💮Chapter 26
ဝမ်ချီ အနားသို့ မကပ်လာရသေးမီ ထိုသူများက သူ့အား သတိပြုမိသွားကြ၏။
“သခင်လေးဝမ် … ရောက်လာပြီပဲ … ”
ကျန်းချိုက်ဟွေ့က ဦးဆုံး စကားဆိုလာ၏။ သူမက အနီးရှိ အစေခံကို အမြန်ကူတွဲပေးရန် ပြောလိုက်ပြီး အပြုံးဖြင့် ဆို၏။
“သခင်လေး နေမကောင်းပဲကို … ဘာအတွက်ကြောင့် ထွက်လာရတာလဲ … ”
ဝမ်ချီ့စိတ်ထဲ တွေးလိုက်သည်။
နင့်ကိုမောင်းထုတ်မလို့လေ ...
ခဏအကြာ၌ ကျန်းချိုက်ဟွေ့ကထပ်ပြောပြန်၏။
“သခင်လေးဝမ်က ကျွန်မတို့ကို အပျိုတော်နဲ့ ခေါ်ခိုင်းရင် ရပါတယ် … ကိုယ်တိုင်လာနှုတ်ဆက်စရာ မလိုပါဘူး ...”
ဝမ်ချီ: “…”
ယောဖန်း ခေါင်းငုံ့ကာ ခပ်တိုးတိုး ပြောလိုက်၏။
“မျက်နှာအရေထူချက်ကတော့ မပြောရဲတာကို မရှိဘူး ...”
ဝမ်ချီက ကျန်းချိုက်ဟွေ့အလွန် သည်းခံနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူက ကျန်းချိုက်ဟွေ့၏ သွေးမရှိသော မျက်နှာကို ကြည့်ကာ ဝတ်ကျေတန်းကျေ မေးလိုက်သည်။
“ကိုယ်လုပ်တော်ကျန်း ဘာများဖြစ်လို့လဲ … ”
ကျန်းချိုက်ဟွေ့က ပြုံးလျက် ခေါင်းယမ်းလိုက်၏။
“နည်းနည်းမူးသွားရုံပါပဲ … အထွေအထူးမဟုတ်ပါဘူး ...”
သို့သော် သူမ စကားဆုံးသည်နှင့် သူမအနီးရှိ နန်းတွင်းသူက ဒေါသတကြီး ပြောတော့သည်။
“သခင်မနဲ့ တခြားသခင်မတွေက သခင်လေးဝမ်ကို ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ လာတွေ့ခဲ့ကြတာပါ … ဒါပေမယ့် သခင်လေးဝမ်က အသိအမှတ်မပြုတဲ့အပြင် အားလုံးကို အကြာကြီး စောင့်စေခဲ့တာလေ … စောင့်နေရလို့သာ မဟုတ်ရင် သခင်မက မေ့လဲသွားမယ်တဲ့လား …”
နန်းတွင်းသူ စကားဆုံးမှသာ ကျန်းချိုက်ဟွေ့က သူမအား မာန်လိုက်သည်။
“လျှိုလီ … တိတ်စမ်း … ”
နန်းတွင်းသူက ပြော၏။
“ဒါပေမယ့် သခင်မ …”
ကျန်းချိုက်ဟွေ့က ခက်ထန်စွာ မာန်လိုက်သည်။
“ဒီနေရာက မင်းဝင်ပြောရမယ့်နေရာ မဟုတ်ဘူး … ”
ထိုအခါမှသာ သူမက လည်ပင်းအလိမ်ခံရသည့် ဘဲတစ်ကောင်ကဲ့သို့ တိတ်ကျသွားတော့သည်။
ကျန်းချိုက်ဟွေ့က ဝမ်ချီအား ပြန်ကြည့်လိုက်၏။ သူမ၏ ခက်ထန်သော မျက်နှာက အန္တရာယ်မရှိသည့် ညင်သာသော အပြုံးဖြင့် လက်ဖြာသွားသည်။ သူမက တောင်းပန်သည့် ကိုယ်ဟန် ပြုလုပ်ကာဆို၏။
“သခင်လေးဝမ် … ဒီမိန်းကလေးက မသိတတ်တာကြောင့် သခင်လေးဝမ်ရဲ့ရှေ့မှာ ဒီလိုစကားမျိုး ပြောခဲ့တာပါ … သူ့ကို ကျွန်မ ပြန်ရောက်တာနဲ့ အပြစ်ပေးလိုက်ပါ့မယ် … သခင်လေးဝမ် … စိတ်ထဲမထားပါနဲ့ …”
ဝမ်ချီ: “…”
ဝမ်ချီက သခင်နှင့် အစေခံတို့ လိုက်ဖက်ညီနေသည်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ သူက ရှင်းပြရန်ပြင်လိုက်၏။
သို့သော် ဝမ်ချီ ဘာမှ မပြောနိုင်မီ ယောဖန်းက ဝင်ပြောလိုက်သည်။
“မင်းရဲ့သခင်က ဘာမှမပြောတာတောင် မင်းက ရန်ဖြစ်ချင်နေတယ်ပေါ့လေ … မင်းသခင်က ရည်ရွယ်ချက်ကောင်းနဲ့ဆိုတော့ ငါ့သခင်ကရော ရည်ရွယ်ချက်ကောင်း မရှိလို့လား … ငါ့သခင်က သခင်မတွေ အအေးမိမှာ စိုးရိမ်နေခဲ့တာလေ … ဒါပေမယ့် ငါ့သခင်ရဲ့ ကြင်နာမှုတွေက မြည်းရဲ့အသည်းနဲ့ အဆုတ်တွေလို ဖြစ်သွားခဲ့တာပဲ …”
[T/N - မြည်းရဲ့ အသည်းနှင့်အဆုတ် [lǘ ɡān fèi] - ကောင်းမွန်သော ရည်ရွယ်ချက်က အမှားဖြစ်ခဲ့ရသည်။]
ယောဖန်း၌ ချွန်မြသော လျှာရှိကာ ထိုကဲ့သို့ စကားလုံးများကို ပဲစေ့များကျဲချသကဲ့သို့ ပြောနိုင်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။ သူမ၏ စကားလုံးများက အစေခံများကို ကြောင်အသွားစေပြီး အားလုံးကို ရှက်သွားစေခဲ့၏။
ယောဖန်း၏မျက်ဝန်းက အပျိုတော်အား ကြည့်နေခြင်း ဖြစ်သော်လည်း သူမက ရှိနေသည့် လူအားလုံးကို ရည်ရွယ်ချက်ရှိရှိ ပြောလိုက်ခြင်းဖြစ်သည်။
အထူးသဖြင့် ကျန်းချိုက်ဟွေ့ ဖြစ်၏။ သူမ၏ မျက်နှာက ဖြူနေရာမှ ပြာလာခဲ့သည်။
ဝမ်ချီက ဝင်ပြောလိုက်သည်။
“အဟမ်း … ယောဖန်း …”
“သခင်လေး … ဒီအစေခံကို မဖျောင်းဖျပါနဲ့ … ဒီအစေခံက အပြစ်ပေးခံရမယ်ဆိုရင်တောင် ဒါကို ပြောကို ပြောရပါလိမ့်မယ် … ”
ယောဖန်းက ပြောနေရင်း မျက်ဝန်းများနှင့် နှာသီးဖျားလေး နီရဲလာသည်။ သူမ၏ မျက်မှောင်ကြုတ်ထားမှုက အလိုမကျမှုကို ဖော်ပြလျက်ရှိ၏။
“သခင်လေး … သခင်လေးက ဒီလောက်ဖျားနေတာတောင် သူတို့က သခင်လေးအတွက် ထည့်မတွက်ပေးကြဘူး … သခင်လေးကို မတွေ့မချင်း မသွားဘူးဆိုပြီး ခေါင်းမာနေလိုက်သေးတယ် … သူတို့က သခင်လေးရဲ့ ကျန်းမာရေးကို စိတ်မပူကြဘူးလား … သူတို့သာ မြန်မြန်ထွက်သွားခဲ့မယ်ဆိုရင် သခင်လေးက အစေခံတစ်ဦးဆီက စော်ကားခံရဖို့အတွက် ဖျားနာနေတဲ့ ခန္ဓာကိုယ်ကို အားတင်းပြီးထွက်လာပါ့မလား …”
ပြောပြီးသည်နှင့် ယောဖန်းက ဆက်လက်သည်းမခံနိုင်တော့ဟန်ဖြင့် မျက်နှာကိုအုပ်ကာ စတင်ငိုကြွေးတော့သည်။
ဝမ်ချီက တွန့်ဆုတ်စွာ ခေါ်လိုက်သည်။
“ယောဖန်း…”
ယောဖန်းက ငိုလျက်ဆို၏။
“သခင်လေးက ကြင်နာတတ်ပြီး ဒီလိုကိစ္စမျိုးကို မတွေးတတ်ဘူး … ဒီအစေခံရဲ့ အလိုမကျမှုတွေကို ဘယ်လိုများ နားလည်နိုင်ပါ့မလဲ … ”
ဝမ်ချီ: “…”
သူက ယောဖန်းအား လက်မထောင်ပြချင်လာသည်။
ယောဖန်းက ဝမ်းနည်းစွာ ငိုကြွေးနေ၏။ ကျန်းချိုက်ဟွေ့နှင့် အခြားလူများ တိတ်ကျသွားခဲ့ရသည်။
အထူးသဖြင့် ကျန်းချိုက်ဟွေ့အား တွဲထားသော အပျိုတော်ဖြစ်၏။ သူမက အမျိုးသမီးတစ်ဦးဖြစ်၍ ယောဖန်း၏ ရည်ရွယ်ချက်များကို မမြင်ဘဲမနေပေ။ သို့သော် ယောဖန်းက ငိုကြွေးနေပြီဖြစ်ရာ ဘာမှမပြောနိုင်တော့ဘဲ အံကိုသာ တင်းတင်းကြိတ်ထားရ၏။
ကျန်းချိုက်ဟွေ့နှင့် အခြားသခင်မများ၏ မျက်နှာမှာလည်း မကောင်းလှချေ။ သူတို့က ငိုကြွေးနေသည့် ယောဖန်းကို တစ်လှည့် တရားရနေသည့် အပြုံးဖြင့် ကောင်းကင်အား မော့ကြည့်နေသော ဝမ်ချီကိုတစ်လှည့် ကြည့်လိုက်ကြသည်။
အဲဒီနှုတ်ခမ်းနီနီနဲ့ သွားဖြူဖြူတွေကိုပဲ ကြည့်လိုက်စမ်းပါ … ဒါက ဖျားနေတဲ့လူလား …
ဒီအပျိုတော်က သေချာကြည့်ပြီး အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ …
ကျန်းချိုက်ဟွေ့က ကလေးဘဝကတည်းက ချောမွေ့သည့်ဘဝနှင့် အသားကျနေခဲ့သူ ဖြစ်သည်။ အရှေ့နန်းတော်အတွင်းသို့ လက်ဆက်ကာ ဝင်ရောက်ခဲ့သည့်နောက် အိမ်ရှေ့စံမင်းသားအား မတွေ့ရသည်မှအပ ဤကဲ့သို့ ကြီးမားသော အရှုံးကို တစ်ခါမှ ရင်မဆိုင်ခဲ့ဖူးချေ။ ရှက်ရွံ့မှုက သူမ၏ ခြေချောင်းထိပ်များမှတစ်ဆင့် သူမ ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွား၏။
သူမက အခြားသခင်မများကို ဝမ်ချီ့ထံသို့ ရည်ရွယ်ချက်ရှိရှိ ခေါ်ဆောင်လာခြင်းဖြစ်ပြီး မိသားစုစုဝေးခြင်းအဖြစ် ပြုလုပ်လိုခဲ့သည်မှာ အမှန်ဖြစ်၏။ သို့သော် ဝမ်ချီက ထိုအရာအား အသိအမှတ် မပြုရုံသာမက အပျိုတော်တစ်ဦးကိုပင် သူတို့အား စော်ကားခွင့် ပြုခဲ့သည်။
မုန်းစရာကောင်းလိုက်တာ …
ဝမ်မျိုးရိုးက ဒီအတိုင်း ကံကောင်းလို့ အရှင့်သားအနား ကပ်နိုင်ရုံတင် မဟုတ်လား … သူမကလည်း နွေဦးရဲ့ ကြက်သွန်နီလိုမျိုး တွေးနိုင်ရတာလဲ … သူက ကျောဖြောင့်ဖြောင့်တောင် မထိုင်နိုင်သေးခင် သူမတို့ကို ရှိုးလုပ်ပြနေချင်ပြီပေါ့လေ ….
[T/N - နွေဦးရဲ့ ကြက်သွန်နီ - မိမိအား အခြားလူများက အထင်မကြီးသလို အရေးတယူ မပြုလုပ်ခြင်း။ ]
ကျန်းချိုက်ဟွေ့ တွေးလေလေ၊ ဒေါသထွက်လာလေလေပင်။
ငါကဘာလို့ အဲ့လူရဲ့နံရံကို တွယ်မတက်နိုင်ရတာလဲ... ဝမ်မျိုးရိုးက ဘာလို့ ငါ့ကို အဲ့လိုဆက်ဆံရဲတာလဲ...
ဝမ်ချီက ကျန်းချိုက်ဟွေ့၏ ပျက်ယွင်းလာသော အမူအရာကို ကြည့်ရင်း ငိုယိုနေဆဲဖြစ်သည့် ယောဖန်းအား ပြန်ဆွဲလိုက်သည်။ ထို့နောက် ထိုသူများအား မည်သို့မည်ပုံ မောင်းထုတ်ရန် တွေးနေ၏။
သို့သော် သူ မည်သည့်နည်းလမ်းကိုမှ မတွေးနိုင်မီ မဝေးလှသည့်နေရာမှ ဘီးလိမ့်လာသံအား ကြားလိုက်ရသည်။
ကျန်းချိုက်ဟွေ့နှင့် အခြားလူများသည်လည်း ထိုအသံကို ကြားလိုက်ကြ၏။ သူတို့က အသံလာရာအရပ်သို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။
ရွှေဇာလွှာများဖြင့် ဖုံးကာထားသည့် ဇိမ်ခံရထားလုံးတစ်စီးက သူတို့ရှိရာသို့ ချဉ်းကပ်လာ၏။ ရထားလုံးက နေရောင်အောက်ဝယ် ရွှေရောင်များဖြင့် ဖိတ်ဖိတ်လက်နေသည်။ နံဘေးတွင် လိုက်ပါလာသည့် မိန်းမစိုးကျိုးကြောင့် မဟုတ်ပါက နတ်ဘုရားတစ်ပါးပါး ကမ္ဘာပေါ်သို့ ဆင်းသက်လာသည်ဟု ဝမ်ချီ တွေးလိုက်မိမည်ပင်။
သို့သော် မိန်းမစိုးကျိုး တစ်ဦးထဲကပင် ကျန်းချိုက်ဟွေ့နှင့် အခြားလူများအား ထိတ်လန့်စေခဲ့သည်။ ဒေါသကြောင့် ပြာနှမ်းနေသည့် မျက်နှာများက အပြုံးပန်းများ ဝေဝေဆာဆာ ပွင့်လန်းလာကြ၏။ သူတို့က မိန်းမစိုးကျိုးအား ကမ္ဘာပေါ်သို့ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးကဲ့သို့ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေကြသည်။
မိန်းမစိုးကျိုးနှင့် ရထားလုံး အနားရောက်လာသည်ကိုပင် မစောင့်နိုင်တော့ဘဲ ကျန်းချိုက်ဟွေ့က ဝတ်ရုံအား အမြန်ပြန့်ပြူးစေကာ သူတို့အား သွားရောက်နှုတ်ဆက်လိုက်၏။
“မိန်းမစိုးကျိုး ……”
သူမ မည်သည်ကိုမှ မပြောနိုင်သေးမီ မိန်းမစိုးကျိုးက သူမအား ကြည့်ပင်မကြည့်ဘဲ လက်ဖြင့်ဟန့်တားလိုက်သည်။
ကျန်းချိုက်ဟွေ့က ကြောင်အသွားကာ စကားရပ်လိုက်၏။
မိန်းမစိုးကျိုးက လက်ကိုပြန်ရုတ်ကာ အားလုံးရှေ့၌ပင် ဝမ်ချီ့ထံ လျှောက်လာ၏။
“သခင်လေးဝမ်...”
ဝမ်ချီ၏ စိတ်ထဲတွင် မကောင်းသည့်အရာတစ်ခုခု ဖြစ်တော့မည်ဟူသည့် ခံစားချက်မျိုး ရလာခဲ့သည်။
မိန်းမစိုးကျိုး၏ နောက်ထပ်စကားများ ထွက်ပေါ်လာ၏။
“သခင်လေးဝမ် အသင့်ဖြစ်ပြီဆိုရင် ရထားလုံးထဲ ဝင်ပါတော့… အရှင့်သားက အထဲမှာ စောင့်နေပါတယ် … ”
“…”
ဝမ်ချီ စိတ်ထင်ခြင်းပေလောမသိ၊ အမျိုးသမီးများ၏ အကြည့်များက ဓားများကဲ့သို့ ထက်မြလာသလို ခံစားလိုက်ရ၏။ သူက ကန့်လန့်ကာများ ချထားသည့် ရထားလုံးကို ကြည့်ကာ မေးလိုက်၏။
“မိန်းမစိုးကျိုး … အရှင့်သားက နန်းတော်ထဲက ထွက်ခွာမလို့လား … ”
မိန်းမစိုးကျိုးက ပြောလိုက်သည်။
“သခင်လေးဝမ် မမေးပါနဲ့တော့ … ဖြည်းဖြည်းချင်း သိလာမှာပါ ...”
ဝမ်ချီ: “…”
ဒါပေမယ့် ငါ မသွားချင်ဘူးလေ … အား …ငါ အဲဒီ့နေ့က ဖြစ်ခဲ့တာကို မှတ်မိနေတုန်းပဲ … ငါ ရှစ်ယဲ့ရဲ့မျက်နှာကို မကြည့်ရဲသေးဘူးလို့ …
ကျန်းချိုက်ဟွေ့က ဝမ်ချီ၏ တုံ့ဆိုင်းနေပုံကို ကြည့်ပြီး ဦးနှောက်အား အလုပ်ပေးလိုက်သည်။ သူမက အနည်းငယ် စိုးရိမ်နေသော်ငြား ခဏအကြာ၌ သူမအနောက်ရှိ အပျိုတော်အား ရှေ့သို့ ညင်သာစွာ တွန်းလိုက်ပြီး အံကြိတ်ကာ ရထားလုံးထံ လျှောက်သွားရင်း ပြောလိုက်သည်။
“အရှင့်သား … သခင်လေးဝမ်က ဒီနေ့ နေမကောင်းဖြစ်နေတာပါ … တကယ်လို့ သူသာ အရှင့်သားနဲ့အတူ နန်းတော်အပြင်ကို လိုက်ခဲ့မယ်ဆိုရင် အရှင့်သား ဖျားနာတာကူးစက်သွားမှာ စိုးရိမ်မိပါတယ် …”
ထိုစကားသံ ထွက်ပေါ်လာသည်နှင့် မိန်းမစိုးကျိုး၏ မျက်နှာပျက်ယွင်းသွားသည်။ သူက ချက်ချင်း နောက်လှည့်လာကာ ပြောလိုက်၏။
“အတင့်ရဲလိုက်တာ …”
ကျန်းချိုက်ဟွေ့ ထိတ်လန့်သွား၏။ သူမ၏ ခြေထောက်များက ပျော့ခွေလာကာ မြေပေါ်သို့ ဒူးထောက်ချလိုက်မိသည်။
မိန်းမစိုးကျိုးက ကျန်းချိုက်ဟွေ့၏ မိမိကိုယ်ကိုယ် ရှေ့တန်းတင်သော အမူအရာကြောင့် လွန်စွာဒေါသထွက်သွားပုံရသည်။ သူက သူမထံ လျှောက်လာကာ မျက်လုံးပြူးလျက် ဒေါသတကြီး မာန်မဲလိုက်၏။
“မင်းက ဘယ်လိုတောင်အတင့်ရဲပြီး အရှင့်သားရဲ့ ဆုံးဖြတ်ချက်ကို စွက်ဖက်ရဲတာလဲ … အသက်မရှင်ချင်တော့ဘူးလား …”
ကျန်းချိုက်ဟွေ့က တုန်တုန်ယင်ယင်ဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းလျက်ရှိသည်။ သူမ၏ ပါးလျသော ခန္ဓာကိုယ်က ဆန်ခါတစ်ခုကဲ့သို့ တုန်ယင်နေ၏။
“အရှင့်သား … အသက်ကို ချမ်းသာပေးပါ … ဒီနိမ့်ကျတဲ့ အမျိုးသမီးက အရှင့်သားကို သခင်လေးဝမ်ဆီက အဖျားကူးစက်မှာ စိုးရိမ်မိရုံပါပဲ …”
မိန်းမစိုးကျိုးက သူမအား တုန်ယင်စွာ လက်ညှိုးထိုးလိုက်၏။
“မင်းရဲ့နိမိတ်မရှိတဲ့ ပါးစပ်ကို ပိတ်လိုက်စမ်း… အရှင့်သားက ကျန်းမာရေး ကောင်းပြီးသား… မင်းဘာမှ မကောင်းတဲ့စကား ပြောစရာမလိုဘူး … ”
ကျန်းချိုက်ဟွေ့က မိန်းမစိုးကျိုး၏ ဆူပူမှုကြောင့် ကြောင်အသွားသည်။
သူမ အရှေ့နန်းတော်သို့ ရောက်သည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း အိမ်ရှေ့မင်းသားအား တစ်ကြိမ်ပင် မတွေ့ဖူးခဲ့ပေ။ သူမက အိမ်ရှေ့စံနှင့် ပတ်သတ်၍ ကောလဟာလများ ကြားဖူးသော်လည်း ထိုသူ ထိုမျှရက်စက်လိမ့်မည်ဟု မယုံနိုင်ခဲ့ချေ။ အဆိုပါ ကောလဟာလများက မှန်ကန်သည်ဖြစ်စေ၊ သူမက အိမ်ရှေ့မင်းသားနှင့် နီးစပ်လို၏။ သူမ တစ်သက်လုံး မုဆိုးမတစ်ဦးအဖြစ် ဤနန်းတော်အတွင်း၌ အရိုးမထုတ်လိုပေ။
သူမ မူလက အိမ်ရှေ့စံ၏ နှလုံးသားကို အရယူနိုင်လိမ့်မည်ဟု စိတ်ကူးယဉ်ခဲ့မိသည်။ သို့သော် ယခုအခါ သူမ၏ မျက်နှာတစ်ခုလုံး ရှက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေ၏။
အိမ်ရှေ့စံက ဘာလို့ ဒီလိုဖြစ်ရတာလဲ …
ခုဏတုန်းကဝမ်မျိုးရိုးက ထိပါးပြောဆိုခဲ့ပြီး အခုတော့ မိန်းမစိုးကျိုးက ငါ့ကို ထိပါးပြောဆိုနေပြန်ပြီ …
မြင်ကွင်းကြောင့် အခြားသခင်မများသည်လည်း ခေါင်းငုံ့ထားမိကြ၏။ သူတို့က ပြဿနာထဲ ရောပါသွားမည်ကို တုန်လှုပ်နေကြသည်။
ထိုအချိန်မှာပင် အေးစက်စက် အသံတစ်ခုက ရထားလုံးအတွင်းမှ ထွက်ပေါ်လာသည်။
“ကျိုးရှန် ….”
မိန်းမစိုးကျိုးက ချက်ချင်း သတိကြီးကြီးဖြစ်သွားသည်။
“ဒီအစေခံရှိပါတယ် ..”
ရထားလုံး၏ ကန့်လန့်ကာများ မြောက်သွားကာ ရှစ်ယဲ့၏ မျက်နှာတစ်ခြမ်းက ရထားလုံး၏ ပြတင်းပေါ်ကမှ ထွက်ပေါ်လာ၏။ သူက မိန်းမစိုးကျိုးကိုပင် မကြည့်ခဲ့ဘဲ သူ့အသံထဲတွင် စိတ်မရှည်မှုများ ပါဝင်နေ၏။
“ဘာလို့ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေသလဲ… ”
မိန်းမစိုးကျိုး ထိတ်လန့်သွား၏။
“ဒီအစေခံ ကိုယ့်အမှားကိုယ် သိပါပြီ ...”
ထို့နောက် မိန်းမစိုးကျိုးက ဝမ်ချီအား ရထားလုံးပေါ်သို့ တက်ရတော့မည့်အကြောင်းပြောရန် ပါးစပ်ဟလိုက်သည်။ သို့သော် ကျန်းချိုက်ဟွေ့က ရထားလုံးအရှေ့၌ ဒူးထောက်လိုက်၏။
ကျန်းချိုက်ဟွေ့၏ မျက်နှာတစ်ခုလုံး ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။ သူမက ရှစ်ယဲ့အား ပျော်ရွှင်မှုများဖြင့် ကြည့်လိုက်၏။ သူမက စိတ်လှုပ်ရှားမှုအား အနည်းငယ် ဖိနှိပ်ရင်းဆို၏။
“နိမ့်ကျတဲ့ အမျိုးသမီးကို ယုံကြည်ပေးလို့ ကျေးဇူးကြီးမားလှပါတယ် အရှင့်သား … ဒီနိမ့်ကျတဲ့အမျိုးသမီးက အရှင့်သားအတွက် စိုးရိမ်မိတာပါ … သခင်လေးဝမ်က အပြင်းအထန်ဖျားနေတဲ့အတွက် …”
ကျန်းချိုက်ဟွေ့၏ စကားကို နားထောင်ပြီးသည့်နောက် ကျန်းချိုက်ဟွေ့က ရှစ်ယဲ့မှာ မိန်းမစိုးကျိုးအား သူမအတွက် ဟန့်တားလိုက်ခြင်းဖြစ်သည်ဟု ယုံကြည်နေကြောင်း သိလိုက်သည်။
သို့သော် ထိုသို့တွေးမိသည့်နောက် ၎င်းမှာ မှားယွင်းနေကြောင်း ဝမ်ချီ ခံစားမိလိုက်သည်။
ဝမ်ချီက ရှစ်ယဲ့၏ စိတ်နေစိတ်ထားနှင့် တစ်မူထူးသော အကျင့်စရိုက်ကို သိရှိထားသည်။ သူက ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကတည်းက ကျန်းချိုက်ဟွေ့အား မနှစ်မြို့ဟန် မပြခဲ့ချေ။ သူ စိတ်ကောင်းဝင်နေသဖြင့် သူမအတွက် ပြောပေးခြင်း ဖြစ်တန်ရာ၏။
ဝမ်ချီ အတွေးဆုံးသည်နှင့် ရှစ်ယဲ့က ပြန်ဖြေလာသည်။ သူက မျက်လွှာချလိုက်ပြီး သူ၏ အေးစက်စက်အကြည့်က မြေပြင်ပေါ်တွင် ဒူးထောက်နေသည့် ကျန်းချိုက်ဟွေ့အပေါ် ကျရောက်သွားသည်။
သူက နှုတ်ခမ်းထောင့်များကို အသာအယာ မြင့်တက်စေလိုက်၏။
“ပန်ကုန်းက မင်းကို ကာကွယ်နေတယ်လို့ ထင်တာလား…”
ကျန်းချိုက်ဟွေ့က ထိုသို့တွေးခဲ့ခြင်း ဖြစ်သော်ငြား ထုတ်ပြောရန် မဝံ့ရဲချေ။
“နိမ့်ကျတဲ့ အမျိုးသမီးက မဝံ့ရဲပါဘူး ….”
“ဘာလို့ မဝံ့ရဲရမှာလဲ … မင်းရဲ့အတွေးအားလုံးက မင်းမျက်နှာပေါ်မှာ ပေါ်နေတာပဲလေ … ”
ရှစ်ယဲ့က မေးကိုချီလိုက်ပြီး သူ့အမူအရာက လှောင်ပြောင်သည့်ဟန် ပြောင်းလဲသွား၏။ သူက နှုတ်ခမ်းထောင့်များထက်တွင် လှောင်ပြောင်ဟန် ထင်ဟပ်စေလျက် ကျန်းချိုက်ဟွေ့အား ကြည့်လိုက်သည်။
“စိတ်မကောင်းစရာက မင်းလျှောက်တွေးနေမိတာပဲ ...”
“…”ကျန်းချိုက်ဟွေ့ မျက်ဝန်းများအတွင်းရှိ မျှော်လင့်ချက်က မှိန်ဖျော့သွားသည်။
💮💮💮