Chapter 27
Viewers 5k

💮Chapter 27



“ပန်ကုန်း မျက်လုံးထဲမှာတော့ မင်းက လမ်းပေါ်ကလူတွေလိုပါပဲ… သူတို့ကို ဂရုမစိုက်ရင်တောင် သူတို့က တကျည်ကျည်လုပ်နေပြီး ပန်ကုန်းကို ဒေါသထွက်စေမှာလေ… ပန်ကုန်းက မင်းရဲ့ ခပ်ပေါပေါအသက်ကို ဂရုစိုက်မယ်လို့ တကယ်ပဲ ထင်သလား …”

ရှစ်ယဲ့က ကျန်းချိုက်ဟွေ့ထံမှ အကြည့်မလွှဲဘဲ တစ်လုံးချင်း ပြောလိုက်သည်။ 


သို့သော် သူ၏ စကားလုံးတိုင်းက ကျန်းချိုက်ဟွေ့၏ နှလုံးသားအား ကြာပွတ်ဖြင့် ရိုက်နှက်နေသကဲ့သို့ပင်။ စိတ်လှုပ်ရှားနေခဲ့သည့် ကျန်းချိုက်ဟွေ့မှာ ရေခဲရိုက်ခံရသည့် ခရမ်းသီးတစ်လုံးနှယ် ပြောင်းလဲသွား၏။ သူမ၏ မျက်နှာထက်တွင် ထိတ်လန့်မှုနှင့် အရှက်ရမှုများ ရောယှက်နေသည်။ 


ရှစ်ယဲ့ မည်သည့်အရာမှ မလုပ်သည့်တိုင် သူ့စကားများက သူမအတွက် ဒါဇင်နှင့်ချီသော ရိုက်ချက်များကဲ့သို့ပင်။ 


အဆုံးသတ်တွင် ရှစ်ယဲ့ မျက်မှောင်ကြုတ်လိုက်၏။ သူ၏ စိတ်ရှည်မှုက ကုန်ဆုံးသွားဟန်ဖြင့် အေးစက်စက် ပြောလိုက်သည်။

“ထွက်သွားစမ်း …” 


ရုတ်တရက် ဖြစ်ပေါ်လာသည့် ဖိနှိပ်မှုက ကျန်းချိုက်ဟွေ့အား ဒူးထောက်ကျသွားစေခဲ့ပြန်သည်။ သူမ၏ အစေခံက သူမအား အမြန်လာထူပေး၏။ သူမက အစေခံ၏ အကူအညီဖြင့် မတ်တပ်ရပ်လိုက်သည်။ သူမနားရွက်ကြားမှ ကျဆင်းနေသော ဆံစများတွင် ချွေးအေးများ ရွှဲနစ်နေပြီး သူမ၏ အမူအရာမှာလည်း အကျည်းတန်လျက် ရှိလေသည်။ 


“ပြီးတော့ မင်း ….ဒီကိုအမြန်လာခဲ့…”

ရှစ်ယဲ့က ရုတ်တရက် ဝမ်ချီအား ကြည့်လိုက်သည်။


စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေခဲ့သည့် ဝမ်ချီက ရှစ်ယဲ့ သူ့ထံသို့ မြန်မြန်ဦးတည်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူက ရှစ်ယဲ့၏ သုန်မှုန်သော မျက်ဝန်းများကြောင့် ထိတ်လန့်သွားရ၏။ ထို့နောက် မည်သည်ကိုမှ ဂရုမစိုက်နိုင်တော့ဘဲ တတ်နိုင်သမျှ မြန်မြန် ရထားလုံးပေါ်သို့ တက်လိုက်တော့သည်။ 


ရထားလုံးထဲတွင် ရှစ်ယဲ့ တစ်ဦးထဲသာ ရှိနေသော်လည်း သူ၏ ဖိနှိပ်နိုင်စွမ်းကြောင့် လူအများအပြား ရှိနေချိန်တွင် ခံစားရတတ်သည့် မွန်းကျပ်မှုမျိုးကို ဝမ်ချီ ခံစားလိုက်ရသည်။ သူက ရှစ်ယဲ့နှင့် မျက်နှာချင်းဆိုင်၌ မထိုင်ဝံ့သလို ရှစ်ယဲ့နံဘေးတွင်လည်း မထိုင်ဝံ့ချေ။ ထို့ကြောင့် သူက ထောင့်တစ်ထောင့်တွင် သွားထိုင်လိုက်လေသည်။ 


ကံမကောင်းစွာဖြင့် ရှစ်ယဲ့က သူ့အား တိုက်ခိုက်လာပြန်သည်။

“ဒီကိုလာ ...”


ဝမ်ချီ တုန်သွားကာ ရှစ်ယဲ့၏ မျက်နှာချင်းဆိုင်တွင် အမြန်သွားထိုင်လိုက်သည်။ သို့သော် သူက ရှစ်ယဲ့အား မျက်နှာချင်း မဆိုင်ဝံ့သည့်အလျောက် မျက်လုံးများကို မှိတ်ထားလိုက်မိ၏။ 


ရလဒ်အနေဖြင့် မျက်လုံးမှိတ်ပြီး မကြာမီမှာပင် ရှစ်ယဲ့၏ စကားသံကို ကြားလိုက်ရပြန်သည်။

“မင်းက မျက်လုံးတွေကို မလိုချင်တော့ဘူးဆိုမှတော့ ပန်ကုန်း မင်းအတွက် ဖောက်ထုတ်ပေးရမလား...”


ဝမ်ချီ: “…”


သူက ကြောက်ကြောက်ဖြင့် ချက်ချင်း မျက်လုံးကျယ်ကျယ် ဖွင့်ထားလိုက်သည်။ 


ရှစ်ယဲ့က ဘီးတပ်ကုလားထိုင်နှင့် ထိုင်မနေတော့ဘဲရထားလုံး၏ ပြတင်းရှေ့၌ ပျင်းရိဟန်ဖြင့် မှီထိုင်နေသည်။ သို့သော် သူက ထိုင်နေကျ ပုံစံဖြင့်သာ ထိုင်နေခြင်းဖြစ်ပြီး ရေသေကဲ့သို့ တည်ငြိမ်လှသည့် မျက်ဝန်းတစ်စုံကမူ ဝမ်ချီအား ကြည့်နေလေသည်။ 


ဝမ်ချီက အပြစ်ရှိစိတ်အား ခံစားလိုက်ရသည်။ သူက မသိစိတ်ဖြင့် လည်ပင်းလေးကျုံ့ရင်း ဆို၏။

“ဒီနိမ့်ကျတဲ့လူက အိမ်ရှေ့မင်းသားကို တိုက်ရိုက်ကြည့်ဖို့ မထိုက်တန်ပါဘူး ...”


“အိုး … မထိုက်တန်ဘူးဆိုရင်တောင် အကြိမ်တော်တော်များများ ကြည့်ပြီးပြီမဟုတ်လား … ပန်ကုန်း မင်းရဲ့မျက်လုံးတွေကို ထုတ်ပေးလိုက်တာ ပိုမကောင်းဘူးလား … ”


ဝမ်ချီ: “…”


ဒီတော့ အတိုချုံးပြောရရင် ဒီရူးနေတဲ့မင်းသားက ငါ့မျက်လုံးတွေကို ကော်ထုတ်ချင်နေတာပဲ မလား … သူ့မှာ ဘာမှလုပ်စရာမရှိဘူးလား … 


ဝမ်ချီက မတရားခံရသလို ခံစားလိုက်ရသည်။ သူ၏ မျက်တောင်ဖျားများက တုန်ယင်လာ၏။ ထို့နောက် ရှစ်ယဲ့ သူ့မျက်လုံးများကို ထုတ်ပစ်ချင်သည် ဆိုလျှင်ပင် သူသည်လည်း အနည်းငယ် တွန်းလှန်သင့်သည်ဟု တွေးလိုက်မိသည်။

“ဒီနိမ့်ကျတဲ့လူက အရှင့်သားကို ကြည့်ရတာ နှစ်သက်တာကြောင့်ပါ … ”


ရှစ်ယဲ့က သူ၏ နောက်ထပ်ပြောလာမည့် စကားလုံးများကို စောင့်ဆိုင်းနေဟန်ဖြင့် မည်သို့မှ ပြန်မဖြေခဲ့ပေ။ 


မြှောက်ပြောခြင်းနှင့် အသားကျနေပြီဖြစ်သော ဝမ်ချီက တည်ကြည်သော အမူအရာဖြင့် ဆက်ပြောလိုက်သည်။ “ဒီနိမ့်ကျတဲ့လူက ကိုယ့်အဆင့်ကိုယ်သိပါတယ် … ဒါပေမယ့် အရှင့်သားကို တည့်တည့်မကြည့်ဘဲ မနေနိုင်ပါဘူး … အရှင့်သားက ကျွန်တော်မျိုးအတွက် နေရောင်ခြည်လို တည်ရှိမှုမျိုးဖြစ်တယ်ဆိုတာ ကျွန်တော်မျိုး ပြောခဲ့ဖူးပါတယ်… ကျွန်တော်မျိုးက အဲဒီ့နေရောင်ခြည်ကို မျက်နှာမူနေရတဲ့ ပန်းတစ်ပွင့်ပါပဲ … နေရောင်မပါဘဲ ပန်းတွေပွင့်နိုင်ပေမယ့် နေရောင်ခြည်ရဲ့ ဆွဲဆောင်မှုကို တွန်းလှန်နိုင်စွမ်း မရှိပါဘူး…” 


ရှစ်ယဲ့က ထိုင်ခုံမှ နေရာရွှေ့လိုက်သည်။ ရှည်လျား၍ သွယ်ပြောင်းသည့် လက်ချောင်းများက သူ၏ မျက်ခုံးနှစ်ခုကြား နေရာကို ထောက်ထား၏။ သူက ဝမ်ချီအား ခံစားချက်မဲ့စွာ ကြည့်ရင်း ပြောလိုက်သည်။

“ဒါဆို မင်းပြောချင်တာက မင်းကို ဆွဲဆောင်မိတဲ့ ပန်ကုန်းအမှားပေါ့လေ … ”


ထိုအရာကို ကြားလိုက်သည်နှင့် ဝမ်ချီ၏ မျက်နှာတစ်ခုလုံး ဖြူလျော်သွားသည်။

“မပြောဝံ့ပါဘူး … ကျွန်တော်မျိုး ဆိုလိုတာက …”


ရှစ်ယဲ့ စိတ်ရှည်လက်ရှည် ဆက်မေးလိုက်သည်။

 “ဟမ် … ”


“အရှင့်သားကို ကြည့်လိုက်တဲ့အချိန်တိုင်း နေရောင်ကို တွေ့ရတဲ့ ပန်းပွင့်လိုမျိုး ...”

ဝမ်ချီ မေးကိုချီကာ ရှစ်ယဲ့၏ မျက်ဝန်းနက်များကို ထိပ်တိုက်ရင်ဆိုင်လိုက်ရင်း အခိုင်အမာပြောလိုက်၏။ 

“ပျော်ရွှင်မိပါတယ် ...”


သူ့စကားများကြောင့် ရှစ်ယဲ့က တောင့်တင်းသွားကာ အချိန်အတော်ကြာသည်အထိ ပြန်၍မတုံ့ပြန်နိုင်ခဲပေ။


ဝမ်ချီသည်လည်း မလှုပ်ဝံ့ခဲ့ချေ။ 


ရှစ်ယဲ့က စကားမဆိုသည့်အလျောက် သူသည်လည်း ရှစ်ယဲ့၏ မျက်နှာအား စိတ်အားထက်သန်စွာ စိုက်ကြည့်ရန်သာ တတ်နိုင်၏။


ဝမ်ချီက ရှစ်ယဲ့ အတန်ကြာ သတိလစ်ဟင်းသွားသည်ကိုရော၊ သူ့မျက်ဝန်းထဲရှိ ရှင်းပြရခက်သည့် ခံစားချက်များကိုပါ သတိပြုမိလိုက်သည်။ ဝမ်ချီက ထိုခံစားချက်များကို နားမလည်သဖြင့် အရှေ့တိုးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ရှစ်ယဲ့က မျက်တောင်ခတ်လိုက်ရင်း မျက်ဝန်းများကို ပြန်လည်အေးစက်စေလိုက်၏။ 


ဝမ်ချီက ပြောသည်။

“အရှင့်သား … ”


ရှစ်ယဲ့က ဝမ်ချီ အစောပိုင်းက ထိုင်ခဲ့သည့် နေရာကို ညွှန်ပြကာ အေးစက်စက် ပြောလိုက်သည်။

“ဟိုမှာထိုင် ...”


ဝမ်ချီ: “…”


ကောင်းပြီ … ငါက လက်ယပ်ခေါ်ရင်လာတတ်တဲ့ အိမ်မွေးခွေးလေးပဲ … 


ဝမ်ချီ၌ ယခင်က ကွဲကြေလွယ်သည့် နှလုံးသား ရှိနေခဲ့သော်လည်း သူ၏ မိမိကိုယ်ကိုယ် တန်ဖိုးထားမှုက အထက်ပါအတိုင်း ပြောပြီးသည့်နောက် ပျောက်ကွယ်သွားလေသည်။ ထို့အပြင် ရှစ်ယဲ့၏ ခန့်မှန်းရခက်သော အမူအကျင့်နှင့်လည်း အသားကျနေခဲ့သည်ဖြစ်ရာ ထိုနေရာအား အမြန်ပြန်သွားရင်း သက်သောင့်သက်သာ အနားယူလိုက်၏။ 


***


ရထားလုံးက လမ်းတစ်လျှောက် တလှုပ်လှုပ်ဖြင့် ခရီးဆက်လာခဲ့သည်။ 


မည်မျှကြာမြင့်သွားသည်မသိပေ ရထားလုံး ရပ်သွားသည့်အချိန်တွင် ဝမ်ချီ ပြန်နိုးလာ၏။ 


မကြာမီမှာပင် မိန်းမစိုးကျိုး၏ အသံတိုးတိုးက ကန့်လန့်ကာ အပြင်ဘက်မှ ထွက်ပေါ်လာသည်။

“အရှင့်သား … နေရာကို ရောက်ပါပြီ ...”


မိန်းမစိုးကျိုး၏ အသံကြောင့် ဝမ်ချီက နိုးနိုးကြားကြား ဖြစ်သွားကာ ကိုယ်ကိုမတ်လိုက်၏။ ထို့နောက် ရှစ်ယဲ့ မတ်တပ်ထကာ ဘီးတပ်ကုလားထိုင်ဆီသို့ လမ်းလျှောက်သွားသည်အား ဝမ်ချီ တွေ့လိုက်ရသည်။ မိန်းမစိုးကျိုးနှင့် ရထားလုံးမောင်းနှင်သူက ကန့်လန့်ကာအား အတူတကွ မ တင်လိုက်ကြ၏။ သူတို့က ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် ရှစ်ယဲ့အား အနောက်မှ တွန်းပေးလိုက်ကြသည်။ 


ဝမ်ချီသည်လည်း သူတို့အနောက်မှ အမြန်လိုက်ပါလာခဲ့၏။ 


ရထားလုံးအတွင်းမှ ထွက်ခွာလာသည့်နောက် ရထားလုံးသည် တိတ်ဆိတ်သော လမ်းကြားအတွင်း ရပ်ထားကြောင်း ဝမ်ချီ သတိပြုမိလိုက်သည်။ သို့သော် သစ်ပင်များ ထူထပ်ခြင်းမရှိဘဲ လမ်းတစ်လျှောက် ရှင်းလင်းနေပြီး  အနီရောင် မီးအိမ်ကလေးများက လမ်းတစ်ဖက်တစ်ချက်စီတွင် နေရာယူလျက်ရှိ၏။ 


သူတို့အရှေ့တွင် စားသောက်ဆိုင်တစ်ခု၏ အနောက်ဘက် တံခါး ရှိနေသည်။ မိန်းမစိုးကျိုးက ရှစ်ယဲအား တွန်းပေးလိုက်၏။ ဝမ်ချီကမူ သူတို့အနောက်မှ လိုက်ပါလာခဲ့သည်။ အတွင်းဘက်ရှိ မြင်ကွင်းမှာ အမှန်တကယ်ပင် စားသောက်ဆိုင်တစ်ခု ဖြစ်နေခဲ့သည်။ 


စားသောက်ဆိုင်တစ်ခုလုံး လူရှင်းနေ၏။ သူတို့အား နှုတ်ဆက်လာသော ဆိုင်ရှင်နှင့် လက်ထောက်များမှအပ မည်သူ့ကိုမှ ဝမ်ချီ မတွေ့ခဲ့ရချေ။ 


ဆိုင်ပိုင်ရှင်က သက်လတ်ပိုင်း လူဝကြီးတစ်ဦး ဖြစ်ပြီး သူ၏ အပြုံးမှာ သခင်ရင်းနှင့် ခပ်ဆင်ဆင်ရှိ၏။ သူက ရှစ်ယဲ့အား နှုတ်ဆက်ပြီးသည့်နောက် ပထမထပ်ရှိ သီးသန့်ခန်းထံသို့ သူတို့အား ဦးဆောင်ကာ ခေါ်သွားပေးလေသည်။ 


သီးသန့်ခန်းမှာ အခန်းကျယ်တစ်ခု ဖြစ်၏၊ အခန်းအတွင်း၌ ကျောက်တုံးများဖြင့် ဆောက်လုပ်ထားသော စမ်းချောင်းငယ်တစ်ခုပင် ရှိနေသည်။ ရေစီးသံက လေထဲတွင် ပျံ့နှံ့နေပြီး လတ်ဆတ်သည့် ရနံ့တစ်ခုနှင့်အတူ ပေါင်းစည်းလျက်ရှိ၏။ 


ဆိုင်ပိုင်ရှင်က ရှစ်ယဲ့အား မြှောက်ပင့်ပြောဆိုလျက်ရှိသည်။ 


ရှစ်ယဲ့က မည်သည့်အရာကိုမှ စိတ်မဝင်စားသည့်ဟန်ဖြင့် အေးစက်စက် ရှိနေသည်။ နေရာအနှံ့ကြည့်ကာ စပ်စုနေသည့် ဝမ်ချီအား ကြည့်ချိန်၌သာ သူ့မျက်ဝန်းများက အနည်းငယ် အသက်ဝင်လာ၏။ 


ဆိုင်ပိုင်ရှင်က ထက်မြက်သော လူတစ်ဦး ဖြစ်သည့်အလျောက် အဆိုပါ သေးငယ်သည့်အချက်ကို သတိပြုမိ၏။ သူက ရှစ်ယဲ့၏ လက်ယမ်းပြခြင်းကို ခံလိုက်ရသည့်နောက် ဝမ်ချီ့အတွက် ထိုင်ခုံဆွဲထုတ်ပေးလိုက်သည်။ 

“လူငယ်လေး … ဒီမှာထိုင်ပါ …” 


ဆိုင်ပိုင်ရှင်က နှုတ်ဆက်လာချိန်၌ ဝမ်ချီက အခန်း၏ အတွင်းပိုင်း အလှဆင်မှုအား အကဲခတ်နေခဲ့၏။ သူ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ 


သူ ထိုင်ပြီးမှသာ ဆိုင်ပိုင်ရှင် သူ့အား နေရာချပေးသည့် ထိုင်ခုံက ရှစ်ယဲ့၏နံဘေးတွင်ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ထိုင်ခုံက ရှစ်ယဲ့၏ ဘီးတပ်ကုလားထိုင်ဘေး၌ ရှိနေပြီး ခေါင်းလှည့်၍ မကြည့်လျှင်ပင် မျက်ဝန်းထောင့်မှတစ်ဆင့် ရှစ်ယဲ့ သူ့အား ငေးကြည့်နေကြောင်း သိနိုင်၏။ ထို့အပြင် ရှစ်ယဲ့၏ခန္ဓာကိုယ်မှ  စန္ဒကူးရနံ့ ဖျော့ဖျော့ကိုလည်း ရရှိနေလေသည်။ 


ဝမ်ချီ: “…”


ကံကောင်းစွာဖြင့် ရှစ်ယဲ့က သူ့အား ကြည့်ရုံကြည့်နေခြင်းသာ ဖြစ်၏။


ဝမ်ချီက အစပိုင်းတွင် အလွန်ကြောက်လန့်နေမိသည်။ သို့သော် မကြာမီမှာပင် သူက သတိကို လျှော့ချကာ အခန်း၏ အတွင်းပိုင်းပြင်ဆင်မှုအား လိုက်လံ ငေးမောနေမိ၏။ အတိတ်က ဝမ်ချီ၏အတွေးထဲတွင် ရှေးခေတ်ပစ္စည်းများက ခေတ်သစ်ပစ္စည်းများကို မှီနိုင်စရာမရှိဟု ယူဆခဲ့၏။ သို့သော် ရှေးခေတ်သို့ ရောက်လာချိန်၌ သူမှားနေကြောင်း သတိပြုမိလာခဲ့၏။ ခေတ်သစ်၌ စက်ပစ္စည်းများဖြင့် ယူနီဖောင်းများထောင်ချီ ပြုလုပ်နိုင်သော်လည်း ရှေးခေတ်၏ ယူနီဖောင်းများက အနုစိတ်ကျကာ စိတ်ကူးစိိတ်သန်း ကောင်းလှပေသည်။ 


သီးသန့်ခန်း၏ အပြင်အဆင်ကပင် ဝမ်ချီအား မှင်သက်မိစေ၏။ 


ဝမ်ချီက အပြင်အဆင်တွင် နစ်မျောနေခဲ့ရာ ထိုအချိန်တစ်လျှောက်လုံး ရှစ်ယဲ့ သူ့ထံမှ အကြည့်မလွှဲကြောင်း သတိမပြုမိခဲ့ပေ။ 


ရှစ်ယဲ့က ဝမ်ချီအား တစ်ချိန်လုံး ကြည့်နေခဲ့ခြင်းဖြစ်ပြီး ဝမ်ချီ၏ သေးငယ်သော ပြောင်းလဲမှုအားလုံးကို သတိပြုမိနေခဲ့သည်။ မူလ သတိကြီးကြီးထားနေရာမှ စိတ်အေးလက်အေး ဖြစ်သွားသည်အထိ အမွှေးတိုင်တစ်ထောက်စာပင် မကြာမြင့်ခဲ့ချေ။ 


ဝမ်ချီ သူ့ကို အလွန်ကြောက်မှန်း သူ မသိသည်မဟုတ်ပေ။ သို့သော် ထိုသူက သတိကြီးမှုကို လွယ်လွယ်ကူကူ လျှော့ချနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ 


ဝမ်ချီက ရှစ်ယဲ့၏ အတွေးများကို မသိခဲ့ပေ။ သူ သတိပြန်ဝင်လာချိန်၌ ရှစ်ယဲ့အား ခိုးကြည့်လိုက်သည်။ ရှစ်ယဲ့က အကြည့်ကိုရုတ်သိမ်းကာ မိန်းမစိုးကျိုး ထည့်ပေးသည့် လက်ဖက်ရည်ကို သောက်နေပြီဖြစ်သည်။ 


ဝမ်ချီက တွန့်ဆုတ်သွားခဲ့သော်လည်း သူ့နှလုံးသားထဲရှိ သံသယများကို ဖိနှိပ်ကာ ငြိမ်ငြိမ်လေး ထိုင်နေလိုက်သည်။ 


ခဏအကြာ၌ အခန်းတံခါးက ထပ်ပွင့်သွားကာ ဆိုင်ပိုင်ရှင် ထပ်မံဝင်ရောက်လာ၏။ သူက မြှောက်ပင့်သည့်စကားများကို ပြောလိုက်ပြီးနောက် အဖြူရောင်ဝတ် မိန်းမလှတစ်ဦးအား သူ၏အနောက်မှ လိုက်ပါလာစေခဲ့သည်။ 


ဝမ်ချီက ရှစ်ယဲ့ တစ်ခုခုစားရန် အပြင်ထွက်လာခြင်းဟု ယူဆထားခဲ့၏။ တစ်စုံတစ်ဦးနှင့် တွေ့ဆုံလိမ့်မည်ဟု မထင်ထားခဲ့၍  အံ့အားသင့်သွားသော်လည်း ဘာမှမသိသလို ဟန်ဆောင်ကာ ခေါင်းပြန်ငုံ့လိုက်သည်။ 


သို့သော် ထိုသို့ဆိုလျှင်ပင် အမျိုးသမီး၏ အကြည့်က သူ့ကိုယ်ပေါ်၌ ရစ်ဝဲနေကြောင်း ဝမ်ချီ ခံစားနေရ၏။



💮💮💮