💮Chapter 22
ဝမ်ချီက ရှစ်ယဲ့သူ့အား တစ်ခုခုပြောလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် ရှစ်ယဲ့က သူ့ထံသို့ လက်ကိုသာ ဆန့်တန်းလိုက်၏။
“အရှင့်သား …”
ဝမ်ချီက မသိစိတ်ဖြင့် ငုတ်တုတ်ထိုင်ကာ မျက်နှာကို ရှေ့တိုးပေးမိ၏။
မကြာမီမှာပင် သူ့မျက်နှာထက်၌ အေးစက်စက် အထိအတွေ့ကို ခံစားလိုက်ရသည်။ အဆိုပါ အေးစက်မှုက သူ့မျက်နှာအား တဖြည်းဖြည်း ရစ်ပတ်လာ၏။ ရှစ်ယဲ့၏ လက်က သူ့ပါးပြင်အား အမှန်တကယ် ထိတွေ့ခဲ့ခြင်းပင်။
ဝမ်ချီ ခေါင်းမော့လိုက်သည်။ သူ့မျက်ဝန်းများထဲတွင် အံ့အားသင့်ရိပ်များ ဖြတ်ပြေးနေ၏။
“မင်းရဲ့ အမှားကိုဝန်ခံချင်တဲ့စိတ်ကြောင့် ပန်ကုန်း မင်းကို ခွင့်လွှတ်ပေးလိုက်မယ် …”
ရှစ်ယဲ့ မျက်ဝန်းများကို မှေးကျဉ်းလိုက်ပြီး သူ့နှုတ်ခမ်းက အနည်းငယ် စေ့ပိတ်လျက်ရှိသည်။ သူ၏ မျက်တောင်ရှည်များကမူ မျက်ဝန်းနက်တစ်စုံအား ဆီးကာလျက်ရှိ
ပေ၏။ သူ့အသံက တည်ငြိမ်စွာ ထွက်ပေါ်လာသည်။
“အခု… မင်း အမှားကို ဘယ်လိုပေးဆပ်ဖို့ စိတ်ကူးထားလဲ… ”
စကားဆုံးသည်နှင့် အေးစက်စက်အထိအတွေ့က ဝမ်ချီ၏ ပါးပြင်ပေါ်သို့ ရောက်ရှိလာ၏။
ဝမ်ချီက နှလုံးသားထဲတွင် စိမ့်ဝင်လာသည့် အကြောက်တရားကို ဖိနှိပ်လိုက်သည်။ သူ့တစ်ကိုယ်လုံးမှာ တုန်ယင်လျက်ရှိ၏။ သူက နှုတ်ခမ်းကို အသာကိုက်ရင်း ရှစ်ယဲ့အား ကြည့်ကာ အလွန်ကိုင်းရှိုင်းသော အမူအရာဖြင့် ပြောလိုက်သည်။
“အရှင့်သား ကျွန်တော်မျိုးကို ဘယ်လိုမျိုး ပေးဆပ်စေချင်ပါသလဲ … ”
“အခုတော့ ပန်ကုန်းကို မေးခွန်းပြန်ထုတ်တတ်နေပြီပေါ့လေ … ”
ရှစ်ယဲ့ နှာခေါင်းရှုံ့လိုက်၏။ သူက ဝမ်ချီ၏ မေးကို ခပ်တင်းတင်းညှစ်ကာ ဝမ်ချီအား ခေါင်းမော့စေရန် တွန်းအားပေးလိုက်သည်။
“ပန်ကုန်းခိုင်းတာ လုပ်မှာလား … ”
ဝမ်ချီ၏ မျက်ဝန်းများက ပြတ်သားလျက်ရှိ၏။
“ကျွန်တော်မျိုး လုပ်နိုင်ပါတယ် ...”
ရှစ်ယဲ့ မျက်ခုံးပင့်လိုက်သည်။
“အိုး …”
ဝမ်ချီ တုန်ယင်လာ၏။
“ကျွန်တော် … ကျွန်တော်မျိုး လုပ်နိုင်မှာပါ … ”
ရှစ်ယဲ့က သူ့အား အမူအရာကင်းမဲ့စွာ စိုက်ကြည့်နေသည်။
ဝမ်ချီက သူရဲဘောကြောင်သူ တစ်ဦးဖြစ်၏။ သူသာ ကြောင်တစ်ကောင်ဆိုပါက သူ့နားရွက်ကလေးများက ကုပ်ကျနေပေလိမ့်မည်။ သူက ဗလုံးဗထွေး ရေရွတ်လိုက်၏။
“ကျွန်တော် …အကောင်းဆုံး ကြိုးစားမှာပါ …”
ရှစ်ယဲ့က ဝမ်ချီ၏ အပြုအမူမှာ ရယ်စရာကောင်းသည်ဟု တွေးလိုက်မိ၍ ကျယ်လောင်စွာ ရယ်လိုက်၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြေလျော့သွားခဲ့သည်။ သူ၏ မျက်နှာတစ်ခြမ်းရှိ အပြာရောင်အမာရွတ်များမှာ ကြောက်မက်ဖွယ်ပင် ဖြစ်သော်ငြား ကျန်မျက်နှာတစ်ဖက်ကမူ အလွန် ကြည့်ကောင်းလှ၏။ ဝမ်ချီပင် ငေးကနဲ့ ဖြစ်သွားရလေသည်။
ရှစ်ယဲ့က ရယ်ချင်စိတ်ကို ထိန်းကာဆိုသည်။
“စိတ်ကိုလျှော့ထားပါ … မင်းကို ပန်ကုန်းက အရမ်းခက်တာတွေ ခိုင်းပါ့မလား ...”
ဝမ်ချီ ချက်ချင်းသတိပြန်ဝင်လာကာ စိုးရိမ်စိတ်ဝင်လာ၏။
ထို့နောက် ရှစ်ယဲ့က ဝမ်ချီ၏ မေးဖျားကို ဖျစ်ညှစ်ရာ၌ အားပိုစိုက်လိုက်၏။ မျက်ဝန်းနက်တစ်စုံမှာ ဝမ်ချီ၏ စိတ်ဝိဉာဉ်အား ဖောက်ထွင်းမြင်နိုင်သည့်အလား နက်ရှိုင်းလှသည်မှာ အဆုံးမဲ့နေသကဲ့သို့ပင်။
ဝမ်ချီက ရှစ်ယဲ့အား ဤအတိုင်း စိုက်ကြည့်နေမိသည်။
“ပန်ကုန်းက မင်းရဲ့အတိတ်ကို ဂရုမစိုက်ဘူး … ဒါပေမယ့် အရှေ့နန်းတော်ကို ဝင်လာပြီးကတည်းက မင်းက ပန်ကုန်းနဲ့ သက်ဆိုင်တယ် ...”
ရှစ်ယဲ့၏ အသံမှာ ကြမ်းရှနေသော်လည်း ညှို့ငင်မှုတစ်မျိုး ကိန်းအောင်းနေသကဲ့သို့ပင်။ သို့သော် တစ်မဟုတ်ချင်းဆိုသလို ထိုအသံက အေးစက်သွား၏။
“ဒီလိုဆိုတော့ ပန်ကုန်း သေခိုင်းရင် မင်း သေရမယ် … ပန်ကုန်း အသက်ရှင်ခွင့်ပေးရင် မင်း အသက်ရှင်ရမယ် … ပန်ကုန်း မင်းထက်အရင် သေသွားခဲ့ရင်လည်း မင်း ပန်ကုန်းနောက် လိုက်ခဲ့ရမယ် … ”
ဝမ်ချီ “…”
“ပြောပါဦး … ”
ရှစ်ယဲ့က အပြုံးကို
ရုတ်သိမ်းကာ ဝမ်ချီအား အမူအရာ မဲ့ဟန်ဖြင့် ကြည့်လိုက်သည်။
“မင်းအဲဒီ့လို လုပ်နိုင်လား … ”
“ကျွန်တော် …”
ဝမ်ချီ ပါးစပ်ဟလိုက်သော်ငြား စကားတစ်ခွန်းပင် ပြောမထွက်လာခဲ့ပေ။ ရှစ်ယဲ့၏ မှုန်မှိုင်းသော အကြည့်အောက်၌ပင် သူ့နဖူး၌ ချွေးများ စိမ့်ထွက်လာသည်။ သူက ရှစ်ယဲ့ ထိုသို့ပြောလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။
“မလုပ်နိုင်ဘူးလား … မင်းမလုပ်နိုင်ရင်လည်း အဆင်ပြေပါတယ် …”
ရှစ်ယဲ့ မျက်နှာပျက်ယွင်းသွား၏။ သူ့မျက်ဝန်းထဲရှိ တစ်စုံတစ်ရာက အနည်ထိုင်သွားကာ နောက်သို့ ဆုတ်လိုက်သည်။
“ကျိုးကျစ် … သွားမယ် ...”
“မှန်လှပါ ...”
ဘီးတပ်ကုလားထိုင်ကို တွန်းသည့် အပျိုတော်က ပြန်ဖြေလိုက်၏။ ထို့နောက် ကုလားထိုင်ကို အသာတွန်းလိုက်သည်။
နန်းတွင်းသူက ဘီးတပ်ကုလားထိုင်အား အကွာအဝေးတစ်ခုသို့ တွန်းသွားချိန်အထိ ဝမ်ချီ တွေဝေလျက် ရှိနေ၏။ ခဏအကြာတွင် မမြင်နိုင်သည့် လက်တစ်ဖက်က သူ့နောက်ကျောအား တွန်းထုတ်လိုက်သလို ခံစားလိုက်ရသည်။ သူက အမြန်ထ၍ ရှစ်ယဲ့၏ ခြေထောက်များပေါ်သို့ သူ့ကိုယ်သူ ပစ်ဝင်စေကာ ပြောလိုက်၏။
“အရှင့်သား … ကျွန်တော်မျိုး လုပ်နိုင်ပါတယ် … ”
ကျိုးကျစ်က ဘီးတပ်ကုလားထိုင်ကို ရပ်ကာ မိန်းမစိုးကျိုး၏အနောက်သို့ သွားရပ်လိုက်သည်။
ရှစ်ယဲ့က ကိုယ်ကိုကိုင်းလျက် ဝမ်ချီ၏မေးကို ဖျစ်ညှစ်လိုက်သည်။ သူက အမောတကော ဖြစ်နေသည့် ဝမ်ချီအား အမူအရာ ကင်းမဲ့စွာ စိုက်ကြည့်လိုက်၏။
ဝမ်ချီ၏ မျက်နှာတစ်ခုလုံး ဖြူလျော်လျက်ရှိသည်။ သူ့နားရှိ ဆံစများသည်လည်း ချွေးဖြင့် ရွှဲစိုနေ၏။ လက်ရှိအချိန်၌ အဆိုပါ တောက်ပသော မျက်ဝန်းများက ရှစ်ယဲ့တစ်ဦးထဲကိုသာ မြင်နိုင်သကဲ့သို့ ကြည့်နေလေသည်။
ဝမ်ချီက ရှစ်ယဲ့၏ ခြေထောက်ကို တုန်ယင်နေသော လက်များဖြင့် ဆုပ်ကိုင်လိုက်သည်။ သူက သတ္တိမွေးကာ ပြောလိုက်၏။
“အိမ်ရှေ့စံ ရှိနေတဲ့ အရပ်မှာ ကျွန်တော်မျိုး ရှိနေပါ့မယ် … အိမ်ရှေ့စံ သေဆုံးသွားခဲ့ရင်လည်း ကျွန်တော်မျိုး လိုက်ခဲ့ပါ့မယ် … ”
ရှစ်ယဲ့က သူ့အား တိတ်ဆိတ်စွာ ကြည့်နေသည်။
ဝမ်ချီကမူ ရှစ်ယဲ့အား ခေါင်းမာစွာ စိုက်ကြည့်နေ၏။
ခဏအကြာ၌ ရှစ်ယဲ့က လက်ဖြန့်လိုက်သည်။ အနောက်ဘက်ရှိ ကျိုးကျစ်က မည်သည့်နေရာကမှန်းမသိသော လက်သည်းခွံအရွယ် ဆေးလုံးတစ်လုံးကို ထုတ်လာကာ ရှစ်ယဲ့၏ လက်ဖဝါးအတွင်း ထည့်ပေးလိုက်သည်။
ရှစ်ယဲ့က ပြော၏။
“ပါးစပ်ဟ …”
ဝမ်ချီက ခဏသာ တုံ့ဆိုင်းသွားပြီး ပါးစပ်ကို ဟပေးလိုက်သည်။ သူက လွတ်မြောက်ရန် လမ်းမရှိပေ။ ရှစ်ယဲ့ သူ့အသက်ကို လိုချင်ပါက ပုရွက်ဆိတ်ကို နင်းခြေရသကဲ့သို့ လွယ်ကူ၏။ ထို့အပြင် သူနှင့်ရှစ်ယဲ့က တစ်လှေထဲစီးသည့် လူများဖြစ်ကြသည်။ အကယ်၍ ရှစ်ယဲ့ကဲ့သို့ ဗီလိန်သာ အဓိကဇာတ်ဆောင်၏ အရှိန်အဝါကြောင့် သေဆုံးခဲ့ရပါက သူ့ကဲ့သို့ အမြောက်စာ ဇာတ်ကောင်လေးသည်လည်း ကြာကြာ အသက်ရှင်နိုင်မည်မဟုတ်ပေ။
ဝမ်ချီ၏ နာခံမှုက ရှစ်ယဲ့အား ကျေနပ်စေခဲ့ပုံပင်။ သူ၏ အေးစက်စက်မျက်နှာက အနည်းငယ် ပြေလျော့သွား၏။ သူက ဆေးတစ်လုံးကို ဝမ်ချီ၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
“မြိုချလိုက် …”
ဝမ်ချီက ဆေးလုံးကို အမြန်မျိုချလိုက်၏။
ဆေးလုံးက ရေခဲတမျှ အေးစက်သော ခံစားချက်နှင့်အတူ လည်ချောင်းထဲသို့ လိမ့်ဆင်းသွားသည်။ ရေဖြင့်မျှောမချခဲ့သော်ငြား ဆေးလုံးကို မျိုချရသည့်အတွက် မသက်မသာ မဖြစ်ခဲ့ချေ။
ရှစ်ယဲ့က သူ့ကိုကြည့်ကာ ပြုံးလိုက်သည်။
“ပန်ကုန်း သေဆုံးသွားခဲ့ရင် မင်းမှာ အသက်ရှင်ခွင့် မရှိတော့ဘူးနော် … ဒါကို အမှတ်ရပါ …”
ထိုအရာကို နားလည်သွားသည့်နောက် ဝမ်ချီက ရှစ်ယဲ့၏ ပေါင်နှစ်ဖက်ကို ဆုပ်ကိုင်ထားမိသည့် သူ့လက်များအား ဖြေလျော့လိုက်သည်။ သူက ဒူးထောက်လိုက်၏။
“ကျေးဇူးကြီးလှပါတယ် အရှင့်သား …”
ရှစ်ယဲ့က ပြောသည်။
“သွားရအောင် …”
ထို့နောက် ဝမ်ချီအား ဝါးပလွေအိမ်တော်သို့ မိန်းမစိုးကျိုးက လိုက်ပို့ခဲ့၏။ အိမ်တော်သို့ မရောက်မီမှာပင် အရှေ့၌ မတ်တပ်ရပ်နေသည့် သေးသွယ်သော ပုံရိပ်တစ်ခုကို တွေ့လိုက်ကြရသည်။
ထိုအရာကို တွေ့သည်နှင့် မိန်းမစိုးကျိုးက လက်နှစ်ဖက်ကို ဆုပ်ကာ အမြော်အမြင်ရှိရှိ ဆို၏။
“သခင်လေးဝမ်ကို ဒီအထိ လိုက်ပို့ခဲ့ပါ့မယ် … သခင်လေးဝမ် ကောင်းကောင်းအနားယူပါ …”
ဝမ်ချီက မိန်းမစိုးကျိုးကို ကျေးဇူးစကားဆိုလိုက်သည်။ မိန်းမစိုးကျိုး ထွက်ခွာသွားသည်အထိ စောင့်ကြည့်ပြီးနောက် သူက အရှေ့သို့ ဆက်လျှောက်လာ၏။
သူ အိမ်အနီးသို့ ရောက်သောအခါ စောင့်နေပုံပေါ်သည့် မိန်းကလေးက သူ့အား ပျော်ရွှင်စွာ နှုတ်ဆက်လာ၏။
“သခင်လေးဝမ် … ပြန်လာပြီပဲ …”
ဝမ်ချီက မေးလိုက်သည်။
“မင်းက ဘယ်သူလဲ …”
“အိုး … ဒီမိန်းကလေး နာမည်က ချိုက်ဟွေ့ပါ …”
မိန်းကလေးက သူမ၏ ရိုင်းပြမှုကို သတိပြုမိသွားသည့် အလျောက် နှင်းဖြူရောင် ပါးပြင်နှစ်ဖက်သည် နီစွေးသွား၏။ သူမက ပြုံးလိုက်သည်။
“ကျွန်တော်မျိုးမက တော်ဝင်ဆရာသခင်ကျန်းရဲ့ သမီးပါ … သခင်လေးဝမ်က လက်ရေးလှနဲ့ ပန်းချီအရာမှာ ထူးချွန်တယ်လို့ ကြားသိရတဲ့အတွက် သခင်လေးကို တွေ့ချင်နေခဲ့တာပါ … ဒါပေမယ့် ကံမကောင်းစွာနဲ့ တစ်ခါမှ အခွင့်အရေးမရခဲ့ပါဘူး …”
ကျန်းချိုက်ဟွေ့ …
ထိုအမည်မှာ ဝမ်ချီနှင့် ရင်းနှီးနေသည်။ ဤရက်ပိုင်းအတွင်း ဝါးပလွေအိမ်တော်သို့ အလည်ပတ်ဆုံးလူမှာ ကျန်းချိုက်ဟွေ့ဖြစ်၏။
လျှိုပေကဲ့သို့ အိမ်အား သုံးကြိမ်လည်ပတ်ခဲ့သူပင် သူမလောက် ဇွဲကောင်းမည်မဟုတ်ပေ။
တစ်ချိန်ထဲမှာပင် ဝမ်ချီ၏ နှလုံးသားအတွင်း၌ ခန့်မှန်းချက်တစ်ခု ဖြစ်ပေါ်လာ၏။
မကြာမီမှာပင် ကျန်းချိုက်ဟွေ့က ထုတ်ပြောလာ၏။
“ကျွန်မမှာ တခြားလုပ်စရာမရှိတော့ လက်ဖက်ရည်ပွဲ ကျင်းပမလားလို့ပါ … ကျွန်မတို့ အတူတူ လက်ဖက်ရည်နဲ့ အဆာပြေမုန့်အချို့ သုံးဆောင်ရင်း လက်ရေးလှနဲ့ ပန်းချီအကြောင်း ဆွေးနွေးကြတာပေါ့ … ရေကန်ထဲမှာလည်း လှေလှော်လို့ရတယ်မဟုတ်လား …”
ဝမ်ချီ : “…”
ငါ့ဖင်ကြီးကိုပျော်နေလိုက် …
ဝမ်လျန်ပင်လျှင် လက်ရေးလှ၊ ပန်းချီနှင့် ဗဟုသုတအရာ၌ ကျွမ်းကျင်သည့် လူတစ်ဦး မဟုတ်ပေ။ ဝမ်ချီက မကြာသေးမီကမှ လက်ရှိခေတ်သို့ ရောက်လာခြင်းဖြစ်ရာ သူ၏ ခွေးကုတ်ထားသော လက်ရေးများက အရှက်ရစေရုံသာ ရှိပေလိမ့်မည်။
ထို့ကြောင့် ဝမ်ချီက မယဉ်မကျေး ငြင်းလိုက်၏။
“နားထောင်ရကောင်းတာပဲ … နှမြောစရာက ကျွန်တော် ဖျားထားတာ မကြာသေးလို့ပါ … ဒါ့ကြောင့် အအေးထပ်မိမှာ စိုးနေရတာလေ … ပြီးတော့ တစ်ယောက်ယောက်ကို ကူးစက်သွားရင်လည်း မကောင်းဘူးမလား …”
ကျန်းချိုက်ဟွေ့က ဝမ်ချီ၏ ဖြူလျော်သော မျက်နှာကို ကြည့်ပြီး သူ အမှန်တကယ် ဖျားနေခြင်းဟု ထင်မှတ်သွား၏။ သူမက အမြန်ပြောလိုက်သည်။
“သခင်လေးဝမ် ဖျားနေတာဆိုရင် ဒီလိုလျှောက်သွားမနေသင့်ဘူး … ကျွန်မမှာ ဆေးနည်းနည်း ပါခဲ့ပါတယ် … တစ်ယောက်ယောက်ကို စေလွှတ်ပြီး ဆေးပို့ခိုင်းလိုက်မယ်လေ … သခင်လေး အစေခံကို ကျိုချက်ခိုင်းပြီး အကြိမ်ရေနည်းနည်းလောက် သောက်လိုက်ပါ … ဒါဆို ပြန်ကောင်းလာပါလိမ့်မယ် …”
ဝမ်ချီက ကျေးဇူးတင်ဟန်ဖြင့် ဆိုလိုက်သည်။
“ကျေးဇူးပါ …”
“သခင်လေးဝမ် … ယဉ်ကျေးစရာမလိုပါဘူး …”
ကျန်းချိုက်ဟွေ့က ပြုံးလိုက်သည်။
“သခင်လေးဝမ် အဆင်မပြေဘူးဆိုမှတော့ ကျွန်မ မနှောင့်ယှက်တော့ပါဘူး …”
ဝမ်ချီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။
သို့သော် သူ သက်ပြင်းချလိုက်သည်နှင့် ကျန်းချိုက်ဟွေ့၏အသံ ထွက်ပေါ်လာပြန်၏။
“ဒါဆို ကျွန်မ လက်ဖက်ရည်ပွဲကို ဖျက်သိမ်းထားလိုက်ပါ့မယ် … သခင်လေးဝမ် ကျန်းမာရေး ကောင်းလာတော့မှ ရက်သတ်မှတ်ကြတာပေါ့ …”
ဝမ်ချီ : “ဒီလိုလုပ်ဖို့ မလို …”
“လိုတာပေါ့ …”
ကျန်းချိုက်ဟွေ့ မျက်တောင်ခတ်လိုက်၏။
“အားလုံးက သခင်လေးဝမ်ကို တွေ့ချင်နေကြတာ … သခင်လေးမလာရင် တခြားလူတွေကလည်း ဘယ်သွားချင်ပါ့မလဲ …”
ဝမ်ချီ ပြောစရာစကားမရှိ ဖြစ်သွားသည်။ အဆုံးသတ်တွင် တစ်ဖက်လူမှာ မိန်းကလေးဖြစ်နေပြီး လွန်စွာ စိတ်အားထက်သန်နေသည်ဖြစ်ရာ သူ မည်သို့မှ မပြောသာတော့ပေ။
ကျန်းချိုက်ဟွေ့သည်လည်း သူ့အား ငြင်းရန်အချိန်မပေးခဲ့ပေ။ သူမက ဝမ်ချီအတွက် ဆေးယူပေးရမည်ဟု ဆိုကာ အမြန်သုတ်ခြေတင်သွားတော့၏။
ဝမ်ချီ ခေါင်းယမ်းကာ ဝါးပလွေအိမ်တော်အတွင်းသို့ လမ်းလျှောက်ဝင်လာသည်။
ဖင်အန်း ပျောက်နေပြီး ယောထောင်နှင့် ယောဖန်းကမူ ခြံထောင့်တစ်နေရာတွင် ဆောင့်ကြောင့်ထိုင်လျှက် စကားပြောရင်း မြက်နှုတ်နေကြ၏။
ဝမ်ချီ၏ ခြေသံကိုကြားချိန်၌ မိန်းကလေးနှစ်ဦးက အပြေးရောက်လာကြသည်။
“သခင်လေးဝမ် ပြန်လာပြီ …”
“သခင်လေးဝမ် မင်းကြီးနဲ့ တွေ့ခဲ့တာလား …”
ဝမ်ချီ လှည့်ကြည့်လိုက်ချိန်တွင် မိန်းကလေးနှစ်ဦး၏ စိတ်အားထက်သန်သော အကြည့်များကို တွေ့လိုက်ရသည်။ သူက ပြုံးလိုက်၏။
“ဟုတ်တယ် … ကိုယ်လုပ်တော်ရုန်နဲ့ စတုတ္ထမင်းသားကိုရောပဲ …”
ပြောပြီးသည်နှင့် သူက ဘယ်နှင့်ညာကို ကြည့်လိုက်သည်။
“ဖင်အန်းရော …”
ယောထောင်၏ နှုတ်ခမ်းကလေးများ ကွေးညွှတ်သွားသည်။
“မိန်းမစိုးတွေနဲ့အတူ ရှိနေမှာပေါ့လေ … ဒီရက်ပိုင်း ဖင်အန်းက ပိုပြီး စည်းကမ်းပျက်လာတယ် … သခင်လေးဝမ် … သူ့ကို ဂရုစိုက်မနေပါနဲ့ …”
ဖင်အန်းက နောက်ခံရှိသူတစ်ဦးဟု ဝမ်ချီ တွေးလိုက်မိသည်။ သူက ထိုသူအား ထိန်းချုပ်နိုင်စွမ်း မရှိချေ။
“ထားလိုက်ပါ … သူလုပ်ချင်တာ လုပ်ပါစေ …”
ဝမ်ချီက လက်ဝှေ့ယမ်းလိုက်သည်။
“တစ်ယောက်ယောက် ဆေးလာပို့ပေးလိမ့်မယ် … မင်းတို့ လက်ခံထားလိုက်ပါ … ငါနားတော့မယ် …”
တစ်မနက်လုံး စိတ်လှုပ်ရှားခဲ့ရပြီးနောက် ဝမ်ချီ စိတ်ရောလူပါ ပင်ပန်းနေပြီ ဖြစ်သည်။ သူက အိပ်မောကျသွားကာ ညမရောက်မီ တစ်စုံတစ်ခုစားရန် ထလာခဲ့သည်။ ထို့နောက် ပြန်လည်အိပ်ပျော်သွားလေသည်။
နောက်တစ်နေ့ နံနက်၌ နိုးလာချိန်တွင် ဝမ်ချီ အားအင်အပြည့်ဖြစ်နေသည်။
သူက ယမန်နေ့က အဖြစ်အပျက်ကိုသာမက ရှစ်ယဲ့ တိုက်ကျွေးခဲ့သည့် ဆေးလုံးကိုပါ မှတ်မိ၏။ ဆေးမှာ မည်သည့်အရာမှန်း မသိသော်ငြား ရှစ်ယဲ့ ပြောပုံအရ ကောင်းသည့်အရာ ဟုတ်ပုံမရချေ။
ယခုအခါ သူနှင့်ရှစ်ယဲ့က သေခြင်းရှင်ခြင်းတို့အား အတူတကွ ဖြတ်ကျော်ရတော့မည် ဖြစ်၏။ သူ့အသက်က ရှစ်ယဲ့လက်တွင်း၌ ရှိနေသည်။ မည်သို့ပင်ဖြစ်စေ၊ သူ့၌ လုပ်စရာများများစားစား မရှိရာ ရှစ်ယဲ့အား ပို၍ ကျေနပ်စေရန် ပြဿနာမရှိချေ။
ဝမ်ချီက နေ့တိုင်းကိတ်လုပ်ကာ အိမ်ရှေ့စံထံ ဆက်သမည်ဟု တွေးလိုက်၏။
သို့သော် မိန်းမစိုးကျိုးထံမှ ကိတ်မုန့်ယူ၍ စာကြည့်ခန်းထံသို့လာရန် အကြောင်းကြားလေတိုင်း အိမ်ရှေ့စံအား ဝမ်ချီ မတွေ့ခဲ့ရပေ။ သူ သံသယဝင်မိသော်လည်း မည်သည်ကိုမှ မမေးဝံ့ချေ။ အချိန်တိုင်းဆိုသလို ကိတ်မုန့်ကို စားပွဲပေါ်တင်ကာ လှည့်ထွက်ခဲ့လေ့ရှိ၏။
ရှစ်ယဲ့ ထိုကိတ်မုန့်များကို စားမစားကိုမူ ဝမ်ချီမသိခဲ့ပေ။
ယနေ့ နေ့လည်ခင်းတွင်လည်း ဝမ်ချီက ကိတ်မုန့်ကို ပုံမှန်အတိုင်း ယူလာခဲ့သည်။ သို့သော် မိန်းမစိုးကျိုးက သူ့အား တားလိုက်၏။
“သခင်လေးဝမ် … အရှင့်သား ဒီနေ့ စိတ်အခြေအနေ မကောင်းပါဘူး … သခင်လေး ပြန်သွားလိုက်ပါ …”
ဝမ်ချီက မုန့်ဘူးကိုယူကာ လှည့်ထွက်ရန် ပြင်လိုက်သည်။ သို့သော် ခြေလှမ်းအနည်းငယ်ခန့် လျှောက်ပြီးသည့်နောက် သူ မြန်မြန်လျှောက်နေမိကြောင်း သတိပြုမိသွား၏။ သူက ထပ်ခါထပ်ခါ တုံ့ဆိုင်းနေပြီးနောက် ပြန်လှည့်လာခဲ့သည်။
သူ ထင်သည့်အတိုင်း မိန်းမစိုးကျိုးက နေရာတွင် ရပ်လျက် သူ့အား ထူးဆန်းစွာ စိုက်ကြည့်နေ၏။
ဝမ်ချီက အပြစ်ရှိစိတ်ဖြင့် ရှေ့တိုးကာ မေးလိုက်သည်။
“အတင့်ရဲပြီး မေးပါရစေ … မိန်းမစိုးကျိုး … အိမ်ရှေ့စံ နေမကောင်းဘူးလား …”
“ဖျားတာတော့ မဟုတ်ပါဘူး …”
မိန်းမစိုးကျိုးက မျက်ခုံးများကိုတွန့်ကာ ပြောသင့်မပြောသင့် တုံ့ဆိုင်းနေခဲ့သည်။ ခဏကြာသည့်နောက် သူက ဆုံးဖြတ်ချက်ချလိုက်ပုံပေါ်၏။
“သခင်လေး ဘာလို့ဝင်မကြည့်မှာလဲ … သခင်လေးကြောင့် အရှင့်သား ပျော်ကောင်းပျော်လာမှာပေါ့ …”
ဝမ်ချီ : “…”
သူ ကြိုသိခဲ့ပါက ကြောင်တစ်ကောင်အား လိုက်ရှာသည့် ကြွက်ကဲ့သို့ ရှစ်ယဲ့အကြောင်း မေးမိမည်မဟုတ်ပေ။
ဤသို့ဖြင့် ယဉ်ကျေးမှုအရ မေးလိုက်သည့် ဝမ်ချီမှာ မိမိအတွက် တွင်းတူးကာ ကျည်ဆန်ကိုကိုက်လျက် မိန်းမစိုးကျိုးနောက်မှ လိုက်ပါလာ၏။
လမ်းတစ်ဝက်မှာပင် သူတို့သွားနေသည့်လမ်းမှာ စာကြည့်ဆောင်သို့ မဟုတ်ကြောင်း ဝမ်ချီ သတိပြုမိလိုက်သည်။
“မိန်းမစိုးကျိုး …”
မိန်းမစိုးကျိုးက သူ၏ သံသယများကို ခံစားမိဟန်ဖြင့် ရှင်းပြလိုကသ်ည်။
“သခင်လေးဝမ် … ဒါက အိမ်ရှေ့စံရဲ့ အိပ်ဆောင်ကို သွားနေတာပါ … အိမ်ရှေ့စံက အိပ်ဆောင်မှာ အနားယူနေပါတယ် …”
💮💮💮