ ယောဖန်းတို့ ပစ္စည်းများကို လက်ခံကာ လှည့်ထွက်သည့် အချိန်တိုင်း မိန်းမစိုးကျိုးက ပစ္စည်း၏ အမည်ကို ကြေငြာပေလိမ့်မည်။  


ဝမ်ချီက ပစ္စည်းများအကြောင်း ရေရေရာရာ မသိထားသော်လည်း ပစ္စည်းများ၏ အသွင်အပြင်နှင့် အမည်ကို သိရုံမျှဖြင့်ပင် တန်ဖိုးကြီးကြောင်း သတိပြုမိလေသည်။ သခင်မရှု အံကြိတ်၍ ထည့်ပေးခဲ့သည့် ခန်းဝင်ပစ္စည်းများက ရှစ်ယဲ့ ပို့လိုက်သည့် ပစ္စည်များကြောင့် သိမ်ငယ်သွားပေလိမ့်မည်ပင်။   


မိန်းမစိုးကျိုးတို့ အဖွဲ့ ဝါးပလွေအိမ်တော်မှ ထွက်သွားပြီးသည့်နောက် ဝမ်ချီက စားပွဲပေါ်ရှိ ပစ္စည်းများကို ကြည့်ကာ စိုးရိမ်စပြုလာ၏။ 


ထိုပစ္စည်းများမှာ ရှစ်ယဲ့က သူ့အား တိတ်တိတ်နေခိုင်းခြင်းပေလောဟု သူခန့်မှန်းလိုက်သည်။ အဆုံးသတ်၌ သူက ရှစ်ယဲ့မှာ မသန်စွမ်းမဟုတ်ကြောင်း မျက်ဝါးထင်ထင် မြင်ခဲ့ရသည်ပင်။ 


သို့သော် ထိုကဲ့သို့ တိတ်တဆိတ် လှုပ်ရှားခြင်းက ရှစ်ယဲ့၏ နည်းလမ်းမဟုတ်ပေ။ သူ၏ စိတ်အခြေအနေအရ ဝမ်ချီအား ငရဲမင်းထံသို့သာ တိုက်ရိုက် ပို့ဆောင်ပေးပေလိမ့်မည်။


ထို့နောက် ရှစ်ယဲ့နှင့် မှူးမတ်များ စတုတ္ထမင်းသားအကြောင်း ဆွေးနွေးစဉ်ကလည်း သူ့အား ထွက်မသွားခိုင်းခဲ့သည်ကို ဝမ်ချီ အမှတ်ရသွားသည်။ 


ဖြစ်နိုင်တာ … 


ရှစ်ယဲ့မျက်လုံးထဲမှာ ငါက ဆွံ့အ နားမကြားများလား … 


ဝမ်ချီက အလွန်စိုးရိမ်နေပြီး ရက်အနည်းငယ်ကြာသည်အထိ မစားနိုင်မသောက်နိုင် ဖြစ်နေခဲ့သည်။ သို့သော် ယောထောင်နှင့် ယောဖန်းတို့ကမူ များစွာ ပျော်ရွှင်နေကာ ကိတ်များကို ပြုလုပ်ရန်ပင် စိတ်အားတက်ကြွနေကြ၏။ 


ဝမ်ချီက ကုလားထိုင်ပေါ်တွင် ဝမ်းနည်းသော အမူအရာဖြင့် ရှိနေသည်။ သူက သကြားလွှာများအား မွမ်းမံနေသည့် ယောထောင်နှင့် ယောဖန်းတို့အား ကြည့်နေလေသည်။ 

“ကမ္ဘာကြီးအကြောင်း ဘာမှမသိတဲ့ မိန်းကလေးဖြစ်ရတာ ကောင်းလိုက်တာ ...”


ထိုအရာကို ကြားသောအခါ ယောဖန်းက အပြစ်ကင်းစွာဆိုသည်။

“သခင်လေးဝမ်က ဒီအစေခံတို့ကို အားကျစရာ မလိုပါဘူး… ပြောရရင် သခင်လေးဝမ်လည်း မိန်းကလေးတစ်ဝက်ပဲလေ ...”


ဝမ်ချီ၏ မျက်နှာက အနက်ရောင်လိုင်းများဖြင့် ပြည့်နှက်သွားသည်။

“ဒါဆို မင်းပြောပုံအရ ငါက ယောက်ျားမဟုတ်၊ မိန်းမမဟုတ်ပေါ့ … ”


ယောဖန်းက အမြန်ခေါင်းယမ်းကာ လှိုက်လှိုက်လှဲလှဲ ဆို၏။

“သခင်လေးဝမ်က ကလေးမွေးနိုင်တယ်လေ … ဒါက မိန်းကလေးတစ်ဝက်ပဲမဟုတ်လား … ”


ဝမ်ချီ : “……”


သူက ဤကမ္ဘာထဲတွင် ယောက်ျားမဟုတ်၊ မိန်းမမဟုတ်သည့် တည်ရှိမှုဖြစ်ကြောင်း သူမေ့သွားခဲ့၏။ 


ဝမ်ချီ စိုးရိမ်နေဆဲမှာပင် သခင်ရင်းသည်လည်း သူ့အလုပ်သူ လုပ်နေခဲ့သည်။ မကြာမီမှာပင် ဝမ်ချီအား မင်းကြီး၏ အပါးတော်မြဲ မိန်းမစိုးထံမှ စာပို့လာ၏။ မင်းကြီးက ဝမ်ချီအား တွေ့ချင်နေခြင်း ဖြစ်သည်။



💮💮💮