Chapter 33
Viewers 11k

💮Chapter 33



ဝမ်မိသားစု၏ မတော်တဆမှုပြီးသည့်အချိန်မှစ၍ ဝမ်လျန်က အပြင်မထွက်တော့ပေ။


သူက မည်သည့်ကိစ္စများ ဖြစ်ပျက်သွားခဲ့ကြောင်း အတိအကျမသိချေ။ မိခင်နှင့် အစေခံများမှတဆင့် ဝမ်ချီက မင်းကြီးအား ဝမ်မိသားစုအကြောင်း ဝန်ခံလိုက်သည် ဟူ၍သာ သိခဲ့ရ၏။ ထို့ကြောင့် သူ့ဖခင် ဝမ်ချန်ချင်း၏ ရာထူးသည်လည်း တတိယအဆင့်မှ ဆဌမအဆင့်သို့ လျှောကျသွားခဲ့သည်။ သူ၏ အပေါင်းအသင်းများအကြားတွင်လည်း သူ၏အတင်းအဖျင်းများ ပျံ့နှံ့နေပြီး ကဲ့ရဲ့ပြစ်တင်မှုများကိုလည်း များစွာခံစားခဲ့ရ၏။ 


ဝမ်ချန်ချင်း၏ အခြေအနေမှာလည်း ယခင်ကကဲ့သို့ မလွယ်ကူတော့ချေ။ သူက သာသနာရေးဝန်ကြီးဌာနမှ ပြန်လည်သုံးသပ်ခြင်းဌာနသို့ ပြောင်းရွှေ့ခံခဲ့ရသည်။ ထိုနေရာရှိ လူများသည်လည်း သည်းမခံနိုင်စရာ ကိစ္စများစွာကို ပြုလုပ်ခဲ့ကြ၏။ ထိုမျှမကသေး၊ စတုတ္ထမင်းသား ရှစ်ကျင်းနှင့် မနီးစပ်သူတိုင်းကို အားလုံးက ရန်သူသဖွယ် ဆက်ဆံကြသည်။ ဝမ်ချန်ချင်းသည်လည်း ကြားနေသည့် လူတစ်ဦး ဖြစ်၏။ 


ထို့ကြောင့် ဝမ်ချန်ချင်း ရုံးသို့ ရောက်ချိန်တွင် ထိုသူများက သူ့အား အခက်အခဲ ကျရောက်စေရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ကြလေသည်။ သူ့ထက်ငယ်သည့် လူများကပင် အာဏာပြချင်လာကြ၏။ 


တစ်ခါတစ်ရံ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရခြင်းသက ကာယနှင့်ဆိုင်သည့် ပြစ်ဒဏ်ထက် ပိုမိုပြင်းထန်သည်။ ဝမ်ချန်ချင်းက လက်ရှိရာထူးတွင် ငါးရက်ခြောက်ရက်ပင် တောင့်မခံနိုင်ခဲ့ချေ။ သူက နှုတ်ထွက်ကာ ဇနီးသည်၊ ကိုယ်လုပ်တော်များနှင့် ကလေးများကိုခေါ်၍ နယ်ဘက်တစ်နေရာ၌ အချိန်တစ်ခုကြာ ရှောင်နေရန်ပင် တွေးမိခဲ့သည်။ 


သို့သော် သူ့အား ပို၍ စိတ်ဓာတ်ကျစေသည့် အချက်မှာ သခင်ရင်းထံသို့ မကြာခဏ သွားရောက်ခဲ့သော်လည်း သခင်ရင်းက ထပ်ခါထပ်ခါ နှင်ထုတ်ခဲ့၍ ဖြစ်၏။ 


ဤသို့ဖြင့် တစ်နေ့၌ သူက နန်းတော်အပြင်ဘက်တွင် ထိုင်ကာ ညီလာခံမှ ပြန်လာမည့် သခင်ရင်းအား စောင့်ဆိုင်းနေခဲ့သည်။ သို့သော် သူ့ကိုမြင်လိုက်သည်နှင့် သခင်ရင်း၏ အမူအရာ ပျက်ယွင်းသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့။ 


ဝမ်ချန်ချင်းက သခင်ရင်းအား အကြောင်းရင်းကို မေးမြန်းလိုခဲ့သည်။ 


သခင်ရင်းက ဝမ်ချန်ချင်းအား မုန်းတီးမှု၊ ဒေါသတို့ဖြင့် ကြည့်လိုက်သည်။ သူက တစ်စုံတစ်ရာကို ပြောပြလိုခဲ့၏။ 

“မင်း ဘာလုပ်ခဲ့သလဲ သိပြီလား …”


ထိုအရာကို တွေ့သည်နှင့် ဝမ်ချန်ချင်းက သခင်ရင်း၏ နားထဲသို့ အကြောင်းအရာအားလုံး ရောက်ရှိသွားပြီဖြစ်ကြောင်း နားလည်လိုက်သည်။ သူ့မျက်နှာက ရှက်ရွံ့မှုဖြင့် ပြည့်နှက်သွားပြီး စိုးရိမ်တကြီး ပြောလိုက်သည်။ 

“သခင်ရင်း … ကျွန်တော် မှားပါတယ် .. အရှင့်သားက ရက်စက်မှန်း တစ်ယောက်ယောက်က ကျွန်တော့်ကို မပြောခဲ့ဘူးဆိုရင် …” 


“မင်းဘာပဲကြားခဲ့ကြားခဲ့ အိမ်ရှေ့မင်းသားက တော်ဝင်မျိုးနွယ် ဖြစ်နေတုန်းပဲ … မင်းရောငါရော နှိုင်းယှဉ်လို့ရတဲ့လူ မဟုတ်ဘူး …” 

သခင်ရင်းသက်ပြင်းချလိုက်သည်။

“ဘုရင်ကို လှည့်စားရင် ခေါင်းဖြတ်ပြီး ကွပ်မျက်ခံရမှာ … မင်းရဲ့ ဒုတိယသားကသာ ဝမ်မိသားစုအတွက် အသနားခံမပေးခဲ့ရင် မင်း ခေါင်းနဲ့ကိုယ် အိုးစားကွဲနေလောက်ပြီ … မင်း ဒီလိုမျိုးတောင် လုပ်ရဲမှတော့ အနာဂတ်မှာလည်း ဖြစ်လာသမျှ ကိုယ်တိုင်ရင်ဆိုင်သင့်တယ်…”


ထိုသို့ ပြောပြီးသည်နှင့် သခင်ရင်းက လက်ကိုခါလျက် ထွက်ခွာသွားခဲ့သည်။ 


“သခင်ရင်း … ကျွန်တော် မှားမှန်းသိပါပြီ …”

ဝမ်ချန်ချင်းက ဒူးထောက်လိုက်သည်။ သူ့မျက်နှာထက်တွင် နောင်တမျက်ရည်များ စီးကျလာ၏။

“သခင်ရင်း … ကျွန်တော်တို့ရဲ့ အတိတ်က ခင်မင်မှုကိုထောက်ပြီး မင်းကြီးရှေ့မှာ ကျွန်တော့်အတွက် စကားကောင်းလေး ပြောပေးနိုင်မလား … ကျွန်တော် သခင်ရင်းကို တောင်းဆိုပါတယ် …” 


သခင်ရင်းက ဝမ်ချန်ချင်း၏ အသံအား မကြားသယောင်ပြုကာ လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။ 


ဝမ်ချန်ချင်းက အိမ်တော်သို့ စိတ်ပျက်လက်ပျက် ပြန်လာခဲ့၏။ သခင်မရှုက သူ့အား ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ပုံရသည်။ သူမက သူ့ကို အမြန်နှုတ်ဆက်လိုက်၏။

“သခင်ကြီး … သခင်ရင်း ဘာများ ပြောခဲ့သလဲ … သူက ကျွန်မတို့ကို ကူညီပေးမယ်တဲ့လား …” 


ဝမ်ချန်ချင်း၏ မျက်နှာက တောင့်တင်းသွား၏။ သူက သခင်မရှု၏ စိတ်ပူနေသော မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီးနောက် မနှစ်မြို့ဖွယ် တစ်စုံတစ်ခုအား အမှတ်ရသွား၏။ 


တကယ်လို့ သခင်မရှုသာ သူ့ကို မတိုက်တွန်းခဲ့ရင် သူက ဝမ်ချီကို ဝမ်လျန်အစား နန်းတော်ထဲ ဝင်ခိုင်းမယ်တဲ့လား… 


ယခုအခါ အိမ်ရှေ့စံမင်းသား၏နောက်ခံ ဟွားမိသားစုက အာဏာအပြည့်ရှိရာ မင်းကြီးကိုယ်တိုင်ပင် အိမ်ရှေ့စံအား မျက်နှာသာပေးရ၏။ အိမ်ရှေ့စံက မသန်စွမ်း ဖြစ်နေသော်ငြား အခြားမင်းသားများထက် ပို၍သာလွန်သည်။ ဝမ်လျန် အိမ်ရှေ့စံအား လက်ထပ်လိုက်သည့်တိုင် သူတို့ရှုံးနိမ့်မည် မဟုတ်ပေ။ အကယ်၍ ဝမ်လျန်သာ ဝမ်ချီအတိုင်း အိမ်ရှေ့စံ၏ နှစ်သက်မှုကို အရယူနိုင်ခဲ့ပါက သူတို့မိသားစုသည်လည်း ကောင်းကင်ဘုံသို့ တက်ရသော ကြက်ဖနှင့်ခွေးများသဖွယ် ဖြစ်သွားပေလိမ့်မည်။ 


အားလုံးက သခင်မရှုရဲ့ အမှားတွေပဲ … 


စာမတတ်တဲ့ မိန်းမကများ ငါ့ကို အကြံဉာဏ်ပေးပြီး ငါ့စိတ်ကို လှည့်ဖြားဝံ့သေးတယ် … အခုတော့ အိမ်ရှေ့စံနဲ့ နီးစပ်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရတဲ့အပြင် ဒီလိုကပ်ဘေးမျိုးကိုတောင် သင့်စေခဲ့သေးတယ် …


ဝမ်ချန်ချင်းက တွေးလေလေ ဒေါသထွက်လေလေပင်။ သူက လက်မြှောက်ကာ သခင်မရှု၏မျက်နှာအား ရိုက်ချလိုက်၏။ 


ရိုက်ချက်မှာ အလွန်တရာ ပြင်းထန်လှသည်။ 


သခင်မရှု၏ မျက်နှာက လည်ထွက်သွား၏။ သူမက ပါးပြင်ကို အုပ်ကိုင်လျက် ဝမ်ချန်ချင်းအား မယုံနိုင်စွာ ကြည့်လိုက်သည်။ သူမ၏ ပါးစပ်ထောင့်နားမှ သွေးများ စီးကျလာ၏။ 


ဝမ်ချန်ချင်းက ဒေါသတကြီးဖြစ်နေရာ လက်ကိုမြှောက်လျက် တံခါးထံ ညွှန်ပြလိုက်သည်။

“ဒီကထွက်သွားစမ်း… အခုကစပြီး ငါ့ရှေ့မှာ မပေါ်လာစေနဲ့…” 


သခင်မရှု၏ ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျလာ၏။ 

“သခင်ကြီး …” 


ဝမ်ချန်ချင်းက အော်ငေါက်လိုက်သည်။

”သွားစမ်း …” 


သခင်မရှုက မျက်ရည်စက်လက်နှင့် စာကြည့်ခန်း အပြင်ဘက်သို့ ပြေးထွက်သွားတော့သည်။ 


ဝမ်ချန်ချင်းက သခင်မရှုနှင့် အစေခံများအပေါ် ဒေါသပုံချနိုင်သော်လည်း နောက်တစ်နေ့တွင် သူက နန်းတော်သို့သွားကာ လုပ်ဖော်ကိုင်ဖက်များ၏ လှောင်ပြောင်ခြင်း ခံရစမြဲပင်။ ဝမ်ချန်ချင်းက အပြင်ပိုင်းတွင် စိတ်ရှည်နေပုံရသော်လည်း စိတ်ထဲ၌မူ ဒေါသထွက်ရလွန်း၍ မေ့လဲမတတ် ဖြစ်နေ၏။ 


ဤနည်းအားဖြင့် ဝမ်အိမ်တစ်ခုလုံးတွင် ဖိအားက အမြဲရှိနေပြီး အားလုံးသည်လည်း ပြဿနာရှာမိမည်ကို ကြောက်ရွံ့နေကြ၏။ 


သခင်မရှုပင် မျက်ရည်များနှင့် နေ့တိုင်း မျက်နှာသစ်နေရသည်။ သူမက ဝမ်ချန်ချင်းအား သူမအပေါ် အပြစ်ပုံချခြင်းအတွက် အခဲမကျေ ဖြစ်နေပြီး ဝမ်ချီကိုလည်း ဝမ်မိသားစုအား လွတ်လမ်းတစ်ခုပင် မပေးခဲ့သဖြင့် အခဲမကျေဖြစ်နေ၏။ ယခုအခါ အဆိုပါ မျက်လုံးဖြူဝံပုလွေက အိမ်ရှေ့စံအား ကပ်ဖားရပ်ဖား လုပ်နေချေပြီ။ စာငှက်က သစ်ကိုင်းရွေးမှန်သဖြင့် ဇာမဏီတစ်ကောင် ဖြစ်သွားခဲ့သော်လည်း သူ့အား ပျိုးထောင်ပေးခဲ့သည့် ဝမ်မိသားစုကိုမူ ချမ်းသာမပေးခဲ့ပေ။


သို့သော် သခင်မရှုက ထိုအကြောင်းများကို ဝမ်လျန်အား မပြောပြဝံ့ချေ။ 


ဝမ်လျန်က သူမ၏ တစ်ဦးတည်းသောသားဖြစ်ပြီး သူမအချစ်ဆုံး ဖြစ်သည်။ အနာဂတ်တွင် သူက မြို့တော်ရှိ အလားအလာအရှိဆုံး၊ အရည်အချင်းအရှိဆုံးလူနှင့် လက်ထပ်မည်ဖြစ်၏။ ဤကဲ့သို့ ကိစ္စရပ်များအား ဝမ်လျန် အာရုံစိုက်နေရမည်ကို သူမ မလိုချင်ခဲ့ချေ။ 


သခင်မရှု၏ အမိန့်ကြောင့် ဝမ်အိမ်ရှိ အစေခံများသည်လည်း ဝမ်လျန်အား ထိုကိစ္စများကို ပြောမပြဝံ့ကြပေ။


ဝမ်လျန်က ကောလဟာလများကို ကြားသိခဲ့သော်လည်း ထိုသတင်းများအား စိတ်ထဲမထားပဲ တသီးတသန့်သာ နေထိုင်ခဲ့သည်။ သူ၏ကစားဖော်များက သူ့အား လာမတွေ့ကြမှသာ ထိုသတင်းများအား အာရုံစိုက်မိခဲ့၏။ 


ဝမ်လျန်က နဂါးလှေပွဲတော်သို့ ရောက်သည်အထိ စောင့်ဆိုင်းပြီးရင်း စောင့်ဆိုင်းခဲ့သည်။ 


ယခင်ကစားဖက်များက အပြင်ဘက်ရှိ ဈေးအတွင်း၌ ကစားနေသည်ဟူ၍ သူကြားခဲ့၏။ ထို့ကြောင့် အိမ်ထဲမှ ခိုးထွက်ကာ ထိုကစားဖက်များအား သွားရောက် တွေ့ဆုံခဲ့သည်။ 


သို့သော် သူ၏ကစားဖော်များက သူ့အား တွေ့လိုက်သည်နှင့် မျက်နှာများ ပျက်ယွင်းသွားကာ ဈေး၏ထောင့်တစ်နေရာသို့ ဆွဲခေါ်၍ အပြစ်တင်ခဲ့ကြမည်ဟု ဝမ်လျန် မမျှော်လင့်ထားခဲ့ပေ။


“မင်းရဲ့အဖေက သိပ်ကို ရွံဖို့ကောင်းတာပဲ … သူက သားအရင်းကိုတောင် အကွက်ဆင်ခဲ့တယ် …” 


“ငါ့အဖေက ဝမ်မိသားစုကို မသွားဖို့ပြောထားတယ်… မဟုတ်ရင် ငါလည်း အကွက်ဆင်ခံရလိမ့်မယ်တဲ့ …” 


“ဝမ်လျန် … မင်းအဖေက မင်းအစား မင်းရဲ့ညီကိုထည့်လိုက်မှန်း မင်းသေချာပေါက် သိထားမှာပဲ … ဒါတောင် မင်းက ဘာမှမဖြစ်ခဲ့သလိုမျိုး ငါတို့နဲ့ စားလိုက်သောက်လိုက် နေခဲ့သေးတယ် … မင်းနှလုံးသားက ရက်စက်လိုက်တာ…” 


ကစားဖော်များ၏ ပြင်းထန်သော စကားများက ဝမ်လျန်၏ နှလုံးသားကို အပ်ဖြင့် ထိုးစိုက်နေသကဲ့သို့ ရှိ၏။


ဝမ်လျန်က မည်သည့် ငြင်းဆန်မှုကိုမှ မပြုလုပ်နိုင်ခဲ့၍ မျက်ရည်များသာ ဆက်တိုက် ကျဆင်းလာခဲ့ရသည်။ 


အဆုံးသတ်တွင် ဝမ်လျန်က သူထိုနေရာမှ မည်သို့ထွက်ခွာလာခဲ့မှန်းပင် မသိခဲ့ဘဲ အိမ်တော်သို့ သတိလက်လွတ်ဖြင့် ပြန်ရောက်လာခဲ့၏။ 


သူပြန်အလာကို စောင့်နေခဲ့သည့် အစေခံနှစ်ဦးက ခြံဝန်းအရှေ့တွင် ခေါင်းပြူ၍ ကြည့်နေကြသည်။ သူတို့က သူ့ကိုမြင်လိုက်သည်နှင့် အပြေးလာကြိုကြ၏။


“သခင်လေး … ပြန်လာပြီပဲ …” 


“သခင်လေး … စားခဲ့ပြီးပြီလား …” 


ဝမ်လျန် ပါးစပ်ဟလိုက်သော်လည်း အသံတစ်သံမှ မထွက်နိုင်ခဲ့ပေ။ သူ့ပါးစပ်တစ်ခုလုံးတွင် မျက်ရည်၏ ခါးသက်သက် အရသာများသာ ပြည့်နှက်နေခဲ့သည်။ 


သူက ခေါင်းယမ်းလိုက်ရင်း အရှေ့သို့ ဆက်လျှောက်လိုက်၏။ 


အစေခံနှစ်ဦးက ဝမ်လျန် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားကြသည်။ သူတို့က သူ့အား ဝန်းရံလိုက်ကြ၏။ 


“သခင်လေး … ဘာများဖြစ်လို့လဲ …” 


“သခင်လေး … တစ်ခုခု ဖြစ်လို့လား …” 


အစေခံနှစ်ဦး မည်မျှမေးမြန်းသည်ဖြစ်စေ၊ ဝမ်လျန်က တိတ်ဆိတ်၍သာ နေခဲ့သည်။ 


အခန်းအတွင်းသို့ ဝင်ရောက်ချိန်မှသာ ဝမ်လျန်၏ မျက်နှာထက်ရှိ မျက်ရည်စများနှင့် ကုတ်ခြစ်ရာများကို အစေခံနှစ်ဦး တွေ့လိုက်ရ၏။ 


သူတို့က အလွန်ထိတ်လန့်သွားကြပြီး ဆေးအရက်နှင့် ပတ်တီးများကို အလျင်အမြန် ပြင်ဆင်လိုက်ကြသည်။ 


ဝမ်လျန်က သူ မည်သို့ဖြစ်ခဲ့မှန်းပင် မသိခဲ့ပေ။ သူက တစ်စုံတစ်ခုဖြင့် ထိမှန်ခဲ့ကာ မရေမတွက်နိုင်အောင် လဲကျခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ကုတ်ခြစ်ရာများ၊ အညိုအမဲများဖြင့် ပြည့်နှက်နေ၏။ အစေခံနှစ်ဦးက ဒဏ်ရာရနေရာများအား အချိန်အတော်ကြာ သန့်စင်ပေးခဲ့ရသည်။


လက်ရှိအခြေအနေနှင့် ရေချိုးရန်မှာ မဖြစ်နိုင်ချေ။ ဝမ်လျန်က သူ့ခန္ဓာကိုယ်အား ရေနွေးဖြင့် ရေပတ်တိုက်လိုက်သည်။ 


အားလုံး ပြီးဆုံးသွားသည့်နောက် သူက အစေခံနှစ်ဦးအား နှင်ထုတ်လိုက်ပြီး အိပ်ရာထက်၌ တိတ်ဆိတ်စွာ လှဲလျောင်းလိုက်၏။ 


ထိုအချိန်တွင် လူသားနှင့် မတူသည့် အသံတစ်သံက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။

“မက်မွန်ပွင့်ပွဲတော်ကို သွားဖို့ နည်းလမ်းရှာပါ …” 


ဝမ်လျန်က မျက်တောင်ခတ်လိုက်ရင်း ပြောသည်။

“အခု အဖေ့အကူအညီမပါပဲနဲ့ ငါက မက်မွန်ပွင့်ပွဲတော်ကို သွားနိုင်မယ် မထင်ဘူး …” 


စနစ်က ပြောလိုက်သည်။

“မင်းသွားနိုင်ပါတယ် …” 


ဝမ်လျန်က မေးလိုက်၏။

“ငါက ဘယ်လိုလုပ်ပြီးတော့လဲ …” 


စနစ်က ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

“လီမိသားစု သခင်လေးကိုရှာ … သူက မင်းကို အဲဒီ့ကို ခေါ်သွားပေးလိမ့်မယ် …” 


“ဒါပေမယ့် သူက …”

ဝမ်ချီ တုံ့ဆိုင်းနေ၏။ သူ့အမူအရာက တွန့်ဆုတ်နေဆဲ ဖြစ်သော်လည်း သူက ကတိပေးလိုက်ပေသည်။

“ကောင်းပြီလေ … ငါသူ့ကို သွားရှာလိုက်မယ် …” 


ဝမ်လျန် အလွန်နာခံနေသည်ကို တွေ့လိုက်ရသည့်နောက် စနစ်က သူ့အား အားပေးရန် ပုံရိပ်အချို့ကို ဖော်ပြလိုက်သည်။ မက်မွန်ပွင့်ပွဲတော်တွင် စတုတ္ထမင်းသား ရှစ်ကျင်းက ရေပန်းအနီး၌‌ ကြော့ရှင်းစွာ မတ်တပ်ရပ်နေသည်။ သူ့ရင်ခွင်ထဲ၌ ထိတ်လန့်မှုကြောင့် ဖြူဖျော့နေသည့် ဝမ်လျန် ရှိနေ၏။ 


ဝမ်လျန်က အဆိုပါ ပုံရိပ်များကို ဂရုတစိုက်ကြည့်ရင်း မျှော်လင့်ချက်များ ယှက်သန်းလာသည်။ သူက ဂရုတစိုက် ပြောလိုက်၏။

“စတုတ္ထမင်းသားက ငါ့ကို တကယ်ပဲ နှစ်သက်မှာလား …” 


စနစ်က ပြောလိုက်သည်။

“သူက မင်းနဲ့ဖူးစာပါတဲ့လူပဲ …” 


ဝမ်လျန်က မသိစိတ်ဖြင့် မေးလိုက်သည်။

“ဘာလို့ သူဖြစ်ရတာလဲ …” 


“မင်းက ရှစ်ယဲ့နဲ့ ဝေးဝေးနေဖို့ ဆုတောင်းခဲ့တာကြောင့် ငါမွေးဖွားလာခဲ့တာ …”

စနစ်က တည့်တိုး ပြောလိုက်သည်။

“မင်း အဲဒီ့လိုဆုတောင်းလိုက်တော့ ငါ မင်းနဲ့ ရှစ်ယဲ့ရဲ့ ဖူးစာကို သိခဲ့ရတယ် … မင်းမှာ မင်းရဲ့ဖူးစာရှင်ရှိပြီးတော့ ရှစ်ယဲ့မှာလည်း သူ့ရဲ့ဖူးစာရှင်ရှိတယ်လေ … ဒီတော့ မင်းက မင်းရဲ့ဆန္ဒပြည့်ဖို့ဆိုရင် မင်းရဲ့ဖူးစာရှင်နဲ့ အမြန်တွေ့ဖို့လိုတယ် …” 


ဝမ်လျန်က တွန့်ဆုတ်နေ၏။ 


စနစ်က သူ၏ခံစားချက်များကို အာရုံခံမိပုံဖြင့် နှစ်သိမ့်လိုက်သည်။

“မက်မွန်ပွင့်ပွဲတော်က မင်းနဲ့ ရှစ်ကျင်းတွေ့ဖို့ အကောင်းဆုံးအချိန်ပဲ … ဒီတော့ အဲဒါကို မလွဲစေနဲ့ … ငါနဲ့ဆိုရင် အားလုံး အဆင်ပြေသွားလိမ့်မယ် …” 


စနစ်၏ နှစ်သိမ့်မှုကြောင့် ဝမ်လျန်၏ အနားမရသော စိတ်အစဉ်က တည်ငြိမ်စပြုလာ၏။ သို့သော် သူက ဤနေ့ရက်များအတွင်း ဖြစ်ပျက်ခဲ့သည်များကို တွေးလိုက်မိချိန်၌ သူ့မျက်ဝန်းများ ချဉ်စူးလာရပြန်သည်။ သူ့အသံက ရှိုက်သံများ စွက်လာ၏။

“ဝမ်ချီက အရမ်းလွန်တာပဲ… သူငါ့ကိုမုန်းနေတာ … ငါ့အမေကိုမုန်းရင်တောင် ရပါတယ်… ဘာလို့ ဒေါသအားလုံးကို ငါ့အဖေအပေါ် ပုံချရတာလဲ… အဲဒီ့အစား ငါ့ဆီတိုက်ရိုက်လာရှင်းတာမှ ပိုကောင်းဦးမယ် …” 


ဝမ်ချီ့အကြောင်းကြားသည်နှင့် စနစ်က တိတ်ဆိတ်သွားသည်။ 


စကားပုံတစ်ခုရှိ၏။ ဆံပင်တစ်မျှင်ကို ဆွဲလိုက်ပါက ခန္ဓာကိုယ်တစ်ခုလုံး သက်ရောက်ခံရသည်။ အဆိုပါ ပြောင်းလဲမှုအားလုံးက ဝမ်ချီကြောင့် ဖြစ်လာခဲ့ခြင်း ဖြစ်၏။ ဝမ်ချီ၏ တည်ရှိမှုကြောင့် စနစ် ကြိုတင်ခန့်မှန်းခဲ့သည့် ခန့်မှန်းမှုက တဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့သည်။ 


ဘာ့ကြောင့်များလဲ … 


စနစ်က အကြောင်းရင်းကို မခန့်မှန်းနိုင်ခဲ့ပေ။ ၎င်းသိသည့်အရာတစ်ခုမှာ ဤအတိုင်း ဆက်သွားနေပါက ၎င်း၏ မစ်ရှင်က ပြီးမြောက်တော့မည် မဟုတ်ပေ။ 


နောက်တစ်နေ့၌ …


ဝမ်ချီ မျက်လုံးဖွင့်လိုက်သည်နှင့် အမှောင်ထုက သူ့အား ဆီးကြိုနေခဲ့သည်။ 


သူ ခဏကြာ ထိတ်လန့်သွား၏။ ထို့နောက် သူက ခြုံစောင်ထဲတွင် နစ်မြုပ်နေခဲ့ခြင်းဖြစ်ပြီး တစ်စုံတစ်ခုကိုလည်း ကိုင်ထားသေး၏။ သူက မသိစိတ်ဖြင့် ထိုအရာအား ပွတ်သပ်ကြည့်လိုက်မိသည်။ သူ့လက်အောက်တွင် ကောင်းမွန်စွာ တည်ဆောက်ထားသည့် ကြွက်သားများ၏ အထိအတွေ့အား ခံစားလိုက်ရ၏။ သူက လက်ကို အောက်သို့ လျှောဆင်းလိုက်ချိန်၌ ပေါင်ရင်းနေရာနှင့်တူသည့် တစ်စုံတစ်ခုအား စမ်းမိလိုက်သည်။ 


ဝမ်ချီ “…”


ကြည့်ရတာ လူတစ်ယောက်ကိုများ ဖက်ထားမိတာလား …


ဝမ်ချီက ထိုခန့်မှန်းမှုကြောင့် ကြောင်အသွားသည်။ သူက ဖက်ထားသည့်လူကို တွန်းထုတ်ရန် လက်ဆန့်လိုက်မိ၏။ သို့သော် သူလက်ဆန့်လိုက်သည်နှင့် သူ၏ ကော်လံစအား လာဆွဲသော လက်တစ်ဖက်အား ခံစားမိလိုက်လေသည်။ 


ထိုလက်က သူ့အား ဖြည်းဖြည်းချင်း ဆွဲတင်လိုက်သည်။ 


ဝမ်ချီ၏ လက်များက ထိုသူ၏ ခြေထောက်ပေါ်မှတဆင့် တဖြည်းဖြည်း အပေါ်ရောက်လာကာ မျက်နှာအား ထိတွေ့လိုက်မိသည်။ 


ရေခဲတမျှ အေးစက်သည့် မျက်နှာတစ်ခုက ဝမ်ချီအား ကြည့်နေခဲ့လေသည်။



💮💮💮