💮Chapter 39
ကျန်းချိုက်ဟွေ့က လူအုပ်ကြားမှ သူ့ကိုတစ်ချက်လှမ်းကြည့်ကာ ခဏအကြာတွင် လူအုပ်ကို ချန်ထားရစ်ခဲ့ပြီး သူ့ဘက်သို့လျှောက်လာသည်။
ဝမ်ချီ: "....."
ကျန်းချိုက်ဟွေ့က သူ့ကိုတွေ့သည်နှင့် ဝမ်းသာအားရ နှုတ်ဆက်လာ၏။
"သခင်လေးဝမ် ရောက်လာသားပဲနော်... ကျွန်မက သခင်လေးဝမ် အခုထိ အအေးမိတာကနေ ပြန်မကောင်းသေးဘူးမှတ်နေတာ...အဲဒါကြောင့် မလာတော့ဘူးများလားလို့..."
အနီရောင်နှင့်ခရမ်းရောင်စပ်ဝတ်ရုံကို ကြော့ကြော့မော့မော့ ဝတ်ဆင်ထားသည့် ကျန်းချိုက်ဟွေ့က သူ့အား ဦးစွာနှုတ်ဆက်လာသောကြောင့် သူလည်း ဝတ်ကျေတမ်းကျေ ဖျစ်ညှစ်ပြုံးပြလိုက်သည်။
"ကျွန်တော် အအေးမိတာ ပြန်ကောင်းသွားပါပြီ...စိတ်ပူပေးလို့ကျေးဇူးပါ..."
"နေပြန်ကောင်းသွားတယ်ဆိုလို့ ကျွန်မလည်းဝမ်းသာပါတယ်..."
စကားပြောနေရင်း ကျန်းချိုက်ဟွေ့၏ မျက်လုံးတို့က သူ့လက်ထဲတွင် ကိုင်ထားသော ရွှေဖန်ပြွန်ဘူးလေးဆီသို့ အကြည့်ရောက်သွားသည်။
"အဲဒါက ဘာများလဲဟင်...."
ရွှေဖန်ပြွန်ဘူးကို ဝမ်ချီ၏မသိစိတ်က အလိုအလျောက် တင်းနေအောင် ဆုပ်ကိုင်ထားလိုက်မိသည်။
"အာ...ဒါလား...ကျွန်တော့်ရဲ့ ပန်းချီစာလိပ်လေးထည့်ထားတဲ့ဘူးပါ..."
ကျန်းချိုက်ဟွေ့က နားလည်သဘောပေါက်သည့်ဟန်ဖြင့် ခေါင်းညိတ်ပြသော်လည်း သူမ၏အကြည့်တို့က ရွှေဖန်ပြွန်အနားတွင်အချိန်အတန်ကြာအောင် ရစ်ဝဲနေပြီး တစ်ခဏအကြာတွင် ချီးကျူးစကားဆိုလာသည်။
"ဖန်ပြွန်ဘူးလေးက လှတယ်နော်..."
ဝမ်ချီ: "......"
အနှီပစ္စည်းက အိမ်ရှေ့စံ၏ စာကြည့်ခန်းထဲမှပစ္စည်းပင်။
မလှဘဲ ဘယ်နေမလဲ....
"ဟုတ်ပြီလေ...ဒီနေ့ဧည့်ခံပွဲမှာ လူတွေအများကြီးလာတာဆိုတော့ သခင်လေးကို ကျွန်မ သူတို့နဲ့မိတ်ဆက်ပေးမယ်..."
သူစိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကျန်းချိုက်ဟွေ့က လူအုပ်ထဲသို့ အတင်းလက်ဆွဲခေါ်သွားတော့သည်။
လူအတော်များများက ကန်ဘောင်ဘေးတွင် သူ့အုပ်စုနှင့်သူ စကားပြောနေကြသည်။ ကျန်းချိုက်ဟွေ့က လူတစ်ယောက်ကို လက်ဆွဲပြီး ပွဲအုပ်အလယ်သို့ ရောက်လာသောအခါ စကားပြောရပ်သွားကြကာ တပြိုင်နက်တည်းလှည့်ကြည့်လာကြ၏။
တစ်ချိန်တည်းတွင် ပွဲတက်လာသူတိုင်းမှာ သူတို့နှစ်ဦးဆီသို့ အာရုံရောက်လာကြသည်။
ချက်ချင်းဆိုသလိုပင် လူအားလုံး၏ အာရုံစိုက်ခံခြင်းကို ခံလိုက်ရသောကြောင့် ဝမ်ချီမှာ စိတ်ကသိကအောက်ဖြစ်သွားသော်လည်း ကျန်းချိုက်ဟွေ့ကမူ လူများ၏အကြည့်နှင့်အာရုံစိုက်မှုကို အသားကျနေသည့်နှယ်အေးအေးလူလူပင်။
ကျန်းချိုက်ဟွေ့က လူအများရှေ့တွင် သူ့ကိုအပြန်အလှန်မိတ်ဆက်ပေးသည်။
"ရှင်တို့ သူ့နာမည်ကိုကြားဖူးမှာပါ... သူက ဝမ်မိသားစုရဲ့အကြီးဆုံးသားလေ… အို မဟုတ်ပါဘူး မှားကုန်ပြီ... ဒုတိယသားလို့ပြောတာ...နာမည်ကဝမ်ချီပါ..."
မိတ်ဆက်ပြီးသည်နှင့် သူမက အနည်းငယ်ရှက်သွားဟန်ဖြင့် သူ့ဘက်လှည့်လာကာ တောင်းပန်စကားဆို၏။
"ကျွန်မ တောင်းပန်ပါတယ်နော် သခင်လေးဝမ်..."
"ရပါတယ်...ကိစ္စမရှိပါဘူး…"
သူ အမြန်လက်ကာပြလိုက်သည်။ မိတ်ဆက်ပြီးသောအခါ လူအတော်များများက အလွန်အံ့ဩသွားပုံ မပေါ်သောကြောင့် သူ့ကိုသိကြပြီးသား ဖြစ်လောက်သည်။ ဝမ်မိသားစုကိစ္စက ဤမျှအထိ ကြီးမားသွားလိမ့်မည်ဟု သူ မထင်ခဲ့ပေ။ ထို့ကြောင့် ဝမ်ချန်ချင်းနှင့် သခင်မရှုက သူ့အားအသည်းအသန်ရှာနေကြခြင်းပင်။
ပွဲထဲရှိ လူများနှင့် သူက မည်သည့်ပတ်သတ်ဆက်နွှယ်မှုမှ မရှိသောကြောင့် ထိုသူတို့၏ စကားဝိုင်းတွင်တစ်ခွန်းမှ ဝင်မပြောဘဲ ဤအတိုင်း တိတ်တဆိတ် နားထောင်နေလိုက်သည်။
အစပိုင်းတွင် ထိုလူများက သူ့ကို စကားဝိုင်းထဲ ဝင်ပါစေချင်ကြသည်။ သို့သော် သူက စကားစဖြတ်သည့်နေရာတွင် ဆရာတစ်ဆူပင်။ တစ်ခုခုမေးလာလျှင် အမြဲတမ်း ခပ်ပြတ်ပြတ်နှင့် မာဆတ်ဆတ်ပြန်ဖြေသောကြောင့် နောက်ပိုင်းတွင်သူ့ကို စကားလာမစကြတော့ဘဲ ရှောင်ရှောင်သွားကြသည်။
ထို့ကြောင့် ဝမ်ချီတစ်ယောက် အတော်လေး စိတ်ရွှင်ကာ သက်တောင့်သက်သာရှိလှသည်။ ထောင့်အစွန်တွင် ကုပ်ကုပ်လေးထိုင်လျက် တစ်ခဏခန့် မုန့်အချို့စားပြီးနောက် အိမ်ပြန်ရန်တွေးလိုက်သည်။
ကျန်းချိုက်ဟွေ့က လက်ဖက်ရည်ဧည့်ခံပွဲအားစနစ်တကျ စီစဥ်ထားသည်မှာ အထင်ကြီးစရာကောင်းလှသည်ဟု သူဝန်ခံရမည်။ အအပျော်ပြိုင်ပွဲအချို့ကို စီစဥ်ထားသည့်အပြင် ဆုလက်ဆောင်များကိုလည်း ကြိုတင်ပြင်ဆင်ထားသေးသည်။ လက်ရေးလှပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် သူမအကြိုက်တွေ့သည့်သူရှိလျှင် ဆုလက်ဆောင်များချီးမြှင့်တတ်သည်။
ဆွေကြီးမျိုးကြီးအသိုင်းအဝိုင်းမှ ဆင်းသက်လာသော ကျန်းချိုက်ဟွေ့က ငွေကြေးချမ်းသာသူတစ်ယောက်ဖြစ်၏။ သူမ ပြင်ဆင်ထားသည့် အသေးစားလက်ဆောင်ပစ္စည်းအားလုံးက အရည်အသွေးကောင်းပြီး အသုံးဝင်သည့်ပစ္စည်းများဖြစ်သောကြောင့် လူတိုင်းက ပြိုင်ပွဲတွင်ကြိုးစားပမ်းစားနှင့် သူတို့အရည်အချင်းကို ပြသလိုကြသည်။
လူတစ်ယောက်ဆိုလျှင် လူအများရှေ့တွင် သူ့အရည်အချင်းကို ပြသသည့်အနေနှင့် အစေခံများကို မှင်နှင့်စုတ်တံပြင်ခိုင်းကာ လူတိုင်း၏မျက်စိအောက်တွင် ရှုခင်းပန်းချီကားတစ်ချပ်ကို လက်တန်းဆွဲပြခဲ့သည်။
ထိုလူ၏ နောက်ဆုံးစုတ်ချက်ပြီးဆုံးသည်နှင့် လူအုပ်ကြီးထံမှ အံ့အားသင့်မှုနှင့်အတူ အာမေဋိတ်သံများလျှံကျလာတော့သည်။
"မြို့တော်ရဲ့နံပါတ်တစ် အရည်အချင်းအရှိဆုံး သခင်လေးလီက ပန်းချီဆွဲတဲ့နေရာမှာ တစ်ဖက်ကမ်းခပ်အောင် တော်တယ်ဆိုတာ ငါကြားဖူးတာတော့ ကြာလှပြီ...ဒီနေ့ သူ့ကိုမြင်ခွင့်ရတာ သိပ်ကံကောင်းတာပဲ... ကြားရတဲ့ဂုဏ်သတင်းအတိုင်းပါပဲလား..."
"သခင်လေးလီက အဲဒီပန်းချီကို အမွှေးတိုင်တစ်ဝက်လောက်အချိန်အတွင်းဆွဲခဲ့တာ...သိပ်အထင်ကြီးစရာကောင်းတယ်..."
"ကိုယ်တိုင်မျက်စိနဲ့မြင်ရတာက သူများပြောတာကြားရတာထက် ပိုကောင်းတယ်ဆိုတာ ဒါမျိုးကိုပြောတာပေါ့...."
လူအများက တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုလျက် စားပွဲအနားသို့ ဝိုင်းအုံလာကြသည်။
ကျန်းချိုက်ဟွေ့ပါထွက်လာသောကြောင့် ဝမ်ချီလည်း စူးစမ်းလိုစိတ်ဖြင့် တစ်ချက်ကြည့်ကြည့်ရန် လိုက်လာခဲ့သည်။
အနီးကပ်မြင်လိုက်ရသောအခါ ပန်းချီကားက အမှန်တကယ့်ကို လက်ရာမြောက်လှပြီး စုတ်ချက်အနည်းငယ်ဖြင့် ကွက်ကွက်ကွင်းကွင်းမြင်အောင် ဆွဲထားသည်။ အထူးသဖြင့် သစ်ကိုင်းပေါ်မှငှက်များအား သရုပ်ဖော်ဆွဲထားသည်မှာ အမှန်တကယ် ထပျံတော့မလို အသက်ဝင်လှသည်။
သူ အံ့ဩစွာဖြင့် သခင်လေးလီဆိုသူကို မျက်လုံးပင့်ကြည့်လိုက်မိချိန်တွင် ထိုလူကလည်း သူ့ကိုတည့်တည့်ပြန်စိုက်ကြည့်နေသည်။
သခင်လေးလီက လှလွန်းသည်ဟုဆိုရမည်။ အတိအကျပြောရလျှင် အရှေ့နန်းတော်သို့ ဝင်ခွင့်ရသူတိုင်း ရုပ်ရည်ချောမောကြသည်။ သခင်လေးလီ၏ အသွင်သဏ္ဍာန်က ငယ်ရွယ်နုပျိုပြီး မက်မွန်ပွင့်သဏ္ဍာန် မျက်လုံးလှလှလေးများကိုပိုင်ဆိုင်ထားသည်။ ထိုမျက်ဝန်းများက ရွယ်ကွေ့၏မျက်ဝန်းများနှင့် အလွန်ဆင်တူသည်။ ဂုဏ်ရှိန်ပလွှားစွာ ပြုံးလိုက်သည့်အပြုံးသည်လည်း ရွယ်ကွေ့နှင့် တစ်ထေရာတည်းပင်။ ထိုစဥ် သခင်လေးလီက သူ့ထံ မေးငေါ့လာသည်။
"ဝမ်ချီဆိုတာ မင်းလား..."
သူ့ထံမှ စကားသံထွက်လာသောအခါ ဘေးပတ်ဝန်းကျင်မှ စကားသံများက ရုတ်ချည်း တိုးတိတ်သွားပြီး လူတိုင်းက ဝမ်ချီအား လှည့်ကြည့်လာကြသည်။
သူ ပန်းချီကားလေးလာကြည့်မိရုံနှင့် ပြဿနာတက်သွားနိုင်သည်ဟု မထင်မှတ်ထားခဲ့မိပေ။ ကျန်းချိုက်ဟွေ့ နောက် လိုက်လာခဲ့မိသည်ကိုပင် နောင်တရမိသည်။ ယခုအခြေအနေတွင် ရှောင်လွှဲ၍မရတော့သည်ဖြစ်၍ သခင်လေးလီ၏အမေးကို သူအင်တင်တင်နှင့် ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ်...."
"ကျွန်တော် မင်းအကြောင်း ကြားဖူးနေတာကြာပြီ..."
သခင်လေးလီက ရယ်ရယ်မောမောပြောရင်း သူ့ဆီသို့တစ်လှမ်းချင်းလှမ်းလာသည်။
"ကြားမိတာတော့ အိမ်ရှေ့စံက မင်းကိုနေ့တိုင်း သူစာရေးစာဖတ်တာ ကူပေးဖို့ အခေါ်လွှတ်တယ်ဆို....အိမ်ရှေ့စံဆီမှာ ခစားတာလည်းကြာပြီဆိုတော့ အခုလောက်ဆိုရင် မင်းရဲ့အရည်အချင်းတွေ တိုးတက်နေရောပေါ့နော်..."
ဝမ်ချီ: "......"
အိမ်ရှေ့စံဆီကို ဒီအတိုင်း ထမင်းစားဖို့သွားတာလို့ သူပြောလိုက်ရင် ဒီလူတွေအားလုံး ဘယ်လိုဖြစ်သွားကြမလဲဆိုတာ သိချင်မိပါရဲ့...
ဝမ်ချီတစ်ယောက် ဤအခြေအနေထဲမှ မည်သို့ရှောင်ထွက်ရမည်ကို စဥ်းစားနေခိုက် သခင်လေးလီက သူ့လက်ထဲရှိရွှေရောင်ဖန်ပြွန်ဘူးလေးကို သတိထားမိသွားသည်။ ထိုပစ္စည်းကိုတွေ့သည်နှင့် ကျန်းချိုက်ဟွေ့ကဲ့သို့ပင် သူလည်းအတော်လေးအံ့ဩသွားပုံရသည်။
"ဒါကအိမ်ရှေ့စံဆီက ပစ္စည်းမလား...အဟား...မင်းက တော်တော်အရည်အချင်းရှိသားပဲ...လုပ်စမ်းပါဦး... ကျွန်တော်တို့အားလုံး မင်းရဲ့ပန်းချီကို မြင်ချင်နေပြီ..."
သခင်လေးလီ၏စကားအဆုံး လူတိုင်းက သူ့အားမျှော်လင့်တကြီး ကြည့်လာကြသည်။
ဝမ်ချီ ဆွံ့အနေမိသည်။ အရှေ့နန်းတော်မှ သခင်မလေးများက အတော်လေး ယဥ်ကျေးသိမ်မွေ့ကြသော်လည်း သခင်လေးများကမူ အောက်ခြေလွတ်ကာ မာနတထောင်ထောင်နှင့် အထက်စီးဆန်လွန်းသည်။ ယခင်မာနထောင်လွှားသူက ရွယ်ကွေ့ဆိုလျှင် အခုတစ်ယောက်က သခင်လေးလီပင်။
သို့သော် သူရန်မစရဲပေ။
ဝမ်ချီက အလွန့်အလွန် သတ္တိကြောင်သူဖြစ်ပြီး အကြောက်ကလည်း ကြီးသည်။ ထိုကိုယ်လုပ်တော်များက ဩဇာအာဏာရှိသည့် မိသားစုနောက်ခံအသိုင်းအဝိုင်းများမှ လာကြခြင်းဖြစ်သည်ကို သူတွေးမိသွားသောအခါ ပိုပိုပြီး သတ္တိကြောင်လာသည်။
တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ရွှေရောင်ဖန်ပြွန်ဘူးကိုဖွင့်လိုက်ကာ လိပ်ထားသည့်ပန်းချီစာရွက်ကို သခင်လေးလီထံ သူကမ်းပေးလိုက်သည်။
သခင်လေးလီက သူ့မျက်နှာအမူအရာကို တစ်ချက်လှမ်းကြည့်ကာ တစ်စုံတစ်ခုကို ရိပ်စားမိသွားဟန်ဖြင့် လှောင်ပြုံးပြုံးရင်း ပန်းချီလိပ်ကိုယူပြီး ဖွင့်ကြည့်လိုက်သည်။
ကျန်းချိုက်ဟွေ့အပါအဝင် သူ့ဘေးတွင် ရပ်နေသည့် လူတိုင်းကလည်း ခေါင်းပြူပြီး မရမကလှမ်းကြည့်နေကြသည်။
တစ်ခဏမျှအကြာတွင် ဧည့်ခံပွဲတစ်ခုလုံး ငြိမ်ကျသွားတော့သည်။
ထိုအခိုက် သခင်လေးလီက အူလှိုက်သည်းလှိုက်ထရယ်သည်။
"ဟားဟားဟားဟား...မင်းဆွဲထားတဲ့ပုံက ကြက်ပုံကြီးလား..."
ဝမ်ချီ: "......."
💮💮💮