အပိုင်း ၁
Viewers 15k

ကျွင်းဟွိုင်လန်သေဆုံးသည့်နေ့တွင် ချန်အန်း၌ တစ်ညလုံးမိုးရွာခဲ့သည်။
နေ့ခင်းဘက်တွင် ဗွက်အိုင်များစွာက အပြာရောင်ကျောက်မြေပြင်ထက်တွင် စုပုံလာသည့်တိုင် မိုးကတော့ ရပ်မသွားခဲ့ပေ။
အေးစက်သည့်မိုးကို ဆောင်းဦးလေကရစ်ပတ်ကာဖြင့် သယ်ဆောင်လာပြီး အေးစိမ့်သည့်အထိအတွေ့ကို ချန်ထားရစ်လေ၏။
ကျွင်းမိသားစု၏သုံးရာငါးဆယ့်ခြောက်ယောက်သော လူတို့သည် ရွှမ်ဝူတံခါးအပြင်ဘက်တွင် ဒူးထောက်လျက်ရှိပြီး သူရဲဘောကြောင်သူများပမာ ပြုမူကာ ယနေ့အတွက် အကူအညီကို တောင်းခံနေကြသည်။
ကျွင်းဟွိုင်လန်၏အဝတ်အစားများက စိုရွှဲနေသည်။ သူ့နှုတ်ခမ်းက ဖြူဖျော့နေပြီဖြစ်ကာ ကွပ်မျက်ရေးမြေ၏ထိပ်တွင် ဒူးထောက်နေသည်။ အေးစက်သည့်မိုးပေါက်များက သူ့မျက်နှာထက် ကျဆင်းနေပြီး သူ၏နားထဲတွင် သူ့ဘေးပတ်လည်ရှိ မိသားစုဝင်အမျိုးသမီးများ၏ ငိုကြွေးသံများ၊ သူတို့၏ငြင်းခုန်သံများဖြင့်သာ ပြည့်လို့နေသည်။
ယင်းစကားတို့အား ရှင်းလင်းစွာမကြားရသည့်တိုင် သူတို့မည်သည့်အကြောင်းကို ပြောနေသည်အား သူသိပါသည်။
ကျွင်းမိသားစုက တာ့ယုံ၏တည်ထောင်သူဖခင်ပင်။ ကျွင်းမိသားစု၏ဘိုးဘေးများက တာ့ယုန်ဘိုးဘေးများနှင့် လွန်ခဲ့သည့်နှစ်ပေါင်း၂၀၀ခန့်က တိုက်ခိုက်ခဲ့ကြသည်။ တည်ထောင်ပြီးနောက်တွင် သူတို့က ယုံနင်မြို့စားအဖြစ် ဘွဲ့အမည်ခံယူကြပြီး မျိုးဆက်တစ်ခုမှတစ်ခုသို့ လွှဲပြောင်းခဲ့ကြလေသည်။
တော်ဝင်ဘိုးဘေးက အလွန်သံသယများ၏။ တည်ထောင်သူ သူရဲကောင်းအများစုက သူတို့၏လေးများကို ဖုံးကွယ်ထားခဲ့ကြရကာ အဆုံးသတ်မကောင်းကြပေ။ သိူ့သော်ငြား ဧကရာဇ်၏မိသားစုကတော့ ယနေ့ထိတိုင် နှစ်ပေါင်း၂၀၀ရာကျော်အောင် အာဏာရှိဆဲပင်။
ထို့ကြောင့် ယနေ့ဖြစ်ပျက်သွားသည်တို့က မထူးဆန်းပါချေ။
အားလုံးပြီးသည့်နောက် တာ့ယုံသည် လူတစ်ဦးကြောင့် အနှောင့်အယှက် ဖြစ်နေခဲ့ရသည်။ လွန်ခဲ့သည့်လကတည်းက ယွင်နန်ဘုရင်မှ ချန်အန်းမြို့ထဲ ကျူးကျော်ဝင်ရောက်လာခဲ့ခြင်းကြောင့်ပင်။
ထိုလူသည် သူပုန်မဟုတ်သော်ငြား သူပုန်ကိုသတ်ခဲ့သည့် ချင်ဘုရင်၊ ရွှယ်ယန်ပင်။
ယွင်နန်ဘုရင်က သူ၏တပ်များဖြင့် ချီတက်လာသည့်အခါ ရွှမ်ယန်က မြောက်ဘက်မှ တာ့ခ်တို့ဖြင့် ရင်ဆိုင်ရ၏။ တစ်လကျော်မျှသာကြာပြီး သူက တာ့ခ်လူမျိုးစစ်သည်၂သိန်းကျော်အား လွယ်လင့်တကူပင် အနိုင်ယူပြီး နှစ်ပေါင်းများစွာ သိမ်းပိုက်ခံထားရသည့် ယန်မြေကို ပြန်လည်ရယူနိုင်ခဲ့သည်။
တာ့ခ်တို့အား အနိုင်ယူပြီးနောက် သူကချက်ချင်းပင် တောင်ဘက်ကိုပြောင်းလာပြီး ယွင်နန်ဘုရင်ဝိုင်းထားသည့် ချန်အန်းကို ရောက်လာသည်။ လအတော်ကြာသည်အထိ မစွမ်းဆောင်နိုင်ခဲ့သော ယွင်နန်ဘုရင်မှာ သူ၏သံမဏိတပ်သားကြောင့် သေဆုံးခဲ့ရလေသည်။ နောက်ဆုံးတွင် ရာဇပုလ္လင်ထက် တက်ခဲ့သည့်ဘုရင်မှ သူ့ခေါင်းကိုဖြတကာ ရွှယ်ဝူတံခါးရှေ့၌ ချိတ်ဆွဲထားလိုက်သည်။
ယွင်နန်ဘုရင်၏သွေးနျားက ရွှမ်ဝူဂိတ်တံခါး၏အစိမ်းရောင်အုတ်တို့အား နီရဲသွားစေခဲ့သည်။ လူတိုင်းက ချန်းအန်ကို ပြန်လည်အေးချမ်းလာမည်ဟု မျှော်လင့်ထားခဲ့သော်လည်း ထိုနေ့မှစ၍ ငြိမ်းချမ်းခြင်းအလျဥ်းမရှိဖြစ်လာလိမ့်မည်ဟူ၍တော့ မမျှော်လင့်ထားကြပေ။
ချင်ဘုရင် ရွှယ်ယန်က ယွင်နန်မိဖုရားကို သတ်ပြီးနောက် နန်းမြို့တော်ကို တည့်တည့်သွားကာ ဧကရာဇ်အား နဂါးပုလ္လင်ထက်၌ပင် ဓားဖြင့် သတ်ဖြတ်လိုက်သည်။
ထို့နောက် သူကညီအစ်ကိုအားလုံးကိုသတ်ပစ်ပြီး သုံးနှစ်အရွယ် နံပါတ်၈မင်းသားငယ်ကိုသာ ချန်ထားကာ နဂါးဝတ်ရူံကိုဆင်၍ ပုလ္လင်ပေါ် တင်ပေးလိုက်သည်။ သို့ဖြင့် ရွှယ်ယန်က ဧကရာဇ်အသစ်၏နောက်မှ အမှန်တကယ်အာဏာရှင်ဖြစ်လာသည်။
အုပ်ချုပ်သူနှင့် ပြည်သူများ ထိတ်လန့်ခဲ့ကြရသည်။ သဘာဝကျကျပင် ယင်း၌ အရာရှိများစွာပါဝင်နေကာ သူက သူ၏ဖခင်နှင့်ဝမ်းကွဲတော်တို့ကို သတ်ခဲ့သဖြင့် သူတို့၏အကျိုးစီးပွား ထိခိုက်ရသည်ပင်။ သူတို့က ဘိုးဘေးတို့၏ထုံးတမ်းဓလေ့များကိုသုံးကာ ထိုမရိုးသားသည့် အာဏာရှင်အား ဖြုတ်ချရန် အချင်းချင်း ဆန့်ကျင်ခဲ့ကြသည်။
သူတို့က ရွှယ်ယန်၏အကြောင်းကို သိပ်မသိသည်မှာ သိသာလှသည်။
ထို့ကြောင့် သူ့ဓားက နန်းတော်မှ တရားရုံးထံ ဦးတည်ချက်ပြောင်းသွားခဲ့သည်။ ယခင်ဧကရာဇ်ကွယ်လွန်ပြီးနောက် ဧကရာဇ်အသစ်က ငယ်ရွယ်လွန်းလှသည်။ သူ့ထံမှ အကြည့်တစ်ချက်နှင့် စကားတစ်ခွန်းတည်းဖြင့်ပင် မရေမတွက်နိုင်သော တရားရုံးအရာရှိများက အစောင်းများထံမှ သူ့တို့အိမ်မှနေ၍ ဖမ်းထုတ်ခြင်း ခံကြရသည်။ စီရင်ချက်ပင်မချပဲ ရွှမ်ဝူနန်သို့ ကွပ်မျက်ရန် ပို့ဆောင်ခံရသည်။
တစ်လကြာပြီးနောက် တရားရုံးသည် သွေးဖြင့်ဆေးကြောခံလိုက်ရသည်။ မည်သူကမှ သူ့ကိုဆန့်ကျင်သည့်စကား တစ်ခွန်းတစ်လေပင် ထပ်မဆိုရဲတော့။
သို့သော်လည်း ရက်စက်သည့်ဘုရင်ခံက သူ့အားမဆန့်ကျင်ဖူးသည့် ကျွင်းမိသားစုကို လူတစ်ဦးမှလွဲ၍ အားလုံးကို သတ်ဖို့ အမိန့်ချလိုက်လေသည်။
ထိုပုဂ္ဂိုလ်မှာ ကျွင်းဟွိုင်လန်အစိုးရိမ်ဆုံးဖြစ်သည့် တစ်ဦးတည်းသောသူဖြစ်သည်။
သူ၏ဖခင်က လွန်ခဲ့သည့်နှစ်အနည်းငယ်က ပြစ်ဒဏ်ချမှတ်ခံရကာ အသတ်ခံခဲ့ရသည်။ သူ၏မိခင်သည်လည်း လွန်ခဲ့သည့်ရက်အနည်းငယ်က သူ့(ဖခင်)နောက်သို့ လိုက်သွားခဲ့သည်။ သူ၏ညီငယ်က ကျွင်းရှောင်ဝူကမူ၊ လွန်ခဲ့သည့်လက ယွင်နန်ဘုရင်၏ကျူးကျော်မှုတွင် နန်းမြို့တော်ကို ကာကွယ်စောင့်ကြပိရင်း သေဆုံးခဲ့ရ၏။ ကျွင်းဟွိုင်လန်၏အနီးစပ်ဆုံးဆွေမျိုးမှာ တစ်ဦးတည်းသာကျန်တော့သည်။
သူ၏ညီမ ကျွင်းလင်ဟွမ်ပင်။
ယွင်နန်ဘုရင် ပုန်ကန်စဥ်က၊ မြောက်ပိုင်းတာ့ခ်တို့၏ ကျူးကျော်တိုက်ခိုက်မှုနှင့် တိုက်ဆိုင်သည်။ ဧကရာဇ်က ဖျားနာနေပြီး တရားရုံး၏အတွင်းရော အပြင်၌ပါ ပြဿနာပေါင်းစုံပွေလီနေခဲ့သည်။ မည်သည့်နေရာကမှန်းမသိသည့် တာအိုပညာရှင်တစ်ဦးကို နန်းတော်သို့ ဖိတ်ခေါ်ခဲ့ပြီး သူက တာ့ယုံမှာ အန္တရာယ်ကျရောက်နေပြီဖြစ်ကာ ကျွင်းမိသားစု၏ သမီးကသာလျှင် တိုင်းပြည်ကို ကယ်တင်နိုင်လိမ့်မည်ဟု၍ တရားရုံးတွင် ဟောကိန်းထုတ်လိုက်သည်။
ထိုအချိန်တွင် နန်းတော်ရှိမိဖုရားတစ်ဖုရားတစ်ပါးဖြစ်သော ကျွင်းဟွိုင်လန်၏ဒေါ်လေး ကွယ်လွန်ခဲ့သည်မှာ တစ်နှစ်ကြာပြီဖြစ်သည်။ ကျွင်းမိသားစုတစ်ခုလုံးတွင် လက်မထပ်ရသေးသူမှာ ကျွင်းလင်ဟွမ်သာ ကျန်ရှိတော့၏။
သူမက ထိုအချိန်၌ ဆယ့်လေးနှစ်မျှသာ ရှိသေးပြီး အသက်မပြည့်သေးပေ။
ကျွင်းဟွိုင်လန်က ပထမဧကရာဇ်၏ အမိန့်ကို တွန်းလှန်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ သူကယုံနင်မြို့စား၏ဆက်ခံသူဖြစ်ရုံမျှမက ယခင်ဧကရာဇ် အားကိုးအားထားပြုရသည့်အရာရှိအသစ်ဖြစ်ကာ ထန်ဟွားလန်လည်းဖြစ်သည်။
[ထန်ဟွားလန် : တော်ဝင်စာမေးပွဲတွင်အဆင့်သုံးပညာရှင်]
ယခင်ဧကရာဇ်က ကျွင်းလင်ဟွမ်အား လစ်လပ်နေသည့် ဧကရီခုံတွင် ထိုင်စေပြီး သူမကို ဘယ်တော့မှ မထိပါဟူ၍ ကတိပေးခဲ့သည်။ တရားရုံးကတည်ငြိမ်သွားသည့်အခါ သူမအား အိမ်သို့ပြန်ကာ လက်ထပ်ခွင့်ပြုမည်ဟုဆို၏။
သူကထိုသိူ့ပြောသော်ငြား ဧကရာဇ်နှင့်လက်ဆက်ဖူးသည့် မိန်းကလေးအား မည်သူက လက်ထပ်ယူရဲမည်နည်း။
သို့သော်လည်း ယင်းက အကောင်းဆုံးအဖြေဖြစ်သည်ကို ကျွင်းဟွိုင်လန်သိသည်။ သူ၏ညီမတော်ကို မကာကွယ်နိုင်သည်ကို မုန်းမိပြီး သုံးလလုံး နေ့ရောညပါ မအိပ်နိုင်ပေ။ မမျှော်လင့်စွာဖြင့် ကွယ်လွန်သွားခဲ့သော ဧကရာဇ်၏ အဓိပ္ပါယ်မရှိသည့်ဆန္ဒက သူ့ညီမ၏အသက်ကို ကယ်တင်ခဲ့သည်ပင်။
သို့သော်လည်း သူ၏မိသားစုကို ဖျက်ဆီးလိုသည့်ဘုရင်ခံအကြောင်း တွေးမိသည်နှင့် ကျွင်းဟွိုင်လန်အေးစက်သွားရသည်။
သူ ထိုဘုရင်ခံနှင့် တစ်ကြိမ်မျှ တွေ့ဆုံခဲ့ဖူးသည်။
ယင်းမှာ ယုံဟယ်နန်းဆောင်တံခါးရှေ့တွင် သူ့ညီမ ကျွင်းလင်ဟွမ်အတွက် အမိန့်တော်လက်ခံရန် ဒူးထောက်ခဲ့စဥ်ကဖြစ်သည်။ ထိုအချိန်က ရွှယ်ယန်သည် စစ်တပ်ကို ဦးဆောင်ကာ လွန်လေပြီးသောဧကရာဇ်ကို နှုတ်ဆက်ရန် ရောက်လာခဲ့ခြင်းပင်။ သူက အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ကြီးကျယ်ခမ်းနားသည့် နန်းတော်ထဲ၌ သူ၏ရှည်လျားသည့်အရပ်အမောင်း ထင်ရှားသည့်အသွင်အပြင်တို့ဖြင့် လမ်းလျှောက်လာသည်။ သူ၏အနီရောင်ဝတ်ရုံက အညစ်အကြေး ကင်းစင်နေပြီး ကျွင်းဟွိုင်လန်ကို ဖြတ်ကျော်သွားစဥ် လေပြင်းတစ်သုတ်ကို သယ်ဆောင်သွား၏။
ကျွင်းဟွိုင်လန်က ခေါင်းကိုမော့ကာ ကြည့်လိုက်သည်။
ထိုအခိုက်အတန့်၌ပင် ရွှယ်ယန်က ကျွင်းဟွိုင်လန်ကို ဖျတ်ခနဲ ငုံ့ကြည့်လိုက်သည်။
ရွှယ်ယန်မှာ ကောင်းမွန်စွာ မွေးဖွားလာခဲ့ခြင်းပင်။
သူ့မိခင်အရင်းမှာ တာ့ခ်လူမျိုးတို့က သူ့အားလက်ထပ်ရန် ပို့လိုက်သည့် ချောမောလှပသည့်အမျိုးသမီးဖြစ်ကာ သူ့တွင် လူရိုင်းတို့၏သွေးသည်လည်း တစ်ဝက်ပါသည်။ သူ၏မျက်ခုံးမျက်လုံးတို့က ဟန်လူမျိုးများထက် ပို၍ နက်နဲသည်။ သူ၏စင်းနေသည့်နှာတံက ထက်ရှသည့်ဓားပမာဖြစ်ကာ သူ၏မျက်နှာကသွယ်ပြီး ထူထဲသည့်မျက်တောင်အောက်ရှိ မျက်လုံးများက ပယင်းရောင်ဖျော့ဖျော့သဏ္ဍာန်ရှိသည်။
ညို့အားပြင်းကာ အေးစက်သည့် မျက်လုံးများက အနည်းငယ် သွေးစွန်းနေပုံရသည်။
အကြည့်တစ်ချက်ဖြင့်ပင် ကျွင်းဟွိုင်လန် သူ၏တစ်ကိုယ်လုံး အေးစက်သွားသည်အား ခံစားလိုက်ရသည်။
ဤသို့ ရက်စက်ပြီးအန္တရာယ်များသည့်လူက သူ၏ကိုယ်ပိုင် ခံစားချက်များကြောင့် သတ်ပစ်နိုင်သည်အား ကျွင်းဟွိုင်လန်အနေဖြင့် မအံ့သြပေ။ ကျွင်းမိသားစုက ပို၍မြင့်မြတ်လေ မုန်တိုင်းဒဏ်ကို ပိုခံရလေဆိုတာကိုလည်း သူသိသည်။ အာဏာရှင်အသစ်တစ်ဦးအနေဖြင့် ဤသို့သော မင်းအမျိုးအနွယ်မိသားစုကို သူ၏ရာထူးတည်မြဲစေရန်အတွက် သတ်ပစ်သည်မှာ သာမန်သာဖြစ်လေသည်။
သို့သော်လည်း သူသာသေဆုံးရလျှင် ကျွင်းလင်ဟွမ်၏နောက်ဆုံး မိသားစုဝင်လည်း ရှိတော့မည်မဟုတ်ပေ။ ယခုဆို သူမက နန်းတော်ထဲ၌ တစ်ဦးတည်းဖြစ်နေပေပြီ။ ဧကရာဇ်အသစ်က ငယ်ရွယ်ပြီး သူမက မယ်တော်ကြီးဖြစ်လာသည်။ ဘုရင်ခံအသစ်ဖြင့် သူမရင်ဆိုင်ရမည်မှာ မလွဲပေ။
ကျွင်းဟွိုင်လန်က သူ့ခေါင်းကိုမော့လိုက်သည်။ မိုးစက်ထောင်ပေါင်းများစွာက မီးခိုရောင်ကောင်းကင်ထက်မှ ကျဆင်းနေလေသည်။
သူမက ဆယ့်ငါးနှစ်ပင်မပြည့်သေးသည်ကို ကျွင်းဟွိုင်လန် တွေးလိုက်မိသည်။
ထိုအခိုက်တွင် ကွပ်မျက်ရန်အတွက် အာဏာပါးကွက်သားမှ အမိန့်ပြန်လိုက်လေသည်။ မိုးစက်ကျသံကြားမှာ သိပ်မရှင်းသော်လည်း အာဏာပါးကွက်သား၏ဓားက မြင့်မြင့်မြှောက်တက်သွားခဲ့သည်။ မိုးစက်များက ဓားသွားပေါ် ကျဆင်းနေပြီး ယင်းမှာ တောက်ပသည့်ငွေဖြူရောင်အလင်းလေးမှ အဆုံးမဲ့မီးခိုးရောင်ထုထည်အား ပိုင်းဖြတ်လိုက်သလိူပင်။
ပူနွေးသည့်သွေးများက အေးစက်သည့်မိုးရေများနှင့်အတူ စီးကျသွားသည်။
___
မိုးသံသည် ကောင်းကင်ရှိ မြူခိုးများဖြင့်ဖုံးလွှမ်းထားခြင်းခံနေရကာ ထိုနေရာ၌ မည်သည့်အရာမှမရှိသလိုပင်။
ကျွင်းဟွိုင်လန်က သူ၏မျက်လုံးကို ဖွင့်လိုက်သည်။ သို့သော်လည်း သူက အဆုံးမဲ့ဟင်းလင်းပြင်တစ်ခုထဲ ရောက်နေသည်ကို တွေ့လိုက်ရသည်။ သူ့ကိုယ်ပေါ်မှ အရှက်ရဖွယ်ကောင်းအောင် ကျဆင်းလာသည့် မိုးရေများမှ လွဲ၍ သူ့ပတ်ပတ်လည်တွင် မည်သည့်အရာမှမရှိချေ။
ဒါက သေပြီးတဲ့လူတွေအတွက် နေရာများလား။
ကျွင်းဟွိုင်လန် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
ထိုအခိုက်တွင် သူ့ခြေထောက်အောက်မှ တိုးဖျော့ဖျော့အသံတစ်ခု ထွက်လာ၏။
သူအောက်ကိုငုံ့ကြည့်လိုက်စဥ် သူ့ခြေရင်းတွင် ချည်နှောင်ထားသည့် ထူးဆန်းသောစာအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။အေးစက်စက်မိုးများက သူ့ဝတ်ရုံမှတစ်ဆင့် စာအုပ်အဖုံးပေါ် ကျရောက်ဆင်းကုန်သည်။
"ဆိုးညစ်သည့်ဘုရင်ခံမှ ၇ညတာစော်ကားခြင်း"
အဖုံးပေါ်ရှိ လက်ရေးစာက အတော်လေးထူးဆန်းပြီး တရုတ်ဇာတ်ကောင်များဆိုတာ ရှင်းလင်း၍နေသည့်တိုင် စာလုံးများစွာက ပျောက်ဆုံးနေ၏။ ကျွင်းဟွိုင်လန်က အဖုံးပေါ်ရှိ အကြောင်းအရာများကို နားမလည်ရကား ငုံ့ကြည့်ရင်းဖြင့်ပင် စာအုပ်ကို ကောက်ကိုင်လိုက်သည်။
သူကပထမဆုံး စာမျက်နှာကို လှန်လိုက်လေသည်။
ပြီးနောက် ချက်ချင်းပင် သူ၏ သူငယ်အိမ်များ ရုတ်တရက်ကျုံ့သွားပြီး သူ့လက်ချောင်းများမှာ မသိစိတ်ဖြင့် တင်းကျပ်သွားရသည်။
ဤစာအုပ်အား တတိယလူ၏အမြင်ဖြင့်ဆိုရလျှင် ဇာတ်ကောင်အမည်မှာ ကျွင်းဟွိုင်လန်ဟူ၏။
စာအုပ်အား ကျွင်းမိသားစု ခေါင်းဖြတ်သတ်ခံရသည်နှင့် အစပြုထားသည်။ လစ်လပ်သည့် စာလုံးများကို ဖတ်ဖို့ရာ ရုန်းကန်ရင်း စာအုပ်ထဲမှ ကျွင်းလင်ဟွမ်ကို သူကြည့်လိုက်သည်။ သူမက ကြီးကျယ်ခမ်းနားသည့် မယ်တော်ကြီး၏ အိပ်ခန်းထဲတွင် တစ်ယောက်တည်း အကျယ်ချုပ် ကျခံနေရပြီး ဆောင်းဦးမိုးသည် ပြတင်းပေါက် အပြင်ဘက်တွင် ရွာသွန်းလျက်ရှိကာ သူမက ငိုယိုရင်း တုန်ယင်လျက်ရှိသည်။
စာသားဖြင့် ခြားထားသော်ငြား ယင်းက ကျွင်းဟွိုင်လန်နှင့် သူ့ညီမတို့ကြားမှ ရင်းနှီးမှုကို ဖြစ်ပေါ်စေသည်။
ကျွင်းဟွိုင်လန်၏လက်ပေါ်ရှိ အပြာရောင်သွေးကြောများက ပေါ်ထွက်လာသည်။
သူ့မိသားစု၌ မိန်းကလေးဟူ၍ ငယ်စဥ်ကတည်းက အားလုံး ပြုစုပျိုးထောင်ခဲ့ရသည့် ကျွင်းလင်ဟွမ်သာရှိသည်။ သူမ၏ မကျေနပ်ချက်မှာ အမည်မဲ့ဧကရီဖြစ်ရခြင်းကိုပင်။
ယခုသူမအား မည်သူကမှ မကာကွယ်ပေးနိုင်တော့သည်ကို တွေးမိရုံမျှဖြင့် ကျွင်းဟွိုင်လန် နာကျင်လာရသည်။
တော်ဝင်နန်းတော်သည် ဝံပုလွေများစွာဖြင့် ဝန်းရံနေသည့်နေရာတစ်ခုပင်။ သူမကဲ့သို့ မသက်မပြည့်သေးပဲ ငယ်ရွယ်သည့်မိန်းကလေးက မည်သို့ကိုင်တွယ်နိုင်မည်နည်း။
သူ့လက်တွေက အနည်းငယ် တုန်ယီနေပြီး သူကစာအုပ်၏နောက်ကျောကို မလှန်ပဲမနေနိုင်ချေ။
သူက ယင်းမှာနတ်ဘုရားထံမှ ကြင်နာမှုဖြစ်ရမည်ဟူ၍ပင် တွေးလိုက်မိသည်။ သူသည် ထိုကိစ္စနှင့်ပတ်သက်ပြီး ပူပန်မှုကိုမရပ်တန့်နိုင်သည့် တစ်ဦးတည်းသောသူဆိုသည်ကို သိပြီးနောက် သူ့ညီမ၏အနာဂတ်ကံကြမ္မာအား တွေ့မြင်စေဖို့ရာ ဤထူးဆန်းသည့်စာအုပ်ကို ပေးသနားခဲ့လေ၏။
သို့သော်လည်း ပြီးနောက်တွင် ကျွင်းဟွိုင်လန်၏အမူအယာက တောင့်တင်းသွားသည်။
သူက မရင်းနှီးသော်လည်း သူ့စိတ်ကို နက်ရှိုင်းစွာ လောင်ကျွမ်းသွားစေသည့် နာမည်တစ်ခုကို မြင်လိုက်ရသည်။
ရွှယ်ယန် ဟူ၏။
ဒုတိယစာမျက်နှာတွင် ရွှယ်ယန်က သူ့ညီမ၏အိပ်ခန်းထဲ ခြေချလိုက်သည်အား မြင်လိုက်ရသည်။ သူ့မျက်လုံးများက နှစ်တစ်ထောင် မကောင်းဆိုးဝါးကဲ့သို့ပင်။ သူက သူ့ညီမ၏မေးကို ညှာတာမှုမရှိ ဖျစ်ညှစ်ကာ သူမအား အပြင်ကိုအားဖြင့် တွန်းထုတ်လိုက်သည်။
"ရွှမ်ဝူတံခါးက အဲဒီ့မှာ"
ရွှယ်ယန်၏နှုတ်ခမ်းများက အထက်သို့ အေးစက်စက်ကော့တက်သွားသည်။
"မွန့်တည့်ပြီးတာနဲ့ မင်းရဲ့အစ်ကိုတော် သေရလိမ့်မယ်"
xxxxxxxx