Chapter 23
Viewers 7k

💮Chapter 23



ဝမ်ချီက လှည့်ထွက်ချင်နေသည့် စိတ်ကို မနည်းဖိနှိပ်ထားရ၏။ 


ခဏကြာ လမ်းလျှောက်ပြီးသည့်နောက် မိန်းမစိုးကျိုးက သူ့အား တားလိုက်သည်။ 


“သခင်လေးဝမ် … ဒီမှာ ခဏစောင့်ပေးနိုင်မလား … ဒီအစေခံက အထဲကိုသွားပြီး တစ်ချက်ကြည့်လိုက်ပါ့မယ် ...”

မိန်းမစိုးကျိုးက အိပ်ခန်းအတွင်းသို့ လမ်းလျှောက်သွားလေသည်။ 


လခြမ်းသဏ္ဌာန်ဝင်ပေါက်၏ ဘေးနှစ်ဖက်တွင် တွဲကျနေသည့် ခန်းဆီးစများကြောင့် ဝမ်ချီ အတွင်းဘက်ရှိ အရာများကို မမြင်ရချေ။ သူက နေရာတွင် ရပ်လျက်သာ စောင့်နေရ၏။ 


ကံကောင်းစွာဖြင့် မကြာမီမှာပင် ချွေးစေးများ စီးကျနေသည့် မိန်းမစိုးကျိုး ပြန်ထွက်လာသည်။ 


“အိမ်ရှေ့စံက အခု စိတ်အခြေအနေ မကောင်းပါဘူး… သခင်လေး ခဏနေမှ ဝင်တာ ပိုကောင်းပါတယ် …” 

မိန်းမစိုးကျိုးက ပြောပြောဆိုဆိုဖြင့် ဝမ်ချီအား ထိုင်ရန် လက်ဟန်ပြလိုက်သည်။

“အရှင့်သားကို ကောင်းကောင်း ခစားပါ … မဟုတ်ရင် သခင်လေး အကောင်းအတိုင်း ထွက်လာနိုင်မှာမဟုတ်ဘူး…” 


ဝမ်ချီ ကြောက်လန့်တကြား တုန်လှုပ်သွားကာ ခပ်သွက်သွက် ခေါင်းညိတ်လိုက်၏။ 


မိန်းမစိုးကျိုးက ပြောသည်။

“ဒီအစေခံ အရင်အနားယူနှင့်ပါမယ် …” 


သို့သော် ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် မိန်းမစိုးကျိုးက ပြန်လှည့်လာကာ လမ်းပျောက်နေရှာသည့် ဝမ်ချီကို ကြည့်လိုက်သည်။

“ဟုတ်သားပဲ …” 


ဝမ်ချီ ပျော်သွားကာ မိန်းမစိုးကျိုးအား တရုတ်ဆီးသီးကဲ့သို့ ဝိုင်းစက်သော မျက်ဝန်းကြီးများဖြင့် ကြည့်လိုက်၏။ 


မိန်းမစိုးကျိုးက ဝမ်ချီ၏ အကြည့်ကြောင့် ကြောင်အသွားရသည်။ အရှင့်သားက အလွန်ရည်မှန်းချက်ကြီးသည်ဟု သူထင်ခဲ့သည်။ သို့သော် အဆိုပါ အဖြူရောင်ပန်းကလေးကြောင့် ကျဆုံးသွားရရှာ၏။ 


အတွေးများကို စုစည်းပြီးနောက် မိန်းမစိုးကျိုးက ပြောသည်။

“သခင်လေးကို ပြောဖို့မေ့သွားတာ … ဒီနေ့က မိဖုရားဟွားရဲ့ နှစ်ပတ်လည်လေ … သခင်လေးဝမ် စကားကို သတိထားတာကောင်းမယ် … မပြောသင့်တာကို လုံးဝမပြောပါနဲ့ …” 


မိဖုရားဟွားလား … 


ဘာလို့ ဒါက မိဖုရားဟွားနဲ့ ဆက်စပ်နေရပြန်တာလဲ … 


ဝမ်ချီ၏ သံသယများက ပို၍ကြီးထွားလာသည်။ သို့သော် သူက မိန်းမစိုးကျိုးအား မမေးဝံ့ဘဲ ခေါင်းသာညိတ်ပြလိုက်၏။ 


မိန်းမစိုးကျိုး ထွက်ခွာသွားချိန်၌ အခန်းက ပြန်လည်တိတ်ဆိတ်သွားသည်။ 


ဝမ်ချီက ရှစ်ယဲ့၏ အခြေအနေကို မသိသော်လည်း ယခုထက် အဆတစ်ရာပို၍ သတ္တိရှိလျှင်ပင် အိပ်ခန်းအတွင်းသို့ ဝင်မကြည့်ဝံ့ချေ။ ထို့ကြောင့် သူက အပြင်ဘက်ရှိ ထိုင်ခုံတွင် တိတ်ဆိတ်စွာ ထိုင်လျက် မိန်းမစိုးကျိုး ပြောခဲ့သည့် မိဖုရားဟွာအကြောင်း တွေးနေမိသည်။ 


ဝတ္ထုပါ အကြောင်းအရာများနှင့် မူလကိုယ်၏ မှတ်ဉာဏ်အရ မိဖုရားဟွားက အိမ်ရှေ့စံကို မွေးပြီးပြီးချင်း သေဆုံးသွားခဲ့ကြောင်း ဝမ်ချီ သိထား၏။ သူမက လွန်ခဲ့သော နှစ်နှစ်ဆယ်က မီးထဲတွင် ဆုံးပါးသွားခဲ့ခြင်း ဖြစ်သည်။ မင်းကြီးက မိဖုရားဟွားကို ချက်ချင်း မကယ်နိုင်သည့်အတွက် အပြစ်မကင်းမှုအား ခံစားခဲ့ရသည်။ ထို့ကြောင့် လွန်ခဲ့သည့် နှစ်နှစ်ဆယ်လုံး မိဖုရားအသစ်တစ်ပါး မမြှောက်ခဲ့ချေ။ 


ကြောက်စရာအကောင်းဆုံးမှာ … 


မူလကိုယ်သာ အမှတ်မမှားပါက မိဖုရားဟွားက အေးခဲနေသော ဆောင်းရာသီနေ့တစ်နေ့တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ လက်ရှိကဲ့သို့ နွေဦးရာသီ၌ မဟုတ်ပေ။ 


မိန်းမစိုးကျိုး မှားပြောသွားတာလား … 


ဝမ်ချီက အဖြေမထုတ်နိုင်ခဲ့ပေ။ သူက ရှစ်ယဲ့၏ မေးထောက်ကာ စဉ်းစားသောပုံစံကို အတုခိုးကာ မျက်ဝန်းများကို မှေးကျဉ်းလျက် ဆက်တွေးနေခဲ့သည်။ 


သူ ထိုသို့တွေးနေရင်း အိပ်ပျော်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။


မည်မျှ ကြာအောင် အိပ်ပျော်သွားခဲ့သည်မသိ၊ ဝမ်ချီက အရက်နံ့ပြင်းပြင်းဖြင့် အနှိုးခံလိုက်ရသည်။ အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်ကြည့်လိုက်စဉ် လူတစ်ဦး၏ မျက်နှာအား အနီးကပ်တွေ့လိုက်ရ၏။ အမျိုးသားက တစ်စုံတစ်ခုအား တွေးတောနေသကဲ့သို့ အမူအရာကင်းမဲ့စွာဖြင့် သူ့ကို ကြည့်နေလေသည်။  


ရင်းနှီးနေသော မီးလောင်ရာများက သူ့မျက်နှာ၏ ညာဘက်ခြမ်းတစ်ခုလုံး ဖုံးအုပ်လျက်ရှိ၏။ ၎င်းတို့က မီးရောင်အောက်တွင် ပို၍ထင်ရှားလျက်ရှိသည်။ 


ဝမ်ချီက သူ့ကိုယ်သူ ရှစ်ယဲ့၏ အသွင်အပြင်နှင့် အသားကျနေပြီဟု ထင်ခဲ့၏။ သို့သော် ထိုခဏချင်းမှာပင် အလွန်ထိတ်လန့်သွားကာ လေအေးများကို ရှိုက်သွင်းလိုက်မိ၏။ သူ့ဝိညာဉ်မှာလည်း ခန္ဓာကိုယ်မှ လွင့်စင်တော့မတတ် ဖြစ်သွားရသည်။ 


ကံကောင်းစွာဖြင့် အော်သံက လည်ချောင်းဝတွင်သာ တစ်ဆို့နေပြီး အပြင်သို့ ပွင့်ကျမလာခဲ့ချေ။ 


ထိုသို့မဟုတ်ပါက သူက အလောင်းတစ်ခုကဲ့သို့ မြေပေါ်၌ လှဲနေရပေလိမ့်မည်။ 


ရှစ်ယဲ့က ဝမ်ချီ မျက်လုံးဖွင့်လာသည့်တိုင် အကြည့်လွှဲမသွားခဲ့ပေ။ သူက အထိန်းအကွပ်မဲ့စွာ ဆက်လက် စိုက်ကြည့်နေ၏။ 


ထိုအခါမှသာ အရက်နံ့ပြင်းပြင်းက ရှစ်ယဲ့ထံမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ဝမ်ချီ သတိပြုမိလိုက်သည်။ ရှစ်ယဲ့က သူ့မေးဖျားကို ဆုပ်ကိုင်လာ၏။ တစ်ဖက်လူ၏ ထွက်သက်မှာလည်း သူ့မျက်နှာထက် ပျံ့လွင့်လာသည်။ 


“အရှင့်သား …”

ဝမ်ချီက မလှုပ်ရှားဘဲ ရှစ်ယဲ့၏ လှပသောမျက်နှာတစ်ခြမ်းကိုသာ ကြည့်ရန် ကြိုးစားလိုက်သည်။

“ကျွန်တော်မျိုး မတော်တဆ အိပ်ပျော်သွားတာပါ … အရှင့်သား ခွင့်လွှတ်ဖို့ မျှော်လင့်ပါတယ် … “


ရှစ်ယဲ့က သူ့အသံကို ကြားပုံမပေါ်ဘဲ မပြောင်းလဲသော အမူအရာဖြင့် ဝမ်ချီ၏ မျက်နှာအား စေ့စေ့စပ်စပ် ကြည့်နေသည်။ ထို့နောက် အကြည့်ပြန်ရုတ်လိုက်၏။ 


ရုတ်တရက် သူက ဝမ်ချီ၏မေးရိုးကို လွှတ်ပေးလိုက်သည်။ 


ဝမ်ချီက ကြောင်အလျက် သူနှင့်မနီးမဝေးရှိ ရှစ်ယဲ့အား ကြည့်လိုက်မိ၏။

“အရှင့်သား …” 


ရှစ်ယဲ့က သူ့ဘေးရှိ ခုံပေါ်တွင် ထိုင်လိုက်ပြီး လက်မောင်းတစ်ဖက်ကိုမူ စားပွဲပေါ်တင်ထား၏။ ထို့နောက် သူက ဝမ်ချီ့ကို လှည့်ကြည့်လိုက်သည်။ သူ၏ အနက်ရောင်ဆံနွယ်ရှည်များက အဖြူရောင်အတွင်းအင်္ကျီပေါ်၌ ကျဆင်းလျက်ရှိ၏။ သိသိသာသာ ကွဲပြားနေသည့် အရောင်နှစ်ခုမှာတိတ်ဆိတ်သော ပတ်ဝန်းကျင်၌ အထီးကျန်ဆန်မှုကို အားဖြည့်လျက်ရှိသည်။ 


ခဏအကြာ၌ သူက အေးစက်စက်ရယ်လိုက်သည်။

“ဟား … အတုအယောင်ပါပဲ ...”


ဝမ်ချီ : “…”


ဟေး … လူတွေရဲ့ရှေ့မှာ မဝေဖန်ရဘူးလေ … 


ဝမ်ချီက မတရားသည်ဟု ခံစားမိစေကာမူ မည်သို့မှ မပြောဝံ့ချေ။ သူက ရှစ်ယဲ့၏ မျက်နှာကိုသာ အရူးတစ်ယောက်ကဲ့သို့ စိုက်ကြည့်နေ၏။ 


ထိုလုပ်ငန်းစဉ်တစ်ခုလုံးက ဝမ်ချီ့အတွက် နှိပ်စက်မှုပင် ဖြစ်တော့သည်။ အတန်ကြာသည်အထိ ရှစ်ယဲ့က မည်သည်ကိုမှ ပြုလုပ်မလာခဲ့ပေ။ ထို့ကြောင့် သူက သတ္တိကို စုစည်းကာ ပြောလိုက်သည်။

“အရှင့်သား ဖျားနေတယ်လို့ မိန်းမစိုးကျိုးဆီက ကြားခဲ့ရပါတယ် … အရှင့်သား သက်သာလာပါပြီလား … ”


အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ရှစ်ယဲ့က ပြော၏။ 

“ပန်ကုန်း မဖျားပါဘူး …” 


ဝမ်ချီ ခဏတွေးလိုက်ကာ မေးလိုက်သည်။

“အရှင့်သား နေလို့မကောင်းဖြစ်နေတာများလား … ”


ရှစ်ယဲ့က သူ့မေးခွန်းကိုမဖြေဘဲ အမိန့်သာ ပေးလာသည်။ 

“ဝိုင်သွားယူချည် …” 


ဝမ်ချီသည်လည်း ထထွက်ချင်နေသည်ဖြစ်ရာ ခပ်မြန်မြန် ထလိုက်၏။ 


တံခါးတွင် မိန်းမစိုးတစ်ဦး စောင့်ကြပ်နေ၏။ သူက အိမ်ရှေ့စံ အရက်သောက်လိုကြောင်း ကြားသည်နှင့် ဝမ်ချီအား ဝိုင်ရှိရာသို့ လမ်းပြလိုက်လေသည်။ 


ဝမ်ချီ ဝိုင်ကရားနှင့် ပြန်လာချိန်တွင် ရှစ်ယဲ့က သူထွက်လာစဉ်ကအတိုင်း တစ်လက်မပင်မရွေ့ဘဲ နေရာ၌ ရှိနေ၏။ သူ့ခြေသံကို ကြားသည့်နောက် ရှစ်ယဲ့က ခေါင်းမော့ကြည့်လာ၏။ ရှစ်ယဲ့၏ အေးစက်စက်အကြည့်က ဝမ်ချီ၏ မျက်နှာထက်သို့ ကျရောက်လာပြီးနောက် လက်တွင်းရှိ ဝိုင်ကရားထံ အကြည့်ရွှေ့သွား၏။ 


ဝမ်ချီ မည်မျှ တုံးအသည်ဖြစ်စေ၊ ရှစ်ယဲ့ ယနေ့၌ စိတ်အခြေအနေ မကောင်းကြောင်း ခံစားမိနိုင်၏။ 


စားပွဲပေါ်တွင် အဆာပြေမုန့်နှင့် လက်ဖက်ရည်များ ရှိနေသည်။ ဝမ်ချီက ရှစ်ယဲ့အတွက် ဝိုင်ငှဲ့ပေးလိုက်၏။ 


ရှစ်ယဲ့က ဘာမှမပြောဘဲ ခွက်ကိုယူကာ မော့ချလိုက်သည်။ 


ဝမ်ချီက ဆက်လောင်းထည့်ပေးသည်။ 


ရှစ်ယဲ့သည်လည်း ဆက်သောက်လိုက်၏။ 


ဤသို့ဖြင့် ဝိုင်ကရားတစ်ခုလုံး ကုန်သွားကာ ဝမ်ချီက နောက်ထပ် ဝိုင်ကရားအနည်းငယ်ပင် ထပ်မံယူလိုက်ရလေသည်။ 


မူလက ဝမ်ချီမှာ ဝိုင်ကရားများကို ယူရုံယူပေးခြင်း ဖြစ်သော်ငြား မကြာမီမှာပင် ရှစ်ယဲ့နှင့် အဖော်ပြု၍ တစ်ခွက်ပြီးတစ်ခွက် သောက်သုံးတော့၏။ 


ဝိုင်လောင်းထည့်ပေးချိန်တွင် ဝမ်ချီက အသိစိတ်လွတ်နေသည်။ ရှစ်ယဲ့၏ အသံက သူ့အတွေးများကို ပြန်လည်စုစည်းလာစေခဲ့၏။ 


“အားကူကို မှတ်မိလား … ”


“ဟမ် … ”

ဝမ်ချီက အားကူကို သိပင်မသိရာ မည်သို့မှ မှတ်မိမည်မဟုတ်ပေ။ သူက ပြန်ဖြေလိုက်သည်။

“ကျွန်တော်မျိုး သူ့ကို မသိပါဘူး ...”


ရှစ်ယဲ့က သူ့အဖြေကို ဂရုစိုက်ဟန်မတူချေ။ သူက လက်တစ်ဖက်ဖြင့် မေးထောက်ကာ အခြားလက်တစ်ဖက်ဖြင့် ခွက်အလွတ်ကို လှည့်ပတ်ဆော့ကစားနေ၏။ သူ့မျက်ဝန်းများက တစ်ဝက်ပိတ်ကျလျက်ရှိသည်။ သူ့အမူအရာမှာ အေးစက်နေပြီး သူ့အကြည့်ကမူ ဝမ်ချီ၏ မျက်နှာထက်၌ တစ်နည်းတစ်ဖုံ နွေးထွေးစွာဖြင့် ကျရောက်လျှက်ရှိ၏။ သူက ဖြည်းညှင်းစွာပြောသည်။ 

“အားကူက သေသွားတာ … သူက ရေနှစ်အသတ်ခံရပြီးတော့ ဟွားရန်ရုန်မှာ ဆွဲကြိုးချခံလိုက်ရတာလေ ...”


ဝမ်ချီ ခပ်တိုးတိုးပြောလိုက်သည်။

“ကျွန်တော် စိတ်မကောင်းပါဘူး ....”


ရှစ်ယဲ့က သူ့အား တောက်လောင်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။

“ဘာလို့ ဝမ်းမနည်းတာလဲ … ”


“…”

ဝမ်ချီ အသက်ပြင်းပြင်းရှိုက်ကာ ဝမ်းနည်းနေသော အမူအရာဖြင့် ပြောလိုက်သည်။

“ကျွန်တော် ဝမ်းနည်းပါတယ် ...”


သို့သော် ဝမ်ချီ၏ ညံ့ဖျင်းသော သရုပ်ဆောင်မှုက ရှစ်ယဲ့၏ နှာခေါင်းရှုံ့မှုကိုသာ ရယူနိုင်ခဲ့၏။

“လူလိမ် ...”


ဝမ်ချီ : “…”


ရှစ်ယဲ့က အနားသို့ ချဉ်းကပ်လာကာ ဝမ်ချီ၏ မေးဖျားကို ဖျစ်ညှစ်လိုက်သည်။ သူ၏မျက်တောင်ရှည်များက စင်းကျနေပြီး ကြောက်ရွံ့နေသည့် ဝမ်ချီအား ငုံ့မိုးကြည့်လိုက်၏။

“ဝမ်းနည်းတယ်ဆိုရင် ဒီလောက်နှစ်တွေ ကြာတာတောင် ဘာလို့ပြန်မလာတာလဲ …” 


ရှစ်ယဲ့က အားပိုစိုက်ကာ ဝမ်ချီ၏ မျက်နှာအား ဖျစ်ညှစ်လိုက်၏။ 


ဝမ်ချီက နာသွားသဖြင့် မျက်ရည်ကျလုနီးနီးပင် ဖြစ်နေသည်။

“အရှင့်သား … ကျွန်တော်မျိုးကို တခြားတစ်ယောက်နဲ့ မှားနေပါပြီ … ”


သူ့စကားများက ရှစ်ယဲ့နားထဲသို့ လေတိုက်သလိုသာ ဖြတ်သန်းသွားခဲ့၏။ ရှစ်ယဲ့က မကောင်းဆိုးဝါး စိတ်အခြေအနေတွင်း ကျရောက်နေပုံဖြင့် ဝမ်ချီကို ကြည့်လိုက်သည်။

“ဟမ့် … ပြောတော့ ပန်ကုန်းကို အဖော်ပြုပေးမယ်ဆို … တကယ်တမ်းကျ ယုန်တစ်ကောင်လို ပြေးထွက်သွားတာပဲ မဟုတ်လား … ဒါလား မင်းပြောတဲ့ အဖော်ပြုမယ်ဆိုတာ … ပန်ကုန်း ကျိန်တယ် … မင်း ပန်ကုန်းလက်ထဲရောက်လာရင် မင်းရဲ့လက်တွေကိုဖြတ်ပြီး ခြေထောက်တွေကို ချိုးပစ်မယ် … မင်း ပန်ကုန်းဆီက ထွက်ပြေးနိုင်ဦးမလား ကြည့်ကြသေးတာပေါ့ …” 


“အရှင့်သား အမှတ်မှားနေတာပါ … ”

ဝမ်ချီ ကြောက်ကြောက်ဖြင့် ချုံးပွဲချငိုတော့၏။ သူက ဝမ်လျန် ငိုကြွေးသည့်အပေါ် မနှစ်မြို့သော်လည်း ယခုအခါ သူက ဝမ်လျန်ထက်ပင် ပိုမို ငိုကြွေးနေလေသည်။ 

”ကျွန်တော်မျိုးက အရှင့်သားရဲ့ ရန်သူမဟုတ်ပါဘူး … အရှင့်သားနဲ့ တစ်ခါမှတောင် မတွေ့ခဲ့ဖူးတာ … ရန်သူ ဖြစ်ဖို့အခွင့်အရေးက နည်းပါးလှပါတယ် ….”


ဝမ်ချီ၏ မျက်နှာထက်တွင် မျက်ရည်များဖြင့် စိုရွှဲသွား၏။ အဆိုပါ မျက်ရည်များက ဝမ်ချီ၏ မေးဖျားကို ကိုင်ထားသော ရှစ်ယဲ့လက်ချောင်းများကိုပင် စိုသွားစေခဲ့သည်။ 


ရှစ်ယဲ့ ထိတ်လန့်သွား၏။ 


ဝမ်ချီ၏ မျက်တောင်များက မျက်ရည်များဖြင့် စိုလက်နေကြောင်း သူ တွေ့လိုက်ရသည်။ ကြောက်လန့်မှုကြောင့်ထင်သည် အဆိုပါ မျက်တောင်များက ပြင်းပြင်းထန်ထန် တုန်ယင်လျက်ရှိသည်မှာ ပျံသန်းထွက်ခွာတော့မည့် လိပ်ပြာတစ်ကောင်ကဲ့သို့ပင်။ 


ရှစ်ယဲ့က ထိုလိပ်ပြာအား ဖမ်းဆုပ်ပစ်ချင်စိတ် ပေါ်လာကာ ဝမ်ချီ၏ မေးဖျားကို ခပ်တင်းတင်း ညှစ်လိုက်မိသည်။ 


သို့သော် ဝမ်ချီ နာကျင်သွားသည့် အလျောက် မျက်ရည်များက ပို၍ကျဆင်းလာကာ အော်လိုက်မိ၏။ သူက အမြန်ထပ်ပြောလိုက်သည်။

“အကြွေးတိုင်းမှာ အကြွေးရှင်ရှိတယ်ဆိုတဲ့ စကားပုံရှိပါတယ် … အရှင့်သား လက်စားချေချင်တယ်ဆိုရင် မျက်လုံးကို ကျယ်ကျယ်ဖွင့်ထားပေးပါ …အပြစ်မရှိတဲ့လူကို မထိခိုက်ပါစေနဲ့ …ဝူးဝူးဝူး …”


အဆုံးသတ်တွင် ဝမ်ချီက သူ၏ မလိုလားမှုကို ချုပ်တီးမထားနိုင်တော့ဘဲ ပါးစပ်ကိုဖွင့်ကာ ချုံးပွဲချငိုတော့၏။ 


တုံးအတဲ့ အိမ်ရှေ့စံက သူ့ရန်သူကို သတ်ချင်တာ ထားပါတော့ …  ဘာလို့ ငါ့ကို ရန်သူ့အစားထိုးအနေနဲ့ သတ်ချင်ရတာလဲ … 


ငါ့နှလုံးသားတစ်ခုလုံး နာကျင်နေရပါပြီ … 


သူ့ကိုယ်သူ မတရားခံရသည်ဟု ခံစားလာရ၏။ 


ဝမ်ချီက သူမည်မျှ ငိုကြွေးနေခြင်း ဖြစ်ကြောင်းကိုသာမက အိမ်ရှေ့စံ သူ့မေးဖျားကို ဆုပ်ကိုင်ထားဆဲ ဖြစ်ကြောင်းကိုပါ သတိမရခဲ့ပေ။ သူက ခေါင်းမော့ရင်း ပါးစပ်ဟကာ ကလေးတစ်ဦးကဲ့သို့ ကြူကြူပါအောင် ငိုကြွေးတော့၏။ သူ့မျက်ဝန်းထံမှ ကြိုးပြတ်သွားသော ပုတီးလုံးအရွယ် မျက်ရည်စက်များ စီးကျလာသည်။ 


“ဝူး… အာ …”

သူငိုနေစဉ် တစ်စုံတစ်ခု သူ့ပါးစပ်ထဲ ရောက်လာ၏။ 


ချိုမြိန်၍ အီစိမ့်သော အရသာက သူ့ပါးစပ်ထဲတွင် ပျံ့နှံ့သွား၏။ 


ဝမ်ချီ၏ မျက်ဝန်းများက သစ်အယ်သီးရောင် တောက်ပနေ၏။  ရှစ်ယဲ့က သူယူခဲ့သည့် မုန့်ဘူးကို ဖွင့်ကာ ခရင်မ်အပြည့်ပါသော ကိတ်မုန့်တစ်ဇွန်းခပ်၍ သူ့အား ကျွေးလိုက်သည်ကို ခံစားမိလိုက်သည်။ 


ဝမ်ချီ : “…”


သူက နှစ်ကြိမ်ခန့် မသိစိတ်ဖြင့် ဝါးလိုက်၏။ ချိုမြိန်လှသည့် အရသာက သူ့ခံတွင်းတစ်ခုလုံး ပျံ့နှံ့သွားသည်။ 


ချိုလိုက်တာ … 


အီလွန်းလို့ သေတော့မှာပဲ … 


သို့သော် ရှစ်ယဲ့က ဝမ်ချီ၏ ရုန်းကန်မှုကို သတိပြုမိပုံမပေါချေ။ သူက ကိတ်မုန့် တစ်ဇွန်းပြီးတစ်ဇွန်းခပ်ကာ ဝမ်ချီ၏ ပါးစပ်ထဲသို့ သွပ်ထည့်နေ၏။ ဝမ်ချီ့ခမျာ့ ကိတ်မုန့်ကို ဝါးရန်ပင် အချိန်မရဘဲ မျိုချ၍သာ နေရသည်။ သူ၏ ပါးနှစ်ဖက်နှင့် နှုတ်ခမ်းထောင့်များတွင် ခရင်မ်အချို့ ပေကုန်၏။ 


ဝမ်ချီက မွန်းကျပ်လာသလို ခံစားမိလိုက်ပြီး အသက်ရှူပင် ကျပ်ချင်လာသည်။ 


ထို့နောက် ရုတ်တရက်ဆိုသလို ရှစ်ယဲ့၏ မျက်နှာက သူနှင့် နီးသထက်နီးလာကြောင်း သတိပြုမိလိုက်၏။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ့မျက်နှာက တစ်ဖက်လူ၏ ထွက်သက်ကို ခံစားနိုင်သည်အထိ နီးကပ်လာခဲ့သည်။ 


ဝမ်ချီက ထိုကဲ့သို့ နီးကပ်မှုမျိုးနှင့် အသားမကျချေ။ သူက အနောက်သို့ ကိုယ်ကိုယိမ်းလိုက်၏။ 


ရှစ်ယဲ့က ဝမ်ချီ၏ ခုခံမှုကို ခံစားမိပုံရ၏။ သူက ရုတ်တရက်ဆိုသလို ဝမ်ချီ၏ မေးဖျားကိုကိုင်ထားသည့် လက်အား ဦးခေါင်းအနောက်ဘက်သို့ ရွှေ့လိုက်သည်။ 


ဝမ်ချီ ကြောက်ရွံ့လာကာ မျက်နှာတစ်ခုလုံး ဖြူလျော်လာ၏။ သူက ရုန်းကန်ရန် ကြိုးစားလိုက်စဉ် နှုတ်ခမ်းထောင့်ရှိ နွေးထွေးသော အထိအတွေ့တစ်ခုအား ခံစားမိလိုက်သည်။ ရှစ်ယဲ့က သူ့နှုတ်ခမ်းထောင့်ရှိ ခရင်မ်များကို လျက်လိုက်ခြင်းပင်။



💮💮💮