💮Chapter 30
ထိုသူမှာ ဝမ်လျန်ဖြစ်သည်။
ဝမ်ချီက ထိုသူ၏ ပုံစံကို မေ့လျော့သွားပြီဖြစ်သော်လည်း သူ့မျက်ခုံး နှစ်ခုကြားရှိ မှဲ့အနီကိုမူ မမေ့နိုင်ခဲ့ပေ။ ဝမ်ချီက အရှေ့နန်းတော်အတွင်းတွင် မှဲ့အနီနှင့် အမျိုးသားများစွာအား တွေ့ဖူးခဲ့သည်။ သို့သော် အဓိကဇာတ်ဆောင်၏ မှဲ့အနီကိုမူ မည်သူမှ မယှဉ်နိုင်ခဲ့ကြချေ။
အခြားလူများက အမျိုးသမီးများ၏ ရနံ့ကို မှတ်မိကြ၏။ ဝမ်ချီကမူ ဝမ်လျန်၏ မျက်ခုံးနှစ်ခုကြားရှိ မှဲ့ကြီးကို မှတ်မိလေသည်။
ဝမ်လျန်အား အနိုင်ကျင့်နေကြသည့် ဆယ်ကျော်သက်များတွင်လည်း မှဲ့အနီများရှိနေသည်။ သူတို့၏ မျက်နှာထက်တွင် ရက်စက်သော အပြုံးများ ရှိနေပြီး ဝမ်လျန်အား တွန်းထိုးနေကြ၏။
ဝမ်ချီက သူတို့နှင့် ခပ်လှမ်းလှမ်းသို့ ရောက်နေခြင်းဖြစ်ရာ အဆိုပါ ဆယ်ကျော်သက်များ၏ စကားဝိုင်းကို မကြားနိုင်ခဲ့ချေ။
ဝမ်လျန်က ပိန်ပါးပြီး အရပ်မှာလည်း ၁.၇ မီတာသာ ရှိ၏။ သူက အဆိုပါ ဆယ်ကျော်သက်များထက် ခေါင်းတစ်လုံးစာ ပိုနိမ့်လေသည်။ သူ အတွန်းခံလိုက်ရချိန်တွင် ယိမ်းယိုင်သွားကာ လက်မောင်းများကို ထွေးပိုက်လျက် မိမိကိုယ်ကိုယ် အရှိန်ထိန်းနေရ၏။ အောက်နှုတ်ခမ်းကိုလည်း ဖြူလျော်လာသည့်တိုင် ကိုက်ထားလျက် ရှိလေသည်။
ဝမ်ချီ၏ အမူအရာက ရှုပ်ထွေးနေသည်။ သူက ဝမ်လျန်အား မနှစ်သက်သော်လည်း ဝမ်လျန် အနိုင်ကျင့်ခံရသည်ကို တွေ့ရချိန်၌ စိတ်မကောင်းဖြစ်မိ၏။ သူ ခဏတာ တွန့်ဆုတ်နေပြီးနောက် ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်သည်။
ဝမ်လျန်၏ သေခြင်းရှင်ခြင်းက သူနှင့် မသက်ဆိုင်သည့်အရာသာ ဖြစ်၏။
မည်သို့ပင်ဖြစ်စေ၊ ဝမ်ချီ ခေါင်းလှည့်လိုက်သည်နှင့် ရှစ်ယဲ့၏ လေးနက်သောအမူအရာအား တွေ့လိုက်ရ၏။ ရှစ်ယဲ့သူ့အား မည်သည့်အချိန်ကတည်းက ဤကဲ့သို့ စိုက်ကြည့်နေခြင်းဖြစ်ကြောင်း သူ မသိချေ။
ဝမ်ချီက အပြစ်ရှိစိတ်ကို ခံစားလိုက်ရ၏။ သူက နှုတ်ခမ်းထောင့်များကို မြင့်တက်စေလိုက်၏။
“သခင်လေးရှစ် … ကျွန်တော်တို့ သွားကြရအောင် … စားသောက်ဆိုင်မှာ ကျွန်တော်တို့ကို စောင့်နေကြတာ …”
ရှစ်ယဲ့က မေးထောက်ကာ ရှိုးပွဲကောင်းတစ်ခုအား ကြည့်နေသကဲ့သို့ ရှိ၏။ သူက ဝမ်ချီအား ပြန်မဖြေဘဲ ဝမ်လျန်ရှိရာသို့သာ ညွှန်ပြလိုက်သည်။
“အသိလား …”
ဝမ်ချီက တီးတိုးပြောလိုက်၏။
“ကျွန်တော်မျိုး သူ့ကို မသိပါဘူး …”
ရှစ်ယဲ့က ဝမ်ချီ၏စကားကို မကြားသည့်အလား တစ်ကိုယ်တည်းပြောလိုက်သည်။
“သူ အနိုင်ကျင့်ခံနေရတာပဲ …”
ဝမ်ချီက အိမ်ရှေ့မင်းသား မည်သည့်အရာကို ပြုလုပ်လိုခြင်းဖြစ်ကြောင်း မသိချေ။
“ကျွန်တော်မျိုး သူ့ကို မသိပါဘူး … သွားရအောင်ပါ …”
ရှစ်ယဲ့က ဝမ်ချီအား ကြည့်ကာ ပြုံးလိုက်သည်။
ဝမ်ချီ “…”
ငါ မကောင်းတဲ့ခံစားချက်တွေ ရနေတယ် …
နောက်တစ်စက္ကန့်၌ပင် ရှစ်ယဲ့က လက်ကို ဖြန့်လိုက်သည်။ ဝမ်ချီ အသုံးပြုခဲ့သည့် ရွှံ့စေးတုံးက သူ့လက်ပေါ်၌ ပေါ်ထွက်လာ၏။ ဝမ်ချီ ဘာမှ မပြောနိုင်မီ ရှစ်ယဲ့က ရွှံ့တုံးကို ပစ်လိုက်သည်။
ရွှံ့စေးတုံးက ကျည်ဆန်ကဲ့သို့ ပျံသန်းသွားကာ ဝမ်လျန်၏ ခြေသလုံးအား ထိမှန်သွားသည်ကို ဝမ်ချီ ကြောင်ကြည့်နေမိ၏။
ဝမ်ချီက ရှစ်ယဲ့အား ဘာပြောရမှန်းမသိတော့ဘဲ ကြည့်လိုက်မိသည်။
“သခင်လေးရှစ် … ဘာလုပ်တာလဲ …”
ရှစ်ယဲ့က လက်တွင်းရှိ ရွှံ့ဘောလုံးကို ညှစ်ကာ ပြောလိုက်၏။
“ပျော်ဖို့ကောင်းလို့လေ …”
ဝမ်ချီ “…”
ဒီခွေးမင်းသားကတော့ တကယ့်ကို တာဝန်ကျေလွန်းတယ် … အဓိကဇာတ်ဆောင် ခက်ခဲအောင်လို့ သေချာလုပ်ပေးနေတာပဲ …
ဝမ်ချီ တိတ်ဆိတ်သွားချိန်၌ ရှစ်ယဲ့က နောက်ထပ် ရွှံ့စေးတစ်ခုကို လုံးလိုက်ကာ ဝမ်လျန်၏ အခြားခြေသလုံးအား ချိန်ရွယ်၍ ပစ်လိုက်သည်။ မြေပေါ်မှ ခက်ခက်ခဲခဲ ထလာရသည့် ဝမ်လျန်မှာ သနားစဖွယ် ဒူးထောက်လျက်သား လဲကျသွားပြန်၏။ ဆယ်ကျော်သက်များသည်လည်း ထိုမြင်ကွင်းအား ကြောင်အစွာ ကြည့်နေကြလေသည်။
ရှစ်ယဲ့က ရွှံ့စေးလုံးများကို တစ်လုံးပြီးတစ်လုံး ပစ်နေပြီး ဝမ်လျန်အား ထပ်ခါထပ်ခါ လဲကျစေခဲ့သည်။
အဆုံးသတ်တွင် ဝမ်လျန်၏ မျက်နှာတစ်ခုလုံး နာကျင်မှုကြောင့် ပြာနှမ်းလာကာ မြေပေါ်မှပင် ပြန်ထနိုင်စွမ်း မရှိတော့ချေ။ သူက မြေပေါ်တွင် လှဲလျောင်းကာ သနားစဖွယ် ငိုကြွေးနေတော့၏။
နူးညံ့သော ငိုရှိုက်သံက ဖြတ်သွားဖြတ်လာများ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ဆယ်ကျော်သက်များသည်လည်း ထိတ်လန့်ကာ ပြေးသွားကြ၏။
ဝမ်ချီက ရှစ်ယဲ့အား ကြည့်လိုက်သည်။ အဆိုပါ အမျိုးသားက ထိုသို့ကစားရခြင်းကို စွဲလမ်းနေပုံရ၏။ သူက ဆိုင်ရှင်ပြင်ပေးသည့် ရွှံ့စေးလုံးများကို ထပ်မံ၍ ဆုပ်နယ်နေပြန်သည်။
ဝမ်ချီ ထိုအရာအား ဆက်လက်သည်းမခံနိုင်တော့ပေ။ ရှစ်ယဲ့က ဝမ်လျန်အား အနိုင်ကျင့်၍မဟုတ်ဘဲ အမြောက်စာဇာတ်ကောင်လေးဖြစ်သော သူ့ကိုပါ ဆွဲခေါ်သွားမည်ဖြစ်၍ပင်။ သူက အမျိုးသားဇာတ်လိုက်၏ အရောင်အဝါကြောင့် မသေဆုံးလိုပေ။
ရှစ်ယဲ့က ဝမ်လျန်ကို ငါ မသိတဲ့အချိန်ကျမှ အနိုင်ကျင့်လို့ မရဘူးလား …
“သခင်လေးရှစ် … နောက်ကျနေပါပြီ … သွားရအောင်ပါ …”
ဝမ်ချီက ဘီးတပ်ကုလားထိုင်ကို တွန်းပေးရန် ပြင်လိုက်သည်။
ဤတစ်ကြိမ်၌ ရှစ်ယဲ့က မည်သို့မှမဆိုတော့ပေ။ သူက လက်တွင်းရှိ ရွှံ့လုံးကို လွှင့်ပစ်ကာ ဘီးတပ်ကုလားထိုင်ပေါ်၌ တိတ်ဆိတ်စွာ ထိုင်နေလိုက်သည်။
ဝမ်ချီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ရင်း ဝမ်လျန်အတွက် စိတ်မကောင်းဖြစ်မိသွား၏။ ဝမ်လျန်အတွက် အစောပိုင်းက ဖြစ်သွားသည့် ကိစ္စမှာ မမျှော်လင့်ထားသော ကပ်ဘေးဖြစ်နေပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ၊ အဆိုပါ အပြစ်ရှိစိတ်က အမြန်မေ့ပျောက်သွားခဲ့၏။ သူက တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။
“သခင်လေးရှစ် … တစ်ယောက်ယောက်က ကျွန်တော်တို့ကို စိုက်ကြည့်နေသလို ခံစားရတယ် …”
ဝမ်ချီက တီးတိုး ရေရွတ်လိုက်သည်။
ရှစ်ယဲ့က အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။
“မှန်တယ် …”
ဝမ်ချီ ခဏကြာ ထိတ်လန့်သွားသော်လည်း မကြာမီမှာပင် ပြန်လည်တည်ငြိမ်လာ၏။ သူက ရှစ်ယဲ့၏ တည်ငြိမ်သော အမူအရာကို ကြည့်ရင်း ရွယ်ရှန်းအား လက်တစ်ဖက်ထဲနှင့် အဆုံးသတ်ပေးလိုက်ပုံကို ပြန်လည် မြင်ယောင်လာမိသည်။ ရုတ်တရက် သူ၏ လုံခြုံသည့်ခံစားချက်က ပို၍ တိုးလာ၏။ သူက မကြောက်မရွံ့ ဆက်လျှောက်လာခဲ့သည်။
ဝမ်ချီက ယုံကြည်ချက်ရှိရှိဖြင့် အကြံအစည်များပင် ရေးဆွဲလာခဲ့သည်။
“သခင်လေးရှစ် … ကျွန်တော်တို့ကို စိုက်ကြည့်နေတာက ဘယ်သူများဖြစ်မလဲ … ကျွန်တော်တို့ ဘာ့ကြောင့် အဲဒီ့လူကို မျှားပြီး အသက်ရှင်လျက် မဖမ်းရမှာလဲ …”
ရှစ်ယဲ့ ခေါင်းစောင်းလိုက်သည်။ သူ့နှုတ်ခမ်းထောင့်များက ပြုံးနေသည့်ဟန် မြင့်တက်သွား၏။
“သူ့ကို ဖမ်းချင်လို့လား …”
ဝမ်ချီက ခဏတိတ်ကျသွားသည်။
“ကျွန်တော်မျိုး သူ့ကိုမျှားပဲခေါ်ချင်တာပါ …”
ရှစ်ယဲ့က ထပ်ပြောလိုက်သည်။
“အဲဒီ့မှာ ရန်သူတစ်ယောက်ထက် ပိုရှိမယ် … ဆယ်ယောက်ထက်ပိုရှိမယ်ဆိုရင် မင်း သူတို့အားလုံးကို သတ်ပစ်မှာလား …”
ဝမ်ချီက ကသိကအောက်ဖြစ်စွာ ပြုံးလိုက်သည်။
“အရှင့်သား ရှိနေတာပဲလေ …”
ရှစ်ယဲ့က နှာခေါင်းရှုံ့လိုက်၏။
“ငါက မသန်စွမ်းဖြစ်နေတဲ့လူတစ်ယောက်ပါ … မသန်စွမ်းတစ်ယောက်ဆီက အကူအညီကို တကယ်ပဲ မျှော်လင့်နေတာလား …”
ဝမ်ချီ “…”
ချီးတဲ့မှ … ခွေးမင်းသားက ဘာမှသုံးစားမရဘူး … သူ အရင်က ကောင်းကောင်း လမ်းလျှောက်နိုင်ခဲ့တာပဲလေ … အခု အန္တရာယ်ကျလာခါမှ ဘယ်လိုလျှောက်ရမှန်း မသိတော့ဘူးလား … ချက်ချင်း ဇာတ်ကောင်ထဲဝင်သွားရောလား …
ဝမ်ချီ စိတ်ညစ်လာသည်။ သူက ပတ်ဝန်းကျင်ကို မျက်ဝန်းထောင့်မှတစ်ဆင့် ချောင်းကြည့်လိုက်သည်။
သူတို့၏ အနောက်ကို လိုက်နေသူများမှာ တစ်ယောက်ထဲ မဟုတ်ပေ။ ယခုအခါမှသာ ထိုသူများအားလုံး သူတို့နောက်သို့ လိုက်လာကြခြင်း ဖြစ်ကြောင်း သူသဘောပေါက်သွား၏။ ထိုသူများက အရပ်ရှည်၍ ပိန်ပါးကာ အရပ်သားနှင့် ဆင်တူပြီး အနက်ရောင်အဝတ်များ ဝတ်ဆင်ထားကြသည်။ သူတို့က ရည်ရွယ်ချက်ကို မဖုံးကွယ်ထားပဲ ဝမ်ချီနှင့် ရှစ်ယဲ့အား ရန်လိုသည့် မျက်လုံးများဖြင့် ကြည့်ကာ ဖြည်းညှင်းစွာ ချဉ်းကပ်လာကြသည်။
ကံကောင်းစွာဖြင့် ဈေးထဲ၌သာ ရှိနေသေးသည်ဖြစ်ရာ ထိုသူများက မည်သည့်အရာကိုမှ မပြုလုပ်ဝံ့ကြချေ။
ဝမ်ချီက အကြည့်ကို ရုတ်သိမ်းကာ ဘီးတပ်ကုလားထိုင်အား အရှိန်တင်၍ တွန်းလိုက်သည်။ သူက ထိုသို့သော အခြေအနေမျိုးကို ပထမဆုံးအကြိမ် ရင်ဆိုင်ဖူးခြင်း ဖြစ်သည့်အလျောက် ရှစ်ယဲ့၏ အမည်ကိုပင် ခေါ်လိုက်မိ၏။
“ရှစ်ယဲ့ … ကျွန်တော် ဘာလုပ်ရမလဲ … သူတို့ ကျွန်တော်တို့ကို ချောင်ပိတ်တော့မယ် …”
ရှစ်ယဲ့၏ အသံမှာလည်း ပျက်ယွင်းသွားသည်။
“စားသောက်ဆိုင်ကို ပြန်သွားမယ် …”
ဝမ်ချီက ဟုတ်ကဲ့ဟု ပြောကာ ဘီးတပ်ကုလားထိုင်ကို တွန်းရင်း အရှိန်တင်လိုက်သည်။
ထိုသူများက သူတို့ထွက်ပြေးလိုသည်ကို သိလိုက်သည်နှင့် ပို၍လျင်မြန်စွာ ချဉ်းကပ်လာကြသည်။ သူတို့က ပြေးနိုင်သမျှ မြန်မြန် ပြေးလာကြပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ဝမ်ချီနှင့်ရှစ်ယဲ့အား ဘက်ပေါင်းစုံမှ ပိတ်ဆို့လိုက်၏။
ပို၍နီးကပ်လာသူများကို ကြည့်ရင်း ဝမ်ချီ၏ အသက်ရှူသံမှာလည်း ပိုမိုမြန်ဆန်လာသည်။
သူက အလွန်ထိတ်လန့်နေပြီး နောက်ထပ် မည်သည့်အရာကို ပြုလုပ်ရမည်မှန်း မသိတော့ပေ။
ထိုသူများက ရှစ်ယဲ့တစ်ဦးထဲ ရှိနေသည့် အချိန်ကို အခွင့်ကောင်းယူလိုခြင်းဖြစ်သည်။ သူတို့၏ အပြုအမူအရ ဈေးအတွင်း၌ လှုပ်ရှားရန် ကြံစည်ထားသကဲ့သို့ပင်။
သူတို့သာ တကယ်တမ်း တိုက်ခိုက်လာပါက ဝမ်ချီက သူတို့အနက် တစ်ဦးကိုပင် အနိုင်ပိုင်းနိုင်မည် မဟုတ်၍ သူတို့အားလုံးဆိုပါက ပြောနေရန်ပင် မလိုအပ်တော့ပေ။
ဝမ်ချီ၏ အသက်ရှူသံက ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။ သူ၏ မျက်ဝန်းထောင့်မှတစ်ဆင့် လွတ်လမ်းကို ရှာဖွေကြည့်မိ၏။
ထိုစဉ် ရှစ်ယဲ့က ရုတ်တရက် ပြောလိုက်သည်။ “စားသောက်ဆိုင်ကို အရင်ပြန်နှင့် …”
ဝမ်ချီ အံ့အားသင့်သွား၏။
“ဘာ …”
ရှစ်ယဲ့က ပြောလိုက်သည်။
“စားသောက်ဆိုင်ကို ပြန်ပြီး ကျိုးရှန်ကိုရှာ … ကျိုးရှန်က ငါ့ကိုရှာဖို့ တစ်ယောက်ယောက် လွှတ်လိုက်လိမ့်မယ် …”
ဝမ်ချီက စိုးရိမ်တကြီး ပြောလိုက်သည်။
“သခင်လေးကရော …”
ရှစ်ယဲ့က တည်ငြိမ်စွာ ပြော၏။
“ငါ အဆင်ပြေသွားလိမ့်မယ် …”
ဝမ်ချီက ပြောသည်။
“ဒါပေမယ့် သူတို့က အများကြီးပဲ .. လွတ်မှာ မဟုတ်ဘူး…”
“သူတို့ငါ့ကို ချက်ချင်းမထိနိုင်ပါဘူး …”
ရှစ်ယဲ့က ဝမ်ချီအား ကြည့်လိုက်သည်။ အနက်ရောင်မျက်နှာဖုံးနှင့် အဖြူရောင်အသားအရည်က လိုက်ဖက်ညီလျက်ရှိ၏။ သူ့မျက်ဝန်းများထက်တွင် ရှင်းပြ၍မရသော ခံစားချက်များ ထင်ဟပ်နေသည်။ သို့သော် အဆိုပါ ခံစားချက်များက တခဏချင်းမှာပင် ပျောက်ကွယ်သွား၏။
“မင်းသာ အဖမ်းခံလိုက်ရရင် ဘယ်သူက ကျိုးရှန်ကို သွားရှာမှာလဲ …”
ဝမ်ချီ ကြောင်အသွားသည်။ သူက ရှစ်ယဲ့၏ စကားများမှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားမိလိုက်သည်။
“ဒါဖြင့် ကျွန်တော် အရင်သွားနှင့်မယ် …”
ဝမ်ချီက နာခံတတ်သူတစ်ဦးဖြစ်သည်။ ရှစ်ယဲ့ ထိုသို့ပြောလာသည်ဖြစ်ရာ သူက ထိုသို့ လုပ်ကိုလုပ်ရတော့မည်ပင်။
“ကျွန်တော့်ကို စောင့်နေပါ … ကျွန်တော် အရှင့်သားကိုကယ်ဖို့ တစ်ယောက်ယောက် ရှာခဲ့ပါ့မယ် …”
ဝမ်ချီက ထိုစကားများကို ပြောပြီးသည်နှင့် တော်တော်ကြာကြာ ပြေးလိုက်၏။
သူက သတိပြုမိခဲ့သည့် လမ်းကြားအတွင်းသို့ ပြေးဝင်လိုက်သည်။
ကံကောင်းစွာဖြင့် မူလကိုယ်က ဤနေရာနှင့် ရင်းနှီးနေခဲ့၏။ မူလကိုယ်၏ မှတ်ဉာဏ်များကြောင့် ဝမ်ချီက စားသောက်ဆိုင်သို့ သွားရမည့်လမ်းကို ခက်ခက်ခဲခဲ မရှာလိုက်ရချေ။
သူပြေးလာခဲ့သည်မှာ အမွှေးတိုင်တစ်ထောက်စာပင် မရှိသေးပေ။ သူမြန်မြန်ပြေးလေလေ၊ ရှစ်ယဲ့အား ထိုသူများလက်မှ မြန်မြန်ကယ်တင်နိုင်လေလေ ဖြစ်ပေလိမ့်မည်။
သို့သော် သူဘယ်လောက်မှ မပြေးရသေးမီ သူ့ခြေထောက်များ တောင့်တင်းသွားလိမ့်မည်ဟု ဝမ်ချီ မမျှော်လင့်ထားခဲ့ပေ။
ဒီရင်းနှီးနေတဲ့ ခံစားချက်က …
သူ့ရင်ထဲ စိတ်ပျက်သည့် ခံစားချက်များ မြင့်တက်လာ၏။ ဝမ်ချီ၏ မျက်လုံးများက ထိတ်လန့်မှုဖြင့် ပြူးကျယ်လာကာ သူ၏ ခြေထောက်များသည်လည်း ထိန်းချုပ်မှုလွတ်ကင်းစွာဖြင့် အနောက်သို့ ပြန်ပြေးလေတော့သည်။
မနီးမဝေးတွင် ရှစ်ယဲ့က ထိုသူများ ဝိုင်းခြင်းခံနေရ၏။ သူက သူတို့အား ဤအတိုင်းစိုက်ကြည့်နေပြီး တစ်ချက်ပင် အကြည့်မလွှဲခဲ့ပေ။ သို့သော် ဝမ်ချီပြန်ပြေးလာသည်ကို မြင်လိုက်ရချိန်၌ သူ၏ ထုံပေပေ အမူအရာတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။ သူက ဝမ်ချီအား တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ကြည့်လိုက်မိ၏။
ဝမ်ချီက ခြေထောက်နှင့် မြေကြီးထိရာမှ တဖတ်ဖတ်မြည်သည့် အသံထွက်လာအောင် မြန်မြန်ပြေးလာခဲ့ခြင်း ဖြစ်သည်။
ရှစ်ယဲ့အား ဝိုင်းနေကြသူများက ခြေသံကြောင့် တစ်ဦးပြီးတစ်ဦး လှည့်ကြည့်လာကြသည်။
ဝမ်ချီက ထိုအခွင့်အရေးကိုယူ၍ ဘီးတပ်ကုလားထိုင်၏ လက်ကိုင်ကို ဆုပ်ကိုင်ကာ မြန်မြန်ပြေးလေတော့သည်။ သူ့ခြေထောက်များက စက်တပ်ထားသည်နှင့်ပင် တူ၏။
သူတို့အနောက်ရှိ လူများက တစ်ခဏကြာ ကြောင်အသွားကြသည်။ ထို့နောက် သူတို့အနောက်သို့ ချက်ချင်း လိုက်လာကြ၏။
မူလက စည်ကားနေသည့်ဈေးက စိန်ပြေးလိုက်တမ်း ကစားနေကြသူများကြောင့် အုတ်အော်သောင်းနင်း ဖြစ်သွားရ၏။ အော်သံများက လမ်းတစ်ဖက်တစ်ချက်ရှိ ဖြတ်သွားဖြတ်လာများထံမှ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။
ဝမ်ချီ မူလက ဆိုင်တစ်ဆိုင် သို့မဟုတ် စားသောက်ဆိုင် တစ်ခုအတွင်း ဝင်ပုန်းခိုလိုခဲ့သည်။ သို့သော် သူတို့အား ရှောင်တိမ်းလိုကြသည့် ဖြတ်သွားဖြတ်လာများ၏ အမူအရာကြောင့် အနီးရှိ လမ်းချိုးတစ်ခုအတွင်းသို့သာ ဝင်လိုက်တော့၏။
မူလကိုယ်၏ မှတ်ဉာဏ်များအတိုင်း သူက ဘီးတပ်ကုလားထိုင်ကို ဖြတ်လမ်းများအကြား တွန်းသွားနေခဲ့သည်။
လေများက ရှစ်ယဲ့၏ ဘာပြောရမှန်းမသိ ဖြစ်နေသော အသံနှင့်အတူ သူ၏ နားရွက်များအကြား ဝင်ရောက်လာ၏။
“ဘာလို့ငိုနေတာလဲ …”
ဝမ်ချီက ငိုကြွေးလေသည်။
“ဝူး ….”
ရှစ်ယဲ့
“မင်းသွားပြီးမှ ဘာလို့ပြန်လာတာလဲ …”
ဝမ်ချီက ငိုနေရင်း ကြို့ထိုးလိုက်၏
“ ကျွန်တော် မသွားနိုင်ဘူး … ကျွန်တော် အရှင့်သား မပါဘဲ မသွားနိုင်ဘူး …”
ရှစ်ယဲ့ “…”
💮💮💮