💮Chapter 25
သူက ဦးဆောင်သည့် ငှက်အား ပစ်မချလိုပေ။
အမယ် … ဒီလိုဆိုရင် ငါက အိမ်ရှေ့စံနဲ့လည်း နေ့တိုင်းလိုလို သွားတွေ့ရသေးတယ် … ပြီးတော့ မင်းကြီးနဲ့ အိမ်ရှေ့စံဆီက ဆုလာဘ်တွေလည်း ရသေးတယ်ဆိုတော့ ငါကသာ အရှေ့နန်းတော်ရဲ့ အကြီးဆုံးငှက်ကြီးမဟုတ်ဘူးလား…
ဝမ်ချီက ညင်သာစွာ သက်ပြင်းချလိုက်သည်။
အဆုံးသတ်တွင် ဝမ်ချီက ယောထောင်အား ရွှေဖရဲစေ့များကို ပြန်ယူသွားစေသည်။ ၎င်းတို့အား ရောင်းချ၍ မဖြစ်နိုင်သလို လက်ဆောင်ပေး၍လည်း မရရာ အခန်းလွတ်ထဲတွင် အမှတ်တရပစ္စည်းအဖြစ် သိမ်းဆည်းထားသည်က ပို၍သင့်တော်၏။
မင်းကြီး၏ ဆုလာဘ်များနှင့်တကွ မိန်းမစိုးများ၊ နန်းတွင်းသူများ ရောက်ရှိလာခြင်းက အရှေ့နန်းတော်တစ်ခုလုံးကို ထိတ်လန့်သွားစေမည်ပင်။ ထိုညတွင် ပျောက်နေသည့် ဖင်အန်းက အတင်းများစွာနှင့် ပြန်ရောက်လာခဲ့၏။
“သခင်လေးဝမ် … ဒီရက်ပိုင်း ဂရုစိုက်သင့်ပါတယ် ...”
ဖင်အန်းက စိတ်ပူနေဟန်ဖြင့် ဆိုသည်။
“ဒီနေ့ မင်းကြီး ဆုလာဘ်ချီးမြှင့်တဲ့သတင်းက အရှေ့နန်းတော်တစ်ခုလုံး ပျံ့နှံ့သွားပါပြီ … ဒီတော့ အခုကစပြီး လူတွေက သခင်လေးကို မျက်လုံးနီတွေနဲ့ ကြည့်လာကြတော့မှာ … သခင်လေး ဒီရက်ပိုင်း ဝါးပလွေအိမ်တော်ကနေ ခြေတစ်လှမ်းတောင် မထွက်တာ ကောင်းပါလိမ့်မယ် ...”
ဝမ်ချီက ယောထောင် ပြုလုပ်ပေးသည့် ရနံ့ချိုချိုရှိသော ပင်လုံးကြိုင်ပန်းကိတ်ကို တစ်ကိုက်စားကာ ဖင်အန်းအား ကြည့်လိုက်သည်။ ဖင်အန်းက ခေါင်းအနည်းငယ် ငုံ့ထား၏။ သူ့မျက်နှာထက်ရှိ စိုးရိမ်ဟန်အမူအရာက အတုအယောင် ဖြစ်ဟန်မတူချေ။
“ဟုတ်တယ် ...”
ဝမ်ချီက ဖင်အန်း၏ စကားကို ပြန်မဖြေပဲ မေးလိုက်သည်။
“ရွယ်ကွေ့အကြောင်း ဘာကြားလဲ …”
“ဒီအစေခံက တချို့တော့ ကြားခဲ့ပါတယ် … ”
“ရွယ်ကွေ့နဲ့ တခြားလူတွေ ဘယ်လိုနေလဲ … ”
“သခင်လေးရွယ်ကွေ့က နောက်ဆုံးအသက်တစ်ရှိုက်ကို ရှူထုတ်ရမလိုဖြစ်နေပါတယ် … သူ မကြာခင်သေဆုံးတော့မလား စိုးရိမ်စရာပါပဲ ...တခြားသခင်လေးတွေလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ကြပေမယ့် သခင်လေးရွယ်ကွေ့လောက် အခြေအနေမဆိုးပါဘူး … ဆယ်ရက်လောက် လှဲနေလိုက်ရင် ပြန်ကောင်းသွားကြမှာပါ …”
ဖင်အန်း ပြန်ဖြေလိုက်သည်။
ဝမ်ချီက နှာခေါင်းသာ ရှုံ့လိုက်သည်။
ဖင်အန်းက ကြက်တစ်ကောင်ကဲ့သို့ ခေါင်းကို တွင်တွင်ငုံ့ထားသည်။ သူက ဝမ်ချီ့ထံမှ စကားပြန် မရသည့်အခါ မော့ကြည့်လိုက်၏။ ဝမ်ချီက သက်သောင့်သက်သာဖြစ်စွာဖြင့် လှဲလျောင်းကာ မျက်ဝန်းများကိုမူ မှိတ်ထားလေသည်။
ဖင်အန်း : “……”
ဖင်အန်းက အနောက်သို့ ပြန်လည်ဆုတ်ခွာလိုက်သည်။
သူလှည့်ထွက်တော့မည့် အချိန်မှာပင် ဝမ်ချီ၏ တားဆီးခြင်းခံလိုက်ရ၏။
“ဖင်အန်း … မင်းက ဝါးပလွေအိမ်တော်က လူဖြစ်တာကြောင့် ဒီမှာရှိတဲ့အလုပ်တွေကို ကူညီရမယ် … မင်းအရင်ကတော့ ကောင်းကောင်းလုပ်ခဲ့ပေမယ့် အခုတော့ ငါအပြင်က ပြန်လာတိုင်း ယောဖန်းနဲ့ယောထောင်ကိုပဲ တွေ့နေရပါလား ….”
ဖင်အန်းက ထိတ်လန့်သွားပြီးနောက် အရှိန်ပြင်းပြင်း ဒူးထောက်ချလိုက်၏။
“သခင်လေးဝမ် … ဒီအစေခံ ကိုယ့်အမှားကိုယ်သိပါပြီ … နောက် ဒီလိုမျိုးထပ်မဖြစ်စေရပါဘူး …”
စကားဆုံးသည့်နောက် ဖင်အန်းက ကြမ်းပြင်နှင့် အကြိမ်အနည်းငယ်ခန့် ဦးတိုက်လိုက်သည်။
အသံမှာ ကျယ်လောင်လှသဖြင့် ဝမ်ချီပင် မျက်မှောင်ကြုတ်လိုက်မိ၏။
ဝမ်ချီက အမြဲလိုလို သည်းခံတတ်သူဖြစ်ပြီး တစ်စုံတစ်ဦးအား စကားနှင့်ပင် အပြစ်မဆိုခဲ့ဖူးချေ။ သူက ဖင်အန်း၏ လွန်ကဲလှသော တုံ့ပြန်မှုကြောင့် မေးခွန်းများဖြင့် ပြည့်နှက်သွားရ၏။ သူက သက်ပြင်းချကာ ပြောလိုက်သည်။
“မကန်တော့ပါနဲ့ … ငါဘာမှ မပြောရသေးပါဘူး …”
ဖင်အန်းက လွတ်ငြိမ်းချမ်းသာခွင့် ရသွားသကဲ့သို့ အမြန်ကျေးဇူးတင်လိုက်သည်။
“ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးကြီးမားလှပါတယ် … သခင်လေးဝမ် …
“နေစမ်းပါဦး … ငါမင်းကို ခွင့်လွှတ်တယ်လို့ မပြောရသေးဘူးလေ …”
ဖင်အန်းက ကြမ်းနှင့်ဦးတိုက်ရန် ပြင်လိုက်သည့် အလျောက် ဝမ်ချီ အမြန်ထပ်ပြောလိုက်၏။
“မင်းအလုပ်လစ်ဟင်းတော့ ယောထောင်နဲ့ ယောဖန်းမှာ အလုပ်တွေပိကုန်တာပေါ့ … မင်းသူတို့ကို အလျော်ပေးရဦးမှာပဲ …”
ဝမ်ချီက မေးကိုပင့်ကာ စဉ်းစားဟန်ပြုလိုက်၏။
“ဒီလိုဆိုရင်ရော … နောက်ထပ်နှစ်နှစ်အတွင်း မင်းက ပေါင်းပင်ရှင်းတာ၊ ခြံရှင်းတာနဲ့ အိမ်သာဆေးတာကို တာဝန်ယူရမယ် …”
သူ့စကားဆုံးသည့်နောက် ဖင်အန်း၏ ပုံရိပ်အနည်းငယ် ယိမ်းယိုင်သွားသည်ကို ဝမ်ချီ တွေ့လိုက်ရသည်။
သူက မျက်ခုံးပင့်ကာ ရှစ်ယဲ့လုပ်နေကျ အပြုအမူအား အတုခိုးလိုက်၏။
“ဘာလို့လဲ … မင်းမလုပ်ချင်ဘူးလား …”
“မဟုတ်ပါဘူး … လုပ်ချင်ပါတယ် …ကျေးဇူးကြီးလှပါတယ် သခင်လေးဝမ် …”
ဖင်အန်းက အမြန်ပြောလိုက်သည်။
ဝမ်ချီ လက်ယမ်းပြလိုက်သည်။
“သွားတော့ …”
ဖင်အန်းက ဖြူလျော်နေသော မျက်နှာဖြင့် အမြန်ထကာ အိပ်ခန်းအပြင်သို့ ပြေးထွက်သွားလေသည်။
ဝမ်ချီက မျက်လုံးမှိတ်ကာ ဖင်အန်းအကြောင်း တွေးနေမိသည်။ ယောထောင်၏ ဇစ်မြစ်အား ဖင်အန်းက သံသယရှိကြောင်း ပြောခဲ့သော်လည်း ဝမ်ချီ့အတွက်မူ ဖင်အန်းသည်သာ အထူးဆန်းဆုံးဖြစ်သည်။ ဖင်အန်းက သူ့အား အိမ်ရှေ့စံထံမှ အမြင်ကောင်း ရစေချင်သော်လည်း သခင်အဖြစ်မူ သဘောမထားခဲ့ချေ။
ဖင်အန်းသာ သူ့အား သခင်အဖြစ် သဘောထားပါက သူ၏ ခွင့်ပြုချက်မရှိဘဲ နေရာမှ ထွက်ခွာမည် မဟုတ်သလို တစ်ရက်နှစ်ရက်ကြာမှ ပြန်လာလိမ့်မည်လည်း မဟုတ်ပေ။
ဝမ်ချီက အကြမ်းဖျဉ်း ခန့်မှန်းလိုက်သည်။ ဖြစ်နိုင်သည်မှာ ဖင်အန်းက သူ အိမ်ရှေ့စံ၏ ပေါင်လုံးကိုဖက်ကာ ဆင်ဖြူတော်မှီ၍ ကြံစုပ်ရန် ကြံစည်ခဲ့ခြင်း ဖြစ်၏။ သို့သော် သူက အိမ်ရှေ့စံအနီးတွင် ထိုမျှကြာကြာ နေခဲ့သော်လည်း မည်သည့်အရာမှ ဖြစ်မလာခဲ့ချေ။ ထို့ကြောင့် ဖင်အန်းက တွယ်တက်နိုင်မည့် နောက်ထပ်သခင်တစ်ဦး ရှာဖွေနေခြင်းသာ ဖြစ်၏။
သူ့အမြင်အရ တစ်ခုမဟုတ်တစ်ခု ဖြစ်လာမှသာ ဖင်အန်း ပြန်လာလေ့ရှိသည်။ မိန်းမစိုးကျိုး လာခြင်း၊ အိမ်ရှေ့စံ ရောက်လာခြင်း၊ အိမ်ရှေ့စံ၏ ဆုလာဘ်များ ရောက်လာခြင်း …
ယနေ့ မင်းကြီး၏ဆုလာဘ်များ ရောက်ရှိလာပြီး ဖင်အန်းသည်လည်း ပြန်ရောက်လာသည်။
ထားပါတော့လေ … သူ မရိုးဖြောင့်တာတော့ ဘာတတ်နိုင်မှာလဲ …
ဝမ်ချီက သူ့နှလုံးသားကို ဖင်အန်း၏အပ်နှင့်ဖောက်ခြင်း ခံလိုက်ရသလို ခံစားလိုက်ရသည်။
ဖင်အန်းပြောသည်မှာ မှန်ကန်၏။ ကျန်းချိုက်ဟွေ့က ဝမ်ချီ့ထံသို့ နောက်နှစ်ရက်အကြာ၌ ညီအစ်မနှစ်ဦးနှင့်အတူ ရောက်ရှိလာခဲ့သည်။
ကျန်းချိုက်ဟွေ့ သူ့အား လာတွေ့သည့်နေ့က နေမကောင်းဟု အကြောင်းပြကာ ရှောင်ထွက်ခဲ့သည်ကို ဝမ်ချီ မှတ်မိသေးသည်။ သို့သော် ထိုအချက်က ကျန်းချိုက်ဟွေ့နှင့်အခြားလူများ သူ့ထံသို့ လာရောက်စေသည့် အကြောင်းရင်း ဖြစ်ခဲ့လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဝမ်ချီက မိန်းကလေးများနှင့် အပြင်မသွားချင်ပေ။ အထူးသဖြင့် ထိုအမျိုးသမီးများက သူ့အပေါ် မကောင်းသည့် ရည်ရွယ်ချက်များ ရှိနေနိုင်သေးသည်။ သို့သော် ကျန်းချိုက်ဟွေ့နှင့် အခြားလူများက ခေါင်းမာလှ၏။ သူတို့၏ မျက်နှာထက်တွင် အပြုံးများ ဝေဆာနေသော်လည်း ဝမ်ချီအား မတွေ့ရမချင်း ထွက်ခွာသွားမည် မဟုတ်ကြောင်း သူတို့စကားလုံးများက ပြောနေ၏။
ယောဖန်းက ကျန်းချိုက်ဟွေ့၏ စကားများကို ပြန်ပြောရင်း အံကြိတ်လိုက်သည်။
“ဒီအစေခံဖြင့် အံ့ဩလို့မဆုံးဘူး … အဲဒီအမျိုးသမီးတွေက အရှက်မဲ့လွန်းတယ် … ဒီအစေခံက သခင်လေးဝမ် နေမကောင်းတာကြောင့် လူတွေနဲ့စကားပြောဖို့ အဆင်မပြေသေးဘူးလို့ ပြောခဲ့တာတောင် သူတို့က အပြင်ဘက်မှာ သခင်လေးနဲ့ တွေ့ရဖို့ တောင်းဆိုနေတုန်းပဲ … ဒီအစေခံက ပြောနိုင်သမျှ ပြောပြီးတာတောင် သူတို့ကို မောင်းထုတ်လို့ မရသေးဘူး …”
ဝမ်ချီက ခြံဝန်းထဲရှိ ကုလားထိုင်ပေါ်၌ သက်သောင့်သက်သာ လှဲလျောင်းနေ၏။ သူက မျက်လုံးပင် လှန်မကြည့်ခဲ့ပေ။
“မောင်းမထုတ်နိုင်ရင်လည်း သူတို့ အဲဒီ့မှာ ရပ်နေပါစေ … ပင်ပန်းမှာ ငါတို့မှမဟုတ်တာပဲ …”
ယောဖန်းက နှုတ်ခမ်းကိုကွယ်ကာ ပြုံးလိုက်သည်။
“သခင်လေးဝမ်က ထက်မြက်လှပါတယ် …”
ခြံဝန်းထဲရှိ ပေါင်းပင်များကို ရှင်းလင်းနေသော ဖင်အန်းက သူတို့၏ စကားဝိုင်းအား နားစွင့်နေခဲ့သည်။ သူက ညစ်ပတ်နေသည့် လက်များကို သူ့အဝတ်များဖြင့် သုတ်လိုက်၏။ ထို့နောက် နဖူးမှ ချွေးများကို သုတ်ကာ အမြန်အနားကပ်လာခဲ့သည်။
“သခင်လေးဝမ် … ဒါက နည်းနည်းလွန်သွားလိမ့်မယ်လို့ ဒီအစေခံတွေးမိပါတယ် … သခင်လေးဝမ်က သူတို့အိမ်တော်ကိုသွားစရာမလိုဘဲ သူတို့ကိုယ်တိုင် ခြံရှေ့ကို ရောက်လာတာဆိုတော့ …”
ဝမ်ချီ မျက်လုံးဖွင့်ကာ တစ်ချက်ကြည့်လိုက်၏။
“ပေါင်းပင်ရှင်းပြီးတာလား …”
ဖင်အန်း ကြောင်အသွားကာ အမြန်ပြောလိုက်၏။
“ဒီအစေခံ စကားအများကြီး ပြောမိပါတယ် …”
ဝမ်ချီ လက်ယမ်းပြလိုက်သည်။ ဖင်အန်းက ပေါင်းပင်များအား ဆက်လက်ရှင်းလင်းနေ၏။
ယောဖန်းက ထိုဖြစ်စဉ်တစ်ခုလုံးကို ပျော်ရွှင်စွာကြည့်နေသည်။ သူမက ဖင်အန်း၏ နောက်ကျောကို ကြည့်ရင်း မျက်နှာမဲ့လိုက်၏။ ထို့နောက် ဝမ်ချီ့ဘက်လှည့်ကာ တီးတိုးပြောသည်။
“ဖင်အန်းက ထူးဆန်းတယ် … သခင်လေးဝမ် သတိထားတာ ကောင်းပါလိမ့်မယ် …”
ဝမ်ချီ ခေါင်းညိတ်လိုက်သည်။
သူလည်း ထိုကဲ့သို့ တွေးမိ၏။
မူလက ကျန်းချိုက်ဟွေ့နှင့် အခြားလူများ မကြာမီလက်လျှော့သွားလိမ့်မည်ဟု သူ ထင်ခဲ့သည်။ သို့သော် နာရီဝက်အကြာ၌ ယောဖန်းက တံခါးထံ သွားကြည့်ပြီးနောက် အလျင်အမြန် ပြေးဝင်လာပြန်၏။
“သခင်လေးဝမ် … မကောင်းတော့ဘူး … သခင်လေးဝမ် …”
အပျင်းထူနေသည့် ဝမ်ချီက အမြန်ထထိုင်လိုက်သည်။ “ဘာဖြစ်တာလဲ …”
ယောဖန်းက အသက်ပင်လုရှူနေရ၏။
“အဲဒီ့ ကျန်းချိုက်ဟွေ့က ဝါးပလွေအိမ်တော်အရှေ့မှာ သတိလစ်သွားပါတယ် …”
“…”
ဝမ်ချီက ခဏတိတ်သွားကာ ခပ်တိုးတိုးရေရွတ်လိုက်၏။
“သူတို့ ထွက်မသွားခဲ့ဘူးလား … ”
ယောဖန်းက ပြန်လည်တည်ငြိမ်သွားကာ နီရဲနေသောမျက်နှာဖြင့် ပြောလိုက်သည်။
“မထွက်သွားခဲ့ပါဘူး … အစေခံပြောပုံအရ သူတို့က သခင်လေးဝမ် ငြင်းလိုက်တာတောင် သခင်လေးနဲ့ တွေ့ချင်နေကြတုန်းပဲတဲ့ …. ဒီတော့ ဒီလိုလှည့်ကွက်မျိုး လုပ်ခဲ့တာပေါ့ … ဒါက အရမ်းပြင်းထန်လွန်းတယ် … တကယ်လို့ ဒီသတင်းသာ ပျံ့သွားရင် ကျွန်မတို့ ဝါးပလွေအိမ်တော်က အနိုင်ကျင့်တယ်လို့ လူတွေ ပြောကြတော့မှာ …”
ယောဖန်းမှန်သည်ဟု ဝမ်ချီ ခံစားမိ၏။ ထို့ကြောင့် သူက တွန့်ဆုတ်နေသော်လည်း အပြင်သို့ ထွက်ရန်ပြင်လိုက်ရသည်။
သူက ယောဖန်းနှင့်အတူ အပြင်သို့ထွက်လာခဲ့ပြီး ယောဖန်းက အမြန်တံခါးသွားဖွင့်ပေးလိုက်သည်။ တစ်ချက်ကြည့်လိုက်သည်နှင့် တံခါးတွင် ထိုင်နေသည့် အပြာရောင်ဝတ် မိန်းမပျိုအား တွေ့လိုက်ရ၏။ ထိုမိန်းမပျိုမှာ ကျန်းချိုက်ဟွေ့မှလွဲ၍ အခြားသူမဟုတ်ပေ။
ကျန်းချိုက်ဟွေ့အနီးတွင် ဖဲဝတ်ရုံနှင့် တန်ဖိုးကြီးဝတ်စုံများ ဝတ်ဆင်ထားသည့် အမျိုးသမီးများနှင့် အစေခံများ ရှိနေသည်။ သို့သော် သူတို့က သူမနှင့် အကွာအဝေးတစ်ခု၌ နေနေကြခြင်းပင်။
ကံကောင်းစွာဖြင့် ကျန်းချိုက်ဟွေ့က အစေခံတစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။ အစေခံက ကျန်းချိုက်ဟွေ့၏ လက်မောင်းကို စိတ်ပူဟန်ဖြင့် တွဲကိုင်ထား၏။ ကျန်းချိုက်ဟွေ့၏ မျက်နှာမှာ ဝမ်ချီ စေ့စေ့မကြည့်ရဲအောင်ပင် ဖြူဖျော့လျက်ရှိသည်။ သူမက တံခါးဘောင်တွင် အစေခံ၏ လက်အား ကိုင်လျက် ထိုင်နေခြင်းဖြစ်သည်။ သူမ၏ ကျန်လက်တစ်ဖက်ကမူ မျက်ခုံးနှစ်ခုကြားနေရာအား ပွတ်နေ၏။ သူမအား ကြည့်ရသည်မှာ အလွန်မသက်မသာ ခံစားနေရပုံပေါ်သည်။
ဒီလောက်ဖြစ်နေတာတောင် မသွားချင်ဘူးပေါ့လေ … ဒီအမျိုးသမီးရဲ့ စိတ်အားထက်သန်မှုကတော့လား …
ဝမ်ချီက သူမ အိမ်ရှေ့စံ၏ မျက်နှာသာပေးမှုအား မြန်မြန် ရရှိနိုင်ပါစေဟု ဆုတောင်းလိုက်မိ၏။
💮💮💮