🚩Chapter 3
Arc 1.3(မင်းသမီးအစားထိုးထိမ်းမြားလက်ထပ်ခြင်း )
ရွှမ်းယွမ်ရွေ့ နှင့် ယဲ့ကျီးဟွာတို့ ဝမ်အိမ်တော်သို့ပြန်ရောက်ချိန်၌ ညအချိန်သို့ ရောက်ရှိနေပြီဖြစ်သည် ။ နေ့လည်ခင်းတုန်းက သူတို့ကိုယ်တိုင် ရွှမ်းယွမ်ချင်း နှင့် ယဲ့ကျီးကျင်တို့အား ကွပ်မျက်မှုကို စောင့်ကြည့်ခဲ့သည် ။ နောက်ဆုံးတွင်တော့ ယဲ့ကျီးဟွာလည်း သူမစိတ်ထဲမှ လေးလံမှုတို့ကို မ,တင်လိုက်နိုင်သလို ခံစားလိုက်ရ၏ ။ သူမပြန်မွေးလာကတည်းက ဤမျှလောက် တစ်ခါမှ မပျော်ခဲ့ရဘူးဟုပင် ပြောနိုင်သည်။
နောက်ဆုံးတွင်တော့ ယဲ့ကျီးကျင်သေသွားပြီး ရွှမ်းယွမ်ချင်းလည်း ခေါင်းဖြတ်ခံလိုက်ရလေပြီ ။ သူမ နှင့် ရွှမ်းယွမ်ရွေ့ကို အန္တရာယ်ပေးနိုင်ဖို့ သူတို့တွင် ဘာအခွင့်အရေးမှ မရှိတော့ချေ ။
" ကျီးဟွာ ၊ မင်းဘာတွေတွေးနေတာလဲ "
သူတို့ဝမ်အိမ်တော်သို့ ဝင်ဝင်ချင်း ယဲ့ကျီးဟွာ၏ အသက်ရှူသံများပြောင်းလဲသွားပုံကို သတိထားမိသည်။ သူမက ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို လွှတ်ချလိုက်နိုင်သကဲ့သို့ စိတ်သက်သာရာရသွားကာ ပို၍ ဖျတ်လတ်တက်ကြွလာပုံရ၏ ။
" မဟုတ်ပါဘူး ကျွန်မ ဘာအကြောင်းမှ တွေးမနေပါဘူး ..."
ရွှမ်းယွမ်ရွေ့အသံကိုကြားသောအခါ ယဲ့ကျီးဟွာ၏ မျက်နှာက အနီရောင်ပြောင်းသွားသည် ။
ယခုအချိန်တွင် သူမက ကောင်းကင်ဘုံကို ဤပြန်လည်မွေးဖွားလာခြင်းအတွက် အလွန်ကျေးဇူးတင်မိပြီး အတိတ်ဘဝက သူမတွင်မရှိခဲ့သည့် ရွှမ်းယွမ်ရွေ့နှင့် အတူရှိနိုင်ဖို့ သတ္တိ နှင့် အခွင့်အရေးတို့ပါ ရလာသည်။ အတိတ်ဘဝတုန်းက ရွှမ်းယွမ်ရွေ့ နှင့် စုဝမ်တို့ တစ်ယောက်ကိုတစ်ယောက် နက်နက်ရှိုင်းရှိုင်းချစ်နေကြတာကိုသာ သူမတိတ်တဆိတ်ကြည့်နေနိုင်၏ ။ သူက နောင်တကင်းမဲ့စွာဖြင့် စုဝမ်ကို အရူးအမူချစ်နေတာကို သူမဒီတိုင်းကြည့်နေရရုံသာ...
ထိုအချိန်တုန်းက သူမနှလုံးသားက အလွန်နာကျင်ခဲ့ရသည် ။
ကံကောင်းစွာဖြင့် စုဝမ်က ကြာကြာအသက်မရှင်နိုင်ပေ ။
အတိတ်တွင် အသက်တိုသော မိန်းမက ရွှမ်းယွမ်ရွေ့၏ နှလုံးသားအားချုပ်နှောင်ထားတာကို တွေးမိသောအခါ မကြာမီသေတော့မည့်မိန်းမအတွက် သူမ ရေကြီးခွင်ကျယ်မလုပ်သင့်ကြောင်း ယဲ့ကျီးဟွာ သူ့ကိုယ်သူ သတိပေးမိသည် ။ သို့သော်...
" ဝမ်ယဲ ၊ ကျွင်းကျူ..သူမ "
" မင်းဘာလို့ သူ့အကြောင်းပြောနေရတာလဲ "
ယဲ့ကျီးဟွာက ဦးစွာ စုဝမ်အကြောင်း ပြောတာကို ကြားသောအခါ ရွှမ်းယွမ်ရွေ့၏ မူလ နူးညံ့သောအမူအရာက အနည်းငယ် အေးစက်သွား၏ ။
သူနှင့် စုဝမ်က ငယ်ချစ်ဦးများအဖြစ် ကြီးပြင်းလာပြီး သူ့ထံတွင် သူမအတွက် နက်ရှိုင်းသောခံစားချက်များရှိသော်လည်း အပြောင်းအလဲအနေဖြင့် သူမက ရည်ရွယ်ချက်ရှိရှိ ပြဿနာများဖြစ်စေခဲ့သည် ။ သူမက ရက်ရက်စက်စက် သူနှင့် ယဲ့ကျီးဟွာ၏ ကလေးကိုပင် သတ်လိုက်သေးသည် ။ သူနှစ်ပေါင်းများစွာ ချစ်လာရသော မိန်းမက အပြင်ပိုင်းတွင် နူးညံ့ပြီး အားနည်းသော်လည်း အတွင်းက ရက်စက်ပြီး အဆိပ်ပြင်းသော မိန်းမဖြစ်နေတာကို တွေးမိသောအခါ သစ္စာဖောက်ခံရသလို ရွှမ်းယွမ်ရွေ့ ခံစားလိုက်ရသည် ။ သူ့နှလုံးသားထဲရှိ ဒေါသများက မြင့်တက်လာ၏ ။
ရွှမ်းယွမ်ရွေ့က စုဝမ်ကြောင့် စက်ဆုပ်သွားတာကို မြင်ရပြီး ယဲ့ကျီးဟွာ နောက်ဆုံးတွင် သူမ၏ နှလုံးသားက စိတ်သက်သာရာရသွား၏ ။ ဘယ်လိုပဲဖြစ်ဖြစ် စုဝမ်က သေတော့မည့်လူပဲဟူ၍သာ သူမ၏ နှလုံးသားကို နှစ်သိမ့်ထားလိုက်သည် ။
ဝမ်ယဲကို သူမနဲ့ပက်သက်ပြီး မေ့ခိုင်းလိုက်တာပေါ့ ... ထုတ်မပြောတာက အားလုံးအတွက်အကောင်းဆုံးပဲ... အတိတ်ဘဝတုန်းကလို သူမသေဆုံးပြီးတော့ နွေရာသီကိုးခုစာလောက် စုဝမ်အတွက် ဝမ်ယဲက ကြေကွဲနေတာမျိုး သူမ ထပ်မကြည့်နိုင်တော့ဘူး ...
ဤဘဝတွင်တော့ ဝမ်ယဲကအဆင်ပြေပြီး သူတကယ်ချစ်ရမည့်သူနှင့် အတူရှိနေဖို့ သူမမျှော်လင့်မိသည် ။
ဤသို့တွေးရင်းဖြင့် သူမပြန်လည်မွေးဖွားလာရသည့်အကြောင်းမှာ ရွှမ်းယွမ်ရွေ့ကို ကယ်တင်ဖို့ဖြစ်ဟု သူမခံစားလိုက်ရသည် ။ သူ၏ ကံကြမ္မာကို ကယ်တင်လိုက်နိုင်ရုံသာမက သူမအတွက် သူ့အချစ်ကိုလည်း ရနိုင်သွားသည် ။
ဤညတွင် အချို့သောသူများက ကြင်နာမှုတစ်ဝဲဝဲလည်နေသလိုခံစားရပြီး အချို့သူများက အိမ်မက်ကင်းမဲ့သောညတွင် သောကပူဆွေးမှုကို ခံစားနေရသည် ။
စုဝမ်က အနားယူပြီး နိုးလာသောအခါ ကောင်းကင်တွင် နေမြင့်နေပြီး သူမ၏ အခန်းတစ်ခန်းလုံးက နေရောင်ခြည် နှင့် ဆေးဖက်ဝင်ရနံ့များဖြင့် ပြည့်နှက်နေ၏ ။ လိုက်ကာအထူကြီးကို ဖြတ်၍ သမားတော်စီးက ရှေ့သွားလိုက်နောက်သွားလိုက်ဖြင့် အလုပ်များနေတာကို တွေ့လိုက်ရသည် ။
" တော်ဝင်သမားတော်စီး"
စုဝမ်က အိပ်ယာရှိ လိုက်ကာတို့ကို ဘေးသို့ဖယ်လိုက်ပြီး မနီးမဝေးတွင်ရပ်နေသော အမျိုးသားကို ကြည့်လိုက်၏ ။ သူမ မျက်လုံးများက ဝေဝါးနေပြီး အိပ်ချင်မူးတူးဖြင့် ပို၍ ချစ်စရာကောင်းနေသည့်ပုံပေါ်သည် ။
သမားတော်စီးက အနည်းငယ်တောင့်တင်းသွားပြီးနောက် ချက်ချင်းပဲ မျက်လုံးအောက်ချလိုက်သည်။
" ကျွင်းကျူ နိုးလာပြီပဲ ဆေးဝါးတွေက မကြာခင်အဆင်သင့်ဖြစ်တော့မှာ ခဏနေကြမှ ကျွင်းကျူကို ကျွန်တော်တိုက်မယ် "
သမားတော်စီး၏ သဘာဝမကျမှုကို မြင်ရသောအခါ စုဝမ် တိတ်တဆိတ်ပြုံးမိသည် ။
သမားတော်စီးအား အရူးဟု ပြောရမည်ထက် အလွန်ရိုးအသောသူဟု ပြောလျှင် ပိုမှန်လိမ့်မည် ။ သို့သော် အရူးလုပ်ရလွယ်သော ယောက်ျားတစ်ယောက်က တုံးအရုံပဲလား သို့မဟုတ် အလေးအနက်မရှိခြင်းပဲလား ...
ထိုရိုးရှင်းသော ပြဿနာမျိုးကို စုဝမ် မစဥ်းစားနေတော့ပေ ။ သူမအား နှလုံးသားတစ်ခုလုံးဖြင့် ကူညီပေးချင်နေသော သမားတော်စီးကို ကြည့်လိုက်သောအခါ ၎င်းက သူ့အသက်အတွက် နောက်ထပ်သုံးနှစ်ကနေ ငါးနှစ်လောက်ထပ်ပြီး ပိုနေရနိုင်မည့်အတိုင်းပင် ။ ဤအချိန်အတိုင်းအတာက ရွှမ်းယွမ်ရွေ့ နှင့် ယဲ့ကျီးဟွာကို သေတွင်းပို့ပေးဖို့ အတော်လေးလုံလောက်မှုရှိသည် ။
အချိန်တိုအတွင်းတွင် သမားတော်စီးက ဆေးဖက်ဝင်အရည်များထုတ်ယူခြင်းပြီးစီးသွားပြီး စုဝမ်ရှေ့သို့ သူသယ်လာပေးသည် ။
ပစ္စည်းများလက်ခံရသောအခါ အမျိုးသား နှင့် အမျိိုးသမီးတို့က ထိတွေ့ခြင်းမပြုသင့်ပေ ။ တော်ဝင်သမားတော်က လူနာကို ကိုယ်တိုင်တိုက်ကျွေးဖို့မလိုသော်လည်း သမားတော်စီးက ယုံကြည်မှုရှိစွာနှင့် ပေါ်ပေါ်တင်တင်ကို ထိုသို့လုပ်လိုက်သည် ။ ဤအရာမှာ မူလ ယဲ့ကျီးဟွာအပေါ်ဆက်ဆံသည့်ပုံစံမျိုးဖြစ်သောကြောင့် စုဝမ်က မငြင်းဆိုလိုက်ပေ ။ သူမက ဤသို့ခစားမှုမျိုးကို အိပ်ယာမှထကာ စိတ်အေးလက်အေးပဲ လက်ခံလိုက်သည် ။
ပါးစပ်ထဲဝင်လာသော ဆေးဝါးများက ပြောမပြနိုင်လောက်အောင် ခါးသက်သည် ။ သို့သော် စုဝမ်က ခါးသက်မှုကို လုံးဝမခံစားရသော်လည်း သူမက နှုတ်ခမ်းမဲ့ကာ မျက်ခုံးကွေးလိုက်၏ ။ သူမ၏ မျက်ဝန်းများထဲတွင် မျက်ရည်များအပြည့်ဖြင့် သမားတော်စီးကို ကြည့်လိုက်သည် ။
" အရမ်းခါးတာပဲ ကျွန်မ ထပ်မသောက်ချင်တော့ဘူး "
ချွဲ့နွဲ့တတ်သောမိန်းမက တုန်နေအောင် အချစ်ခံရသည်ဟူသော စကားရှိ၏ ။ မူလကိုယ်စုဝမ်က အလွန်ကောင်းမွန်သော ရုပ်ရည်သွင်ပြင်မျိုးရှိသော်လည်း ကျွင်းကျူ ဟိတ်ဟန်ဖြင့်သာနေသည် ။ သူမက ရွှမ်းယွမ်ရွေ့ ရှေ့တွင် ဘယ်တုန်းကမှ ချွဲနွဲ့မပြတတ်ပေ ။ ထို့အပြင် သူမက အခြားသောယောကျ်ားများရှေ့၌ လုံးဝစကားပြောခြင်းမရှိချေ ။
တကယ်ကို အရင်းအမြစ်တွေ ဖြုန်းတီးပစ်တာပဲ ...
" အဲ့ဒါက ခါးလို့လား ... "
စုဝမ်က သနားဖို့ကောင်းစွာဖြင့် သူ့အား ချွဲ့နွဲ့ပြီးငြီးငြူနေတာကို တွေ့ရသောအခါ သမားတော်စီးက သူ၏ နှလုံးခုန်မြန်လာတာကို ခံစားလိုက်ရသည် ။ သမားတော်စီးက ချက်ချင်းမျက်နှာလွှဲပြီး ဘေးရှိ ခွက်အသေးထဲမှ ရွှေရောင်သကြားလုံးအပျော့လေးကို ယူပေးလိုက်သည်။
" ကျွင်းကျူ ၊ ဒါလေးစားလိုက်ပါ "
သူက ထိုသို့ပြောရင်း သကြားလုံးအား စုဝမ်၏ နှုတ်ခမ်းရှေ့သို့ တိုးပေးလိုက်သည် ။ စုဝမ်က သူမ မျက်လုံးကို ကျဥ်းမြောင်းကာ အနီရောင်နှုတ်ခမ်းတို့ကို ဖွင့်ဟလိုက်၏ ။ သူမ၏ နွေးထွေးသော နှုတ်ခမ်းတို့က သမားတော်စီး၏ လက်ချောင်းတို့ကို ပွတ်တိုက်မိသွားသည် ။ သမားတော်စီးက လျှပ်စစ်စီးကြောင်း ဖြတ်သန်းသွားသလိုခံစားလိုက်ရပြီး သူ့လက်ကို ချက်ချင်းပြန်ရုတ်လိုက်သည်။
သူအခုလေးတင် ဘာလုပ်လိုက်တာလဲ ...ဘယ်လိုတောင် ရူးသွပ်လိုက်တဲ့ ယောက်ျားလဲ ...အဲ့ဒါက ဒီသမားတော်စီးမဟုတ်ဘူး ...လုံးဝ မဟုတ်ဘူး...
ယခုတွင် နှစ်ယောက်ကြားရှိ လေထုက အနည်းငယ်နွေးထွေးပြီး မရေမရာဖြစ်နေ၏ ။သူမ သမားတော်စီးအပေါ်ပေးလိုက်သောဖိအားက အတော်အသင့်ပဲဟု စုဝမ်ခံစားမိပြီး သူမ ပါးစပ်ကို တစ်ဖန်ပြန်ဖွင့်လိုက်သည်။
" တော်ဝင်သမားတော်စီး အခုကျွန်မ ခါးတဲ့ အရသာကို မခံစားရတော့ဘူး ကျေးဇူးတင်ပါတယ်..ရှင်က ကျွန်မအပေါ်အရမ်းကြင်နာတာပဲ "
" ကျွန်တော်..."
သမားတော်စီးက သူတစ်ခုခုပြောချင်နေပုံရသော်လည်း စုဝမ်ကဆက်ပြောလိုက်သည် ။
" အတိတ်တုန်းက ပြောင်ကောက ကျွန်မကို သူကိုယ်တိုင်ကိုယ်ကျ ဆေးတိုက်နေကျ အဲ့ဒီအချိန်တုန်းက ဒီကမ္ဘာပေါ်မှာ ကျွန်မက အပျော်ရွှင်ရဆုံးလူပဲလို့ ခံစားခဲ့ရတယ် ဘယ်လိုတောင် သနားစရာကောင်းလိုက်သလဲ..."
" ကျွင်းကျု..."
သမားတော်စီး ဘာပြောရမှန်း မသိတော့ပေ ။ သူ့နှလုံးသားက အခု လေပေါ်မြောက်သွားလိုက် ၊ နောက်တစ်ခဏတွင် ပြန်နစ်မြုပ်သွားလိုက် ခံစားနေရ၏။ ယနေ့တွင် သူ့ခံစားချက်များက အနည်းငယ် ကို့ရို့ကားယားနိုင်သလို ခံစားမိသည် ။
" တကယ်တော့ အခုလိုလည်း အဆင်ပြေပါတယ်"
စုဝမ်က သမားတော်စီးကို အားတင်းကာပြုံးပြလိုက်သည် ။
" ပြောင်ကောက သူချစ်ရမယ့်လူကို ရှာတွေ့သွားပြီကျွန်မ သူ့အတွက် ဝမ်းသာသင့်တာပေါ့ ဘယ်သူက ကျွန်မရဲ့ ကံကြမ္မာကို မကောင်းခိုင်းလို့လဲ ကိုယ်ဝန်ဆောင်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး ပြီးတော့ ၊ ကျွန်မက သူ့ကို တစ်သက်လုံး မပိုင်ဆိုင်နိုင်ဘူးလေ အခု ပြောင်ကောက ကျွန်မကို မကြိုက်တော့ဘူး ကျွန်မ ပျော်သင့်တာပေါ့ ကျွန်မသာ ဒီအတိုင်းသေသွားရင် သူနာကျင်ရလိမ့်မယ်..."
" မင်းမသေပါဘူး "
သမားတော်စီးက စိတ်လှုပ်ရှားစွာဖြင့် စုဝမ်၏ စကားကို ဖြတ်ပြောလိုက်သည် ။ စုဝမ်က ခေါင်းမော့ကာ သမားတော်စီးကို ခဏမျှကြည့်လိုက်၏ ။
စုဝမ်က သူ့ကို ကြည့်နေချိန်၌ သမားတော်စီးက အနည်းငယ် လိပ်ပြာမလုံသလို ခံစားလိုက်ရသည်။
" ကျွန်တော် ခင်ဗျားကို ကုသပေးနိုင်ပါတယ် ကျွင်းကျူက ဒီအစေခံရဲ့ ဆေးပညာစွမ်းရည်ကို ယုံကြည်ထားလိုက်ပါ "
နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် အချိန်အတော်ကြာအောင် ကြည့်နေလိုက်သည် ။ စုဝမ်က နောက်ဆုံးတွင် ပြုံးပြကာ ခေါင်းညိတ်လိုက်၏။
" သမားတော်စီး ၊ ကျွန်မ ရှင့်ကို ယုံပါတယ် "
ဤအရာက သမားတော်စီးအတွက် သူ့ဘဝတစ်လျှောက်လုံး ကြားဖူးသည့် အကောင်းဆုံး အသံဖြစ်လိမ့်မည် ။ နှစ်ပေါင်းများစွာကြာပြီးနောက် သူမူးပြီး အိပ်မက်မက်ချိန်တိုင်း သူအမြဲတမ်း မိန်းမတစ်ယောက်က တောက်ပစွာပြုံးပြီး ပြောနေတာကို မြင်ရသည် ။
သမားတော်စီး ၊ ကျွန်မ ရှင့်ကို ယုံပါတယ်...
ထိုအခိုက်အတန့်တွင် သူရှင်းရှင်းလင်းလင်း သိလိုက်သည် ။ သူမက သူ့အတွက် နူးညံ့သောထောင်ချောက်ကို ခင်းပေးရုံသာမဟုတ်ဘဲ အဆုံးမရှိသော ချောက်နက်ကို ခင်းပေးလိုက်တာဖြစ်သည်။
xxxxx🚩