Chapter 29
Viewers 5k

💮Chapter 29



ဝမ်ချီ ဤကမ္ဘာသို့ ရောက်စဉ်ကတည်းက ပွဲတော်ရက်များကို မဆိုထားနှင့်၊ ပိတ်ရက်များနှင့် သာမန်နေ့ရက်များပင် ကွဲပြားခြင်း မရှိခဲ့ချေ။ 


မိန်းမစိုးကျိုး၏ အပြောကြောင့် အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သည့် ပျော်ရွှင်မှုက လှိုင်းတံပိုးကဲ့သို့ ရုန်းကြွလာ၏။ သူက သက်ဝင်လှုပ်ရှားနေသည့် လမ်းသွယ်များကို ကြည့်ရင်း ပျော်ရွှင်မှုကို တောင့်တလာသည်။ သူမြင်နေရသည့် မြင်ကွင်းက အေးစက်စက် အရှေ့နန်းတော် မဟုတ်တော့သလို၊ လူအနည်းငယ်သာ ရှိသည့် ဝါးပလွေအိမ်တော်လည်း မဟုတ်ဘဲ နဂါးလှေပွဲတော် ဖြစ်နေသည်ပင်။ 


ဝမ်ချီက ပြတင်းပေါက် အပြင်ဘက်ရှိ ပျားပန်းခတ်မျှ လှုပ်ရှားသက်ဝင်နေသော လမ်းများကို ကြည့်လိုက်၏။ 


ထိုစဉ် ရှစ်ယဲ့၏ အသံကို ကြားလိုက်ရသည်။

“အပြင်ထွက်ကြည့်ချင်လား …” 


ဝမ်ချီက အသိပြန်ဝင်လာကာ လှည့်ကြည့်လိုက်သည်။ ရှစ်ယဲ့က မေးထောက်လျက် သူ့အား တည်တည်ငြိမ်ငြိမ် စိုက်ကြည့်နေ၏။ ဝမ်ချီ၏ နားမလည်ဖြစ်သွားဟန်က သူ့မျက်ဝန်းများထက် အရိပ်ထင်နေသည်။ ရှစ်ယဲ့က အပြင်ဘက်ရှိ ဆူညံမှုများကို အရေးမစိုက်ချေ။ ဝမ်ချီ၏ လှုပ်ရှားတက်ကြွသော ပုံရိပ်သည်သာ သူ့အား စိတ်ဝင်စားလာစေခဲ့သည်။ 


ဝမ်ချီ သတိဝင်သွား၏။ 


သူ၏ အတွေ့အကြုံအရ အဆိုပါ ခွေးမင်းသား အလွန်တက်ကြွနေလျှင် မည်သည့်ကိစ္စကောင်းမှ ဖြစ်မလာတတ်ချေ။ 


ထို့ကြောင့် ဝမ်ချီက တွေးပင်မတွေးပဲ ငြင်းလိုက်သည်။ 

“အရှင့်သား … နောက်ကျနေပါပြီ … နန်းတော်ကိုပဲ ပြန်ရအောင်ပါ …” 


ရှစ်ယဲ့က သူ့စကားကို နားမထောင်သည့်အပြင် စိတ်ရှည်လက်ရှည် တိုက်တွန်းလိုက်၏။

“နန်းတော်အပြင်ဘက်ကို အကြာကြီးနေမှ ထွက်လာရတာပဲလေ … အပြင်မှာ အရမ်းကို စည်ကားနေတာ … တကယ်ပဲ လျှောက်မကြည့်ချင်တာလား …” 


ဝမ်ချီက အခိုင်အမာ ပြောလိုက်၏။

“ဒီနိမ့်ကျတဲ့လူက နန်းတော်ကိုသာ အမြန်ပြန်ချင်ပါတယ်…” 


ရှစ်ယဲ့က ပြောသည်။

“သွားချင်တယ်မလား …” 


ဝမ်ချီက ပြန်ဖြေသည်။

“တကယ့်ကို မသွားချင်တာပါ …” 


ရှစ်ယဲ့က ထပ်မပြောတော့ပဲ မေးထောက်ထားသည့် လက်ကို ရုတ်သိမ်းလိုက်ပြီး သူ့မျက်ဝန်းများက ပို၍ အေးစက်လာ၏။ သူက နှုတ်ခမ်းထောင့်များကို မြင့်တက်စေ၍ နူးညံ့သော အပြုံးတစ်ခု ဖြစ်ပေါ်လာစေသည်။ သို့သော် သူ၏ မျက်ခုံးထောင့်များကအစ အေးစက်မှုကို ထုတ်လွှတ်လျှက်ရှိ၏။

“ပန်ကုန်း ထပ်မေးမယ် … သွားချင်လား … မသွားချင်ဘူးလား … ပန်ကုန်းကို ပြန်မဖြေခင် သေချာစဉ်းစား …” 


ဝမ်ချီ “…” 


ရှစ်ယဲ့စကားလုံးများရှိ ခြိမ်းခြောက်မှုကို သူ မခံစားမိဘဲ မနေပေ။ ရှစ်ယဲ့က အပြင်တွင် လမ်းလျှောက်ချင်သော်လည်း မျက်နှာမပျက်ချင်သောကြောင့် သူ့အား ဓားစာခံလုပ်ခြင်း ဖြစ်သည်ဟု သံသယဝင်လာမိသည်။ 


ငါ တကယ်ကြီး မသွားချင်ဘူးလို့ … ဝူးဝူး … 


သွားချင်တယ်ဆိုပေမယ့် ရှစ်ယဲ့နဲ့တူတူ မသွားချင်ဘူးလို့ … အား … 


ဝမ်ချီ သဘောမတူချင်သော်ငြား ခဏကြာ တွန့်ဆုတ်နေပြီးနောက် ခွေးမင်းသား၏ အာဏာကို မလွန်ဆန်ဝံ့ခဲ့ချေ။ 

“ကျွန်တော်မျိုး … သွားချင်ပါတယ် …” 


ရှစ်ယဲ့က ခပ်တိုးတိုး ရယ်လိုက်ရင်း ရှည်လျားထက်ရှသော မျက်ဝန်းများကို မှေးကျဉ်းလိုက်သည်။ သူက ပြုံးနေသည်ဟု ထင်ရ၏။ သို့သော် သူ့အပြုံးမှာ အစစ်အမှန်လော၊ အတုအယောင်လော ဝမ်ချီ မခွဲတတ်ပေ။ သူက ညင်သာစွာ ပြောလာ၏။

“သွားကြမယ် …” 


ရှစ်ယဲ့၏ အမိန့်ကြောင့် နံဘေးတွင် ရပ်နေသည့် မိန်းမစိုးကျိုးက အင်္ကျီလက်အတွင်းမှ မျက်နှာဖုံးတစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် ဒူးထောက်ကာ မျက်နှာဖုံးကို ရှစ်ယဲ့၏ မျက်နှာထက်၌ ဂရုတစိုက် တပ်ဆင်ပေးလိုက်၏။ 


ဝမ်ချီက မိန်းမစိုးကျိုး၏ ရင်ဘတ်ထဲတွင် အိတ်တစ်လုံး ရှိနေခြင်း ဟုတ်မဟုတ် သံသယဝင်လာမိသည်။ 

ဘယ်လိုလုပ်ပြီး အင်္ကျီထဲနှိုက်ရုံနဲ့ အကုန်ရနိုင်တာလဲ… 


မိန်းမစိုးကျိုးက မျက်နှာဖုံးအား တပ်ဆင်ပေးပြီးနောက် ဘီးတပ်ကုလားထိုင်အား တွန်းပေးရန် ပြင်လိုက်၏။ 


ဝမ်ချီသည်လည်း အမြန်ထကာ ရှစ်ယဲ့၏ ဘီးတပ်ကုလားထိုင် အနောက်ဘက်မှ လိုက်ပါရန် ပြင်လိုက်သည်။ 


သို့သော် ဘီးတပ်ကုလားထိုင်အား မိန်းမစိုးကျိုး မထိရသေးမီ ရှစ်ယဲ့က လက်ကာ၍ တားလိုက်၏။

“ကျိုးရှန် … ဒီမှာနေခဲ့ …” 


မိန်းမစိုးကျိုးက ခဏကြာ တုံ့ဆိုင်းနေ၏။

“ဒါပေမယ့် အရှင့်သား …” 


ရှစ်ယဲ့က မိန်းမစိုးကျိုးအား လျစ်လျူရှုကာ စွံ့အနားမကြားတစ်ဦးကဲ့သို့ ဟန်ဆောင်နေသည့် ဝမ်ချီအား ခေါ်လိုက်သည်။

“ဒီကိုလာ …” 


ဝမ်ချီ အခေါ်ခံလိုက်ရချိန်၌ သူ့နှလုံးသားက တုန်လှုပ်သွားကာ ငြင်းလိုခဲ့၏။ သို့သော် ရှစ်ယဲ့၏ တည်ငြိမ်သောအကြည့်အား ရင်ဆိုင်လိုက်ရချိန်၌ ငြင်းဆန်မည့် စကားလုံးများက လည်ချောင်းဝ၌သာ တစ်ဆို့သွားရသည်။ သူက ထိုစကားလုံးများကို မြိုချကာ တွန့်ဆုတ်ဆုတ် လျှောက်သွားရင်း ဘီးတပ်ကုလားထိုင်၏လက်ကိုင်အား ကိုင်လိုက်၏။ 


ရှစ်ယဲ့က ပြောသည်။

“သွားမယ် …” 


ဝမ်ချီက တားမြစ်ချင်သော်ငြား မည်သည့်စကားမှ မဆိုဝံ့ဖြစ်နေသည့် မိန်းမစိုးကျိုးကို တစ်ချက်ကြည့်လိုက်သည်။ သူက သူတို့နှစ်ဦးလုံးအတွက် စိတ်မကောင်းဖြစ်သွားမိ၏။ ထို့နောက် တိတ်တဆိတ် သက်ပြင်းချကာ ဘီးတပ်ကုလားထိုင်အား သီးသန့်ခန်းအတွင်းမှ တွန်းလာခဲ့သည်။


ဘီးတပ်ကုလားထိုင်က တောင့်တင်းသော်လည်း ကောင်းမွန်စွာ ပြုလုပ်ထားခြင်း ဖြစ်၏။ ရှစ်ယဲ့ကိုယ်တိုင် ထိန်းချုပ်နိုင်ရုံသာမက ဝမ်ချီသည်လည်း အခက်အခဲမရှိ တွန်းပေးနိုင်လေသည်။ ကျိုးကျစ်ဟု ခေါ်သည့် အစေခံက ပိန်ပါးသော်လည်း ဘီးတပ်ကုလားထိုင်အား တွန်းနိုင်သည်မှာ အံ့ဩစရာ မရှိတော့ပေ။


စားသောက်ဆိုင်မှ ထွက်ခွာလာသည့်နောက် သက်ဝင်လှုပ်ရှားလှသည့် ဈေးအတွင်း ရောက်ရှိသွား၏။ 


ဝမ်ချီက ပတ်ဝန်းကျင်ကို ကြည့်ရင်း ဘယ်သွားရမှန်းမသိ ဖြစ်နေ၍ ရှစ်ယဲ့ကို မေးလိုက်၏။

“အိမ်ရှေ့ … သခင်လေးရှစ် … ဘယ်နေရာကို သွားလိုပါသလဲ …” 


ရှစ်ယဲ့က စိတ်မဝင်စားဟန်ဖြင့် ပြောလိုက်သည်။ 

“လျှောက်ကြည့်ရအောင် …” 


ရှစ်ယဲ့ထိုသို့ ပြောသည့်အလျောက် ဝမ်ချီသည်လည်း ရောက်တတ်ရာရာ လျှောက်လိုက်မိ၏။ သူက ရှစ်ယဲ့၏ ဘီးတပ်ကုလားထိုင်ကို တွန်းပေးနေရခြင်းဖြစ်ရာ ပျော်ရွှင်ဝံ့ခြင်း မရှိပေ။ ထို့ကြောင့် လမ်းလည်ခေါင်တွင် ပုံမှန်အမူအရာဖြင့်သာ လျှောက်နေမိသည်။


ကံကောင်းစွာဖြင့် ဈေးအတွင်းရှိ လေထုမှာ အလွန်အသက်ဝင်လှသည်။ ဤအတိုင်း လျှောက်ကြည့်နေလျှင်ပင် ပွဲတော်၏ အငွေ့အသက်နှင့် ရယ်မောသံများကို ခံစားမိမည်ဖြစ်၏။ 


ဝမ်ချီက ဈေးရှေ့တွင် ဆန်ဖက်ထုပ် ရောင်းနေသည့် အဒေါ်ကြီးတစ်ဦးကို တွေ့လိုက်သည်။ 


ရှေးအခါက ဆန်ဖက်ထုပ်များသည် လက်ရှိခေတ်နှင့် ခြားနားလှ၏။ ၎င်းတို့မှာ ပို၍ အရွယ်အစားသေးငယ်ပြီး ကောက်ညှင်းဆန်ကိုသုံး၍ ပြုလုပ်ခြင်းမဟုတ်ပဲ ပြောင်းဆန်များကိုသုံးကာ ပြုလုပ်ထားခြင်း ဖြစ်၏။ အဆိုပါ ဆန်ဖက်ထုပ်များကို အဒေါ်ကြီးက ဝါးခြင်းတောင်းထဲတွင် ပေါင်းထည့်ထားခြင်းဖြစ်သည်။ ၎င်းတို့အား ကြည့်ရသည်မှာ အငွေ့တထောင်းထောင်းနှင့် ပူပူနွေးနွေး စားချင့်စဖွယ် ဖြစ်နေ၏။ 


ဝမ်ချီက စိတ်လှုပ်ရှားသွားကာ မနေနိုင်ဘဲ ရှစ်ယဲ့အား မေးလိုက်မိသည်။

“သခင်လေးရှစ် … ဆန်ဖက်ထုပ် စားချင်လားဟင် …” 


ရှစ်ယဲ့က ကျယ်လောင်စွာ အော်နေသည့် အဒေါ်ကြီးကို ကြည့်ကာ ခပ်တိုးတိုး ပြန်ဖြေသည်။

“ဟင့်အင်း …” 


“အိုး … ကောင်းပါပြီ …”

ဝမ်ချီ၏ စိတ်လှုပ်ရှားနေသော အသံက ရုတ်ချည်း ငြိမ်သက်သွား၏။ သို့သော် သူက ခံစားချက်များကို ဖော်ပြလိုက်မိကြောင်း သတိပြုမိသွားကာ အမြန်ပြုံးလိုက်သည်။ 

“ဒါဆို ဆက်ပြီးလျှောက်ကြည့်ရအောင် …” 


ရှစ်ယဲ့က ရုတ်တရက် ထပ်ပြောလိုက်သည်။

“စားချင်ရင် သွားဝယ်စားလေ …” 


ဝမ်ချီက ကြောင်အသွားပြီးနောက် စိတ်လှုပ်ရှားလာ၏။ “တကယ်လား ..”


“ပန်းကုန်းမင်းကို ဘယ်တုန်းက ညာပြောခဲ့ဖူးလို့လဲ … သွား … ဒီကစောင့်နေမယ် …” 

ရှစ်ယဲ့က သူ့ကိုကြည့်ကာ ပြောလိုက်၏။


ထိုသို့ ပြောပြီးသည်နှင့် တစ်စုံတစ်ခုကို သတိရသွားကာ ငွေချောင်းတစ်ခုအား ထုတ်ပေးလိုက်၏။ 


“သခင်လေးရှစ် … ရပါတယ်… ကျွန်တော့်မှာ ပိုက်ဆံပါတယ် …” 

ဝမ်ချီက အမြန်ပြောလိုက်သည်။


သူ ရောက်မလာမီ မူလကိုယ်က ပိုက်ဆံအမြောက်အများ စုဆောင်းထားခဲ့သလို နန်းတော်အတွင်း နေထိုင်စဉ်တွင်လည်း လစဉ်အသုံးစရိတ်ရရှိ၏။ သူက အစေခံများကို ချီးမြှင့်သည်မှအပ မည်သည့်နေရာတွင်မှ သုံးစရာမရှိရာ ယခုအခါ ထိုငွေများကို သုံးရန်အချိန်ကျလာပြီဖြစ်သည်။ 


ဝမ်ချီ၏ စကားကြောင့် ရှစ်ယဲ့က သူ့အား မတိုက်တွန်းတော့ဘဲ ငွေချောင်းကိုသာ ပြန်သိမ်းလိုက်၏။ 


ဝမ်ချီက မျက်နှာဖုံးနှင့် ဖုံးကွယ်မထားသည့် ရှစ်ယဲ့၏ မျက်နှာတစ်ခြမ်းကိုသာ တွေ့နေရသည်။ အနီနှင့်အဝါတို့ ရောယှက်နေသည့် လမ်းပေါ်ရှိ မီးရောင်များက ရှစ်ယဲ့၏ အေးစက်စက် အသားအရေပေါ်၌ ဖြန့်ကျက်နေ၍ ထိုသူအား ချဉ်းကပ်မရသည့် အရှိန်အဝါတစ်ခု ဖြစ်ပေါ်လာစေလျှက်ရှိသည်။ 


အကြောင်းရင်းတစ်ချို့ကြောင့် ရှစ်ယဲ့က ကိစ္စတစ်ခုခုတွင် စိတ်နစ်မြုပ်နေသည်ဟု ဝမ်ချီ ခံစားနေရ၏။ 


သူထိုသို့ တွေးနေချိန်တွင် ရှစ်ယဲ့က သူ့ကိုလှည့်ကြည့်ကာ စိတ်မရှည်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

“ဘာလို့မသွားသေးတာလဲ …” 


“ဟုတ်…”

ဝမ်ချီက အတွေးများကို ရှင်းလင်းကာ အမြန်ထွက်လာလိုက်၏။

“ကျွန်တော်မျိုး သွားလိုက်ပါဦးမယ် …” 


ဝမ်ချီက ပူပူနွေးနွေး ဆန်ဖက်ထုပ်လေးခုကို ဝယ်လာခဲ့သည်။ အဒေါ်ကြီးက ထိုမုန့်များအား ကြာရွက်ဖြင့် ထုပ်ကာ အပ်ချည်မျှင်ဖြင့် ချည်နှောင်လျက် ဝမ်ချီအား အပ်ချည်အစွန်းတစ်ဖက်ကို ကမ်းပေးလိုက်၏။ 


ဝမ်ချီ ပိုက်ဆံရှင်းပြီးနောက် ဆန်ဖက်ထုပ်များကို ယူကာ ပြန်ထွက်ရန် ပြင်လိုက်သည်။ ထို့နောက် သူ့နံဘေးတွင် ရွှံ့များကို ပုံဖော်နေသည့် ဆိုင်ရှင်တစ်ဦးအား တွေ့လိုက်ရ၏။ 


ဝမ်ချီ၏ စိတ်ထဲတွင် စိတ်ကူးတစ်ခု ဖြတ်ပြေးသွားသည်။ သူက အရှိန်တင်လိုက်ရင်း ရှစ်ယဲ့ထံ ပြေးသွားလိုက်၏။ “သခင်လေးရှစ် … ကျွန်တော် သခင်လေးကို တစ်ခုခုပေးလို့ရမလား …” 


ရှစ်ယဲ့က သူ့အား အေးစက်စက်အမူအရာဖြင့် ကြည့်လိုက်သည်။ 


ရှစ်ယဲ့ မည်သည့်စကားမှ မဆိုခြင်းက သဘောတူခြင်းဖြစ်ကြောင်း ဝမ်ချီသိ၏။ သူက ရှစ်ယဲ့၏ ဘီးတပ်ကုလားထိုင်ကို ဆိုင်အတွင်းသို့ တွန်းသွားပေးလိုက်သည်။ သူက ပိုက်ဆံအချို့ထုတ်ကာ ဆိုင်ရှင်နှင့် ခဏကြာ စကားပြောလိုက်ပြီး ဆိုင်ရှင်အား ရွှံ့စေးတစ်တုံး ပေးခိုင်းလိုက်၏။ 


ရှစ်ယဲ့က ဝမ်ချီတစ်ယောက် ပျော်ရွှင်စွာဖြင့် ရွှံ့စေတုံးကို ယူလိုက်သည်အား ကြည့်ရင်း မကောင်းသည့် ခံစားချက်တစ်ခု ရရှိလာ၏။

“ဘာလုပ်မလို့လဲ …”


ဝမ်ချီက ပြုံးကာ ပြောလိုက်သည်။

“ဒီရွှံ့စေးတုံးနဲ့ သခင်လေးရှစ် ပုံလုပ်မလို့ …” 


ရှစ်ယဲ့ “…” 


ဝမ်ချီက ရှစ်ယဲ့၏ အကြည့်ပြောင်းလဲသွားသည့်အခါမှသာ ကိစ္စများကို သူ့သဘောအတိုင်း ဆောင်ရွက်နေမိကြောင်း သတိပြုမိသွား၏။ တစ်ချိန်ထဲမှာပင် ရှစ်ယဲ့၏ ပုံမှန်အကျင့်စရိုက်ကိုလည်း သတိရသွားသည်။ သူက ချွေးများ ရွှဲစိုလာကာ ရွှံ့စေးတုံးအား အနောက်တွင် ဖွက်လိုက်၏။ သူက တုန်တုန်ယင်ယင်ဖြင့် ပြန်ပြင်ပြောလိုက်သည်။

“သ … သခင်လေးရှစ် … ကျွန်တော် မှားသွားပါတယ် … ကျွန်တော် အကောင်လေးတစ်ကောင်ပုံပဲ လုပ်ပါတော့မယ်…” 


ရှစ်ယဲ့က ပြောလိုက်သည်။

“မလိုဘူး …” 


ဝမ်ချီက နားမလည်ဖြစ်သွား၏။ ထို့နောက် သတိကြီးစွာ မေးလိုက်သည်။

“သခင်လေးရှစ်က ကျွန်တော့်ကို ဘာပုံထွင်းစေချင်ပါသလဲ …” 


“ငါ့ပုံကိုထွင်းပါ …”

ရှစ်ယဲ့က ဖရဲသီးစားသူ တစ်ဦးကဲ့သို့ မေးထောက်လိုက်၏။ 

“မင်းဒီလောက် ယုံကြည်ချက်ရှိနေပုံနဲ့ ဒီရွှံ့စေးကိုသုံးပြီး ဘာလုပ်နိုင်မလဲ ငါသိချင်မိသား …” 


ဝမ်ချီက ဖက်ထုပ်များကို ရှစ်ယဲ့၏ ဘီးတပ်ကုလားထိုင်၌ ချိတ်လိုက်သည်။ ထို့နောက် ရွှံ့တုံးအား အားကြိုးမာန်တက် ဆုပ်နယ်လိုက်၏။ 


သူက ရွှံ့ရုပ်ဖြင့် ပုံမဖော်ဖူးသော်ငြား ရောင်စုံရွှံ့များဖြင့် ပုံဖော်ခဲ့ဖူး၏။ သူ့အတွက် လူတစ်ဦး၏ မျက်နှာသွင်ပြင်အား သေချာမှတ်မိသရွေ့ ရောင်စုံရွှံ့များဖြင့် ထိုသူ၏ မျက်နှာကို ပုံဖော်ရန် မခက်ခဲပေ။ 


သို့သော် ဝမ်ချီက ရွှံ့ဖြင့် ပုံဖော်ရသည့် ခက်ခဲမှုကို လျှော့တွက်ခဲ့မိ၏။ ရွှံ့စေးလုံးက ရောင်စုံရွှံ့များနှင့် မတူချေ။ ရွှံ့စေးမှာ အလွန်မာကျောပြီး စေးကပ်ခြင်းလည်းမရှိပေ။ ဆိုင်ရှင်၏ လမ်းညွှန်မှုကြောင့်သာ မသေမသပ် ရွှံ့ရုပ်တစ်ရုပ်ကို သူ လုပ်နိုင်ခဲ့၏။ 


သို့သော် …


အဆိုပါ ရွှံ့ရုပ်က အရုပ်ဆိုးလှသည်။ မျက်လုံးက မျက်လုံးနှင့် မတူသလို နှာခေါင်းသည်လည်း နှာခေါင်းနှင့် မတူချေ။ 


ဝမ်ချီနှင့် ရွှံ့ရုပ်တို့က တစ်ဦးနှင့်တစ်ဦး အတန်ကြာ စိုက်ကြည့်နေမိကြ၏။ သူ၏ အမူအရာက  ရှက်ရွံ့ဟန်စွက်လာသည်။ 


“သခင်လေးရှစ် …”

ဝမ်ချီက သူ့စကားသူ အမှတ်ရသွားကာ မျက်နှာတစ်ခုလုံး နောင်တဖြင့် စိမ်းသွားခဲ့ရသည်။

“ကျွန်တော်က ပုံဖော်တဲ့နေရာမှာ ညံ့ဖျင်းလှပါတယ် … ဆိုင်ရှင်ကိုပဲ လုပ်ခိုင်းကြမလား …” 


ရှစ်ယဲ့က ဝမ်ချီ၏ လက်အတွင်းရှိ မနည်းပုံဖော်ယူရသော ရွှံ့ရုပ်ကို ကြည့်ကာ ပြုံးလိုက်သည်။

“ကြည့်ရတာ မင်းအရည်အချင်းက ဒီလောက်ပဲထင်တယ် …” 


ဝမ်ချီက ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်သည်။ 


“ရပါတယ် …ဒါကိုပဲ သိမ်းထားရအောင် …” 

ရှစ်ယဲ့က ပြောသည်။


ဝမ်ချီ ခေါင်းမော့လိုက်ပြီး သူ့မျက်နှာတစ်ခုလုံး နီရဲနေ၏။

“မလုပ် … မလုပ်ပါနဲ့ … ဒါက အရုပ်ဆိုးလွန်းတယ် …” 


ရှစ်ယဲ့က သူ့ကိုလျစ်လျူရှုကာ ဆိုင်ရှင်အား ကြည့်လိုက်သည်။

“အရောင်ထည့်ပါ …” 


“ကောင်းပါပြီ …”

ဆိုင်ရှင်က ဘီးတပ်ကုလားထိုင်ပေါ်ရှိ လူငယ်မှာ သာမန်မဟုတ်ကြောင်း ခံစားမိ၏။ ထို့ကြောင့် ဝမ်ချီနှင့်ရှစ်ယဲ့တို့အနက် ရှစ်ယဲ့၏ စကားကိုသာ အတည်ယူလိုက်သည်။ သူက ဝမ်ချီ၏ လက်တွင်းရှိ ရွှံ့ရုပ်ကိုယူကာ လျင်မြန်စွာ အရောင်ခြယ်လိုက်တော့သည်။ 


ဆိုင်ရှင်၏ နည်းစနစ်က ဝမ်ချီထက် များစွာ သာလွန်၏။ ရွှံ့ရုပ်မှာ အရောင်ခြယ်ပြီးသည့်နောက် အရုပ်ဆိုးနေဆဲဖြစ်သော်လည်း သိသာခြင်း မရှိတော့ချေ။ 


ဝမ်ချီက ဆိုင်ရှင်ထံမှ ရွှံ့ရုပ်အား ရှစ်ယဲ့က ယူလိုက်ကာ အတန်ကြာ ကိုင်ထားသည်ကို ကြည့်နေမိသည်။ သူက ရှက်လွန်း၍ လေထဲမှပင် ကွယ်ပျောက်သွားလိုမိ၏။ 


သို့သော် ရှစ်ယဲ့က ထိုအရာကို ကြည့်ပြီးသည့်နောက် သူ့ကိုကြည့်ကာ ပြောလိုက်သည်။

“ဒီတော့ … ငါက မင်းအတွက် ဒီလိုပုံစံလား …” 


“…” ဝမ်ချီက တုန်တုန်ယင်ယင်ဖြင့် ခေါင်းယမ်းလိုက်၏။ 

“မဟုတ်ပါဘူး … သခင်လေးရှစ် … သခင်လေးက အရမ်းကိုခံ့ညားပြီးတောက်ပနေတာပါ … ကျွန်တော်မျိုးရဲ့ တုံးအတဲ့လက်တွေကသာ သခင်လေးရဲ့ အရှိန်အဝါကို မတုပနိုင်ခဲ့တာပါ … ဒါက ကျွန်တော့်ဘဝမှာ နောင်တအရဆုံးကိစ္စ ဖြစ်ပါလိမ့်မယ် …” 


ပြောပြီးပြီးချင်း ဝမ်ချီက ညကောင်းကင်အား ဝမ်းနည်းနေသည့်ပုံဖြင့် လေးဆယ့်ငါးဒီဂရီခန့် မော့ကြည့်လိုက်သည်။ 


“ဒီလိုဆိုမှတော့ မင်းကိုမကူညီရင် နှလုံးသားမဲ့ရာ ကျတော့မှာပဲ …”

ရှစ်ယဲ့က ရွှံ့ရုပ်ကို ဘေးပို့ကာ အပြုံးဖြင့် ပြောလိုက်သည်။ 

“ငါ ပြန်ရောက်ရောက်ချင်း ကျိုးရှန်ကို ပစ္စည်းတချို့ ပြင်ဆင်ခိုင်းလိုက်မယ် .. ဒါဆို မင်းနေ့တိုင်း ပုံဖော်လို့ ရတာပေါ့ … တစ်ဘဝလုံး နောင်တရစရာ မလိုတော့ဘူးလေ …” 


ဝမ်ချီ : ‘ဒီလောက်ထိမလိုဘူးလေ …’


ဝမ်ချီက ခြေထောက်ပေါ်သို့ ကျောက်ခဲပစ်အချခံရသည်ထက် ပို၍ မုန်းစရာကောင်းသည်မှာ အဆိုပါ နာကျင်မှုကို ထုတ်ဖော်မပြနိုင်ခြင်း ဖြစ်ကြောင်း နားလည်လာ၏။ 


သူ့မျက်နှာထက်တွင် မျက်ရည်များ စီးကျလာသည်။ သူက ရှစ်ယဲ့၏ ကြင်နာမှုအား မည်သို့ ပြန်ပေးဆပ်ရမည့်အကြောင်း စဉ်းစားနေချိန်မှာပင် ရင်းနှီးနေသော ပုံရိပ်တစ်ခုကို မျက်ဝန်းထောင့်မှတဆင့် မြင်လိုက်ရသည်။ 


ဝမ်ချီ ခေါင်းမော့၍ လှည့်ကြည့်လိုက်၏။


သူက အစိမ်းရောင်ဝတ် လူငယ်တစ်ဦးကို လူငယ်အုပ်စုတစ်စုက တွန်းလိုက်ထိုးလိုက် လုပ်နေကြောင်း တွေ့လိုက်ရ၏။ အစိမ်းရောင်ဝတ် လူငယ်က မည်သည်ကိုမှ မခုခံနိုင်သကဲ့သို့ ပခုံးလေးများကို ကျုံ့ထားလေသည်။


မကြာမီမှာပင် အစိမ်းရောင်ဝတ်လူငယ်က အတွန်းခံလိုက်ရပြီး မျက်ရည်များ စွန်းထင်းနေသည့် မျက်နှာဖြူဖြူကလေး ပေါ်ထွက်လာခဲ့၏။ 


ဝမ်ချီ ထိတ်လန့်သွားသည်။ 

အဲဒါ ဝမ်လျန်မလား …



💮💮💮