Chapter 20
Viewers 7k

💮Chapter 20



ဤသို့ဖြင့် နောက်တစ်နေ့ နံနက်ခင်းတွင် ဝမ်ချီက စောစောစီးစီးထကာ တစ်နာရီကြာ အချိန်ယူ၍ ဆေးကြောသန့်စင်ခဲ့သည်။ ထို့နောက် မင်းကြီးနှင့် သွားတွေ့ရန် အသင့်ပြင်နေ၏။ သူ ခြံဝန်းအတွင်းသို့ခြေချလိုက်သည်နှင့် ရှစ်ယဲ့နှင့် မိန်းမစိုးကျိုးတို့အား တွေ့လိုက်ရမည်ဟု မထင်ထားခဲ့ပေ။ နံဘေးတွင် ယောထောင်၊ ယောဖန်းနှင့် ဖင်အန်းတို့က တုန်တုန်ယင်ယင်ဖြင့် ခေါင်းငုံ့လျက်ရှိကြသည်။ 


တစ်ခဏချင်းဆိုသလိုပင် ဝမ်ချီက ဝိညာဉ်လွင့်မတတ် ကြောက်ရွံ့သွားရ၏။


ရှစ်ယဲ့က ရေခဲပြာရောင် ဝတ်ရုံအား ဝတ်ဆင်ထားသည်။ ဝတ်ရုံ၏ အနားသတ်တွင် နှင်းဖြူရောင် ပန်းကြိုးများဖြင့်  အနားကွပ်ထားကာ ကျော့ရှင်းသော ဝါးရွက်ပုံစံများ ရိုက်ခတ်ထား၏။ ရှည်လျားနက်မှောင်သည့် ဆံနွယ်များကိုမူ ဖြူဆွတ်ဆွတ်ကလစ်ဖြင့် ထိန်းထားလျှက် ရှိပြီး ရှင်းလင်းပြေပြစ်သော မျက်နှာသွင်ပြင်ကို ထင်ရှားစေလျက်ရှိသည်။ 


သူ့မျက်နှာ၏ တစ်ဝက်နီးပါး ဖုံးအုပ်လျှက်ရှိသော မီးလောင်ရာများကြောင့် မဟုတ်လျှင် ရှစ်ယဲ့ မည်မျှ ချောမောနေမည်ဖြစ်ကြောင်း ဝမ်ချီ ခန့်မှန်းမရနိုင်ပေ။ 


မူလတွင် ရှစ်ယဲ့က အဝေးရှိ ဂန္ဓမာပန်းရိုင်းများကို ငေးနေ၏။ ဝမ်ချီ၏ခြေသံကို ကြားရသည့်နောက် သူ၏ အေးစက်စက် အကြည့်သည်လည်း ဝမ်ချီ့ကိုယ်ပေါ်သို့ ကျရောက်လာသည်။  


ဝမ်ချီက ခဏကြာ တောင့်ခဲသွားပြီးနောက် နှုတ်ဆက်လိုက်၏။

“အိမ်ရှေ့စံမင်းသား … ”


ရှစ်ယဲ့က ခပ်တိုးတိုး ဟမ့် ကနဲ့ အသံပြုလိုက်သည်။ ထို့နောက် ခွေးကလေးတစ်ကောင်ကို ခေါ်နေသကဲ့သို့ ဝမ်ချီအား လက်ယပ်ခေါ်လိုက်၏။

“ဒီကိုလာ ...”


ဝမ်ချီက လိပ်ကလေးကဲ့သို့ တွန့်ဆုတ်သော ခြေလှမ်းများဖြင့် ဖြည်းဖြည်းချင်း လှမ်းလာခဲ့သည်။ သို့သော် ရှစ်ယဲ့နှင့် သူ့ကြားရှိ အကွာအဝေးမှာ များများစားစား မရှိသည့်အလျောက် မကြာခင်မှာပင် ရှစ်ယဲ့အရှေ့သို့ ရောက်ရှိသွား၏။ 


ထိုအချိန်တစ်လျှောက်လုံး ရှစ်ယဲ့က ဝမ်ချီအား ကြည့်နေခဲ့သည်။ နေရောင်ခြည်အောက်တွင် သူ့မျက်ဝန်းများက နက်ရှိုင်းသော ရေပြင်ပမာ ငြိမ်သက်နေ၏။ 


ဝမ်ချီ အလွန်ကြောက်ရွံ့သွားသည်။ သူက လမ်းလျှောက်နေရင်း ခြေထောက်များ ပျော့ခွေလာပြီး ဒူးထောက်လိုက်မိ၏။


ရှစ်ယဲ့က ထိုအခြင်းအရာကြောင့် ဟားတိုက်ရယ်လိုက်သည်။

“မင်းကိုယ်မင်း ကြည့်စမ်း … ကြွက်တစ်ကောင်ထက်တောင် တုန်နေသေးတယ် … ဒီလိုပုံနဲ့ မင်းကြီးဆီကို သံတော်ဦးတင်ဖို့ ဘယ်က သတ္တိတွေ ရလာတာတုန်း … ”


ထိုစကားများကြောင့် ဝမ်ချီ၏ မျက်နှာတစ်ခုလုံး ဖြူလျော်သွား၏။ တစ်ချိန်ထဲမှာပင် သူက အံ့အားသင့်သွားရသည်။ သူ … ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန်သိသွားတာလဲ…


ရှစ်ယဲ့က ဝမ်ချီ၏ သံသယများကို ခံစားမိဟန်ဖြင့် ရှေ့သို့ ကိုယ်ကိုကိုင်းလိုက်သည်။ ထို့နောက် စိတ်ကောင်းဝင်နေဟန်ဖြင့် ဆို၏။

“ပန်ကုန်းမပါဘဲ မင်းကြီးကို တွေ့ချင်တိုင်း တွေ့လို့ရမယ်လို့ မင်းထင်တာလား … ”


ဝမ်ချီ စိတ်ထဲမှ တွေးလိုက်သည်။

အဲလို မရဘူးလား …


ထိုအချိန်မှာပင် မိန်းမစိုးကျိုးက ဝင်ပြော၏။

“ သခင်လေးဝမ်က အခု အိမ်ရှေ့စံရဲ့ လူပါ… အိမ်ရှေ့စံမင်းသားရဲ့ ခွင့်ပြုချက်မပါဘဲ အရှင်မင်းကြီးတောင်မှ သခင်လေးဝမ်ကို မတွေ့နိုင်ပါဘူး … ”


ဝမ်ချီ   “…”


အဲဒီ့ခွေးမင်းသားရဲ့မျက်နှာ ဒီလောက်ကြီးမှန်း ဘာလို့ စောစော မသိခဲ့ပါလိမ့် … 


ရှစ်ယဲ့က ဝမ်ချီ၏ အရုပ်ဆိုးသော မျက်နှာလေးကို ကျေနပ်သည်အထိ ရှု့စားလိုက်ပြီးနောက် ပြော၏။

“ထ  ထ … ပန်ကုန်းနောက်က လိုက်ခဲ့ … မင်းကြီးကို သွားတွေ့ရအောင် ....”


ဝမ်ချီက ခေါင်းငုံ့ကာ နာခံလိုက်သည်။

“ဟုတ်ကဲ့ပါ ...”


မိန်းမစိုးကျိုးက ရှေ့မှဦးဆုံး လှည့်ထွက်သွားသည်။ နန်းတွင်းအပျိုတော်က ရှစ်ယဲ့၏ ဘီးတပ်ကုလားထိုင်ကို တွန်းကာ မိန်းမစိုးကျိုးအနောက်မှ လိုက်ပါသွား၏။ ဝမ်ချီက သူ့အနောက်မှ ခပ်သွက်သွက် လိုက်ပါလာလေသည်။  


အရှေ့နန်းတော်နှင့် တော်ဝင်စာကြည့်ဆောင်ကြားရှိ အကွာအဝေးမှာ မနည်းလှချေ။ အတန်ကြာ လမ်းလျှောက်ပြီးသည့်နောက် စာကြည့်ဆောင်သို့ ရောက်လာချိန်တွင် ဝမ်ချီ၏ ခြေထောက်များ ရောင်နေပြီဖြစ်သည်။


စာကြည့်ဆောင်အပြင်ဘက်တွင် စောင့်နေသည့် မိန်းမစိုးက သူတို့လာရောက်သည်ကို တွေ့ချိန်၌ အတွင်းဘက်သို့ ဝင်၍ အကြောင်းကြား၏။ ထို့နောက် သူတို့အား စာကြည့်ဆောင် အတွင်းသို့ ဖိတ်ခေါ်လိုက်လေသည်။ 


တော်ဝင်စာကြည့်ဆောင်က အိမ်ရှေ့မင်းသား၏ စာကြည့်ဆောင်ထက် ပို၍ ခမ်းနားသည်။ နံရံများက ဝမ်ချီ တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသည့် ပန်းချီကားများဖြင့် ပြည့်နှက်နေ၏။ ထို့အပြင် မြင်မြင်ရာနေရာတိုင်း ရွှေရောင်ပြောင်ဝင်းလျက် ရှိလေသည်။ 


ဝမ်ချီက အကြည့်ကို ရုတ်သိမ်းကာ ရှစ်ယဲ့၏ဘီးတပ်ကုလားထိုင် အနောက်မှ လိုက်ပါလာသည်။ 


သူက လက်ရှိကမ္ဘာသို့ ရောက်၍ ဘယ်လောက်မှ မကြာသေးခင် မင်းကြီးနှင့် တွေ့ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ဘုရင်ကို အဖော်ပြုခြင်းမှာ ကျားကို အဖော်ပြုခြင်းနှင့် တူသည်ဟု ပြောကြသော်လည်း ဘုရင်၏ စိတ်အခြေအနေကပင် အိမ်ရှေ့စံမင်းသား၏ စိတ်အခြေအနေထက် ပို၍တည်ငြိမ်မည်ဟု ဝမ်ချီ တွေးလိုက်မိသည်။ 


မလွယ်ကူသော နှလုံးသားဖြင့် ဝမ်ချီက သူ့အရှေ့ရှိ လူ ရပ်သည်နှင့် ရပ်လိုက်၏။ 


ထိုအချိန်မှာပင် ရှစ်ယဲ့၏ အေးစက်စက်အသံ ထွက်ပေါ်လာသည်။

“ခမည်းတော် … ”


ထို့နောက် ဘာမှဆက်မပြောတော့ပေ။


ဒါပဲလား …


ဝမ်ချီ၏ နဖူးထက်မှ ချွေးစေးများ ကျဆင်းလာ၏။ 

အိမ်ရှေ့စံမင်းသားက ဒီလောက်ထိ မာနကြီးလို့ ရလို့လား… သူက ဘုရင်ကိုတောင် မျက်နှာသာမပေးဘူး …


ပို၍ အံ့အားသင့်စရာ ကောင်းသည်မှာ မင်းကြီးက အိမ်ရှေ့စံ၏ အကျိုးအကြောင်းမသင့်မှုကို ဂရုစိုက်ပုံမရချေ။ ထိုသူက ပြုံးလျက်ပြော၏။

“အိမ်ရှေ့စံ ရောက်လာပြီလား … ဒီကိုလာပါဦး ...”


အပျိုတော်က ဘီးတပ်ကုလားထိုင်ကို အရှေ့သို့ တွန်းပေးလိုက်၏။ မိန်းမစိုးကျိုးနှင့်အတူ ဒူးထောက်နေသည့် ဝမ်ချီက တိတ်တဆိတ် မတ်တပ်ထလိုက်သည်။ 


ဝမ်ချီက ခြေချောင်းများကိုသာ မြင်နိုင်သည်အထိ ခေါင်းငုံ့ထားသည်။ မကြာမီမှာပင် မင်းကြီး၏ ရယ်မောသံကို ကြားလိုက်ရ၏။

“မနေ့ကပဲ အရည်အသွေးကောင်းတဲ့ လုံကျင်းလက်ဖက်ရည်တွေ ဆက်သထားတယ် … အိမ်ရှေ့စံ မြည်းစမ်းကြည့်ပါဦး ...”


ကံမကောင်းစွာဖြင့် ရှစ်ယဲ့ကမူ ဆန့်ကျင်ဘက်သာ ဆိုသည်။

“အားချန်က လက်ဖက်ရည် မနှစ်သက်ပါဘူး …” 


 ( အားချန်ဆိုတာက သားတော်လို့ ရည်ညွှန်းတာပါ)


စာကြည့်ဆောင်အတွင်းရှိ လေထုက ခဏတာ တောင့်ခဲသွားပြန်၏။ ထို့နောက် ဘုရင်က ရယ်လိုက်သည်။

“အိုး … ဒါက ကိုယ်တော့်ရဲ့ ပေါ့ဆမှုပါ … ကိုယ်တော် မေ့သွားတာ … ဒီဌာပနာမုန့်ကိုရော ဘာလို့ မမြည်းကြည့်သလဲ … ဒါကို ကိုယ်လုပ်တော်ရုန် လုပ်ထားတာလေ … ”


မင်းကြီး၏ စကားဆုံးသည်နှင့် ငွေခေါင်းလောင်းများနှင့် တူသည့် ရယ်သံလွင်လွင်ကလေး ထွက်ပေါ်လာသည်။ ကိုယ်လုပ်တော်ရုန်က ရှက်ရွံ့စွာဆို၏။

“အရှင်က ချီးကျူးလွန်းနေပါပြီ … ဒီကိုယ်လုပ်တော် လုပ်ခဲ့တာလေးက မပြောပလောက်ပါဘူး …”


“ကိုယ်လုပ်တော်က နှိမ့်ချလွန်းတာပါ … တကယ်ဆို ချီးကျူးခံထိုက်ပါတယ် … ” 

မင်းကြီးက အိမ်ရှေ့စံအား လှည့်ပြောလိုက်ပြန်၏။ 

“အိမ်ရှေ့မင်းသား … ဒါကိုမြည်းကြည့်ပါဦး … ”


“နေပါစေတော့ ...”

ရှစ်ယဲ့က မလှုပ်မရှား ရှိနေဆဲပင်။

“ဖခမည်းတော်က အားချန်ကို တစ်ယောက်ယောက်ကို ခေါ်လာဖို့ ပြောခဲ့တာမဟုတ်လား … အားချန် သူ့ကို ခေါ်လာခဲ့ပါပြီ … ”


ထိုအခါမှသာ မင်းကြီးက ဝမ်ချီ၏ တည်ရှိမှုအား သတိပြုမိသွား၏။ သူက ဝမ်ချီအား ကြည့်လိုက်သည်။

“မင်းက သာသနာရေးဝန်ကြီး လက်ထောက် ဝမ်ချန်ချင်းရဲ့သား ဝမ်လျန်လား …”


ဝမ်ချီက ပြောလိုက်သည်။

“အရှင်မင်းကြီးကို လျှောက်တင်ပါတယ် … ဝမ်လျန်က ကျွန်တော်မျိုးပါ … ”


မင်းကြီးက ပြောလိုက်သည်။

“လာထိုင်ပါ …” 


နံဘေးရှိ နန်းတွင်းသူက ခွေးခြေတစ်လုံးကို အမြန်ယူကာ ရှစ်ယဲ့၏ ဘီးတပ်ကုလားထိုင်ဘေး၌ ဂရုတစိုက် ချပေးလိုက်သည်။ 


“အရှင်မင်းကြီး … ကျေးဇူးကြီးလှပါတယ် ...”

ဝမ်ချီက စကားဆုံးသည်နှင့် ထိုင်ခုံထံ လျှောက်သွားကာ ထိုင်ချလိုက်သည်။ ထို့နောက် ခေါင်းကို မော့ကြည့်လိုက်၏။ ထိုအခါမှသာ စာကြည့်ဆောင်၏ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရတော့သည်။ ထိုနေရာ၌ မင်းကြီးတစ်ယောက်တည်းသာ ရှိနေခြင်းမဟုတ်ဘဲ ကြော့ရှင်းစွာ ဆင်ယင်ထားသည့် မိန်းမလှတစ်ဦးနှင့် ချောမောသော အမျိုးသားငယ်တစ်ဦးပါ ရှိနေခြင်းဖြစ်၏။ 


ထိုအမျိုးသမီးက ကိုယ်လုပ်တော်ရုန် ဖြစ်ပုံရသည်။ 


သူမ နံဘေးရှိ လူငယ်ကမူ … 


ဝမ်ချီ မှန်းသည်သာ မှန်ကန်ပါက ထိုအမျိုးသားက ဝတ္ထုထဲရှိ အဓိကဇာတ်ဆောင် ရှစ်ကျင်း ဖြစ်နိုင်၏။ ထို့အတူ သူက ကိုယ်လုပ်တော်ရုန်၏ သားလည်း ဖြစ်ပေသည်။ 


ဝမ်ချီက ထိုအမျိုးသား၏ နှုတ်ခမ်းကို မသိမသာ ကြည့်လိုက်၏၊ အမျိုးသား၏ နှုတ်ခမ်းအောက်ဘက်တွင် သိသာသော မှဲ့နက်တစ်လုံး ရှိနေလေသည်။ 


ထိုသူမှာ ရှစ်ကျင်းပင်။ 


ရှစ်ကျင်းက သူ့အကြည့်ကို ခံစားမိဟန်ဖြင့် သူ့အား လှည့်ကြည့်လာ၏။ 


ဝမ်ချီက အကြည့်ကို ခပ်သွက်သွက် ရုတ်သိမ်းလိုက်သည်။ သူ့နှလုံးသားက ရင်ဘတ်အတွင်းမှ ခုန်ထွက်တော့မတတ် ခုန်ပေါက်နေ၏။ 


နောက်တစ်စက္ကန့်မှာပင် သူက တစ်စုံတစ်ခုကို အာရုံခံမိသွားသည်။ ထို့ကြောင့် ရှစ်ယဲ့ဘက်သို့ လှည့်ကြည့်လိုက်ချိန်တွင် သူ၏ လှုပ်ရှားမှုသေးသေးလေးများကို မြင်တွေ့သွားသကဲ့သို့ မေးထောက်ကာ ကြည့်နေသည့် ရှစ်ယဲ့အား တွေ့လိုက်ရ၏။ 


ဝမ်ချီ : “…”


ဘာလို့ ငါအမြဲ တစ်ခုခုကို ခိုးလုပ်တိုင်း လူမိသွားသလို ခံစားရတာလဲ … 


ကံကောင်းစွာဖြင့် မင်းကြီးနှင့် ကိုယ်လုပ်တော်ရုန်ကမူ ၎င်းကို သတိမပြုခဲ့မိကြချေ။ ကိုယ်လုပ်တော်ရုန်နှင့် စကားဆိုပြီးသည့်နောက် ဘုရင်က ဝမ်ချီအား မေးလိုက်၏။

“ကျင်းကျိုးက ကျိုင်းကောင်ကပ်ဘေးကို ဖြေရှင်းဖို့ မင်းအကြံပေးခဲ့တယ်လို့ သခင်ရင်းဆီကတစ်ဆင့် ကိုယ်တော် ကြားခဲ့တယ် … ”


ဝမ်ချီ အမြန်ပြောလိုက်သည်။

“ဒီနိမ့်ကျတဲ့လူက တစ်ခု နှစ်ခုပဲ ထောက်ပြခဲ့ရုံပါ မင်းကြီး ...”


“ကိုယ်လုပ်တော်ရုန်နဲ့ နိမ့်ကျတာကို ပြောပြီးရုံရှိသေး … မောင်မင်းက စလာပြန်ပြီလား … ”

မင်းကြီး၏ မျက်နှာဝိုင်းဝိုင်းက ကြင်နာတတ်သော ဖခင်တစ်ဦးကဲ့သို့ ခံစားချက်ကို ပေးစွမ်းလျက်ရှိသည်။ သူက ပြုံးလျှက်မိန့်ဆို၏။

“သခင်ရင်းက ကိုယ်တော့်ကို အားလုံးပြောခဲ့ပြီးပြီ … မောင်မင်းရဲ့နည်းလမ်းက ရေရှည်ဖြေရှင်းချက် ဖြစ်နေတာ နှမြောစရာပဲ … ကိုယ်တော့်ကို အသေးစိတ်တင်ပြစေ ...”


ဝမ်ချီက မှန်လှပါ ဟု ဆိုကာ အသေးစိတ် ရှင်းပြလိုက်သည်။ 


မည်သည့်ခေတ်၌ဖြစ်စေ၊ ကျိုင်းကောင်အန္တရာယ်က အသစ်အဆန်း မဟုတ်ချေ။ နှစ်ဆယ့်တစ်ရာစုရှိ လူများပင် သီးနှံများကို ရိတ်သိမ်းရာ၌ ကျိုင်းကောင်အန္တရာယ်ကို ကာကွယ်နေရဆဲဖြစ်၏။


အမှန်စင်စစ်တွင် ဝမ်ချီက ကျိုင်းကောင်ကပ်ဘေးနှင့် ပတ်သက်၍ မသင်ကြားခဲ့ဖူးချေ။ သို့သော် သူက ဝေ့ပေါ်သုံးနေစဉ် ဘလော့ဂါတစ်ဦး၏ အကျဉ်းချုပ်ဖော်ပြချက်ကို တွေ့ခဲ့ဖူး၏။ ထိုနည်းလမ်းများမှာ လူများ ဆယ်စုနှစ်နှင့်ချီ၍ အသုံးပြုခဲ့သော နည်းလမ်းများ ဖြစ်ကြသည်။ သူက ၎င်းတို့ကို ချရေးခဲ့ဖူး၏။


ထောင်ခြောက်ဆင်ဖမ်းခြင်း၊ မီးမြှိုက်၍သတ်ခြင်း၊ ကိရိယာများနှင့် သတ်ဖြတ်ခြင်း စသည့်နည်းလမ်းများဖြင့် နှိုင်းယှဉ်လျှင် ဥများကို ဖျက်ဆီးခြင်းက ပို၍ထိရောက်၏။ ကျိုင်းကောင်များက စိုစွတ်သော မြေပေါ်တွင် ဥဥရသည်ကို နှစ်သက်ကြသည်။ အထူးသဖြင့် ရေကြီးသည့်နှစ်များတွင်ဖြစ်သည်။ အပင်တစ်ပင်မှ မရှိသည့်အပြင် ရေဖြင့်စိုစွတ်နေသည့် မြေပြင်က ကျိုင်းကောင်များအတွက်  ဥဥရာနယ်မြေ ဖြစ်လေသည်။ 


ထိုသို့သော မြေအနေအထားကို လျှော့ချရန် အကောင်းဆုံး နည်းလမ်းမှာ ရေကိုထိန်းသိမ်းခြင်းနှင့် သစ်ပင်စိုက်ခြင်းတို့ ဖြစ်ကြ၏။ 


ဝမ်ချီက သူ၏ ကိုယ်ပိုင်အမြင်များကို ထည့်သွင်းကာ ဂရုတစိုက် ရှင်းပြလိုက်သည်။ ဇာတ်လမ်းတစ်ခုကဲ့သို့ သေသေချာချာ ပြောပြနေခြင်းဖြစ်ရာ ဘုရင်နှင့် စတုတ္ထမင်းသားသာမက မည်သည်ကိုမှ မသိထားသည့် ကိုယ်လုပ်တော်ရုန်ပင် စိတ်ဝင်တစား နားထောင်လာ၏။ 


ဝမ်ချီ စကားဆုံးသည့်နောက် မင်းကြီးသာမက ရှစ်ကျင်းပါ တိတ်ဆိတ်သွားကြသည်။ ထို့နောက် သူတို့က ဝမ်ချီအား အကြည့်တစ်မျိုးဖြင့် ကြည့်လာကြ၏။ 


အတန်ကြာသည့်နောက် ဘုရင်က နှလုံးသားအတွင်းရှိ စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းကာ တည်ငြိမ်စွာ မေးလိုက်သည်။ 

“မောင်မင်း … ဒီနည်းလမ်းကို ဘယ်ကသင်ခဲ့တာလဲ ...”


ဝမ်ချီက ပြင်ဆင်ထားပြီးသား အဖြေကို ပြန်ဖြေလိုက်သည်။

“အရှင်မင်းကြီးကို လျှောက်တင်ပါတယ် … ဒီ နိမ့်ကျတဲ့လူက စာအုပ်အမျိုးမျိုးကို ဖတ်ရတာ နှစ်ခြိုက်ပါတယ် … ဒီအကြံဉာဏ်တွေအားလုံးက နိမ့်ကျတဲ့လူ ဖတ်ခဲ့တဲ့ စာအုပ်တွေကို ခွဲခြမ်းစိတ်ဖြာထားတာပါ …” 


ဘုရင်က စိတ်ပါလက်ပါ ရယ်မောလိုက်သည်။ 

“ကောင်းတယ် … အရမ်းကောင်းတယ် …”


သူက စိတ်လှုပ်ရှားမှုကို မဖုံးဖိတော့ဘဲ နံဘေးရှိ မိန်းမစိုးကို မိန့်လိုက်၏။

“ရုန်လင်… ဖန်းဝင့်ခန်းနဲ့ ရင်ချုန်းကို ခေါ်လိုက် … မြန်လေ... ကောင်းလေပဲ ..” 


စာကြည့်ဆောင်အတွင်းမှ မိန်းမစိုးက ပြေးထွက်သွား၏။ 


မင်းကြီးက ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ဝမ်ချီအား ပြောလိုက်သည်။

“မောင်မင်းက တကယ့်ကို ကိုယ်တော့်ရဲ့ ကယ်တင်ရှင်ပဲ … မောင်မင်းလိုချင်တာပြောစေ … ကိုယ်တော် ဆုချမယ်…” 


ဝမ်ချီက ချက်ချင်း ဒူးထောက်လိုက်သည်။

“အရှင်မင်းကြီးနဲ့ ပြည်သူတွေရဲ့ စိုးရိမ်မှုကို လျှော့ချပေးနိုင်တာက ဒီလူရဲ့ ကံကောင်းမှုပါပဲ … ဒီလူက ဘယ်ဆုကိုမှ မတောင်းဝံ့ပါဘူး …အရှင့်အနေနဲ့ ဒီနိမ့်ကျတဲ့လူ လုပ်ခဲ့တဲ့ ပြစ်မှုကိုသာ ခွင့်လွှတ်ပေးစေချင်ပါတယ် …” 


မင်းကြီး ကြောင်အသွား၏။

“ဘယ်လိုပြစ်မှုမျိုးလဲ …” 


“ဒီ … ဒီနိမ့်ကျတဲ့လူ …”

ဝမ်ချီက ရုတ်တရက် စကားထစ်သွားကာ ထိတ်လန့်လာ၏။ သူက မသိစိတ်ဖြင့် ရှစ်ယဲ့အား ကြည့်လိုက်မိသည်။ 


ရှစ်ယဲ့ကမူ မေးထောက်လျက်သာ သူ့အား ကြည့်နေ၏။ 


အစမှအဆုံးအထိ ရှစ်ယဲ့က အပြင်လူအနေဖြင့်သာ ကြည့်နေသည်။ သူ့အကြည့်များက ဝမ်ချီ့အပေါ်၌ မြဲမြံနေသော်ငြား ဝမ်ချီ့ကို ကြည့်နေခြင်းမဟုတ်ဘဲ အခြားလူတစ်ဦးကို မြင်ယောင်နေခြင်းနှင့်တူ၏။ 


ရုတ်တရက်ဆိုသလို သူက လွန်ခဲ့သောဆယ်နှစ်က ရှစ်ယဲ့၏ ရန်သူနှင့် တူသည်ဟူသော စကားကို ဝမ်ချီ အမှတ်ရလာသည်။ 


ရှစ်ယဲ့က သူ့ကိုဖြတ်၍ ရန်သူအား ကြည့်နေပုံရ၏။ 


“ပြောပါ …”

မင်းကြီး၏အသံက ဝမ်ချီအား အတွေးနစ်နေရာမှ ရုန်းထွက်နိုင်စေခဲ့သည်။

“ကိုယ်တော် မင်းကို ကူညီနိုင်ကောင်း ကူညီနိုင်မှာပေါ့ …” 


ဝမ်ချီက ကြမ်းနှင့်ဦးတိုက်ကာ ရဲဝံ့စွာ ပြောလိုက်၏။

“ကျွန်တော်မျိုးလူက အပြစ်ရှိပါတယ် … ကျွန်တော်မျိုးက ဝမ်မိသားစုရဲ့ ပထမဆုံးသား ဝမ်လျန်မဟုတ်ပါဘူး … ဒီနိမ့်ကျတဲ့လူက ကိုယ်လုပ်တော်ဖွားသား ဝမ်ချီပါ … ကျွန်တော်မျိုးက အစ်ကိုဖြစ်သူ ဝမ်လျန်ရဲ့နေရာကိုယူပြီး အရှေ့နန်းတော်နဲ့ လက်ထပ်ခဲ့ရပါတယ် … ဒီနိမ့်ကျတဲ့လူက သေသင့်ပါတယ် …” 


ကိုယ်လုပ်တော်ရုန်နှင့် ရှစ်ကျင်းတို့သည်လည်း ထိတ်လန့်သွားကာ တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်မိကြသည်။ 


မင်းကြီး၏ မျက်ဝန်းများမှာလည်း မှုန်မှိုင်းသွားသည်။

“ဘာပြောလိုက်တာလဲ …” 


ဝမ်ချီက ကြမ်းပေါ်၌သာ ဝပ်နေပြီး အနည်းငယ်မျှပင် မော့မကြည့်ဝံ့ချေ။ 


လက်ရှိအချိန်၌ သူက ရှစ်ယဲ့၏ အကြည့်ကို ရင်မဆိုင်ဝံ့၍ ရှစ်ယဲ့သူ့အား မည်သည့်အမူအရာဖြင့် ကြည့်နေမည်ကိုလည်း တွေးပင်မတွေးဝံ့ချေ။ 


💮💮💮


စာရေးသူမှာ ပြောစရာရှိပါတယ် … 


ကျိုင်းကောင်ကပ်ဘေးနဲ့ ပတ်သတ်တဲ့အကြောင်းအရာက “British Newspaper Sister” ဝေ့ပေါ်ကနေ သိရတာပါ … စိတ်ဝင်စားစရာကောင်းပါတယ် …