💮Chapter 32
ဝမ်ချီ တွေးလေလေ၊ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားမိလေလေပင်။
ရှစ်ယဲ့ ဈေးအတွင်းသို့ လှည့်ပတ်ကြည့်လိုခဲ့ခြင်းမှာ သာမန်မဟုတ်သည်သာမက ရှစ်ယဲ့၏ အိမ်ရှေ့မင်းသားဟူသော အဆင့်အတန်းကြောင့် နန်းတော်က ထွက်သည့်အခါ အစောင့်အကြပ်များ လိုက်ပါလာမည်ဖြစ်၏။ သူ့အား ကာကွယ်ပေးရန် သက်တော်စောင့်တစ်ဦးပင် မရှိသည်မှာ သဘာဝမကျချေ။
မိန်းမစိုးကျိုးက ရှစ်ယဲ့ကို ငါနဲ့ စိတ်ချလက်ချ လွှတ်လိုက်ပါ့မလား …
ရှစ်ယဲ့က စွမ်းအားမဲ့သူတစ်ဦး မဟုတ်ပေ။ သူ၏ ခြေထောက်များက အကောင်းပကတိဖြစ်ပြီး လူများကိုလည်း လက်ဗလာဖြင့် သတ်ဖြတ်နိုင်၏။ သူက မည်သည့်နည်းနှင့်မှ စဉ်းတုံးပေါ်ရှိ ငါးတစ်ကောင် မဖြစ်နိုင်ချေ။
အဆုံးသတ်တွင် ဝမ်ချီက အဖြေထုတ်နိုင်ခဲ့သည်။ ရှစ်ယဲ့က ထိုကိစ္စကို ကြိုတင်ခန့်မှန်းခဲ့ပြီးသား ဖြစ်၏။
ထိုသို့တွေးလိုက်သည့်အခါ ကိစ္စအတော်များများက အဓိပ္ပာယ်ရှိသွားခဲ့သည်။
ရှစ်ယဲ့ အစောင့်အကြပ်များကို မခေါ်ပဲ အပြင်ထွက်လာသည်မှာ အံ့အားသင့်စရာ မရှိတော့ပေ။ မိန်းမစိုးကျိုးက စိတ်ပူနေသော်လည်း သူနှင့်အတူ ရှစ်ယဲ့အား လွှတ်ပေးလိုက်သည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။ ရှစ်ယဲ့ထပ်ခါထပ်ခါ သူ့အား သွားခိုင်းခဲ့သည်မှာလည်း အံ့အားသင့်စရာ မရှိတော့ချေ။
သူသာ ပထမဆုံး ပြေးသွားခဲ့စဉ်က မမြင်နိုင်သော အားကြောင့် သက်ရောက်မခံခဲ့ရလျှင် ရှစ်ယဲ့၏ အကြံအစည်မှာ အောင်မြင်ခဲ့နိုင်၏။
ဒီတော့ …
ပြဿနာက ငါပေါ့ …
ဝမ်ချီ ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်သည်။
သူက ရုတ်တရက်ဆိုသလို ဝတ္ထု၏ဇာတ်ကြောင်းနှင့် ဝမ်လျန်၏စနစ်အပျက်အစီးအား စိတ်ပျက်လာ၏။
ဝမ်လျန် သူ့ဟာသူ ထိပ်ဆုံးရောက်သွားအောင် တွန်းတင်ပေးလိုက်လို့ မရဘူးလား … ဘာလို့ ငါ့လို အမြောက်စာလေးကို ရှက်အောင်လုပ်ရတာလဲ ..
ပို၍ စိတ်ဓာတ်ကျစရာ ကောင်းသည်မှာ သူက ထိုအရာများအား ပြောင်းလဲနိုင်စွမ်း မရှိချေ။
“ကျွန်တော်တောင်းပန်ပါတယ် … ကျွန်တော် မှားသွားပါတယ် …”
ဝမ်ချီ စိတ်ဓာတ်ကျစွာဖြင့် ခေါင်းငုံ့လိုက်သည်။
“ကျွန်တော် ဒီည အရှင့်သားရဲ့ အကြံအစည်ကို ကြိုသိခဲ့မယ်ဆိုရင် ဖျက်ဆီးဖို့ စဉ်းတောင်စဉ်းစားမှာ မဟုတ်ပါဘူး... ကျွန်တော် အရမ်းတုံးလွန်းလို့ ဒီအမှားကို လုပ်ခဲ့မိတာပါ…”
ရှစ်ယဲ့က သူ့အား မြေပေါ်သို့ ချပေးရင်း အေးစက်စက် ပြောလိုက်သည်။
“ကြည့်ရတာ မင်းကိုယ်မင်း တုံးမှန်းတော့ သိသေးတာပဲ…”
ဝမ်ချီက ခြေချောင်းလေးများအား ငုံ့ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများနှင့် နှာခေါင်းက ချဉ်စူးလာ၏။
သူက သေခြင်းတရားနှင့် နီးကပ်သော အတွေ့အကြုံ၊ ကံကြမ္မာအား ရင်ဆိုင်ရန် စွမ်းအားမဲ့နေခြင်းတို့အား တစ်ပြိုင်နက် ကြုံတွေ့ခဲ့ရသည်။ အဆိုပါ အဆိုးဘက်ရောက်သည့် ခံစားချက်များက သူ့နှလုံးသားကို လွှမ်းခြုံလာခဲ့၏။
ဝမ်ချီက မျက်တောင်ခတ်လိုက်ပြီး မျက်ရည်များက ရုတ်တရက် စီးကျလာ၏။
ထိုစဉ် လက်တစ်ဖက်က သူ့မေးဖျားကို လာရောက် ဆုပ်ကိုင်ခဲ့ပြီး လက်ချောင်းထိပ်များဖြင့် သူ့အား ခေါင်းမော့လာစေခဲ့၏။
ဝမ်ချီ၏ ဖျော့တော့သော ပါးပြင်နှစ်ဖက်ပေါ်တွင် မျက်ရည်စီးကြောင်းများ ရှိနေသည်။ သူ၏ နှင်းဆီရောင်နှုတ်ခမ်းများနှင့် မျက်ဝန်းများထက်တွင်လည်း မျက်ရည်စများ ရှိနေသေး၏။ သူက ဝမ်းနည်းသည့် အမူအရာကိုပင် ရုတ်သိမ်းချိန် မရလိုက်ချေ။ ရှစ်ယဲ့ကိုသာ ဤအတိုင်း ကြည့်နေမိခဲ့သည်။
ရှစ်ယဲ့က မျက်လွှာချကာ သူ့အား ငုံ့ကြည့်လိုက်သည်။ သူ၏ အမူအရာက အနည်းငယ်မျှပင် ပြောင်းလဲခြင်း မရှိဘဲ အခြားလက်တစ်ဖက်နှင့် ဝမ်ချီ၏ မျက်ဝန်းထောင့်ကို ပွတ်လိုက်သည်။
“ပန်ကုန်းမေးတာဖြေ …မင်းထွက်သွားပြီးခါမှ ဘာ့ကြောင့် ပြန်လာခဲ့တာလဲ …”
ရှစ်ယဲ့က မေးသည်။
ဝမ်ချီက ပြန်ဖြေလိုက်၏။
“ပြန်လာရမှာ မို့လို့ပါ …”
ရှစ်ယဲ့က အဖြေအား အလွန်သိချင်နေပုံရသည်။
“ဘာ့ကြောင့်လဲ …”
ဝမ်ချီအတွက် ဝတ္ထုနှင့် စနစ်အကြောင်း ထုတ်ပြောရန်မှာ မဖြစ်နိုင်ချေ။ သူက ခဏတာ တုံ့ဆိုင်းနေပြီး တရိုတသေ ပြန်ဖြေလိုက်၏။
“အရှင်က အိမ်ရှေ့စံမင်းသားပါ … တကယ်လို့ တစ်ခုခုသာ ဖြစ်သွားခဲ့ရင် ကျွန်တော်မျိုးလည်း အသက်ရှင်နိုင်မှာ မဟုတ်ပါဘူး … ကျွန်တော်မျိုးက သေသည်ဖြစ်စေ၊ အသက်ရှင်သည်ဖြစ်စေ၊ အရှင့်သားနဲ့အတူ ရှိနေရမှာပါ…”
ရှစ်ယဲ့၏ အမူအရာက မပြောင်းလဲသွားသော်လည်း သူနှင့် နီးကပ်နေသည့် ဝမ်ချီက ရှစ်ယဲ့၏မျက်ဝန်းများ ဖြည်းဖြည်းချင်း အေးစက်လာသည်ကို တွေ့နေရသည်။
“ဒီလိုလား …”
ရှစ်ယဲ့၏ နှုတ်ခမ်းထောင့်လေးများက အပြုံးဖျော့ဖျော့တစ်ခုကို လှစ်ဟလာ၏။ သို့သော် အဆိုပါ အပြုံးက ရန်လိုမှုများဖြင့် ပြည့်နှက်နေသည်။
“ငါမင်းကို ပေးခဲ့တဲ့ဆေးက အလုပ်ဖြစ်ပုံပဲ … မင်းက သေရမှာကြောက်တဲ့လူဆိုတော့ အံ့အားသင့်စရာ မရှိတော့ပါဘူး… မင်းက ပန်ကုန်းကို ကယ်ဖို့ အသက်စွန့်ပြီး ပြန်ပြေးလာခဲ့တာပဲ … ဟုတ်တယ် ပန်ကုန်းသာ သေသွားခဲ့ရင် မင်းလည်း ကြာကြာအသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး…”
ဝမ်ချီ “…”
သူက ရှစ်ယဲ့ တစ်စုံတစ်ခုအား နားလည်မှုလွဲသွားသည်ဟု ခံစားလိုက်ရသည်။ သို့သော် သူ ရှင်းပြချင်စိတ် မရှိချေ။
“ကံဆိုးချင်တော့ မင်းက ပန်ကုန်းကို ပြဿနာတွေပဲ ဖြစ်လာစေခဲ့တယ် …”
ရှစ်ယဲ့၏ စိတ်အခြေအနေမှာ ဆိုးဝါးနေသည်ဖြစ်ရာ အသံမှာလည်း ပို၍ အေးစက်လာသည်။
“မင်းကိုကယ်ဖို့မဟုတ်ရင် ပန်ကုန်းက သူတို့အားလုံးကို သတ်စရာလိုပါ့မလား …”
ဝမ်ချီ၏ မျက်နှာတစ်ခုလုံး ချွေးများဖြင့် ပြည့်နှက်သွားကာ အမြန် ခေါင်းငုံ့လိုက်၏။ သူက ရှစ်ယဲ့၏ မျက်ဝန်းများကို ထပ်မံ မကြည့်ရဲတော့ပေ။
“ကျွန်တော်မျိုး အမှားကို သိပါပြီ …”
ရှစ်ယဲ့က နှာခေါင်းရှုံ့လိုက်၏။ သူက ချင်းကုန်းကို အသုံးပြုကာ ပျံသန်းသွားခဲ့သည်။ ဖြူစင်သော ပုံရိပ်က နက်မှောင်သည့် ညအလယ်၌ မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွား၏။
ဝမ်ချီက ချင်းကုန်း အလုပ်လုပ်ပုံအား ပထမဆုံးအကြိမ် အနီးကပ်မြင်ဖူးခြင်း ဖြစ်သည်။
(ချင်းကုန်း - ကိုယ်ဖော့ပညာ )
“သခင်လေးဝမ်… ဒီအစေခံက သခင်လေးနားနေဖို့ စားသောက်ဆိုင်ကို ခေါ်သွားပေးပါ့မယ်…”
မိန်းမစိုးကျိုး၏ အသံက အေးစက်နေ၏။ သို့သော် သူက တလေးတစား ပြောလာခြင်း ဖြစ်သည်။
“နောက်ကျနေပါပြီ … တခြားလူတွေကို အနှောင့်အယှက် မပေးမိအောင် နန်းတော်ကိုပြန်ဖို့ အာရုံတက်ချိန်အထိ စောင့်ရပါလိမ့်မယ်…”
ဝမ်ချီက သဘောတူဟန် အသံပြုလိုက်၏။
စားသောက်ဆိုင်သို့ သွားရာလမ်းတွင် ဝမ်ချီက မိန်းမစိုးကျိုးအနောက်၌ ပင်ပန်းစွာ လိုက်ပါလာခဲ့၏။
သူ မူလက မည်သည့်နာကျင်မှုကိုမှ မခံစားခဲ့ရချေ။ ယခုအခါ သူ့ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေပြီး ဓားဖျားပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ ခံစားနေရ၏။
ဝမ်ချီက အံကြိတ်ကာ သည်းခံလိုက်သည်။ သူက ခေါင်းမော့ကာ မိန်းမစိုးကျိုး၏ ခိုင်မာသော ပုံရိပ်ကို ကြည့်လိုက်၏။
“မိန်းမစိုးကျိုး … အခုသေသွားတဲ့လူတွေက ဘယ်သူတွေလဲ …”
မိန်းမစိုးကျိုးက ပြောလိုက်သည်။
“ရန်သူတွေပါ …”
ဝမ်ချီက မေးသည်။
“ဘယ်ကရန်သူတွေလဲ ..”
“ဒီအစေခံလည်း သိချင်မိပါတယ် …”
မိန်းမစိုးကျိုးက ခြေလှမ်းကို နှေးချကာ ဝမ်ချီနှင့် ဘေးချင်းယှဉ်၍ လျှောက်လိုက်သည်။ ထို့နောက် ဝမ်ချီအား အဓိပ္ပာယ်ရှိရှိ ကြည့်လိုက်၏။
“အရှင့်သားက သူတို့ကို ရည်ရွယ်ချက်ရှိရှိ နောက်ယောင်ခံလိုက်စေခဲ့ပြီး ခေါင်းဆောင်ထွက်လာမယ့် အချိန်ကို အကွက်ချ စောင့်ဆိုင်းနေခဲ့တာပါ … ဒါပေမယ့် ချန်းယောင်ကျင်းက ရန်သူကို တပ်လှန့်လိုက်မိတော့ အကြံအစည်တစ်ခုလုံး ပျက်စီးသွားခဲ့ရပါလေရော…”
ဝမ်ချီ “…”
ငါက ချန်းယောင်ကျင်းပေါ့လေ ….
မိန်းမစိုးကျိုးက ဆက်ပြေသည်။
“ဒါပေမယ့် အရှင့်သားက သခင်လေးကို စောင့်ကြပ်ဖို့ အစောင့်နှစ်ယောက် ချထားခဲ့ပြီးသားပါ … ဘာလို့ အရှင့်သားကိုယ်တိုင် သူတို့ကို သတ်လိုက်ရသလဲဆိုတာ ဒီအစေခံ နားမလည်ပါဘူး …”
မိန်းမစိုးကျိုး၏ အသံက တဖြည်းဖြည်း တိမ်ဝင်သွားသည်။
အဆုံးသတ်တွင် မိန်းမစိုးကျိုးက ခေါင်းယမ်းလိုက်၏။ သူက အရှင့်သားက အကြံအစည်တစ်ခုလုံးကို ခံစားချက်အချို့အတွက်နှင့် အဘယ့်ကြောင့် လက်လျှော့လိုက်ခြင်းဖြစ်ကြောင်း နားမလည်နိုင်ခဲ့ပေ။ ထိုအရာက အရှင့်သား၏ ပုံမှန်အပြုအမူနှင့် ကွဲထွက်နေ၏။
မိန်းမစိုးကျိုး၏ စကားများကြောင့် ဝမ်ချီက အပြစ်ရှိစိတ်ဖြင့် ပြောလိုက်သည်။
“ကျွန်တော် မှားမှန်းသိပါတယ် …”
မိန်းမစိုးကျိုးက တိုက်တွန်းခဲ့သည်။
“နောက်တစ်ခါဆိုတာ ရှိလာခဲ့ရင် အရှင့်သား ပြောတဲ့အတိုင်းပဲလုပ်ပါ… အရှင့်သား ဘာပဲလုပ်လုပ် သူ့မှာ အကြောင်းရင်း ရှိပါတယ် …”
ဝမ်ချီက သဘောတူဟန် အသံပြုလိုက်သည်။ သူက ခဏတွေးလိုက်ပြီးနောက် အကြောင်းပြချက်တစ်ခုအား ရှာတွေ့သွား၏။
“ကျွန်တော်က ဒီအတိုင်း အရှင့်သားကို မထားခဲ့နိုင်ရုံပါ…”
“အမှန်ပဲလား …”
မိန်းမစိုးကျိုးက အေးစက်စက် ပြန်ပြော၏။
“သခင်လေးဝမ် ဈေးထဲမှာ ထွက်ပြေးသွားတုန်းက အရမ်းမြန်မှန်း ကျွန်တော့်မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တာပါ … သခင်လေးက အနောက်ကို တစ်ချက်တောင် လှည့်မကြည့်ခဲ့ပါဘူး …”
ဝမ်ချီ “…”
အကယ်၍ မိန်းမစိုးကျိုး အမှောင်ထဲမှ စိုက်ကြည့်နေခဲ့ကြောင်း သူသိခဲ့လျှင် တိုက်တန်းနစ်ပုံစံ နှုတ်ဆက်ပွဲတစ်ခုအား သရုပ်ဆောင်ခဲ့မိမည်ပင်။
စားသောက်ဆိုင်သို့ ပြန်ရောက်ချိန်တွင် ဆိုင်ရှင်က ဝမ်ချီ၏ ညစ်ပေနေသည့် ပုံစံကြောင့် ထိတ်လန့်မသွားခဲ့ပေ။ သူက ဝမ်ချီအား နွေးထွေးစွာ ပြန်လည်ကြိုဆိုခဲ့ပြီး စားပွဲထိုးတစ်ဦးကို ချိုးရေပြင်ဆင်ပေးခိုင်းခဲ့၏။ အဝတ်အစားအသစ်များကိုလည်း ပြင်ဆင်ပေးခဲ့သည်။
ဝမ်ချီ၏ အဝတ်များက ချွေးများဖြင့် ရွှဲနစ်နေ၏။ သူက မြေကြီးပေါ်သို့ လဲကျခဲ့ခြင်းဖြစ်ရာ ဖုန်မှုန့်များဖြင့်လည်း ပေကျံနေသည်။ သူကိုယ်တိုင်ပင် သူ့ထံမှ ထူးဆန်းသော အနံ့တစ်ခုအား ခံစားနေမိ၏။
ရှစ်ယဲ့ သူ့အား မည်သည့်စိတ်ဖြင့် အချိန်အတော်ကြာ ပွေ့ချီကာ ပြေးလွှားခဲ့ခြင်းဖြစ်ကြောင်း သူ နားမလည်နိုင်ချေ။
ဝမ်ချီက သူ့အဝတ်များကို ချွတ်ချလိုက်သည်။ သူ့ ဒူးခေါင်းနှစ်ဖက်လုံးက နီရဲကာ ယောင်ယမ်းနေပြီး သူထိလိုက်တိုင်း နာကျင်လာကာ သွေးများမှာလည်း မတိတ်သေးချေ။
သူ့ခါးမှာလည်း ပြင်းပြင်းထန်ထန် ထိခိုက်ထား၏။ သူက ကိုယ်ကို လှည့်လိုက်တိုင်း နာကျင်လှသဖြင့် လေအေးများကိုပင် ရှိုက်သွင်းနေရသည်။
ဝမ်ချီက ရေချိုးရန် မဝံ့ရဲချေ။ သူက ရေပတ်သာ တိုက်လိုက်ပြီး အိပ်ရာထက်၌ အမြန်လှဲလိုက်၏။
သူက စားပွဲထိုးအား ဆေးအရက်နှင့် ပတ်တီးလိပ်များ ယူဆောင်ပေးစေချင်ခဲ့သည်။ သို့သော် အိပ်ရာထက်တွင် လှဲပြီးသည့်နောက် ပြန်ထရန် ခက်ခဲသွားခဲ့၏။ သူ့ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ဆွဲဖြဲခံရသည့်အလား နာကျင်နေခဲ့သည်။
နာလိုက်တာ …
သူက နာကျင်မှုကိုသာ ခံစားနေရ၏။
အဆိုပါ နာကျင်မှုက သူ့အား ချွေးပြိုက်ပြိုက် ကျလာစေခဲ့သည်။ သူက ခြုံစောင်နှင့် သူ့ကိုယ်သူ ဖက်ထုပ်တစ်ခုနှယ် ရစ်ပတ်လိုက်၏။ ထိုမျှသေးငယ်သော လှုပ်ရှားမှုကလေးကပင် သူ့အား သတိလစ်လုနီးပါး ဖြစ်စေခဲ့သည်။
သူ မည်မျှကြာသည်အထိ အိပ်ပျော်သွားခဲ့သည်မသိပေ။ သို့သော် သတိဝင်လာချိန်၌ တစ်စုံတစ်ဦး သူ့အခန်းအတွင်းသို့ ဝင်လာသည်ကို ခံစားမိလိုက်၏။ ထိုသူက သူ့အိပ်ရာထံသို့ ဦးတည်လာခဲ့သည်။
ထိုလူက သူ့အိပ်ရာနံဘေးတွင် ထိုင်ချလိုက်ကာ သူ့အား စိုက်ကြည့်နေ၏။
ဝမ်ချီက မျက်လုံးဖွင့်မကြည့်ရဲသော်လည်း ပြင်းထန်သည့် အကြည့်က သူ့ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးများ ထလာစေခဲ့သည်။
ထိုလူ၏ မျက်လုံးများက သူ့ခန္ဓာကိုယ်ပေါ်သို့ ဖြတ်ပြေးသွား၏။ ခဏအကြာ၌ လက်တစ်ဖက်က သူ၏ ပါးပြင်အား ထိကပ်လာခဲ့သည်။ အဆိုပါ ရင်းနှီးနေသည့် အေးစက်စက် အထိအတွေ့က သူ၏ အာရုံခံစားမှုများတစ်လျှောက် ပျံ့နှံ့သွားခဲ့၏။
ထိုသူမှာ ရှစ်ယဲ့ပင်။
ဝမ်ချီ အံ့အားသင့်သွားရသည်။ ရှစ်ယဲ့၏ လက်များသာလျှင် ထိုမျှအေးစက်နိုင်ပြီး ရှစ်ယဲ့တစ်ဦးထဲသာလျှင် သူ့မျက်နှာအား ပိုင်စိုးပိုင်နီး ထိတွေ့ရသည်ကို နှစ်ခြိုက်ခြင်း ဖြစ်၏။
သူ ထိုသို့ တွေးနေစဉ်မှာပင် ရှစ်ယဲ့၏ လက်ချောင်းထိပ်က သူ့ပါးစပ်နား၌ ရပ်တန့်သွားသည်။
ဝမ်ချီက နားမလည်နိုင် ဖြစ်သွားရသည်။ ရှစ်ယဲ့ ညသန်းခေါင်တွင် သူ့အခန်းသို့ ရောက်လာရခြင်းမှာ သူ၏ ဆွဲဆောင်မှုကြောင့် ဖြစ်သည်ဟု သူ မထင်ချေ။
နောက်တစ်စက္ကန့်မှာပင် ရှစ်ယဲ့က သူ၏ မေးဖျားကိုဖျစ်ညှစ်ကာ ပါးစပ်အား အတင်းဖွင့်စေလိုက်သည်။ ထို့နောက် သူ၏ လက်ချောင်းထိပ်အား သူ့ပါးစပ်ထဲသို့ ထည့်လိုက်၏။
ဝမ်ချီ “…”
သူ မျက်လုံးဖွင့်ကြည့်မည့် အချိန်မှာပင် ရှစ်ယဲ့၏ လက်ချောင်းထိပ်က သူ့သွားများအနက် တစ်ခုအား ဖိကပ်လိုက်၏။
သွေးနံ့ပြင်းပြင်းက သူ့ပါးစပ်ထဲတွင် ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။
အိပ်ချင်ယောင်ဆောင်နေသည့် ဝမ်ချီက ထပ်မံ၍ ဟန်မဆောင်နိုင်တော့ချေ။ သူက မျက်လုံးဖွင့်ကာ နာကျင်မှုကို လျစ်လျူရှုလျက် အားတင်း၍ ထထိုင်လိုက်၏။
သို့သော် ရှစ်ယဲ့က ထိုအရာအတွက် ပြင်ဆင်ထားပြီး ဖြစ်ပုံရသည်။ သူက ဝမ်ချီ၏ ပခုံးနှစ်ဖက်ကို ထိကာ အိပ်ရာနှင့် ဖိကပ်ထားလိုက်၏။
ဝမ်ချီက ရှစ်ယဲ့သူ့အား မည်သို့ပြုလုပ်စေချင်မှန်း မသိတော့။ သူ၏ စိတ်အစဉ်မှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွား၏။ သူအလွန်တုန်လှုပ်နေပြီး ရှစ်ယဲ့၏ လက်ချောင်းကို ပြန်ထုတ်ကာ ပြောလိုက်သည်။
“အရှင့်သား … အသက်ကို ချမ်းသာပေးပါ … ကျွန်တော်မျိုး မှားမှန်းသိပါပြီ… ကျွန်တော်မျိုး တကယ့်ကို မှားမှန်းသိပါပြီ… ဝူးဝူးဝူး …”
သူက ပြောပြီးသည်နှင့် စိတ်ဓာတ်ကျစွာ ငိုကြွေးတော့သည်။
သူက ကံဆိုးလှ၏။ သူ ပြန်လှည့်ချင်၍ လှည့်ပြေးလာခဲ့ခြင်း မဟုတ်ပေ။ သူ့အား စနစ်အစုတ်အပြတ်က တွန်းအားပေးခဲ့ခြင်းဖြစ်၏။ ယခုအခါ အပြစ်အားလုံးက သူ့ခေါင်းပေါ် ကျလာခဲ့ရသည်။
အားလုံးက အဲဒီ စနစ်အစုတ်အပြတ်ရဲ့ အပြစ်ပဲ …
ဝမ်ချီက အလွန်ကြောက်ရွံ့နေသဖြင့် ငိုချင်စိတ်ကိုပင် မထိန်းချုပ်နိုင်တော့ပေ။ သူက ပါးစပ်ထဲရှိ လက်ချောင်းကို ကိုင်ထားရင်း တစ္ဆေတစ်ကောင်နှယ် ညည်းညူနေခဲ့သည်။
အဆုံးသတ်တွင် ရှစ်ယဲ့ပင် သူ၏ ငိုသံကြောင့် ခေါင်းကိုက်လာရကာ အေးစက်စက် ဆိုလာ၏။
“ပန်ကုန်း မင်းကို အပြစ်မတင်ပါဘူး … ဘာလို့ငိုနေရတာလဲ …”
ဝမ်ချီက ငိုရင်းပြော၏။
“ဝမ်းနည်းလို့ …”
ရှစ်ယဲ့ ဆက်လက်သည်းမခံနိုင်တော့ပေ။
“ပါးစပ်ပိတ်ထား …”
အသက်ရှင်သန်လိုစိတ်က ဝမ်ချီ၏ ငိုသံကို ရုတ်ချည်း တိတ်ကျသွားစေခဲ့သည်။ သူ့ပါးစပ်ကို ပိတ်ထားရန် အကောင်းဆုံး ကြိုးစားရင်း ရှစ်ယဲ့၏ မီးခိုးရောင်ပုံရိပ်အား ကြည့်လိုက်သည်။ သူ၏ ဗာဒံစေ့သဏ္ဌာန် မျက်ဝန်းများတွင် မျက်ရည်များ ရစ်သိုင်းလျက်ရှိ၏။
အခန်းတစ်ခုလုံး မှောင်မိုက်နေကာ ပြတင်းပေါက်မှ ကျဆင်းလာသည့် လရောင်ဖျော့ဖျော့သာ ရှိ၏။ အခန်းအတွင်းရှိ အရာဝတ္ထုများကို ခပ်ရေးရေးသာ တွေ့မြင်ရလေသည်။
သို့သော် ရှစ်ယဲ့၏ အမြင်မှာ အလွန်ကောင်းမွန်လှပြီး ဝမ်ချီ ပါးစပ်ထဲလက်ထည့်ကာ ပုံဆိုးပန်းဆိုး ငိုကြွေးနေခြင်းကို မြင်တွေ့နိုင်ခဲ့သည်။ ထို့အပြင် ဝမ်ချီ အသံတစ်သံမှ မထွက်တော့သည့်တိုင် မျက်ရည်ဥကြီးများက သူ့မျက်ဝန်းနှစ်ဖက်မှ တလိမ့်လိမ့် ကျဆင်းလျက်ရှိဆဲပင်။
ရှစ်ယဲ့က ဝမ်ချီ၏ မျက်ရည်များအား သုတ်ပေးချင်စိတ်ကို ချိုးနှိမ်လိုက်ပြီး အမိန့်ပေးလိုက်၏။
“ငါ့သွေးကို သောက်လိုက် …”
ဝမ်ချီက ရှစ်ယဲ့၏ အမိန့်ကို မလိုက်နာဘဲ မနေဝံ့ချေ။ သူက သွေးအားလုံးကို အားတင်း၍ မျိုချလိုက်၏။
ရုတ်တရက်ဆိုသလို ဝမ်ချီ၏ ခန္ဓာကိုယ်ရှိ နာကျင်မှုများက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ ဒူးအထက်ရှိ ဒဏ်ရာမှာလည်း မျက်စိဖြင့် မြင်နိုင်သည့် အမြန်နှုန်းဖြင့် ကောင်းမွန်လာခဲ့၏။
ဘုရားရေ …
ဝမ်ချီက မည်သည့်စကားမှ မဆိုနိုင်အောင် ထိတ်လန့်သွားရသည်။
ဘာတွေဖြစ်နေတာလဲ …
ရှစ်ယဲ့ရဲ့သွေးက …
ရုတ်တရက်ဆိုသလို ဝမ်ချီက မင်းသမီးကြီး ရှစ်ယဲ့အား ပြောခဲ့သည့် စကားကို အမှတ်ရလိုက်သည်။ မင်းသမီးကြီးသက ရှစ်ယဲ့၏ မျက်နှာနှင့်ခြေထောက်များ ပြန်မကောင်းမည်ကို စိုးရိမ်စွာဖြင့် ရှစ်ယဲ့အား သမားတော်နှင့် ပြစေလိုခြင်းဖြစ်သည်ဟု သူတွေးခဲ့မိ၏။
သို့သော် ယခုအခါ မင်းသမီးကြီးက ရှစ်ယဲ့၏ ဤအစွမ်းကို ရည်ညွှန်းခဲ့ခြင်းသာ ဖြစ်တော့သည်။
💮💮💮