💮Chapter 21
အချိန်များက အလွန်နှေးကွေးစွာ ဖြတ်သန်းနေသကဲ့သို့ ထင်ရ၏။
ဝမ်ချီက ချွေးစေးများဖြင့် ရွှဲနစ်နေသည်။ သူ၏ လက်များပင် တုန်ယင်နေ၏။
မင်းကြီး အမိန့်မပေးဘဲ သူ မထဝံ့ချေ။
သို့သော် အကြောင်းရင်းအချို့ကြောင့် သူက မင်းကြီးထက် ရှစ်ယဲ့၏ တုန့်ပြန်မှုကို ပိုကြောက်နေမိသည်။ လိမ်ညာမှုကို အပြစ်ပေးသည့်အနေဖြင့် ရှစ်ယဲ့ သူ့အား အရေခွံခွာမည်ကို တွေးလိုက်မိချိန်တွင် ဝမ်ချီ အရေပြားများပင် ထုံထိုင်းလာ၏။
ဝူး … ဝူး … ဝူး … ကြောက်ဖို့ကောင်းလွန်းတယ် …
အတန်ကြာသည်အထိ မင်းကြီးနှင့် ကိုယ်လုပ်တော်ရုန်က တစ်ခွန်းမှ မပြောခဲ့ကြပေ။
အခြားတစ်ဖက်တွင်မူ ဝမ်ချီက ကြောက်ရွံ့နေရာမှ တဖြည်းဖြည်း တည်ငြိမ်လာသည်။ သူက သေသွားလျှင်ပင် ကိစ္စမရှိဟု တွေးလိုက်၏။ မည်သို့ပင်ဖြစ်စေ၊ လက်ရှိကမ္ဘာ၌ အချိန်တော်တော်များများ နေခဲ့ပြီးပြီဖြစ်သည်။
ထိုသို့တွေးပြီးနောက် ဝမ်ချီက အသက်ပြင်းပြင်း ရှုထုတ်ကာ သက်သောင့်သက်သာဖြင့် ဒူးထောက်လိုက်၏။
သို့သော် ဘုရင်နှင့် ကိုယ်လုပ်တော်ရုန်တို့က အလွန်ထိတ်လန့်သွားရသည့် အလျောက် တိတ်ဆိတ်သော နေရာတစ်ခုထံသို့ သွားနှင့်ကြပြီဖြစ်ကြောင်း ဝမ်ချီမသိချေ။ ဝမ်ချီ၏အရှေ့တွင်ထိုင်နေသည့် စတုတ္ထမင်းသား ရှစ်ကျင်းနှင့် အိမ်ရှေ့စံရှစ်ယဲ့တို့သာ စာကြည့်ဆောင်အတွင်း၌ ကျန်ရစ်ခဲ့ကြ၏။
အဆုံးသတ်တွင် ရှစ်ကျင်းက အဆိုပါ ကိစ္စနှင့်မည်သို့မှ မသက်ဆိုင်ချေ။ ဝန်ခံမှုကြောင့် ထိတ်လန့်သွားသည့်နောက်တွင် သူက ပြတင်းပေါက်ကိုသာ တွေဝေသော အမူအရာဖြင့် ငေးကြည့်နေ၏။
ရှစ်ယဲ့၏အကြည့်ကမူ ဝမ်ချီ့ကိုယ်ပေါ်၌သာ မြဲမြံစွာ ကျရောက်နေသည်။ သူက ဝမ်ချီ၏ ကျောက်တုံးကဲ့သို့ တောင့်တင်းနေရာမှ မြေစေးကန်တစ်ခုသဖွယ် ပျော့ပျောင်းသွားသည့် ကိုယ်ဟန်ကို မေးထောက်လျက် ကြည့်နေ၏။ တစ်ဖက်လူကမူ သူ၏ ပြောင်းလဲမှုအား မည်သူကမှ သတိမထားမိဟု ထင်နေပုံရသည်။
ရှစ်ယဲ့က လက်သီးဆုပ်ကို ပါးစပ်နား ကပ်လိုက်သည်။
“အဟမ်း –“
ဝမ်ချီ ချက်ချင်းတောင့်တင်းသွား၏။
သို့သော် မကြာမီမှာပင် သူက ဖြည်းဖြည်းချင်း သက်သောင့်သက်သာ ဖြစ်သွားပြန်သည်။
ရှစ်ယဲ့ : “အဟမ်း အဟမ်း —”
ဝမ်ချီ ထပ်မံတောင့်တင်းသွားရပြန်သည်။
ရှစ်ယဲ့က နှုတ်ခမ်းထောင့်တွင် ပေါ်လာသည့် အပြုံးကို မသိမသာ လက်ဖြင့်ကွယ်လိုက်သည်။
ရှစ်ကျင်းက သူ၏ ခြိမ်းခြောက်တတ်၍ တမူထူးသော အစ်ကိုတော်က ဒူးထောက်နေသည့် ဝမ်ချီအား ကြည့်နေသည်ကို သတိပြုမိလိုက်သည်။ သူ၏ အကြည့်မှာ ယခင်ကဲ့သို့ ထူးမခြားနားမဟုတ်ဘဲ တစ်စုံတစ်ရာ ထူးခြားနေ၏။
ရှစ်ကျင်းက ထိုသို့သောအကြည့်မျိုးကို အစ်ကိုဖြစ်သူ၏ မျက်နှာထက်တွင် ပထမဆုံး တွေ့ဖူးခြင်းဖြစ်၍ ကြောင်အသွား၏။
ရှစ်ယဲ့က သူ့အကြည့်ကို ခံစားမိလိုက်ပုံပေါ်သည်။ နှုတ်ခမ်းထက်ရှိ အပြုံးမှာ တစ်မဟုတ်ချင်း ပျောက်ကွယ်သွားပြီးနောက် အေးစက်စက်အကြည့်ဖြင့် ရှစ်ကျင်းအား ကြည့်လိုက်လေသည်။
ရှစ်ယဲ့၏ မျက်ဝန်းနက် တစ်စုံနှင့် ရင်ဆိုင်ရချိန်တွင် ရှစ်ကျင်းက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို တစ်ဖက်လူက ထိုးထွင်းမြင်နိုင်သကဲ့သို့ ခံစားလိုက်ရသည်။ သူက ချွေးများဖြင့် အမြန်အကြည့်လွှဲလိုက်၏။
သေချာတယ် …
သူ့အစ်ကိုက အရင်အတိုင်းပဲ … နည်းနည်းလေးတောင် ပြောင်းလဲမသွားဘူး …
ထိုအချိန်မှာပင် စိတ်တည်ငြိမ်သွားပုံရသည့် မင်းကြီးနှင့် ကိုယ်လုပ်တော်ရုန်တို့က အတွင်းခန်းအတွင်းမှ ထွက်ပေါ်လာသည်။
မင်းကြီး၏ အမူအရာမှာ လေးနက်နေသည်။ သူ့မျက်ခုံးကြားရှိ 川 ပုံသဏ္ဌာန်က သံသည် သံမဏိဖြစ်မလာသည့်အတွက် မုန်းတီးမှုနှင့် နောင်တရမှုတို့ကို ဖော်ပြလျက်ရှိသည်။ သူက ဝမ်ချီအား ကြည့်လိုက်၏။
အိမ်ရှေ့စံက တော်ဝင်မိသားစု တစ်ခုလုံးကို ကိုယ်စားပြုသည်။ တရားဝင်သားနှင့် ကိုယ်လုပ်တော်ဖွားသားကို လဲလှယ်ကာ အရှေ့နန်းတော်နှင့် လက်ထပ်စေသည့် ဝမ်မိသားစု၏ အပြုအမူမှာ အိမ်ရှေ့စံအား လှည့်ဖြားခြင်းဖြစ်၏။ သူတို့က တော်ဝင်မိသားစုနှင့် မင်းကြီးအား လှည့်စားခဲ့ခြင်းဖြစ်တော့သည်။ ဘုရင်ကို လှည့်စားသည့် ပြစ်ဒဏ်မှာ မည်သို့ရှိမည်ကို ဝမ်ချီမသိပေ။
ဝမ်မိသားစုက မင်းကြီးကိုသာ လှည့်စားခဲ့ခြင်း ဖြစ်လျှင် ဝမ်ချီ၏ လောလောလတ်လတ် အကျိုးပြုထားခြင်းကြောင့် ပြစ်ဒဏ်လျော့ပေါ့ပေဦးမည်။ သို့သော် လက်ရှိကိစ္စ၌ အိမ်ရှေ့စံလည်း ပါဝင်ပတ်သတ်နေ၏။
မင်းကြီးက မည်သို့တွေးစေကာမူ အိမ်ရှေ့စံ ပါဝင်နေသည့် ကိစ္စအား ဤအတိုင်း မကျော်သွားဝံ့ချေ။
“မင်းက မင်းကြီးကိုတောင် လှည့်စားနေပြီပဲ … မင်း မလုပ်ရဲတာ ရှိသေးရဲ့လား … မနက်ဖြန် ပုန်ကန်မှုစတင်ဖို့ အကွက်ချထားပြီလား … ”
ထို့နောက် မင်းကြီးက မိန်းမစိုး တစ်ဦးကို ခေါ်လိုက်သည်။
“ဝမ်ချန်ချင်းကို ဆင့်ခေါ်လိုက်စမ်း … သူ့ကို သူ့ရဲ့သားလိမ္မာကို ပြရမယ် … ဘယ်နေရာက ရောက်လာခဲ့လို့ ကိုယ်တော်နဲ့ ကိုယ်တော့်ရဲ့ အိမ်ရှေ့စံကို လှည့်စားရဲတာလဲ… ”
“မှန်လှပါ ...”
မိန်းမစိုးက ဦးညွှတ်ကာ ဖြေလိုက်သည်။
သို့သော် မိန်းမစိုး မထွက်သွားမီ ရှစ်ယဲ့က ဝင်ပြောလိုက်သည်။
“ခဏလေး …”
ထိုအရာကို ကြားသည်နှင့် မင်းကြီး၊ ကိုယ်လုပ်တော်ရုန်၊ ရှစ်ကျင်းတို့က ရှစ်ယဲ့အား ကြည့်လိုက်ကြ၏။
ကြောက်လွန်း၍ ထုံနေသည့် ဝမ်ချီက အသက်အောင့်ကာ သေဒဏ်အား စောင့်နေမိ၏။
နောက်တစ်စက္ကန့်တွင် ရှစ်ယဲ့၏အသံကို သူကြားလိုက်ရသည်။
“မင်း အရင်ထပါ ...”
ဝမ်ချီက ရှစ်ယဲ့၏ အတွေးများကို ခန့်မှန်းနိုင်မည် မဟုတ်ကြောင်း သူ့ကိုယ်သူ သိ၏။ သူက နာနာခံခံ ထရပ်လိုက်သည်။ သို့သော် ကျိုးနွံသော မျက်ဝန်းများဖြင့် ခေါင်းကို တွင်တွင် ငုံ့ထားဆဲပင်။
ရှစ်ယဲ့က ရယ်လိုက်သည်။
“ဒီလို ကြောက်တတ်ပုံမျိုးနဲ့ … ပန်ကုန်းကိုမြင်တိုင်း မင်းက အက်ကြောင်းတစ်ခုထဲ ဝင်ပုန်းဖို့ မစောင့်နိုင်လောက်အောင် ဖြစ်နေတာ … မင်းအကြိမ်တစ်ထောင် သတ္တိရှိရင်တောင် ဒီလိုညာရဲမှာ မဟုတ်ဘူး … ပြော … မင်းကို ဒီလိုလုပ်ဖို့ ဘယ်သူ ညွှန်ကြားခဲ့သလဲ … ”
ဝမ်ချီ “…”
သူ ထိတ်လန့်သွားသည်။
အိမ်ရှေ့စံက ဒါကို ဖော်ထုတ်ပစ်ဖို့ မစောင့်နိုင်တော့ဘူးလား … ငါ့ကို အပြစ်ပေးဖို့ အလျင်လိုနေပြီလား …
ရှစ်ယဲ့က ဝမ်ချီ၏ အဖြေကို မစောင့်နေခဲ့ပေ။ သို့သော် သူက ဝမ်ချီအား စိတ်မပျက်စေခဲ့ချေ။
“ဝမ်ချန်ချင်းက မင်းကိုခိုင်းတာလား … ”
ဝမ်ချီ : “…”
“ဒါပဲလေ … ဝမ်ချန်ချင်းက လူကောင်းတစ်ယောက် မဟုတ်မှန်း ပန်ကုန်းသိသားပဲ … သူ့ရဲ့ ဗိုက်နဲ့အူတွေက ပန်းတွေနဲ့ပြည့်နေတာ … ပန်ကုန်းက အရှေ့နန်းတော်ထဲမှာ ပိတ်မိနေတယ်လို့ ကြားတာနဲ့ သူက သူ့ရဲ့ အဖိုးတန်သားကို ပေးဖို့ တွန့်ဆုတ်သွားတယ်ပေါ့လေ … ဒါပေမယ့် ပြောရရင် …”
ရှစ်ယဲ့ အသံက တဖြည်းဖြည်း အေးစက်လာသည်။
“သူ့ဇနီးကရော ဝမ်ချန်ချင်းလုပ်တဲ့ ကိစ္စတွေကို ဘယ်လိုလုပ် မသိဘဲနေမှာလဲ … သူ့ရဲ့ အဖိုးတန်သားကရော မသိတာ ဖြစ်နိုင်ပါ့မလား … ပန်ကုန်း အမြင်အရ ဝမ်မိသားစုထဲက ဘယ်သူမှ မလွတ်ကင်းကြဘူးပဲ …”
ဝမ်ချီ : “…”
ရှစ်ယဲ့က ရုတ်တရက် ခေါ်လိုက်သည်။
“ဝမ်ချီ ...”
ဝမ်ချီ ထိတ်လန့်သွား၏။
“ဟုတ်ကဲ့ ...”
ရှစ်ယဲ့ နှာခေါင်းရှုံ့လိုက်၏။
“မင်းလိုမျိုး ဦးနှောက်မရှိတဲ့ အရူးသာ တခြားလူတွေ ပြောတဲ့အတိုင်း လုပ်ခဲ့ရတာ … အရှေ့နန်းတော်ကို လာခိုင်းတော့ လာလိုက်ရတာပဲ မဟုတ်လား … နောက်ဆက်တွဲဖြစ်ရပ်တွေကို မင်းသိခဲ့လို့လား … ”
ဝမ်ချီ ကြောင်အသွားကာ မသိစိတ်ဖြင့် ပြန်ဖြေလိုက်သည်။
“ကျွန်တော်မျိုးက အကြိမ်တစ်ထောင် သေဆုံးသင့်ပါတယ် …”
“အခုတောင် မင်းက သူတို့အတွက် ပြောပေးချင်သေးတာလား … မင်းက မင်းအသက်နဲ့ သူတို့ကိုယ်စား အပြစ်ခံယူပေးချင်တာ မဟုတ်လား … မင်း ကိုယ့်အင်အားကိုယ် မသိဘူးပဲ ...”
ရှစ်ယဲ့က အေးစက်စက် ပြောလိုက်သည်။
ဝမ်ချီ “…”
မဟုတ်ပါဘူး … ဘယ်ကသာ …
“ကောင်းပြီ … မင်းကိုယ်မင်း အပြစ်ရှိတယ် ခံစားနေရမှာပဲ … ဒီလောက်တောင် ဝမ်မိသားစု ကိုယ်စား အပြစ်ခံယူချင်မှတော့ ပန်ကုန်း မင်းကို အပြစ်ပေးမယ် …”
ခဏအကြာ၌ ရှစ်ယဲ့က ခပ်ဖြည်းဖြည်းပြောသည်။
“မင်းကောင်းကောင်းနေပြီး ဝမ်မိသားစု တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားတာကို ကြည့်ရမယ် … မင်းကြီးကို လှည့်စားတဲ့လူတွေကတော့ သေဒဏ်အပေးခံရမယ် ...”
မင်းကြီးက အချိန်ကိုက် ဝင်ရောက်ပြောဆိုလာ၏။
“အိမ်ရှေ့စံ ပြောတာ သင့်လျော်တယ် ...”
ဝမ်ချီ ထိတ်လန့်သွား၏။ ရှစ်ယဲ့က ဝမ်မိသားစုအား သေဒဏ်ပေးမည်ဟု ပြောခြင်းကြောင့် မဟုတ်ဘဲ ဗီလိန်ကြီး ရှစ်ယဲ့က အဓိကဇာတ်ဆောင်အား ဇာတ်ကြောင်းအစကတည်းက သတ်ချင်နေ၍ ဖြစ်သည်။
အဆိုပါ ဆန်းကျယ်သောတွန်းအားကြောင့် သက်ရောက်မခံခဲ့ရပါက ဝမ်ချီက ဘာမှမသိသလို နေခဲ့မိပေလိမ့်မည်။ သို့သော် ဝမ်လျန်၌ စနစ်ရှိနေ၏။ ထိုသူကဲ့သို့ အဓိကဇာတ်ဆောင်က ဗီလိန်ထံမှ သေမိန့်ချရုံဖြင့် သေသွားမည်မဟုတ်ပေ။ ထိုသူကသာ ဗီလိန်နှင့် အမြောက်စာ ဇာတ်ကောင်လေးကို ပြန်သတ်သွားမည်ပင်။
“အရှင်မင်းကြီး … ”
ဝမ်ချီက မြန်မြန်ဒူးထောက်လိုက်သည်။ သို့သော် သူက သင့်လျော်သည့် အကြောင်းပြချက်ကို ရုတ်တရက် ရှာမတွေ့ခဲ့ချေ။ ထို့ကြောင့် ဦးတိုက်၍သာ ကန်တော့လိုက်၏။
“ကျွန်တော်မျိုး ခဏတာ ရှုပ်ထွေးသွားခဲ့ပါတယ် … အရှင်မင်းကြီး ခွင့်လွှတ်ပေးပါ … ”
ရှစ်ယဲ့က သူ့အား အေးစက်စက် ကြည့်လိုက်သည်။
“ဝမ်မိသားစုက မင်းကိုတကယ်ပဲ ပြုစားလိုက်တာပဲ … မင်းက သူတို့ကိုကာကွယ်ဖို့ အသက်စွန့်ချင်နေတာလား …”
“ဟုတ်တယ် …စိတ်ကောင်းရှိတဲ့ လူတွေက အသုံးချခံရတာပါပဲ … မောင်မင်း ဘာတွေ ရှုပ်ထွေးနေရသလဲ …”
မင်းကြီးကလည်း ဝင်ပြော၏။
ဝမ်ချီ : “…”
ဝမ်ချီ စိတ်ထင်ခြင်းပေလောမသိ၊ မင်းကြီးက နံရံကပ်ပန်းနှင့် တူ၏။ အဆိုပါ နံရံကပ်ပန်းက အိမ်ရှေ့စံ၏ လေတိုက်ခတ်ရာအရပ်သို့ ဦးလှည့်သွားလေ့ရှိသည်။
“မင်းကြီး … အိမ်ရှေ့စံမင်းသား … ဒီလိုဆိုရင်ရော … ”
နံဘေးရှိ ကိုယ်လုပ်တော်ရုန်က သတိကြီးစွာ ဝင်ပြောသည်။
“ဝမ်မိသားစုက ဘုရင်နဲ့ အိမ်ရှေ့စံကို လှည့်စားခဲ့ကြတယ်… ဘုရင်နဲ့ အိမ်ရှေ့စံကို လှည့်စားမှုအတွက် သေဒဏ်က အသင့်တော်ဆုံးပဲ … ဒါပေမယ့် သစ္စာရှိပြီး ထက်မြက်တဲ့ သားတစ်ယောက်လုံးက ဝမ်မိသားစုအတွက် တောင်းဆိုပေးနေမှတော့ သေဒဏ်က လွတ်ငြိမ်းခွင့်ပေးလိုက်ပြီး ကြီးလေးတဲ့ အပြစ်ဒဏ်တစ်ခုပဲ ချမှတ်လိုက်ရင်ရော…အရှင်မင်းကြီးနဲ့ အိမ်ရှေ့မင်းသားတို့ ဘယ်လိုယူဆပါသလဲ…”
ကိုယ်လုပ်တော်ရုန်က ထိုစကားကို ရှင်ဘုရင်အား ကြည့်၍ ပြောလိုက်ခြင်းဖြစ်သော်ငြား ရှစ်ယဲ့ကိုပါ သတိကြီးကြီးဖြင့် ကြည့်လိုက်၏။
ဘုရင်သည်လည်း မင်းသားကို ကြည့်လိုက်သည်။
သို့သော် ရှစ်ယဲ့က ဝမ်ချီ့ကိုသာ ကြည့်နေ၏။
“ဘယ်လိုထင်လဲ … ”
ဝမ်ချီက အမြန်ပြောလိုက်သည်။
“ကျေးဇူးကြီးလှပါတယ် အရှင်မင်းကြီး … ကျေးဇူးကြီးလှပါတယ် အရှင့်သား … ကျေးဇူးကြီးလှပါတယ် ကိုယ်လုပ်တော်ရုန် … ”
ထိုစဉ် မိန်းမစိုးတစ်ဦး ဝင်လာကာ မင်းကြီး ဆင့်ခေါ်လိုက်သည့် ဖန်းဝင့်ခန်းနှင့် ရင်ချုန်းတို့က စာကြည့်ဆောင် အပြင်ဘက်တွင် စောင့်ဆိုင်းနေကြကြောင်း လျှောက်တင်လိုက်သည်။ သူတို့က ကျင်းချိုးရှိ ကျိုင်းကောင်ကပ်ဘေးကို ဆွေးနွေးလိုကြခြင်းပင်။
မင်းကြီးက သူကိုင်တွယ်ရမည့် ကိစ္စများ ရှိသေးကြောင်း သတိရသွားသည်။ သူက လက်ယမ်းကာ ပြန်ခွင့်ပြုလိုက်၏။
“မင်းတို့ အရင်သွားနှင့်ကြ … ဝမ်မိသားစုကို ဘယ်လိုအပြစ်ပေးမလဲဆိုတာ ကိုယ်တော် စဉ်းစားမယ် … ”
ကိုယ်လုပ်တော်ရုန်နှင့် ရှစ်ကျင်းတို့က အရိုအသေပေး၍ ဦးစွာထွက်သွားကြသည်။
ဝမ်ချီက ရှစ်ယဲ့၏ ဘီးတပ်ကုလားထိုင် အနောက်မှ ယောင်ဝါးဝါးဖြင့် လိုက်ပါလာ၏။ သူက ရှစ်ယဲ့ စကားအနည်းငယ်ပြောရုံဖြင့် ရေစီးကြောင်းကို လှည့်ပြောင်းကာ သူ့အား ဤကိစ္စမှ လွတ်မြောက်စေမည်ဟု မမျှော်လင့်ထားခဲ့ပေ။
ရှစ်ယဲ့က သူ့အပေါ် ဒေါသအထွက်ဆုံးနှင့် အသတ်ချင်ဆုံးလူ ဖြစ်လိမ့်မည်ဟု ယူဆထားခဲ့သည်။
သူတို့ မသွားမီ မင်းကြီးက ဝမ်ချီ့ကိုတားကာ ဆုံးမ၏။
“လူတွေက တခြားလူကို အနိုင်ကျင့်ရတာ နှစ်သက်ကြတယ် … ခိုင်းကောင်းတဲ့မြင်းက လေးလံတဲ့ဝန်အားလုံးကို သယ်ရသလိုမျိုးပေါ့ … အခြားလူတွေကို အန္တရာယ်မဖြစ်စေချင်တာနဲ့ မင်းကိုယ်မင်း ဘေးမသင့်ပါစေနဲ့ ...”
ဝမ်ချီ : “…”
အဆိုပါ ကြီးမားလှသည့် နားလည်မှုလွဲခြင်းက သူ့အား ပြောစရာစကားမဲ့စေ၏။
ခဏအကြာ၌ ဝမ်ချီက တီးတိုးဆိုလိုက်သည်။
“အရှင်မင်းကြီး ဆုံးမမှုအတွက် ကျေးဇူးကြီးလှပါတယ် ...”
တော်ဝင်စာကြည့်ဆောင်မှ ထွက်လာသည့်နောက် ဝမ်ချီက အပြင်ဘက်တွင် စောင့်နေသည့် သခင်ရင်းနှင့် အခြားအမှုထမ်းနှစ်ဦးကို တွေ့လိုက်ရသည်။ သူ့အကြည့်နှင့် ဆုံသွားသည့်အခိုက် သခင်ရင်းက ခေါင်းညိတ်ပြလာ၏။
ဝမ်ချီက ခေါင်းညိတ်ပြကာ မိန်းမစိုးကျိုးအနောက်မှ လိုက်ပါလာသည်။
သူက ခေါင်းအနည်းငယ်မော့ကာ ရှေ့သို့ ကြည့်လိုက်၏။ မိန်းမစိုးကျိုးက ဘီးတပ်ကုလားထိုင်နံဘေးတွင် လမ်းလျှောက်လျက် ရှိနေပြီး အပျိုတော်တစ်ဦးကမူ ဘီးတပ်ကုလားထိုင်အား တွန်းပေးလျက်ရှိ၏။ သူက ဘီးတပ်ကုလားထိုင် လက်ရမ်းပေါ်တွင် တင်ထားသည့် ရှစ်ယဲ့၏ လက်မောင်းကိုလည်း တွေ့လိုက်ရသည်။ ပြီးပြည့်စုံသော လက်ချောင်းထိပ်ကလေးများက လက်ရန်းပေါ်သို့ ပုံမှန် ကျဆင်းလျက်ရှိ၏။
အဆိုပါလက်က အားအင်များစွာ စိုက်ထုတ်ရန်ပင် မလိုအပ်ဘဲ ရွယ်ရှန်း၏ အသက်ကို ယူဆောင်သွားခဲ့သည်။
ဝမ်ချီ တွေးလေလေ၊ ကြက်သီးထလာလေပင်။ ရှစ်ယဲ့သာ မေးခွန်းထုတ်ရန် အစပျိုးလာပါက အဆင်ပြေမည်ဖြစ်သော်ငြား တစ်ဖက်လူက မည်သည့်မေးခွန်းကိုမှ မေးမလာခဲ့သလို၊ သူနှင့်ဝမ်လျန်တို့ လူစားလဲခြင်းကိုလည်း ထုတ်ပြောမလာခဲ့ပေ။
တစ်ခါတစ်ရံ မသိခြင်းက သိနေရခြင်းထက် ပို၍ကြောက်စရာ ကောင်းသည်။ အထူးသဖြင့် သူက ရှစ်ယဲ့၏ အတွေးများကို မမှန်းတတ်ချေ။
အရှေ့နန်းတော်သို့ ရောက်ချိန်၌ ရှစ်ယဲ့က သူ့အား လိုက်ပါရန် ခွင့်မပြုခဲ့ဘဲ မိန်းမစိုးကျိုးကိုသာ ဝမ်ချီအား ဝါးပလွေ အိမ်တော်သို့ ပြန်လည်ပို့ဆောင်ရန် စေခိုင်းလိုက်၏။
အပျိုတော်က ရှစ်ယဲ့၏ဘီးတပ်ကုလားထိုင်ကို တွန်းလိုက်စဉ် ဝမ်ချီက အော်ပြောလိုက်သည်။
“အရှင့်သား … ”
နန်းတွင်းသူက ရပ်သွား၏။ သို့သော် ဘီးတပ်ကုလားထိုင်ကိုမူ လှည့်မလာခဲ့ပေ။
ဝမ်ချီ ဒူးထောက်ချကာ ပြောလိုက်သည်။
“ကျွန်တော်မျိုး ကိုယ့်အမှားကိုယ် သိပါပြီ ….”
ခဏအကြာတွင် ရှစ်ယဲ့၏ ဩရှသောအသံထွက်ပေါ်လာသည်။
“မင်းရဲ့ အမှားက ဘာလဲ …”
ဝမ်ချီက ခေါင်းကိုမြေကြီးနှင့်ထိကာ ဝပ်တွားလိုက်သည်။
“ကျွန်တော်မျိုး အရာရာတိုင်းကို မှားယွင်းခဲ့ပါတယ် ...”
ရှစ်ယဲ့ လက်မြှောက်လိုက်သည်နှင့် နန်းတွင်းသူက ဘီးတပ်ကုလားထိုင်အား လှည့်ပေးလိုက်၏။
ရှစ်ယဲ့က ဝမ်ချီအား တည်ငြိမ်စွာကြည့်ကာ လက်ယပ်ခေါ်လိုက်သည်။
“ဒီကိုလာ ...”
ဝမ်ချီက ဒူးထောက်လျက်သား လှမ်းလာ၏။
“…” ရှစ်ယဲ့၏ တည်တံ့သော နှုတ်ခမ်းထောင့်စွန်းများ လှုပ်စိစိဖြစ်သွားရသည်။
“ပန်ကုန်းက မတ်တပ်ရပ်ပြီးလာခိုင်းတာ ...”
ဝမ်ချီ မတ်တပ်ရပ်လိုက်ပြီးနောက် အပြေးကလေး သွားလိုက်၏။
💮💮💮
စာရေးသူမှာ ပြောစရာရှိပါတယ် …
ဝမ်ချီ : ကျွန်တော်က အရမ်းအပိုးကျိုးတာ …