Chapter 31
Viewers 11k

💮Chapter 31



ဝမ်ချီ၏ ငိုသံက ပျောက်ကွယ်မသွားသေးမီ ရုတ်တရက် ခလုတ်တိုက်ကာ လဲကျသွား၏။ ငိုသံက မြေပေါ်သို့ လဲကျသွားသံနှင့် အစားထိုးခံလိုက်ရ၏။ 


သူက သူ့အရှေ့ရှိ ရှစ်ယဲ့ပေါ် မလဲကျစေရန်အတွက် ခန္ဓာကိုယ်အား ဘေးဘက်သို့ စောင်းလိုက်၏။ ထို့နောက် လဲကျသွားချိန်တွင် ခါးနေရာ၌သာမက ခန္ဓာကိုယ်တစ်ခုလုံးမှ နာကျင်မှုအား ခံစားလိုက်ရသည်။ 


ဝမ်ချီက မြေပေါ်၌ အတန်ကြာ မထနိုင်ဘဲ လဲနေရ၏။ 


ရှစ်ယဲ့က ဘီးတပ်ကုလားထိုင်ကိုလှည့်ကာ သူ့အနီးသို့ ချဉ်းကပ်လာရင်း တိတ်ဆိတ်စွာ ကြည့်နေ၏။ 


ဝမ်ချီက အသက်ကိုပင် လုရှူနေရသည်။ သူ့နဖူးပေါ်တွင် ချွေးစေးတစ်လွှာက နေရာယူလာ၏။ သူက အံကြိတ်လိုက်ရင်း မြေပေါ်မှ အားတင်းထလိုက်သည်။ သူ၏ ခြေထောက်သာမက ခါးလည်း နာကျင်နေပြီး မြေပေါ်သို့ ဦးဆုံး ကျသွားသည့် ဒူးနှစ်ဖက်လုံး သွေးများစို့လာ၏။ 


သို့သော် သူက မနှောင့်နှေးရဲခဲ့ပေ။ မိန်းမစိုးကျိုးထံသို့ ရှစ်ယဲ့အား အမြန်ပို့ဆောင်ပေးရန် လိုအပ်နေ၏။ 


“အရှင့်သား … ခဏစောင့်ပါဦး … မကြာခင် ရောက်တော့မှာပါ …”

ဝမ်ချီ၏ မျက်ဝန်းများက သွေးနီရောင်သမ်းနေကာ မျက်ရည်များ ရစ်သိုင်းနေ၏။ သူက ဖြူလျော်သော မျက်နှာဖြင့် ရှစ်ယဲ့ကို ပြုံးပြလိုက်သည်။ ထို့နောက် ဘီးတပ်ကုလားထိုင်၏လက်ကိုင်အား လက်လှမ်းလိုက်၏။ 


ရှစ်ယဲ့၏ မျက်နှာမှာ ခံစားချက် ကင်းမဲ့နေဆဲဖြစ်သည်။ သို့သော် သူ့မျက်ဝန်းတွင်း၌ ရှင်းပြရခက်သော ခံစားချက်များ ရှိနေ၏။ သူက မျက်လွှာချကာ ဝမ်ချီ၏ ဒူးခေါင်းကို ကြည့်လိုက်သည်။

“မင်းမှာ သွေးထွက်နေတယ် …” 


ဝမ်ချီ၏ အသံက နာကျင်မှုဖြင့် တုန်ယင်နေ၏။ 

“ကျွန်တော်မျိုး အဆင်ပြေပါတယ် …” 


“အဆင်ပြေလို့လား …ထားလိုက်ပါ … ငါတို့သွားစရာ မလိုတော့ဘူး …” 

ရှစ်ယဲ့က နှာခေါင်းရှုံ့လိုက်သည်။


ဝမ်ချီက စိုးရိမ်တကြီး ဆို၏။

“အဲဒီ့လူတွေက ကျွန်တော်တို့ကို ဖမ်းမိသွားမှာပေါ့ …” 


ရှစ်ယဲ့၏ အသံက အေးစက်လာ၏။

“မင်းဒီပုံစံနဲ့ ဘယ်လောက်အထိသွားနိုင်မှာလဲ …” 


“…”

ဝမ်ချီ ကြောင်အသွားသည်။ သူက ရှစ်ယဲ့၏ ဘီးတပ်ကုလားထိုင်ကိုလည်း တွန်းရသေးသည်ဖြစ်ရာ မြန်မြန်မပြေးနိုင်ပဲ လမ်းသာ လျှောက်နိုင်တော့၏။ သို့သော် သူက ရှစ်ယဲ့အား ထိုသူများ ဖမ်းဆီးသွားခွင့်လည်း မပေးနိုင်ချေ။ သူက အလေးအနက် ပြောလိုက်သည်။

“ကျွန်တော် ဆက်လျှောက်မယ်လေ … လျှောက်နိုင်သမျှပေါ့ …” 


ရှစ်ယဲ့က တိတ်ဆိတ်သွား၏။ ထို့နောက် ရုတ်တရက် ပြောလိုက်သည်။

“သူတို့ဒီမှာ …” 


ထိုစကားဆုံးသည်နှင့် ဝမ်ချီက သူတို့ထံသို့ ပြေးလာသည့် အသံများကို ကြားလိုက်ရသည်။ တစ်စုံတစ်ဦးက တံစက်မြိတ်မှ အမြန်ပြေးတက်လာသကဲ့သို့ ဘက်ပေါင်းစုံမှ သူတို့ထံ ပြေးလာသည့် အသံများက စက္ကန့်နှင့်အမျှ ပို၍ ထင်ရှားလာခဲ့သည်။ 


မျက်တောင်တစ်ခတ် အတွင်းမှာပင် သူတို့ထံသို့ လိုက်လာသည့် လူများက အရိပ်များအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ထက်မှ ဆင်းသက်လာကြ၏။ သူတို့က ဝမ်ချီနှင့် ရှစ်ယဲ့အား ဝိုင်းလိုက်ကြသည်။ 


လမ်းကြားထဲတွင် ထိုလူများက ဝမ်ချီနှင့် ရှစ်ယဲ့အား ဆာလောင်နေသည့် မြေခွေးများကဲ့သို့ စိုက်ကြည့်နေကြ၏။ 


ဝမ်ချီ၏ ခြေထောက်များက မြင်ကွင်းကြောင့် ပျော့ခွေလာရပြီး မြေပေါ်သို့ပင် လဲကျလုမတတ် ဖြစ်သွား၏။ ကံကောင်းစွာဖြင့် သူက ရှစ်ယဲ့၏ ဘီးတပ်ကုလားထိုင်အား အချိန်မှီ ဆုပ်ကိုင်ထားနိုင်ခဲ့သည်။ 


သူက ထိုသူများအား လမ်းကြားထဲသို့ ဝင်လိုက်သည်နှင့် မျက်ခြေဖြတ်နိုင်လိမ့်မည်ဟု မျှော်လင့်မိခဲ့သည်။ သို့သော် သူတို့ထံတွင် ဤမျှမြန်မြန် ဖမ်းမိသွားခဲ့၏။ 


ထိုအရာက အရံကစားသမားနှင့် လက်ရွေးစင်ကစားသမား၏ ကွာခြားချက်ဖြစ်သည်။ 


ဝမ်ချီ စိတ်ဓာတ်ကျလာ၏။ ထိုသူများက ပိတ်ဆို့လိုက်သည့် လွတ်မြောက်ရာ လမ်းများကို ကြည့်ရင်း ထွက်ပြေးရန် အကြံဉာဏ်အား လက်လျှော့လိုက်ရပြန်သည်။ 


ပြေးပေမယ့် မလွတ်နိုင်ခဲ့ဘူး … တိုက်ခိုက်နိုင်စွမ်းလည်း မရှိဘူး …


ဘာလုပ်ရမလဲ …


ဒီအတိုင်း သေဖို့စောင့်နေရမှာလား …


ဝမ်ချီက စိတ်ကို ပြင်ဆင်လိုက်သည့်အလျောက် အ

စောပိုင်းကကဲ့သို့ ကြောက်လန့်နေခြင်း မရှိတော့ပေ။ သူနှင့်အတူ ခွေးမင်းသားသည်လည်း သေဆုံးမည်ဖြစ်ရာ စမ်းချောင်းဝါသို့ သွားရာလမ်းတွင် တစ်ဦးထဲဖြစ်နေမည်ကို စိုးရိမ်ရန် မလိုတော့ချေ။ 


သို့သော် သူထိုသို့ ပြောလိုက်သည်နှင့် ရှစ်ယဲ့၏ အေးစက်စက်အသံ ထွက်ပေါ်လာ၏။

“မင်း ပြေးတော့ … သူတို့ရဲ့ ပစ်မှတ်က ငါပဲ …” 


ဝမ်ချီက ဖြူဖျော့ဖျော့ဖြင့် ပြန်ဖြေလိုက်၏။ 

“အရှင့်သား… လူသေတွေကပဲ လျှို့ဝှက်ချက်ကို ထိန်းထားနိုင်တာပါ … ဒီအချိန်ရောက်မှ ကျွန်တော်မျိုးကို သူတို့ လွှတ်ပေးမယ်တဲ့လား …” 


“မင်းခုနကလို ပြေးသွား … ငါဒီမှာရှိနေသရွေ့ သူတို့မင်းကို မဖမ်းနိုင်စေရဘူး …”

ရှစ်ယဲ့က ပြောလိုက်သည်။ သေခြင်းတရားနှင့် နီးကပ်နေသော်လည်း သူက မည်သည့်အရာကိုမှ ဂရုမစိုက်သေးချေ။ မသိပါက ထိုသူများက သူတို့အား အမဲလိုက်နေသူများ မဟုတ်ဘဲ သူနှင့် အချိန်ကြာမြင့်စွာ မတွေ့ခဲ့ရသော သူငယ်ချင်းများဖြစ်နေသည့်အတိုင်းပင်။ 


အစမှအဆုံးအထိ စိုးရိမ်နေသူက ဝမ်ချီ တစ်ဦးထဲသာ ဖြစ်သည်။ 


ဝမ်ချီ ထိုစကားကို နားလည်သွားချိန်၌ မျက်ရည်များ ထပ်မံ ကျဆင်းလာပြန်၏။ သို့သော် ရှစ်ယဲ့စကားကို သူက သံသယဝင်လာပြန်သည်။

“တကယ်ပဲ ထွက်ပြေးရမှာလား …” 


ရှစ်ယဲ့က ပြောသည်။

“ပြေးသွားပါ …”


ဝမ်ချီ တုံ့ဆိုင်းနေ၏။

“အရှင့်သားကရော …” 


ရှစ်ယဲ့က ပြောသည်။

“ငါ့ကိုစိတ်မပူနဲ့ … ကျိုးရှန်ကိုရှာ … သူ ဘာလုပ်ရမလဲ သိတယ် …” 


ဝမ်ချီက တိတ်ဆိတ်သွားကာ စားသောက်ဆိုင်နှင့် လက်ရှိနေရာအကြား အကွာအဝေးကို တွက်ဆနေ၏။ သူသာ မလွတ်မြောက်နိုင်ခဲ့ပါက ရှစ်ယဲ့အား ကယ်တင်ရန် မိန်းမစိုးကျိုးအား ရှာနိုင်မည် မဟုတ်ပေ။ 


ဒီတိုင်း… 


သူက မျက်နှာဖုံးဖြင့် ကာမထားသည့် ရှစ်ယဲ့၏ မျက်နှာတစ်ခြမ်းကို ကြည့်လိုက်သည်။ ရှစ်ယဲ့၏ နှုတ်ခမ်းထောင့်များက တင်းတင်းစေ့ပိတ်လျက်ရှိကာ မျက်တောင်ရှည်များ၏အရိပ်က အေးစက်သော အသားအရည်ပေါ်၌ ထင်ဟပ်နေ၏။ သူ့အမူအရာမှာ အေးစက်ကာ ရှင်းလင်းနေသည်။ သူက အရာအားလုံးကို မြင်နိုင်သည့်အလားပင်။ ဝမ်ချီ သူ့အားထားခဲ့ပြီး ထွက်ပြေးသွားမည်ကိုပင် စိုးရိမ်နေခြင်းမရှိပေ။ 


တစ်နည်းနည်းဖြင့် ဤတစ်ကြိမ်၌ ဝမ်ချီ တုံ့ဆိုင်းသွားရ၏။ 


ဝမ်ချီ မည်သို့မှ မလှုပ်ရှားနိုင်မီ ရှစ်ယဲ့က ပြောလိုက်သည်။

“မင်းတို့က ဘယ်သူလဲ …” 


ဝတ်ရုံနက်အမျိုးသားက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြန်ဖြေ၏။

“အရှင့်သား … ကျုပ်တို့ရဲ့သခင်က အရှင့်သားကို တွေ့ချင်နေပါတယ် … အရှင့်သား ကျုပ်တို့နဲ့ လိုက်ခဲ့ရပါမယ် …” 


ရှစ်ယဲ့၏ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ချိတ်ဆွဲလာ၏။ သူက အမှုမဲ့အမှတ်မဲ့ ပြောလိုက်သည်။

“ပန်ကုန်းက လိုက်နိုင်တယ်ဆိုပေမယ့် လမ်းမလျှောက်နိုင်ဘူးလေ… မင်းတို့ ဘယ်လိုခေါ်သွားမယ် စဉ်းစားထားသလဲ…” 


ဝတ်ရုံနက်အမျိုးသားက ပြောလိုက်သည်။

“ကျုပ်တို့မှာ နည်းလမ်းရှိပါတယ် …” 


ထို့နောက် သူက ရှစ်ယဲ့အား ပခုံးနှစ်ဖက်မှဆွဲ၍ ဘီးတပ်ကုလားထိုင်ထက်မှ ဆွဲထူရန် ရှေ့တိုးလာခဲ့သည်။ 


သို့သော် ဝတ်ရုံနက်အမျိုးသား ရှေ့တိုးလာသည်နှင့် ရှစ်ယဲ့က နှာခေါင်းရှုံ့ကာ သူ၏ သွယ်လျသော လက်ချောင်းထိပ်များအား ရုတ်တရက် လှုပ်ရှားလိုက်သည်။ သေးငယ်သော ရွှံ့စေးလုံးတစ်လုံးက သူ့လက်ချောင်းအကြားမှ ထွက်ပေါ်လာ၏။ 


ဝတ်ရုံနက်အမျိုးသားက မည်သည့်အရာများ ဖြစ်ပျက်သွားသည်ကိုပင် မသိလိုက်ပေ။ သူ၏ ညာဘက်မျက်လုံး တစ်ခုလုံး မှောင်မိုက်သွားကာ စိုစွတ်စွတ်အရည်များ မျက်လုံးထဲဝင်လာသည်ကိုသာ သိလိုက်ရသည်။ နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် ပြင်းထန်သော နာကျင်မှုက သူ့အား လဲကျသွားစေခဲ့၏။ 


ဝမ်ချီ ကြောင်အသွားသည်။ သူ့မျက်နှာ တစ်ခုလုံး တောင့်တင်းလျက် ဝတ်ရုံနက်အမျိုးသား၏ မျက်လုံးအတွင်းသို့ ရှစ်ယဲ့ပစ်လိုက်သော ရွှံ့လုံးကိုသာ ကြည့်နေမိသည်။ သွေးများက ထိုသူ၏ မျက်နှာတစ်ခုလုံးကို တခဏချင်း ဖုံးအုပ်သွား၍ သွေးနံ့ပြင်းပြင်းက လေထုထဲတွင် ပျံ့နှံ့လာလေသည်။ 


ထိုအချိန်တွင် သူ့ခါးပေါ်ရှိ လက်တစ်ဖက်က သူ့အား ရှေ့သို့ တွန်းလိုက်၏။ 


ဝမ်ချီ မသိစိတ်ဖြင့် နောက်လှည့်ကြည့်လိုက်သည်။ သူက ရှစ်ယဲ့၏ နက်မှောင်ရွှန်းစိုသော မျက်ဝန်တစ်စုံနှင့် အကြည့်ချင်းဆုံသွားသည်။ 


မကြာမီမှာပင် အားလုံးက တုံ့ပြန်လာကြပြီး ဝတ်ရုံနက်အမျိုးသားသည်လည်း သူ၏ လူသတ်ငွေ့ကို ထုတ်ဖော်လာခဲ့၏။ သူက သွေးများဖုံးလွှမ်းနေသည့် မျက်နှာဖြင့် ရှစ်ယဲ့ထံ လက်ရွယ်လိုက်သည်။ 


ရှစ်ယဲ့က ဘီးတပ်ကုလားထိုင်အား ထိန်းချုပ်ရင်း ဝတ်ရုံနက်အမျိုးသား၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းလိုက်သည်။ သူက ထိုသူ၏ ဝမ်းဗိုက်ထံသို့ နောက်ထပ် ရွှံ့လုံးတစ်လုံး ပစ်လိုက်၏။ 


ဝတ်ရုံနက်လူက ညည်းညူလိုက်သော်လည်း သူ၏ တိုက်ခိုက်မှုများကမူ ပို၍သာ ပြင်းထန်လာခဲ့သည်။ တိုက်ခိုက်မှုတိုင်းက ရှစ်ယဲ့နံဘေးမှ လေပြင်းတစ်ချက်ကဲ့သို့ ဖြတ်တိုက်သွား၏။ 


ထိုစဉ် အခြားလူများသည်လည်း ဝင်ရောက်တိုက်ခိုက်လာကြသည်။ 


ဝမ်ချီက စိုးရိမ်နေ၏။ သို့သော် လက်ရှိအခြေအနေ၌ သူက ရှစ်ယဲ့အား မကူညီနိုင်ချေ။ သူသာ ဝင်သွားပါက သေသွားပေလိမ့်မည်။ သူလုပ်နိုင်သည့် အရာမှာ မိန်းမစိုးကျိုးအား ရှာရန် စားသောက်ဆိုင်သို့ ပြန်ခြင်းသာ ဖြစ်၏။ 


ဝမ်ချီက ဆန်းကြယ်သောခွန်အား နောက်တစ်ကြိမ် သူ့အား မတားဆီးရန် အထပ်ထပ်အခါခါ ဆုတောင်းရင်း စားသောက်ဆိုင်သို့ ပြေးလာခဲ့သည်။ 


မလာပါနဲ့ … မလာပါနဲ့ … မလာပါနဲ့ … 


သူက ပြန်မပြေးသွားချင်ပေ။ နောက်မှအလိုက်ခံရခြင်းမှာ ပြဿနာမရှိသော်လည်း ပြန်သွားပါက သူအသက်ဆုံးရှုံးရပေလိမ့်မည်။ 


နတ်ဘုရားများက သူ၏ ဆုတောင်းကို ကြားသွားသည်ထင်သည်။ အဆိုပါ ရင်းနှီးသော ခံစားချက်က သူ့ထံသို့ ထပ်မံရောက်မလာတော့ပေ။ သို့သော် ဝမ်ချီက ရင်းနှီးနေသည့် လေတိုးသံများကို ကြားလိုက်ရသည့် အလျောက် ပျော်ချိန်ပင် မရလိုက်ချေ။ 


နောက်တစ်စက္ကန့်၌ပင် လူနှစ်ဦးက သူ့ရှေ့၌ ပေါ်ထွက်လာ၏။ 


ဝမ်ချီက ချက်ချင်းရပ်လိုက်ပြီး အခြားတစ်ဖက်ရှိ လမ်းချိုးအတွင်းသို့ လှည့်ပြေးလိုက်သည်။ 


ထိုသူနှစ်ဦးက သူ့အား လွတ်မြောက်ခွင့် မပေးလိုဟန်ဖြင့် သူ့အရှေ့၌ ပိတ်ရပ်လာကြပြန်၏။ သူတို့က မည်သည့်နေရာကမှန်းမသိသော ဓားမြှောင်တစ်လက်ကို ထုတ်ယူလိုက်ရင်း သူ့အား သေလူတစ်ဦးကဲ့သို့ ခံစားချက်ကင်းမဲ့စွာ စိုက်ကြည့်လာကြသည်။ သူတို့က ဝမ်ချီအား အသက်ရှင်ခွင့် ပေးမည့်ပုံမပေါ်ချေ။ 


“အစ်ကိုကြီး … အသက်ကိုချမ်းသာပေးပါ …”

ဝမ်ချီက ကြောက်ရွံ့လာ၏။ သူ၏ အသက်ရှင်လိုစိတ်က တစ်ခဏအတွင်းမှာပင် ရုန်းကြွလာသည်။

“ကျွန်တော် ဘာမှမပြောဘူးလို့ ကတိပေးပါတယ် … အစ်ကိုကြီး … ကျွန်တော့်ကို သွားခွင့်ပြုပါ …”


သူတို့နှစ်ဦးက ဝမ်ချီ၏ စကားများကို မကြားဟန်ဖြင့် အမူအရာပင် တစ်ချက်မပြောင်းလဲကြပေ။


ဝမ်ချီက သူတို့၏ ချုပ်နှောင်ခြင်း ခံလိုက်ရသည်။ သူက မလှုပ်နိုင်တော့သည့်အလျောက် စိတ်ဓာတ်ကျစွာဖြင့် မျက်လုံးမှိတ်ချလိုက်၏။ 


သို့သော် မျှော်လင့်ထားသည့် နာကျင်မှုက ရောက်မလာခဲ့ချေ။ ဝမ်ချီအား ချုပ်နှောင်ထားသည့် အားများက ရုတ်တရက် ပျောက်ကွယ်သွား၏။ လက်တစ်ဖက်က ဝမ်ချီ၏ခါးမှ သိမ်းဖက်လိုက်သည်။ ရင်းနှီးနေသော စန္ဒကူးရနံ့က ဝမ်ချီ၏ နှာသီးဖျား၌ ရစ်ဝဲလာ၏။ 


ဝမ်ချီက မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူက ရှစ်ယဲ့၏လက်မောင်းများအကြား ကျရောက်နေခဲ့ခြင်းပင်။ 


ရှစ်ယဲ့က လက်တစ်ဖက်ဖြင့် သူ့အား ထိန်းထားပြီး အခြားလက်တစ်ဖက်ကမူ လေထဲ၌ ရှိနေသည်။ လူနှစ်ဦးက ရုတ်တရက် ပါးစပ်အပြည့် သွေးအန်လိုက်ကြ၏။ သူတို့၏ မျက်လုံးများနှင့် နားများထဲမှလည်း သွေးများ စီးကျလာခဲ့သည်။ သူတို့က ရုန်းရင်းကန်ရင်းနှင့်ပင် အသက်ထွက်သွားကာ အလောင်းနှစ်လောင်းအဖြစ် အသွင်ပြောင်းသွားကြ၏။ 


ဝမ်ချီက ဖြစ်ပျက်နေသည့် အရာများကို လိုက်မမီတော့ပေ။ သူက ရှစ်ယဲ့၏ အဝတ်များကို ဆုပ်ကိုင်လျက် အသက်ရှင်လိုစိတ်အပြည့်ဖြင့် သူ့အား မှီခိုထားလေသည်။ 


လေတိုးသံများက သူတို့အနောက်သို့ လိုက်ပါလာသူများထံမှ ထွက်ပေါ်လာပြန်၏။ 


“သေချာကိုင်ထား …”

ရှစ်ယဲ့၏ လေးနက်သော အသံက ဝမ်ချီ၏ နားရွက်နံဘေးမှ ရှပ်တိုက်သွားသည်။ လေတိုးသံနှင့် သူ၏ အသံပေါင်းစပ်လိုက်ချိန်တွင် ဝမ်ချီက ကောင်းကင်ဘုံသို့ ရောက်နေသည်ဟုပင် ထင်မှတ်မှားသွားရ၏။ 


ဝမ်ချီ ကျေးဇူးတင်စိတ်အား ခံစားလိုက်ရ၏။ ရေနစ်နေသူတစ်ဦးက သစ်သားစအား အသက်ရှင်သန်ရေးအတွက် ဆွဲထားသကဲ့သို့ သူက မည်သည့်စကားမှ မဆိုဘဲ ရှစ်ယဲ့၏ အဝတ်များကိုသာ ဆုပ်ကိုင်ထားလေသည်။ 


ရှစ်ယဲ့က မြေပြင်အား ခြေချောင်းများဖြင့် ခတ်လိုက်ရင်း အနောက်ဘက်သို့ ဝမ်ချီနှင့်အတူ လှည့်လိုက်သည်။ 


ဝမ်ချီက သူ့မျက်နှာကို ဖြတ်တိုက်သွားသည့် လေပြင်းများကြောင့် နာကျင်မှုအား ခံစားလိုက်ရ၏။ သူက ရှစ်ယဲ့၏ ရင်ခွင်ထဲသို့ ခိုဝင်ရင်း သူတို့ထံသို့ လျှပ်စီးအလျင်ဖြင့် ချဉ်းကပ်လာသည့် အရိပ်များအား ထိတ်လန့်စွာ ကြည့်နေမိ၏။ 


ရှစ်ယဲ့က ဝတ်ရုံစကို ဝေ့ယမ်းလိုက်သည်။ လိုက်လာသူများအနက် တစ်ဦးက မြေပေါ်သို့ ဘုတ်ကနဲ့ ပြုတ်ကျကာ သေဆုံးသွားခဲ့၏။ 


ထိုအရာကို တွေ့လိုက်သည့်တိုင် ဝတ်ရုံနက်များက တုန်လှုပ်မသွားခဲ့ကြချေ။ သူတို့က မီးလျှံသို့ တိုးဝင်လာသည့် ပိုးဖလံများသဖွယ် တစ်သုတ်ပြီးတစ်သုတ် ချီတက်လာ၏။ အလောင်းများမှာလည်း ပုံထပ်လာပြီး ပြင်းထန်သော သွေးနံ့က လေထုတစ်ခုလုံး ဖုံးလွှမ်းသွားခဲ့၏။ 


ဝမ်ချီက မြင်ကွင်းကို မှင်သက်စွာ စိုက်ကြည့်နေမိသည်။ သူက ရှစ်ယဲ့ မတ်တပ်ထလာသည်ကိုပင် သတိမထားမိခဲ့ပေ။ 


ခဏအကြာတွင် ခေါင်းကို လှည့်ကြည့်လိုက်သည့်အခါ ရှစ်ယဲ့က သူ့အား ကြည့်နေလေသည်။ 


ရှစ်ယဲ့က ဝမ်ချီထက် ခေါင်းတစ်လုံးသာသာ ပို၍ အရပ်ရှည်၏။ လမ်းကြားအတွင်း၌ ချိတ်ဆွဲထားသည့် မီးအိမ်များက အလင်းရောင်မှိန်မှိန်ကို ထုတ်လွှတ်လျှက်ရှိသည်။ ထိုအလင်းရောင်များက ရှစ်ယဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည့်အခါ ခပ်စောင်းစောင်း ဖြစ်သွားသည့် ရှစ်ယဲ့၏ အရိပ်က ဝမ်ချီ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်လျက်ရှိ၏။ 


ဝမ်ချီက ပြောလိုက်သည်။

“အရှင့်သား … အဆင်ပြေရဲ့လား …” 


ရှစ်ယဲ့က ဂရုမစိုက်ဟန်တစ်ဝက် မကျေနပ်ဟန်တစ်ဝက် ရောယှက်လျက် ခပ်ဖွဖွ ရယ်မောလိုက်သည်။

“သူတို့ ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး…” 


ဝမ်ချီက တစ်စုံတစ်ခုကို ပြောချင်မိခဲ့သည်။ သို့သော် မနီးမဝေးမှ မောကြီးပန်းကြီး ပြေးလာသည့် မိန်းမစိုးကျိုးအား တွေ့လိုက်ရ၏။ ဝတ်ရုံနက်များ ဝတ်ဆင်ထားသည့် လူဆယ်ဦးကျော်သည်လည်း မိုးရေစက်များကဲ့သို့ ကျဆင်းလာကာ အလောင်းများကို ရှင်းလင်းလိုက်ကြသည်။ 


တစ်ခဏအတွင်းမှာပင် ဝမ်ချီက အချို့အရာများကို ပုံဖော်နိုင်သွား၏။ သူက ရှစ်ယဲ့ကို မော့ကြည့်ရင်း တံတွေးမြိုချကာ မေးလိုက်သည်။

“အရှင့်သား … ကျွန်တော် အရှင့်သားရဲ့ အကြံအစည်ကို ဖျက်ဆီးမိခဲ့တာလား …” 


ရှစ်ယဲ့က ပြုံးလိုက်သည်။

“ဘယ်လိုထင်လဲ …”



💮💮💮